← Chapters

လျိုယီးကျန့်

Vol. 7 Ch. 70

လျိုယီးကျန့်

Vol. 7 Ch. 70

ကျောက်စိမ်းမြက်သည် ကျောက်တောင်နံရံပေါ်တွင် ပေါက်ရောက်နေသဖြင့် မြေအနေအထားမှာ အတော်လေး မတ်စောက်လှသည်။

သို့သော် ရွှီနင်အတွက်မူ ဤအရာက ကိစ္စကြီးမဟုတ်ပေ။

ရွှီနင်သည် ကျောက်စိမ်းမြက်၏ အရှေ့သို့ လျှောက်သွားလိုက်သည်။

—

စွမ်းအင် ရှာတွေ့သည် - ၆ ယူနစ်

စုပ်ယူမည်လား။

စုပ်ယူမည်/မစုပ်ယူပါ

—

ရွှီနင် ကျောက်စိမ်းမြက်ကို ခူးလိုက်သည့်အချိန်တွင် သိုင်းပညာမျက်နှာပြင်သည် သူ့မျက်စိရှေ့၌ ပေါ်လာလေသည်။

ရွှီနင်က “မစုပ်ယူပါ” ကို ရွေးချယ်လိုက်သည်။

အကယ်၍ သူသာ သူတို့ရှေ့တွင် ကျောက်စိမ်းမြက်ကို စုပ်ယူလိုက်ပါက သူ့သိုင်းပညာမျက်နှာပြင်၏ လျှို့ဝှက်ချက် ပေါက်ကြားသွားပေလိမ့်မည်။

ရွှီနင် ကျောက်စိမ်းမြက်ကို အိတ်ထဲသို့ ထည့်ရန် ပြင်လိုက်စဉ်မှာပင် တရှပ်ရှပ်မြည်သံကို ရုတ်တရက် ကြားလိုက်ရသည်။ မြက်ခင်းထဲတွင် တစ်စုံတစ်ခု လှုပ်ရှားနေပုံရလေသည်။

ရွှီနင် ချက်ချင်းပင် ဘေးသို့ ခုန်ရှောင်လိုက်သည်။

အကြေးခွံများပေါ်တွင် အကွက်များပါရှိသော မြွေတစ်ကောင်ကို သူ တွေ့လိုက်ရလေသည်။

ယွင်ဇယ်တောင်တန်းတွင် သာမန်သားကောင်မဟုတ်ပါက အန္တရာယ်ရှိသော မျိုးစိတ်အများစုကို ရှောင်ရှားသည်က ပိုကောင်းပေသည်။

“စောင့်ပေးကြတာ ကျေးဇူးပါဗျာ”

ရွှီနင် မြင်းပေါ်သို့ ပြန်တက်လိုက်ပြီး သူတို့ခရီးဆက်ခဲ့ကြသည်။

လော့ယွဲ့ရေကန်နှင့် နီးကပ်လာလေ မြူများ ပိုထူထပ်လာလေ ဖြစ်သည်။

ရွှီနင်သည် သူ့ရှေ့ ဆယ်မီတာအကွာအဝေးလောက်ကိုသာ မြင်ရတော့သည်။

ဝေ့ပင်လင်၊ ဝေ့ဇစ်ချန်နှင့် သူတို့၏ အစောင့်များသည် အတော်လေး သန်မာကြသဖြင့် ထိခိုက်မှုမရှိကြပေ။

ရုတ်တရက် ဝေ့ဇစ်ချန်က လမ်းဘေးရှိ ပေါင်းပင်များကို နှင်တံဖြင့် ရိုက်လိုက်သည်။

သူမ နှင်တံကို ပြန်ရုပ်လိုက်သောအခါ ဝိညာဉ်ဆေးပန်းတစ်ပွင့် ပါလာလေသည်။

“ရွှီနင်... ရော့”

ဝေ့ဇစ်ချန်က ဝိညာဉ်ဆေးပင်ကို ရွှီနင်အား ကမ်းပေးလိုက်သည်။

—

စွမ်းအင် ရှာတွေ့သည် - ၅ ယူနစ်

စုပ်ယူမည်လား။

စုပ်ယူမည်/မစုပ်ယူပါ

—

ရွှီနင် လှမ်းယူလိုက်သည်နှင့် သိုင်းပညာမျက်နှာပြင် ပေါ်လာပြန်သည်။

“ကျေးဇူးပါ”

ရွှီနင်သည် ဘေးနားရှိ ဝိညာဉ်ဆေးပင်ကို သတိမထားမိခဲ့ပေ။

သို့သော် ဝေ့ဇစ်ချန်က သတိထားမိရုံသာမက သူ့ကိုပါ ပေးခဲ့ခြင်းဖြစ်သည်။

“ရပါတယ်”

ဝေ့ဇစ်ချန်က ပေါ့ပေါ့ပါးပါးပင် ပြုံးပြလိုက်သည်။

ရွှီနင် ဤအရင်းအမြစ်များကို စုဆောင်းနေခြင်းအပေါ် ဝေ့ဇစ်ချန်နှင့် ဝေ့ပင်လင်တို့က ကန့်ကွက်စရာမရှိပေ။

ခန်းယွင်ခရိုင်တွင် သိုင်းပညာတိုးတက်စေရန်အတွက် တစ်ခုတည်းသောနည်းလမ်းမှာ အရင်းအမြစ်များကို မပြတ်တမ်း ရှာဖွေစုဆောင်းခြင်းဖြစ်ကြောင်း သူတို့ သိထားကြသည်။

သူတို့အဖွဲ့သည် နောက်ထပ် တစ်နာရီခန့် ခရီးဆက်ခဲ့ကြသည်။

ယွင်ဇယ်တောင်တန်းသည် ကြီးမားလွန်းလှသဖြင့် ယခုထိတိုင် လော့ယွဲ့ရေကန်သို့ မရောက်ရှိသေးပေ။

မြူများက တစ်စထက်တစ်စ ပိုထူလာပြီး ယခုအခါ ရွှီနင် လမ်းကိုပင် မမြင်ရတော့ချေ။

သူသည် ယခင်အတွေ့အကြုံကိုသာ အားကိုးပြီး လမ်းပြနေရသည်။

“ဒီမြူတွေက အမြင်အာရုံကို ကွယ်စေရုံတင်မကဘူး၊ အဆိပ်လည်း ရှိတယ်”

ဝေ့ပင်လင်က အဆိပ်မြူကို ကာကွယ်ရန် ရွှီနင်အား အဆိပ်ဖြေဆေးလုံးတစ်လုံး ပေးလိုက်သည်။

အဆိပ်ဖြေဆေးလုံးသည် အတော်လေး အဆင့်မြင့်သော ဆေးလုံးတစ်မျိုးဖြစ်သည်။ အထောက်အကူပြုဆေးဝါးတစ်မျိုးသာ ဖြစ်သော်လည်း စွမ်းအင် ၅ ယူနစ်ခန့် တန်ဖိုးရှိသည်။

ရွှီနင်သည် သူ့ခန္ဓာကိုယ် မြူဆိပ်သင့်မည်ကို စိုးရိမ်သဖြင့် ဆေးလုံးကို ချက်ချင်း မျိုချလိုက်သည်။

နောက်ထပ် နာရီဝက်ခန့် ကုန်လွန်သွားပြန်သည်။

နောက်ဆုံးတွင် အားလုံးသည် မြူတောကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။

သူတို့သည် တောင်ပေါ်မှနေ၍ အောက်သို့ ငုံ့ကြည့်လိုက်ရာ စိမ်းလန်းသော ရှုခင်းကို တွေ့လိုက်ရသည်။

တောင်ကြားများ၏ အလယ်တွင် ဘဲဥပုံသဏ္ဌာန် ရေကန်ကြီးတစ်ကန် ရှိနေလေသည်။

ရေကန်ကြီးသည် တည်ငြိမ်နေပြီး ရေမျက်နှာပြင်ပေါ်တွင် အနီးနားရှိ သစ်ပင်ပန်းမန်များ၏ အရိပ်များ ထင်ဟပ်နေသည်။

ရေကန်အနီးတွင် သားရဲတိရစ္ဆာန်မျိုးစုံ လှည့်လည်သွားလာနေကြသည်။ မျိုးစိတ်မတူကြသော်လည်း အားလုံးမှာ သဟဇာတဖြစ်စွာ နေထိုင်နေကြသည်။

“အင်း...”

ဝေ့ဇစ်ချန်နှင့် ဝေ့ပင်လင်တို့သည် ယွင်ယင်းမြို့မှ လာကြသူများ ဖြစ်သော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို မမြင်ဖူးကြပေ။

သားရဲများကြားတွင် မိစ္ဆာအဆင့် သတ္တဝါအချို့ကိုလည်း သူတို့ တွေ့လိုက်ရသည်။

ယေဘုယျအားဖြင့် ပြောရလျှင် မိစ္ဆာသားရဲများသည် နယ်မြေပိုင်ဆိုင်လိုစိတ် ပြင်းထန်ကြသည်။ ပုံမှန်ဆိုလျှင် ဤမျှ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြမည် မဟုတ်ပေ။

သို့သော် ယခုလက်ရှိတွင်မူ သာမန်သားရဲများနှင့် တောကောင်ငယ်လေးများပင်လျှင် သူတို့ပတ်ဝန်းကျင်၌ လှည့်လည်သွားလာနေကြသည်။

သားကောင်နှင့် မုဆိုး ဆက်ဆံရေးမျိုး ရှိသော်လည်း သူတို့၏ သဘာဝဗီဇကို စွန့်လွှတ်ထားပုံရပြီး တစ်ကောင်နှင့်တစ်ကောင် နှောင့်ယှက်ခြင်း မရှိကြပေ။

ဤနေရာရှိ အရာအားလုံးသည် သဟဇာတဖြစ်နေပုံရသည်။

“ဘာတွေဖြစ်နေတာလဲ”

ဝေ့ဇစ်ချန်က ဝေ့ပင်လင်ကို မေးလိုက်သည်။

ဝေ့ပင်လင် ခေါင်းခါလိုက်၏။ “စီနီယာလျိုကြောင့် ဖြစ်လောက်တယ်”

“ဟိုဟာတွေက မိစ္ဆာသားရဲတွေလား”

ရွှီနင် အောက်သို့ ငုံ့ကြည့်လိုက်သည်။ သာမန်သားရဲများနှင့်မတူသော တိရစ္ဆာန်အချို့ ရှိနေသည်မှာ ထင်ရှားလှသည်။

ရွှီနင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သော်လည်း ထူးခြားမှန်း ချက်ချင်း သိလိုက်သည်။

အရွယ်အစား၊ အရောင်အဆင်း မည်သို့ပင်ဖြစ်စေ သာမန်သားရဲများနှင့် ကွဲပြားနေသည်။

တိရစ္ဆာန်အချို့၏ လက္ခဏာများ ပါရှိသော်လည်း မည်သည့်တိရစ္ဆာန်နှင့်မျှ တိတိကျကျ မတူပေ။

ရွှီနင်နှင့် အဖွဲ့သည် မိစ္ဆာသားရဲများ၏ နယ်မြေကို ဖြတ်သန်းခဲ့ကြသော်လည်း အရှိန်ဖြင့် သွားလာနေသောကြောင့် မိစ္ဆာသားရဲများက နောက်မှ လိုက်မလာခဲ့ကြပေ။

ဤသည်မှာ ရွှီနင်အတွက် မိစ္ဆာသားရဲကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

ရုတ်တရက် သူတို့ခေါင်းပေါ်မှ စူးရှသောအော်သံကို ကြားလိုက်ရသည်။

သူတို့ မသိစိတ်ဖြင့် မော့ကြည့်လိုက်မိကြသည်။

ကြီးမားသော အတောင်ပံများပါရှိသည့် စိမ်းပြာရောင် သားရဲငှက်ကြီးတစ်ကောင်သည် သူတို့အပေါ်တွင် ဝဲပျံနေလေသည်။

အတောင်ပံကြီးများ ခတ်လိုက်သည့် လေပြင်းများကြောင့် ပတ်ဝန်းကျင်ရှိ သစ်ပင်ပန်းမန်များ ယိမ်းထိုးကုန်၏။ ရွှီနင်၏မျက်နှာပင် အနည်းငယ် နေရခက်သွားသည်။

‘အတောင်ပံခတ်တဲ့ လေပြင်းသက်သက်နဲ့တင် ဒီလောက် အားပြင်းတာလား’

ရွှီနင် လက်ဖြင့် မျက်နှာကို ကာလိုက်သည်။ စိမ်းပြာရောင် သားရဲငှက်ကြီးသည် ကောင်းကင်ယံတွင် ပျံသန်းရင်း သူတို့ကို တစ်ချိန်တည်းမှာပင် စောင့်ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။

‘ဉာဏ်ကောင်းလိုက်တာ၊ လူတစ်ယောက်လိုပဲ...’

တိရစ္ဆာန်တစ်ကောင်တွင် အခြေခံဉာဏ်ရည် ရှိ မရှိဆိုသည့်အချက်သည် တောရိုင်းတိရစ္ဆာန်နှင့် မိစ္ဆာသားရဲတို့၏ အခြေခံကွာခြားချက် ဖြစ်သည်။

ဝဲပျံနေသော စိမ်းပြာရောင်သားရဲငှက်ကြီးကို မြင်သောအခါ အစောင့်နှစ်ဦးက လေးမြားများကို အသင့်ပြင်ထားလိုက်ပြီး အချိန်မရွေး ပစ်ခတ်ရန် ဟန်ပြင်လိုက်ကြသည်။

သူတို့မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အလျဉ်းမရှိပေ။ မိစ္ဆာသားရဲများနှင့် ရင်ဆိုင်ဖူးသည့် အတွေ့အကြုံရှိကြောင်း သိသာလှသည်။

စိမ်းပြာရောင်သားရဲငှက်ကြီးက ရုတ်တရက် ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်သည်။

ထို့နောက် လေပေါ်သို့ ထိုးတက်သွားပြီး မြင့်မားသော တိမ်တိုက်များထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

ဘာဖြစ်တာလဲဟု သူတို့ စဉ်းစားနေစဉ်မှာပင် ရေကန်နားရှိ သားရဲအမျိုးမျိုးသည် ငြိမ်သက်သွားကြပြီး ထူထပ်သော တောအုပ်ဘက်သို့ လှမ်းကြည့်နေကြကြောင်း ရုတ်တရက် သတိပြုမိလိုက်ကြသည်။

ပိန်ပါးသော လူရိပ်တစ်ခုသည် တောအုပ်ထဲမှ ဖြည်းညင်းစွာ ထွက်လာလေသည်။

တောအုပ်ရိပ်ထဲတွင် ရပ်လျက် လက်ထဲမှ လမ်းလျှောက်တုတ်ကောက်ကို ညင်သာစွာ လှုပ်ရမ်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ရွှီနင်၏မြင်းနှင့် အခြားမြင်းများအားလုံးသည် ရေကန်ရှိရာသို့ စတင်ရွေ့လျားသွားကြသည်။

‘ဒါ ဘာဖြစ်တာလဲ...’

ရွှီနင် ဘာဖြစ်နေမှန်း မသိသော်လည်း သတိဝီရိယ ရှိနေသည်။ သူ မြင်းပေါ်မှ ဆင်းချင်နေလေသသည်။

“ညီလေးရွှီ... မလှုပ်နဲ့”

ဝေ့ပင်လင်က ပြောလိုက်သည်။ “ဒါ စီနီယာလျိုက ငါတို့ကို သူ့ဆီ ခေါ်နေတာ”

ထိုစကားကို ကြားမှသာ ရွှီနင် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

တစ်ချိန်တည်းမှာပင် ရွှီနင် အကြီးအကျယ် တုန်လှုပ်သွားမိသည်။

သူတို့သည် ထိုစီနီယာနှင့် အဝေးကြီးတွင် ရှိနေသော်လည်း သူက မြင်းများကို လွယ်ကူစွာ ထိန်းချုပ်နိုင်နေဆဲပင်။ ထို့အပြင် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာသားရဲများကိုပင် သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်စေနိုင်လေသည်။

စီနီယာလျိုသည် ကြောက်ခမန်းလိလိ စွမ်းအားကြီးမားပုံရသည်။

ရွှီနင်၏ အမြင်တွင် ဤပုဂ္ဂိုလ်သည် သာမန်လူသားအဆင့် သိုင်းပညာနယ်ပယ်ထက် ကျော်လွန်နေပြီဟုပင် ခံစားလိုက်ရသည်။

‘သာမန်လူသားနယ်ပယ်ထက် ကျော်လွန်နေတာလား’

ရွှီနင် အတိတ်က ကောလာဟလတစ်ခုကို ရုတ်တရက် သတိရသွားသည်။

သာမန်လူသားနယ်ပယ်အထက်တွင် နောက်ထပ် နယ်ပယ်တစ်ခု ရှိနေသည်ဟု ဆိုကြသည်။

ထိုနယ်ပယ်တွင် သိုင်းပညာရှင်သည် ပြန်လည်မွေးဖွားလာသကဲ့သို့ ပြောင်းလဲသွားပြီး သာမန်သိုင်းပညာထက် မြင့်မားသော စွမ်းအားကို ပိုင်ဆိုင်လာသည်ဟု ဆိုကြသည်။

ဤသည်မှာ ခန်းယွင်ခရိုင်တွင် ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်သည်။

သို့သော် လူသားနယ်ပယ်စွမ်းအားထက် ကျော်လွန်သော စွမ်းရည်ကို မျက်မြင်တွေ့ရှိလိုက်ရသောအခါ ရွှီနင်သည် မသိစိတ်အရ ထိုအရာနှစ်ခုကို ချိတ်ဆက်မိသွားလေသည်။

သူစီးနင်းလာသော မြင်းသည် နောက်ဆုံးတွင် ရေကန်ရှေ့သို့ ရောက်ရှိသွားသည်။

ရွှီနင်သည် ထိုလူရိပ်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။

ပိန်ပါးသော အဘိုးအိုတစ်ဦး ဖြစ်လေသည်။ သူသည် လျှော်အင်္ကျီကြမ်းကို ဝတ်ဆင်ထားပြီး လက်ထဲတွင် သစ်သားတုတ်ကောက်ကို ကိုင်ဆောင်ထားသည်။

အဘိုးအို၏ အသားအရေမှာ လယ်ကွင်းထဲတွင် အလုပ်လုပ်နေသော လယ်သမားတစ်ဦးကဲ့သို့ ညိုမဲနေလေသည်။

“အဘိုးလျို”

ဝေ့ပင်လင်နှင့် ဝေ့ဇစ်ချန်တို့သည် မြင်းပေါ်မှ ခုန်ဆင်းလိုက်ကြပြီး ပိန်ပါးသော အဘိုးအိုအား ဒူးတစ်ဖက်ထောက်ကာ ဂါရဝပြုလိုက်ကြသည်။

အစောင့်နှစ်ဦးကလည်း ထိုနည်းတူပင် ပြုလုပ်ကြသည်။

ရွှီနင် မြင်သောအခါ သူလည်း ဦးညွှတ်လိုက်သည်။

အဘိုးအို မည်မျှ စွမ်းအားကြီးကြောင်း တွေ့ရှိပြီးနောက် ဤကဲ့သို့ ဦးညွှတ်ခြင်းမှာ သင့်လျော်သည်ဟု ရွှီနင် ခံစားမိသည်။

“ဝေ့မျိုးနွယ်ရဲ့ မျိုးဆက်တွေလား”

လျိုယီးကျန့်က ဝေ့ဇစ်ချန်နှင့် ဝေ့ပင်လင်တို့၏ မျက်နှာများကို ကြည့်လိုက်သည်။

“ဟုတ်ပါတယ် အဘိုးလျို”

ဝေ့ပင်လင်က ပြောလိုက်သည်။ “ကျွန်တော်တို့နှစ်ယောက်စလုံးက ဝေ့ချင်းယွမ်ရဲ့ သားသမီးတွေပါ။ ကျွန်တော်က ဝေ့ပင်လင်ပါ၊ ဒါက ကျွန်တော့်ညီမ ဝေ့ဇစ်ချန်ပါ”

“ကျွန်တော်တို့ ခန်းယွင်ခရိုင်ကို ရောက်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ ဦးလေးက အဘိုးကို လာတွေ့ဖို့ မှာလိုက်လို့ပါ”

ဝေ့ပင်လင်က လာရင်းကိစ္စကို ရှင်းပြလိုက်လေသည်။

All Chapters