← Chapters

အခန်း (၄၀၇-၄၀၈)

Vol. 30 Ch. 407-408

အခန်း (၄၀၇-၄၀၈)

Vol. 30 Ch. 407-408

အပိုင်း(၄၀၇)

အချိန်ကာလကြီးတစ်ခုလုံး ရပ်တန့်သွားချိန်တွင် ဂရက်၏ လှုပ်ရှား၍မရတော့သော မျက်ဝန်းအစုံထဲ၌ ကမ္ဘာပျက်ကိန်း ပန်းချီကားတစ်ချပ်သဖွယ် မြင်ကွင်းတစ်ခု ထင်ဟပ်လာသည်။

အခရာအဆင့်၏ စွမ်းပကားဖြင့် မောင်းနှင်ထားသော အချိန်နယ်ပယ်အတွင်းရှိ အရာအားလုံးသည် စတင်ပျက်စီးလာချေပြီ ဖြစ်သည်။ ရှေးဦးစွာ ဒဏ်ခံလိုက်ရသည်မှာ ရုန်းကန်၍မရသော ရဲတိုက်ကြီးသဖွယ် အိမ်တော်၏ ပင်မအဆောက်အအုံပင် ဖြစ်သည်။

အမိုးခုံးနှင့် နံရံများဆီသို့ ထိုးဖောက်ဝင်ရောက်လာသော အလင်းတန်းများသည် အချိန်နိယာမ၏ စွမ်းအားဖြင့် စားသောက်ခန်းကို တဖြည်းဖြည်းချင်း အပိုင်းပိုင်းပြတ်တောက်စေကာ အရောင်မှိန်လာခြင်း၊ အက်ကွဲလာခြင်းနှင့် ထိန်းချုပ်မရဘဲ ပုံပျက်လာခြင်းတို့ ဖြစ်ပေါ်စေပြီးနောက် လေထဲတွင် လွင့်မျောနေသော အမှုန်အမွှားကလေးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဟင်းလင်းပြင် အက်ကြောင်းပေါင်းများစွာသည် နက်မှောင်သော လျှပ်စီးတန်းများအလား ရုတ်တရက်ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်၌ တည်ရှိနေသော အရာဝတ္ထုအချို့ကို ဝါးမြိုနေ၏။

ရောင်စုံဖြာထွက်နေသော အလင်းတန်းပေါင်းများစွာသည် စီးကျလာပြီး တောက်ပသော လိပ်ပြာအတောင်ပံများအဖြစ် ရက်လုပ်ထားကြသည်။ ထိုအတောင်ပံများ၏ အလယ်ဗဟိုတွင် အလယ်တည့်တည့်မှ ကွဲအက်နေသော ကိုယ်လုံးတီး အမျိုးသမီးခန္ဓာကိုယ်မှာ တောက်လောင်နေသည့် မီးပုံကြီး၏အထက်တွင် မြှောက်တင်၍ ချည်နှောင်ခံထားရသော ပူဇော်သက္ကာရ တစ်ခုကဲ့သို့ ရှိနေသည်။ သူမအား ပတ်ပတ်လည်မှ အနက်ရောင်အရိပ်များက ဝန်းရံထားပြီး သူမ၏ မျက်နှာတွင်မူ ထိတ်လန့်တုန်လှုပ်နေသော အမူအရာက အထင်အသား ရှိနေ၏။

သူမ၏ ပျက်စီးနေသော ခန္ဓာကိုယ်မှ ပန်းထွက်လာသည့် ညိုစိမ်းရောင် သွေးများသည်လည်း သူမ၏ ကိုယ်ပိုင်နယ်ပယ်အတွင်း၌ပင် ထူးဆန်းသော မီးလျှံများအလား ပွင့်လန်းလျက် ခဲနေသည်။

သူမ၏ နောက်ကွယ်တွင်မူ ပိတ်မှောင်နေသော လူရိပ်သည် ပြန့်ကားထွက်လာပြီး ပါးစပ်ကြီးတစ်ခုနှင့်တူသော ကြီးမားလှသည့် တွင်းနက်ကြီးတစ်ခုအဖြစ် ပုံပျက်သွားလေသည်။

ဤကဲ့သို့ ခန့်ညားထည်ဝါလှသော်လည်း ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်း၏အောက်တွင်မူ၊ ဤအရာအားလုံး၏ တရားခံဖြစ်သည့် နူးညံ့သိမ်မွေ့သော ပုံစံရှိသည့် အနက်ရောင် ဆံပင်များနှင့် လူငယ်လေးမှာ ဘာမျှမဖြစ်ခဲ့သည့်အလား ရှိနေ၏။

သူသည် ထိုကြောက်မက်ဖွယ် မြင်ကွင်းကို ကျောခိုင်းထားပြီး နံနက်စာကို အရသာခံစားရန်သာ အာရုံစိုက်ထားလေသည်။

လင်းကျဲသည် ချိုမြိန်လှသော ပျားရည်ကိတ်ကို မြည်းစမ်းရင်း မျက်လုံးများကို သာယာကြည်နူးစွာ မှေးစင်းထားမိသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်အရိပ်သည် ချောက်ကမ်းပါးကြီးသဖွယ် ဟင်းလင်းပြင်ကြီးအဖြစ် ပြောင်းလဲသွားကာ ထိုအခရာအဆင့် ဖြစ်တည်မှုကို အလယ်တည့်တည့်မှ ကိုက်ဖြတ်ကာ နှစ်ပိုင်းပိုင်းပစ်လိုက်တော့သည်။

“ကျွိ...”

‘နာကျင်လိုက်တာ... နာကျင်လိုက်တာ...’

လူသားတို့ မကြားနိုင်သော စူးစူးဝါးဝါး အော်ဟစ်သံနှင့်အတူ မည်သည့်လူသားမျှ မတောင့်ခံနိုင်သော ပြင်းထန်သည့် နာကျင်မှုက ပါလာသည်။

မှတ်မိနိုင်စွမ်းမရှိတော့အောင် ပျက်စီးသွားပြီဖြစ်သော ဟာနီယယ်သည် ပါးစပ်ကို အစွမ်းကုန် ဟလိုက်မိသည်။ သူမ၏ မျက်လုံးများထဲမှ စေးကပ်သော ညိုစိမ်းရောင် ဆီကဲ့သို့ အရာဝတ္ထုများစွာ ထိန်းချုပ်မရဘဲ စီးကျလာ၏။ သူမ၏ ကျန်ရှိနေသော ခန္ဓာကိုယ် လေးပုံတစ်ပုံမှာ ပြင်းထန်စွာ တုန်ရီနေပြီး နောက်သို့ ကွေးညွတ်သွားသည်။

ဖော်ပြ၍မရသော ထိတ်လန့်မှုက သူမကို ဖမ်းဆုပ်ထားသည်။ ဤကဲ့သို့သော အတွေ့အကြုံမျိုးကို တစ်ခါမျှ မကြုံဖူးသည့် ဟာနီယယ်သည် စိတ်ထဲတွင် ဘာမျှမရှိတော့ဘဲ ဗလာဖြစ်သွားရ၏။

သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ကျန်တော့သည်။ ၎င်းမှာ ‘ထွက်ပြေးဖို့’ ပင်။

ဝါးမြိုခံနေရသည်မှာ သူမ၏ ခန္ဓာကိုယ်သာမက သူမ၏ နိယာမများနှင့် နယ်ပယ်ပါ ပါဝင်နေသည်။ သူမ ထိန်းချုပ်ထားသော အချိန်စွမ်းအားများမှာ ပြိုကွဲပျက်စီးနေချေပြီ။

သို့သော် သူမသည် အချိန်ကာလကို အခြေခံ၍ တည်ရှိသော ‘ခရိုနော့စ် လိပ်ပြာ’ အမည်ရှိ ထူးကဲအံ့ဖွယ် သတ္တဝါတစ်ကောင် ဖြစ်သည်။

အခြားသော အခရာအဆင့်များအတွက် နိယာမများ ဆုံးရှုံးသွားခြင်းမှာ သူတို့၏ ခွန်အားများ ဆုံးရှုံးသွားခြင်းနှင့် တူသော်လည်း ဟာနီယယ်အတွက်မူ နိယာမများ ပြိုကွဲခြင်းသည် သေခြင်းတရားနှင့် အတူတူပင် ဖြစ်သည်။

ယခုအချိန်တွင် သူမ ကြောက်နေသည်။ အလွန်အမင်း ကြောက်လန့်နေသည်။

သို့သော် သူမ ကြောက်ရွံ့နေရုံဖြင့် ဤရက်စက်ကြမ်းကြုတ်မှုက ရပ်တန့်သွားမည် မဟုတ်ပေ။ သူမသည် ပင့်ကူအိမ်ထဲတွင် ပိတ်မိနေသော ယင်ကောင်တစ်ကောင်နှင့် တူနေသည်။ သူမ မည်မျှပင် ရုန်းကန်နေပါစေ၊ သူမကို ညှဉ်းပန်းနေသော မုဆိုးအတွက်မူ အနည်းငယ် ပျော်ရွှင်စရာ ကောင်းနေရုံသာ ရှိသည်။

လင်းကျဲ၏ လက်ထဲရှိ ငွေရောင်ဓားက ကိတ်မုန့်ကို လှီးဖြတ်လိုက်တိုင်း၊ ထိုမှောင်မည်းနေသော လူရိပ်သည် အခရာအဆင့် သတ္တဝါကြီးကို သနားညှာတာမှုမရှိဘဲ ဆွဲဖြဲပစ်နေသည်။ အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦးက မိမိဖမ်းမိထားသော လိပ်ပြာ၏ အတောင်ပံများကို တစ်ခုချင်းစီ ဆွဲဖြဲနေသည့်အလားပင်။

ကိတ်မုန့် အပိုင်းအစလေးများ လူးနေသော ပျားရည်များကို စာအုပ်ဆိုင်ပိုင်ရှင်၏ ပါးစပ်ထဲသို့ ခက်ရင်းဖြင့် ခပ်ယူထည့်လိုက်သည်။

“တကယ့်ကို အရသာရှိတာပဲ... ပျားရည်က ချိုပေမဲ့ မအီဘူး... ကိတ်သားကလည်း နူးညံ့ပြီး အရသာရှိသလို ထောပတ်ရဲ့ မွှေးရနံ့ကိုလည်း ခံစားရတယ်... ဒီသုံးမျိုးက တစ်ခုနဲ့တစ်ခု တကယ့်ကို လိုက်ဖက်ညီတာပဲ... မင်းမှာ တကယ့်ကို အရသာခံနိုင်စွမ်း ရှိတာပဲ ရှာလော့”

လင်းကျဲက အစားအသောက် ဝေဖန်သူတစ်ဦးကဲ့သို့ စိတ်ကျေနပ်စွာဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူသည် လက်ဖက်ရည်ကြမ်းကို တစ်ငုံ သောက်လိုက်၏။

အနက်ရောင်အရိပ်မှာ လွန်ခဲ့သော ခဏလေးကမှ မောက်မာဝင့်ကြွားစွာ ရောက်ရှိလာသော အခရာအဆင့် ခန္ဓာကိုယ်ကြီးကို ဆွဲဖြဲပစ်နေသည်။ ၎င်းမှာ ရောင်စုံမျှင်တန်းပေါင်းများစွာဖြင့် ပြုလုပ်ထားသော အတောင်ပံများကိုပင် မချန်ဘဲ ဆွဲဖြဲ၊ ဝါးစားကာ မျိုချပစ်လိုက်တော့သည်။

ဤအရာအားလုံးမှာ ဘာအသံမျှ မထွက်ဘဲ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ ရပ်တန့်နေသော ဤနယ်ပယ်အတွင်း၌ အခရာအဆင့်မှာ အော်ပင်မအော်နိုင်ဘဲ သူမ၏ မျက်နှာမှာ ကြောက်ရွံ့မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေရရုံသာ တတ်နိုင်ရှာသည်။

ဂရက်နှင့် ဖစ်ချ်တို့မှာ မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။ ထိုအရိပ်သည် လင်းကျဲ၏ စကားကို ကြားလိုက်ပုံရပြီး ခေါင်းညိတ်ထောက်ခံဟန် ပြလိုက်၏။

‘ဒါဆို... ဒါက ဘာကြီးလဲ... ဒါက စာအုပ်ဆိုင်ပိုင်ရှင် ဖြန့်ဝေနေတဲ့ ယုံကြည်မှုရဲ့ အစစ်အမှန် အရှင်သခင်... သတင်းတွေထဲမှာ ပါသလို ‘မိစ္ဆာနတ်ဘုရား’ ဆိုတာလား..’

ဂရက်သည် သူ့ ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း တွေးတောနေမိသည်။ အတွေးပေါင်းများစွာနှင့် ယူဆချက်များစွာက သူ့ စိတ်ထဲတွင် လျှပ်စီးကဲ့သို့ ဖြတ်ပြေးသွား၏။ ထိုအချိန်မှာပင် သူသည် ပြန်လည် စဉ်းစားတွေးခေါ်နိုင်ပြီဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။

‘ဒါဆိုရင်တော့... အခရာအဆင့်ရဲ့ နယ်ပယ်က ပြိုကွဲနေပြီပေါ့... မယုံနိုင်စရာပဲ... သူက အချိန်နိယာမကို ပိုင်စိုးထားတဲ့ အခရာအဆင့်ကို တကယ်ပဲ ချေမှုန်းပစ်လိုက်တာလား...’

ဂရက် တစ်ယောက် ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ အခရာအဆင့်၏ ဖိအားထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့် ကြောက်ရွံ့မှုက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ရေခဲတုံးကြီးထဲသို့ ကျသွားသလိုမျိုး ခံစားလိုက်ရသည်။ အကယ်၍ သူသာ လှုပ်ရှားနိုင်မည်ဆိုလျှင် ထွက်ပြေးမိမှာ သေချာပါသည်။

ဤကဲ့သို့သော ဖြစ်တည်မှုမျိုးနှင့် အချိန်အတော်ကြာအောင် ရင်ဆိုင်ခဲ့ရရုံသာမက လင်းကျဲအပေါ်တွင်လည်း အကြိမ်ကြိမ် မရိုမသေ ပြုမူခဲ့မိသည်ကို ပြန်တွေးမိသည့်အခါ ဂရက်သည် ငရဲတံခါးဝသို့ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ကျန်ရှိနေသော အသိတရားမှာ လေပြင်းကြားမှ ဖယောင်းတိုင်မီးအလား ငြိမ်းလုနီးပါး ဖြစ်သွားပြီး ဆီးအိမ်ကိုပင် မထိန်းနိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေလေသည်။

ဂရက်သည် တခြားနှစ်ယောက်၏ တုံ့ပြန်မှုကို ကြည့်ရန် မျက်လုံးများကို ခဲယဉ်းစွာ လှည့်ကြည့်လိုက်သော်လည်း မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်မှောင်ကြုတ်သွားမိသည်။

ဖစ်ချ်မှာမူ ကြောက်လန့်လွန်းသဖြင့် စိတ်ဝိညာဉ်ပင် လွင့်ထွက်သွားပုံရ၏။ သူ၏ မျက်လုံးများမှာ အသက်မဲ့နေပြီး ပါးစပ်ကလည်း ဟောင်းလောင်း ဖြစ်နေ၏။ တံတွေးတွေ စီးကျမလာတာပဲ ကံကောင်းသည်ဟု ဆိုရမည်။

အခြားတစ်ဖက်တွင်မူ... ရှာလော့၏ မျက်နှာမှာမူ အစွန်းရောက် ယုံကြည်မှုများဖြင့် တောက်ပနေသည်။ အကယ်၍ သူမကို သီလရှင်ဝတ်စုံသာ ဝတ်ပေးထားမည်ဆိုလျှင် သူမသည် ချက်ချင်းပင် ဒူးထောက်ကာ အစွန်းရောက်ဆုံးသော ဘာသာရေးသမားတစ်ဦး ဖြစ်သွားမှာ အသေအချာပင်။

ထိုအချိန်မှာပင် ဂရက်သည် မြေပြင်ပေါ်သို့ တစ်စုံတစ်ခု ကျသွားသည့် အသံကို တိုးတိုးလေး ကြားလိုက်ရ၏။

ထို့နောက် လင်းကျဲ၏ အသံ ထွက်ပေါ်လာသည်။

“အင်း... သုံးစက္ကန့်အတွင်း ပြန်ကောက်ရင် စားလို့ရသေးတယ်...”

တစ်ချိန်တည်းမှာပင် ဂရက်သည် သူ့အပေါ်သို့ ဖိနှိပ်ထားသော အချိန်ခတ်နှိပ်မှုများ လုံးဝ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရ၏။

လူငယ်လေးသည် အနောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်ရာ၊ အနက်ရောင်အရိပ်၏ ဝါးမျိုခြင်းကို ခံလိုက်ရသဖြင့် ပါးပြင်တစ်ဝက်နှင့် မျက်ခုံးတစ်ဖက်သာ ကျန်တော့သော အခရာအဆင့် သတ္တဝါကြီးမှာ အလိုအလျောက် အငွေ့ပျံသွားပြီး အပြင်ဘက်သို့ လွင့်ထွက်သွားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားကာ ပိုးကောင်အချို့ကိုသာ ချန်ရစ်ခဲ့သည်ကို မြင်တွေ့လိုက်ရ၏။

***

အပိုင်း(၄၀၈)

ဝုန်း...

အခရာအဆင့်၏ အလျင်အမြန် ထွက်ပြေးမှုကြောင့် ဘာအသံမျှမထွက်သော မုန်တိုင်းတစ်ခု ပေါ်လာပြီး အရာအားလုံးကို လွှမ်းမိုးသွားသည်။ ယခင်က ပျက်စီးသွားသော အရာဝတ္ထုများမှာ ပြန်လည် ထွက်ပေါ်လာပြီး စုစည်းသွားကြရာ၊ အချိန်နှင့် ဟင်းလင်းပြင် ပုံပျက်မှုများမှာ ဟာရီကိန်းမုန်တိုင်းကြားမှ သစ်သားအိမ်လေးများအလား ဖြစ်သွားတော့သည်။ အနက်ရောင်အရိပ်၏ ပတ်ဝန်းကျင်ရှိ နေရာသာလျှင် မည်သည့်သက်ရောက်မှုမျှ မရှိဘဲ ကျန်ရစ်ခဲ့၏။

ဂရက် တစ်ယောက် တောင့်တင်းသွား၏။

‘မဟုတ်ဘူး... အချိန်ခတ်နှိပ်မှုတွေက ပျောက်ကွယ်သွားတာ မဟုတ်ဘူး... အခရာအဆင့်က သူမရဲ့ ကိုယ်ပိုင်နိယာမကို တိုက်ရိုက် ပြောင်းပြန်လှန်ပစ်လိုက်တာ...’

ကျုံ့ဝင်နေသော အရာများမှာ ပြန့်ကားလာပြီး အချိန်နယ်ပယ်သည် ရှေ့သို့သွားနေရာမှ နောက်သို့ပြန်ဆုတ်ကာ တစ်ဖန် ပြန်လည် ပြောင်းလဲသွားချေပြီ။

သူမသည် အချိန်အပေါ် ထိန်းချုပ်မှုကို ရုပ်သိမ်းလိုက်ပြီး ထိုခဏ၌ပင် လေးခွနှင့် ပစ်လိုက်သကဲ့သို့ အတင်းအကျပ် ဆွဲဆန့်ထားသော အချိန်ကာလသည် မူလနေရာသို့ ချက်ချင်း ပြန်ရောက်သွားသည်။ သူမသည် သဘာဝအတိုင်း ပြန်ကန်ထွက်လာသော စွမ်းအားကို အသုံးချကာ အချိန်မြစ်၏ ဆန်တက်ရာသို့ ကူးခတ်ပြီး အနက်ရောင်အရိပ်၏ ထိန်းချုပ်မှုမှ ထွက်ပြေးလွတ်မြောက်သွားခြင်း ဖြစ်သည်။

ဟာနီယယ်သည် သေခြင်းတရားမှ လွတ်မြောက်ရန် သူမ၏ အစွမ်းရှိသမျှကို အသုံးချခဲ့ရခြင်း ဖြစ်သည်။

ဂရက်သည် ရှေ့မှ အပြောင်းအလဲများကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိသည်။ အချိန်ကာလမှာ ရုတ်တရက် ခုန်ကူးသွားပြီး ပျက်စီးသွားသော နံရံများနှင့် အမိုးခုံးမှာ ပြန်လည် ကောင်းမွန်သွားသည်။ သေဆုံးသွားကြသော လူများမှာလည်း ထိုခဏချင်းမှာပင် ပြန်လည် အသက်ဝင်လာပြီး ဟင်းလင်းပြင် အက်ကြောင်းများမှာလည်း ပျောက်ကွယ်သွားတော့သည်။

မှန်စီရွှေချ အမိုးခုံးပေါ်မှတစ်ဆင့် နံနက်ခင်း၏ တောက်ပသော အလင်းတန်းများ လှပစွာ ဖြာကျလာသည်။ နံနက်စာ စားနေကြသော လူများမှာလည်း ပျော်ရွှင်စွာ စကားပြောနေကြဆဲဖြစ်ပြီး ပြတင်းပေါက်များမှတစ်ဆင့် ငှက်ကလေးများ၏ တေးဆိုသံများ လွင့်ပျံ့လာသည်။

(စာအုပ်ဆိုင်ပိုင်ရှင်၏ နောက်ကွယ်တွင် ရောက်ရှိသွားပြီး လေချဉ်တက်လိုက်သော အနက်ရောင်အရိပ်ကြီးမှလွဲလျှင်...) အရာအားလုံးမှာ ဘာမျှမဖြစ်ခဲ့သကဲ့သို့ မူလအခြေအနေသို့ ပြန်ရောက်သွားချေပြီ။

လင်းကျဲသည် မြေပြင်ပေါ်မှ ကိတ်မုန့်ကို ကောက်ယူလိုက်သော်လည်း ကံမကောင်းစွာဖြင့် သုံးစက္ကန့်ထက် ကျော်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။

သူသည် ဂရက်၏ ကြောင်အမ်းအမ်း ကြည့်နေသော အကြည့်နှင့် ဆုံသွားသည့်အခါ မျက်တောင် အကြိမ်ကြိမ် ခတ်လိုက်ပြီး အစေခံကို ခေါ်ကာ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်၏။

“ကြမ်းပြင်ကို ညစ်ပတ်အောင် လုပ်မိလို့ တောင်းပန်ပါတယ်ဗျာ... ဒါလေးကို သန့်ရှင်းရေးလုပ်ပေးဖို့ ကူညီပေးလို့ ရမလား”

လင်းကျဲသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။

“ကံကောင်းလို့ ဘယ်သူမှ သတိမထားမိသွားဘူး”

ထို့နောက် သူက အနည်းငယ် တုန်ရင်နေကြသော လူငယ်သုံးဦးကို ကြည့်ကာ ပြောလိုက်၏။

“စားကြလေ... ဘာလို့ မစားကြတာလဲ...”

...

‘ဘယ်သူကများ စိတ်မှန်ကိုယ်မှန်နဲ့ အခုလိုအချိန်မှာ အစားစားနိုင်မှာလဲဗျာ...’

ဂရက်၏ မျက်နှာမှာ ဖြူရော်ပြီး ဗလာဖြစ်နေသော်လည်း စိတ်ထဲတွင်မူ ရူးသွပ်မတတ် အော်ဟစ်နေမိသည်။ စောစောက အခရာအဆင့် သတ္တဝါကြီး ထွက်ပြေးသွားသလိုမျိုး သူသည်လည်းပဲ အဝေးဆုံးကို ပြေးထွက်သွားချင်မိတော့၏။

သို့သော်လည်း သူ၏ ပခုံးပေါ်တွင် ဂျိုးဇက်ကို ကယ်တင်ရန်ဟူသော ကြီးမားသည့် တာဝန်ရှိနေသည်။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ မစ်ရှင်ကို ထမ်းပိုးထားရသူဖြစ်သဖြင့် သူ ထွက်ပြေး၍ မဖြစ်နိုင်ပါချေ။ အချိန်နိယာမကို ပိုင်စိုးထားသည့် နတ်ဘုရားများပင် ဤပုဂ္ဂိုလ်ကို ဘာမှမတတ်နိုင်ကြချေ။ ဤသည်မှာ လုံးဝ ဖြေရှင်း၍မရနိုင်သော ဖြစ်တည်မှုမျိုးပင် ဖြစ်သည်။

ကံကောင်းသည့် တစ်ခုတည်းသော အရာက မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ မစ္စတာလင်က တစ်ဖက်လူကို လွှတ်ပေးလိုက်ခြင်းပင်။ ထိုအတောအတွင်းမှာပင် အိမ်တော်တစ်ခုလုံး၏ အချိန်စီးဆင်းမှုမှာ မူလအတိုင်း ပြန်ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

မည်သူမျှ ထိခိုက်ဒဏ်ရာ မရရှိခဲ့သလို၊ အဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်တွေ့ရှိခဲ့ပြီး မှတ်ဉာဏ်ကျန်ရစ်ခဲ့သည့် သူတို့အနည်းငယ်မှလွဲ၍ ကျန်ရှိသောလူများမှာ ခုနက တိတ်ဆိတ်သော တိုက်ပွဲကြီးကို မှတ်မိကြမည်မဟုတ်ပေ။

လင်းကျဲသည် သူ၏ရှေ့မှ လူငယ်သုံးဦးကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။ သူတို့က အဘယ်ကြောင့် ထူးဆန်းသော ပုံစံများဖြင့် တောင့်တင်းနေကြပြီး သူ့ကိုလည်း အဘယ်ကြောင့် သည်လောက်တောင် ထူးထူးဆန်းဆန်း ကြည့်နေကြသနည်းဟု သူ တွေးနေမိ၏။

‘ငါ ကိတ်မုန့် နှစ်လုပ် သုံးလုပ်လောက် စားလိုက်တာနဲ့ သူတို့တွေ ဘာလို့ ရုတ်တရက်ကြီး ထူးဆန်းသွားကြတာလဲ... တစ်ယောက်ချင်းစီကလည်း တစ်မျိုးစီပဲ...’

ဂရက်၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူ့ ပုံစံက ဝက်မတစ်ကောင် သစ်ပင်ပေါ်တက်သွားသည်ကို မြင်လိုက်ရသကဲ့သို့ အလွန်အမင်း တုန်လှုပ်ချောက်ချားနေပုံရ၏။ ဤအမူအရာမှာ လင်းကျဲနှင့် တံခါးဝတွင် ပထမဆုံးဆုံခဲ့စဉ်ကထက်ပင် ပို၍ ဆိုးရွားနေသေးသည်။

အခြားတစ်ဖက်တွင်မူ ဖစ်ချ်မှာ တစ်ခုခုကို မိန်းမောနေပြီးမှ သတိပြန်ဝင်လာသည့်အလား ကြောင်အမ်းအမ်း ဖြစ်နေသော်လည်း သူ့ စိတ်မှာ အပြည့်အဝ ပြန်ရောက်မလာသေးပေ။

ရှာလော့မှာမူ... သုံးယောက်ထဲတွင် အခြေအနေ အမှန်ဆုံးဟု ဆိုရမည်။ သူမသည် ပုံမှန်နှင့် သိပ်မကွာလှသော်လည်း လင်းကျဲကို ကြည့်နေသည့် အကြည့်များမှာ ယခင်ထက် ပို၍ ပြင်းထန်နေ၏။ ထိုအကြည့်မျိုးမှာ လူသားအသွင် ဖန်ဆင်းထားသည့် နတ်ဘုရားတစ်ပါးကို ဖူးမြော်နေသည့် အစွန်းရောက်အကြည့်မျိုးပင်။

အဟမ်း... ၎င်းသည်လည်း သိပ်တော့ ပုံမှန်မဟုတ်လှပါချေ။ သို့သော် အခြားသူများနှင့် နှိုင်းယှဉ်လျှင် သူမက အငြိမ်ဆုံးဖြစ်ပြီး ကြည်ညိုမှုများက ပို၍ တိုးလာရုံသာ ရှိသည်။

‘ဒါဆို ဂရက်နဲ့ ဖစ်ချ်က ဘာလို့ ရုတ်တရက်ကြီး ဒီလိုဖြစ်သွားရတာလဲ...’

လင်းကျဲ အတွေးနက်သွားမိသည်။

‘ငါ သုံးစက္ကန့်နိယာ' အကြောင်း တိုးတိုးလေးပဲ ပြောလိုက်မိတာပါ... ဒီကမ္ဘာကလူတွေအတွက် အဲဒီလောက်တောင် အံ့သြစရာ ကောင်းနေလို့လား... ဒီမှာ အဲဒီလို အယူအဆမျိုး မရှိလို့ ဖြစ်မှာပါ...’

ဂရက်သည် သန့်ရှင်းသပ်ရပ်မှုနှင့် အဆင့်အတန်းကို ဂရုစိုက်သော တော်ဝင် မျိုးနွယ် ဖြစ်သည့်အတွက်၊ အခုလို တစ်ကိုယ်ရေသန့်ရှင်းမှု မရှိသည့် လုပ်ရပ်မျိုးကို မြင်လိုက်ရလျှင် ထိတ်လန့်သွားမှာ အမှန်ပင်။

‘အင်း... ဒါက ဖြစ်နိုင်တယ်...’

သို့သော်လည်း... ဖစ်ချ်လိုမျိုး ခြေသလုံးအိမ်တိုင် တစ်ယောက်အတွက်မူ၊ မတော်တဆ ပြုတ်ကျသွားသည့် အစားအစာကို နှမြောသဖြင့် ကောက်စားဖူးမှာ သေချာပါသည်။ သာမန်အခြေအနေမျိုးတွင် သူသည် ဤမျှအထိ ပြင်းထန်သော တုံ့ပြန်မှုမျိုး ပြစရာ အကြောင်းမရှိပေ။

သို့သော်လည်း... လင်းကျဲနှင့် ဖစ်ချ်တို့ အတူရှိနေခဲ့သည့် ခဏတာအတွင်း လေ့လာမိသလောက်၊ ဤလူငယ်မှာ မိမိကိုယ်ကိုယ် ယုံကြည်မှု အားနည်းသော်လည်း သူ့ ဂုဏ်သိက္ခာကိုမူ အလွန်အမင်း ဂရုစိုက်သူဖြစ်သည်။ တစ်ဖက်တွင် သူသည် တော်ဝင်မျိုးနွယ်များကို မုန်းသော်လည်း အခြားတစ်ဖက်တွင်မူ ဤ "အထက်တန်းလွှာ လူ့အဖွဲ့အစည်း" ထဲသို့ ဝင်ဆံ့နိုင်ရန် အစွမ်းကုန် ကြိုးစားနေသူ ဖြစ်သည်။ ထို့ကြောင့် လူအများရှေ့တွင် ဤကဲ့သို့သော လုပ်ရပ်မျိုးကို သူ ဘယ်တော့မှ လုပ်မည်မဟုတ်ပေ။

ထို့ကြောင့် သူ၏ ကြောင်အမ်းအမ်း ဖြစ်နေသော ပုံစံမှာ ... ဤကဲ့သို့ အဆင့်မြင့်သော ပွဲတော်မျိုးတွင် မိမိ၏ ဂုဏ်သိက္ခာကို အရေးမထားဘဲ ထိုသို့လုပ်ရဲသောသူ ဤကမ္ဘာပေါ်တွင် ရှိလိမ့်မည်ဟု ဖစ်ချ်က တစ်ခါမျှ မတွေးခဲ့မိခြင်းကြောင့် ဖြစ်နိုင်ပေသည်။

ဤသို့ ဆင်ခြင်ကြည့်လိုက်သည့်အခါ လင်းကျဲအနေဖြင့် အတော်လေး ယုတ္တိတန်သည်ဟု ခံစားလိုက်ရသည်။

‘အင်း... ဒါပေမဲ့ အဲဒါက ငါ့ကို အရှက်ရစေတာ မဟုတ်ဘူးလား...’

‘မဖြစ်ဘူး၊ မဖြစ်ဘူး... အခုထိ ငါတည်ဆောက်လာခဲ့တဲ့ 'ဘဝလမ်းပြ ဆရာကြီး' ဆိုတဲ့ ပုံရိပ်ကြီး ပြိုလဲကုန်မှာပေါ့... ငါ တည်တည်ငြိမ်ငြိမ် ရှိနေမှ ဖြစ်မယ်...’

လင်းကျဲက ပါးစပ်ကို ပိတ်ကာ အနည်းငယ် ချောင်းဟန့်လိုက်ပြီး ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်သည်။

“ခုနက ငါ့လုပ်ရပ်က နည်းနည်းတော့ အမြင်မတင့်တယ်သလို ဖြစ်သွားလိမ့်မယ်... ဒါပေမဲ့ အဲဒီလောက်ကြီး တုံ့ပြန်ဖို့ မလိုပါဘူးနော်... ငါ နည်းနည်း... စိတ်လောသွားလို့ပါ... ပြောရရင် ဆန်တစ်စေ့ဆိုတာ လုပ်အားတွေရဲ့ ရလဒ်ပဲလေ၊ အစားအသောက် လေလွင့်တာဟာ တကယ်ကို နှမြောစရာပါ...”

မစ္စတာလင်က တည်တည်ကြည်ကြည်နှင့် ရှင်းပြလိုက်ပြီး လက်ချောင်းကလေးများဖြင့်လည်း ဟန်အမူအရာ လုပ်ပြလိုက်သည်။ ထို့နောက် သူ့ ရှေ့မှ သုံးယောက်ကို ရိုးသားစွာ ကြည့်လိုက်၏။

“ဟုတ်တယ်မလား...”

သူ့နောက်ကွယ်ရှိ အရိပ်ကြီးသည်လည်း တစ်စုံတစ်ခုကို ကြည့်နေသကဲ့သို့ ဦးခေါင်းကို အသာအယာ လှည့်လိုက်ပုံရသည်။

ဂရက် တစ်ကိုယ်လုံး တုန်သွား၏။ လင်းကျဲ၏ ရိုးသားသော အကြည့်များရှိသော်လည်း သူသည် ကြီးမားသော ခြိမ်းခြောက်မှုကို အပြည့်အဝ ခံစားလိုက်ရသည်။ ရေအေးနှင့် အလောင်းခံလိုက်ရသကဲ့သို့ပင်။ မိမိ၏ အသက်ရှင်သန်ရေးအတွက် သူသည် စိတ်ထဲရှိ ရှုပ်ထွေးမှုများကို ချက်ချင်း ငြိမ်သက်အောင် လုပ်လိုက်သည်။

လူငယ်လေးသည် လက်နှစ်ဖက်ကို အလျင်အမြန် ဝှေ့ယမ်းကာ ခေါင်းကို အတင်းအဓမ္မ ခါလိုက်သည်။

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး... ဆရာ ပြောတာ မှန်ပါတယ်... ဒါက... အစားအသောက်ပဲလေ...”

သူက ခေတ္တရပ်သွားပြီး ငိုနေတာထက် ပိုကြည့်ရဆိုးသော အပြုံးကို အတင်းလုပ်ပြကာ...

“အစားအသောက်ကို လေးစားမှုပေါ့”

သူ၏ စကားလုံးများမှာ မပီမသနှင့် ထစ်ငေါ့နေ၏။

“ဟုတ်ပါတယ်၊ ဘယ်လိုလုပ် အမြင်မတင့်တယ်တာ ရှိမှာလဲ... တကယ့်ကို သင့်တော်လွန်းလှပါတယ်... အပြန်အလှန်အားဖြင့် ပြောရရင် ကျွန်တော်ကတော့ အဲဒီလို ဖြုန်းတီးတတ်တဲ့ အကျင့်တွေကမှ တကယ့်ကို အမြင်မတင့်တယ်တာလို့ ထင်ပါတယ်... ဟို ဟန်ပြလုပ်နေကြတဲ့ တော်ဝင်မျိုးနွယ်တွေလိုမျိုးပေါ့... အသွင်အပြင်နဲ့ ဂုဏ်သိက္ခာကိုပဲ အလွန်အမင်း ဂရုစိုက်ကြပြီး ကိုယ်ကျင့်တရားပိုင်းကိုတော့ လျစ်လျူရှုထားကြတာ... တကယ်ကို ဆိုးရွားလွန်းပါတယ်...”

“ဒီကမ္ဘာပေါ်မှာ ငတ်မွတ်နေတဲ့သူတွေ အများကြီး ရှိတာပဲ... ကျွန်တော်တို့ တစ်ယောက်တည်းနဲ့ လူတိုင်းကို မကယ်နိုင်ရင်တောင် အနည်းဆုံးတော့ အစားအသောက် မဖြုန်းတီးဖို့ စာနာစိတ် ရှိရမှာပေါ့... ဟုတ်တယ်၊ အဲဒါပဲ...”

***

All Chapters