← Chapters

အခန်း (၄၁၁-၄၁၂)

Vol. 30 Ch. 411-412

အခန်း (၄၁၁-၄၁၂)

Vol. 30 Ch. 411-412

အပိုင်း(၄၁၁)

လင်းကျဲ၏ မျက်နှာတွင် အလေးအနက်ထားသော အမူအရာ ပေါ်လာကာ ခေါင်းညိတ်လိုက်၏။

“အဲဒါတွေကို စိတ်မဝင်စားတာ ကောင်းတာပေါ့... အဓိပ္ပာယ်မရှိတဲ့ စာအုပ်တွေကို ဖတ်နေတာက သိပ်ပြီး တန်ဖိုးမရှိသလို၊ တခြားလူတွေကို လိုက်ပြီး လိုက်လျောနေဖို့လည်း မလိုပါဘူး... မင်းက ကိုယ်ပိုင် အယူအဆရှိတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး အလှပြပန်းအိုး တစ်လုံးသက်သက်ပဲ မဖြစ်ချင်ဘူးဆိုတာ ငါ သိတာပေါ့”

လင်ကျဲက အပြင်ပန်း အလှအပများကြားတွင် အနှစ်သာရမဲ့စွာ နေထိုင်နေကြသော ခမ်းနားစွာ ဝတ်ဆင်ထားသည့် အမျိုးသမီးများကို တစ်ချက် ဝေ့ကြည့်လိုက်ရင်း အသံကို နှိမ့်ကာ ပြောလိုက်၏။

“သူတို့လိုမျိုးပဲ... အလှအပတွေကြားမှာ သာမန်ဘဝနဲ့ ရှင်သန်နေရတာက မင်း လိုချင်တဲ့အရာ မဟုတ်ဘူး၊ ဟုတ်တယ်မလား...”

အမှန်စင်စစ်... မြင့်မားသော အဆင့်အတန်းရှိသည့် တော်ဝင်မျိုးနွယ်မိသားစုမှ ဆင်းသက်လာသော ရှာလော့အနေဖြင့်၊ ဝယ်လ်ကြီး ကဲ့သို့ ဆင်းရဲပြီး အမည်မသိ ပညာရှင်တစ်ဦးထံတွင် လက်ထောက်အဖြစ် သွားရောက် အလုပ်လုပ်ခြင်းကပင် သူမ၏ မူလဘဝအပေါ် မည်မျှအထိ တော်လှန်လိုစိတ် ရှိသည်ကို ပြသနေခြင်း ဖြစ်သည်။

ထို့အပြင် သူမသည် နောက်ပိုင်းတွင် လူသိနည်းလှသော ‘ရိုးရာယဉ်ကျေးမှုဗေဒ’ ဘာသာရပ်ကို လင်းကျဲထံမှ သင်ယူခဲ့သည်။ ဤအချက်တစ်ခုတည်းကပင် သူမတွင် အသိပညာအပေါ် စစ်မှန်သော တောင့်တမှု ရှိသည်ကို ပြသနေ၏။

လင်းကျဲအနေဖြင့် ဖောက်သည်များကို စွဲဆောင်လိုလျှင် သူတို့၏ နှလုံးသားအတွင်းမှ ခံစားချက်ကို ထိမှန်အောင် ပြောဆိုရန် လိုအပ်ပါသည်။

ရှာလော့မှာ တကယ်ပင် စိတ်လှုပ်ရှားသွားခဲ့၏။ သူမ၏ မူလက ရိုသေကိုင်းရှိုင်းပြီး ခမ်းနားလှသော အမူအရာမှာ မျက်နှာဖုံးတစ်ခုမျှသာ ဖြစ်သည်။ သူမ၏ ခံစားချက်များမှာ နက်ရှိုင်းပြီး ပြင်းထန်သော်လည်း၊ သူမသည် နေကြာပန်းတစ်ပွင့်ကဲ့သို့ပင် ရှင်သန်မှုအတွက် လိုအပ်သောအရာများကို ရရှိရန် နေရောင်ခြည်ဘက်သို့ အမြဲမျက်နှာမူခဲ့ရသည်။

သို့သော် ယခုအခါတွင် ထိုမျက်နှာဖုံးမှာ ကွဲအက်သွားချေပြီ။ သူမ ခေါင်းကို ငုံ့လိုက်ပြီး သူမ၏ မျက်ဝန်းများထဲတွင် လေပြေကို တောင့်တနေသော ပန်းကလေးတစ်ပွင့်ကဲ့သို့ နူးညံ့သောအလင်းတန်းများ ပေါ်လာသည်။

“ဟုတ်ပါတယ်... ကျွန်မ ဒီလိုမျိုး ငြီးငွေ့စရာကောင်းပြီး သာမန်ဆန်တဲ့ ဘဝမျိုးကို မကြိုက်ပါဘူး... တခြားသူတွေနဲ့ မထူးခြားတဲ့ လူတွေအပေါ်မှာ ဟန်ဆောင်ပြုံးပြပြီး တူညီတဲ့ စကားတွေကိုပဲ ပြောနေရတာ... သူတို့ကို လိုက်လျောနေရတာက ပြဇာတ်ကပြနေရသလိုပဲ... နေ့တိုင်း တူညီတဲ့ ဘဝမျိုးမှာ ရှင်သန်နေရတာကို ကျွန်မ ငြီးငွေ့နေပြီ... သူတို့လိုမျိုး မဖြစ်ချင်ဘူး... ကျွန်မ ဖြစ်ချင်တဲ့အတိုင်းပဲ ကျွန်မ ဖြစ်ချင်တယ်”

ထို့ကြောင့်လည်း သူမသည် အောက်လမ်း မှော်ပညာရှင်တစ်ယောက် ဖြစ်လာပြီး ဘလပ်ဖိစ် အဖွဲ့ထဲကို ဝင်ခဲ့တာ ဖြစ်သည်။

ထိုနေ့မှ စ၍ သူမ ပြုံးပြနေဖို့ မလိုတော့ချေ။ ထုံးတမ်းစဉ်လာတွေကို လိုက်နာနေဖို့လည်း မလိုတော့ချေ။ ထို့အပြင်... သူမ မကြိုက်သည့် လူများကိုလည်း သည်းခံနေဖို့ မလိုတော့ချေ...။

သတ်ဖြတ်ခြင်း၊ သေခြင်းနှင့် ရှင်ခြင်းကြားမှာ နေထိုင်ရခြင်း၊ ရန်သူများကို ရင်ခုန်စိတ်လှုပ်ရှားစွာ ရင်ဆိုင်ခြင်း၊ အားနည်းသူတွေကို အမဲလိုက်ခြင်း၊ ယုတ်မာပြီး ကောက်ကျစ်တဲ့ အကြံအစည်တွေနဲ့ တခြားသူတွေကို ဝါးမျိုခြင်း... ထိုအရာများက သူမ လိုချင်တဲ့ ဘဝပဲ ဖြစ်သည်။

တစ်ခါတလေမှာ ရှာလော့ဆိုသည့် လူသားမလေးမှာ လူသားအရေခွံခြုံထားတဲ့ မကောင်းဆိုးဝါး ဝိညာဉ်တစ်ခုလို့ သူမ ခံစားမိတတ်သည်။ နှင်းပွင့် ဆိုသည့် ကိုယ်ပိုင်ဟန်နှင့် ရှိနေသည့် အချိန်မှာသာ သူမ၏ စစ်မှန်သည့် ကိုယ်ရည်ကိုယ်သွေးကို ခံစားရလေ့ ရှိသည် ဖြစ်သည်။

သို့သော်လည်း သူမ အနေဖြင့် လူမှုရေးရာ ရာထူးများကို လုံးဝ စွန့်လွှတ်ပစ်လို့ မရသေးချေ။ အဘယ်ကြောင့် ဆိုသော်... သူမက အလွန် အစွမ်းထက်ခြင်း မရှိသေးသောကြောင့်ပင်။ ထို့အပြင်... မိသားစုဆီကနေ ရရှိသည့် ငွေကြေးနှင့် အရင်းအမြစ်များမှာ သူမ အတွက် အလွန် အရေးကြီး နေသေးသည်။

လင်းကျဲ ပြုံးကာ သူမ၏ ခေါင်းလေးကို ပုတ်ပေးလိုက်၏။

“ကျောင်းသူရှာလော့... မင်းရဲ့ တွေးခေါ်ပုံက မဆိုးပါဘူး... လူတိုင်းက မျက်နှာဖုံးတစ်ခုစီ စွပ်ထားကြတာပဲ... အချို့လူတွေက မြင့်မားလှတဲ့ ဆင်စွယ်ရဲတိုက်ထဲမှာ ပိတ်မိနေတဲ့အခါ မောက်မာလာကြတယ်၊ အချို့ကတော့ ကျဉ်းမြောင်းတဲ့ အမြင်တွေနဲ့ ခေါင်းမာပြီး အစွဲအလမ်းကြီးသူတွေ ဖြစ်လာကြတယ်... ဒါတွေကို ချိုးဖျက်နိုင်မှသာ သူတို့ရဲ့ စစ်မှန်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ရှာဖွေနိုင်မှာပေါ့”

“ဒါတွေက... မူလအပြစ်တွေလားဟင်...”

ရှာလော့က မေးလိုက်သည်။

လင်းကျဲ ခေတ္တမျှ ကြောင်သွားပြီးမှ ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်။ မာနနဲ့ အစွဲ၊ ဒါမှမဟုတ် လူ့နှလုံးသားထဲကနေ မွေးဖွားလာတဲ့ တခြားသော တောင့်တမှုတွေဟာ လူ့စိတ်ထဲမှာ ဉာဏ်ပညာနဲ့အတူ ယှဉ်တွဲပါလာတဲ့ မူလအပြစ်တွေပဲ...”

“ဒါကို ရှောင်လွှဲလို့ မရနိုင်သလို၊ တခြားလူတွေ မြင်နေရတဲ့ အရာဟာ မင်းရဲ့ စစ်မှန်တဲ့ ပုံစံမဟုတ်ဘူးဆိုတာကိုလည်း ဆိုလိုတယ်... ဒါပေမဲ့ မင်းကတော့ မင်းရဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်း သိနေရမယ်၊ မင်းကိုယ်မင်း ကောင်းကောင်း နားလည်နေရမယ်... ဒါမှပဲ တခြားသူတွေရဲ့ လွှမ်းမိုးမှုကို မခံရမှာပေါ့... မဟုတ်ရင်တော့ မင်းရဲ့ ကိုယ်ပိုင်စိတ်ကပဲ မင်းကို ပြန်ပြီး လှည့်စားသွားလိမ့်မယ်”

လင်းကျဲက ရှာလော့ကို မျက်စိတစ်ချက် မှိတ်ပြလိုက်၏။

“ဒါပေမဲ့... ဒီဖြစ်စဉ်တွေဟာ တကယ်ကို လေ့လာဖို့ ကောင်းသလို လူတွေရဲ့ နေထိုင်မှု ဓလေ့ထုံးတမ်းတွေနဲ့လည်း နီးကပ်စွာ ဆက်နွှယ်နေတယ်... မင်း ဆန္ဒရှိမယ်ဆိုရင်၊ ငါ ခုနက ပြောခဲ့တဲ့ နည်းလမ်းတွေကို လက်တွေ့စမ်းသပ်ဖို့ လူအချို့ကို ရှာကြည့်ပါ၊ ပြီးတော့ လူတွေမှာ ဘာဖြစ်လို့ အဲဒီလို ခံစားချက်တွေ ရှိနေရတာလဲဆိုတာကို လေ့လာကြည့်ပါ... မင်း ခုနက ပြောသလိုပေါ့... တူးထုတ်မယ်၊ ပြီးတော့ ချေဖျက် စုပ်ယူမယ်...”

“...”

‘ဒါဆိုရင် နောင်ကျရင် ငါ့ရဲ့ တာဝန်က အဲဒီလူတွေရဲ့ နှလုံးသားထဲက ‘မူလအပြစ်တွေ’ ကို တူးထုတ်ပြီး စားပစ်ဖို့ပေါ့...’

ရှာလော့သည် စာအုပ်ပေါ်ရှိ အမျိုးသမီးတစ်ဦး၏ မှုန်ဝါးဝါး မျက်နှာအသွင်သို့ ပြောင်းလဲနေသော လှုပ်ရှားနေသည့် ပုံစံများကို စိုက်ကြည့်လိုက်သည်။ အသိအမှတ်ပြုမှုကို ကြားလိုက်ရသဖြင့် သူမသည် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့... ကျွန်မ လုပ်ပါ့မယ်...”

မိန်းမငယ်လေးမှာ စာအုပ်ကို ရင်ခွင်ထဲတွင် ပိုက်ထားကာ အလေးအနက် နားထောင်နေသည်။ ဤအခြေအနေကို လင်းကျဲက အလွန်သဘောကျသဖြင့် ဆက်ပြောလိုက်၏။

“အဲဒီလုပ်ငန်းစဉ်အတွင်းမှာ မင်း နားမလည်တာရှိရင် ငါ့ကို အချိန်မရွေး လာမေးလို့ ရပါတယ်...”

“နားလည်ပါပြီရှင်”

ရှာလော့က ပြန်ဖြေသည်။

လင်းကျဲမှာ သူ့ စာအုပ်ကို ထိရောက်စွာ ကြော်ငြာနိုင်ခဲ့သည့်အတွက် အတော်လေး ကျေနပ်သွားသည်။ သူက ရှာလော့၏ ပခုံးကို ပုတ်ပေးလိုက်ပြီး သောက်စရာ တစ်ခုခု သွားယူရန် ပြင်လိုက်စဉ်မှာပင် အစေခံတစ်ဦးက ကြေညာချက် ထုတ်ပြန်လိုက်သည်။

နံနက်ခင်း အစီအစဉ်များ ပြီးဆုံးသွားပြီဖြစ်ရာ နေ့လယ်စာ သုံးဆောင်ရန် အချိန်ရောက်ရှိလာပြီ ဖြစ်သည်။ ယခုတစ်ခေါက်တွင်မူ အိမ်တော်အတွင်းရှိ အခြား ဗီလာတစ်ခု၏ ပထမထပ်တွင် ကျင်းပမည် ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ... ယခုမူ မွေးနေ့လက်ဆောင်များ ပေးအပ်ရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်လေသည်။

“ပျော်ရွှင်စရာအချိန်တွေက တိုတောင်းလှတယ်လို့ ထင်ရတာပဲ... ကဲ... နေ့လယ်စာစားဖို့ အချိန်ရောက်ပြီ”

လင်းကျဲက သူ၏ သောက်စရာခွက်ကို နှမြောတသစွာဖြင့် ပြန်ချလိုက်ရင်း ပြောလိုက်သည်။ သူသည် သူ၏ ‘စိတ်ဝိညာဉ်အားဖြည့်စွပ်ပြုတ်’ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ရန် မျှော်လင့်ထားဆဲဖြစ်သော်လည်း၊ ဤအလားအလာရှိသော ဖောက်သည်သုံးဦးနှင့်တင် နံနက်ခင်းတစ်ခုလုံး ကုန်ဆုံးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော်လည်း ဤကဲ့သို့ ပျော်ရွှင်စရာကောင်းသော နေ့ရက်မျိုးမှာ စာအုပ်ဆိုင်ထဲတွင် တွေ့ရခဲလှပါသည်။ ယင်းက လင်းကျဲအား ဤပွဲတော်သို့ လာရောက်ရန် ရွေးချယ်ခဲ့ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ခံစားရစေသည်။

“ကောင်းပြီ၊ အရင်ဆုံး လက်ဆောင်သွားပေးရအောင်...”

****

အပိုင်း(၄၁၂)

လင်းကျဲက ဖစ်ချ်နှင့် ဂရက်တို့ကို ခေါ်ဆောင်ကာ နေ့လယ်စာစားမည့် နေရာသို့ လိုက်လာရန် ခေါ်လိုက်သည်။ ချမ်းသာသောလူများသည် ‘ဇိမ်ခံမှု’ နှင့် ‘ခံစားမှု’ ဟူသော စကားလုံးများကို အစွမ်းကုန် အသုံးချတတ်ကြသည်ဟု ဆိုရပေမည်။

အိမ်တော်အတွင်းရှိ အဆောက်အအုံများကို စနစ်တကျ စီစဉ်ထားပြီး၊ အနုစိတ်လှပသော လူလုပ်ရှုခင်းများကို ကြားညှပ်ထားသဖြင့် ဗီလာများအကြား သွားလာနေကြသော ဧည့်သည်များမှာ ငြီးငွေ့မှုကို ခံစားရမည်မဟုတ်ပေ။

ဤမျှကြီးမားသော အိမ်တော်အတွင်း လမ်းလျှောက်နေရသည်မှာ အတော်လေး ပင်ပန်းသော်လည်း၊ ယင်းမှာ အထက်တန်းလွှာများနှင့် ပေါင်းသင်းဆက်ဆံရခြင်း၏ ပေးဆပ်မှု ဖြစ်နိုင်ပါသည်။

‘ဟူး... ဒီလိုရှားပါးတဲ့ နှင်းရှုခင်းမျိုးက တကယ်ကို ကြည့်ရတာ တန်ဖိုးရှိပါတယ်... နည်းနည်း ပင်ပန်းရတာနဲ့တင် ထိုက်တန်ပါတယ်’

လင်းကျဲ စိတ်အားထက်သန်စွာဖြင့် တွေးတောရင်း လျှောက်လှမ်းလာခဲ့၏။ သူသည် လက်ကိုဆန့်ထုတ်ကာ ကျဆင်းလာသော နှင်းပွင့်အချို့ကို ဖမ်းဆုပ်လိုက်ပြီး မွဲပြာရောင်သန်းနေသော ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ နှင်းများမှာ ယခုအခါ ထူထပ်စွာ ကျဆင်းနေပြီဖြစ်သဖြင့် သူ ထီးတစ်ချောင်း ဆောင်းထားရ၏။ ထူထပ်သော တိမ်တိုက်များကြားမှ စီးဆင်းနေသော လက္ခဏာများမှာ အဝေးတစ်နေရာတွင် နှင်းမုန်တိုင်းတစ်ခု တိုက်ခတ်တော့မည့်အလား ရှိနေသည်။

နော်ဇင်မြို့သည် လူလုပ်မြို့တော်တစ်ခု ဖြစ်သည့်အပြင်၊ မြေပြင်ထက် မြင့်မားသောနေရာတွင် တည်ရှိခြင်းနှင့် ရေဆိုးမြောင်းကွန်ရက်အတွင်း တည်ဆောက်ထားသော တစ်စိတ်တစ်ပိုင်း အပူချိန်ထိန်းညှိစနစ်တို့ကြောင့် ရာသီဥတု ပြောင်းလဲမှု အလွန်နည်းပါးလှသည်။

အနည်းဆုံးတော့ လွန်ခဲ့သော သုံးနှစ်အတွင်း လင်းကျဲသည် နှင်းကျသည်ကို တကယ်မမြင်ဖူးခဲ့ချေ။ အဲ... တစ်နှစ်တွင် နှင်းခဲအနည်းငယ် ကျသည်ကိုသာ မြင်ဖူးခဲ့သည်။ ဤကမ္ဘာတွင် နှင်းဆိုသည်မှာ တကယ်ရှိရဲ့လားဟုပင် သူ တွေးတောခဲ့ဖူး၏။

လင်းကျဲသည် လွန်ခဲ့သော လအနည်းငယ်က ဆက်တိုက်ရွာသွန်းခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှုအကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ဘဲ၊ ယခု နှင်းကျခြင်းမှာ ထိုမိုးရွာသွန်းမှု၏ အကျိုးဆက်များကြောင့်လားဟု သိချင်နေမိသည်။

“ရှာလော့...”

အမျိုးသမီး အသံတစ်ခု ဘေးဘက်မှ ရုတ်တရက် ထွက်ပေါ်လာ၏။ လင်းကျဲ ခေါင်းကို လှည့်ကြည့်လိုက်ရာ ဝတ်စုံအပြည့်နှင့် အမျိုးသမီးငယ်တစ်ဦး ရှာလော့ဆီသို့ ချဉ်းကပ်လာသည်ကို သတိပြုမိလိုက်သည်။

သူမက ယဉ်ကျေးပျူငှာသော အပြုံးဖြင့်...

“ရှာလော့... တကယ်ပဲ နင်ပါလား... နင် ဒီကို လာလိမ့်မယ်လို့ ငါ မထင်ထားဘူး... မကြာသေးခင်က ဘယ်ကမှန်း မသိတဲ့ လူတချို့နဲ့ ပေါင်းနေလို့ အိမ်တွင်းအပိတ်ခံရလုနီးပါး ဖြစ်နေတယ်လို့ ငါ ကြားထားတာ... မနေ့ညက အဖွင့်ကပွဲမှာ နင် မလာတော့ ဒီပွဲမှာ နင်နဲ့ ဆုံရတော့မှာ မဟုတ်ဘူးလို့ ငါ ထင်ထားတာ...”

“နင့်ကို ဒီမှာ မြင်လိုက်တယ်ဆိုတဲ့ စကား ကြားကြားချင်း ငါ ချက်ချင်း လာခဲ့တာ... နင် အဆင်ပြေနေတာ တွေ့ရတာ ဝမ်းသာပါတယ်...”

ထိုအမျိုးသမီးငယ်သည် သူမ၏ လက်နှစ်ဖက်ကို ယှက်လိုက်ပြီး သူငယ်ချင်းဖြစ်သူ အဆင်ပြေနေသည်ကို စိတ်အေးသွားသည့်အလား ခေါင်းကို ဘေးသို့ အနည်းငယ် စောင်းလိုက်သည်။ ထို့နောက် သူမက ဘေးနားရှိ လင်းကျဲဘက်သို့ လှည့်ကာ မေးလိုက်၏။

“သူက...”

‘အိုး... ကြည့်ရတာ သူရဲ့ ပစ်မှတ်က တကယ်တမ်းကျတော့ ငါ့ဆီကိုလာ...’

လင်းကျဲက မေးစေ့ကို ပွတ်သပ်ရင်း ဘာစကားမှ မပြောဘဲ ပြုံးပြလိုက်သည်။ သူသည် လုပ်ငန်းခွင်သုံး အပြုံးမျိုးကို ပြုံးထားသော်လည်း၊ ဤအမျိုးသမီးငယ်မှာ ရည်ရွယ်ချက်ရှိရှိနှင့် အဆင့်မရှိစွာ ပြုမူနေသည်မှာ ထင်ရှားလှသည်။ သူမသည် စိုးရိမ်မကင်းဟန်ဖြင့် ရှာလော့ထံသို့ ချဉ်းကပ်လာသော်လည်း၊ သူမ၏ သူငယ်ချင်းဖြစ်သူက ဘာမှပင် ပြန်မပြောရသေးမီမှာပင် ဘေးနားရှိ သူစိမ်း၏ အထောက်အထားကို မေးမြန်းနေချေပြီ။

‘ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ပြသသင့်တဲ့ စိုးရိမ်မှုက ဒီလောက်အထိပဲလား ...’

လင်းကျဲ စိတ်ထဲမှ ကဲ့ရဲ့မိသော်လည်း၊ တစ်ဖက်လူမှာ ရှာလော့၏ အသိအကျွမ်း ဖြစ်နေသဖြင့် သူ ဝင်ပြောလျှင် ယဉ်ကျေးရာ မရောက်မည်ကို စိုးရိမ်မိသည်။

‘မိန်းကလေးတွေ အချင်းချင်းပဲ ဖြေရှင်းပါစေလေ...’

လင်းကျဲ၏ ခွင့်ပြုချက်နှင့် အားပေးသည့် အကြည့်ကို ရရှိလိုက်သည့်အခါ ရှာလော့မှာ လင်းကျဲအပေါ် ထားရှိသော ကြည်ညိုလေးစားသည့် အကြည့်ကို ထိန်းချုပ်လိုက်သည်။ တခြားသူများနှင့် စကားပြောသည့်အခါ ထားရှိလေ့ရှိသော အနည်းငယ် စိမ်းသက်သော အပြုံးမှာပင် ပျောက်ကွယ်သွား၏။ ယင်းအစား တည်ငြိမ်အေးစက်သော မျက်နှာဖြင့် သူမက ပြန်ဖြေလိုက်သည်။

“ဒါက နင်နဲ့ ဘာမှမဆိုင်ဘူး... ဒိုင်နေး...”

ရှာလော့သည် မစ္စတာလင်၏ ဆိုလိုရင်းကို နားလည်ပါသည်။ ဤစာအုပ်ကို လက်ခံရရှိပြီးနောက် ပထမဆုံး လုပ်ရမည့်အရာမှာ သူမ လေ့လာမည့် အကြောင်းအရာကို ဆုံးဖြတ်ပြီးလျှင် လက်တွေ့စမ်းသပ်ရန် လူတစ်ဦးကို ရှာဖွေရမည် ဖြစ်သည်။

‘ဟုတ်တယ်၊ ဒါဟာ မစ္စတာလင်ရဲ့ စီစဉ်မှု ဖြစ်ရမယ်...’

သူမ၏ ရှေ့မှ ဤတော်ဝင်မျိုးနွယ်အမျိုးသမီးငယ်သည် အတိတ်က ရှာလော့ဘဝတွင် ‘အချစ်ဆုံး’ သူငယ်ချင်း ဖြစ်ခဲ့သည်။ သူတို့ကို သိသောလူတိုင်း၏ အမြင်တွင် ဤမိန်းကလေးနှစ်ဦးမှာ အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိကြသော်လည်း... အတွင်းစိတ်ထဲတွင်မူ သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် အသုံးချနေကြခြင်း ဖြစ်ကြောင်း ကောင်းကောင်း သိကြသည်။

အထက်တန်းလွှာ အသိုက်အဝန်း အတွင်း ရှာလော့၏ ကျော်ကြားမှုမှာ ‘အေးစက်စက် နေတတ်ခြင်း’ ဆိုသည့် ဂုဏ်သတင်းမှ လာခြင်း ဖြစ်သည်။ သို့သော်လည်း... အမြဲတမ်း အေးစက်စက် နေပါက လူမှု အသိုက်အဝန်း အတွင်း ဘယ်လိုမှ ဘောင်ဝင်လိမ့်မည် မဟုတ်ပါချေ။ ထို့ကြောင့် သူမ၏ လက်နက်က ဒိုင်နေး ဖြစ်ပေသည်။

ဒိုင်နေးနှင့် တွေ့ဆုံချိန်တိုင်း ရှာလော့မှာ ပုံမှန်နှင့် မတူပဲ (ခင်မင် ရင်းနှီးမှု ဆိုသော အတုအယောင် ကာဗာ အောက်တွင်) ‘အရည်ပျော်’ သွားကာ ပုံမှန်အတိုင်း ဆက်သွယ်ပြောဆိုနိုင်သည်။ သူမ၏ ပုံမှန်ပုံစံနှင့် မတူသော ‘ချစ်စရာကောင်းမှု’ ကို ပြသနိုင်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ မူလပုံရိပ်ကိုလည်း ပျက်စီးအောင် လုပ်စရာ မလိုပေ။

ဒိုင်နေးအတွက်မူ... အေးစက်စက် နှင်းပွင့် အလှလေး ရှာလော့သည် သူမ၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်နေခြင်းသာ မကပဲ သူမ၏ ကြင်နာမှုနှင့် ဤ ‘ရေခဲတောင်’ ကိုပင် အရည်ပျော်စေနိုင်သည့် စိတ်ထားကောင်းခြင်းကို ပေါ်လွင်စေသည်။

ထိုကဲ့သို့သော ပေါင်းစပ်မှုမှာ အလွန်စိတ်ဝင်စားစရာကောင်းပြီး သူတို့နှစ်ဦး၏ နာမည်ဂုဏ်သတင်းကို သဘာဝကျကျ အထောက်အကူ ဖြစ်စေသည်။ သို့သော်လည်း ၎င်းမှာ အလွန် ဟန်ဆောင်မှုများပြီး၊ ငြီးငွေ့စရာကောင်းကာ ရည်ရွယ်ချက်ရှိလွန်းလှသည်။ လူတိုင်းက သူတို့၏ ထောင်ချောက်ထဲတွင် ကခုန်နေကြခြင်းမျှသာ ဖြစ်၏။

‘ဒါပေမဲ့ အခုတော့ မတူတော့ဘူး... ငါ ထပ်ပြီး ဟန်ဆောင်နေစရာ မလိုတော့ဘူး... ငါ အစွမ်းထက်လာသရွေ့ ငါ့ရဲ့ စစ်မှန်တဲ့ ကိုယ်ရည်ကိုယ်သွေးအတိုင်း နေနိုင်ပြီ...’

ရင်ခွင်ထဲတွင် ပိုက်ထားသော စာအုပ်မှာ သူမ၏ ခံစားချက်များနှင့် ဟန်ချက်ညီညီ တုန်ခါနေသည်ကို ရှာလော့ ခံစားလိုက်ရသည်။ ၎င်းသည် ပြင်းထန်စွာ တုန်လှုပ်နေပြီး သူမ၏ ဉာဏ်ရည်ကို ယခင်ကထက် ပိုမို ကြည်လင် လန်းဆန်းစေသည်။ ဤသည်မှာ သူမအနေဖြင့် ဤမျက်နှာဖုံးအောက်မှ လုံးဝ ရုန်းထွက်နိုင်ရန် ပထမဆုံးသော ခြေလှမ်း ဖြစ်လာလိမ့်မည်...။

ဒိုင်နေးသည် ခေတ္တမျှ တောင့်တင်းသွားသော်လည်း သူမက ချက်ချင်းပင် စိတ်ကို ပြန်ထိန်းကာ နူးညံ့စွာ ပြန်ပြောလိုက်၏။

“ဒါက ငါနဲ့ ဘာလို့ မဆိုင်ရမှာလဲ... ငါက နင့်ရဲ့ အချစ်ဆုံး သူငယ်ချင်းပဲလေ... ငါက နင့်ကို စိတ်ပူလို့ နင် အခုတလော ဘယ်သူတွေနဲ့ သိကျွမ်းနေလဲဆိုတာ သိချင်ရုံတင်ပါ...”

‘ကျွတ်ကျွတ်... ငါ ဒီကနေတောင် ဟန်ဆောင်မှုအနံ့တွေ ရနေပြီပဲ...’

လင်းကျဲက စိတ်ဝင်တစားဖြင့် တွေးနေမိသည်။ ဤသည်မှာ ဟန်ဆောင်ထားသော ညီအစ်မနှစ်ဦးကြားမှ သူငယ်ချင်းသံယောဇဉ်ကြီး ဖဲထုပ်အိမ်လေးသဖွယ် ပြိုလဲသွားမည့် မြင်ကွင်းမျိုး ဖြစ်လိမ့်မည်ဟု သူ ကြိုတင် ခန့်မှန်းမိလိုက်သည်။

သို့သော် ရှာလော့ကဲ့သို့ ပါရမီရှိပြီး ရည်မှန်းချက်ကြီးသော အမျိုးသမီးငယ်တစ်ဦးအတွက် ဤကဲ့သို့သော အခက်အခဲများတွင် ပိတ်မိနေခြင်းမှာ ကောင်းသောအရာ မဟုတ်ပေ။ မှန်ကန်သော လမ်းကြောင်းမှာ ဤအခြေအနေမှ အမြန်ဆုံး ရုန်းထွက်နိုင်ရန် ဖြစ်ပြီး၊ ရှုပ်ထွေးနေသော ကြိုးထုံးကို လျင်မြန်စွာ ဖြတ်တောက်နိုင်မည့် ပြင်းထန်သော ဆေးတစ်ခွက်ကို သူမ လိုအပ်နေသည်။

ရှာလော့က လင်းကျဲဘက်သို့ လှည့်ကာ ရိုသေစွာ ပြောလိုက်သည်။

“ဆရာ့ရဲ့ အချိန်တွေကို ဖြုန်းတီးမိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်... ဒါကို ကျွန်မဘာသာ ကျွန်မ ဖြေရှင်းနိုင်ပါတယ်”

လင်းကျဲက ရှာလော့၏ ပခုံးကို အသာအယာ ပုတ်ပေးလိုက်၏။ သူသည် ဤကဲ့သို့သော အချစ်ဇာတ်လမ်းဆန်ဆန် ပြဿနာများကို ကြည့်ချင်သော်လည်း၊ ရှာလော့အနေဖြင့် သူမ၏ ကိုယ်ရေးကိုယ်တာ ကိစ္စများတွင် အခြားသူများကို ဝင်ပါစေလိုခြင်း မရှိသည်ကို သူ သိလိုက်သည်။ ထို့ကြောင့် သူက ပြောလိုက်၏။

“ငါ မင်းရဲ့လက်ဆောင်ကိုပါ တစ်ခါတည်း သယ်သွားပေးရမလား...”

ရှာလော့က ခေါင်းခါလိုက်သည်။

“ကျွန်မရဲ့ အစေခံကို ပို့ခိုင်းထားပြီးပါပြီ”

လင်းကျဲက ခေါင်းညိတ်ကာ ပြုံးပြလိုက်သည်။

“ခုနက ငါတို့ စကားပြောခဲ့တာတွေအားလုံးကို မှတ်မိတယ်မလား”

ရှာလော့၏ မျက်လုံးများမှာ လင်းကျဲ၏ မျက်လုံးများနှင့် ဆုံသွားပြီး သူမက ပြန်လည် ရွတ်ဆိုလိုက်၏။

“မာနနဲ့ အစွဲ... ဒါမှမဟုတ် လူ့နှလုံးသားထဲကနေ မွေးဖွားလာတဲ့ တခြားသော တောင့်တမှုတွေဟာ လူ့စိတ်ထဲမှာ ဉာဏ်ပညာနဲ့အတူ ယှဉ်တွဲပါလာတဲ့ မူလအပြစ်တွေပဲ...”

“တခြားသူတွေရဲ့ အမြင်မှာ ကျွန်မဟာ ဘယ်တော့မှ ကျွန်မအစစ်အမှန် ဖြစ်လာမှာ မဟုတ်ဘူး... ကျွန်မက ကျွန်မကိုယ်ကျွန်မ သိနေရမယ်၊ ကျွန်မကိုယ်ကျွန်မ ထိန်းသိမ်းရမယ်၊ ကျွန်မရဲ့ စစ်မှန်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ရှာဖွေရမယ်၊ ပြီးတော့... အဲဒီ မူလအပြစ်တွေကို တူးထုတ်ပြီး၊ ချေဖျက် စုပ်ယူရမယ်... ကျွန်မကိုယ်ကျွန်မ ပြန်ပြီး ဖြည့်ဆည်းရမယ်…”

လင်းကျဲက ကျေနပ်စွာ ခေါင်းညိတ်လိုက်လိုက်၏။

“မင်း တကယ်ကို ကောင်းကောင်း နားလည်သွားပုံရတယ်... ဒါက နောင်မှာ မင်း အာရုံစိုက်ပြီး လေ့လာရမယ့် အကြောင်းအရာပဲ... မင်း တစ်ခုခုကို အောင်မြင်အောင် လုပ်နိုင်ပြီး မင်းရဲ့ အချုပ်အနှောင်တွေကနေ လွတ်မြောက်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်... အင်း... အချိန်ရောက်ပြီ... ငါ သခင်မလေးကျိဆီ အရင် သွားနှင့်ဦးမယ်”

ရှာလော့က ခေါင်းညိတ်ကာ လင်းကျဲ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။

ပထမတွင် ဒိုင်နေးသည် သူတို့၏ စကားပြောသံကို ကြားရသည့်အခါ အနည်းငယ် စိုးရိမ်မကင်း ဖြစ်နေမိသော်လည်း၊ သူမ ဆက်သွယ်ချင်သော ပုဂ္ဂိုလ် ထွက်ခွာသွားသည်ကို မြင်သည့်အခါတွင်မူ ထိတ်လန့်သွားပြီး ရှေ့သို့တက်ကာ သူ့ကို တားဆီးရန် ကြိုးစားလိုက်သည်။

ရှာလော့သည် ခြေလှမ်းနှစ်လှမ်း ရှေ့သို့တက်ကာ ထိုမိန်းကလေး၏ မျက်နှာနှင့် နီးကပ်အောင် တိုးကပ်လိုက်ပြီး သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

“ဒိုင်နေး... နင် ငါ့ကို... မနာလို ဖြစ်နေတာလား... ငါက နင့်ထက် ခြေတစ်လှမ်း ထပ်ပြီး သာသွားလို့လား... နင်ကတော့ ဘေးကနေ ထာဝရ စောင့်ကြည့်နေရုံပဲ တတ်နိုင်တဲ့အချိန်မှာ၊ ငါက ပိုပြီး လျှို့ဝှက်ဆန်းပြားပြီး ဩဇာအာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ရှာတွေ့သွားလို့ နင် မနာလို ဖြစ်နေတာလား...”

ဒိုင်နေး၏ မျက်နှာမှာ တစ်စက္ကန့်မျှ ဒေါသကြောင့် ပုံပျက်သွားသော်လည်း၊ သူမက စိတ်ကို ပြန်ထိန်းကာ နူးညံ့သောအပြုံးကို အတင်းလုပ်ပြလိုက်စဉ်မှာပင် သူမ၏ နှလုံးသားထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။

“နင်...”

သူမ၏ မျက်လုံးများ ပြူးကျယ်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်ရာ ရှာလော့၏ ရင်ခွင်ထဲမှ စာအုပ်မှာ ထူးဆန်းသော အသားစနှင့် သွေးစိုင်ခဲကြီးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ အမျှင်တန်း အမြစ်များမှာ ရှာလော့၏ ခန္ဓာကိုယ် အလယ်ဗဟိုသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေပြီး၊ အလယ်ဗဟိုတွင် ချွန်ထက်သော သွားများရှိသည့် ပါးစပ်ကြီးတစ်ခု ပွင့်လာချေပြီ။

ထူထဲပြီး ခွဆုံသဏ္ဌာန်ရှိသော လျှာကြီးတစ်ချောင်းမှာ ထိုပါးစပ်ထဲမှ ထွက်ပေါ်လာပြီး ဒိုင်နေး၏ နှလုံးသားကို ထိုးဖောက်ကာ အတွင်းပိုင်းရှိ အရာများကို မွှေနှောက်နေတော့သည်။ တစ်စုံတစ်ခုကို တူးထုတ်ရန် ကြိုးစားနေသည့်အလား...။

***

All Chapters