← Chapters

အခန်း (၄၀၅-၄၀၆)

Vol. 29 Ch. 405-406

အခန်း (၄၀၅-၄၀၆)

Vol. 29 Ch. 405-406

အပိုင်း(၄၀၅)

နားထောင်နေသော ကျိကျစ်ရှို့မှာ အရာအားလုံးကို နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ၏ ဖခင်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

“မစ္စတာလင်က ဒီစွမ်းအားရှင်တွေကို သုံးပြီး ကျွန်မတို့ကို သတိပေးနေတာပဲ... ခွန်အားတွေ ရလာတဲ့အခါမှာ အထက်စီးဆန်တဲ့ စိတ်ဓာတ်တွေ မဝင်လာဖို့ပေါ့... ကျွန်မတို့ရဲ့ မူလအရင်းအမြစ်က သာမန်လူတွေပဲဆိုတာကို မမေ့ဖို့ သတိပေးနေတာ... ပြီးတော့... သူက တော်ဝင် မျိုးနွယ် အကြွင်းအကျန်တွေကိုလည်း တော်တော်လေး မကျေမနပ် ဖြစ်နေပုံရတယ်”

ကျိပိုတုံက ချက်ချင်းပင် သတိဝင်လာကာ...

“ဒါက ငါတို့ လုပ်ရမယ့်အရာပဲ... နှစ်ပေါင်းထောင်ချီပြီး အသုံးချခံ ကိရိယာဖြစ်ခဲ့ရတဲ့ မိသားစုတစ်ခုက တခြားလူတွေကို ကိရိယာလိုမျိုး အသုံးချမှာ မဟုတ်ပါဘူး... နောင်မှာ ငါတို့လုပ်မယ့် အရာအားလုံးက ငါတို့လို သာမန်လူသားတွေရဲ့ ကောင်းကျိုးအတွက်ပဲ ဖြစ်ရမယ်”

ကျိကျစ်ရှို့က လှောင်ပြုံးကလေးဖြင့် ခေါင်းညိတ်လိုက်၏။

“ဒါပေမဲ့... မနေ့က ဖရက်ဒ်မိသားစုအပေါ် ထားရှိတဲ့ သူ့ရဲ့ သဘောထားက အများကြီးကို ဖော်ပြနေတာပဲ... အလယ်ပိုင်းခရိုင်က အဲဒီ တော်ဝင် မျိုးနွယ် အမှိုက်တွေကတော့ သူတို့ရဲ့ ပျက်သုဉ်းခြင်းဆီကို တဖြည်းဖြည်း ချဉ်းကပ်နေပြီနဲ့ တူတယ်”

“ဒါဟာ ရိုးလ် သယံဇာတကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွက် သမီးတို့ရဲ့ ပထမဆုံး တိုက်ပွဲလည်း ဖြစ်လာနိုင်တယ်”

...

“ကဲပါ... ကဲပါ... ငါက ဒီအတိုင်း ပြောလိုက်တာပါ... ဒီလောက်အထိ စိတ်လှုပ်ရှားမနေကြပါနဲ့... အဲဒီလောက်လည်း မကြီးကျယ်ပါဘူး”

လင်းကျဲက လက်ဝေ့ယမ်းကာ ပေါက်ကွဲလုနီးပါး ဖြစ်နေသော ထိုနှစ်ယောက်ကို ထိုင်ရန် အချက်ပြလိုက်သည်။

“ဒါတွေထက် မနက်စာ စားဖို့က ပိုအရေးကြီးပါတယ်... လာကြ... အစားအသောက်တွေ အေးကုန်တော့မယ်”

“ဟုတ်ကဲ့ပါ”

ဂရက်နှင့် ဖစ်ချ်တို့သည် မစ္စတာလင်၏ စကားကို ကြားသည်နှင့် ချက်ချင်း ခေါင်းညိတ်ကာ ပါးစပ်ပိတ်လိုက်ကြပြီး နံနက်စာကို ကလေးလိမ္မာလေးများလို စားသုံးကြတော့သည်။

ဘေးမှကြည့်နေသော ရှာလော့က ပြုံးကာ ထောက်ခံလိုက်၏။

“ဟုတ်တာပေါ့... မစ္စတာလင် ရှေ့မှာတင် ရှင်တို့နှစ်ယောက်က ရန်ဖြစ်နေကြတာပဲ... အမူအကျင့်ကောင်းလေးတွေလည်း သင်ယူကြပါဦး...”

‘ဒီ မိန်းမလည်...’

“မဟုတ်ပါဘူး... မဟုတ်ပါဘူး... ဒါက ရန်ဖြစ်တာ မဟုတ်ပါဘူး... သူငယ်ချင်းချင်း ဆွေးနွေးနေတာပါ... ဟုတ်တယ်မလား ဖစ်ချ်...”

ဂရက်က အောင့်သက်သက်နှင့် ပြုံးလိုက်သော်လည်း လက်ထဲမှ ခက်ရင်းမှာ ကျိုးလုနီးပါး ဖြစ်သွားသည်။ သူ့ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံများ မြည်နေ၏။ ဖစ်ချ်နှင့် ဖက်ပြိုင်နေရန် အချိန်မရှိတော့ပေ။ ယခုအချိန်တွင် တကယ့်ရန်သူမှာ ရှေ့မှ အမျိုးသမီးသာ ဖြစ်သည်။

“ဟုတ်တယ်... ဟုတ်တယ်... ကျွန်တော်တို့ မစ္စတာလင်ကို အရမ်းလေးစားပါတယ်... စားကြရအောင်... စားကြရအောင်”

ဖစ်ချ်သည်လည်း ပြဿနာကို ရိပ်မိသွားကာ ရှာလော့ကို သတိဖြင့် ကြည့်လိုက်သည်။

ရှာလော့ကမူ ဘာမျှမသိသည့်အလား တက်တက်ကြွကြွဖြင့် ပြောလိုက်၏။

“မစ္စတာလင်... ပျားရည်ကိတ်က နွေးနေတုန်းစားမှ အကောင်းဆုံးပဲနော်... မဟုတ်ရင် စေးကပ်ကပ်ကြီး ဖြစ်သွားလိမ့်မယ်”

“ဪ... ဟုတ်လား... ဒါဆိုရင်တော့ မြန်မြန် မြည်းစမ်းကြည့်ရမှာပေါ့...”

လင်းကျဲက ခေါင်းညိတ်ကာ ခက်ရင်းနှင့် ဓားကို ကိုင်လိုက်ပြီး ဆွဲဆောင်မှုရှိသော ပျားရည်ကိတ်ကို မည်သည့်နေရာမှ စတင်လှီးဖြတ်ရမလဲဟု အကဲခတ်နေမိသည်။

ထိုခဏ၌ပင် စွမ်းအားရှင် သုံးဦးစလုံး ကြက်သီးမွေးညင်းထသွားသည့် ခံစားချက်တစ်ခုကို ရရှိလိုက်ပြီး စားသောက်ခန်း၏ အပေါ်ဘက်သို့ မော့ကြည့်လိုက်ကြသည်။

အိမ်တော်အတွင်းရှိ နှင်းဆီအားလုံးသည် တစ်ပြိုင်နက်တည်း ဖောင်းကားလာပြီး ထက်မြက်ကာ ကြောက်မက်ဖွယ်ကောင်းသော ဆူးများ ထွက်ပေါ်လာသည်။ ပွင့်ချပ်များ၏ အလယ်တွင် ပြည်တည်နေသော မျက်လုံးအိမ်များ ပေါ်လာကာ ကြောက်ရွံ့မှုကြောင့် ပြင်းထန်စွာ တုန်ရီနေကြပြီး နားမလည်နိုင်သော အသံများကို တိုးတိုးလေး ထွက်ပေါ်စေသည်။

ထိုအချိန်၌ပင် ကျိကျစ်ရှို့သည်လည်း နှင်းဆီများနည်းတူ ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ချွေးစေးများ ထွက်ကာ ကြက်သီးများ ထသွားတော့သည်။ အိမ်တော်အတွင်းသို့ စိမ်းသက်ပြီး အားကောင်းသော ဖိအားတစ်ခု ရောက်ရှိလာသဖြင့် သူမ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားကာ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

“အခရာအဆင့်...”

...

“ဟင်...”

လင်းကျဲနှင့်အတူ အတူတူ နံနက်စာ စားနေကြသည့် လူသုံးဦးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် စားသောက်ခန်း၏ အမိုးဆီသို့ မော့ကြည့်လိုက်ကြသည်။

အိမ်တော်အတွင်းရှိ နံနက်စာသုံးဆောင်ရာ နေရာဖြစ်သည့် ဤစားသောက်ခန်းမှာ အလွန်ပင် ခန့်ညားထည်ဝါလှ၏။ အပေါ်ဘက်ရှိ ခုံးကွအမိုးမှာ အလင်းရောင်နှင့် အလှဆင်ရန်အတွက် အနုစိတ်ဖောက်ထွင်းထားသော မှန်စီရွှေချ လက်ရာတစ်ခု ဖြစ်သည်။

ယခုအခါ ထိုမှန်ချပ်များ၏ အပြင်ဘက်တွင် ကြီးမားလှသော အရိပ်ကြီးတစ်ခုသည် လေထုထဲ၌ ဖြန့်ကျက်နေသည်ကို မြင်တွေ့နေရ၏။

လက်တံများ သို့မဟုတ် ဖဲကြိုးများအလား တောက်ပနေသော ရောင်စုံအလင်းတန်းများသည် ကစဉ့်ကလျား စည်းချက်များဖြင့် လွင့်မျောစီးဆင်းနေပြီး ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားကာ ခတ်တော့မည့် လိပ်ပြာအတောင်ပံကြီးများကဲ့သို့ မရေမရာ ပုံသဏ္ဌာန် ဖော်ဆောင်နေသည်။

မရေမတွက်နိုင်သော အလင်းတန်းများသည် နံရံများပေါ်မှ စီးကျလာပြီး မှန်ချပ်များမှတစ်ဆင့် အလင်းယိုင်ကာ ပတ်ဝန်းကျင်ရှိ အချိန်နှင့် ဟင်းလင်းပြင် အက်ကြောင်းများကြားမှပင် စိမ့်ထွက်လာနေသည်။ အချို့သော အလင်းစက်များမှာ ဖစ်ချ်၏ နှာခေါင်းထိပ်သို့ပင် လာရောက်ထိတွေ့နေ၏။

ဖစ်ချ်၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး မျက်နှာတွင် ချွေးစေးများဖြင့် ဖုံးလွှမ်းနေသည်။ သူသည် နှိုင်းယှဉ်၍မရသော ထိုထူးဆန်းသည့် အလင်းတန်းကို စိုက်ကြည့်ရင်း မျက်စိပင် လည်သွားကာ ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေတော့သည်။

အမြင်အာရုံ အတွေ့အကြုံများအပြင် စွမ်းအားရှင်များအနေဖြင့် သူတို့၏ ဗီဇစိတ်များကလည်း အပြင်းအထန် တုန်လှုပ်ချောက်ချားနေကြ၏။

သို့သော် ရှာလော့၊ ဂရက်နှင့် ဖစ်ချ်တို့မှာ အလွန်အမင်း ထိခိုက်မှုမရှိလှပေ။ အခြားတစ်ဖက်တွင်မူ ကျိကျစ်ရှို့၏ ခန္ဓာကိုယ်အတွင်းရှိ ညစ်ညမ်းသော သွေးများမှာ ထိုကြီးမားသော ဖိအားကြောင့် နိုးကြားလာသည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး ကွေးညွတ်သွားပြီး ကြီးမားသော ဝံပုလွေတစ်ပိုင်း သတ္တဝါအသွင်သို့ ကူးပြောင်းသွား၏။ ငွေရောင်သားမွှေးများ ထောင်ထလာပြီး လိမ္မော်ရောင် သားရဲမျက်လုံးများက အေးစက်သော အလင်းများဖြင့် တောက်ပနေကာ ဟိန်းဟောက်လိုက်သည်။

သူမသည် ခန္ဓာကိုယ်အတွင်း ဆူပွက်နေသော သွေးများကို ထိန်းချုပ်နိုင်သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးတွင်မူ ဗီဇစိတ်ကို လွှတ်ပေးထားခြင်းက ပို၍ ဘေးကင်းသည်မှာ ထင်ရှားလှပေသည်။

“ကျစ်ရှို့... ဘာ... ဘာဖြစ်တာလဲ”

နှိုင်းယှဉ်ကြည့်လျှင် သာမန်လူတစ်ဦးဖြစ်သည့် ကျိပိုတုံ၏ တုံ့ပြန်မှုမှာ ထိုမျှအထိ မပြင်းထန်လှပေ။ သူသည် ဝံပုလွေလက်သည်းကြီးများအောက်တွင် ပုန်းအောင်းရင်း တုန်တုန်ရင်ရင်ဖြင့် သမီးဖြစ်သူ၏ အမည်ကို ခေါ်လိုက်မိ၏။

ကျိကျစ်ရှို့သည် မပေါက်ကွဲသေးဘဲ ကျန်ရှိနေသော နှင်းဆီများမှတစ်ဆင့် စားသောက်ခန်းအတွင်းရှိ အခြေအနေကို အစွမ်းကုန် စောင့်ကြည့်နေ၏။

“ဘာမှမဖြစ်ဘူး ဖေဖေ... ဒီအခရာအဆင့်က... မစ္စတာလင်ဆီကို လာတာနဲ့တူတယ်...”

ထိုကဲ့သို့သော တုံ့ပြန်မှုများမှာ သူတို့အနည်းငယ်စုတွင်သာ ဖြစ်ပေါ်နေခြင်း မဟုတ်ပေ။ အိမ်တော်အတွင်းရှိ ပါတီပွဲသို့ တက်ရောက်နေကြသော စွမ်းအားရှင်အားလုံးမှာ ဖိနှိပ်နိုင်စွမ်း ကြီးမားလှပြီး ဖော်ပြ၍မရနိုင်သည့် ကြောက်ရွံ့မှုကြီးကို တစ်ပြိုင်နက်တည်း ခံစားလိုက်ကြရ၏။

သို့သော်လည်း... အဆိုးရွားဆုံးအချက်က သူတို့ ထွက်ပြေးချင်သော်လည်း မပြေးနိုင်ခြင်းပင်။ ထိုခံစားချက်၏ ဝါးမြိုခြင်းအား ခံလိုက်ရသူတိုင်းမှာ အတွေးအခေါ်နှင့် လှုပ်ရှားမှုများ အလွန်အမင်း နှေးကွေးသွားကြပြီး မိမိတို့၏ လှုပ်ရှားမှုများ ရပ်တန့်သွားသည်ကို အကူအညီမဲ့စွာဖြင့်သာ စောင့်ကြည့်နေနိုင်ကြတော့သည်။

မမျှော်လင့်ဘဲ ကျရောက်လာသော အင်အားကြီးမားလှသည့် အခရာအဆင့် ဖိအားကြောင့် အာရုံခံစားမှု အလွန်ထိလွယ်ရှလွယ်သော စွမ်းအားရှင်အချို့မှာ ကျောရိုးနှင့် ဦးခေါင်းများ ပေါက်ထွက်သွားသည်အထိ အော်ဟစ်လိုက်ကြရ၏။ ထွက်ကျလာသော အသားစများကြားတွင် စိမ့်ထွက်နေသည့် သွေးနောက်နောက်များကြား၌ တွန့်လိမ်နေသော ပိုးကောင်လေးပေါင်းများစွာကို မရေမရာ မြင်တွေ့လိုက်ရ၏။

အိမ်တော်အတွင်း မည်မျှအထိ ထိတ်လန့်တုန်လှုပ်မှုများနှင့် အော်ဟစ်သံများ ဖြစ်ပေါ်နေသည်ဆိုသည်မှာ အရေးမကြီးတော့ပေ။

***

အပိုင်း(၄၀၆)

‘ဘယ်တုန်းကမှ မကြားဖူးတဲ့ အခရာအဆင့် တစ်ဦးပါလား... ဒါ... ဒါ မဖြစ်နိုင်ဘူး... သူက အခု အိမ်တော်ရဲ့ ကောင်းကင်ထက်မှာ သူ့ရဲ့ ကိုယ်ပိုင်နယ်ကို တည်ဆောက်နေတာပဲ...အဲဒါကလည်း အဆင့်တဲ့ အချိန်နဲ့ ဟင်းလင်းပြင် နယ်ပယ်ပဲ... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိတာလဲ...’

ဂရက် တစ်ယောက် ထိတ်လန့်လွန်းသဖြင့် တံတွေးကို အနိုင်နိုင် မြိုချလိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူသည် ဖိအားကို အံတုရင်း လင်းကျဲဆီသို့ လှည့်ကြည့်လိုက်၏။

သို့သော် မစ္စတာလင်၏ ပုံစံမှာမူ ပတ်ဝန်းကျင်ကို လုံးဝသတိမထားမိပါချေ။ သူ၏ အာရုံအားလုံးမှာ ရှေ့မှ ကိတ်မုန့်ပေါ်တွင်သာ ရှိနေပြီး မည်သို့ အကောင်းဆုံး လှီးဖြတ်ရမည်ကိုသာ စဉ်းစားနေပုံရသည်။

သို့သော်လည်း အရာအားလုံးက မြင်တွေ့နေရသကဲ့သို့ မရိုးရှင်းကြောင်း ဂရက်က ယုံကြည်နေသည်။ သူသည် ကြောက်ရွံ့မှုကြောင့် ကောင်းကောင်း မစဉ်းစားနိုင်တော့သော်လည်း သတိမလွတ်စေရန် အစွမ်းကုန် ကြိုးစားနေရ၏။ စိတ်ထဲတွင်လည်း ဇဝေဇဝါ ဖြစ်နေမိသည်။ ဤအခရာအဆင့် ဖြစ်တည်မှု၏ ဖျက်ဆီးနိုင်စွမ်းမှာ ဆရာကြီး ဂျိုးဇက် ရှိနေသည့် စစ်တလင်းထက် မလျော့နည်းချေ။

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ထောက်လှမ်းရေး မှတ်တမ်းများတွင် ယခု ဖြစ်ပေါ်နေသည့် ဝိသေသလက္ခဏာများနှင့် ကိုက်ညီသော အခရာအဆင့် မည်သူမျှ မရှိပေ။

သို့သော်လည်း... ပတ်ဝန်းကျင်တွင် အိပ်မက်ဘုံ၏ အက်ကြောင်းများ မရှိသည်ကို ကြည့်ခြင်းအားဖြင့် ဤအခရာအဆင့်မှာ အိပ်မက်ဘုံမှ သားရဲတစ်ကောင်မဟုတ်ဘဲ လက်ရှိကမ္ဘာတွင် အမြဲရှိနေခဲ့သည့် ဖြစ်တည်မှုတစ်ခုသာ ဖြစ်ရပေမည်။

မျှော်စင်က သတိမထားမိခဲ့သည်လား... သို့တည်းမဟုတ်... ဤအခရာ အဆင့်က အလွန် အစွမ်းထက် နေခဲ့သည်လား။

‘ဒါမှမဟုတ် ဖြစ်နိုင်တာက...’

ဂရက်၏ အတွေးအမြင်များမှာ ဟိုတစ်စ ဒီတစ်စ ပြတ်တောက်နေသော်လည်း သူ၏ မျက်လုံးများကမူ လင်းကျဲထံမှ မခွာပေ။

စားသောက်ခန်းအတွင်းရှိ အခြားလူများမှာလည်း ဂရက်ကဲ့သို့ပင်။ ပယင်းကျောက်ထဲတွင် ပိတ်မိနေသော ပိုးကောင်လေးများအလား၊ ထာဝရ ရပ်တန့်နေသည့် နေရာတွင် ခဲနေကြ၏။

ထိုအချိန်မှာပင် စားသောက်ခန်း၏ မျက်နှာကြက်မှာ ရောင်စုံအလင်းတန်းများဖြင့် ဖော်ဆောင်ထားသော ‘လိပ်ပြာအတောင်ပံများ’ ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရသည်။

စားသောက်ခန်း အပေါ်ဘက်တွင် လွင့်မျောနေသော ဟာနီယယ်သည် အိမ်တော်တစ်ခုလုံး သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပြီဖြစ်ကြောင်း အာရုံခံမိသဖြင့် ပြုံးလိုက်သည်။

အချိန်နိယာမ၏ လက်မှ မည်သူမျှ မလွတ်မြောက်နိုင်ပေ။ ဤသည်မှာ အခရာအဆင့် တစ်ဦးအနေဖြင့် သူမ၏ အကြီးမားဆုံး အားသာချက်ပင်။ နယ်ပယ်အချင်းချင်း ယှဉ်ပြိုင်ကြသည့် အခရာအဆင့်များကြားတွင် သူမသည် အမြဲတမ်း အနိုင်ရလေ့ရှိသည်။

သူမ၏ အမြင်တွင် ကိတ်မုန့်ကို လှီးရန် ဓားနှင့် ခက်ရင်းကို ကိုင်ထားသည့် လင်းကျဲသည်လည်း ရပ်တန့်နေပြီ ဖြစ်သည်။

“ကဲ... အခုတော့ စီရင်ချက်ချရမယ့် အချိန်ရောက်ပြီ...”

သူမ၏ ကိုယ်လုံးတီး လူသားတစ်ပိုင်း ခန္ဓာကိုယ်သည် စားသောက်ခန်း၏ အမိုးခုံးပေါ်တွင် ပေါ်လာသည်။ သူမ၏ အမူအရာမှာ အေးစက်ပြီး မောက်မာလှသည်။ စီးဆင်းနေသော ရောင်စုံအလင်းတန်းများနှင့်အတူ သူမသည် လှပသော လိပ်ပြာကြီးတစ်ကောင်နှင့် တူနေလေသည်။

ဟာနီယယ်သည် လင်းကျဲ၏ အနောက်ဘက်သို့ လွင့်မျောသက်ဆင်းလာပြီး လက်ကို ဆန့်ထုတ်လိုက်ကာ အသာအယာ ပြုံးလိုက်သည်။

လူတိုင်းမှာ ပိုမိုပြင်းထန်သော ဖိနှိပ်မှုကို ခံစားလာရသည်။ အချိန်နှင့် ဟင်းလင်းပြင်မှာ တွန့်လိမ်နေပြီး အိမ်တော်တစ်ခုလုံးကို ရစ်ပတ်ထားသော မျှင်တန်းများသည် လျင်မြန်စွာ ကျုံ့ဝင်ကာ အတွင်းဘက်သို့ ဖိသိပ်လာသည်။ သူတို့၏ အရိုးများသည်ပင် ဆွေးမြည့်လုနီးပါး ဖြစ်သွားသည့်အလား တကျွတ်ကျွတ် မြည်သံများ ထွက်ပေါ်လာ၏။

ဟာနီယယ်သည် သူမ၏ နယ်ပယ်အတွင်း၌ ဤ ‘တစ်စက္ကန့်’ သော အချိန်ကို ထာဝရအထိ ဆွဲဆန့်လိုက်ခြင်း ဖြစ်သည်။

ဤအစီအစဉ် အောင်မြင်သွားသည်နှင့် ဤအိမ်တော်အတွင်းရှိ အရာအားလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားကာ အချိန်မြစ်အတွင်း ပျောက်ကွယ်သွားလိမ့်မည် ဖြစ်ပြီး မည်သည့် အကြွင်းအကျန်မျှ ကျန်ရစ်မည်မဟုတ်ပေ။

ဂရက်နှင့် ရှာလော့တို့မှာ သူတို့၏ ခန္ဓာကိုယ်အတွင်း ပိတ်မိနေကြပြီး မည်မျှပင် ကြိုးစားစေကာမူ ရုန်းထွက်နိုင်ခြင်း မရှိကြပေ။

ကျိကျစ်ရှို့သည်ပင် မသိစိတ်ဖြင့် အသက်ကို အောင့်ထားမိသည်။

ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ဖစ်ချ်သည် တောက်ပနေသော ပုံရိပ်ယောင်များ ဖုံးလွှမ်းနေသည့် စားသောက်ခန်းကို ကြည့်ရင်း ထူးဆန်းသော အတွေးတစ်ခု ဝင်လာ၏။

‘အဲဒါက... အောက်ကို... စီးကျနေသလိုပဲ...’

ရုတ်တရက် ဟာနီယယ်သည် အနက်ရောင် ဆံပင်နှင့် လူငယ်လေး လှုပ်ရှားလာသည်ကို မြင်လိုက်ရသည်။ သူသည် မည်သည့်နေရာမှ စတင်လှီးရမည်ကို ခေတ္တမျှ စဉ်းစားနေဟန် တူသည်။ ထို့နောက် တွန့်နေသော သူ၏ မျက်မှောင်များမှာ ပြေလျော့သွားပြီး ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်၏။ သူက ငွေရောင်ဓားငယ်ကို အနည်းငယ် မြှောက်လိုက်ပြီး အောက်သို့ စိုက်ချလိုက်သည်။

အချိန်၏ ခတ်နှိပ်မှုများမှာ သူ့အပေါ်တွင် ဘာသက်ရောက်မှုမျှ မရှိပေ။

“အင်း... စေးကပ်ကပ်နဲ့ပဲ...”

“...”

ဟာနီယယ်၏ မောက်မာသော အမူအရာမှာ တောင့်တင်းသွားပြီး အလွန်အမင်း ထိတ်လန့်မှုများ အဖြစ် ပြောင်းလဲသွား၏။ သို့သော်လည်း... သူမသည် လျင်မြန်စွာ စိတ်ကို ပြန်ထိန်းလိုက်၏။

သူမမှာ အခရာအဆင့်ရှိ စွမ်းအားရှင်တစ်ဦးဖြစ်ပြီး မိုက်ကယ်ပင် သူမကို ကြောက်ရွံ့ရသည် မဟုတ်ပါလား။ တစ်နည်းအားဖြင့် ဤလူတွင် စွမ်းရည်အချို့ရှိနေလျှင်ပင် သူမ၏ နယ်ပယ်ထဲမှ လွတ်မြောက်သွားခြင်းမှာ မဖြစ်နိုင်ဟု ယူဆမိသည်။

ဟာနီယယ်သည် အချိန်စီးဆင်းမှုကို ထပ်မံ အရှိန်မြှင့်ရန် ဆုံးဖြတ်လိုက်၏။ သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ လေဟာနယ်ကို ဖမ်းဆုပ်လိုက်သည့် သူမ၏ လက်ထဲတွင် အရာတစ်ခု တည်ရှိလာတော့မည့် အခြေအနေသို့ ရောက်လာသည်။

သို့သော် တစ်စုံတစ်ခုက သူမကို တားဆီးလိုက်၏။

စေးပျစ်ပျစ် အနက်ရောင် အရိပ်များဖြင့် ပြုလုပ်ထားသည့် လက်တစ်ဖက်သည် သူမ၏ နောက်ဘက်၊ ပခုံးပေါ်မှတစ်ဆင့် ထွက်ပေါ်လာပြီး သူမ၏ လက်သီးကို အသာအယာ အုပ်ကိုင်လိုက်သည်။ ထိုအရိပ်လက်သည် သူမ၏ လက်ချောင်းများကို တစ်ခုချင်းစီ အသာအယာ ပွတ်သပ်ကာ ဖြန့်ထုတ်လိုက်လေသည်။

လင်းကျဲကို ကြည့်နေသော ဂရက်မှာ ထိတ်လန့်သွား၏။ လင်းကျဲ၏ နောက်ကွယ်ရှိ အရိပ်သည် ရုတ်တရက် မှုန်ဝါးဝါး အနက်ရောင် လူရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ကို သူ မြင်လိုက်ရသည်။

‘အဲဒါ ဘာကြီးလဲ...’

ထိုအရာမှာ ဟာနီယယ်၏ နောက်ကွယ်တွင် ရပ်နေပြီး သူမကို ရင်းနှီးကျွမ်းဝင်စွာဖြင့် ‘ဖက်’ ထားကာ သူမ၏ တစ်ခုတည်းသော လက်မောင်းကို ဆုပ်ကိုင်ထားပြီး မေးစေ့ကို သူမ၏ ပခုံးပေါ်တွင် တင်ထားသည်။

“ပျားရည်...”

လင်းကျဲ၏ လက်ထဲရှိ ဓားသည် ပျားရည်ကိတ်၏ အလယ်တည့်တည့်သို့ ဝင်သွားပြီး အောက်သို့ တဖြည်းဖြည်းချင်း လျှောဆင်းသွားကာ စေးကပ်ချိုမြိန်သော ပျားရည်အနှစ်များနှင့် နူးညံ့သော ကိတ်သားများကို ခွဲထုတ်လိုက်သည်။

တစ်ချိန်တည်းမှာပင် လိပ်ပြာ၏ ခန္ဓာကိုယ်နှင့် အတောင်ပံများကိုလည်း ဖြတ်တောက်လိုက်ခြင်းပင်။

“အား...”

ဟာနီယယ်၏ အမူအရာမှာ ပုံပျက်ပန်းပျက် ဖြစ်သွားပြီး သူမ၏ ခန္ဓာကိုယ်မှာ အလယ်တည့်တည့်မှ တိတ်တဆိတ် ကွဲအက်သွားတော့၏။

ဂရက်၏ မျက်လုံးများမှာ တုန်ရီနေပြီး ဝမ်းဗိုက်ထဲတွင်လည်း မအီမသာ ဖြစ်လာသည်။ သို့သော် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ မစ္စတာလင်သည် ကိတ်မုန့်ကို လှီးဖြတ်ပြီးနောက် ခက်ရင်းဖြင့် ပျားရည်များကို ခပ်ယူကာ သူ၏ ပါးစပ်ထဲသို့ ထည့်လိုက်ခြင်းပင်။

ဟာနီယယ်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် လင်းကျဲ၏ ကျောပြင်ကို ကြည့်နေမိ၏။ သူမသည် ခေါင်းခါချင်သော်လည်း ပြည့်စုံသော ခေါင်းတစ်ခု မရှိတော့သဖြင့် တုန်ရင်နေရုံသာ တတ်နိုင်တော့သည်။

အရိပ်မည်း ကြီးသည် သူ၏ ခေါင်းကို (ဦးခေါင်းဟု ယူဆရသော နေရာကို) ဘေးသို့ အနည်းငယ် စောင်းလိုက်ပြီး ‘ပါးစပ်’ ကို ဟလိုက်၏။

ပါးစပ်...

အကယ်၍ ဦးခေါင်း၏ အလယ်မှ ကွဲအက်ထွက်လာပြီး ဟာနီယယ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်သည့် ကြီးမားလှသော အပေါက်ကြီးကို ပါးစပ်ဟု ခေါ်နိုင်ခဲ့လျှင်... ၎င်းက ပါးစပ် ဖြစ်ပေလိမ့်မည်။

ထို့နောက် ၎င်းက ငုံ့ပြီး ဝါးမျိုချလိုက်တော့သည်။

***

All Chapters