နှလုံးသားအတွင်းမှ အသံ
Vol. 7 Ch. 61
အစီရင်ခံစာကို ဖတ်ပြီးနောက် ရွှီနင်သည် လက်ထဲမှ စာရွက်ကို ချလိုက်လေသည်။
ရွှီနင် တွေးတောမိလိုက်သည်။ ‘တယွမ်ကုန်သွယ်ရေးအဖွဲ့က ပြင်ပက မိစ္ဆာဂိုဏ်းနဲ့ ပူးပေါင်းကြံစည်နေတာပဲ... ဒါပေမဲ့ ဒီကိစ္စမှာကျတော့ မိစ္ဆာသိုင်းသမားက မြို့ထဲမှာ တိုက်ရိုက် ပေါ်လာတာပဲ...’
‘အတွင်းသတင်းတွေအရတော့ ဒီဆိုင်အကူက မိစ္ဆာပညာရပ်ကို ဘယ်ကနေ သင်ယူခဲ့လဲဆိုတာ မသိရဘူးတဲ့... ပြီးတော့ သူက မိစ္ဆာပညာရပ် တတ်မြောက်ထားတာကို ဖုံးကွယ်ထားနိုင်တာ နှစ်ဝက်တောင် ရှိနေပြီ...’
ရွှီနင် စိတ်ပူပန်သွားမိသည်။
ဒီဆိုင်အကူက မိစ္ဆာပညာရပ်ကို သင်ယူပြီး ဒီလောက်ကြာအောင် မရိပ်မိစေဘဲ ဖုံးကွယ်ထားနိုင်မှတော့ တခြားလူတွေလည်း သေချာပေါက် လုပ်နိုင်မှာ ဖြစ်ပေသည်။
ဒီအတိုင်းသာ ဆက်တွေးကြည့်မည်ဆိုလျှင် ခန်းယွင်ခရိုင်ထဲတွင် တခြား မိစ္ဆာဂိုဏ်းဝင်များ ရှိနေဦးမည်မှာ အသေအချာပင်။
‘အထက်လူကြီးတွေက တခြားဖြစ်နိုင်ခြေရှိတဲ့ မိစ္ဆာသိုင်းသမားတွေကို စုံစမ်းစစ်ဆေးနေလောက်ပြီလို့ ငါထင်တယ်...’
သူသာ ဒီဖြစ်နိုင်ခြေကို တွေးမိလျှင် ဝေ့ချန်ချင်းနှင့် တခြားခေါင်းဆောင်များလည်း တွေးမိကြမှာ ဖြစ်သည်။
‘လုရွှေလမ်းကြားမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေလောက်ပြီ... မေပယ်လမ်းကြားအလှည့်ရောက်ဖို့လည်း သိပ်လိုတော့မှာ မဟုတ်ဘူး...’
ရွှီနင် စဉ်းစားလိုက်မိသည်။
အချိန်မရွေး အသင့်ပြင်ထားမှ ဖြစ်ပေမည်။
‘ဒီမိစ္ဆာပညာရပ်က အဆင့်တက်တာ တော်တော်မြန်တာပဲ’
အစီရင်ခံစာပါ ဖော်ပြချက်အရ ဆိုင်အကူသည် သိုင်းပညာ လုံးဝမကျင့်ဖူးသော သာမန်လူတစ်ယောက် ဖြစ်သည်။
သို့သော် မိစ္ဆာပညာရပ်ကို နှစ်ဝက်ခန့် ကျင့်ကြံပြီးသည်နှင့် သုညမှစတင်ကာ နယ်ပယ်သုံးဆင့်ကို ကျော်ဖြတ်ပြီး အတွင်းအားပြည့်ဝအဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာခဲ့သည်။
ဤတိုးတက်မှုနှုန်းသည် ရွှီနင်လောက် မမြန်ဆန်သော်လည်း ထောင်ချင်းယွမ်နှင့် ထန်ဖုန်းယင်တို့ကဲ့သို့ လူငယ်မျိုးဆက်သစ်များထက်တော့ များစွာ သာလွန်နေသည်။
‘တချို့သိုင်းသမားတွေ လမ်းဆုံးရောက်ပြီး ရှေ့ဆက်မတိုးနိုင်တဲ့အခါ လမ်းမှားရောက်သွားကြတာ မဆန်းပါဘူးလေ... မက်လုံးက အရမ်းကြီးတာကိုး...’
ရွှီနင် သက်ပြင်းချလိုက်မိသည်။ ‘ဒါပေမဲ့ တိုးတက်မှု မြန်ဆန်ပေမဲ့ ဘေးထွက်ဆိုးကျိုးကလည်း သိသာလွန်းတယ်’
‘ဒီဆိုင်အကူက ပုံမှန်အချိန်မှာ ဟန်မပျက် နေနိုင်ပေမဲ့ သတ်ဖြတ်လိုစိတ် ပေါ်လာတာနဲ့ စိတ်ထဲကို အငြိုးအတေးတွေ ဝင်လာပြီး မိစ္ဆာပညာကို ထုတ်သုံးမိရင် စိတ်ရိုင်းဝင်သွားရော... ပြီးတော့ သူ့စိတ်နေသဘောထား ပြောင်းလဲသွားပြီး ကိုယ့်ကိုယ်ကိုယ်တောင် မထိန်းချုပ်နိုင်တော့ဘူး...’
‘ဒီလိုအခြေအနေမှာဆို သူက သာမန်လူ မဟုတ်တော့ဘူး။ သိုင်းပညာအတွက်နဲ့ ကိုယ့်ဝိညာဉ်ကို စတေးလိုက်ရတာ မတန်ပါဘူးကွာ’
ရွှီနင်သည် မိစ္ဆာပညာရပ်များ၏ သဘောသဘာဝကို နားလည်လိုက်သည်။
မိစ္ဆာပညာရပ်မှန်သမျှ အသက်အန္တရာယ်ရှိသော နိဂုံးချုပ် ရှိစမြဲပင်။
ဆိုင်အကူလိုမျိုး လေ့ကျင့်နေစဉ်က အကောင်းသားဆိုသော်လည်း မိစ္ဆာပညာကို ထုတ်သုံးလိုက်သည်နှင့် စိတ်ကို ထိန်းချုပ်နိုင်စွမ်း လွတ်သွားတတ်သည်။
သို့မဟုတ်ပါက လေ့ကျင့်နေစဉ်အတွင်း တခြားလူကို စတေးရန် လိုအပ်တတ်သည်။ ဥပမာအားဖြင့် လူသွေးသောက်ခြင်း၊ ယင်ဓာတ်ယူပြီး ယန်ဓာတ်ဖြည့်ခြင်းမျိုး ဖြစ်သည်။
မိစ္ဆာပညာ ကျင့်ကြံသူတိုင်းသည် သူတစ်ပါးကို ဒုက္ခပေးတတ်ကြသည်။
ထို့ကြောင့် ယွမ်ရှန်းဂိုဏ်းမှာ ဖေးယွင်ပြည်နယ်တွင် မိစ္ဆာပညာကျင့်ကြံခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ထားခြင်း ဖြစ်သည်။
မိစ္ဆာသိုင်းသမားကို တွေ့ရှိသည်နှင့် ပစ်မှတ်ထားပြီး သုတ်သင်ခံရမည်သာ ဖြစ်သည်။
‘ခဏနေရင် တပ်စခန်းကလူတွေကို အစည်းအဝေးခေါ်ရမယ် ပြီးတော့ ဒီအကြောင်း အသိပေးပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ခိုင်းမှပဲ...’
ရွှီနင် စတင် စဉ်းစားလိုက်လေသည်။
…
ရက်အနည်းငယ် ကုန်လွန်သွားပြီးသော်
တပ်စခန်း (၃) ရှိ လူသစ်များသည် မိသားစုများထံ ပြန်သွားကြသည်။
ရွှီနင်ကမူ မိသားစုနှင့် တွေ့ပြီးပြီဖြစ်သလို ခွင့်ရက်လည်း ကုန်သွားပြီဖြစ်၍ ခရိုင်မြို့ထဲမှာပင် နေရစ်ခဲ့သည်။
ရွှီနင်အပြင် အိမ်မပြန်သော နောက်တစ်ယောက်မှာ ထောင်ကျင် ဖြစ်သည်။
ထောင်ကျင်သည် အဝါရောင်သတ္ထုပြား ဆုံးရှုံးသွားကတည်းက မိသားစုကို မျက်နှာမပြရဲ ဖြစ်နေရှာသည်။
သူမက တပ်စခန်း (၃) မှာပင် နေပြီး ကြိုးကြိုးစားစား လေ့ကျင့်ကာ အဝါရောင်သတ္ထုပြား ပြန်ရမှပဲ အိမ်ပြန်တော့မည်ဟု ဆုံးဖြတ်ထားသည်။
‘ဘာလို့ အဆင့်မတက်နိုင်ရတာလဲ’
လက်ရှိတွင် အခန်းထဲ၌ ထောင်ကျင်တစ်ယောက်တည်း ရှိနေသည်။
ထောင်ကျင်သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး ချီနယ်ပယ်သို့ ရောက်ရှိရန် အတွင်းအားကို လှည့်ပတ်နေသည်။
သို့သော် မနက်ခင်းတစ်ခုလုံး ကုန်ဆုံးသွားသော်လည်း အတွင်းအားတိုးတက်မှု မရှိသေးပေ။
ဒုန်း
ထောင်ကျင် နံရံကို လက်သီးဖြင့် ထိုးလိုက်သည်။
သူမ၏ လက်များမှာ နီရဲသွားလေသည်။
ထောင်ကျင်သည် သူမ၏ စိတ်အခြေအနေတွင် ပြဿနာရှိမှန်း သိသော်လည်း လမ်းဆုံးမှ ရုန်းမထွက်နိုင် ဖြစ်နေသည်။
ထောင်ကျင်သည် ရုန်းမထွက်နိုင်သော ကျင်းထဲ ရောက်နေသလို ခံစားရပြီး မွန်းကြပ်လာသည်။
သူမ သက်ပြင်းချလိုက်ပြီး အဝတ်အစားလဲကာ စခန်းမှ ထွက်လာခဲ့သည်။
နေ့လယ်စာစားချိန်တွင် ထောင်ကျင်သည် မြစ်ကမ်းဘေးအတိုင်း လမ်းလျှောက်နေသည်။ သူမသည် တံတားငယ်လေးပေါ်တွင် ဖြတ်သန်းသွားလာနေသော လူများကို ငေးငိုင်စွာ ကြည့်နေမိသည်။
မိုးမခပင်များ၌ အရွက်သစ်များ ဝေစပြုနေပြီး မြစ်ထဲတွင် ရေကစားနေသော ကလေးငယ်များ ရှိနေကြသည်။
ထောင်ကျင်သည် ရည်ရွယ်ချက်မရှိဘဲ လျှောက်သွားနေမိသည်။
ရုတ်တရက် ထောင်ကျင်သည် ခမောက်ဆောင်းထားသော လူတစ်ယောက် မြစ်ကမ်းဘေးအတိုင်း သူမဘက်သို့ လျှောက်လာသည်ကို မြင်လိုက်ရသည်။
ထောင်ကျင်သည် အစပိုင်းတွင် ဂရုမစိုက်မိသော်လည်း ထိုလူနှင့် ဖြတ်ကျော်ခါနီးတွင် လမ်းဖယ်ပေးလိုက်သည်။
သို့သော် ထောင်ကျင် မထင်မှတ်ထားသည်မှာ သူမ လမ်းဖယ်ပေးလိုက်ချိန်တွင် ထိုလူက သူမဘက်သို့ ရုတ်တရက် တိုးဝင်လာခြင်း ဖြစ်သည်။
ထောင်ကျင် ကာကွယ်ရန် ပြင်လိုက်သော်လည်း ထိုလူက ချက်ချင်း အရှိန်မြှင့်ကာ ထွက်ခွာသွားလေသည်။
ထောင်ကျင်သည် ခါးတွင် မာကျောသောအရာတစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
‘ဒါ ဘာလဲ...’
ထောင်ကျင်သည် သူမအိတ်ကပ်ထဲတွင် လက်ဖဝါးအရွယ် စာအုပ်ငယ်တစ်အုပ်ကို တွေ့လိုက်ရသည်။
ထောင်ကျင် စာအုပ်ကို အမြန် ထုတ်ကြည့်လိုက်သည်။
စာအုပ်မျက်နှာဖုံးမှာ အဝါရောင်ဖြစ်ပြီး မျက်နှာဖုံးပေါ်တွင် စာလုံးဖြစ်စေ၊ ပုံဖြစ်စေ ဘာမှ မပါရှိပေ။
ထောင်ကျင် မျက်နှာဖုံးကို ဖွင့်လိုက်သည်။
‘ဒါက ဘာကြီးလဲ...’
စာအုပ်ထဲတွင် ပါရှိသည့်အရာကို မြင်လိုက်ရသောအခါ ထောင်ကျင်၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး မျက်လုံးများ ပြူးကျယ်သွားလေသည်။
စာအုပ်၏ ပထမစာမျက်နှာတွင် စာလုံးလေးလုံး ရိုက်နှိပ်ထားလေသည်။
သွေးအရိပ်မိစ္ဆာကျမ်း
ဖေးယွင်ပြည်နယ်တွင် ၁၈ နှစ်ကြာ မွေးဖွားကြီးပြင်းလာသော သိုင်းသမားတစ်ယောက်အနေဖြင့် ထောင်ကျင် ချက်ချင်း မှတ်မိလိုက်သည်။
ဒါက မိစ္ဆာပညာရပ်ပဲ။
ထောင်ကျင် ခေါင်းကို အမြန်လှည့်ပြီး ခမောက်နှင့်လူကို ရှာဖွေလိုက်သည်။
သို့သော် ပတ်ဝန်းကျင်ကို ကြည့်ရှုပြီးနောက် ထိုလူကို ရှာမတွေ့တော့ပေ။
ထောင်ကျင် ချွေးပြန်လာပြီး ဂနာမငြိမ် ဖြစ်လာသည်။
‘စခန်းကို အမြန်ပြန်ပြီး ဒီမိစ္ဆာကျမ်းကို ခေါင်းဆောင်ချွီးဆီ အပ်မှဖြစ်မယ်’
ဒါက ထောင်ကျင်၏ ပထမဆုံးအတွေး ဖြစ်သည်။
ထောင်ကျင်သည် မိစ္ဆာကျမ်းကို အိတ်ကပ်ထဲ အမြန်ထည့်ပြီး စခန်းသို့ အပြေးပြန်လာခဲ့သည်။
မိစ္ဆာဂိုဏ်းအကြောင်း မကြာခဏ ကြားဖူးသော်လည်း မိစ္ဆာကျမ်းမှာ မိမိလက်ထဲ အမှန်တကယ် ရောက်နေချိန်တွင် ထောင်ကျင် အလွန် ထိတ်လန့်သွားရသည်။
ထောင်ကျင် လမ်းလျှောက်နေရင်း ခမောက်နှင့်လူကို ကြောက်လန့်တကြား လိုက်ရှာနေမိသည်။
သူမအနား ကပ်လာသူတိုင်းကို မိစ္ဆာဂိုဏ်း၏ ကြံရာပါများအဖြစ် ထောင်ကျင် ထင်မြင်နေမိသည်။
‘မိစ္ဆာပညာက ကိုယ့်ကိုယ်ကိုယ်ရော သူများကိုပါ ဒုက္ခပေးမှာ၊ ဒါကြောင့် လုံးဝ မထိရဘူး’
‘ငါသာ မိစ္ဆာပညာကို ကျင့်ကြံလိုက်ရင် မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့က သိသွားမှာ၊ ပြီးရင် အကျိုးဆက်က ဆိုးရွားလွန်းတယ်...’
‘…’
ထောင်ကျင် ဘာကြောင့်မှန်း မသိသော်လည်း ရုတ်တရက် သူမနှလုံးသားထဲတွင် အသံတစ်သံ ပေါ်လာပြီး မိစ္ဆာပညာ၏ အန္တရာယ်များကို သတိပေးနေလေသည်။
တပ်စခန်း (၃) သို့ ခြေချလိုက်သည်အထိ ထိုအသံ ပျောက်ကွယ်မသွားပေ။
‘ခေါင်းဆောင်ချွီးရဲ့ စာကြည့်ခန်းကို သွားမယ်’
သို့သော် ချွီးတယို၏ စာကြည့်ခန်းနှင့် နီးကပ်လာလေ သူမ ပိုမို တွေဝေလေ ဖြစ်လာသည်။
ထိုစဉ် ချွီးတယိုက စာကြည့်ခန်းထဲမှ ထွက်လာပြီး ထောင်ကျင်နှင့် ပက်ပင်းတိုးလေသည်။
“ထောင်ကျင်”
ထောင်ကျင် မျက်နှာဖြူဖျော့နေပြီး ထိတ်လန့်နေသည်ကို ချွီးတယို မြင်လိုက်ရသည်။ သူမတွင် စိတ်ညစ်စရာတစ်ခုခု ရှိနေပုံရသည်။
“ခေါင်းဆောင်ချွီး...”
ထောင်ကျင်သည် ချွီးတယိုနှင့် ကြိုတင်တွေ့ဆုံမည်ဟု ထင်မထားသဖြင့် ချက်ချင်း ပျာယာခတ်သွားသည်။
“ဘာလဲ... မင်း အိမ်ပြန်ပြီး ဆွေမျိုးတွေကို မတွေ့ဘူးလား”
ချွီးတယိုက မေးလိုက်သည်။
သူ့အနေဖြင့် ထောင်ကျင်အပေါ် အမြင်မှာ သာမန်မျှသာ ဖြစ်သော်လည်း ထောင်ကျင်သည် ထောင်ကျင်ရှင်၏ မြေးမ ဖြစ်ပေသည်။ သူသည် ထောင်ကျင်ရှင်နှင့် တွဲလုပ်ဖူးသဖြင့် ထောင်ကျင်အကြောင်း သိထားခြင်း ဖြစ်သည်။
“ဟင့်အင်း... ကျွန်မ... ကျွန်မ သိုင်းလေ့ကျင့်ချင်လို့ စခန်းမှာပဲ နေခဲ့တာပါ”
ထောင်ကျင် ပြန်ဖြေလိုက်သည်။
ထောင်ကျင်၏ နှလုံးသားထဲမှ အသံမှာ မိစ္ဆာကျမ်းကို အပ်လိုက်ရန် တိုက်တွန်းနေသည်။
သို့သော် အကြောင်းအရင်းတစ်ခုခုကြောင့် သူမ မလုပ်နိုင်ခဲ့ပေ။
ထိုအစား သူမနှလုံးသားထဲတွင် နောက်ထပ်အသံတစ်ခု ပေါ်လာလေသည်။
‘သွေးအရိပ်မိစ္ဆာကျမ်း... နာမည်ကတော့ မိစ္ဆာကျမ်းလိုပဲ၊ ဒါပေမဲ့ တကယ်လို့များ မဟုတ်ခဲ့ရင်ရော...’
“လေ့ကျင့်မလို့လား”
ထောင်ကျင်က သိုင်းပညာတိုးတက်မှုအတွက် စိတ်ပူနေသည်ဟု ချွီးတယို ထင်မှတ်သွားသည်။
“စိတ်ကို အရင်ငြိမ်အောင်ထားပါ၊ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဖိအားပေးနေစရာ မလိုပါဘူး”
ချွီးတယိုက ရှင်းပြလေသည်။ “စိတ်လျှော့ပြီး သဘာဝအတိုင်း တိုးတက်ပါစေ... မင်းရဲ့ ပါရမီက မဆိုးပါဘူး၊ သေချာပေါက် ရလဒ်ကောင်းတွေ ရလာမှာပါ”
“အားပေးတဲ့အတွက် ကျေးဇူးပါရှင်”
နောက်ဆုံးတွင် ထောင်ကျင်၏ စိတ်နှလုံး ငြိမ်သက်သွားသည်။ “ဆရာ... ကျွန်မ ထမင်းစားဆောင်ဘက်ကိုသွားပြီး တစ်ခုခု သွားစားလိုက်ပါဦးမယ်...”
“သွားလေ”
ချွီးတယိုက လက်ကာပြလိုက်သည်။
‘ဘာလဲဟ...’
ချွီးတယို အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။ “သူက စခန်းထဲမှာ လေ့ကျင့်မှာဆိုရင်... ငါ့စာကြည့်ခန်းဘက်ကို ဘာလို့ လာတာလဲ”
ချွီးတယိုသည် စောစောက ထောင်ကျင်၏ ပုံမှန်မဟုတ်သော အပြုအမူကို ပြန်စဉ်းစားလိုက်မိပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူ ထိုနေရာတွင် ရပ်လျက် စတင် စဉ်းစားနေမိသည်။
ခဏအကြာတွင် ချွီးတယို နောက်လှည့်ကာ ထွက်ခွာသွားလေတော့သည်။