အခန်း (၃၉၃-၃၉၄)
Vol. 29 Ch. 393-394
အပိုင်း(၃၉၃)
“အလုပ်သင်သူရဲကောင်း... ငါတို့မှာ အချိန်အများကြီး မရှိဘူး…”
ဂရက်ဘက်မှ တိတ်ဆိတ်သွားပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် ဝင်စတန်က ဆက်ပြောလိုက်သည်။
“မင်း ဘာတွေတွေးနေလဲဆိုတာ ငါသိပါတယ်... ဒါပေမဲ့ ငါတို့ရဲ့ တစ်ခုတည်းသော တာဝန်က အထက်ကလူတွေရဲ့ အမိန့်ကို နာခံဖို့ပဲ... အကြီးအကဲများကောင်စီမှာ ပိုပြီးတော့ အမြော်အမြင်ရှိတဲ့၊ ပိုပြီးတော့ ဘက်စုံလွှမ်းခြုံနိုင်တဲ့ စီမံကိန်းတွေ ရှိပြီးသားပါ... တာဝန်တစ်ခုကို ထမ်းဆောင်တဲ့အခါ ကိုယ့်ရဲ့ စိတ်ခံစားချက်နောက်ကို လိုက်နေလို့ မဖြစ်ဘူး... အဲဒီလိုသာ လိုက်နေရင် မခန့်မှန်းနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေပဲ ရလာလိမ့်မယ်”
“မင်းက ဂျိုးဇက်ရဲ့ တပည့်ဖြစ်နေလို့ ငါက စေတနာနဲ့ တစ်ကြိမ်ပဲ သတိပေးတာပါ... ဂျိုးဇက်ရဲ့ စရိုက်က အရမ်းကို တိုက်ရိုက်ဆန်လွန်းတယ်... ငါတို့နှစ်ယောက်စလုံး လူငယ်ဘဝ လေ့ကျင့်ရေးဌာနမှာတည်းက စတွေ့ခဲ့ကြတာ... သူ့အကြောင်းကို ငါအသိဆုံးလို့ ပြောရင် မမှားဘူး... သူက အရင်ကရော အခုပါ ငါတို့အားလုံး ကြောက်ရွံ့ရိုသေရတဲ့၊ မဆုတ်မနစ် မြင့်မြတ်တဲ့ မီးလျှံ သူရဲကောင်းတစ်ဦးဆိုတာ မှန်ပါတယ်...”
“ဒါပေမဲ့ မင်းသိထားတဲ့ အဲဒီလို အထင်ကြီးစရာ ပုံရိပ်ဆိုတာ... မျှော်စင်ရဲ့ အမိန့်တွေကို အကြိမ်ကြိမ် ဖီဆန်ပြီး တာဝန်တွေမှာ သူ့ဘာသာသူ ဆုံးဖြတ်ချက်ချခဲ့လို့ ရလာတဲ့ ရလဒ်တွေပဲ”
ဂရက်မှာ အံ့အားသင့်သွားပြီး အလိုအလျောက်ပင် ပြန်လည်ချေပလိုက်မိသည်။
“အဲဒါတွေက...”
ဝင်စတန်က စကားဖြတ်ပြောလိုက်ပြန်၏။
“အဲဒါတွေက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေလို့ မင်းထင်နေတာလား... အကြိမ်တိုင်းမှာ ရလဒ်ကောင်းတွေနဲ့ အဆုံးသတ်ခဲ့လို့လား... ဟက်... မင်း ဂျိုးဇက်တစ်ယောက် သေလုမျောပါး ဖြစ်နေတာကို မြင်ဖူးလို့လား... ရက်စက်တယ်လို့ ထင်ရပေမဲ့ အဲဒါက ငါကိုယ်တိုင် အကြိမ်ကြိမ် မျက်မြင်တွေ့ခဲ့ရတဲ့ အမှန်တရားပဲ”
“အတူ တိုက်ပွဲဝင်တိုင်း သူက အကြီးအကဲများကောင်စီရဲ့ အစီအစဉ်တွေကို အမြဲတမ်း ဆန့်ကျင်လေ့ရှိတယ်... တကယ်တော့ အစီအစဉ်အတိုင်း လုပ်မယ်ဆိုရင် ကိစ္စရပ်တိုင်းဟာ အသေးငယ်ဆုံး နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ပြေလည်သွားမှာ သေချာတယ်... ဒါပေမဲ့ ဂျိုးဇက်က အဲ့တာကို ခွင့်မပြုဘူး... အရာအားလုံးကို သူ့ပခုံးပေါ်မှာပဲ တင်ပြီး ထမ်းပိုးလိုက်တာက ကြည့်ရတာတော့ ခန့်ညားတာပေါ့... ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ သူ ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲဆိုတာကို တစ်ခါလောက် မြင်ဖူးရုံနဲ့တင် ဘယ်သူမဆို နားလည်သွားလိမ့်မယ်”
“သူ့ရဲ့ အစွမ်းနဲ့ မယုံနိုင်စရာကောင်းတဲ့ ကံတရားသာ မရှိခဲ့ရင်... သူဟာ စစ်မြေပြင်မှာ သေဆုံးသွားတာ ကြာလှပြီ... မဆုတ်မနစ် မငြိမ်းသေတဲ့ မြင့်မြတ်သော မီးလျှံ ဆိုတဲ့ နာမည်လည်း ရှိလာမှာ မဟုတ်ဘူး”
ဂရက်မှာ ဆက်ပြီး ငြင်းခုံချင်နေသေးသည်။ သူတို့ ကြည်ညိုရိုသေရသော ဂျိုးဇက်ဆိုသည်မှာ အဆိုးဝါးဆုံး အခြေအနေများကို အကြိမ်ကြိမ် ကျော်လွှားပြီး သေလုနီးပါး ဖြစ်နေချိန်မှာတောင် အားလုံးကို ကယ်တင်နိုင်ခဲ့၍သာ ဤဘွဲ့ထူးကို ရခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဂရက် တစ်ယောက် စကားလုံးများ လည်ချောင်းထဲတွင် တစ်ဆို့သွားရသည်။ ဝင်စတန် ပြောနေသည်မှာ ဂျိုးဇက်ကို သိက္ခာချနေသော ရန်သူတစ်ယောက်၏ စကားမဟုတ်ဘဲ မိတ်ဆွေတစ်ယောက်၏ ရင်ဖွင့်သံဖြစ်ကြောင်း ထိုလူငယ်လေး သဘောပေါက်လိုက်သည်။
ဂျိုးဇက်မှာ ကံကောင်း၍သာ ဤအဆင့်သို့ ရောက်လာခြင်းဖြစ်ကြောင်း၊ နောက်ပိုင်းတွင် စိတ်ဓာတ်ကျဆင်းလာခြင်းမှာ အရည်အချင်းမရှိ၍ဖြစ်ကြောင်း ဝင်စတန်က ဆိုလိုနေခြင်း မဟုတ်ပေ။
သူ ဆိုလိုချင်သည်က ဂျိုးဇက်မှာ သူ့ကို ကြည်ညိုကြသူများ ထင်မှတ်ထားသကဲ့သို့ တောက်ပပြီး ပြည့်စုံလွန်းသည့် ပုဂ္ဂိုလ်တစ်ဦး မဟုတ်ကြောင်းသာ ဖြစ်သည်။ ဂျိုးဇက်မှာ ပုံပြင်များထဲကလို အောင်နိုင်သူ သူရဲကောင်း တစ်ဦး မဟုတ်ဘဲ အစွမ်းထက်ပြီး အနည်းငယ် ခေါင်းမာတတ်သော 'လူသား' တစ်ဦးသာ ဖြစ်သည်။
ပိုပြီး တိတိကျကျ ပြောရလျှင်... ဂျိုးဇက်သည်လည်း လူသားတစ်ဦးသာဖြစ်ကြောင်း ဝင်စတန်က ပြောလိုခြင်း ဖြစ်သည်။
လူသားဖြစ်သည့်အတွက်ကြောင့်ပင် သူသည်... သေဆုံးသွားနိုင်ပါသည်။
မည်သည့်အခါမျှ မလဲပြိုနိုင်ဟု ထင်ရသော ဂျိုးဇက်၏ ခန္ဓာကိုယ်ကြီး စာအုပ်ဆိုင်ပိုင်ရှင်၏ ရှေ့မှောက်တွင် ရုတ်တရက် လဲကျသွားခဲ့သည့် ထိုမိုးရွာသော ညကို ဂရက် မတွေးဘဲ မနေနိုင်တော့ပေ။
“အချို့အရာတွေက မင်းမျှော်လင့်သလို ဖြစ်မလာတတ်ဘူး... မင်းနဲ့ငါက ဂျိုးဇက် မဟုတ်သလို ဘယ်တော့မှလည်း ဖြစ်လာမှာ မဟုတ်ဘူး... မျှော်စင်ရဲ့ အမိန့်က ငါတို့ လုပ်ဆောင်ချက်တွေရဲ့ အဓိကဗဟိုချက်ပဲ... မင်းသာ ဒုတိယမြောက် ဂျိုးဇက် ဖြစ်ချင်တယ်ဆိုရင်... မင်းရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် မင်းပတ်ဝန်းကျင်ကလူတွေ အားလုံးကို ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေမျိုးကို မင်း ဘယ်လို ရင်ဆိုင်မလဲ...”
“အိပ်မက်ဘုံရဲ့ ကျူးကျော်မှုကို အချိန်မရွေး ခံနေရတဲ့ အပေါက်အပြဲတွေနဲ့ ပြည့်နေတဲ့ ဒီလောကကြီးမှာ ကံကြမ္မာက မင်းကို တစ်ကြိမ်လေးတောင် ရှုံးနိမ့်ခွင့် ပေးမှာမဟုတ်ဘူး...”
ဝင်စတန် တစ်ယောက် စကားပြောရင်း စိတ်ပျက်အားလျော့နေဟန် ရှိသည်။ သူ မော့ကြည့်လိုက်ရာ စစ်မြေပြင်ဗဟိုတွင် အီသာမုန်တိုင်းတစ်ခုအဖြစ် စုဖွဲ့နေသော စွမ်းအင်စက်ကွင်းများမှာ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့လိုက်ရ၏။
ယခင် မှတ်တမ်းများအရ အခရာ အဆင့် တိုက်ပွဲများသည် အလွန်အမင်း မကြာရှည်တတ်သော်လည်း အလွန်အမင်းလည်း မတိုတောင်းတတ်ပေ။ နာရီအနည်းငယ်မှသည် ရက်အနည်းငယ်အထိ ကြာနိုင်သလို ခဏချင်းအတွင်းမှာလည်း ပြီးဆုံးသွားနိုင်သည်။ သို့သော်လည်း ထိုမျှ တိုတောင်းသော အချိန်သည်ပင်လျှင် မခန့်မှန်းနိုင်သော ဘေးဒုက္ခများကို ဖြစ်ပေါ်စေရန် လုံလောက်လှသည်။ အထူးသဖြင့် အခု တိုက်ခိုက်နေသူ နှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး သတ်ချင်ဖြတ်ချင်နေသည့် ရန်သူဟောင်းများ ဖြစ်နေခြင်းကြောင့်ပင်။
ထို့ပြင် အရင်က ထိုသို့သော တိုက်ပွဲများမှာ နော်ဇင်မြို့၏ ပြင်ပတွင်သာ ဖြစ်ပွားခဲ့သော်လည်း ယခုမူ မြို့တွင်း၌ပင် ဖြစ်နေချေပြီ။
ဂရက်အနေဖြင့် သူ၏ တာဝန်ကို ပြီးဆုံးအောင် ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မထမ်းဆောင်နိုင်သည်ဖြစ်စေ၊ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် က မည်သို့ပင် ဆုံးဖြတ်သည်ဖြစ်စေ ဤတိုက်ပွဲမှာ မကြာမီ အဆုံးသတ်ပေတော့မည်။
အပျက်အစီးများကြားမှ လမ်းလျှောက်ထွက်လာမည့်သူသည်သာ နှစ်နှစ်ကြာအောင် အားပြိုင်ခဲ့သော ဤပွဲ၏ နောက်ဆုံးအောင်နိုင်သူ ဖြစ်ပေလိမ့်မည်။
ဝင်စတန်က အကြည့်ကို ပြန်လွှဲလိုက်၏။
“...တစ်ခါတလေမှာတော့ မလွှဲမရှောင်သာတဲ့ စတေးမှုတွေ ရှိလာတတ်စမြဲပဲ...”
‘ဒါပေမဲ့ ဒီစတေးမှုတွေက တကယ်ပဲ လိုအပ်လို့လား...’
ဂရက် စိတ်ထဲမှ တွေးတောလိုက်မိသည်။ သို့သော်လည်း အခုအချိန်တွင် ငြင်းခုံနေ၍ အပိုဖြစ်မည်ကို သိသဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။
“နားလည်ပါပြီ... ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်...”
ဝင်စတန်က နောက်ဆုံး မှာကြားချက် အနေဖြင့်...
“နားလည်တာ ကောင်းပါတယ်... အလုပ်သင်သူရဲကောင်း ဂရက်... အဆက်အသွယ် မပြတ်ပါစေနဲ့၊ အခြေအနေကို အခါအားလျော်စွာ အစီရင်ခံပါ... မင်းအခု လုပ်ဆောင်သမျှ အရာအားလုံးဟာ နော်ဇင်မြို့အတွက်ပဲ”
ပြောသာပြောရသည်။ ဂရက်အနေဖြင့် စာအုပ်ဆိုင်ပိုင်ရှင်ကို မည်သို့ စုံစမ်းရမည်မှန်း မသိပေ။ တကယ်တော့ စောစောက သူ စမ်းကြည့်ပြီးပြီဖြစ်သော်လည်း မအောင်မြင်ခဲ့ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။
ယခုလည်း သူ့ရှေ့က မိစ္ဆာကြီးမှာ ဂရက်၏ အဖြေကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ တတ်နိုင်သမျှ အစီရင်ခံရန် ညွှန်ကြားခံထားရသော်လည်း လင်ကျဲ၏ ရှေ့တည့်တည့်သို့ ရောက်နေချိန်တွင် မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို သူ မမေးရဲခဲ့ပေ။ နောက်ဆုံးတော့လည်း သူ့ဘာသာသူပဲ ဖြေရှင်းရတော့မည် မဟုတ်ပါလား။
မိမိ၏ အမှားတစ်ခုကြောင့် ပတ်ဝန်းကျင်ရှိသူများ အားလုံး အသက်ဆုံးရှုံးသွားနိုင်သည်ဟူသော အသိက ဂရက်၏ ရင်ထဲသို့ ဝင်ရောက်လာသည်။
‘ဒါက ဆရာဂျိုးဇက် အမြဲတမ်း ခံစားနေရတဲ့ ဖိအားမျိုးပေါ့လေ...’
သူ အသက်ကို ပြင်းပြင်းရှူကာ ဖုန်းကို ချလိုက်ပြီး တစ်ဖက်သို့ လှမ်းကြည့်၏။ ထိုအခါ သူ့ကို ကြည့်လာသည့် လင်ကျဲ၏ အကြည့်နှင့် ဆုံသွားခဲ့သည်။
စာအုပ်ဆိုင် ပိုင်ရှင်က သူ့ကို ကြည့်ကာ မေးလိုက်၏။
“အဲဒီဖုန်း... အဲလေ ဒီဆက်သွယ်ရေးက ဂျိုးဇက်နဲ့ ငါ့အကြောင်းလား...”
‘သိရက်နဲ့ မေးနေတာပဲ...’
ဂရက် စိတ်ထဲက အော်ဟစ်လိုက်သော်လည်း အပြင်မှာမူ ခေါင်းသာ ညိတ်ပြလိုက်သည်။ သူက စကားလုံးများကို သေချာရွေးချယ်လိုက်ပြီး တိုက်ရိုက်ကြီး ပြောရန် မသင့်တော့ဟု ဆုံးဖြတ်လိုက်၏။
“အဲဒါက ဆရာဂျိုးဇက်ရဲ့ သူငယ်ချင်းတစ်ယောက်ပါ... ဆရာ့ကို ခင်ဗျား ဘယ်လို ကူညီပေးခဲ့ဖူးလဲဆိုတာရယ်၊ အခု ဆရာဂျိုးဇက် ထမ်းဆောင်နေတဲ့ တာဝန်အကြောင်းရယ်ကို သူက မေးနေလို့ပါ...”
“ဪ... ဒါတွေကတော့ ပြောပလောက်တဲ့ အကူအညီတွေ မဟုတ်ပါဘူး... မှတ်ထားဖို့တောင် မလိုပါဘူး...”
လင်ကျဲက နှိမ့်ချစွာဖြင့် လက်ကာပြလိုက်သည်။
“ဒါနဲ့ စောစောက ငါမေးတဲ့ မေးခွန်းရဲ့ အဖြေကိုလည်း မင်း သိလောက်ပြီ မဟုတ်လား”
ဂရက်က မော့ကြည့်လိုက်ပြီး မိမိကိုယ်ကိုယ် အားပေးသည့်အနေဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
“ကျွန်တော် ထင်တာကတော့... ဆရာဂျိုးဇက် နိုင်လိမ့်မယ်ဗျ”
မှန်ပေသည်။ ဖြစ်နိုင်ခြေပေါင်း သောင်းခြောက်ထောင်ကို တွေးတောနေပါစေဦးတော့၊ သူ ပြောနိုင်သည်မှာ ဤတစ်ခုတည်းသာ ဖြစ်သည်။ ဂျိုးဇက် သေချာပေါက် နိုင်လိမ့်မည်။
“ဪ...”
လင်ကျဲက မျက်ခုံးကို ပင့်လိုက်၏။ ဂရက်တစ်ယောက် အကြာကြီး ဝေခွဲမရဖြစ်နေပြီးမှ နောက်ဆုံးတော့ ဂျိုးဇက်ကိုပဲ ရွေးချယ်လိုက်ပြီ ဖြစ်သည်။ ထိုလူငယ်လေးမှာ ဂျိုးဇက်အပေါ် ယုံကြည်မှုရှိသည်မှာ ထင်ရှားသော်လည်း အဖြေပေးရန် အချိန်အကြာကြီး ယူလိုက်သည်ကို ထောက်ဆလျှင် ဝယ်လ်၏ အစွမ်းကိုလည်း အတော်လေး အထင်ကြီးနေဟန် တူသည်။
ဝယ်လ် နိုင်သွားနိင်သည့် ဖြစ်နိုင်ခြေကိုလည်း သူ သေချာပေါက် ထည့်သွင်းစဉ်းစားခဲ့ပေလိမ့်မည်။
ဂရက် တစ်ယောက် အလွန် စိုးရိမ်တကြီး ဖြစ်နေပြီး ရင်များ တုန်နေသဖြင့် လက်နှစ်ဖက်ကို အဆက်မပြတ် ပွတ်သပ်နေမိ၏။
“ဒါ... ဒါက ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ပါ... ခင်ဗျားကော... ခင်ဗျားကော ဘယ်လိုထင်လဲ...”
လင်ကျဲကတော့ ထုံးစံအတိုင်းပင် သဘောတူစွာ ဖြေလိုက်သည်။
“ငါလည်း အဲဒီလိုပဲ ထင်ပါတယ်...”
“ဗျာ...”
***
အပိုင်း(၃၉၄)
ဂရက်မှာ ပထမဦးစွာ မှင်သက်သွားပြီးနောက် အတိုင်းထက်အလွန် ဝမ်းသာသွားကာ စိတ်လှုပ်ရှားလွန်း၍ ခုန်ပင်ပေါက်မိတော့မတတ် ဖြစ်သွားခဲ့သည်။ သူသည် ရင်ထဲတွင် တသိမ့်သိမ့် တုန်လာပြီး မူးမေ့လဲမတတ်ပင် ခံစားလိုက်ရ၏။
သူသည် တုန်တုန်ရီရီဖြင့် စားပွဲကို အားပြုထားလိုက်ရသည်။
“တ... တကယ်လား... ခင်ဗျား တကယ်ပဲ... ဆရာဂျိုးဇက် နိုင်မယ်လို့ ထင်တာလား”
“ဒါပေါ့...”
လင်ကျဲမှာ ဖောက်သည်များ၏ ဆန္ဒကို အမြဲတမ်း လိုက်လျောပေးတတ်သူ ဖြစ်သည်။
“ဝယ်လ်က စီမံကိန်း ဆွဲတာမှာ ပိုကောင်းပေမဲ့၊ ဂျိုးဇက်ကတော့ အကောင်အထည်ဖော်တဲ့ နေရာမှာ ပိုပြီး စွမ်းဆောင်ရည်ရှိတယ်... အရေးကြီးဆုံးကတော့ သူ့မှာ မင်းတို့လို ထောက်ခံအားပေးမယ့်သူတွေ အများကြီး ရှိနေတာပဲ မဟုတ်လား”
“လမ်းကြောင်းမှာ အခက်အခဲနဲ့ အလှည့်အပြောင်းတွေ ရှိနိုင်ပေမဲ့လည်း ရလဒ်ကတော့ ကောင်းမွန်လာလိမ့်မယ်လို့ ငါ ယုံကြည်ပါတယ်...”
ဂရက်၏ လက်နှစ်ဖက်မှာ တုန်ရီနေပြီး ရင်ခုန်သံများမှာလည်း မြန်ဆန်လှသည်။ ဝမ်းသာအားရဖြင့် ဆက်သွယ်ရေးစက်ကိုဖွင့်ကာ ဝင်စတန်အား သတင်းကောင်းပါးချင်သော်လည်း သူ၏ ပင်ကိုယ်အသိစိတ်က ရုတ်တရက် သတိပေးတားမြစ်လိုက်သည်။
အရင်က အကြိမ်ကြိမ် အခြောက်လှန့်ခံခဲ့ရဖူးသည့်အတွက် ဂရက်အနေဖြင့် ဤလှည့်ဖြားတတ်သော မိစ္ဆာကြီး၏ စကားများကို လွယ်လွယ်နှင့် မယုံကြည်ရဲတော့ပေ။ အာရုံမစိုက်မိပါက ဤလူ၏ လှည့်ကွက်ထဲသို့ ထပ်မံကျရောက်သွားမည်ကို သူရိပ်မိနေသည်။
ထို့ကြောင့်ပင် သူသည် 'အလှည့်အပြောင်း' နှင့် 'အခက်အခဲ' ဆိုသော စကားလုံးများကို သတိထားမိသွားခြင်း ဖြစ်၏။
ဂရက် တစ်ယောက် ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ တုန်ယင်နေသော အသံကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းရင်း သူက ဆိုလိုက်၏။
"ဟုတ်ပါတယ်... ရှေးစကားပုံတစ်ခု ရှိတယ်မဟုတ်လား... 'တရားသောသူ ဖေးမကူ၊ မတရားလျှင် ဝိုင်းဖယ်ကျဉ်’ ဆိုတာလေ... ဝယ်လ်ရဲ့ အကြီးမားဆုံး အားနည်းချက်က စိတ်အလိုအတိုင်း လုပ်တတ်တဲ့ ရက်စက်တဲ့ တစ်ကိုယ်တော်သမား ဖြစ်နေတာပဲ... ဒါပေမဲ့ ဆရာဂျိုးဇက်ကတော့ မတူဘူး... သူလုပ်သမျှ အရာအားလုံးဟာ နော်ဇင်မြို့ကို ကာကွယ်ဖို့နဲ့ အားနည်းသူတွေကို စောင့်ရှောက်ဖို့ပဲ"
ဂရက်သည် စကားပြောရင်း လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။
"သူ အစွမ်းကုန် ကာကွယ်ပေးခဲ့တဲ့သူတွေဟာ တစ်နေ့မှာ သူ့ကို ကျေးဇူးဆပ်ကြမှာ သေချာပါတယ်... ကျွန်တော် အဲဒါကို အမြဲတမ်း ယုံကြည်ခဲ့လို့... ဒါကြောင့်... ဒါကြောင့် သူ့နောက်ကို လိုက်ခဲ့တာပါ... ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ်၊ သူ အောက်ဆုံးအဆင့်အထိ ကျဆင်းသွားရင်တောင်မှ ကျွန်တော်တို့က သူ့အပေါ် အမြဲတမ်း ကျေးဇူးတင်နေပြီး ထောက်ခံနေတယ်ဆိုတာကို သူ့ကို သိစေချင်ပါတယ်"
"သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေက တန်ဖိုးရှိပါတယ်... ကျွန်တော်တို့က သူ့ကို တစ်ခါမှ မေ့မသွားခဲ့ပါဘူး"
သူ၏ စကားလုံးများမှာ အစွန်းရောက် ဝါသနာအိုးတစ်ဦးကဲ့သို့ စိတ်အားထက်သန်နေသည်။ လင်ကျဲက လက်မြှောက်ကာ အသာအယာ လက်ခုပ်တီးပေးလိုက်၏။
တစ်ချိန်တည်းမှာပင် လင်ကျဲသည် ဂရက်ကို (စောစောက ကပွဲတွင် စကားအရှည်ကြီး ပြောသွားသော) ဂျွန်နှင့် မနှိုင်းယှဉ်ဘဲ မနေနိုင်တော့ပေ။ သူတို့နှစ်ဦးစလုံးမှာ မြင့်မြတ်သော မိသားစုမှ ဆင်းသက်လာသော လူငယ်များပီပီ စကားပြောရာတွင် အလွန်ပင် နှုတ်မှုရေးရာ ကျွမ်းကျင်ကြသည်။
သို့သော်လည်း ဂျွန်ကတော့ ထိုအရည်အချင်းကို မှားယွင်းသည့် ရည်ရွယ်ချက် အတွက် သုံးခဲ့သည်။ နှမြောစရာ ကောင်းလွန်းပေသည်။
စကားပြောအပြီးတွင် ဂရက်မှာ မူးဝေသွားကာ မိမိကိုယ်ကိုယ် မတည်မငြိမ်ဖြင့် မတ်တတ်ရပ်နေမိသည်ကို သတိပြုမိလိုက်သည်။ သူက ချက်ချင်းပင် အိုးတိုးအမ်းတမ်း ပြုံးပြကာ ပြန်ထိုင်လိုက်ပြီး ချောင်းတစ်ချက်ဟန့်ရင်း ရှက်ကိုးရှက်ကန်း ပြောလိုက်၏။
"ဘာပဲဖြစ်ဖြစ်... ခင်ဗျားပြောတာ အကုန်မှန်ပါတယ်... ဒါပေမဲ့... 'အခက်အခဲနဲ့ အလှည့်အပြောင်း' ဆိုတာက ဘာကို ဆိုလိုတာလဲဟင်..."
‘ငါက ဗေဒင်ဆရာမှ မဟုတ်တာ... သူတို့နှစ်ယောက် တကယ်ချရင် ဘာဖြစ်မယ်ဆိုတာ ငါဘယ်လိုသိမှာလဲ...’
ဂျိုးဇက်နှင့် ဝယ်လ်တို့၏ ရန်ငြိုးက နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ ဆုံသည်နှင့် ပြုံးပြုံးရွှင်ရွှင် ရန်စငြိမ်းဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ထိုနှစ်ဦး တိုက်ခိုက်ကြလျှင် အခြေအနေမှာ ရှုပ်ထွေးသွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
'အခက်အခဲနှင့် အလှည့်အပြောင်း' ဆိုသည်မှာ လင်ကျဲအနေဖြင့် မိမိဘာသာ လမ်းစချန်ထားခြင်းသာ ဖြစ်၏။ အကယ်၍ ထိုနှစ်ဦး တိုက်ခိုက်ပြီး ဝယ်လ်က အသာစီးရသွားခဲ့လျှင်ပင် ထိုအခြေအနေကို 'အလှည့်အပြောင်း' အပိုင်းထဲတွင် ထည့်သွင်းစဉ်းစား၍ ရနိုင်သည် မဟုတ်ပါလား။
သို့သော်လည်း... သူ နားမလည်နိုင်သည့် အရာ တစ်ခု ရှိသည်။ ဂျိုးဇက်ဘက်တော်သားများ၏ မျက်စိထဲတွင် ဝယ်လ်မှာ အဘယ်ကြောင့် 'ရက်စက်ကောက်ကျစ်သော' ဗီလိန်တစ်ဦးအဖြစ် ရှုမြင်ခံနေရသနည်း။
ဝယ်လ်ကဲ့သို့ ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများတွင်သာ အချိန်ကုန်ဆုံးနေတတ်သည့် ပိန်ချောင်ချောင်၊ ခြေမသန်သော အဘိုးကြီးတစ်ဦးမှာ ထိုစကားလုံးများနှင့် လုံးဝကို မအပ်စပ်သလိုပင်။ သို့သော်လည်း အမြင်ဆိုသည်မှာ ယုံကြည်မှုအပေါ် မူတည်ပြီး ပုံဖော်ကြသည် မဟုတ်ပါလား။
‘ကြည့်ရတာ ဒီလူနှစ်ယောက်ရဲ့ ရန်ငြိုးက တကယ်ကို အမြစ်တွယ်နေတာပဲ...’
လင်ကျဲက မေးစေ့ကို ပွတ်ရင်း လေးလေးနက်နက် ဆက်ပြောလိုက်သည်။
"ဂျိုးဇက်မှာ မင်းတို့လို ထောက်ခံသူတွေရှိပြီး လက်တွေ့အကောင်အထည်ဖော်တာမှာ ပိုကောင်းပေမဲ့၊ ဝယ်လ်ကတော့ စီမံကိန်းဆွဲတာမှာ ပိုကျွမ်းကျင်တယ်..."
“...”
ဂရက်၏ ခေါင်းထဲတွင် မေးခွန်းသင်္ကေတများ အစီအရီ ပေါ်လာသည်။
‘ဒီစကားလုံးတွေက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ... ခုနကလေးတင် ဒီမိစ္ဆာကြီး ပြောခဲ့သေးတယ် မလား... စကားလုံးစီစဉ်တာ နည်းနည်းပဲ လွဲတာပါ’
လင်ကျဲက ဂရက်ကို သံသယရှိသော အကြည့်ဖြင့် ကြည့်လိုက်၏။
"မဟုတ်ဘူးလား... တခြား အတွေးမျိုးရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်..."
"အင်း... ဟုတ်ကဲ့... ခင်ဗျားပြောတာ လုံးဝမှန်ပါတယ်... ကျွန်တော့်မှာ တခြားအတွေး လုံးဝမရှိပါဘူး... လုံးဝပဲ..."
ဂရက်မှာ ထောက်ခံဟန်နှင့် ခေါင်းကို အဆက်မပြတ် ညိတ်ပြနေတော့သည်။
လင်ကျဲက ပြုံးလျက် ဆက်ပြောလိုက်၏။
"ဘာပဲဖြစ်ဖြစ် ဂျိုးဇက်ရဲ့ အရည်အချင်းနဲ့တောင် ဝယ်လ်ကို ရှာဖို့ နှစ်နှစ်တောင် အချိန်ယူခဲ့ရတာ... ဒါကို ကြည့်ရင် ဝယ်လ်သာ အဆင်သင့်ဖြစ်နေမယ်ဆိုရင် ဂျိုးဇက်ဟာ နှာခေါင်းအဆုံး အဆွဲခံရနိုင်တယ်... ပြီးတော့ ဝယ်လ်က သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ခဲ့ဖူးတော့ ဂျိုးဇက်ကို ကောင်းကောင်းသိတယ်... ဒါကြောင့် ဂျိုးဇက်အတွက် အောင်နိုင်ခြေက သိပ်မများလှဘူး... ဒါကြောင့် အခက်အခဲတွေတော့ ရှိမှာပဲ"
"ဒါပေမဲ့ မင်းပြောသလို ဝယ်လ်က တစ်ကိုယ်တော်သမားဆိုတော့..."
ဤနေရာတွင် လင်ကျဲက စကားကို ခေတ္တရပ်လိုက်ပြီးမှ ထပ်ဖြည့်ပြောသည်။
"တကယ်တော့ အဘိုးကြီး ဝယ်လ်က အခု တစ်ယောက်တည်း မဟုတ်တော့ပါဘူး... အရင်က သူ တပည့်သစ်တချို့ကို ခေါ်လာပြီး ငါ့ကို လမ်းညွှန်ပေးဖို့ ပြောခဲ့သေးတယ်... သူတို့ရဲ့ ပညာသင်ကြားမှုတွေ ဘယ်လိုအခြေအနေ ရှိနေပြီလဲဆိုတာ ငါတောင် သိချင်မိရဲ့"
ထိုလူအနည်းငယ်မှာ မည်သူများဖြစ်သည်ကို ဂရက် ကောင်းကောင်းသိပါသည်။ သူတို့မှာ လက်ရှိ စစ်မြေပြင်ဗဟိုတွင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ကို ရင်ဆိုင်နေသည့် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ အဓိက ဒေါက်တိုင်များပင် မဟုတ်ပါလား။
"ပြောရရင် မင်းနဲ့ ဂျိုးဇက်ရဲ့ ဆက်ဆံရေးက သူတို့နဲ့ ဝယ်လ်ရဲ့ ဆက်ဆံရေးနဲ့ တော်တော်လေး ဆင်တူတယ်..."
လင်ကျဲက ရယ်မောရင်း ဆိုသည်။
"သူတို့လည်း ဝယ်လ်ကို အတော်လေး ကြည်ညိုကြတာပဲ..."
ဤစကားကို ကြားသောအခါ ဂရက်မှာ မကျေမနပ် ဖြစ်သွားပြီး တည်ကြည်သော မျက်နှာဖြင့် ချက်ချင်း ပြန်ချေပလိုက်သည်။
"သူတို့က လူဆိုးကို ကူညီနေတာလေ... ကျွန်တော်နဲ့ အခြေခံချင်းကို ကွာခြားတာပါ..."
"ဟုတ်ပါပြီ... ဟုတ်ပါပြီ..."
လင်ကျဲက မေးစေ့ကို ပွတ်ရင်း ခပ်ပေါ့ပေါ့ပင် ခေါင်းညိတ်လိုက်ကာ ရေရွတ်လိုက်သည်။
"မင်းတို့တစ်တွေ ဆုံကြရင် ဘာဖြစ်မလဲဆိုတာ ငါတကယ်ကို စိတ်ဝင်စားမိတယ်..."
“...”
ဂရက် တစ်ယောက် မျက်လုံးများ ပြူးကျယ်သွား၏။ သူ့မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်နှာပျက်သွားတော့သည်။
"ဟား ဟား... နောက်တာပါ... ဒီလောက်ကြီး စိတ်မလှုပ်ရှားပါနဲ့"
လင်ကျဲက ပုခုံးတွန့်ပြလိုက်သည်။
"မင်းရဲ့ အခက်အခဲတွေကို ထပ်ပြီး နားထောင်ပေးချင်ပေမဲ့ အခုက တော်တော်လေး နောက်ကျနေပြီ..."
ပြတင်းပေါက်အပြင်ဘက်တွင် မှောင်အတိကျနေသည်ကို ကြည့်ရင်း လင်ကျဲက ဆိုသည်။
"မနက်ဖြန်မှာလည်း ပွဲရှိသေးတယ်ဆိုတော့ ငါတို့ရဲ့ ပျော်စရာကောင်းတဲ့ စကားဝိုင်းကို ဒီမှာပဲ ခေတ္တရပ်ကြရအောင်..."
ဂရက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သည့်အလား ခံစားလိုက်ရပြီး အခန်းထဲမှ အမြန်ထွက်သွားတော့၏။ ထွက်မသွားမီ စာအုပ်ဆိုင်ပိုင်ရှင်အား ‘ကောင်းသောညပါ ခင်ဗျာ’ ဟု နှုတ်ဆက်ရန်လည်း မမေ့ခဲ့ပေ။
လင်ကျဲက ပြုံးလျက် လက်ကာပြကာ တံခါးကြားမှ ပျောက်ကွယ်သွားသော ဂရက်၏ ကျောပြင်ကို ကြည့်နေမိသည်။
***