အခန်း (၃၉၉-၄၀၀)
Vol. 29 Ch. 399-400
အပိုင်း(၃၉၉)
ဒုတိယမြောက်နေ့ မနက်ခင်းတွင် ရှစ်နာရီမှသာ ပြင်ပပွဲတော် စတင်မည်ဖြစ်သော်လည်း ဖစ်ချ်သည် အတော်စောစော နိုးနေခဲ့သည်။ သူသည် မျက်နှာသစ်၊ သန့်စင်ပြီးနောက် အခန်းထဲမှာပင်နေ၍ မှန်ရှေ့တွင် ရပ်ကာ ခဏနေလျှင် လင်ကျဲနှင့်တွေ့ပါက မည်သို့စကားစမည်ကို လေ့ကျင့်နေတော့သည်။
“အဟမ်း... မင်္ဂလာနံနက်ခင်းပါ... မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လားခင်ဗျာ”
“မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ ဒါက သာမန်ကာလျှံကာ နိုင်လွန်းတယ်... ပြီးတော့ ဒါက ပိုနေတဲ့စကားပဲ... ဒီလောက်အဆင့်အတန်းမြင့်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်က အိပ်မပျော်တာမျိုး ဖြစ်ပါ့မလား...”
“အဟမ်း၊ တိုက်တိုက်ဆိုင်ဆိုင်ပဲနော်... မနက်စာ အတူတူစားကြမလား”
“ငါ စုံစမ်းပြီးပြီ... မနက်စာကျွေးတဲ့နေရာက အနောက်ဘက်ဆောင် ဒုတိယထပ်က စားသောက်ဆိုင်မှာပဲ၊ ကိုယ်တိုင်ယူစားရတဲ့ စနစ်ဆိုတော့ လွဲစရာမရှိဘူး... ပြီးတော့ အဲဒီကိုသွားရင် တခြားအမျိုးသမီးဧည့်သည်တွေရဲ့ အခန်းရှေ့က ဖြတ်သွားရမှာ... ဘာမှမမြင်ရပေမဲ့ တစ်ယောက်ယောက်နဲ့များ ဆုံမလား...”
“အား... မဟုတ်သေးပါဘူး၊ ငါ ဘာတွေလျှောက်တွေးနေတာလဲ...”
ဖစ်ချ်က သူ့မျက်နှာကို လက်နှင့်အုပ်လိုက်သည်။
“မစ္စတာလင်က ဒီလိုအရာတွေကို စိတ်ဝင်စားပါ့မလား...”
ဖစ်ချ်ဆိုသည်မှာ ကမ္ဘာကြီးကို ပထမဆုံးအကြိမ် မြင်ဖူးသည့် လူမိုက်ကလေးတစ်ယောက်မျှသာ ဖြစ်သည်။ ပွဲတက်လာမည့် တခြားသူများကတော့ ဤကဲ့သို့သော အကြောင်းအရာများကို ပျင်းစရာကောင်းပြီး အောက်တန်းကျသည်ဟု ထင်ကြမှာ သေချာသည်မဟုတ်ပါလား။
“ဒီ အထက်တန်းလွှာလူတန်းစားတွေ... မဟုတ်ဘူး၊ ငါ့ကိုယ်ငါ သာမန်လူတစ်ယောက်လို တွေးလို့မဖြစ်တော့ဘူး... ငါက အခု သဘာဝလွန် စွမ်းအားရှင် တစ်ယောက်ပဲ... အဲဒီလိုလူတစ်ယောက်လိုပဲ တွေးရမယ်၊ စကားပြောရမယ်...”
ဖစ်ချ်က သူ့ဘာသာ ဆုံးဖြတ်ချက်ချရင်း ရေရွတ်လိုက်သည်။ ထို့နောက် မှန်ကိုကြည့်ကာ မျက်စိတစ်ဖက်မှိတ်ပြရင်း အနည်းငယ် ကခုန်လိုက်မိစဉ် သူ၏ မျက်လုံးအောက်တွင် ညိုမည်းနေသည့် ကွင်းကြီးများကို သတိပြုမိသွားသည်။ မျက်လုံးများမှာ သွေးကြောမျှင်များ ထင်နေပြီး မျက်နှာမှာလည်း ဖြူဖတ်ဖြူရော် ဖြစ်နေ၏။
ဖစ်ချ် မနေ့ညက ကောင်းကောင်းမအိပ်ခဲ့ရသည်မှာ ထင်ရှားလှသည်။ တကယ်တော့ သူ လုံးဝမအိပ်ခဲ့ခြင်း ဖြစ်သည်။ တစ်ညလုံး 'မိစ္ဆာအသိုက်အမြုံ' စာအုပ်ကို လေ့လာရင်း အချိန်ကုန်ဆုံးခဲ့ခြင်းပင်။
သူသည် စာအုပ်ပါအကြောင်းအရာများကို အလွန်စွဲလန်းသွားပြီး စာအုပ်ထဲတွင် စိတ်နှစ်ထားမိခဲ့သည်။ ပြောရလျှင် သူသည် အိပ်မောကျသွားပြီး ပြန်နိုးလာချိန်တွင် မိုးလင်းနေပြီဟု ထင်မှတ်မှားရလောက်အောင်ပင် စိတ်ရောကိုယ်ပါ မြုပ်နှံထားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ၏ဝိညာဉ်အတွင်းပိုင်းမှ ပူဖောင်းလေးတစ်ခု ပေါက်ကွဲထွက်လာပြီး သူအသစ်တစ်ယောက် မွေးဖွားလာသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းမှာ သူ၏အစွမ်းများ တိုးတက်လာခြင်းပင်... အံ့သြစရာကောင်းလောက်အောင်ပင် အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့သည်။
အခုအချိန်အထိ သူသည် စိတ်လှုပ်ရှားနေဆဲဖြစ်ပြီး အနည်းငယ်မျှပင် ပင်ပန်းသည်ဟု မခံစားရပေ။
ဖစ်ချ်သည် သူ၏ ဖရိုဖရဲဖြစ်နေသော ရုပ်သွင်ကို အတော်လေး သဘောကျနေသည်။ သူကဟိုဟိုဒီဒီကြည့်ကာ ခေါင်းညိတ်လိုက်၏။
“ဒါက အတော်ပဲ... ငါ မနေ့ညက ဘယ်လောက်တောင် ကြိုးကြိုးစားစား လေ့လာခဲ့လဲဆိုတာ မစ္စတာလင် တစ်ချက်ကြည့်ရုံနဲ့ သိသွားလိမ့်မယ်... သူ သေချာပေါက် သဘောကျမှာပဲ...”
ဖစ်ချ်သည် သဘာဝလွန် စွမ်းအားရှင်တစ်ယောက်၏ အတွေးအခေါ်ကို သူ ကျွမ်းကျင်သွားပြီဟု ခံယူထားသည်။ ယခုသူ၏ ပုံစံမှာ သာမန်လူမှုရေးစည်းကမ်းများနှင့်တော့ ကိုက်ညီမှုမရှိပေ။ ဖစ်ချ်မှာ ဤကဲ့သို့ ခန့်ညားသော ပွဲတော်မျိုးအတွက် ဖရိုဖရဲဖြစ်ပြီး စိတ်မပါလက်မပါ ဖြစ်နေပုံပေါက်နေသည်။ ထိုနေရာကလူတွေ သူ့ကို ဘယ်လိုကြည့်မလဲဆိုတာ သူ မြင်ယောင်နိုင်သည်။
အစကတည်းက သူ၏အဆင့်အတန်းနှင့် ဈေးပေါသော အဝတ်အစားများကြောင့် ထိုလူများက သူ့ကို နှာခေါင်းရှုံ့ခဲ့ကြပြီးသားဖြစ်သည်။ အခုဆိုလျှင် ပိုပြီးတော့ ဆိုးသွားပေလိမ့်မည်။
“ဒါပေမဲ့ ဘာအရေးလဲ... အပေါ်ယံ သူတော်ကောင်းယောင်ဆောင်ထားတဲ့ အဲဒီအထက်တန်းလွှာတွေရဲ့ စိတ်ထဲက မနာလိုမှုတွေကို မြင်ရတာက ပိုပြီးတော့တောင် အရသာရှိသေးတယ်။”
ဖစ်ချ် ဂုဏ်ယူစွာ ပြုံးလိုက်သည်။
“အခု ငါက မစ္စတာလင် ဘာတွေးမလဲဆိုတာကိုပဲ ဂရုစိုက်ဖို့လိုတယ်... ငါ ဘယ်လောက် ကြိုးစားထားလဲဆိုတာ မြင်ရင် သူ ငါ့ကို လမ်းညွှန်ချက်တချို့ ပေးကောင်းပေးလိမ့်မယ်”
“ဒီလိုမျိုး တွေးနိုင်တာ ငါတစ်ယောက်တည်းပဲ ရှိမှာ... မင်းက တကယ့် ပါရမီရှင်ပဲ ဖစ်ချ်...”
ဖစ်ချ်က မိမိကိုယ်ကိုယ် ရက်ရက်ရောရော ချီးကျူးလိုက်သည်။ သူသည် လည်စည်းကို ပြင်ဆင်လိုက်ပြီးနောက် ရင်ကိုကော့၊ ခေါင်းကိုမော့ကာ လင်ကျဲ၏ အခန်းဆီသို့ ယုံကြည်မှုအပြည့်ဖြင့် ထွက်လာခဲ့တော့သည်။
“ဟိုကောင်နဲ့ရော တွေ့ရဦးမလား မသိဘူး...”
သူ တွေးလိုက်မိ၏။ မနေ့ညက ရုတ်တရက်ပေါ်လာပြီး သူ့ အစီအစဉ်များကို ဖျက်ဆီးရုံတင်မက မစ္စတာလင်ကိုပါ ခေါ်သွားသည့် လူငယ်ပင်။
သဘာဝလွန် စွမ်းအားရှင်တစ်ယောက်အနေဖြင့် ဖစ်ချ်သည် ထိုကောင်လေးမှာ သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ မနေ့က ကောင်းကောင်းမဆက်ဆံခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ပင်...။ သို့သော်လည်း ထိုအရာများက အရေးမကြီးတော့ချေ။ မည်သို့ပင် ဆိုစေ... သူက အနိုင် ရရှိသူ မဟုတ်ပါလား။
ဖစ်ချ် တွေးလေလေ ပိုပြီးတော့ ကျေနပ်လေလေပင်။ နောက်ဆုံးတွင် သူ လင်ကျဲ၏ အခန်းရှေ့သို့ ရောက်လာပြီး တံခါးကို ရိုရိုသေသေ ခေါက်ရန် ပြင်လိုက်၏။
ကျွီ...
ဘေးခန်းမှ တံခါးက ရုတ်တရက် ပွင့်လာသည်။ ဖစ်ချ်သည် ချက်ချင်း သတိထားလိုက်သော်လည်း သူ့ မျက်နှာမှာ ပျက်သွားခဲ့၏။
‘ဒါ အဲဒီကောင်လေးရဲ့ အခန်းပဲ... သူ သတိထားမိသွားပုံရတယ်... ဒီလောက်တောင် အားတက်သရော ရှိနေတာလား... ဟက်... ဒါပေမဲ့ ဒီတစ်ခါတော့ ငါက...’
ဖစ်ချ် စိတ်ဓာတ် တက်ကြွနေသော်လည်း ဂရက်တစ်ယောက် ခြေလှမ်းများ ယိုင်နဲ့လျက်၊ ပင်ပန်းနွမ်းနယ်စွာဖြင့် အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဂရက်၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်နေပြီး သူ၏ လှုပ်ရှားမှုများမှာ ဇွန်ဘီတစ်ကောင်ကဲ့သို့ နှေးကွေးလှသည်။
ဘေးတွင် လူတစ်ယောက် ရှိနေသည်ကို အာရုံခံမိသဖြင့် ဂရက်က မော့ကြည့်လိုက်ရာ အလွန်အမင်း နွမ်းလျနေသော မျက်နှာကို တွေ့လိုက်ရသည်။
“...”
ဖစ်ချ်၏ မျက်လုံးများ ပြူးကျယ်သွား၏။ တစ်ညတာ ကုန်ဆုံးပြီးနောက် ခန့်ညားလှပသော လူငယ်လေးမှာ အလွန်ပင် ဖြူဖတ်ဖြူရော် ဖြစ်နေသည်။ သူ၏ မျက်လုံးများမှာ အသက်မဲ့နေပြီး နှုတ်ခမ်းများမှာ ခြောက်ကပ်ကာ ကွဲအက်နေ၏။ သူ၏မျက်နှာမှာပင် ပို၍ ပိန်သွားသယောင်ရှိပြီး အနည်းဆုံး ဆယ်နှစ်ခန့် အိုမင်းသွားသကဲ့သို့ ထင်ရသည်။
‘မနေ့ညက တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ... မဟုတ်သေးဘး...’
ဖစ်ချ်သည် အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး သံသယများ ဝင်လာ၏။
‘ဒီကောင်လေးလည်း ငါ့လိုမျိုးပဲ စာအုပ်ကို တစ်ညလုံး ဖတ်နေတာလား...’
“ဟေး...”
ဖစ်ချ်က ရှေ့သို့တက်ကာ ဂရက်၏လမ်းကို ပိတ်လိုက်၏။ သို့သော်လည်း ဂရက်က မျက်မှောင်ကြုတ်လျက် ဖစ်ချ်ကို ရှောင်ကွင်းသွားကာ “မိစ္ဆာကြီး”၊ “ဒါတွေအားလုံး ငါ့အပြစ်တွေပဲ”၊ “ငါ့အမှားကို ငါပြန်ပြင်ရမယ်” စသည့် စကားလုံးများကို တိုးတိုးလေး ရေရွတ်နေတော့သည်။ သူ၏မျက်နှာတွင် နောင်တ၊ စိုးရိမ်မှုနှင့် ဝေခွဲမရဖြစ်နေသည့် အမူအရာများမှာ တစ်လှည့်စီ ပေါ်နေပြီး တစ်စုံတစ်ခု ကပ်ပါလာသကဲ့သို့ပင်။
ဖစ်ချ်က စိတ်ထဲမှ တွေးလိုက်၏။
‘ဒီကောင်က ငါ့ထက်တောင် ပိုပြီး အစွန်းရောက်နေပါလား... ဒါတော့ မဖြစ်ဘူး... မစ္စတာလင်က သူ့ကို ဒီလိုပုံစံနဲ့ မြင်သွားရင် ငါ့ကို သတိထားမိမှာ မဟုတ်တော့ဘူး...’
ထို့ကြောင့် သူသည် ဂရက် တံခါးနားသို့ မရောက်မီ ပုခုံးကို ဆွဲကိုင်ကာ နောက်သို့ ဆွဲလှည့်လိုက်သည်။ ဂရက်၏ မျက်လုံးများမှာ ချက်ချင်းပင် နီရဲလာပြီး လှည့်ကြည့်ကာ ဒေါသတကြီး အော်လိုက်၏။
“လွှတ်စမ်း...”
ဖစ်ချ်သည် သူ့ကို ဤသို့မြင်ရသဖြင့် စိတ်ဝင်စားသွားကာ ရယ်လိုက်သည်။
“ဘာဖြစ်လဲ... ငါမလွှတ်ရင် ဘာဖြစ်မလဲ... မနေ့ကတည်းက မင်းကို ငါကြည့်မရတာ... ကဲ... စဉ်းစားကြည့်စမ်း၊ သဘာဝလွန် စွမ်းအားရှင်တွေကြားက ပြဿနာကို ခွန်အားနဲ့ပဲ ဖြေရှင်းသင့်တယ် မဟုတ်လား... မင်း ငါ့ကို လွှတ်စေချင်ရင် စမ်းကြည့်လေ၊ ဟက်...”
ဖစ်ချ်၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းတန်းတစ်ခု လက်သွားပြီး ပျို့အန်ချင်စရာကောင်းသော အရောင်များ ထွက်ပေါ်လာ၏။ သူ၏ စိတ်စွမ်းအင် နယ်ပယ်မှာ ချက်ချင်း ပြန့်ကားသွားပြီး ဂရက်ကို တိုက်ခိုက်လိုက်တော့သည်။
‘စိတ်လွှမ်းမိုးခြင်း အစွမ်း...’
ဂရက်မှာ လန့်သွားသ၏ မနေ့ညက ဝင်စတန်ကို စုံစမ်းခိုင်းထားသည့် အချက်အလက်များကို ပြန်သတိရကာ သူသည် စိတ်ကို တည်ငြိမ်စေရန် မန္တန်တစ်ခုကို ချက်ချင်း ရွတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ အကောင်းဆုံးသော ပုံသဏ္ဌာန်ပြောင်းလဲခြင်း အစွမ်းကို သုံးကာ လက်ကို ဝံပုလွေလက်သည်းအဖြစ် ပြောင်းလဲလိုက်ပြီး ဖစ်ချ်၏ လက်မောင်းကို လှမ်းကိုင်လိုက်တော့သည်။
စိတ်ပိုင်းဆိုင်ရာ အစွမ်းသုံးသူကို ဟန့်တားရန် အကောင်းဆုံးနည်းလမ်းမှာ ခန္ဓာကိုယ်ကို တိုက်ရိုက် တိုက်ခိုက်ခြင်းပင်။ ဤလူက ဤမျှ အနီးကပ် လာနေသည်မှာ တကယ့်တိုက်ပွဲ အတွေ့အကြုံ မရှိမှန်း ထင်ရှားလှသည်။
ဂရက် တစ်ယောက် ရင်ထဲတွင် ဖိအားများစွာ ခံစားနေရချိန်တွင် ရှေ့က အသိဉာဏ်မရှိသော လူမှာ သူ၏ ဒေါသထွက်ပေါက် ဖြစ်သွားတော့သည်။
“အား...”
ဂျွတ်...
***
အပိုင်း(၄၀၀)
ကျွီ...
‘ဟင်... အဲဒါ ဘာအသံလဲ...’
လင်ကျဲ၏ အခန်းတံခါးက ရုတ်တရက် ပွင့်လာ၏။ စာအုပ်ဆိုင်ပိုင်ရှင် လူငယ်လေးမှာ အခန်းထဲမှ နောက်ပြန်ထွက်လာပြီး တံခါးကို ပြန်ပိတ်လိုက်သည်။
သူ လှည့်ကြည့်လိုက်သောအခါ ဘယ်ဘက်နှင့် ညာဘက်တွင် ကင်းစောင့်နေသည့်အလား ရပ်နေသော လူငယ်နှစ်ဦးကို တွေ့လိုက်ရ၏။ သူတို့ကြားတွင် နှစ်မီတာခန့် ကွာဝေးနေပြီး နှစ်ယောက်စလုံးမှာ ထူးဆန်းသော ကိုယ်ဟန်အနေအထားများဖြင့် ရှိနေကြသည်။
“နှစ်ယောက်စလုံးက မနက်စောစောစီးစီး ဘာဖြစ်နေကြတာလဲ... ပုံစံတွေကလည်း နွမ်းလျလို့... ညက ကောင်းကောင်း မအိပ်ကြဘူးလား...”
လင်ကျဲ စိုးရိမ်တကြီး မေးလိုက်သည်။
“အာ... ကောင်း... ကောင်းပါတယ်... ကျွန်တော် အတော်လေး ကောင်းကောင်း အိပ်ပျော်ပါတယ်... အခုလို မေးပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ဖစ်ချ်က အတင်းပြုံးလိုက်ရ၏။ သူ၏ နဖူးတွင် ချွေးစေးများ ထွက်လာပြီး လက်တစ်ဖက်ကို နှုတ်ဆက်သည့်အယောင်ပြကာ အရိုးကျိုးသွားသော အခြားလက်တစ်ဖက်ကိုမူ ကျောနောက်တွင် ဖုံးကွယ်ထားလိုက်သည်။
“ကျွန်တော်... ကျွန်တော်လည်း အတူတူပါပဲ...”
ဂရက်ကလည်း သူ့ ဖစ်ချ်စိတ်ထဲတွင် ဖုံးလွှမ်းနေသော မကောင်းသည့် ခံစားချက်များကို အောင့်အည်းရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ခေါင်းနှင့် ဆောင့်လိုက်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားရရှာသည်။
…
ဂျိုးဇက်အတွက် အခြေအနေတွေက မကောင်းနိုင်ဘူးဆိုတဲ့ သတင်းကို ကြားပြီးနောက် ဂရက်တစ်ယောက် တစ်ညလုံး စိုးရိမ်ပူပန်နေခဲ့ရသည်။ ဂျိုးဇက်နှင့် ၆၇ လမ်းမကြီးအနီးရှိ လူအားလုံးကို ကယ်တင်ရမည့် ကြီးမားသော ဖိအားကြီးက သူ၏ပခုံးပေါ်သို့ လုံးဝကျရောက်နေသဖြင့် သူသည် အသက်ရှူရကြပ်ပြီး တင်းမာနေခဲ့၏။
လက်ရှိတွင် ဖစ်ချ်၏ စွမ်းရည်က သူ့အပေါ် သက်ရောက်နေသဖြင့် ဂရက်သည် မိမိကိုယ်ကိုယ် ရေဖြည့်ထားသော ပူဖောင်းတစ်ခုကဲ့သို့ ခံစားနေရပြီး၊ ဖိအားအနည်းငယ်မျှ ထပ်တိုးလိုက်ရုံဖြင့် ချက်ချင်း ပေါက်ကွဲထွက်တော့မည့် အခြေအနေတွင် ရှိနေသည်။
အခြားတစ်ဖက်တွင်မူ ဖစ်ချ်မှာ အသစ်စက်စက် နိုးထလာသော စွမ်းအားရှင်တစ်ဦး ဖြစ်သည်။ သူသည် ယခင်က လေလွင့်သူတစ်ဦးအဖြစ်သာ အချိန်ကုန်ခဲ့သူဖြစ်ရာ၊ ဤမျှပြင်းထန်သော ဒဏ်ရာမျိုး တစ်ခါမျှ မရဖူးခဲ့ဘဲ နာကျင်လွန်းသဖြင့် ငိုပင်ငိုချင်နေမိသည်။
ကံကောင်းထောက်မစွာဖြင့် သူသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သူသည် သူ၏စွမ်းရည်ကို အသုံးပြုကာ ဦးနှောက်အတွင်းရှိ နာကျင်မှုအာရုံခံစနစ်ကို ချက်ချင်း ပိတ်လိုက်သည်။ တုန်ယင်နေခြင်းနှင့် ချွေးစေးများ ထွက်နေခြင်းမှာ ခုနက တိုက်ခိုက်မှုမှ ကျန်ရှိနေသော နာကျင်မှု၏ ရလဒ်သာ ဖြစ်သည်။
ဤထိပ်တိုက်တွေ့ဆုံမှုတွင် နှစ်ဖက်စလုံး အထိနာခဲ့ကြသည်။
‘ဒီမစ္ဆာကြီးက လူတွေရဲ့ စိတ်နှလုံးကို ကစားရတာ တကယ်ဝါသနာပါတာပဲ... ငါတို့ တိုက်တော့မယ့်အချိန်ကျမှ ကွက်တိ ရောက်လာတယ်... ဒါကို တိုက်ဆိုင်မှုလို့ ဘယ်သူက ယုံမှာလဲ’
‘တောက်... ဒါက အရင်တုန်းက စာအုပ်ဆိုင်မှာ ဖြစ်ခဲ့တာနဲ့ အတူတူပဲ... ဂျိုးဇက် ရှုံးနိမ့်သွားတာကို ငါ့ကို အတင်းကြည့်ခိုင်းပြီး စိတ်ဒဏ်ရာ ရအောင် တမင်လုပ်ခဲ့တာ...’
ဂရက် အံကြိတ်လိုက်မိသည်။ ယခုလည်း စာအုပ်ဆိုင်ပိုင်ရှင်သည် ဤကြီးမားသော တာဝန်ကို သူ့တစ်ယောက်တည်း ထမ်းဆောင်ရန် တမင်ဖန်တီးလိုက်ခြင်း ဖြစ်သည်။ အကယ်၍ ဂရက်အနေဖြင့် ထိုစဉ်က စိတ်ဒဏ်ရာကို မကျော်လွှားနိုင်ပါက၊ သူသည် ဤလမ်းပိတ်ကြီးထဲမှ ဘယ်တော့မှ ထွက်နိုင်မည်မဟုတ်ပေ။
ပို၍ ကြောက်စရာကောင်းသည့်အချက်က သူသည် ဘယ်ကမှန်းမသိသော အခြားစွမ်းအားရှင် တစ်ဦးကိုပါ ရှာတွေ့ထားခြင်းပင်။ ဤလူမှာ တစ်ခါမျှမမြင်ဖူးသော မျက်နှာသစ်ဖြစ်သော်လည်း၊ သူသည် ချက်ချင်းပင် သစ္စာရှိသော နောက်လိုက်တစ်ဦး ဖြစ်သွားခဲ့ပြီ။
ယမန်နေ့ညက ဝင်စတန် ထံမှ ရရှိထားသော သတင်းများအရ၊ ဖစ်ချ်သည် အမှန်စင်စစ် ‘မီးတောက်ဓားလမ်းစဉ်’ နှင့် ဆက်စပ်နေသူဖြစ်သည်။ လျှို့ဝှက်ဓမ္မထုံးတမ်းမျှော်စင်က စုံစမ်းနေသော ‘အဆင့်မြှင့်တင်ခြင်း’ စီမံကိန်းကြောင့် သူသည် စွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းမှာ အရိပ်လုပ်ကြံသတ်ဖြတ်သူများ ပါဝင်သည့် ကြီးမားသော အစီအစဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
ထိုစီမံကိန်းတွင် ပါဝင်သူများ၏ တူညီသောအချက်မှာ - သာမန်လူဘဝမှ အလယ်အလတ်အဆင့် စွမ်းအားရှင်ဘဝသို့ ချက်ချင်း ကူးပြောင်းသွားခြင်းပင် ဖြစ်သည်။
သို့သော်လည်း ဖစ်ချ်သည် ယခင်က စာအုပ်ဆိုင်နှင့် ပတ်သက်မှု လုံးဝမရှိခဲ့ဘဲ၊ အရေးမပါသော အမည်တစ်ခုအဖြစ်သာ မှတ်တမ်းတင်ခံခဲ့ရသူ ဖြစ်သည်။
သို့သော် စာအုပ်ဆိုင်ပိုင်ရှင်က ဤလူနှင့် ဆက်ဆံရန် ရွေးချယ်ခဲ့သည်ဆိုလျှင်၊ အရာအားလုံးမှာ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်ရပေမည်။
သို့သော်လည်း သဲလွန်စများမှာ သိုးမွှေးလုံးကြီးတစ်ခုကဲ့သို့ ရှုပ်ထွေးနေသဖြင့်၊ သူသည် အဘယ်ကြောင့် ဤပွဲတော်သို့ တက်ရောက်လာရသနည်းဆိုသည်မှာ ပို၍ ပဟေဠိဖြစ်စရာ ကောင်းနေသည်။
ဂရက်သည် ဖစ်ချ်ကို တစ်ချက်ကြည့်လိုက်၏။ စာအုပ်ဆိုင်ပိုင်ရှင်ထံမှ အဖြေကို တိုက်ရိုက်မရနိုင်သဖြင့်၊ ဤလူ့ထံမှသာ စတင်စုံစမ်းရတော့မည်။
လင်းကျဲသည် တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်စွာ စိုက်ကြည့်နေကြသော ဂရက်နှင့် ဖစ်ချ်ကို ကြည့်ရင်း မျက်တောင်အကြိမ်ကြိမ် ခတ်လိုက်မိသည်။ သူတို့နှစ်ဦးကြားတွင် ထူးဆန်းသော အငွေ့အသက်တစ်ခု ရှိနေသည်ဟု သူ ခံစားလိုက်ရသည်။
ပြောရလျှင်... လေထုထဲတွင် ယမ်းငွေ့နံ့များ ထွက်နေသကဲ့သို့ပင်။
‘သူတို့နှစ်ယောက်ကြားမှာ တစ်ခုခု အဆင်မပြေတာ ရှိလို့လား... မနေ့ညကမှ စတွေ့ကြတာ မဟုတ်ဘူးလား...’
‘ဘာလို့ မနက်စောစောစီးစီးမှာ ရန်သူဟောင်းတွေလို ဖြစ်နေကြတာလဲ... သူတို့နှစ်ယောက်လုံး ပင်ပန်းနေတဲ့ပုံကို ကြည့်ရင်၊ မနေ့ညက တစ်ခုခု ဖြစ်ခဲ့တာလား... ဒါပေမဲ့ တခြားသူတွေကို မသိစေချင်တဲ့ပုံပဲ... အင်း...’
နားလည်မှုရှိသော မိတ်ဆွေ တစ်ဦးအနေဖြင့် လင်းကျဲသည် ဝင်ရောက်စွက်ဖက်မည် မဟုတ်ပါ။ ဖောက်သည်တွေအကြား ယှဉ်ပြိုင်မှု ရှိနေခြင်းက စာအုပ်ရောင်းရဖို့ ပိုလွယ်ကူစေမှာတော့ မဟုတ်ပါချေ။
လင်းကျဲက သူတို့နှစ်ဦးကို ပြုံးရွှင်စွာ ကြည့်လိုက်၏။
“အဆင်ပြေတယ်ဆိုရင်လည်း ကောင်းတာပေါ့... ဒါနဲ့ မင်းတို့နှစ်ယောက်လည်း မိတ်ဆွေဖြစ်သွားကြပြီမလား”
ဂရက်က ခေါင်းညိတ်ပြသော်လည်း ဖစ်ချ်က ခေါင်းခါပြလိုက်သည်။
“...”
လင်းကျဲ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။
လူငယ်နှစ်ဦးမှာ မျက်လုံးချင်း ဆုံသွားကြသည်။ ဂရက်၏ မျက်နှာတွင် မည်သည့်ခံစားချက်မျှ မရှိသော်လည်း၊ ဖစ်ချ်၏ အမြင်တွင်မူ “ငါ မင်းအကြောင်းကို အကုန်သိတယ်၊ မင်းကတော့ ငါ့အကြောင်း ဘာမှမသိဘူး” ဟု ပြောနေသည့်အလား အထင်သေးမှုများကို မြင်နေရသည်။
ဖစ်ချ် တစ်ယောက် ထိုမောက်မာသော မျက်နှာကို ကြည့်ကာ မနေနိုင်တော့ပေ။ သူသည် အလွန်ဒေါသထွက်သွားသဖြင့် ရယ်မောလိုက်ပြီး၊ ချက်ချင်းပင် လင်းကျဲ၏ဘေးသို့ ကပ်ကာ အရှက်မရှိ ပြောလိုက်သည်။
“ကျွန်တော်ကတော့ တကယ်ပဲ ဗဟုသုတ နည်းပါသေးတယ်... မစ္စတာလင်... ကျွန်တော့်ကို မိတ်ဆက်ပေးပါဦး... ဒါနဲ့ ကျွန်တော့်မှာ မေးစရာတွေ အများကြီး ရှိသေးတယ်... ဥပမာပြောရရင်၊ မနေ့က ဆရာပေးတဲ့ စာအုပ်ကို ဖတ်ကြည့်တော့ အဲဒီထဲမှာ...”
ဂရက်သည် သူ၏ တုံ့ပြန်မှုတစ်ခုကြောင့် စကားပြောခွင့်မှာ ဖစ်ချ်၏လက်ထဲသို့ ရောက်ရှိသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုလူမှာ စကားများကို မရပ်ဘဲ ပြောနေတော့သည်။
လင်းကျဲမှာလည်း အလွန်ဖော်ရွေလှပြီး ဖစ်ချ်၏ သံသယများကို စိတ်အားထက်သန်စွာ ရှင်းပြပေးရင်း သူနှင့် ပျော်ရွှင်စွာ စကားပြောနေလေသည်။
ဂရက်သည် မိမိကိုယ်ကိုယ် လူပြက်တစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။
‘မဟုတ်ဘူး...’
သူ အံကြိတ်လိုက်မိသည်။
‘ဒီကောင်က တကယ်ကို မျက်နှာပြောင်တိုက်လွန်းတယ်...’
ကံကောင်းထောက်မစွာဖြင့် လင်းကျဲမှာ အမြဲတမ်း မျှတသူတစ်ဦး ဖြစ်သည်။ သူက လှည့်ကြည့်ကာ မေးလိုက်၏။
“ဂရက်လေး... မင်းရော ငါတို့နဲ့အတူ မနက်စာ စားမလား...”
ဂရက်... လေး...
ဂရက် တစ်ယောက် ရှက်လွန်းသဖြင့် သူ၏မျက်နှာကြီး ကွဲအက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ စာအုပ်ဆိုင်ပိုင်ရှင်သည် ဝယ်လ် လို လူမျိုးကိုပင် ‘ဝယ်လ်ကြီး’၊ ‘အဘိုးဝယ်လ်’ စသည်ဖြင့် ခေါ်တတ်မှန်း သူ သိထားသော်လည်း၊ ဤကဲ့သို့ အခေါ်ခံရခြင်းမှာ သူ့အတွက် လက်ခံရန် အနည်းငယ် ခက်ခဲနေသေးသည်...။
“စားမှာပေါ့...”
ဂရက် နောက်ထပ် မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။ စကားပြောခွင့်ကို အမိအရ ဆုပ်ကိုင်ရင်း သူက ဆက်ပြောလိုက်၏။
“တကယ်တော့ ဆရာကြီး ဂျိုးဇက်ဆီကနေ ဆရာ့ရဲ့ စာအုပ်ဆိုင်က ဘယ်လောက်ထူးခြားတယ်ဆိုတာ ကြားဖူးပါတယ်... ကျွန်တော်လည်း ဆရာရောင်းတဲ့ စာအုပ်တွေကို စိတ်ဝင်စားပါတယ်.... မနေ့က ကျွန်တော့်ရဲ့ အခက်အခဲကို ဆရာ မြင်ခဲ့တယ်ဆိုတော့၊ ကျွန်တော့်အတွက် သင့်တော်မယ့် စာအုပ်မျိုး အကြံပေးလို့ ရမလား”
ဖစ်ချ်က ဟန်ဆောင်ပြုံးလိုက်ရင်း...
“အာ... အချိန်က နီးနေပြီပဲ... အရင်သွားစားကြရအောင်... နောက်ထပ် ပွဲစတော့မယ်ဆိုရင် မနက်စာ ကျွေးတော့မှာ မဟုတ်ဘူး... ငါတို့ မြန်မြန်သွားမှ ဖြစ်မယ်”
‘ခွေးမကြီးရဲ့သား...’
ဂရက် တစ်ယောက် ဖစ်ချ်၏ ခေါင်းကို ဆွဲဖြဲပစ်ချင်စိတ် ပေါက်နေခဲ့ပြီ ဖြစ်သည်။ သွေးတိုးလာမှုကြောင့် သူ၏ နားထင်မှ သွေးကြောများ တဒိတ်ဒိတ် ခုန်နေသကဲ့သို့ ခံစားရ၏။ စိတ်ကို တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက်၊ သူ စိတ်ထဲမှ ‘အချောရည်’ ဂါထာကို ရွတ်ဆိုလိုက်သည်။
‘ဟမ့်.. အောက်လမ်း ပညာရှင်တွေဆိုတာ အနိုင်ကျင့်ရလွယ်တဲ့သူတွေ မဟုတ်ဘူးကွ...’
ကျွိ... ဘုန်း...
ဖစ်ချ် တစ်ယောက် ချော်လဲကာ မြေပြင်ပေါ်သို့ ပြားပြားမှောက် ကျသွားတော့သည်။ ပထမတွင် သူ၏ မျက်နှာမှာ ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း၊ ချက်ချင်းပင် ဒေါသများ ဝေစီလာ၏။
သူသည် နာကျင်မှုအားလုံးကို ပိတ်ထားပြီးဖြစ်သော်လည်း၊ လင်းကျဲ၏ ရှေ့မှောက်တွင် ဤသို့ အရှက်ရခြင်းက ပို၍ ခံရခက်လှသည်။
မစ္စတာလင်မှာမူ ညီညာသော မြေပြင်ပေါ်တွင် ဤသို့ ချော်လဲသွားခြင်းကို ကြည့်ကာ အံ့သြမှင်သက်သွားမိသည်။
“မင်း အဆင်ပြေရဲ့လား...”
ဖစ်ချ်က ပြန်ထလာပြီး အားတင်းကာ ပြုံးလိုက်သည်။
“အဆင်ပြေပါတယ်... ကျွန်တော် အဆင်ပြေပါတယ်...”
***