အခန်း (၄၀၉-၄၁၀)
Vol. 30 Ch. 409-410
အပိုင်း(၄၀၉)
‘ဘုရားရေ... ငါ ဘာတွေ ပြောနေမိတာလဲ...’
‘အစားအသောက် ဆိုတဲ့ စကားလုံးက ဘယ်ကနေ ရောက်လာတာလဲ...’
‘ဟား... ဟား ဟား... အိမ်တော်တစ်ခုလုံးကို ဖျက်ဆီးပစ်လုနီးပါး ဖြစ်ခဲ့တဲ့ အခရာအဆင့်ကို ‘အစားအသောက်’ လို့ပဲ သာမန်ကာလျှံကာ သတ်မှတ်လိုက်တာလား...’
ဂရက်သည် တံတွေးကို မြိုချလိုက်မိသည်။ ယခုအခါတွင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်သည် စာအုပ်ဆိုင်နှင့် ပတ်သက်သမျှ အရာအားလုံးကို အဘယ်ကြောင့် သည်လောက်အထိ သတိထားပြီး လိုက်လျောနေရတာလဲဆိုသည်ကို သူ တကယ်ကို နားလည်သွားခဲ့လေပြီ။
စာအုပ်ဆိုင်က မကောင်းဆိုးဝါး အင်အားစုတွေကို မွေးမြူနေတာ သိသိကြီးနဲ့တောင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်နှင့် အမှန်တရားအသင်းတော်တို့ ဘာမှမလုပ်တာဟာ သူ ထင်ခဲ့သလို လျှို့ဝှက်ကြံစည်မှုကြောင့် မဟုတ်ပါချေ။
အကယ်၍ သူတို့သာ တစ်ဖက်လူကို လိုက်မလျောခဲ့ပါက... နော်ဇင်မြို့ကြီး တစ်မြို့လုံး ပျောက်ကွယ်သွားပေလိမ့်မည်။
ဂရက် ရုတ်တရက် နားလည်သဘောပေါက် သွားသည်ကို မြင်လိုက်ရသည့်အခါ လင်းကျဲသည် စိတ်သက်သာရာ ရသွားသည်။ သူသည် လက်ကိုဆန့်ထုတ်ကာ ဂရက်၏ ပခုံးကို ချီးကျူးသည့်အနေဖြင့် ပုတ်လိုက်၏။
“မင်းဆီကနေ ဒီလောက်အထိ မြင့်မားတဲ့ သိမြင်မှုမျိုး ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး... မင်းက တကယ့်ကို သာမန် တော်ဝင်မျိုးနွယ်တွေနဲ့ မတူဘူးပဲ... ဒါကြောင့်လည်း ဂျိုးဇက်က မင်းကို တပည့်အဖြစ် လက်ခံခဲ့တာပေါ့... သူက တကယ့်ကို လူအကဲခတ် တော်တာပဲ”
ဂရက်က အတင်းအကြပ် ပြုံးပြလိုက်၏။ သူ ပခုံးပေါ်ရှိ လက်ကိုပင် မကြည့်ရဲတော့ပေ။ လင်းကျဲက ဓားနှင့် ခက်ရင်းကို သုံးပြီး ပျားရည်ကိတ်ကို လှီးဖြတ်ခဲ့ပုံကို တွေးလိုက်ရုံနှင့်ပင် သူ၏ ဆီးအိမ်မှာ လျော့ရဲလုနီးပါး ဖြစ်သွားရသည်။
သူ ထွက်ပြေးချင်စိတ်ကို အောင့်အီးကာ ပြန်ပြောလိုက်၏။
“မစ္စတာလင်ကလည်း ကျွန်တော့်ကို မြှောက်နေပါပြီ... ဒါတွေအားလုံးက ကျွန်တော့်ဆရာ ဂျိုးဇက်က သေချာ သင်ကြားပေးခဲ့လို့ပါ... ကျွန်တော်ကလည်း ဆရာကြီး ဂျိုးဇက်ရဲ့ စရိုက်ကို အမြဲတမ်း အားကျခဲ့လို့ သူ့နားကို ချဉ်းကပ်နိုင်အောင် အစွမ်းကုန် ကြိုးစားခဲ့တာပါ...”
“ဟား ဟား... ငါ ပိုပြောနေတာ မဟုတ်ပါဘူး... မင်းအရွယ်နဲ့ မတူညီတဲ့ လူတန်းစားတွေကြားက ကွာဟမှုကို ဂရုစိုက်တာက တကယ်ကို ရှားပါတယ်”
လင်းကျဲသည် ဖစ်ချ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“လမ်းဘေးမှာ လေလွင့်ခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ ဖစ်ချ်ကလည်း ဒီအချက်ကို တော်တော်လေး နားလည်မှာပါ”
လင်ကျဲ သူ၏ ဖောက်သည်များအကြား ယှဉ်ပြိုင်မှုကြောင့် အသုံးစရိတ်များ ပိုသုံးလာအောင် မျှော်လင့်ထားသော်လည်း၊ သူတို့ တစ်ယောက်နှင့် တစ်ယောက် အဆင်မပြေဖြစ်မှာကိုတော့ သူ ဂရုစိုက်ရပါမည်။ သူတို့အချင်းချင်း တူညီသော ခံယူချက်ရှိလာစေရန် ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ရမည် ဖြစ်သည်။
“အင်း... ဗျာ...”
ဖစ်ချ်မှာ ခေတ္တမျှ ကြောင်သွားပြီးမှ အလျင်အမြန် ခေါင်းညိတ်လိုက်၏။
“ဟုတ်ကဲ့...”
လင်းကျဲက ပြုံးလိုက်၏။
“ကြည့်လေ... သူလည်း မင်းကို ထောက်ခံတယ်...”
အနီးအနားတွင် ဖစ်ချ်နှင့် ဂရက်တို့ ပျော်ပျော်ပါးပါး စကားပြောနေကြသည်ကို ကြည့်ရင်း လင်းကျဲက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။
သဟဇာတဖြစ်စွာ ဆက်သွယ်ပြောဆိုနိုင်ခြင်းသည်ပင် ရေခဲပြင်ကြီး အရည်ပျော်ဖို့ အစပျိုးခြင်းပင် ဖြစ်သည်။ ဂရက်အနေဖြင့် အခြားသူများနှင့် ပိုမိုထိတွေ့ဆက်ဆံရပါက သူ၏ စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို တဖြည်းဖြည်း ကျော်လွှားနိုင်ပြီး၊ စိုးရိမ်စိတ်ကြောင့် စကားကောင်းကောင်း မပြောနိုင်သော ‘လူမှုဆက်ဆံရေး ကြောက်သည့် ရောဂါ’ ကိုလည်း ကုသနိုင်လိမ့်မည်ဟု လင်းကျဲ ယုံကြည်နေ၏။
‘မလိုပါဘူးဗျာ... ကျေးဇူးတင်စရာ မလိုပါဘူး...’
မွေးနေ့လက်ဆောင် ပေးအပ်ပွဲကို မွန်းတည့်အချိန်မှသာ စတင်ရန် သတ်မှတ်ထားသဖြင့် ယခုအချိန်မှာ ဧည့်သည်များအချင်းချင်း မိတ်ဖွဲ့ရင်း အချိန်ဖြုန်းနေကြသည့် အချိန်ဖြစ်သည်။
သို့သော် လင်းကျဲမှာမူ ဤပွဲတွင် မည်သူ့ကိုမျှ မသိသဖြင့် လူအုပ်ကြီးထဲသို့ ဝင်ဆံ့နိုင်ခြင်း မရှိပေ။ ထို့အပြင် သူ့ ရှေ့တွင်လည်း အသင့်ရှိနေသော ‘ဖောက်သည်’ သုံးဦး ရှိနေသည်မဟုတ်ပါလား။ ထို့ကြောင့် သူတို့ကို အရင်ဆုံး ဂရုစိုက်ပေးရမည်မှာ သဘာဝပင်။
‘အရေအတွက်ထက် အရည်အသွေးက ပိုအရေးကြီးသည်’ ဟူသော အချက်ကို လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း စာအုပ်ဆိုင် ဖွင့်လှစ်လာသည့် အတွေ့အကြုံအရ လင်းကျဲ ကောင်းကောင်း နားလည်ထားပြီး ဖြစ်သည်။ အရည်အသွေးရှိသော ဖောက်သည်တစ်ဦးသည် ပြဿနာအများစုကို ဖြေရှင်းပေးနိုင်ရုံသာမက၊ ဖောက်သည်အချင်းချင်း အပြန်အလှန် ဖြည့်ဆည်းပေးခြင်းကလည်း စာအုပ်ဆိုင်အပေါ် ပိုမိုကောင်းမွန်သော အမြင်ရှိလာစေရန် အထောက်အကူ ဖြစ်စေသည်။
အထူးသဖြင့် ဂရက်နှင့် ရှာလော့တို့မှာ ဂျိုးဇက်နှင့် အဘိုးဝယ်လ်တို့နှင့် နီးစပ်သူများ ဖြစ်ကြရာ၊ သူတို့နှင့် ရင်းနှီးမှုကို ခိုင်မာအောင် တည်ဆောက်ထားခြင်းက လင်းကျဲအတွက် ပိုမိုလျင်မြန်သော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးမည်မှာ အမှန်ပင်။
အမှန်စင်စစ် လင်းကျဲကို လှမ်းကြည့်နေကြပြီး စကားလာပြောချင်နေကြသော ဧည့်သည်များစွာ ရှိနေပါသည်။ သို့သော်လည်း ယမန်နေ့ညက ကျိကျစ်ရှို့နှင့် လင်းကျဲတို့၏ ဆက်ဆံရေးကို တွေ့မြင်ခဲ့ကြသဖြင့် သူတို့မှာ ချဉ်းကပ်ရန် ဝန်လေးနေကြပုံရ၏။ ထိုဖောက်သည်လောင်းများမှာ စိတ်ထဲတွင် အတော်လေး ရုန်းကန်နေကြရပြီးနောက် နောက်ဆုံးတွင် လက်လျှော့လိုက်ကြဟန် တူသည်။ လင်းကျဲဘက်ကလည်း ထိုဖောက်သည်အသစ်များကို ဖိတ်ခေါ်ချင်သော်လည်း လုပ်ခွင့်မရဘဲ ဖြစ်နေရ၏။
‘ဟူး... ငါက အကောင်းမြင်လွန်းသွားတာပဲ... ဖောက်သည်အုပ်ကြီးကို တစ်ခါတည်းနဲ့ ချက်ချင်း ရဖို့ဆိုတာက တကယ်ကို မဖြစ်နိုင်ဘူး... ဒါပေမဲ့ ကိစ္စမရှိပါဘူး... အနည်းဆုံးတော့ ဒီလူတွေရဲ့ စိတ်ဝင်စားမှုကို ရထားတာပဲလေ... ဒါက နောင်မှာ ပူးပေါင်းဆောင်ရွက်မှု ကြေညာတဲ့အခါ အခြေခံကောင်းတစ်ခု ဖြစ်လာမှာ’
လင်းကျဲက တွေးတောရင်း သူ့ ရှေ့မှ လိမ်မာယဉ်ကျေးနေသော ရှာလော့ဘက်သို့ လှည့်လိုက်သည်။ အဘိုးဝယ်လ်၏ လက်ထောက်အသစ်ဖြစ်သော ဤအမျိုးသမီးလေးမှာ တစ်နည်းအားဖြင့် အဘိုးဝယ်လ်၏ တပည့်တစ်ဝက်ဟုပင် ဆိုနိုင်သည်။ သူမ၏ အသွင်အပြင်ကို ကြည့်လိုက်လျှင်ပင် တော်ဝင်မျိုးနွယ်တို့၏ အရှိန်အဝါနှင့်အညီ အေးစက်သော အလှပိုင်ရှင်လေး ဖြစ်နေ၏။
ကျိကျစ်ရှို့၏ နှင်းဆီတစ်ပွင့်ကဲ့သို့ ပြင်းထန်သော အလှတရားနှင့် နှိုင်းယှဉ်လျှင် ရှာလော့မှာ နူးညံ့သိမ်မွေ့သော ရေကြာပန်းလေးတစ်ပွင့်နှင့် ပိုတူသည်။ သူမတွင် အဖြူရောင်သန်းနေသော ရွှေရောင်ဖျော့ဖျော့ ဆံနွယ်ရှည်များ ရှိပြီး၊ သူမ၏ မျက်ဝန်းများမှာ နှင်းခဲများ ဖုံးလွှမ်းနေသည့် ရေကန်ပြာလေးသဖွယ် မှိန်ပြာရောင် ရှိသည်။
သူမသည် တော်ဝင် မျိုးနွယ်အဖြစ် မွေးဖွားလာသူပီပီ၊ ခမ်းနားထည်ဝါလှသော အဖြူရောင်ဝတ်စုံနှင့် အလွန်လိုက်ဖက်လှပြီး ကတ္တီပါထိုင်ခုံပေါ်တွင် ကျနစွာ ထိုင်နေရင်း အနည်းငယ် စိမ်းသက်သော အပြုံးလေးဖြင့် ရှိနေ၏။
‘ဒါကြောင့်ကိုး...’
ယခု လင်းကျဲ ပြန်စဉ်းစားကြည့်သည့်အခါ ကျိကျစ်ရှို့၏ အပြုအမူများမှာ တော်ဝင်မျိုးနွယ်တို့၏ အစဉ်အလာနှင့် ကိုက်ညီနေသော်လည်း၊ သူမမှာ အထက်တန်းလွှာ တစ်ဦးနှင့်တော့ လုံးဝ မတူလှပေ။
ဂရက် ပြောခဲ့သလို ကျိမိသားစုမှာ မြောက်ပိုင်းဒေသမှ လေလွင့်သူများ၏ အနွယ်ဝင်များ ဖြစ်ကြပြီး ‘ရိုးလ် သယံဇာတ’ မှာလည်း တူးဖော်ရေးအတွက် ကိရိယာတစ်ခုမျှသာ ဖြစ်ခဲ့သည်။ ကျိမိသားစု၏ အမှတ်အသားဖြစ်သော ဆံပင်နက်များနှင့် ထူးခြားသော အမည်ပေးပုံများမှာလည်း ပတ်ဝန်းကျင်နှင့် အနည်းငယ် ကွဲပြားနေပြီး၊ ယင်းမှာ သူတို့ လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝ ဝင်ဆံ့မရသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပေသည်။
လင်းကျဲ၏ နက်မှောင်သော ဆံပင်နှင့် မျက်ဝန်းများမှာလည်း နော်ဇင်မြို့တွင် အလွန်ရှားပါးလှသဖြင့်၊ ထိုစဉ်က ချယ်ရီ သူ့အတွက် ကိုယ်ရေးအချက်အလက် အတုပြုလုပ်ပေးသည့်အခါ သူ့ကို ‘မြောက်ပိုင်းသား’ တစ်ဦးအဖြစ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ကျိမိသားစုမှာ ချမ်းသာကြွယ်ဝမှုနှင့် အာဏာ၏ ထိပ်ဆုံးတွင် ရပ်တည်နေကြပြီ ဖြစ်သော်လည်း၊ သူတို့၏ ရာထူးဂုဏ်ရှိန်ကြောင့်သာ လူအများက ဝိုင်းဝန်းနေကြခြင်း ဖြစ်သည်။ ထို့အပြင် ထိုကဲ့သို့သော ဂုဏ်ပုဒ်မှာ တကယ်တမ်း၌ သိပ်ပြီး အသုံးမဝင်လှပါ။
ယမန်နေ့ညက ‘ဂျွန်’ ကဲ့သို့သော လူမျိုးတွေ အများကြီး ရှိနေမှာ အသေအချာပင်...။
လင်းကျဲက မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားနေမိ၏။ ရိုးလ် သယံဇာတသည် မြင့်မားသော တောင်ကြီးတစ်လုံးသဖွယ် ရှိနေသော်လည်း၊ ၎င်းကို ဦးဆောင်နေသော ကျိမိသားစုမှာမူ ကိုယ်ပိုင်ပြဿနာများစွာ ရှိနေကြသည်ဟူ၍ ဖြစ်သည်။
လင်းကျဲသည် ယခုအခါ သူတို့၏ ပူးပေါင်းဆောင်ရွက်ဖက် တစ်ဦးဖြစ်လာပြီဖြစ်ရာ၊ အသေးအဖွဲဖြစ်ပါစေဦးတော့ တစ်စုံတစ်ရာ ကူညီပေးသင့်သည်ဟု သူ ခံစားမိသည်။
ဂရက်၏ မိသားစုမှာ ဩဇာအာဏာရှိပုံရသော်လည်း သူသည် ကျိမိသားစုကို စိတ်မဝင်စားသည့်အပြင် အနည်းငယ်ပင် စက်ဆုပ်နေဟန် တူသည်။ သို့သော် ယနေ့နံနက်က ရှာလော့ကို ဝိုင်းအုံနေကြသော လူများကို ကြည့်ခြင်းအားဖြင့်၊ ဤအမျိုးသမီးလေး၏ မိသားစုမှာ တော်ဝင်မျိုးနွယ်များအကြားတွင် အဆင့်အတန်းတစ်ခု ရှိနေသည် သို့မဟုတ် ဂုဏ်သတင်း ကျော်ကြားသည်မှာ ထင်ရှားလှပေသည်။
အခြားလူများမှာ ဝေခွဲမရဘဲ စောင့်ကြည့်နေကြရုံသာ ရှိနေသဖြင့်၊ လင်းကျဲက သူတို့အတွက် စံနမူနာတစ်ခုဖြစ်စေရန် ရှာလော့ကို စည်းရုံးကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
“အဟမ်း...”
လင်းကျဲက အမျိုးသမီးလေး၏ အာရုံကို ရယူရန် ပါးစပ်ကို ပိတ်ကာ ချောင်းဟန့်လိုက်သည်။
“ဒါနဲ့ ရှာလော့... မင်း ပုံမှန်ဆိုရင် ဘယ်လိုစာအုပ်မျိုးတွေကို ဖတ်လေ့ရှိသလဲ”
***
အပိုင်း(၄၁၀)
ရှာလော့မှာ လင်ကျဲ၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် အလေးအနက်ထား၍ ပြန်ဖြေလိုက်၏။
“ကျွန်မက ဆရာ့ရဲ့ စာအုပ်ကို တစ်နေ့ သုံးကြိမ် ဖတ်ပါတယ်ရှင်... နေ့ရောညပါ တစ်လုံးမကျန်အောင် ဖတ်ပြီး နှလုံးသားထဲမှာ မှတ်သားထားပါတယ်... ဆရာ့ရဲ့ နက်နဲလှတဲ့ ဉာဏ်ပညာတွေကို တစ်နေ့မှာ အတိုင်းအတာတစ်ခုအထိ မှီအောင် လိုက်နိုင်ဖို့ ကျွန်မ မျှော်လင့်နေပါတယ်”
“...”
‘နေပါဦး... မင်းက ဝယ်လ်ကြီးထက်တောင် ပိုပြီး မြှောက်နေသလိုပဲလား... အနည်းဆုံးတော့ ဝယ်လ်ကြီးက ပိုပြောရုံပဲ ရှိတာ... မင်းပြောတာကျတော့ ငါ့စာအုပ်ကို ကျမ်းစာတစ်အုပ်လိုမျိုး သဘောထားနေတဲ့ ပုံပေါက်နေတာပဲ...’
လင်းကျဲက ခြောက်ကပ်ကပ် ရယ်လိုက်မိသည်။
“ဟား ဟား... ဒါကို ဘာသာရေး ထုံးတမ်းတစ်ခုလိုမျိုး လုပ်နေဖို့ မလိုပါဘူး... နေ့တိုင်း ဖတ်နေဖို့လည်း မလိုပါဘူးကွယ်...”
“တကယ်တော့ အသိပညာနဲ့ ဉာဏ်ပညာဆိုတာ သင်ယူရမယ့် အရာတွေပါ... ထပ်ခါတလဲလဲ ဖတ်နေရုံနဲ့တော့ ပိုပြီး နက်နက်နဲနဲ နားလည်သွားမှာ မဟုတ်ဘူး... အကန်းသေ သင်ယူနေတာက သိပ်ပြီး အသုံးမဝင်လှပါဘူး၊ ကိုယ်တိုင် နားလည်သဘောပေါက်ပြီး လက်တွေ့ အသုံးချနိုင်ဖို့ လိုတယ်...”
“ငါ့အမြင်မှာတော့ တစ်နေ့ သုံးကြိမ် ဖတ်နေမယ့်အစား၊ အကြောင်းအရာအချို့ကို လေ့လာကြည့်ဖို့ မင်း ဘာလို့ မကြိုးစားကြည့်တာလဲ... အချို့သောအရာတွေကို ကိုယ်တိုင် လက်တွေ့လုပ်ကြည့်မှသာ ပိုပြီး နက်ရှိုင်းတဲ့ နားလည်မှုကို ရနိုင်မှာပါ”
ရှာလော့၏ မျက်ဝန်းများ ဝိုင်းစက်သွား၏။
“အကြောင်းအရာ... လေ့လာမှုလားရှင့်...”
စူးစမ်းချင်စိတ် ပြည့်နှက်နေသော မိန်းကလေး၏ မျက်ဝန်းများကို လင်းကျဲ ကြည့်လိုက်သည့်အခါ ဆရာတစ်ဦးဖြစ်ရသည့် ခံစားချက်က ပြန်လည် နိုးထလာသည်။ သူက သူမ၏ ခေါင်းကို အသာအယာ ပုတ်လိုက်ပြီး နူးညံ့သောအပြုံးဖြင့် ပြောလိုက်၏။
“ဟုတ်တယ်... မင်း လေ့လာချင်တဲ့ လမ်းကြောင်းတစ်ခုကို အရင်ဆုံး သတ်မှတ်ပါ၊ လေ့လာမယ့် အယူအဆနဲ့ နည်းလမ်းကို ချမှတ်ပါ၊ ပြီးတော့ မင်းလိုအပ်တဲ့ စာသား သို့မဟုတ် လက်တွေ့ အထောက်အထားတွေကို ရှာဖွေပါ... အဲဒီအကြောင်းအရာနဲ့ ပတ်သက်တဲ့ လူတွေဆီမှာ ကိုယ်တိုင် မေးမြန်းပြီး သူတို့ရဲ့ ပါးစပ်တွေဆီကနေ ပထမလက်ဦး သတင်းအချက်အလက်တွေကို ရယူတာက အကောင်းဆုံးပဲ... ဒီလိုမျိုး ဘက်စုံကနေ အတည်ပြုတာက အစိတ်ချရဆုံးပဲ”
ရှာလော့က စဉ်းစားဟန်ဖြင့်...
“သူတို့ရဲ့ ပါးစပ်တွေဆီကနေ...”
“အင်း”
လင်းကျဲက ခေါင်းညိတ်ပြသည်။
“ဒါက လူမှုဗေဒရဲ့ အနှစ်သာရပဲ... လူတွေရဲ့ အတွေးအခေါ်၊ ယဉ်ကျေးမှုနဲ့ သူတို့ရဲ့ ဝိညာဉ်တွေနဲ့တောင် နီးကပ်စွာ ဆက်နွှယ်နေတာဆိုတော့၊ လူတွေဆီကနေပဲ စတင်ရမယ်... ပိုပြီး ပုံဖော်ပြောရရင်တော့ တခြားလူတွေရဲ့ ဦးနှောက်ထဲက အရာတွေကို တူးထုတ်ပြီး ကိုယ့်ရဲ့ အရာအဖြစ် ဖန်တီးယူရမှာပေါ့... ဒါတွေကို ဒီအတိုင်း ယူရုံတင်မဟုတ်ဘဲ ဘယ်လို ပြန်ပြီး ချေဖျက် စုပ်ယူရမလဲဆိုတာကိုလည်း သင်ယူရမယ်...”
ရှာလော့ အပြည့်အဝ နားလည်သွားသည်။
“တူးထုတ်မယ်... ပြီးတော့ ချေဖျက် စုပ်ယူမယ်...”
ကထိကလင်သည် စာသင်သည့်အခါ အလေးအနက်ထားသော တပည့်များကို အလွန်သဘောကျသဖြင့် သူ၏အပြုံးက ပိုမို တောက်ပလာသည်။ သူက စိတ်ရှည်လက်ရှည်ဖြင့် ဆက်လက် လမ်းညွှန်ပေးလိုက်၏။
“နောက်ပြီး... စာအုပ်တစ်အုပ်တည်းကိုပဲ အမြဲဖတ်နေရုံနဲ့ ဘယ်လို တိုးတက်လာမှာလဲ... ငါတို့ရဲ့ အမြင်ကို နည်းနည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ထားရမယ်”
ရှာလော့က နှိုင်းယှဉ်ချက်တစ်ခုကို ထုတ်ယူလိုက်သည်။
“ဒါကြောင့်မို့လို့ ကျွန်မက စာအုပ်တွေ အများကြီး ပိုဖတ်ရမှာပေါ့”
‘တော်လိုက်တာ...’
သည်လောက် သိမြင်မှုရှိသော တပည့်မျိုးနှင့် မဆုံရသည်မှာ ကြာခဲ့လေပြီ။ လင်းကျဲ ပြုံးရွှင်စွာဖြင့် နောက်ဖက်မှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီး ပြောလိုက်၏။
“ဒါပေမဲ့ အများကြီးကိုပဲ လောဘကြီးပြီး လိုက်မရှာပါနဲ့ဦး... သင်ယူမှုခရီးစဉ်ရဲ့ ဒီအဆင့်မှာတော့ ငါ့စာအုပ်ကို ဖတ်တာက လုံလောက်တာထက်တောင် ပိုပါသေးတယ်... ပြီးတော့ အလုပ်နဲ့ အနားယူခြင်းကိုလည်း မျှတအောင် သင်ယူရမယ်... ဒါမှပဲ ကဏ္ဍစုံမှာ ဖွံ့ဖြိုးတိုးတက်လာမှာ...”
“ရော့... ဒီစာအုပ်က မင်းလို မိန်းကလေး တစ်ယောက်နဲ့ တကယ်ကို သင့်တော်တယ်”
သူသည် ယခုတစ်ခေါက် ယူလာခဲ့သော စမ်းသပ်စာအုပ်များထဲမှ တစ်အုပ်ဖြစ်သည့် ‘မာနနှင့် အစွဲ’ ကို ကမ်းပေးလိုက်သည်။
‘ဒါက... နတ်ဘုရားရဲ့ ဆုလာဘ်ပဲ...’
ရှာလော့ တစ်ယောက် အသက်ရှူပင် မှားသွားမိ၏။ သူမသည် အစွန်းရောက် ယုံကြည်သူတစ်ဦးကဲ့သို့ မြေပြင်ပေါ်တွင် ဝပ်တွား ဦးချမိတော့မည့် စိတ်ကို အစွမ်းကုန် ထိန်းချုပ်ထားရ၏။
သူမသည် ခေါင်းကို ငုံ့ကာ တုန်ရင်နေသော လက်နှစ်ဖက်ဖြင့် စာအုပ်ကို လှမ်းယူလိုက်သည်။ သူမ၏ မျက်ဝန်းများအတွင်းမှ ယုံကြည်ကိုးကွယ်မှု အရိပ်အယောင်များမှာ လက်တွေ့အလင်းတန်းများအဖြစ်သို့ပင် ပြောင်းလဲတော့မည့်အလား ရှိနေပြီး၊ အေးစက်သော နှင်းခဲများမှာလည်း မျက်ရည်များအဖြစ်သို့ ကူးပြောင်းသွားတော့သည်။
ရှာလော့ အပါအဝင် ဝယ်လ်၏ စေခိုင်းမှုကြောင့် ‘အလောင်းကောင် ဝါးမျိုခြင်း ဂိုဏ်းဝင်များ၏ ထုံးတမ်းစဉ်လာနှင့် အခမ်းအနားများ’ စာအုပ်ကို အတင်းအကျပ် ဖတ်ရှုခဲ့ရသည့် ဘလပ်ဖိစ် အဖွဲ့ဝင်အားလုံး အတွက်မူ... ဤစာအုပ်ကို ပေးသနားခဲ့သူ လင်းကျဲမှာ စစ်မှန်သော နတ်ဘုရားတစ်ပါးပင် ဖြစ်သည်။
မစ္စတာလင်သည် ဤစာအုပ်ကို ကိုယ်တိုင်ရေးသားသူဖြစ်စေ၊ ဖြန့်ဝေသူဖြစ်စေ၊ သူကိုယ်တိုင်က နတ်ဘုရားဖြစ်စေ သို့မဟုတ် နတ်ဘုရား၏ လက်ပါးစေ ဖြစ်စေ... သူတို့အတွက်တော့ အရေးမကြီးလှပါချေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားသည် သူတို့ရှေ့မှောက်တွင် ရောက်ရှိနေပြီဖြစ်ရာ ထိုအချက်ကပင် လုံလောက်နေပြီ ဖြစ်သောကြောင့်တည်း။
ထို့ကြောင့် ရှာလော့၏ အမြင်တွင်... စောစောက ဖြစ်ပျက်သွားသည့် မြင်ကွင်းမှာ နတ်ဘုရားတစ်ဖန် ကြွမြန်းလာခြင်းမျှသာ ဖြစ်သည်။ ၎င်းမှာ နတ်ဘုရား၏ စွမ်းပကားကို သာမန်ကာလျှံကာ ထုတ်ပြလိုက်ခြင်းမျှသာဖြစ်ရာ၊ သူမအနေဖြင့် ထိတ်လန့်နေမည့်အစား ချီးမွမ်းထောပနာပြုကာ ကိုးကွယ်ဆည်းကပ်နေရမည်သာ ဖြစ်သည်။
ယခုလည်း သူတို့အား နတ်ဘုရား၏ စာအုပ်ကို ဖတ်ရှုခွင့်ပေးခဲ့ပြီးနောက်၊ ကြီးမားသော စွမ်းအားနှင့် ကံကြမ္မာတို့ ကိန်းဝပ်နေသည့် အခြားစာအုပ်တစ်အုပ်မှာ သူမ၏ရှေ့တွင် ထပ်မံ ပေါ်ပေါက်လာပြန်ချေပြီ။
“နတ်ဘုရား၏ ဆုလာဘ်” ၊ “ဘုရားသခင်၏ ကျေးဇူးတော်” ၊ “ဘုရားသခင်၏ တန်ခိုးတော်” စသဖြင့် မည်သည့်စကားလုံးကိုပင် သုံးစွဲစေကာမူ... ဤသည်မှာ သူမအနေဖြင့် နတ်ဘုရား၏ မျက်နှာသာပေးမှုကို ရရှိခဲ့ပြီး ယုံကြည်သူတစ်ဦးအဖြစ် အသိအမှတ်ပြုခံရသည့် သက်သေပင် ဖြစ်သည်။
ရှာလော့၏ နှလုံးသားအတွင်းမှ တောက်လောင်နေသော အစွန်းရောက် ယုံကြည်မှုမှာ ထွန်းညှိထားသော မီးရှူးတိုင်တစ်ခုကဲ့သို့ ရှိနေပြီး၊ သူမ၏ နှလုံးခုန်သံ တိုင်းမှာ ရှေ့မှ ပုဂ္ဂိုလ်အတွက်သာ ဖြစ်နေသယောင်ပင်။
စာအုပ်ကို ကိုင်ထားသည့် သူမ၏လက်မှာ အနည်းငယ်မျှပင် တုန်ယင်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ နတ်ဘုရား၏ လက်ဆောင်ဖြစ်သောကြောင့်တည်း။
သူမ မည်မျှပင် စိတ်လှုပ်ရှားနေပါစေ... ဤစာအုပ်ကို မည်သည့်နည်းနှင့်မျှ မရိုမသေ မဖြစ်စေရဘဲ အလေးအနက်ဆုံးသော ပုံစံဖြင့် လက်ခံရမည် ဖြစ်သည်။
‘မူလအပြစ်နှင့် နှလုံးသားထဲမှ နတ်ဆိုးများ..’
ရှာလော့သည် စာအုပ်၏ အမည်ကို စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုလိုက်ပြီး အနီရောင်ရင့်ရင့် စာအုပ်မျက်နှာဖုံးကို လှမ်း၍ ထိတွေ့လိုက်သည်။
မျက်နှာဖုံးပေါ်ရှိ ရစ်ခွေနေသော ပုံစံများမှာ သူမ တစ်ခါမျှ မမြင်ဖူးသည့် ပန်းတစ်မျိုးနှင့် တူနေ၏။ သွေးကြောများသဖွယ် နက်မှောင်သော အခက်အလက်များမှာ ပန်းပွင့်မှ ဖြာထွက်နေပြီး၊ ရှာလော့က လက်ဖြင့် ပွတ်သပ်လိုက်သည့်အခါ ထိုအကိုင်းအခက်များမှာပင် အနည်းငယ် လှုပ်ရှားနေသယောင် ရှိသည်။
ဤစာအုပ်မှာ တစ်နေရာရာမှ တူးထုတ်ကာ သွေးကြောများဖြင့် ရစ်ပတ်ထားသည့် အသားစတစ်ခုနှင့်ပင် တူနေတော့သည်။
ဒိတ်... ဒိတ်... ဒိတ်...
ရှာလော့သည် လက်ချောင်းများဖြင့် ထိတွေ့နေသော အကိုင်းအခက်များ၏ လှုပ်ရှားမှုမှာ သူမ၏ နှလုံးခုန်သံနှင့် တူညီသော အရှိန်အဟုန် ရှိနေသည်ကို ကြားလိုက်ရသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုနှစ်ခုမှာ တဖြည်းဖြည်း တသားတည်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရ၏။
ရုတ်တရက်... တစ်ခါမျှ မကြားဖူးသော အသံတစ်ခုသည် သူမ၏ စိတ်အတွင်း၌ ပဲ့တင်ထပ်လာသည်။ ၎င်းက မိမိကိုယ်ကို လွန်ခဲ့သော အချိန်များစွာက သေဆုံးသွားခဲ့သည့် ကလဲ့စားချေဝိညာဉ်၊ ‘မူလအပြစ်၏ စုန်းမ’ ဟု ခေါ်ဆိုလိုက်ခြင်းပင်။
“ဒါက ငါ့ကိုယ်စား ရိုးလ် သယံဇာတကို ရောင်းခိုင်းဖို့ စီစဉ်ထားတဲ့ စမ်းသပ်စာအုပ်တွေထဲက တစ်အုပ်လေ... ဒါပေမဲ့ မင်းနဲ့ တကယ်ကို လိုက်ဖက်မယ်လို့ ငါထင်တယ်... ဘာပဲဖြစ်ဖြစ် သူတို့က ငါ့အတွက် ရောင်းပေးမှာဆိုတော့၊ မင်းကို ဒီတစ်အုပ် ပေးလိုက်တာနဲ့ ပတ်သက်ပြီး သခင်မလေးကျိက ကန့်ကွက်မှာ မဟုတ်ပါဘူး...”
လင်းကျဲက သူ့ စာအုပ်ကို ထုံးစံအတိုင်း စတင် ကြော်ငြာလိုက်သည်။
“ရှာလော့... မင်း ပုံမှန်ဆိုရင် ဘယ်လိုစာအုပ်မျိုးတွေကို ဖတ်လဲ... အချစ်ဝတ္ထုတွေရော ဖတ်ဖူးလား”
ရှာလော့သည် တော်ဝင် မျိုးနွယ်ဝင် တစ်ဦးဖြစ်သော်လည်း၊ သူမ၏ ဘဝတစ်ခုလုံးကို လူမှုရေး ကိစ္စများဖြင့်သာ ကုန်ဆုံးစေမည် မဟုတ်ဘဲ အားလပ်ချိန်တွင် အခြားသော အပန်းဖြေမှုများလည်း လုပ်ဆောင်မှာ အမှန်ပင်။ အနည်းဆုံးတော့ နာမည်ကြီး ဝတ္ထုတွေကို ဖတ်ရှုတာဖြစ်စေ၊ အချစ်ဇာတ်လမ်းတွေကို ကြည့်ရှုတာဖြစ်စေ လုပ်မှာ သေချာပါသည်။
လင်းကျဲ၏ စာအုပ်ရောင်းရန်အတွက် ပြုလုပ်ထားသော ဈေးကွက်လေ့လာရေးအရ၊ တော်ဝင်မျိုးနွယ်များအကြားတွင် ထိုကဲ့သို့သော ပေါ့ပေါ့ပါးပါး စာအုပ်များကို ဖတ်ရှုခြင်းမှာ အလွန်ခေတ်စားလှသည်။ ရှာလော့တို့အရွယ် အမျိုးသမီးငယ်လေးများသည် ထိုကဲ့သို့သော စာအုပ်များအတွက် အကြီးမားဆုံးသော ဖတ်ရှုသူများ ဖြစ်နိုင်ပေသည်။
သို့သော်လည်း လင်းကျဲမှာ တစ်ရာ ရာနှုန်း မသေချာသဖြင့်... မရေမရာသော ရှင်းပြချက်အချို့ကို ပေးလိုက်ရင်း ထိုမေးခွန်းကို မေးလိုက်ခြင်း ဖြစ်သည်။
ကံကောင်းစွာဖြင့် ရှာလော့မှာ ထိုမျှအထိ ထူးဆန်းမနေပါချေ။ မစ္စတာလင်က အဘယ်ကြောင့် ထိုအရာများအား ပြောနေရသည်ကို သူမ သေချာ မသိသော်လည်း၊ ခေါင်းညိတ်ကာ ရိုးသားစွာ ဖြေကြားလိုက်၏။
“တခြား အမျိုးသမီးတွေနဲ့ ဆက်ဆံတဲ့အခါမှာ တူညီတဲ့ အကြောင်းအရာတွေ ရှိဖို့အတွက် စာအုပ်အချို့ကို ဖတ်ဖူးပါတယ်... ဒါပေမဲ့ အဲဒီအရာတွေကို ကျွန်မ သိပ်ပြီး စိတ်မဝင်စားပါဘူး”
***