အခန်း (၄၀၁-၄၀၂)
Vol. 29 Ch. 401-402
အပိုင်း(၄၀၁)
လင်းကျဲသည် လွန်ခဲ့သော စက္ကန့်ပိုင်းက မြေပြင်ပေါ်တွင် မရှိခဲ့သော တောက်ပြောင်နေသည့် အရည်အိုင်လေးကို ကြည့်လိုက်မိသည်။ သူက မျက်မှောင်ကြုတ်ကာ မေးစေ့ကို ပွတ်သပ်ရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
“ဒီအဆီတွေက ဘယ်က ရောက်လာတာလဲ... ယိုထွက်နေတာလား... ဒါပေမဲ့ မဖြစ်နိုင်တာ...”
နေ့တိုင်း သန့်ရှင်းရေးလုပ်ပြီး ထိန်းသိမ်းနေသော ဤမျှကြီးမားသည့် အိမ်တော်ကြီးတွင် ဤကဲ့သို့ ထူးဆန်းသော ပြဿနာမျိုး ရှိနိုင်ပါမည်လော။
ထို့နောက် သူက ဂရက်ကို သံသယရှိသော အကြည့်ဖြင့် ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ဂရက် တစ်ယောက် ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားပြီး အလွန်ဆိုးရွားသော ခံစားချက်ကြီး ဝင်လာ၏။ အကယ်၍ သူ၏ရှေ့မှ စာအုပ်ဆိုင်ပိုင်ရှင်သာ အမှန်တရားကို သိသွားပါက ကြောက်စရာကောင်းသော တစ်ခုခု ဖြစ်လာတော့မည့်အလား...။
ထို့ကြောင့် သူက အနည်းငယ် တောင့်တောင့်ကြီးဖြင့် ပြောလိုက်သည်။
“အဲဒါ... တကယ်တော့ ပုံမှန်ပါပဲ... ဒီလို ကြမ်းပြင်မျိုးကို များသောအားဖြင့် အထူးပြုလုပ်ထားတဲ့ အဆီတစ်မျိုးနဲ့ တိုက်ချွတ်ရလေ့ရှိတော့၊ တစ်နေရာရာမှာ ကျန်ခဲ့တာ ဖြစ်မှာပါ... အဲဒီအချိန်မှာ အထဲက အပူပေးစက်ကို ဖွင့်လိုက်တော့ အဆီတွေက အရည်ပျော်လာပြီး လူတစ်ယောက် လမ်းလျှောက်သွားတဲ့အခါ ကြမ်းပြင်ပေါ်က ဖိအားကြောင့် အဆီတွေက အပြင်ကို ပွင့်ထွက်လာတာပါ”
လင်းကျဲ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။
“ဟုတ်လို့လား”
ဂရက်က ခေါင်းညိတ်ကာ သူ၏ရင်ဘတ်ကို ပုတ်ပြလိုက်သည်။
“တော်ဝင် မျိုးနွယ် တစ်ယောက် အနေနဲ့ ဒီလို အဆောက်အအုံမျိုးတွေအကြောင်း ကျွန်တော် နည်းနည်းတော့ သိပါတယ်... ကျွန်တော့်ကို ယုံလို့ရပါတယ်”
လင်းကျဲ ခေတ္တမျှ စဉ်းစားကြည့်လိုက်ရာ ယုတ္တိတန်သည်ဟု ခံစားလိုက်ရသည်။ မည်သို့ပင် ဆိုစေ... ဂရက်မှာ တကယ်ပင် တော်တင်မျိုးနွယ် ဖြစ်ပြီး ချမ်းသာကြွယ်ဝသူတစ်ဦး မဟုတ်ပါလား။
သူက ခေါင်းခါလိုက်ရင်း ဖစ်ချ်၏လက်မောင်းကို ပုတ်ပေးလိုက်၏။
“လမ်းလျှောက်ရင် ပိုသတိထားပါဦး... ထပ်ပြီး မလဲစေနဲ့... မဟုတ်ရင် မင်း ဆေးရုံရောက်သွားလို့ ကျန်တဲ့ ပွဲတွေကို မတက်ရဘဲ နေဦးမယ်...”
ဖစ်ချ် တုန်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာမှာ သူ ဒဏ်ရာရထားသော လက်မောင်း ဖြစ်နေသောကြောင့်တည်း။
‘မစ္စတာလင်းက ငါ့ကို သတိပေးလိုက်တာလား... အကယ်၍ ငါသာ အစွမ်းမထက်ရင် ငါ့ကို ဖယ်ထုတ်ပစ်မယ်လို့ ပြောလိုက်တာလား...’
ဖစ်ချ်သည် တံတွေးတစ်ချက် မျိုချလိုက်ပြီး အတင်းအကျပ် ပြုံးလိုက်၏။
“ကျွန်တော် အဆင်ပြေပါတယ်... ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းပါတယ်... နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်လဲရင်တောင် ဘာမှမဖြစ်ပါဘူး ကြည့်ပါ... ကျွန်တော် အခုထိ ခုန်နိုင်၊ ပြေးနိုင်တုန်းပဲ။”
ဖစ်ချယ်က သူ၏ သန်စွမ်းမှုကို သက်သေပြရန်အတွက် ထိုနေရာမှာတင် နှစ်ချက်၊ သုံးချက်ခန့် ခုန်ပြလိုက်သေးသည်။ သူသည် ယခုအချိန်တွင် ပွဲမှ ထွက်မသွားချင်သည်မှာ အမှန်ပင်။
ပွဲတော်မှာ စတင်ကာစသာ ရှိသေးသော်လည်း နောက်ကွယ်တွင် လှုပ်ခတ်မှုများက ပြင်းထန်နေပြီဖြစ်သည်။ နောက်ထပ် မည်သည့် ထူးခြားဖြစ်စဉ်ကြီးများ ဖြစ်လာဦးမည်ကို ခန့်မှန်းရခက်လှသည်။
ဤကဲ့သို့သော ကြီးမားလှသော အခွင့်အရေးတွင် သူသည် ပါဝင်ပတ်သက်ပြီး မိမိ၏ တည်ရှိမှုကို တတ်နိုင်သမျှ ပြသရန် လိုအပ်သည် မဟုတ်ပါလား။ သူ သေချာပေါက် လက်လွတ်မခံနိုင်ချေ။
သို့သော်လည်း မနက်စာစားပြီးလျှင်တော့ သူ၏လက်မောင်းကို ကုသရန် တစ်နေရာရာကို အရင်ရှာရမည်ဟု သူ တွေးထားသည်။ မဟုတ်ပါက မကြာခင်တွင် သူ၏လက်မှာ လုံးဝ အသုံးမကျတော့သည့် အခြေအနေသို့ ရောက်သွားပေလိမ့်မည်။ သို့တိုင်အောင် အမှန်စင်စစ် လက်ပြတ်သွားလျှင်ပင် သူ့အတွက် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရိုးလ် သယံဇာတမှ ရောင်းချသော ခြေတုလက်တုများနှင့် လဲလှယ်နိုင်သောကြောင့်ပင်။
မည်သို့ပင်ဆိုစေ၊ သူသည် အသက်ရှင်ရပ်တည်ရန်အတွက် ဗုံတီး၊ တယောထိုးနေစရာ မလိုတော့သလို၊ သူ၏ အစွမ်းမှာလည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အပေါ်တွင် မှီခိုနေခြင်း မဟုတ်ပေ။
ရိုးလ် သယံဇာတ ကဲ့သို့သော ကုမ္ပဏီကြီးက သတ်မှတ်ထားသော လူအချို့အတွက်သာ သီးသန့်ရောင်းချသည့် ဈေးကြီးသော လက်တုမျိုးကို သူ့အား ရောင်းချပေးပါ့မလားဟူသည့် မေးခွန်းအတွက် အဖြေမှာ ‘ရောင်းပေးမှာ သေချာတယ်’ ဟူ၍ပင်။ အကြောင်းကား သူသည် ယခုအခါ မစ္စတာလင်၏ နောက်လိုက်တစ်ဦး ဖြစ်နေသောကြောင့်ပင်။
ဤလူများက မစ္စတာလင်၏ တကယ့်အစွမ်းကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ အပေါ်ယံတွင်မူ မစ္စတာလင်သည် ‘ကျိ’ မိသားစုမှ အထူးဖိတ်ကြားထားသော ဂုဏ်သရေရှိ ဧည့်သည်တစ်ဦးဖြစ်ပြီး ကျိမိသားစု သခင်မလေးနှင့်လည်း ထူးခြားသော ဆက်ဆံရေး ရှိနေသည်မှာ ထင်ရှားသည်။
ဖစ်ချ်အနေဖြင့် မစ္စတာလင်နှင့် အတူတူ လမ်းလျှောက်နေနိုင်ခြင်းမှာ သူသည် ရိုးလ် သယံဇာတ နှင့် ချိတ်ဆက်မိသွားပြီဟု ဆိုလိုခြင်းပင်။ မည်သို့ပင်ဖြစ်စေ ရိုးလ် သယံဇာတ သည် မစ္စတာလင်နှင့် ပတ်သက်နေသူတစ်ဦးကို လျစ်လျူရှုမည် မဟုတ်ပေ။
သို့သော်လည်း... အဓိက လိုအပ်ချက်ကတော့ သူ့အနေဖြင့် မစ္စတာလင်နှင့် ဆက်ဆံရေးကောင်းကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ပဲ ဖြစ်သည်...။
“မင်း အဆင်ပြေတယ်ဆိုရင်တော့ ကောင်းတာပေါ့...”
လင်ကျဲမှာ ဖစ်ချ် လှုပ်လှုပ်ရှားရှား လုပ်နိုင်သည်ကို မြင်သောအခါ အနည်းငယ် စိတ်သက်သာရာ ရသွားသော်လည်း ထပ်မံ၍ မှာကြားလိုက်သေးသည်။
“တကယ်လို့ တစ်နေရာရာက နေလို့မကောင်းဘူးလို့ ခံစားရရင် ငါ့ကို ပြောနော်... ငါ လူလွှတ်ပြီး မင်းကို ဆေးရုံ ပို့ပေးခိုင်းလို့ ရတယ်”
ဂရက်ကလည်း ချက်ချင်းပင် အလေးအနက် ဟန်ဆောင်ကာ ကြားဖြတ်ပြောလိုက်သည်။
“ကျွန်တော့် အစေခံတွေကို ခေါ်ပြီး ခင်ဗျားကို ထမ်းသွားခိုင်းလို့ ရပါတယ်ဗျ...”
‘ဒီကောင်ကတော့ ငါ့ကို လှောင်နေတာပဲ...’
ဖစ်ချ် အံကြိတ်ကာ ပြောလိုက်သည်။
“စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ တကယ် မလိုပါဘူး... ကျွန်တော် အခု လုံးဝ အဆင်ပြေနေပါပြီ”
ဂရက်က ဖစ်ချ်၏ သတ်ဖြတ်လိုသော အကြည့်များကို လျစ်လျူရှုကာ တိတ်တဆိတ် နှာခေါင်းရှုံ့လိုက်၏။
သူသည် လင်ကျဲကို ဆက်လက် မျက်နှာချိုသွေးကာ နှိမ့်ချသော ပုံစံဖြင့် မေးလိုက်ပြန်သည်။
“မစ္စတာလင်... စောစောက စကားကို ဆက်ရရင်ပေါ့၊ ကျွန်တော့်အတွက် စာအုပ်အချို့လောက် အကြံပေးပါဦး... ဆရာဂျိုးဇက်က ပြောဖူးတယ်၊ ခင်ဗျားရဲ့ စာအုပ်တွေက ခါးပေမယ့် ထိရောက်တဲ့ ဆေးကောင်းတွေနဲ့ တူတယ်တဲ့... လမ်းပျောက်နေတဲ့သူတွေကို ကယ်တင်နိုင်ရုံတင်မကဘဲ သူတို့ရဲ့ ဘဝရည်မှန်းချက်နဲ့ ပန်းတိုင်ကိုပါ ရှာတွေ့အောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်”
ထောက်လှမ်းရေးသမား တစ်ယောက်အနေဖြင့် သဘာဝကျကျ ရုပ်ဖျက်ခြင်းနှင့် ချောမွေ့စွာ သရုပ်ဆောင်ခြင်းတို့မှာ မရှိမဖြစ် လိုအပ်သော အရည်အချင်းများ ဖြစ်သည်။
အကယ်၍ လင်ကျဲသာ တံခါးဝတွင် ရုတ်တရက် ပေါ်မလာခဲ့ပါက သူသည် ဤမျှ သနားစရာကောင်းသော အခြေအနေသို့ ရောက်မည်မဟုတ်ပေ။
သို့သော်လည်း လင်ကျဲက တားမြစ်ထားသော အကြောင်းအရာများ ပါဝင်သည့် စာအုပ်မျိုးကို သူ့အား ချက်ချင်း အကြံမပေးခဲ့ပါ။ ထိုအစား သူက ဂရက်၏ ပုခုံးကို ပုတ်ကာ အလေးအနက် ပြောလိုက်၏။
“မင်းရဲ့ ပြဿနာက လူမှုဆက်ဆံရေး၊ ကိုယ်ပိုင်အဆင့်အတန်း ခွဲခြားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ကိစ္စအချို့ ပါဝင်နေတယ်... ဒါက ကိုယ့်ဘာသာ စာအုပ်ဖတ်ရုံနဲ့ လွယ်လွယ်ကူကူ ပြေလည်သွားမယ့် အရာမျိုး မဟုတ်ဘူး...”
ဂရက်မှာ အံ့အားသင့်သွားကာ မေးလိုက်၏။
“ဒါဆိုရင်... ဘယ်လိုလုပ်ရင် အကောင်းဆုံးဖြစ်မယ်လို့ ခင်ဗျား ထင်ပါသလဲ...”
လင်ကျဲက နွေးထွေးစွာ ပြုံးလိုက်ရင်း ဆိုသည်။
“မင်း မကန့်ကွက်ဘူးဆိုရင် နောက်ရက်တွေမှာ ငါနဲ့ ပိုပြီး စကားပြောကြည့်လို့ ရပါတယ်... ငါက စိတ်ပိုင်းဆိုင်ရာ အကြံပေးတဲ့ အပိုင်းမှာ အတော်လေး ဝါသနာပါသလို အရည်အချင်းလည်း ရှိတယ်... မယုံဘူးဆိုရင် မင်းရဲ့ ဆရာကို မေးကြည့်လို့ ရတယ်”
“...”
အချို့သော အချက်အလက်များကို ခေတ္တဘေးဖယ်ထားလျှင် စာအုပ်ဆိုင်ပိုင်ရှင်နှင့် စကားပြောခြင်းမှာ တကယ်ပင် အကျိုးအရှိဆုံး နည်းလမ်း ဖြစ်သည်။
ဥပမာအားဖြင့် ဂျိုးဇက်သည် လမ်းညွှန်မှုများစွာ ရရှိခဲ့ပြီး ယခုအခါ အခရာ အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီ မဟုတ်ပါလား။
သို့သော် တစ်ချိန်တည်းမှာပင် ၎င်းမှာ ဂရက်အနေဖြင့် အချိန်မရွေး အသုံးချခံရနိုင်သည့် သို့မဟုတ် စွန့်ပစ်ခံရနိုင်သည့် နယ်ရုပ်လေးတစ်ရုပ် ဖြစ်သွားနိုင်သည်ဟုလည်း အဓိပ္ပာယ်ရသည်။
မဟုတ်သေး... ထိုအရာက သေချာသွားပြီ ဖြစ်သည်။ ဂရက် တစ်ယောက် သူ ယခု ပွဲတော်သို့ တက်ရောက်နေခြင်းသည်ပင် သေချာပေါက် ကြိုတင် စီစဉ်ထားခြင်း ဖြစ်သည်ဟု ယခု ခံစားနေရသည်။
လင်ကျဲက ထိုသို့ ပြောလာသည့်အတွက် ဂရက်အနေဖြင့် ငြင်းဆန်ရန် နည်းလမ်းမရှိပေ။ ဤသည်မှာ စာအုပ်ဆိုင်ပိုင်ရှင်နှင့် ဆက်သွယ်ရန် အခွင့်အရေး ပိုမို ရရှိလာခြင်းလည်း ဖြစ်သည်။
‘ပိုပြီး အန္တရာယ်များရင်လည်း များပါစေတော့... ငါ အခု ရောက်နေတဲ့ အခြေအနေထက် ပိုပြီး အန္တရာယ်ရှိတာ ဘာမှ မရှိတော့ဘူး...’
ဂရက် တွေးလိုက်သည်။ မှန်ပေသည်။ သူသည် ယခုအခါ တစ်ယောက်တည်း မဟုတ်ဘဲ လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် တစ်ခုလုံး၏ ကျောထောက်နောက်ခံ ရှိနေသည်။ လက်ရှိ အခြေအနေက သိပ်ပြီး မပြောင်းလဲသရွေ့ သူသည် လင်ကျဲ၏ ဦးနှောက်ဆေးခြင်းကို သိပ်ပြီး ကြောက်နေစရာ မလိုပေ။
ထို့ကြောင့် ဂရက်က ခေါင်းညိတ်လိုက်၏။
“ကျွန်တော် မကန့်ကွက်ပါဘူး... မစ္စတာလင် အတွက် အနှောင့်အယှက် မဖြစ်ဘူးဆိုရင်ပေါ့...”
ဖစ်ချ် တစ်ယောက် သူ အားထုတ်ပြီး ရယူထားသော အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။ လင်ကျဲ စိတ်ပါဝင်စားနေသည်ကို သတိပြုမိသဖြင့် သူက ချက်ချင်း ကြားဖြတ် ပြောလိုက်သည်။
“အာ... ငါတို့ ရောက်ပြီ... အိုး... ဒီနေရာက တကယ်ကို ကျယ်တာပဲ၊ အစားအသောက်တွေကလည်း စုံလို့... အရင်က တစ်ခါမှ မမြင်ဖူးတာတွေတောင် ပါတယ်... အထက်တန်းလွှာတွေရဲ့ စုရပ်ဆိုတာ ဒါမျိုးကိုး~”
ဖစ်ချ်သည် လူအများ အာရုံစိုက်လာစေရန် အနည်းငယ် လှောင်ပြောင်သလို အသံမြင့်ဖြင့် ပြောလိုက်သော်လည်း သူ၏ ရှေ့မှ မနက်စာ စားသောက်ခန်းမှာ သူ ဖော်ပြသည့်အတိုင်းပင် ဖြစ်သည်။ ၎င်းမှာ တောက်ပပြီး ကျယ်ဝန်းလှသော ထမင်းစားခန်းကြီး ဖြစ်ကာ မနေ့ညက ပွဲတော်ကျင်းပသည့် နေရာထက်ပင် မကျဉ်းပေ။
လက်ရှိတွင် ခန့်ညားစွာ ဝတ်ဆင်ထားသော ဧည့်သည်များ ရောက်ရှိနေကြပြီဖြစ်ကာ သူတို့က တိတ်ဆိတ်စွာ စားသောက်နေကြသည် စကားစမြည် ပြောဆိုနေကြသူများလည်း ရှိသည်။
ပုံမှန်အားဖြင့် ကျိမိသားစုသည် ညအိပ်တည်းခိုသော ဧည့်သည်များကို လက်ခံသောအခါ နောက်တစ်နေ့ မနက်တွင် အစေခံများကို အခန်းထဲသို့ မနက်စာ တိုက်ရိုက် ပို့ခိုင်းလေ့ရှိသည်။
သို့သော် ဤပွဲတော်မှာ ဧည့်သည်များအတွက် အထက်တန်းလွှာ လူမှုဆက်ဆံရေး နယ်ပယ်တစ်ခု ဖြစ်စေရန် ရည်ရွယ်ထားသဖြင့် ဧည့်သည်များ အချင်းချင်း တတ်နိုင်သမျှ ထိတွေ့ဆက်ဆံနိုင်ရန် အခွင့်အရေး ပေးထားခြင်း ဖြစ်သည်။
သို့သော်လည်း ဆက်သွယ်မှု ရှိလာသောအခါ ပဋိပက္ခများကလည်း သဘာဝအလျောက် ရှိလာစမြဲပင်။ ယခုအချိန်တွင် ဖစ်ချ်၏ အသံမှာ အလွန်ပင် ကျယ်လောင်ပြီး ထင်ရှားနေသည်။
သို့သော် ထိုလူများက မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သောအခါ၊ ဤလူ၏ နောက်ကွယ်တွင် ရပ်နေသူမှာ မနေ့က ဖရက်ဒ်မိသားစုကို မျိုးဖြုတ်ပစ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သတိပြုမိသွားကြသည်။ ထို့ကြောင့် သူတို့၏ ကဲ့ရဲ့လိုသော ဆန္ဒများမှာ ပျောက်ကွယ်သွားရကာ မကျေနပ်ချက်များကိုသာ ပြန်လည် သိမ်းဆည်းလိုက်ကြရတော့သည်။
သူတို့သည် လင်ကျဲ အမည်ရှိ ဤလူအကြောင်း သိပ်မသိကြသော်လည်း ကျိမိသားစု သမီးလေးက သူ့ကို အလွန် တန်ဖိုးထားသည်မှာ ထင်ရှားလှသည်။
သူတို့ သူ့ကို မပြစ်မှားရဲကြပေ။ မည်သို့ပင် ဆိုစေကာမူ... မည်သူမှ ဒုတိယမြောက် ‘ဂျွန်’ မဖြစ်ချင်ကြသည် မဟုတ်ပါလား။
***
အပိုင်း(၄၀၂)
“တကယ်ကို ကျယ်တာပဲ...”
လင်ကျဲက ပတ်ဝန်းကျင်ကို ကြည့်ပြီး ဖစ်ချ်၏ စကားကို ထောက်ခံလိုက်၏။ ဤမနက်စာ စားသောက်ခန်းလေး တစ်ခုက သူ၏ စာအုပ်ဆိုင်ထက်ပင် ပို၍ ကျယ်နေသည်က... သူ့အတွက်တော့ စိတ်ပျက်စရာ တစ်ခုပင်။ အောက်ခြေလူတန်းစားမှ တက်လာသော ဖစ်ချ်အနေဖြင့် ဤနေရာကို မြင်သောအခါ အနည်းငယ် မချိပြုံး ပြုံးမိခြင်းမှာလည်း မဆန်းပေ။
သို့သော်လည်း ထိုအရာများက သူနှင့် မဆိုင်ပါချေ။ လင်ကျဲသည် ဤနေရာသို့ အလကား လာစားခြင်းသာ ဖြစ်သည်။ ထမင်းစားခန်း ကျယ်လေလေ၊ ပိုကောင်းလေလေပင်။ သူ ပုခုံးတွန့်လိုက်ပြီး အားရပါးရ စားသောက်ရန် ပြင်ဆင်လိုက်သည်။
မဝေးသည့် တစ်နေရာတွင် ရိုးရှင်းသည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ဆံပင်ရွှေရောင် မိန်းကလေးတစ်ဦးမှာ ရုတ်တရက် သတိပြုမိသွားကာ လင်ကျဲရှိရာသို့ လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာတွင် အံ့သြမှုနှင့် အလွန်အမင်း ကြည်ညိုလေးစားမှုများ ဖုံးလွှမ်းသွားကာ ပါးပြင်လေးများမှာ အနည်းငယ် နီမြန်းလာ၏။
သူမက စကတ်အနားသတ်ကို မလိုက်ကာ လင်ကျဲရှိရာသို့ အပြေးအလွှား လျှောက်လာတော့သည်။
လင်ကျဲ တစ်ယောက် နေရာထိုင်ခင်းကို ရွေးချယ်ပြီးခါစမှာပင် တုန်ရီနေသော အသံဖြင့် “မစ္စတာလင်” ဟု ခေါ်သံကို ကြားလိုက်ရသည်။
သူ မော့ကြည့်လိုက်သောအခါ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။
“အာ... မင်းကိုး...”
ဝယ်လ်၏ လက်ထောက်သစ်များထဲမှ တစ်ဦးဖြစ်သော ‘နှင်းပွင့်’ ဟု အမည်ရသည့် ရှာလော့ပင် ဖြစ်သည်။
“နှင်းပွင့်... အဲလေ... ရှာလော့လို့ပဲ ခေါ်ရမှာပေါ့... မတွေ့ရတာ ကြာပြီပဲ၊ မင်းနဲ့ ဒီမှာ ဆုံမယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး... တကယ်ကို တိုက်ဆိုင်တာပဲ...”
လင်ကျဲ အနည်းငယ် အံ့အားသင့်သွားသည်။ ဤပွဲတော်တွင် သူသိသောသူတစ်ဦးဦးနှင့် ဆုံလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ သူမကို တစ်ကြိမ်သာ တွေ့ဖူးသော်လည်း အသိအကျွမ်းတစ်ယောက်ဟု သတ်မှတ်၍ရသည်။ မည်သို့ပင် ဆိုစေ သူသည် ဝယ်လ်ကြီး၏ လက်ထောက်သစ်အားလုံးကို ဟောပြောချက်တစ်ခု ပေးခဲ့ဖူးသည် မဟုတ်ပါလား။
"တစ်ရက်သင် ဆရာမှာ တစ်သက်တာဖခင်" ဟု ဆိုရိုးရှိသည့်အတိုင်း... အဟမ်း၊ သူက တစ်ယောက်ယောက်၏ ဖခင်အစစ်ဖြစ်ချင်နေသည်တော့ မဟုတ်ပါချေ။ ဆရာနှင့် တပည့်ကြား ဆက်ဆံရေးက နက်ရှိုင်းသည်ဟူသော ဆိုရိုး၏ ဆိုလိုရင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။
ပြောရလျှင် မနေ့ညက သူသည် ဂရက်ကို ဝယ်လ်ကြီး၏ လက်ထောက်များနှင့် ဆုံစေချင်သည်ဟု နောက်ပြောင်ပြောဆိုခဲ့ရာ ယနေ့တွင် အမှန်တကယ်ပင် ဖြစ်လာခဲ့ချေပြီ။
တကယ့်ကို တိုက်ဆိုင်လွန်းလှသည်...
သူ လှည့်ကြည့်လိုက်သောအခါ ဖစ်ချ်နှင့် အကြည့်ချင်းဖလှယ်နေသည့် ဂရက်၏ မျက်နှာတွင် ထိတ်လန့်နေသော အမူအရာကို တွေ့လိုက်ရသည်။
ဤမျှလောက်အထိ တိုက်ဆိုင်နေခြင်းမှာ အနည်းငယ် ကြောက်စရာကောင်းနေသော်လည်း လင်ကျဲနှင့်တော့ ဘာမှမဆိုင်ပါ။ သူက လက်နှစ်ဖက်ကို ဘေးသို့ဖြန့်ကာ ပုခုံးတွန့်ပြလိုက်သည်၊ ၎င်းက သူသည်လည်း ဤကဲ့သို့ ကံကြမ္မာအလှည့်အပြောင်းများကို မတတ်နိုင်ကြောင်း ပြသခြင်းပင်။
ဂရက်ကတော့ ထိုမိစ္ဆာကြီး၏ ဟန်ဆောင်မှုများကို ထုံထိုင်းနေပြီဖြစ်သည်။ မည်မျှပင် အစစ်အမှန်နှင့် တူနေပါစေ... ဤမိစ္ဆာသည် ဤအရာဖြစ်ပျက်ရန် သေချာပေါက် ကြံစည်ထားခြင်းသာ ဖြစ်ရမည်...။
သို့သော် ယခုအချိန်တွင် အရေးကြီးဆုံးမှာ ဤမိစ္ဆာကြီး၏ ယုတ်မာသော သဘာဝကို ဆွေးနွေးရန်မဟုတ်ဘဲ၊ တစ်မီတာခန့်သာ ဝေးသောနေရာတွင် ရပ်နေသည့် ဝယ်လ်၏ လက်ထောက်ကို မည်သို့ ရင်ဆိုင်ရမည်နည်း ဆိုသည့် အချက်ဖြစ်သည်။
မမျှော်လင့်ဘဲ ဂရက်သည် အတော်အတန် တည်ငြိမ်နေ၏။ သူ အလစ်အငိုက်မိသွားသော်လည်း 'နှင်းပွင့်' မှာ အမှန်တကယ် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ရုပ်သွင်ကို မစ္စတာလင်ထံမှ သိခဲ့ရသည်။ မျက်နှာဖုံးအောက်တွင် မျက်နှာဝှက်ထားသော ဝယ်လ်၏ လက်ထောက်များမှာ ယနေ့အထိ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။
မည်သို့ပင် ဆိုစေ... သူတို့မှာ ရုတ်တရက်ကြီး ပေါ်လာကြခြင်းဖြစ်ပြီး မည်သည့် သဲလွန်စမှ ချန်မထားခဲ့ပေ။ ဝယ်လ်မှာလည်း နှစ်နှစ်တိုင်တိုင် လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင် ၏ မျက်စိအောက်မှ ပုန်းကွယ်ခဲ့သည့် ကျွမ်းကျင်သူဖြစ်ရာ သူတို့၏ နောက်လိုက်များကို ရှာဖွေဖော်ထုတ်ရန်မှာ ခက်ခဲလွန်းလှသည်။
အနည်းဆုံးတော့ မျှော်စင်အနေဖြင့် ဤတိုတောင်းသော အချိန်အတွင်းမှာ လူအင်အားအလုံအလောက်သုံးပြီး အပြည့်အဝ စုံစမ်းနိုင်ခြင်း မရှိသေးပေ။
သို့သော်လည်း... သူသည် မစ္စတာလင်၏ အရေးကြီးသော နယ်ရုပ်တစ်ရုပ်ဖြစ်ပြီး ဆိုင်ရှင်အတွက် ဖျော်ဖြေရေးတစ်ခု ဖြစ်နေသေးသည်ဟု တွေးလိုက်သောအခါ... ဂရက် တစ်ယောက် အံ့သြဖွယ်ကောင်းလောက်အောင် စိတ်အေးသွားခဲ့သည်။
သူ့ထံတွင် အသုံးဝင်မှု တန်ဖိုးရှိနေသရွေ့ အလွယ်တကူ စွန့်ပစ်ခံရမည် မဟုတ်ပေ။ အလွန်ဆုံး ကစားခံရရုံသာရှိမည်။ အသက်အန္တရာယ်တော့ မရှိနိုင်ပေ။
ဂရက် တိတ်တဆိတ် သတိထားနေရင်း သူ၏ လက်ရှိ စိတ်အခြေအနေ တစ်ခုခု မှားယွင်းနေသလားဟုပင် တွေးတောမိလာသည်။
သို့သော် ဂရက်၏ သတိထားမှုမှာ ယခုလောလောဆယ်တွင်တော့ အချည်းနှီး ဖြစ်ပုံရသည်။ ရှာလော့သည် လင်ကျဲမှလွဲ၍ တခြားမည်သူ့ကိုမျှ မမြင်တော့သလိုပင်။ သူမက စကတ်အနားကို မ၍ လင်ကျဲကို ဦးညွှတ်လိုက်ကာ ပါးပြင်လေးများ နီမြန်းလျက် ခပ်တိုးတိုး ပြောလိုက်သည်။
“ဒီမှာ မစ္စတာလင်ကို တွေ့ရလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားဘူး...”
မိန်းကလေးမှာ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ဘဲ လက်ကလေးများပင် တုန်နေ၏။ မစ္စတာလင်၏ ခိုင်းစေချက်များကို လုပ်ဆောင်ပေးရသော ဝယ်လ်၏ လက်ထောက်တစ်ဦး... သို့မဟုတ် နောက်လိုက်တစ်ဦးအနေဖြင့် သူမသည် ၆၇ လမ်းမကြီး တိုက်ပွဲတွင် မပါဝင်ခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။
အကြောင်းရင်းက ရိုးရှင်းပါသည်။ ဝယ်လ်သည် လိမ္မာပါးနပ်သူဖြစ်ရာ မိမိကိုယ်မိမိ ထွက်ပေါက်မရှိဘဲ မည်သည့်အခါမျှ မထားပေ။ ရန်သူဟောင်း ဂျိုးဇက်နှင့် တိုက်ပွဲတွင်ပင် ဝယ်လ်သည် ရှာလော့ကို တယ်လီပို့ အစီအရင်တစ်ခု ပြင်ဆင်ခိုင်းထားခဲ့သည်။ အမိန့်ရရှိပါက သူမသည် မည်သူမျှ မသိစေဘဲ ဝယ်လ်ကို တယ်လီပို့ လုပ်ပေးနိုင်မည်ဖြစ်သည်။
ဝယ်လ်သည် အမြဲတမ်း ဂရုစိုက်တတ်သည်။ ထို့ကြောင့် ရှာလော့အနေဖြင့် အစီအစဉ်အတိုင်းပင် သာမန်လူတစ်ယောက်အဖြစ် သူမ၏ တော်ဝင် အဆင့်အတန်းကြောင့် ဖိတ်ကြားခံရသည့် ဤလူ့လောက ပွဲတော်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း... ရှာလော့သည် အမှားအယွင်းမရှိစေမည့် တယ်လီပို့ မန္တန်ကို ပြင်ဆင်ရန် အချိန်အတော်ယူလိုက်ရသဖြင့် ပထမနေ့ ပွဲဦးထွက်ကို လွဲချော်ခဲ့ပြီး ဒုတိယနေ့ မနက်စာမှသာ စတင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် အရှင်သခင်ကို ဤနေရာတွင် တွေ့ရလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ချေ။
အရာအားလုံးကို သိမြင်တော်မူသော အရှင်သခင်သည် အနာဂတ်တွင် ဝှက်ထားသည့် ရလဒ်များကို ကိုယ်တိုင်ကိုယ်ကျ လာရောက် ကြည့်ရှုနေခြင်းလော။
မဟုတ်သေး... သူမ အနေဖြင့် အရှင်သခင်၏ ရည်ရွယ်ချက်များကို ခန့်မှန်း၍မရနိုင်ပါချေ။ အရှင်သခင်၏ ဆန္ဒအတိုင်းသာ လိုက်နာရမည်ဖြစ်သည်။ အမိန့်တစ်ခုသည်ပင် ထိုအရာထက် ဦးစားပေးမှု နိမ့်ကျပါသည်။
ယခုအချိန်မှစ၍ သူမ၏ တာဝန် ပြောင်းလဲသွားနိုင်သည်။
အရှင်သခင်အတွက် အသုံးဝင်သူတစ်ယောက် ဖြစ်ခွင့်ရတော့မည်ဟု တွေးလိုက်မိသောအခါ ရှာလော့၏ အသက်ရှူသံများပင် မြန်လာခဲ့သည်။ သူမက စိတ်အားထက်သန်သော အကြည့်ဖြင့် လင်ကျဲကို မေးလိုက်၏။
“ကျွန်မဆီက မစ္စတာလင် လိုချင်တာ တစ်ခုခု ရှိပါသလားရှင်... ရှိရင် စိတ်ကြိုက် ခိုင်းစေနိုင်ပါတယ်”
သူမ၏ အမူအရာနှင့် စကားလုံးများ၊ နီမြန်းနေသော မျက်နှာတို့က သူမကို ချစ်ကျွမ်းဝင်နေသည့် မိန်းကလေးတစ်ဦးနှင့် တူနေစေသည်။ သို့သော် သေသေချာချာ ကြည့်မည်ဆိုပါက သူမ၏ မျက်လုံးထဲတွင်ရှိသော အလင်းမှာ ချစ်မြတ်နိုးမှုမဟုတ်ဘဲ ကြည်ညိုကိုးကွယ်မှုသာ ဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။
၎င်းက သူတို့ယုံကြည်သော နတ်ဘုရား ပေါ်လာသောအခါ ထိုနတ်ဘုရား၏ ရှေ့မှောက်တွင် ဝပ်တွား ကိုးကွယ်ပြီး ခြေအစုံကို နမ်းရှုံ့လိုကြသည့် ဘာသာရေး အစွန်းရောက်များ၏ စိတ်ဓာတ်မျိုးပင် ဖြစ်သည်။
သို့သော်လည်း... အခမ်းအနား၏ ကန့်သတ်ချက်များကြောင့် နှင်းပွင့်မှာ လူအများရှေ့တွင် လင်ကျဲ၏ ရှေ့မှောက်၌ ဒူးထောက်ကာ သူမ၏ သစ္စာရှိမှုကို မပြသနိုင်ပေ။ ထို့ကြောင့် သူမ၏ ပုံစံမှာ မိမိချစ်သူကို တွေ့လိုက်ရသော မိန်းကလေးတစ်ဦးနှင့် မခြားနား ဖြစ်နေခြင်းပင်။
အခြားတစ်ဖက်တွင်မူ... ရှာလော့နှင့် စောစောက စကားပြောနေသော မျိုးနွယ်စုဝင်များမှာ အားလုံး မှင်သက်နေကြသည်။ ထိုအရာက မယုံကြည်နိုင်စရာ ဖြစ်သည်။ အမြဲတမ်း အေးစက်စက် အမူအရာရှိပြီး တောင်ထိပ်ပေါ်က ကြာပန်းတစ်ပွင့်ကဲ့သို့ နေထိုင်တတ်သည့် အမျိုးသမီးငယ်လေးက ဆန့်ကျင်ဘက်လိင် တစ်ဦးအပေါ်တွင် ဤကဲ့သို့သော ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ဖော်ပြနေခြင်းမှာ ထိုအဖွဲ့ကို အကြီးအကျယ် တုန်လှုပ်စေခဲ့သည်။
ထို့နောက် အဖွဲ့ထဲမှ တစ်ဦးမှာ ဖော်ရွေသောပုံစံရှိသည့် လူငယ်၏ မျက်နှာကို မှတ်မိသွား၏။ ဤလူမှာ ကျိကျစ်ရှို့က ပထမဆုံး ကခုန်ရန် ဖိတ်ခေါ်ခဲ့သူဖြစ်ပြီး ဖရက်ဒ်မိသားစု သတ်ဖြတ်ပွဲတွင်လည်း ပါဝင်ခဲ့သူ ဖြစ်သည်။
“ဒါက သရဲမြင်ရတာထက်တောင် ပိုပြီး တုန်လှုပ်ဖို့ ကောင်းတယ်...”
“ဒီလူမှာ တစ်ခုခု မှားနေတာ သေချာတယ်...”
ဤထူးဆန်းသော ဖြစ်ရပ်ကို မြင်တွေ့လိုက်ရသဖြင့် သူတို့၏ နှလုံးသားများ ပရမ်းပတာ ဖြစ်ကုန်ကြသည်။ အခြားတစ်ဖက်တွင်မူ လင်ကျဲ၏ နှုတ်ခမ်းများ မသိမသာ တွန့်သွား၏။
‘ဒါကို ဘယ်လို အခြေအနေမျိုးလဲကွာ... ခုရက်ပိုင်း ငါ့မှာ မိန်းကလေးကံ ရှိနေသလိုပဲ... ဘာလို့ ဒီမိန်းကလေးတွေ အားလုံးက ဒီလောက်တောင်... စိတ်အားထက်သန်နေကြတာလဲ...’
‘သခင်မလေးကျိကို ထားလိုက်ဦး... တစ်ကြိမ်ပဲ ဆုံဖူးတဲ့ ဒီကျောင်းသူက ဘာလို့ ဒီလို အတွေးတွေ ရှိနေရတာလဲ...’
‘နောက်ပြီး သူ့ရဲ့ ပြောပုံဆိုပုံက နည်းနည်း ထူးဆန်းမနေဘူးလား...’
“မဟုတ်ပါဘူး... မင်းကို ခိုင်းစရာ မရှိပါဘူး...”
လင်ကျဲက ခေါင်းခါကာ ငြင်းလိုက်သည်။
“ဒါပေမဲ့ မင်းဆီက အကူအညီတော့ တောင်းချင်ပါတယ်...”
ရှာလော့၏ မျက်လုံးလေးများမှာ အရိုးကို တွေ့လိုက်ရသော ခွေးကလေးတစ်ကောင်ကဲ့သို့ တောက်ပသွားပြီး ခေါင်းကို အားရပါးရ ညိတ်လိုက်သည်။
“စိတ်ကြိုက် တောင်းပါရှင်...”
“အင်း... အထွေအထူးတော့ မဟုတ်ပါဘူး... မင်းက ငါတို့ထက် အရင် ရောက်နေပုံရတော့ ပိုပြီး သိမှာပါ... မနက်စာအတွက် ဘာစားရင် ကောင်းမလဲဆိုတာ အကြံပေးလို့ ရမလား...”
***