နဂါးငါးခန်းမတွင် တိုက်ပွဲဖြစ်ပွားခြင်း
Vol. 48 Ch. 476
ခန်းမကြီးတစ်ခုလုံးရှိ လူတိုင်း၏မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။ သို့သော် ထိုသူများထဲတွင် တစ်ဦးတည်းသောသူမှာ အခြားသူများနှင့် အတွေးချင်း မတူညီဘဲ ရှိနေ၏။
သူကား အခေါင်းရှေ့တွင် အသေအလဲ ကာကွယ်စောင့်ရှောက်နေသည့် ချန်မိသားစု၏ သားကြီး ချန်စံလုံ ပင်။
"..."
ချန်စီလုံက သွားကိုတင်းတင်းစေ့ကာ မျက်လုံးများကို မှိတ်လိုက်သည်။ ပြန်ဖွင့်လိုက်ချိန်တွင် သူက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ ထိုင်ခုံရှိရာသို့ လျှောက်သွား၏။
ထို့နောက် ဝတ်ရုံကို မကာ ဘုတ်ခနဲ မြည်အောင် ဒူးထောက်ချလိုက်သည်။
မျိုးနွယ်စုဝင်များ၏ နားမလည်နိုင်သော အကြည့်များအောက်တွင် သူကမင်ရောင်ဝတ်ရုံနှင့် လူငယ်ကို ဦးစွာ အလေးအမြတ်ပြု ဦးညွှတ်လိုက်၏။
ထို့နောက် လျှို့ဝှက်အသံလွှင့်နည်းစနစ်ကို အသုံးပြု၍ သတင်းပို့လိုက်သည်။
"မသေမျိုးအရှင်ကို တင်ပြလိုပါတယ်။ ချန်စီလုံအနေနဲ့ ကျွန်တော့်အသက်နဲ့ ရင်းပြီး အာမခံပါတယ်။ ချန်မိသားစုဟာ ရေနေမျိုးနွယ်တွေနဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိပါဘူး။ မသေမျိုးအရှင်ရဲ့ ထိုးထွင်းသိမြင်မှုနဲ့ အမှန်တရားကို မြင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
ချန်စီလုံက ဦးညွှတ်ရာမှ ပြန်မတ်ကာ ရှင်းပြ၏။
"တကယ်တော့ အရင်တုန်းက ကျွန်တော့်ညီဟာ ရေနေမျိုးနွယ်ရဲ့ငါးနတ်ဆိုးမျိုးနွယ်စုက မိန်းကလေးတစ်ယောက်နဲ့လျှို့ဝှက် ချိန်းတွေ့နေတာကိုကျွန်တော် မတော်တဆ မြင်ခဲ့ရပါတယ်။ ဒါဟာ မိသားစုအတွက် ကြီးမားတဲ့ပြဿနာတွေ သေချာပေါက် သယ်ဆောင်လာမယ်ဆိုတာ ကျွန်တော်သိလို့ အဖေကိုတိုင်ကြားခဲ့ပြီး သူ့ကို ချန်မိသားစုကနေ နှင်ထုတ်ဖို့ အကြောင်းပြချက် ရှာခဲ့တာပါ။"
"သူ အဲဒီနတ်ဆိုးမလေးနဲ့ပဲ ထွက်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ခဲ့တာ။ သူတို့ အတူတူရှိနေပေမယ့် အဲဒါက ကျွန်တော့် ချန်မိသားစုနဲ့ ဘာမှမဆိုင်ပါဘူး။"
"သူဟာ ရေနေမျိုးနွယ်တွေရဲ့အကူအညီနဲ့ တည်ထောင်ထားတဲ့ နယ်မြေကိုပဲ အမှီပြုခဲ့တာပါ။ ချန်မိသားစုက အဲဒီထဲက ဘယ်ဝေစုကိုမှ မယူခဲ့သလိုသစ္စာဖောက်ဖို့လည်း မတွေးဝံ့ပါဘူး။ ချန်မိသားစုဟာ နန်ဟုန်သားခုနစ်ယောက်ရဲ့ ထောက်ပံ့မှုကိုရရှိခဲ့တာမို့ တစ်ရက်စာ ကျေးဇူးကိုတောင် မျိုးဆက်ပေါင်း တစ်သောင်းတိုင်အောင် သစ္စာရှိရှိ ဆပ်သွားမှာပါ။"
စကားပြောပြီးနောက် ချန်စီလုံက ဆက်မပြောတော့ဘဲ ခေါင်းငုံ့ကာ နောက်ဆက်တွဲလာမည့် အကျိုးအမြတ် သို့မဟုတ် အပြစ်ပေးမှုများကို လက်ခံရန် အသင့်ပြင်ထားသည့်ပုံစံဖြင့် ငြိမ်သက်သွားသည်။
"..."
ရှန်းယီက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောပေ။ မျိုးဆက်ပေါင်း တစ်သောင်း သစ္စာရှိမည်ဟူသော စကားမှာ... အကယ်၍ ထိုစကားသာမှန်ကန်ပါက ရှန်းယီတို့ ရောက်လာကတည်းက သူ့ညီအကြောင်းကို ဖွင့်ပြောရမည်ဖြစ်သည်။
ရှန်းယီ ကိုယ်တိုင် ရိပ်မိသွားတော့မှ ပြတ်သားသည့်ဟန်ဖြင့် ထွက်ပြောခြင်းမျိုး မဟုတ်ပေ။
သို့သော် ၎င်းမှာ ရှန်းယီ စိတ်ဝင်စားရမည့် ကိစ္စမဟုတ်ပါ။
သူကိုယ်တိုင်လည်း နန်ဟုန် သားခုနစ်ယောက်ထဲက တစ်ယောက်ဟု မယူဆသလို ဤကဲ့သို့ သစ္စာခံသည့်ပုံစံမျိုးကိုလည်း အသားမကျပေ။
ဤလောကတွင် ကျောက်တိုင်ထက် ပို၍ သစ္စာရှိသည့် နောက်လိုက်ဟူ၍ ရှိမည်မဟုတ်ချေ။
"ချန်စီလုံ မင်း အဲဒီမှာ ဘာတွေတိုးတိုးတိုးတိုး ပြောနေတာလဲ"
ချန်စီချီက သူ့ကိုယ်သူအားတင်းထူကာ မတ်တပ်ရပ်ရင်း ဒေါသတကြီး ဟောက်လိုက်၏။
"တိုင်တောတာကလွဲရင် မင်းမှာ ဘာအရည်အချင်း ရှိသေးလဲ မင်းလိုကောင်က ချန်မိသားစု ခေါင်းဆောင်ဖြစ်ဖို့ ဘယ်လိုလုပ် ထိုက်တန်မှာလဲ"
"ကောင်းပြီ... ကောင်းပြီဗျာ"
သူက မေးစေ့ပေါ်က သွေးတွေကို သုတ်လိုက်ပြီး မျက်လုံးများထဲတွင် ရူးသွပ်မှုများဖြင့် အခေါင်းကို ညွှန်ပြလိုက်၏။ "ကျုပ် သူ့ကို သတ်ရဲသလို၊ နန်ဟုန်ကတုံးအတဲ့ကောင်တွေကိုလည်း သတ်ဖို့ မကြောက်ဘူး။ မင်းတို့မှာ သတ္တိရှိရင် ကျုပ်နောက်ကိုရေထဲအထိ လိုက်ခဲ့ပြီး ရှင်းလင်းချက် တောင်းကြစမ်း"
နန်ဟုန်သားတော်ခုနစ်ယောက်က သြဇာညောင်းသည် ဆိုသော်ငြားလည်း၊ ဤနေရာသည် ဟုန်ကျယ်၏အစွန်ဆုံးသောဒေသပင်။
"ဟင်း။"
ချန်စီလုံ၏ မျက်နှာက ရုတ်တရက်ဖြူလျော့သွားပြီး မျှော်လင့်ချက်ကင်းမဲ့မှုများ ဝင်ရောက်လာသည်။ သူ ခုနစ်ပုံရှစ်ပုံခန့် ခန့်မှန်းထားခဲ့သော်လည်း ချန်စီချီ ကိုယ်တိုင် ဝန်ခံလိုက်ချိန်တွင် သူ့အတွက် ကြီးမားသော ရိုက်ခတ်မှု ဖြစ်စေသည်။
"ဒါက အခြေအနေ မကောင်းတော့ဘူး။"
ကျန်းချန်က ရှန်းယီထံမှ အကြည့်လွှဲလိုက်၏။ လွန်ခဲ့သော လအနည်းငယ်အတွင်း ရှန်းယီ၏ ခွန်အားက သိသိသာသာ တိုးတက်လာပုံရသည်။
အစောပိုင်းက ချန်စီချီ အဆင်သင့်မဖြစ်ခင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း အနည်းဆုံး ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၅ ရှိမှသာ ထိုသို့ လုပ်ဆောင်နိုင်သည်။
၎င်းမှာ အတော်လေး အံ့သြစရာ ကောင်းလှ၏။ ယခင်က ရွှေမီးလျှံစာကလေး နှင့် တိုက်ခိုက်တုန်းက အဆင့် သုံး ကျွမ်းကျင်သူကိုပင် သူက ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခဲ့ရသေးသည်။ ချောက်
ချောက်နက်ထဲမှ ထွက်လာပြီး အဆင့်တက်သွားသည်မှာ နားလည်ပေးနိုင်သော်လည်း၊ သူနှင့်အတူ ပါလာသည့် ယဲ့ဝမ်ရွှမ်မှာမူ ထိုကဲ့သို့ တိုးတက်မှုမျိုး မရှိချေ။
သို့သော်... ရှန်းယီ တိုက်ခိုက်ပြီးသည့်တိုင် ချန်စီချီက ထိုမျှမောက်မာရဲနေခြင်းမှာ သူ အားကိုးရာ တစ်ခုခု ရှိနေ၍ ဖြစ်ရမည်။
"အစီအရင်ခင်းကျင်းဖို့ ပြင်ထားကြ။" လျိုချန်းယွင်က ယန်ဝမ်ချန့်ကို တစ်ချက်ကြည့်လိုက်သည်။
သူမ၏ လက်ချောင်းများမှာ လက်အင်္ကျီအတွင်း၌ မန္တန်များစတင်ဖွဲ့စည်းနေပြီဖြစ်သည်။ ယနေ့တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်လာတော့မည်။
"နားလည်ပါပြီ။" ယန်ဝမ်ချန့်က တိတ်တဆိတ် လူစုခွဲလိုက်ပြီး ဘေးက ယဲ့ဝမ်ရွှမ်ကို ကြည့်လိုက်သော်လည်း ယဲ့ဝမ်ရွှမ်မှာ ကြောင်အမ်းအမ်းဖြင့် ရပ်နေဆဲဖြစ်သည်။
"..."
ယဲ့ဝမ်ရွှမ်မှာ ပြင်းထန်စွာဒဏ်ရာရထားသည့် ချန်စီချီကို ငေးကြည့်နေမိ၏။ သူမ၏ အမြင်တွင် အနိုင်မရနိုင်ဟုထင်ရပြီး အသက်ရှူကျပ်လောက်အောင် အရှိန်အဝါ ကြီးမားသည့် အဆင့် ၄ ကျွမ်းကျင်သူမှာ ရှန်းယီ၏တစ်ချက်တည်းသော တိုက်ခိုက်မှုကြောင့် အသိစိတ်လွတ်သွားရသည်။
ဤအရာက တကယ်ပင် ရှန်းယီ၏ လက်ချက်လော သို့မဟုတ် နန်ယန်ဂိုဏ်းတွင် သူမ မသိသော ရတနာများ ရှိနေသည်လော။
"ထွက်လာကြ သူတို့ကို သတ်ပစ်ကြစမ်း" ချန်စီချီက အော်ဟစ်လိုက်၏။
သူ့အသံ ဆုံးသည်နှင့် ခန်းမတစ်ခုလုံးတွင် ငါးညှီနံ့များဖုံးလွှမ်းသွားပြီး ဟင်းလင်းပြင်ကြီးတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားရသည်။
ငွေရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူကောင်ကြီးကြီးပုံရိပ်နှစ်ခုမှာ ချန်စီချီ၏ နောက်ကွယ်တွင် ပေါ်လာသည်။
ခန္ဓာကိုယ်ချင်း မတူသော်လည်း နှစ်ဦးစလုံးမှာ ထိတ်လန့်ဖွယ်ကောင်းသော ငါးနတ်ဆိုးများ ဖြစ်ကြ၏။
သူတို့၏လက်ထဲတွင် ခရုခွံများကို ကိုင်ဆောင်ထားပြီး ခန်းမ၏အမြင့်ဆုံးနေရာရှိ မင်ရောင်ဝတ်ရုံနှင့် ပုံရိပ်ကို အေးဆေးစွာကြည့်နေကြသည်။
သူတို့၏ အသံမှာ တည်ငြိမ်လွန်းလှ၏။ "နဂါးငါး ကင်းလှည့်အဖွဲ့တာဝန် ထမ်းဆောင်နေပါတယ်။ ကျုပ်တို့ သူ့ကိုခေါ်သွားရပါမယ်။ ကျင့်ကြံသူအားလုံးမမြင်ချင်ယောင် ဆောင်နေနိုင်ပါတယ်။"
ထိုသို့ တည်ငြိမ်နေခြင်းမှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၅ စွမ်းအား ရှိသည်ဟူသော ယုံကြည်ချက်ကြောင့်ပင်။
"ဘာလဲ၊ နင်တို့က လူခေါ်တတ်နေပြီလား" ကျန်းချန်က ရှေ့သို့လျင်မြန်စွာ လှမ်းတက်လိုက်၏။ သူမက ဒေါသလည်း ထွက်၊ ရယ်လည်း ရယ်ချင်နေသည်။ "နန်ဟုန်သားခုနစ်ယောက်ရဲ့ နယ်မြေမှာ နဂါးငါးခန်းမက ဘယ်တုန်းက စကားပြောခွင့် ရသွားတာလဲ။ နင်တို့ကိုယ်နင်တို့ နဂါးနန်းတော်လို့ ထင်နေတာလား။ နင်တို့ ခန်းမသခင်ကိုယ်တိုင်တောင် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း နောက်ဆုံးအဆင့်ပဲ ရှိတာ မဟုတ်လား"
မေးခွန်းများစွာ ထွက်ပေါ်လာသော်လည်း ငါးနတ်ဆိုးနှစ်ကောင်မှာ တုန်လှုပ်ခြင်းမရှိပေ။ သူတို့က ရှန်းယီကိုသာ အေးစက်စွာ စူးစိုက်ကြည့်နေကြ၏။
"ကျုပ် သူတို့ကိုသတ်ချင်တာ ပြန်မသွားချင်ဘူး"
ချန်စီချီက နောက်သို့လှည့်ကာ နတ်ဆိုးနှစ်ကောင်ကို အော်ဟစ်နေ၏။ "ကျုပ် ချန်မိသားစုရဲ့ ခေါင်းဆောင် ဖြစ်ချင်တာ"
၎င်းကို ကြားသောအခါ နတ်ဆိုးများက ခေတ္တမျှ ရပ်တန့်သွားပြီး ခရုခွံမှတစ်ဆင့် သတင်းစကားများ ပေးပို့လိုက်ကြသည်။
ထိုမြင်ကွင်းကို မြင်သောအခါ မတ်တပ်ရပ်နေသည့် ရှန်းယီကပြန်ထိုင်လိုက်သော်လည်း သူ၏ လက်ချောင်းထိပ်များမှ ရွှေရောင်ကြိုးမျှင်များ လျှို့ဝှက်စွာထွက်ပေါ်လာပြီး ချန်မိသားစု နယ်မြေအပြင်ဘက်တွင် အစီအရင်ငယ်တစ်ခုကို တည်ဆောက်လိုက်သည်။
၎င်းမှာ အခြားလုပ်ဆောင်ချက်မရှိဘဲ မည်သည့်အဆင့်ရှိသော နတ်ဆိုးချဉ်းကပ်လာသည်ကို ချက်ချင်း သိနိုင်ရန် ဖြစ်သည်။
နတ်ဆိုးများသည် ခရုသင်းမှတစ်ဆင့် တစ်စုံတစ်ဦးနှင့် ခေတ္တမျှ စကားပြောဆိုနေကြ၏။ နောက်ဆုံးတွင် တည်ငြိမ်လွန်းသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။
"ငါ့ကို စောင့်နေ။"
ထိုအသံ ပျောက်ကွယ်သွားသည်နှင့် ချင်းယွဲ့ဂိုဏ်းမှ သုံးဦးစလုံးမျက်နှာပျက်သွားကာ သူတို့၏ ကျောက်စိမ်းပြားများကို တစ်ပြိုင်နက်တည်း ထုတ်ယူလိုက်ကြတော့သည်။
နန်ဟုန် သားခုနစ်ယောက် ရှိနေသည်ကို သိလျက်နှင့် လာရဲသည်မှာ သတ္တိရှိရုံမျှနှင့် မလုံလောက်တော့ချေ။