← Chapters

အခန်း (၄၁၃-၄၁၄)

Vol. 30 Ch. 413-414

အခန်း (၄၁၃-၄၁၄)

Vol. 30 Ch. 413-414

အပိုင်း(၄၁၃)

စာအုပ်အတွင်းမှ သွေးစိုနေသော အသားစိုင်တို့သည် ခဏချင်းပင် ရှာလော့၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားတော့သည်။ ရင်ခုန်သံနှင့် ထိုအသားစိုင်၏ တုန်ခါလှုပ်ရှားမှုတို့ တစ်သားတည် ကျလာသည်နှင့်အမျှ ရှာလော့၏ စိတ်လှုပ်ရှားမှုနှင့် အလိုရမ္မတ တို့မှာလည်း ပို၍ ပြင်းထန်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော လျှာကြီး ဒိုင်နေး၏ ရင်ဘတ်ထဲသို့ ထိုးစိုက်ဝင်ရောက်သွားသည့် ခဏ၌ပင် ရှာလော့သည် အခွင့်ကောင်းယူကာ သူမကို တိုးကပ်ဖက်တွယ်လိုက်သည်။ သူတို့နှစ်ဦးမှာ ကိုယ်လုံးချင်းမှာ နွေးထွေးစွာ ဖက်လှဲတကင်း ရှိနေကြသဖြင့် ကြည့်ရသည်မှာ ထူးခြားမှုမရှိဘဲ သမရိုးကျ ပွေ့ဖက်မှုတစ်ခုနှင့်သာ တူနေတော့သည်။

"ဒိုင်နေး... နင် ငါ့ကို မနာလိုဖြစ်နေတာလား"

ရှာလော့က သူမ၏ မျက်နှာကို ဒိုင်နေး၏ပါးနှင့် တင်းတင်းကပ်ထားလိုက်သည်။ ယခင်က ရှိခဲ့ဖူးသော မြင့်မြတ်သည့် ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦး၏ ဟန်ပန်နှင့် အမူအရာတို့မှာ အစအနပင် မကျန်တော့ပေ။ သူမ၏ မျက်လုံးများမှာ အထက်စီးဆန်ကာ အေးစက်စက် ရှိနေပြီး အမုန်းတရား သက်သက်ဖြင့်သာ ပြည့်နှက်နေတော့၏။

"ငါက နင်ထက် ပိုလှလို့လား၊ ဒါမှမဟုတ် မျိုးရိုးက ပိုမြင့်နေလို့လား... ငါက ဘာမှ အားထုတ်စရာမလိုဘဲ လူတိုင်းရဲ့ အချစ်ကို ရနေလို့လား၊ ဒါမှမဟုတ် ဘယ်နေရာရောက်ရောက် လူအများရဲ့ အာရုံစိုက်မှုကို အလွယ်တကူ ရနေလို့လား... ငါပြောတာ မှန်တယ်မလား..."

ဤသည်မှာ ရှာလော့ တစ်သက်လုံး ဖုံးကွယ်ထားခဲ့သော လူသတ်လိုသည့် စိတ်ရိုင်းပင် ဖြစ်သည်။ ယခုမူ ထိုစိတ်ရိုင်းတို့မှာ သားကောင်ကို ဟပ်ရန် ပါးစပ်ဖြဲထားပြီး ချွန်ထက်သော သွားတန်းကြီးများကို ထုတ်ပြနေသည့် ငါးမန်းတစ်ကောင်ကဲ့သို့ အထင်းသား ပေါ်လွင်နေတော့သည်။ သူမ၏ အကြည့်မှာ လူတစ်ယောက်ကို ကြည့်နေခြင်းမျိုး မဟုတ်ဘဲ မြိန်ယှက်ဖွယ်ရာ အစားအစာတစ်ခုကို ဝါးမျိုရန် ချောင်းမြောင်းနေသည့် အလား။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အကြည့်မျိုးနှင့် ရင်ဆိုင်ရပါက သဘာဝလွန် စွမ်းအားရှင်များပင် ခြေဖျားလက်ဖျား တုန်ရင်သွားနိုင်သည်ဖြစ်ရာ သာမန်လူတစ်ယောက်မျှသာ ဖြစ်သော ဒိုင်နေးအတွက်မူ ပြောနေရန်ပင် မလိုတော့ပေ။ ထို့ပြင် ယခုအချိန်တွင် ဒိုင်နေးသည် အမဲလိုက်သတ္တဝါ၏ အစွယ်အောက် ရောက်နေသော သားကောင်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကို ခံစားနေရရုံသာမက သူမ၏ ရုပ်ပိုင်းဆိုင်ရာမှာလည်း...

"ဂု... ဂု... ဂတ်..."

ဒိုင်နေး၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး ပါးစပ်မှလည်း မပီပြင်သော အသံတိုးတိုးလေးများသာ ထွက်ပေါ်နေ၏။ သူမသည် နောက်ဆုံးကျန်ရှိသော ရှင်သန်လိုစိတ်ကို အသုံးပြုကာ တုန်ရင်နေသော လက်ဖြင့် ရှာလော့ကို တွန်းဖယ်ရန် ကြိုးစားရှာသည်။ ရင်ဘတ် တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြင့် အသက်ကို လုရှူနေရသော်လည်း ရှူသွင်းလိုက်သည့် လေထက် ရှူထုတ်လိုက်ရသည်က ပိုများနေပြီး စကားလုံး တစ်လုံးကိုပင် ပြည့်စုံအောင် အသံ မထွက်နိုင်တော့ချေ။

ပို၍ တိတိကျကျ ပြောရလျှင်... သူမ၏ ဟထားသော ပါးစပ်ထဲမှ မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်နေသည့် အရာတစ်ခု ထွက်လာသည်ကို သူမ မြင်နေရသည်။ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသော လျှာကြီးသည် လည်ချောင်းကို ဖောက်ထွက်ကာ အသံအိုးကို ရစ်ပတ်ထားပြီး ဖြစ်သောကြောင့် အသံပင် မထွက်နိုင်တော့ခြင်း ဖြစ်ကြောင်း သူမ သိလိုက်ရသည်။

ရှာလော့ကတော့ ဒိုင်နေး၏ ရုန်းကန်မှုကို ဂရုမစိုက်ပေ။ သူမသည် အားနည်းလှသော ထိုလက်ကလေးကို ဖမ်းဆွဲကာ မိမိပါးပေါ်သို့ တင်လိုက်ပြီး မျက်နှာချင်း ပို၍ တိုးကပ်လိုက်သည်။

"ဘာလို့လဲ... နာလို့လား"

ဒိုင်နေး၏ တုန်ရီမှုမှာ ပို၍ ပြင်းထန်လာပြီး ခေါင်းခါပြရန် ကြိုးစားသော်လည်း ရှာလော့က အားဖြင့် ထိန်းချုပ်ထားသဖြင့် သူမမှာ လှုပ်ပင်မလှုပ်နိုင်တော့ပေ။

ရှာလော့သည် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း နေ့လယ်စာ စားပွဲဆီသို့ ဦးတည်သွားကြသော လူအုပ်ကြီးမှာလည်း ပါးသွားပြီဖြစ်ကြောင်း သတိထားမိလိုက်သည်။ သူမက ကိုယ်ကို အနည်းငယ် နောက်သို့ ဆုတ်လိုက်ရာ သူမ၏ ရင်ဘတ်ပေါ်တွင် ပေါ်ပေါက်နေသော သွေးရောင်လွှမ်းသည့် အသားစိုင် မုခ်ဦးကြီးကို တစ်ဝက်ခန့် မြင်လိုက်ရသည်။ ထို့အတူ ဒိုင်နေး၏ ခန္ဓာကိုယ်တွင်လည်း ထိုနေရာ တည့်တည့်၌ အပေါက်ကြီးတစ်ခုမှာ စေးကပ်သော သွေးစ၊ အသားစတို့ဖြင့် ဝင်းလက်နေသည်ကို အတိုင်းသား မြင်နေရသည်။

ဒိုင်နေး၏ ခန္ဓာကိုယ်အတွင်း၌ ကိုယ်တွင်းအင်္ဂါ အပိုင်းအစ အနည်းငယ်သာ ကျန်တော့သည်။ ထိုလျှာကြီးမှာ သွေးကြောတစ်ခုအလား လည်ပင်းမှတစ်ဆင့် ဒိုင်နေး၏ ဦးခေါင်းအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်ကာ လှုပ်ရှားနေဆဲ ဖြစ်သည်။ ဒိုင်နေး၏ မျက်လုံးများမှာ အပေါ်သို့ လန်တက်သွားပြီး ပါးစပ်ထောင့်မှလည်း တံတွေးများ စီးကျလာသည်။ မျက်အိမ်အောက်တွင်မူ အရေပြားများ တွန့်လိပ်ကာ ညိုမည်းနေပြီး သူမ၏ မျက်လုံးအိမ်မှာ အသားနှင့် ကွာကျတော့မည့်အတိုင်းပင်။

ရှာလော့ သူမ၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရာ လျှာရင်းတွင် မထင်မရှား ရှိနေသော ဂါထာမန္တန်များကို မြင်တွေ့လိုက်ရသည်။ သူမက ကျေနပ်အားရစွာ ပြုံးလိုက်ရင်း တိုးတိုးလေး ကပ်ပြောလိုက်၏။

"တိတ်တိတ်နေပါ... ဘာမှ ပြောစရာမလိုတော့ဘူး... နင့်ရဲ့ စိတ်ထဲက အတွေးတွေကို ငါ အကုန်ကြားနေရပြီ"

အပြင်ပန်းကြည့်လျှင် သူတို့နှစ်ဦးမှာ ညီအစ်မရင်းချာများကဲ့သို့ ရင်းနှီးလွန်းလှသည်။ ဘေးမှ ဖြတ်သွားဖြတ်လာပြုသူတို့သည်လည်း တစ်ချက်မျှ ကြည့်ကာ ခပ်သုတ်သုတ်သာ သွားကြပြီး မည်သည့် ထူးခြားမှုကိုမျှ သတိမပြုမိကြပေ။

အမှန်စင်စစ်မူ... သူတို့နှစ်ဦးမှာ အတိုင်းထက်အလွန် နီးကပ်သွားခဲ့ပြီ ဖြစ်သည်။

"နင် ငါ့ကို မကြည့်ချင်တာ ကြာလှပြီပဲ... နင်က လူတိုင်းနဲ့ အဆင်ပြေအောင်၊ လူကောင်းတစ်ယောက် ဖြစ်အောင် အစွမ်းကုန် ကြိုးစားခဲ့တယ်... ဒါပေမဲ့ ဘာလို့ နင်နဲ့ ငါနဲ့ အတူရှိနေရင် လူတိုင်းက ငါ့ကိုပဲ အရင်မြင်နေကြတာလဲ"

"...ငါက ဒီလောက် အေးစက်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တာတောင်၊ ဒီလူတွေက ဘာလို့ ငါ့နားကို အတင်းကပ်ချင်နေကြတာလဲ... နင်ကတော့ နင့်ရဲ့ မကျေနပ်ချက်တွေကို မျိုသိပ်ပြီး ငါ့ရဲ့ ညီအစ်မကောင်းလေးအဖြစ် ဟန်ဆောင်နေခဲ့ရတာပေါ့... မနာလိုစိတ်ဆိုတာ ပေါင်းပင်လိုပဲ၊ လေတိုက်တာနဲ့ အရူးအမူး ရှင်သန်လာတတ်တာမျိုး..."

ရှာလော့က သူမ၏လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်၏။ ဒိုင်နေး၏ ရင်ဘတ်မှ ဟောင်းလောင်းပေါက်ကြီးကို သူငယ်ချင်းလေး ချမ်းမှာစိုးသည့်အလား အသာအယာ ပြန်စိပေးလိုက်သည်။ ရင်ဘတ်မှ အရေပြားနှင့် နံရိုးများ ကွယ်ပျောက်နေပြီဖြစ်သဖြင့် ထိုသို့ အတင်းဆွဲစိလိုက်ခြင်းက နဂိုကပင် ကျော့ရှင်းသော ထိုအမျိုးသမီးငယ်၏ ကိုယ်လုံးကို ထူးထူးခြားခြား သွယ်လျသွားစေသည်။

ဤအပြုအမူကြောင့် ဒိုင်နေး၏ ခန္ဓာကိုယ်မှာ တစ်ချက် တုန်တက်သွားပြန်၏။ သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်တစ်စက် ကျလာသည်မှာ သူမ၏ သိစိတ်တို့ ချုပ်ငြိမ်းမသွားသေးကြောင်း သက်သေပင်။

"ဒါကြောင့် နင်က နင့်ကို မနာလိုစိတ်နဲ့ ရူးသွပ်စေတဲ့ လူကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့... ဘယ်လိုနည်းနဲ့ လုပ်မလဲ... သာမန်လူတွေ အနေနဲ့တော့ မဖြစ်ဘူးလေ... ငါ့ရဲ့ မိသားစု နောက်ခံက နင်ထက်တောင် မြင့်နေတာဆိုတော့ လူမိသွားမှာပေါ့... ဒါကြောင့် နင် မကြာခင်ကမှ အဆက်အသွယ် ရထားတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ 'ဘလပ်ဖိစ်' ဆီကနေ အကူအညီတောင်းဖို့ စဉ်းစားခဲ့တယ်..."

"အဲဒီအဖွဲ့ရဲ့ အထက်ပိုင်းမှာ အပြောင်းအလဲတချို့ ရှိခဲ့ပေမဲ့ အဖွဲ့ရဲ့ ဖွဲ့စည်းပုံကြောင့် နင့်ရဲ့ အစီအစဉ်အပေါ် သက်ရောက်မှု မရှိခဲ့ဘူး... အဆင့်မြင့် စွမ်းအားရှင် အသစ်တွေ ပေါ်လာပြီး အဖွဲ့ကို ဦးဆောင်လိုက်တဲ့အခါ ပျက်စီးလုနီးပါး ဖြစ်နေတဲ့ အဖွဲ့ဟာ တောင့်တင်းတဲ့ အင်အားစုတစ်ခု ဖြစ်လာခဲ့တယ်... ဒီလိုအဖွဲ့အစည်းမျိုးအတွက် သာမန် အမျိုးသမီးငယ်လေး တစ်ယောက်ကို ဖျက်ဆီးဖို့ဆိုတာ လက်ခုပ်ထဲက ရေပဲလို့ နင်ယုံကြည်ပြီး ဒီတာဝန်ကို သူတို့ဆီ အပ်နှံခဲ့တာပေါ့..."

"ဒါပေမဲ့ ဘာလို့လဲ... မနေ့ညကတည်းက သေဆုံးသွားရမယ့် ရှာလော့က ဘာလို့ အခု ဒီပွဲကို ရောက်နေရတာလဲ"

မနေ့ညက ရှာလော့ ပေါ်မလာသည့်အတွက် ဒိုင်နေး အလွန်ပင် ပျော်ရွှင်ခဲ့ရသေးသည်။ သို့သော်လည်း... အဆုံးသတ်တွင်မူ ရှာလော့သည် ရောက်ရှိလာရုံသာမက မနေ့ညက ပွဲတစ်ခုလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရသည့် လျှို့ဝှက်ဆန်းကြယ်သော လူသားနှင့်လည်း ရင်းရင်းနှီးနှီး စကားပြောနေခဲ့သဖြင့် ဒိုင်နေး ရရှိသင့်သော အာရုံစိုက်မှုများကို ထပ်မံ လုယူသွားပြန်သည်။

ဒိုင်နေး၏ မျက်ဝန်းအစုံ၌ နောက်ဆုံးကျန်ရှိသော အလင်းစတို့ စုစည်းသွားကာ သူမရှေ့ရှိ အမျိုးသမီးငယ်ကို မကျေမနပ် ကြည့်လိုက်သည်။ သူမ၏ လက်ချောင်းများက ရှာလော့၏ လက်ကို တင်းတင်းကြပ်ကြပ် ဆွဲဖျစ်ထားသည်မှာ "ဘာကြောင့်လဲ" ဟု မေးနေသည့်အလား။

ရှာလော့က သက်ပြင်းချလိုက်သည်။

"မစ္စတာလင် ပေးထားတဲ့ သုတေသန ခေါင်းစဉ် မရှိရင်တောင် နင့်ရဲ့ အစီအစဉ်ကို ငါ သိနေတာ ကြာပါပြီ... အစကတော့ ငါက ဂရုမစိုက်ချင်လို့ ဘာမှမသိသလို ဟန်ဆောင်နေခဲ့တာ... ပြောရရင် လူမှုဆက်ဆံရေး နယ်ပယ်ထဲ ရောက်ဖို့ နင့်ရဲ့ အကူအညီက လိုနေသေးလို့လေ"

"ဒါပေမဲ့ အခုတော့ မစ္စတာလင် ပြောတာ မှန်တယ်လို့ ငါ ထင်တယ်... ငါ့ရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်လက္ခဏာကို ငါ ရင်ဆိုင်သင့်ပြီ... ငါ့မှာ လုံလောက်တဲ့ အစွမ်းရှိနေသရွေ့ ဒီအရာတွေက ဝန်ထုပ်ဝန်ပိုးတွေပဲ... လူမှုရေးဆိုတာ ငါ့အတွက် အသုံးမဝင်တော့ဘူး"

ရှာလော့က တိုးတိုးလေး ရေရွတ်လိုက်သည်။

ဒိုင်နေး၏ ခန္ဓာကိုယ်မှာ ပို၍ ပြင်းထန်စွာ တုန်ယင်လာပြီး အသက်ကို လုရှူနေရကာ သူမ၏ သူငယ်အိမ်မှာလည်း ကျဉ်းမြောင်းသွားတော့သည်။

"အင်း... နင့်ရဲ့ အစီအစဉ်တွေကို ငါ ဘယ်လို သိနေတာလဲ ဆိုတာကို သိချင်တာလား"

ရှာလော့၏ မျက်နှာတွင် စစ်မှန်သည့် ပျော်ရွှင်မှု အပြုံးတစ်ခု ပေါ်လာ၏။

"ဘာလို့လဲဆိုတော့... ဘလပ်ဖိစ် အဖွဲ့ကို လွှမ်းမိုးချုပ်ကိုင်လိုက်တဲ့ အဆင့်မြင့် စွမ်းအားရှင်ဆိုတာ..."

"ငါ ကိုယ်တိုင် ဖြစ်နေလို့ပဲ..."

“...”

ဒိုင်နေးမှာ ဆွံ့အသွားပြီး သူမ၏ မျက်လုံးများမှာ မျက်အိမ်ထဲမှ ထွက်မတတ် ပြူးကျယ်သွားတော့သည်။ သူမသည် နောက်ဆုံးကျန်သော အင်အားကို အသုံးပြုကာ ရှာလော့ကို ဆွဲကိုင်ရန် ကြိုးစားသော်လည်း လက်မှာ တစ်ဝက်ခန့်တွင်ပင် အင်အားကင်းမဲ့စွာ ပြုတ်ကျသွားလေတော့သည်။

ရှာလော့က အပြုံးကို ရုပ်သိမ်းလိုက်ကာ မျက်လုံးအစုံ ပြူးလျက် သေဆုံးသွားသော ဒိုင်နေးကို အေးစက်စွာ ကြည့်နေခဲ့သည်။ သူမသည် ‘မူလအပြစ်နှင့် နှလုံးသားထဲမှ နတ်ဆိုးများ..’အမည်ရှိ စာအုပ်နှင့် တစ်သားတည်း ဖြစ်သွားသလို ခံစားနေရပြီး သူမ၏ နှလုံးခုန်သံမှာလည်း ထိုစာအုပ်နှင့် ထပ်တူကျနေပြီ ဖြစ်သည်။

"ဒါကြောင့်ကိုး... ဒါက 'စိတ်ထဲက နတ်ဆိုး' ပေါ့... ကြီးလေးသော အပြစ်ခုနစ်ပါးကို ဝါးမျိုတဲ့ နတ်ဆိုးပဲ"

ဤသည်မှာ မစ္စတာလင်ထံသို့ သူမ တင်သွင်းရမည့် အဖြေလွှာပင် ဖြစ်ပေတော့သည်။

***

အပိုင်း(၄၁၄)

နေ့လယ်စာ သုံးဆောင်ရန်နှင့် မွေးနေ့လက်ဆောင်များ ဆက်သရန် ပြင်ဆင်ထားသည့် ဗီလာအိမ်ကြီးမှာ မယုံနိုင်လောက်အောင်ပင် ကျယ်ဝန်းလှသည်။ တံခါးမကြီးများကို အမြဲဖွင့်လှစ်ထားပြီး ပထမထပ် ခန်းမကြီးတစ်ခုလုံးကိုလည်း ဧည့်သည်တော်များ စိတ်တိုင်းကျ စားသောက်ရင်း စကားစမြည် ပြောဆိုနိုင်ရန် ပုံမှန်ပွဲတော်တစ်ခုကဲ့သို့ ခင်းကျင်းပြင်ဆင်ထားသည်။

လင်းကျဲအနေဖြင့် ဤနေရာသို့ ရောက်ရှိသည်မှာ တစ်ရက်သာ ရှိသေးသော်လည်း လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို ရိုးအီနေပြီ ဖြစ်သဖြင့် အနည်းငယ် ပျင်းရိစပြုလာသည်။ အမှန်စင်စစ် ဤပွဲ၌ လုပ်စရာဟူ၍ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ လူမှုရေးအရ ရောနှောဆက်ဆံရန်ပင် ဖြစ်သည်။ လာမည့် သုံးရက်တာပတ်လုံး ဤလုပ်ရပ်များကိုပင် ထပ်တလဲလဲ မြင်တွေ့ရမည်ဖြစ်ကြောင်း သူ အလွယ်တကူ ခန့်မှန်းမိနေသည်။

လင်းကျဲသည် နှုတ်မှုပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ပြီး စကားပြောဆိုရန် ဝန်မလေးသူ ဖြစ်သော်လည်း သုံးရက်တိုင်တိုင် အနားမနေ တောက်လျှောက် အားထုတ်နေရမည်ကိုမူ အလိုမရှိပေ။ အပြန်အလှန် နှုတ်ဆက်စကား အများစုမှာ အနှစ်သာရမရှိဘဲ ရှည်လျားလှသော သံတမန်ဆန်ဆန် စကားလုံးများဖြင့်သာ ပြည့်နှက်နေတတ်ရာ ထိုအရာများကို ထပ်ခါတလဲလဲ ကြားနေရခြင်းက ဦးနှောက်ကိုပင် ရောင်ကိုင်းလာစေနိုင်သည်။

ထို့ပြင် လက်ရှိအခြေအနေအရ မနေ့ညက ဖြစ်ရပ်ဆိုးများကြောင့် ရရှိထားသည့် စိတ်ဒဏ်ရာများကို ဧည့်သည်များဘက်က ကုစားပြီး သူ့ထံသို့ အစပျိုး ချဉ်းကပ်လာရန်မှာ အချိန်အတန်ကြာ ဦးမည်ဖြစ်သည်။ ထိုအချိန်မှာ မည်မျှကြာမြင့်မည်ကိုမူ လင်းကျဲ ကိုယ်တိုင်ပင် မခန့်မှန်းနိုင်ချေ။ ကံကောင်းသည်မှာ မစ္စတာလင်၏ ပျင်းရိမှုကို ကုစားပေးနိုင်မည့် အရသာရှိသော အစားအစာများနှင့် ဖောက်သည်သစ် သုံးဦး ရှိနေခြင်းပင်။

လင်းကျဲသည် အစက ထိုသို့သာ တွေးထားခဲ့ခြင်း ဖြစ်သည်။ သူသည် ခန်းမတံခါးကို ဖြတ်ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် အဓိပ္ပာယ်မဲ့သော စကားဝိုင်းများနှင့် စုံလင်လှသော စားဖွယ်စုံတို့ကို ရင်ဆိုင်ရန် အဆင်သင့် ပြင်ထားပြီး ဖြစ်သည်။

"ကြည်ညိုလေးစားအပ်တဲ့ မစ္စတာလင်ခင်ဗျာ... မင်္ဂလာပါ... ခဏလောက် စောင့်ပေးပါဦး"

တံခါးဝတွင် ရပ်နေသော ဆံပင်ဖြူဖွေးနေသည့် အဘိုးအိုတစ်ဦးက လင်းကျဲကို အရိုအသေပြုကာ လမ်းမှ ဖြတ်တားလိုက်သည်။ ထိုအဘိုးအိုသည် အဖြူရောင် ရှပ်အင်္ကျီပေါ်တွင် အညိုရောင် လက်ပြတ်အင်္ကျီကို ထပ်ဝတ်ထားပြီး ရွှေရောင်ကိုင်း မျက်မှန်ကို တပ်ဆင်ထားသည်။

လင်းကျဲ ရပ်တန့်လိုက်၏။ ဤမျက်နှာကို သူ မှတ်မိသည်။ သူသည် အမှတ် (၁၆) စံအိမ်တော်၏ အိမ်စေ အဘိုးကြီး ဖြစ်ပြီး ယခင်ကိစ္စရပ်များတွင် အခြားအစေခံများကို ညွှန်ကြားနေသည်ကို လင်းကျဲ အမြဲ မြင်တွေ့ခဲ့ရဖူးသည်။

လင်းကျဲက ယဉ်ကျေးစွာပင် မေးလိုက်သည်။

"ဩော်... အိမ်တော်စေကြီးပါလား... ကျွန်တော့်ဆီက ဘာများ အကူအညီ လိုလို့လဲခင်ဗျာ"

လင်းကျဲ၏ သာယာသော အပြုံးကို မြင်လိုက်ရသောအခါ အိမ်စေအဘိုးကြီးမှာ ချွေးစေးများပင် ထွက်လာတော့သည်။

"မဟုတ်တာ... မဟုတ်တာပါခင်ဗျာ... လူကြီးမင်းကို အလုပ်ရှုပ်အောင် မလုပ်ဝံ့ပါဘူး... သခင်မလေးက လူကြီးမင်းကို မြင်တာနဲ့ ဘေးဘက် ခန်းမဆောင်ဆီ ခေါ်ဆောင်ခဲ့ဖို့ မှာထားလို့ပါ... သခင်မလေးက လူကြီးမင်းနဲ့အတူ နေ့လယ်စာ သုံးဆောင်ချင်လို့ပါ"

"အော်..."

ကျိမိသားစု သခင်မလေးက သူ့ကို စောင့်ကြိုရန် လူလွှတ်ထားသည်ကို လင်းကျဲ သဘောပေါက်လိုက်သည်။

‘သူက ငါ ပျင်းနေမှာကိုတောင် ထည့်တွက်ပေးထားတာပဲ... ဟူး... တော်တော်လေးကို ဂရုစိုက်တတ်တာပဲ...’

ဤသည်မှာ သူသိထားသော၊ သူမကို စော်ကားခဲ့သည့် လူဖျင်းများကို အကုန်ရှင်းပစ်တတ်သည့် သခင်မလေး ကျိ၏ ပုံစံနှင့် အလွန်ပင် ကွာခြားလှသည်။

"တကယ့်ကို စဉ်းစားပေးတတ်တာပဲ..."

လင်းကျဲ ခေါင်းညိတ်လိုက်သည်။

"သခင်မလေးကျိက ဖိတ်ကြားမှတော့ ကျွန်တော် လိုက်ခဲ့ရမှာပေါ့"

အိမ်စေအဘိုးကြီးက လမ်းညွှန်ပြသသည့် အမူအရာဖြင့် အခြားစင်္ကြံလမ်းတစ်ခုကို ညွှန်ပြလိုက်သည်။

"ဒီဘက်က ကြွပါခင်ဗျာ... ကျွန်တော် လမ်းပြပေးပါမယ်... အာ... ဒါပေမဲ့ လူကြီးမင်းနဲ့ ပါလာတဲ့ သူတွေကတော့..."

အိမ်စေကြီး၏ မျက်နှာတွင် အခက်တွေ့နေသော အမူအရာကို မြင်သောအခါ လင်းကျဲက ရိပ်မိလိုက်သည်။ သခင်မလေးကျိသည် သူမ ယခင်က ကြုံတွေ့ခဲ့ရသော လူမိုက်များ၏ စိတ်နာစရာ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ဆွေးနွေးလိုဟန် တူသည်။ အကယ်၍ ထိုသို့သာဆိုလျှင် အခြားသူများ ရှိနေခြင်းက အမှန်တကယ်ပင် မသင့်တော်ပေ။

ထို့ကြောင့် သူသည် လှည့်ကြည့်ကာ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက် ဒီမှာပဲ ခဏနေခဲ့ကြဦး... ခဏနေရင် ရှာလော့ ပြန်လာလို့ ငါတို့ တစ်ယောက်မှ မရှိရင် အဆင်မပြေဖြစ်နေဦးမယ်... သူမကို စောင့်ရင်း မင်းတို့နှစ်ယောက် အေးအေးဆေးဆေး စကားပြောနေကြပေါ့"

ဂရက်နှင့် ဖစ်ချ်တို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ မလိုက်ချင်သော်လည်း ငြင်းပယ်နိုင်သည့် အခြေအနေတွင် မရှိသဖြင့် သဘောတူလိုက်ရုံသာ တတ်နိုင်တော့သည်။

"နေ့လယ်စာကို ကောင်းကောင်းစားကြဦး၊ ရှာလော့ကိုလည်း ငါက နှုတ်ဆက်တယ်လို့ ပြောလိုက်ဦးနော်"

လင်းကျဲက ပြုံးလျက် လက်ဝှေ့ယမ်းပြကာ ခန်းမထဲသို့ ဝင်သွားတော့သည်။ ထိုနှစ်ယောက်ကို စကားပြောခွင့် ပေးလိုက်ခြင်းက အကြံကောင်းတစ်ခုဟု သူ ယူဆထားသည်။ ခဏလေး အတွင်းမှာပင် သူတို့နှစ်ဦး ရင်းနှီးသွားကြသည်မှာ မဆိုးလှပေ။ လင်းကျဲသည် အိမ်စေကြီးဘက်သို့ ပြန်လှည့်ကာ...

"ကျေးဇူးပါပဲ"

ဟု လောကဝတ် စကားပြောရန်လည်း မမေ့ခဲ့ပါချေ။

အိမ်စေအဘိုးကြီးမှာ နဖူးမှ ချွေးများကို သုတ်လိုက်ရင်း အလျင်အမြန် တုန့်ပြန်လိုက်၏။

"ဘာမှ မခက်ခဲပါဘူးခင်ဗျာ... လူကြီးမင်းကို အခုလို ဝန်ဆောင်မှု ပေးရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ"

ထိုသို့ဆိုကာ သူသည် ခေါင်းငုံ့လျက် လမ်းပြပေးရင်း ဗီလာအိမ်ကြီး၏ ပထမထပ်ရှိ ဘေးဘက်ခန်းမဆောင်သို့ လင်းကျဲကို ခေါ်ဆောင်သွားတော့သည်။

...

လင်းကျဲ ထွက်ခွာသွားပြီး မကြာမီ...

ဂရက်နှင့် ဖစ်ချ်တို့ ခန်းမထဲသို့ ဝင်လာကြသော်လည်း လူအုပ်ကြီးရှိရာသို့ မသွားဘဲ တံခါးဝနှင့် အနီးဆုံးနေရာတွင်သာ ထိုင်ခုံရှာ၍ ထိုင်လိုက်ကြသည်။ အမှန်စင်စစ် သူတို့သည် အခြားသူများနှင့် စကားပြောရန် ဆန္ဒမရှိကြပေ။ မစ္စတာလင်က ရှာလော့ကို စောင့်ရန် ပြောထားသဖြင့် ရှာလော့ ပြန်လာလျှင် ချက်ချင်း မြင်နိုင်မည့် နေရာကိုသာ သူတို့ ရွေးချယ်လိုက်ကြခြင်း ဖြစ်သည်။

သို့သော် နေရာယူပြီးနောက်တွင် သူတို့နှစ်ဦး စကားသိပ်မပြောဖြစ်ကြချေ။ အကြောင်းမှာ မနက်ပိုင်းကပင် သတင်းအချက်အလက်များကို အပြန်အလှန် ဖလှယ်ပြီး ဖြစ်သောကြောင့်ပင်။ သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး မနှစ်မြို့ကြသေးဘဲ စောစောကကဲ့သို့ အပြန်အလှန် အငြင်းပွားစရာ မရှိပါက ပြောစရာစကားလည်း မရှိတော့ပေ။

ဂရက်က မှော်အစီအရင် အသေးစားလေးတစ်ခုကို ဖန်တီးလိုက်ပြီးနောက် သူ၏ ဆက်သွယ်ရေး ကိရိယာကို ထုတ်ကာ 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' ထံ လက်ရှိ အခြေအနေကို စတင် အစီရင်ခံတော့သည်။

"ဘာ... အရင်က မှတ်တမ်းမတင်ဖူးတဲ့ 'အခရာအဆင့်' ဟုတ်လား... မင်းရဲ့ အစီရင်ခံစာက တကယ်ပဲ တိကျရဲ့လား... ငါတို့ဆီမှာ ဘာထူးခြားမှုမှ မတွေ့ရသလို၊ အမှန်တရား အသင်းတော်ရဲ့ အီသာ စောင့်ကြည့်ရေး စနစ်မှာလည်း ဘာလှုပ်ခတ်မှုမှ မတွေ့ရဘူး..."

ဝင်စတန်၏ တုန်လှုပ်ခြောက်ခြားသွားသော တုံ့ပြန်မှုမှာ ဂရက် ခန့်မှန်းထားသည့်အတိုင်းပင်။ ၎င်းမှာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရစဉ်က ခံစားချက်နှင့် ဆင်တူလှသည်။

"ဒါက အမှန်တရားပဲဆိုတာ ကျွန်တော် အာမခံပါတယ်... ခင်ဗျားတို့ ယုံရုံကလွဲလို့ တခြားမရှိဘူး... ကျွန်တော် ကိုယ်တိုင် မျက်မြင်တွေ့ခဲ့တာ ဖြစ်သလို တခြားသက်သေ နှစ်ယောက်လည်း ရှိပါတယ်... ခင်ဗျားတို့ သူမကို ခြေရာမခံနိုင်တာက သူမဟာ အချိန်နိယာမကို ကျွမ်းကျင်စွာ အသုံးပြုပြီး အရာအားလုံးကို မူလအခြေအနေအတိုင်း ဖြစ်အောင် အချိန်ကို ပြောင်းပြန်လှန်လိုက်လို့ပဲ..."

"အဲဒီဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေကလွဲရင် ကျန်တဲ့သူတွေအားလုံးဟာ အချိန်ကြာလာတာနဲ့အမျှ သက်ဆိုင်ရာ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားကြပြီ..."

"နောက်ပြီး မနေ့ညက ကျွန်တော် စုံစမ်းခိုင်းထားတဲ့ ဖစ်ချ်ဆိုတဲ့လူ...'မီးလျှံဓားလမ်းစဉ်' ရဲ့ စမ်းသပ်ခံ ပုဂ္ဂိုလ် ဆိုပါတော့... မစ္စတာလင်ရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် အလွန်အရေးကြီးတဲ့ သတင်းအချက်အလက်အချို့ကို ရရှိခဲ့ပါတယ်..."

"ဖစ်ချ် ဟုတ်လား"

"ဟုတ်ကဲ့၊ အကြောင်းစုံကတော့ ဒီလိုပါ..."

ဂရက်သည် ဖစ်ချ်က အခရာအဆင့် ပုဂ္ဂိုလ်၏ မှတ်ဉာဏ်အစိတ်အပိုင်းအချို့ကို မတော်တဆ ရရှိခဲ့ပုံနှင့် ထိုမှတစ်ဆင့် သိရှိရသော အချက်အလက်များကို ပြောပြလိုက်သည်။

"မီးလျှံဓားလမ်းစဉ်မှာ 'အခရာအဆင့်' ခေါင်းဆောင် စုစုပေါင်း ၁၀ ယောက် ရှိပါတယ်... ဒါပေမဲ့ အဲဒီခေါင်းဆောင်တွေဟာ တစ်ဦးနဲ့တစ်ဦး အပြည့်အဝ ပူးပေါင်းဆောင်ရွက်တာမျိုး မရှိသလို အချင်းချင်း ရှိမှန်းတောင် သိချင်မှ သိကြလိမ့်မယ်... အဲဒါကြောင့်လည်း သူတို့ရဲ့ အခြေခံဇစ်မြစ်ကို ကျွန်တော်တို့ ရှာမတွေ့ခဲ့တာပေါ့... အဲဒီ အခရာအဆင့် ၁၀ ယောက်ဟာ 'ကောင်းကင်တမန်' ဆိုတဲ့ လျှို့ဝှက်နာမည်တွေကို အသီးသီး အသုံးပြုကြတယ်... အဲဒီ 'ကောင်းကင်တမန်' နာမည်တွေဟာ အောက်ပိုင်းခရိုင်က စာအုပ်တစ်အုပ်ကနေ ဆင်းသက်လာတာပါ... ပြီးတော့ သူတို့ ထိန်းချုပ်ထားတဲ့ အင်အားက ကျွန်တော်တို့ စုံစမ်းထားတာထက် အများကြီး ပိုပါတယ်..."

ဝင်စတန်၏ အသံမှာ ပို၍ လေးနက်လာ၏။

"ဆက်ပြောပါဦး..."

ဂရက်က ဆက်လက်တင်ပြသည်။

"ကျွန်တော်တို့ ဒီလောက်ကြာအောင် ရှာမတွေ့ခဲ့တာက ဖစ်ချ်ကို အဲဒီဆေးရည် ပေးခဲ့တဲ့သူတွေဟာ 'အက်ရှ် ကုန်သည်ကြီးများ အသင်း' ကို ထိန်းချုပ်ထားတဲ့ အမှောင် အဲ့လ်ဖ် မျိုးနွယ် အကြီးအကဲတွေ ဖြစ်နေလို့ပဲ..."

"မဖြစ်နိုင်တာ..."

ဝင်စတန်က မယုံကြည်နိုင်စွာ အော်လိုက်မိသည်။

"အက်ရှ် ကုန်သည်ကြီးများ အသင်းဆိုတာ ချယ်ရီနဲ့ ကွန်ဂရိတို့ရဲ့ အတွင်းရေး ပဋိပက္ခတုန်းက မီးလျှံဓားလမ်းစဉ်ရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာပဲ... တကယ်လို့ သူတို့ရဲ့ အကြီးအကဲတွေက မီးလျှံဓားလမ်းစဉ်နဲ့ ပူးပေါင်းနေတယ်ဆိုရင် ဘာလို့ သူလျှိုကို မွေးမြူနေဖို့ လိုဦးမှာလဲ"

ဂရက်က ခေါင်းခါရင်း ဆိုသည်။

"ဌာနမှူး... ကျွန်တော် ခုနက ပြောတာကို မေ့နေပြီထင်တယ်... မီးလျှံဓားလမ်းစဉ်ရဲ့ ခေါင်းဆောင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြည့်အဝ မပူးပေါင်းကြဘူး၊ အချင်းချင်း ရှိမှန်းတောင် မသိတာမျိုး ဖြစ်နိုင်တယ်လို့ ပြောခဲ့တယ်လေ..."

ဝင်စတန်အတွက်မူ ဤသည်မှာ အလွန်ပင် ရယ်စရာကောင်းလှသည်။

"မင်း ဆိုလိုတာက... မီးလျှံဓားလမ်းစဉ်ရဲ့ 'ကောင်းကင်တမန်' တစ်ဦးက အက်ရှ် ကုန်သည်ကြီးများ အသင်းကို ထိန်းချုပ်ထားပြီး၊ နောက်ထပ် 'ကောင်းကင်တမန်' တစ်ဦးက ကွန်ဂရိကို သွေးထိုးပြီး အဲဒီအသင်းထဲကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောချင်တာလား"

"ချီး... ဒါ ဘယ်လို အဖွဲ့အစည်းမျိုးလဲကွာ..."

***

All Chapters