အခန်း (၄၈၀)
Vol. 48 Ch. 480
ယန်ဝမ်ချန့်သည် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး တီးတိုးပြောလိုက်၏။ “ချွေ့ဟောက် က သူ့ရဲ့ခံစားချက်တွေကို အပြင်ဘက်မှာ အလွယ်တကူ ထုတ်ပြတတ်တဲ့ ကျင့်ကြံသူမျိုး မဟုတ်ဘူး၊ တစ်ခုခုတော့ မှားနေပြီလို့ ခံစားရတယ်။”
ကျန်နှစ်ယောက်ကလည်း ရပ်တန့်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ရာ တစ်ချိန်တည်းမှာပင် အချက်ပေးခေါင်းလောင်းသံ မြည်လာသကဲ့သို့ စိုးရိမ်ထိတ်လန့်သွားကြသည်။
ဒီအထဲမှာ ထောင်ချောက်တစ်ခုခုများ ပုန်းကွယ်နေမလား။
“…”
တာဝန်ခံအထောက်တော်ရုံး၏ ဘေးဘက်ခန်းမဆောင်တစ်ခု အတွင်း၌ ချွေ့ဟောက်သည် သူ၏ကုလားထိုင်တွင် ပျင်းရိပျင်းတွဲ မှီထိုင်နေပြီး စာအုပ်တစ်အုပ်၏ စာမျက်နှာများကိုအေးအေးဆေးဆေး လှန်လှောကြည့်နေသည်။
တကယ်တော့ သူက စာဖတ်ရသည်ကို မနှစ်သက်ပေ။
သို့သော် ကျောက်စိမ်းဖြူမြို့တော်အဆင့်မှ အကြီးအကဲများစွာတွင် ထိုအကျင့် ရှိကြ၏။
ထို့ကြောင့် သူကလည်း အတုခိုးကာ ထိုအကျင့်ကို ရရှိအောင် ကြိုးစားနေခြင်းဖြစ်သည်။
မကြာမီမှာပင် လူရိပ်နှစ်ခုသည် ဘေးဘက်ခန်းမဆောင်အတွင်းသို့ ကမန်းကတန်းဝင်ရောက်လာပြီး လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ကြသည်။
“ထောက်တော်ချွေ့…”
ချွေ့ဟောက်သည် မျက်လုံးများကို ပင့်ကြည့်လိုက်ပြီး သူ၏ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားကာ တည်ငြိမ်ဟန်ဆောင်လျက် မေးလိုက်၏။ “ပြောစမ်း၊ အကြီးအကဲလျိုက သူတို့ကိုဆုလာဘ်အနေနဲ့ အတိအကျ ဘာတွေပေးလိုက်လဲ”
“ဘာမှမပေးပါဘူး”
ဘေးဘက်ခန်းမဆောင်အတွင်း သူတို့နှစ်ဦး၏ တစ်သံတည်းထွက်ပေါ်လာသော အဖြေစကားက ပဲ့တင်ထပ်သွားသည်။
တပည့်နှစ်ဦး၏ အသံများမှာ တုန်ယင်နေကြ၏။
“ချန်မိသားစုမှာ ဘာတွေဖြစ်သွားလဲဆိုတာ ကျွန်တော်တို့ မသိပေမဲ့၊ အကြီးအကဲလျိုနဲ့ ပတ်သက်တဲ့ အရိပ်အယောင် ဘာတစ်ခုမှကျွန်တော်တို့ အမှန်တကယ် မခံစားမိခဲ့ပါဘူး… ဒါပေမဲ့ အဲဒါကအရေးမကြီးပါဘူး။ နဂါးနန်းတော် က ချန်မိသားစုရဲ့နယ်မြေကို နဂါးငါးခန်းမကို ဆုလာဘ်အဖြစ် ပေးသနားလိုက်ပြီဆိုတဲ့ သတင်းရထားပါတယ်။ အဲဒီအတွက် လဲလှယ်တဲ့အနေနဲ့ ပေးအပ်လာတဲ့ ရေအောက်ရတနာတွေကိုလည်း ကောင်းကင်ဓားဂိုဏ်း အပြင်ဘက်ကို ပို့ဆောင်ပေးထားပြီးပါပြီ။”
“…”
ချွေ့ဟောက်သည် ဘာမှမပေးဘူးဆိုသော စကားလုံးတွင် ငြင်းဆန်ချင်စိတ်များဖြင့် နစ်မြုပ်နေဆဲဖြစ်သည်။
သူသည် ခဏတာမျှ အာရုံလွင့်ပါးသွားခဲ့၏။
ဤသတင်းကို ကြားလိုက်ရချိန်တွင် သူ၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
ဤတာဝန်ကို သူကိုယ်တိုင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ မည်ကဲ့သို့လုပ်ပြီး နဂါးနန်းတော်နှင့် ပတ်သက်သွားကာ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့်အထိ ဖြစ်သွားရသနည်း။
“တစ်ခါတည်း အကုန်ပြောစမ်း”
ချွေ့ဟောက်သည် ရုတ်တရက် မတ်မတ်ထိုင်လိုက်ပြီး သူ၏ပုံမှန်တည်ငြိမ်မှုများ ပျောက်ကွယ်သွားလေသည်။
“အဲဒါက… နဂါးငါးခန်းမသခင်ရဲ့ တစ်ဦးတည်းသောသမီး သေဆုံးသွားလို့ပါ… ချန်မိသားစုကကျွန်တော်တို့ ကောင်းကင်ဓားဂိုဏ်းရဲ့ လက်အောက်ခံဆိုတာ လူတိုင်းသိကြပါတယ်… အခုတော့ အဲဒီနေရာမှာ လူတစ်ယောက်မှ သက်ရှိထင်ရှား မကျန်တော့ဘူး၊ သက်သေတစ်ယောက်တောင် မရှိတော့ဘူး”
တပည့်နှစ်ဦးသည် ချွေးများကို သုတ်လိုက်ပြီး မော့ကြည့်လိုက်ရာ၊ အထောက်တော်ချွေ့တစ်ယောက် လုံးဝစိတ်ပျက်လက်ပျက်ဖြင့် ကုလားထိုင်ပေါ်သို့ ပြန်ကျသွားသည်ကိုသာ မြင်လိုက်ရသည်။
“မင်းတို့…”
ချွေ့ဟောက်က လက်ညှိုးထိုးလိုက်ရာ သူ၏လက်ချောင်းများမှာ တုန်ယင်နေပြီး၊ လေတစ်ချက်အရှူတွင် သတိလစ်မတတ် ဖြစ်သွားရ၏။
ကောင်းကင်ဓားဂိုဏ်းအတွက် နဂါးငါးခန်းမဆိုသည်မှာ သိပ်အရေးပါလှသည်တော့ မဟုတ်ပေ။
တောင်ပိုင်း နဂါးနန်းတော်တစ်ခုလုံးပင် နန်ဟုန် ခုနစ်ဂိုဏ်းကို ဒုက္ခပေးနိုင်စွမ်း မရှိပါချေ။
သို့သော် ချွေ့ဟောက်သည် သာမန် အထောက်တော်တစ်ဦးသာ ဖြစ်သည်။ အကြောင်းပြချက်မရှိဘဲ ဤရှုပ်ထွေးမှုကြားထဲ ညပ်ပါသွားပြီး နယ်မြေတစ်ခုကိုပါ ဆုံးရှုံးလိုက်ရခြင်းမှာ၊ သူ၏ မျက်နှာပျက်မှုအတွက် သူကိုယ်တိုင် တာဝန်ယူဖြေရှင်းနိုင်စွမ်း မရှိပေ။
“ထွက်သွား မင်းတို့အကုန်လုံး ထွက်သွားကြစမ်း”
ချွေ့ဟောက်သည် ရူးသွပ်မတတ် အလျင်စလိုဖြင့် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်ပြီး အကြီးအကဲလျူထံ ဆက်သွယ်လိုက်သည်။ (ကောင်းကင်ဓားဂိုဏ်းတစ်ယောက်ကို အကြီးအကဲလျူလို့ပြင်လိုက်ပါတယ်)
အခြေအနေများကို ရှင်းပြပြီးနောက်၊ သူသည် တာဝန်များကို ရှန်းယီ နှင့် အခြားသူများအပေါ်သို့ လွှဲချရန်စကားထစ်အအဖြင့် စတင်ကြိုးစားတော့သည်။
သို့သော် သူမည်မျှပင် ရှင်းပြနေပါစေ၊ကျောက်စိမ်းပြား၏တစ်ဖက်မှ နိမိတ်မကောင်းသော တိတ်ဆိတ်မှုသာ ပြန်လည်ရရှိနေသည်။
နောက်ဆုံးတွင်၊ ချွေ့ဟောက်တစ်ယောက် တုန်လှုပ်ချောက်ချားစွာဖြင့် သတိလစ်မကျသွားမီလေးမှာပင်။
အကြီးအကဲလျူ၏ ဂရုမစိုက်သော အသံက ထွက်ပေါ်လာသည်၊ “ရေနေမျိုးနွယ်တွေ ပို့လိုက်တဲ့ ရတနာတွေကို လက်ခံလိုက်။ ပြီးတော့ နောင်ကို မင်းရဲ့ အဆင့်အတန်းဘောင်ကို မကျော်လွန်စေနဲ့။ မင်းလို အထောက်တော်တစ်ယောက်က ငါ့ကို တိုက်ရိုက် ဆက်သွယ်တာက သိပ်မသင့်တော်ဘူး။ ဂိုဏ်းရဲ့စည်းမျဉ်းတွေကို အကြိမ်သုံးထောင် ကူးရေးဖို့ မင်းကို အပြစ်ပေးလိုက်တယ်။”
ယင်းစကားကို ကြားလိုက်ရချိန်တွင် ချွေ့ဟောက်၏ မျက်နှာမှာ သွေးဆုတ်ကာ သေလူတစ်ယောက်လို ဖြူလျော်သွားတော့သည်။
အကြီးအကဲလျူ၏ စကားများကြောင့် သူသည် တစ်သက်လုံး အထောက်တော် ရာထူးတွင်သာ တစ်ဝဲလည်လည် ဖြစ်နေရတော့မည်ကို ကြောက်ရွံ့သွားမိသည်။
သို့တိုင် သူသည် အနည်းငယ်မျှပင် မကျေနပ်သည့် အရိပ်အယောင် မပြရဲဘဲ၊ ခါးသီးစွာဖြင့်သာ “တပည့် နားလည်ပါပြီ” ဟု ပြန်ပြောနိုင်ခဲ့သည်။
“ဟူး။”
ကောင်းကင်ဓားဂိုဏ်း၏ နေရာတစ်ခုရှိ အလင်းအျက်နှာပြင်တစ်ခု အတွင်း၌၊ ကျောက်စိမ်းဖြူမြို့တော်သို့ တက်လှမ်းထားသူ တစ်ဦးဖြစ်သည့် လျူရှင်းရှန်းသည် သူ၏လက်ထဲမှ တာအိုချပ်ပြား ကို ခံစားချက်ကင်းမဲ့စွာ ချထားလိုက်၏။
လောကကြီးတွင် သူ၏စိတ်ကို နှောင့်ယှက်လှုပ်ခတ်နိုင်စွမ်းရှိသော အရာများစွာ မရှိတော့ပေ။
သို့သော် ဤလအနည်းငယ်အတွင်း၊ ပထမအနေဖြင့် နန်ယန်ရတနာနယ်မြေသည် ပြန်လည်ပေါ်ထွက်လာခဲ့ပြီး၊ ထို့နောက် ချင်းယွဲ့ဂိုဏ်း မှ လျိုရှီချန်းက ထိုဒေသခံကျင့်ကြံသူများကို မျက်နှာသာပေးခဲ့ရာ ကျောက်စိမ်းဖြူမြို့တော်ကျင့်ကြံသူ အများအပြားကို ဂနာမငြိမ် ဖြစ်လာစေခဲ့သည်။
ဤကိစ္စရပ်များ အားလုံးက သူ့ကို အနည်းငယ် မကျေမနပ် ဖြစ်စေခဲ့သည်။
သို့သော် ယနေ့ဖြစ်ရပ်များက လျူရှင်းရှန်း ထံတွင် စိတ်အနှောင့်အယှက်ဖြစ်မှုသာမက အနည်းငယ်သော စိုးရိမ်ပူပန်မှုကိုပါ ဖြစ်ပေါ်စေခဲ့၏။
ချင်းယွဲ့ဂိုဏ်းမှ ထိုလူငယ်လေးများ၏ အကြံအစည်များကို သူက အလွယ်တကူ မြင်ကွင်းပေါက် သိရှိနိုင်ခဲ့သည်။
အင်အား၊ သတ္တိ၊ သို့မဟုတ် သူတို့၏လုပ်ရပ်များအတွက် အကြောင်းပြချက် စသည့် မည်သည့်ရှုထောင့်မှကြည့်စေကာမူ၊ သူတို့ကိုယ်တိုင် နဂါးငါးခန်းမမှ လူတစ်ယောက်ကို ဖြုတ်ချသတ်ဖြတ်နိုင်သည်အထိ အထောက်အပံ့ဖြစ်စေမည့် အရာတစ်ခုမှ မရှိပေ။
တစ်ဦးတည်းသော အပြောင်းအလဲကတော့ ရှန်း ဆိုတဲ့ မျိုးရိုးနာမည်နဲ့ ထိုလူငယ်လေးပင်။
သို့သော် ပထမဆုံးအကြိမ် မြင်ဖူးစဉ်က၊ သူသည် ဒေသခံ နတ်ဘုရားစိတ်ဝိညာဥ်နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့သည်။
သူများ အထင်မှားခဲ့တာ ဖြစ်နိုင်မလား။
မွေးရာပါနဂါးတစ်ကောင်ရဲ့ အသွင်အပြင် ပါလာတယ်ဆိုတဲ့ ပေါ့ပေါ့ပါးပါး မှတ်ချက်က အမှန်တကယ်ပဲ ဖြစ်နေတာလား။
“…”
လျူရှင်းရှန်း၏ မျက်လုံးများတွင် ကြမ်းကြုတ်ရက်စက်မှုများ တဖျပ်ဖျပ်လက်သွားခဲ့၏။
တစ်ခဏအတွင်းမှာပင်၊ သူ၏ အမူအရာသည် လေးစားဖွယ်ကောင်းသော အကြီးအကဲတစ်ဦး၏ အသွင်မှ အစာမစားရသည်မှာကြာပြီဖြစ်သော ဆာလောင်မွတ်သိပ်နေသည့် ဝံပုလွေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
သူ ဆက်ပြီး မစောင့်နိုင်တော့ပေ။ ရေများကို မွှေနှောက်ရမည် အချိန်ရောက်လေပြီ။
သူသည် တာအိုချပ်ပြားကို တစ်ဖန် ပြန်လည် ဆုပ်ကိုင်လိုက်၏။
တစ်ချိန်တည်းမှာပင်၊ ကျောက်စိမ်းဖြူမြို့တော်မှ ကြီးမြတ်သောပုဂ္ဂိုလ်ကြီး အတော်များများ၏ တာအိုချပ်ပြားများလည်း လင်းလက်လာခဲ့သည်။
…
နန်ယန်ဂိုဏ်း၏ ဘိုးဘေးခန်းမ အတွင်း၌၊
လီရွှမ်ချင်းသည် တရားထိုင်ဖျာပေါ်တွင် ဒူးထောက်ထိုင်နေရင်းဘေးဘက်သို့ စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်သည်။
“ဒီတစ်ခေါက် အပြင်ထွက်သွားတာ ဘာတွေဖြစ်ခဲ့လို့လဲ၊ မင်းပြန်ရောက်ကတည်းက ငါ့ကိုအထင်သေးတဲ့ အရိပ်အယောင်လေးတွေနဲ့ ကြည့်နေတယ်နော်။”
“မဟုတ်ပါဘူး၊ ခင်ဗျား အထင်လွဲနေတာပါ” ရှန်းယီက ခေါင်းခါလိုက်၏။ ၎င်းမှာ အထင်သေးခြင်း မဟုတ်ပေ။
တိုက်ပွဲအတွင်း သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်နေခဲ့သော စကားလုံးများကို သူ မရည်ရွယ်ဘဲပြောထွက်မိခဲ့သလား ဆိုသည်ကို ပြန်လည် စဉ်းစားနေခြင်းသာ ဖြစ်သည်။
အကယ်၍ သူ ပြောမိခဲ့ရင်
ရှန်းယီသည် သူ၏ လက်သီးကို ဖြည်းညင်းစွာ ဆုပ်လိုက်ပြီး၊ သူ၏ မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။
သူ့ရှေ့တွင်ရှိနေသော ဤနူးညံ့သိမ်မွေ့သည့် သစ်သားတုံးကြီးနှင့် သူ၏စိတ်အာရုံ သိမြင်မှုများထဲမှ အမြဲကြွားဝါလေ့ရှိသော လူတစ်ယောက်တို့သည် တစ်ဦးတည်းဖြစ်ကြောင်း ချိတ်ဆက်တွေးတောရန် သူအမှန်တကယ်ရုန်းကန်နေရသည်။
သူ့ကို မျက်လုံးချင်းဆုံကြည့်ရန်မှာ မဖြစ်နိုင်သလောက်ပင် ခံစားနေရသည်။
“ငါလည်း တစ်ချိန်က ငယ်ရွယ်ခဲ့ဖူးတာပဲလေ” လီရွှမ်ချင်းက နားလည်သဘောပေါက်ဟန်ဖြင့် သူ့ကိုယ်သူ နှိမ့်ချကာ ရယ်မောလိုက်၏။ “ငါ့ကို သတိပေးချက်တစ်ခုအနေနဲ့ မှတ်ထားပါ၊ ကျင့်ကြံခြင်းလမ်းကြောင်းကို သေချာလျှောက်ပါ၊ဖြည်းဖြည်းချင်း လျှောက်ပါ… ပြီးတော့ တိတ်တိတ်ဆိတ်ဆိတ်လေး လျှောက်ပါ။”
“စိတ်မပူပါနဲ့ အဲဒါက ကျွန်တော့်ရဲ့ အားသာချက်တော့ မဟုတ်ပါဘူး”
ရှန်းယီက အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။ သူ၏ လက်များတွင် သွေးများစွာ စွန်းထင်းနေခဲ့သော်လည်း၊ ယင်းမှာ အသက်ရှင်ရပ်တည်ရန်အတွက် သက်သက်သာ ဖြစ်သည်။
အခြားသူများရှေ့တွင် သူ၏ ကြီးမြတ်မှုကို ကြွားဝါပြသရသည့် လုပ်ရပ်ကို သူ အမှန်တကယ်ပင် စိတ်မဝင်စားလှပေ။
“ထျန်းယန် ၄၉ရဲ့ အကျိုးသက်ရောက်မှုက ကျွန်တော် မျှော်မှန်းထားတာထက် ပိုနေတယ်” ရှန်းယီက သက်ပြင်းချလိုက်ရင်း၊ သူ၏ အမြင်အာရုံ မည်မျှကျဉ်းမြောင်းခဲ့ကြောင်းကို ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
“…”
လီရွှမ်ချင်းသည် ခဏတာ ရပ်တန့်သွားပြီး သူ၏ မျက်နှာပေါ်တွင် အနည်းငယ်ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာ၏။ “မင်း အဲဒါကို သင်ယူတတ်မြောက်သွားပြီလား”
“ခင်ဗျားရဲ့နားလည်သဘောပေါက်မှုတွေရဲ့ အကူအညီနဲ့၊ ကျွန်တော် အခြေခံအဆင့်ကိုတော့ သီသီလေးကျော်ဖြတ်နိုင်ခဲ့တယ်” ရှန်းယီက ဘေးဘက်သို့ လှမ်းကြည့်လိုက်သည်။
လီရွှမ်ချင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ သူသည် ထျန်းယန် ၄၉ ၏ တိကျသော အသေးစိတ်အချက်အလက်များကို ပြန်လည်မမှတ်မိတော့သော်လည်း၊ ၎င်းသည် ကျွမ်းကျင်ပိုင်နိုင်ရန် လွယ်ကူသော လက်သီး လက်ဝါး နည်းစနစ်တစ်ခု မဟုတ်ကြောင်းကိုတော့ ဝိုးတဝါး မှတ်မိနေသေးသည်။
သူ၏စိတ်ထဲတွင် အချိန်ကို တွက်ချက်ကြည့်လိုက်လေ၏။