← Chapters

အခန်း (၄၁၅-၄၁၆)

Vol. 30 Ch. 415-416

အခန်း (၄၁၅-၄၁၆)

Vol. 30 Ch. 415-416

အပိုင်း(၄၁၅)

အတွင်းပိုင်း ဆက်သွယ်မှု အားနည်းချက်ကြောင့် အချင်းချင်း ပြန်လည် တိုက်ခိုက်နေကြသည့် အဖွဲ့အစည်းတစ်ခုဟူသည်မှာ ဟာသတစ်ခုအလား အလွန်ပင် ရယ်စရာကောင်းလှသည်။

သို့သော် ဝင်စတန်အတွက် ပို၍ပင် အဓိပ္ပာယ်မဲ့နေသည်မှာ ဤမျှ စနစ်တကျမရှိဘဲ ရှုပ်ထွေးပွေလီနေသော အဖွဲ့အစည်းကပင် 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' ၏ စုံစမ်းစစ်ဆေးမှုများကို လပေါင်းများစွာတိုင်အောင် အရာမထင်ဖြစ်စေခဲ့ခြင်းပင်။

သို့သော်လည်း ဂရက်ပေးသော သတင်းအချက်အလက်များသာ မှန်ကန်ခဲ့လျှင်၊ ထိုအဖွဲ့အစည်းကို 'အခရာအဆင့်' ပုဂ္ဂိုလ် ဆယ်ယောက်က ဦးဆောင်နေသည်ဆိုပါက အရာအားလုံးမှာ ယုတ္တိတန်သွားပေလိမ့်မည်။ ထိုသို့သော အဆင့်မြင့် စွမ်းအားရှင်များ၏ အမြင်တွင်မူ ဤအဖွဲ့အစည်းမှာ ဟာသတစ်ခု၊ သို့မဟုတ် ကစားပွဲတစ်ခုမျှသာ ဖြစ်နိုင်ပေသည်။ ၎င်းတို့ကိုယ်တိုင်ကသာ 'မီးလျှံဓားလမ်းစဉ်' ၏ စစ်မှန်သော အနှစ်သာရများ ဖြစ်ကြပေလိမ့်မည်။

ဂရက်က အသံကိုနှိမ့်ကာ...

"ဒါတွေကတော့ အမှန်တရားပါပဲ... လက်ရှိ ကျွန်တော် ရရှိထားသမျှ သတင်းတွေက ဒါအကုန်ပါပဲ၊ အကျိုးရှိလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်"

ဝင်စတန်မှာ အတန်ကြာအောင် တိတ်ဆိတ်သွားပြီးမှ...

"ငါ တတ်နိုင်သမျှ အမြန်ဆုံး လူလွှတ် စုံစမ်းခိုင်းလိုက်မယ်"

ဂရက်က ခေါင်းညိတ်လက်ခံလိုက်၏။ ထို့နောက် သူက ဆက်ကာ မေးလိုက်သည်။

"ဆရာ... ဆရာ့ရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ"

ဝင်စတန်က...

"အဆင်ပြေပါသေးတယ်...အနည်းဆုံးတော့ အခြေအနေက ပိုပြီး ဆိုးမသွားသေးဘူးလို့ ပြောရမှာပေါ့... သူကတော့ အချိန်ကို တတ်နိုင်သမျှ ဆွဲထားမှာ အသေအချာပဲ၊ ဒါပေမဲ့..."

သူက ထိုမျှနှင့် ရပ်လိုက်သည်။ ဂရက်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။

"ကျွန်တော် နားလည်ပါပြီ"

သူသည် ဆရာကြီး ဂျိုးဇက်ကို ယုံကြည်သောကြောင့် ထပ်မံ၍ အသေးစိတ် မမေးမြန်းတော့ပေ။ ဂျိုးဇက်က ဝယ်လ်ကို တားဆီးရန် အစွမ်းကုန် ကြိုးစားနေမည်မှာ ဧကန်မလွဲပင်။ ထို့ကြောင့် ကျန်ရှိသောသူများ လုပ်ဆောင်ရန်မှာ မိမိတို့၏ တာဝန်များကို အကောင်းဆုံး ဆောင်ရွက်ရန်သာ ဖြစ်သည်။

ဂရက် ဆက်သွယ်ရေး ကိရိယာကို ချလိုက်စဉ်တွင် စိတ်ထဲ၌ လှုပ်ခတ်သွားမိသည်။ ရိုးလ် သယံဇာတနှင့် တစ်ခုခုကို ကြံစည်နေသော လင်းကျဲအကြောင်းကို တွေးတောရင်း အတွေးများမှာ ရှုပ်ထွေးနေတော့သည်။

ထိုစဉ် ဘေးဘက်မှ ဒေါက်ဖိနပ်သံ ကြားလိုက်ရသဖြင့် သူ၏ အတွေးစတို့ ပြတ်တောက်သွားသည်။ ဂရက်က မျက်မှောင်ကြုတ်လျက် ထိုအသံလာရာသို့ လှည့်ကြည့်လိုက်သည်။

ထိုအခါ... ရှာလော့မှာ မစ္စတာလင် ပေးအပ်ထားသော စာအုပ်ကို ရင်ခွင်၌ ပိုက်လျက် လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။ ထိုစာအုပ်ကို သူမ၏ ရင်ဘတ်တွင် တင်းတင်းကြပ်ကြပ် ဖိကပ်ထားသဖြင့် ကြည့်ရသည်မှာ သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုအလား ထင်မှတ်မှားစရာပင်။

"စောင့်ခိုင်းမိသွားလို့ အားနာပါတယ်..."

ရှာလော့က ပြုံးလျက် ပြောဆိုရင်း ဂရက်၏ ဘေးတွင် ကျော့ရှင်းစွာ ဝင်ထိုင်လိုက်သည်။ ဂရက်က ပြုံးနေသော ရှာလော့ကို ခပ်အေးအေးပင် အကဲခတ်နေမိသည်။ သို့သော် အကြောင်းရင်းမရှိဘဲ သူမ ထိုင်ချလိုက်သည့် ခဏ၌ သူ့ တစ်ကိုယ်လုံးတွင် ကြက်သီးမွေးညင်းများ ထသွားသလို ခံစားလိုက်ရသည်။ ဤခံစားချက်မှာ... အိပ်မက်ဆိုးများထဲမှ သတ္တဝါတစ်ကောင် ဘေးတွင် လာထိုင်နေသကဲ့သို့ပင်။ ယခင်က သူမထံမှ ထိုသို့သော ခံစားချက်မျိုး လုံးဝ မရရှိခဲ့ဖူးပေ။

ဖစ်ချ်ကမူ ရှာလော့၏ ရင်ဘတ်ကို စိုက်ကြည့်နေမိ၏။ ကြည့်ရသည်မှာ အလွန်ပင် ရိုင်းစိုင်းပြီး မဖွယ်မရာ ပြုမူနေသည့်အလားပင်။ အကယ်၍ အနီးနားရှိ တော်ဝင်မျိုးနွယ်များသာ မြင်ပါက သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင်ကြပေလိမ့်မည်။ သို့သော် သူ စိုက်ကြည့်နေသည်မှာ အနီရောင် ပို၍ တောက်လာသော စာအုပ်ကိုသာ ဖြစ်သည်။

သူ၏ အကြည့်တို့ အပေါ်သို့ တက်သွားသောအခါ ဂုဏ်သရေရှိ အမျိုးသမီးငယ်နှင့် အကြည့်ချင်း ဆုံသွား၏။ ထိုအခါ သူတို့နှစ်ဦးကြားတွင် ထူးဆန်းသော နားလည်မှုတစ်ခု ရရှိသွားကြသည်။ ဖစ်ချ်က သူ၏ လက်ထဲမှ ဖန်ခွက်ကို အနည်းငယ် မြှောက်၍ နှုတ်ဆက်လိုက်ရာ ရှာလော့ကလည်း ပြန်လည် ပြုံးပြရင်း ခေါင်းညိတ်ပြခဲ့သည်။

"နင့်ရဲ့ သူငယ်ချင်းကောင်းလေး ဒိုင်နေးကော ဘယ်မှာလဲ..."

ဂရက်က မေးလိုက်သည်။

ရှာလော့က အပြုံးလေးဖြင့် ပြန်ဖြေ၏။

"ဩော်... သူ့ကို ပြောတာလား... သူ့ကို မစ္စတာလင်ရဲ့ ဆုံးမဩဝါဒတချို့ မျှဝေပေးလိုက်တယ်လေ"

"အရင်တုန်းကတော့ ငါတို့ နှစ်ယောက်က အပြင်ပန်းမှာ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပေမဲ့ စိတ်ထဲမှာတော့ နက်ရှိုင်းတဲ့ စိမ်းကားမှုတွေ ရှိခဲ့ကြတယ်... ငါတို့ နှစ်ယောက်စလုံးဟာ လူသားတွေရဲ့ ညစ်ညမ်းတဲ့ လောကဓံထဲမှာ ဟန်ဆောင်တတ်အောင် သင်ယူခဲ့ကြရတာလေ... ဒီအရာတွေကြောင့်ပဲ ငါတို့ အချင်းချင်း ရိုးရိုးသားသား ဆက်ဆံဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး"

ထို့နောက် ရှာလော့၏ အပြုံးမှာ ဒိုင်နေး၏ အပြုံးကဲ့သို့ပင် ပို၍ ချိုမြိန်ကာ အပြစ်ကင်းစင်သွားတော့၏။

"ဒါပေမဲ့ မစ္စတာလင်ကို ကျေးဇူးတင်ရမှာပေါ့... မစ္စတာလင်ရဲ့ စကားတွေကပဲ ဒိုင်နေးကို နိုးကြားသွားစေခဲ့တာ... အခုဆိုရင် ငါတို့ဟာ တကယ့်ကို ခွဲမရနိုင်လောက်အောင် ဖြစ်သွားကြပြီ... ငါ့ရဲ့ ကြီးထွားမှုကပဲ သူ့ရဲ့ ကြီးထွားမှုပေါ့..."

ရှာလော့က ပြုံးလိုက်စဉ် သူမ၏ နုနယ်သော ပါးပြင်ပေါ်ရှိ အရေပြားကြားမှ သွေးစများ စိမ့်ထွက်လာ၏။ ထို့နောက် ထိုသွေးစများကြားမှ အသားစဖြူဖြူတို့ ထွက်ပေါ်လာကာ အမျိုးသမီးငယ် တစ်ဦး၏ ရင်းနှီးပြီးသား မျက်နှာငယ်လေးအဖြစ် တဖြည်းဖြည်း ပုံဖော်လာတော့သည်။

ထိုမျက်နှာရှိ မျက်လုံးတို့တွင် သူငယ်အိမ်မရှိဘဲ တစ်ပြင်လုံး ဖြူဖွေးနေ၏။ သူမ၏ ပါးစပ်မှာ ရှင်သန်ရန် ရုန်းကန်နေရသော ငါးတစ်ကောင်ကဲ့သို့ နာကျင်စွာဖြင့် ပွင့်ဟလိုက်၊ ပိတ်လိုက် ဖြစ်နေသော်လည်း ရှာလော့၏ ကြည်ညိုဖွယ်ရာ လှပသော အပြုံးကိုမူ လိုက်ဖက်စွာ ထင်ဟပ်နေပေသည်။

ဂရက် "..."

ဖစ်ချ် - "..."

"နင်တို့ ဘာဖြစ်နေကြတာလဲ"

ရှာလော့မှာ သူမရှေ့မှ လူနှစ်ဦးကို ဝေခွဲမရစွာ ကြည့်နေရင်းမှ တစ်ခုခုကို သတိပြုမိသွားဟန် တူသည်။ သူမက မျက်မှောင်ကြုတ်လိုက်ပြီးမှ အားနာဟန်ဖြင့် ပြုံးလိုက်သည်။

"ဩော်... ခွင့်လပြုပါဦး"

သူမက အဖြူရောင် ဇာလက်အိတ် ဝတ်ဆင်ထားသော သွယ်လျသည့် လက်ကို သဘာဝကျကျပင် မြှောက်လိုက်ပြီး ထိုမျက်နှာကို သူမ၏ ပါးပြင်ထဲသို့ ပြန်လည် ဖိသွင်းလိုက်တော့သည်။

ဂရက်မှာ ချွေးစေးများ ပြန်လာပြန်သဖြင့် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရ၏။ ထို့နောက် သူကပင် ဦးဆောင်၍ စကားလမ်းကြောင်း လွှဲလိုက်သည်။

"မစ္စတာလင်က နှုတ်ဆက်လိုက်တယ်လို့ ပြောခိုင်းလိုက်တယ်... နေ့လယ်စာကို ကောင်းကောင်း သုံးဆောင်ပါဦးတဲ့..."

"ဪ..."

ရှာလော့က လက်တစ်ဖက်ဖြင့် ပါးပြင်ကို အသာအယာ ပွတ်သပ်လိုက်၏။ ကျန်လက်တစ်ဖက်ကမူ စာအုပ်ကို ရင်ဘတ်တွင် တင်းတင်းကြပ်ကြပ် ပိုက်ထားဆဲပင်။ သူမသည် ကြည်နူးစွာ ပြုံးလိုက်၏။

"မစ္စတာလင်ရဲ့ နှုတ်ဆက်မှုအတွက် ကျေးဇူးတင်ပါတယ်... ဒါဟာ တကယ့်ကို... ပျော်ရွှင်စရာ ကောင်းလှပါတယ်"

***

အပိုင်း (၄၁၆)

လင်းကျဲသည် လိမ်ပတ်နေသော စင်္ကြံလမ်းအတိုင်း လျှောက်လာခဲ့သည်။ သူသည် စင်္ကြံပြတင်းပေါက်မှတစ်ဆင့် ခန်းမမကြီးအတွင်းရှိ ဧည့်သည်တော်များကို မြင်နေရသဖြင့် ပျင်းပျင်းရှိသည်နှင့် သူတို့ကို လိုက်လံ ရေတွက်နေမိသည်။

ဖောက်သည် တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်...

နောက်ဆုံးတွင်မူ... နွေးထွေးသည့် အဝါရောင် အလင်းတန်းများ လွှမ်းခြုံထားသည့် ဘေးဘက် ခန်းမဆောင်သို့ သူ ရောက်ရှိလာခဲ့သည်။ လင်းကျဲက အပေါ်သို့ မော့ကြည့်လိုက်ရာ ဤအခန်း၏ မျက်နှာကြက်ကို ကြည်လင်သော ဖန်သားကဲ့သို့ ကျောက်သားများဖြင့် ထွင်းထုထားသည်ကို တွေ့ရသည်။ ခြေဖဝါးအောက်ရှိ ကော်ဇော၏ အမွေးနုများမှာလည်း တိမ်တိုက်များအလား နူးညံ့လှသည်။ ဤအခန်းအတွင်းရှိ ပစ္စည်းတိုင်းမှာ အဖိုးဖြတ်မရနိုင်ကြောင်း ထင်ရှားလှပေသည်။

စာအုပ်များဖြင့် ပြည့်နှက်နေသော မိမိ၏ ဟောင်းနွမ်းစုတ်ပြတ်နေသည့် အိမ်လေးကို သတိရမိသောအခါ လင်းကျဲ၏ ရင်ထဲတွင် လေးလံသွားပြီး တိတ်တဆိတ်သာ သက်ပြင်းချမိတော့သည်။

‘ဒီလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုကတော့ အကျိုးအမြတ်ကို ကိုးပုံ၊ တစ်ပုံပဲ ခွဲရတော့မယ်...’

"ရောက်လာပြီလား မစ္စတာလင်"

ကျိကျစ်ရှို့မှာ ထိုအခန်းထဲတွင် စောင့်ကြိုနေခဲ့ပြီး သူ့ကို မြင်သည်နှင့် လေးစားစွာ အလျင်အမြန် ထရပ်လိုက်သည်။ မည်သည့် အခြေအနေမျိုးတွင်မဆို တည်ငြိမ်ပြီး ပြတ်သားလှသော ကျိကျစ်ရှို့သည် လင်းကျဲ၏ ရှေ့မှောက်တွင်မူ သူမ၏ ဂုဏ်သိက္ခာကို ထိန်းထားနိုင်စွမ်း မရှိတော့ပေ။ သူမက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ခုန်ပေါက်နေသော နှလုံးသားကို ထိန်းချုပ်ရန် မနည်း ကြိုးစားနေရသည်။ သူမအနေဖြင့် မစ္စတာလင်နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံဖူးသော်လည်း အကြိမ်တိုင်းတွင် လင်းကျဲ၏ ကြီးမြတ်မှုအပေါ် ကြောက်ရွံ့ရိုသေစိတ်တို့ မဖြစ်ဘဲ မနေနိုင်ချေ။

သူမသည် စောစောက မြင်တွေ့ခဲ့ရသော မြင်ကွင်းကို ပြန်လည် အမှတ်ရမိသည်။ အချိန်ကို ထိန်းချုပ်နိုင်သည့် 'အခရာအဆင့်' ပုဂ္ဂိုလ်ကြီးသည်ပင် လင်းကျဲ၏ ရှေ့တွင်မူ ပျားရည်ကိတ်မုန့် တစ်ချပ်မျှသာ ဖြစ်ခဲ့ရသည် မဟုတ်ပါလား။

လင်းကျဲသည် အကြောင်းရင်းမရှိဘဲ မျက်နှာ အနည်းငယ် နီမြန်းနေသော သခင်မလေးကျိကို ကြည့်ရင်း ဟိုပြဿနာမှာ ရှိနေဆဲဖြစ်ကြောင်း ရိပ်မိလိုက်သည်။

"မစ္စတာလင်... ဒီမှာ ထိုင်ပါဦးရှင်..."

ကျိကျစ်ရှို့သည် ကိုယ်ကို အနည်းငယ် ကိုင်းညွတ်လိုက်ပြီး စားပွဲထိပ်မှ အဓိက ထိုင်ခုံကို လေးစားစွာ ဆွဲထုတ်ပေးလိုက်သည်။ ထိုသို့ ပြုမူလိုက်သောအခါ သူမ ဝတ်ဆင်ထားသော လှပသည့် ဂါဝန်ကြီးက သူမ၏ ခန္ဓာကိုယ် အချိုးအစားကို ပိုမို ထင်ရှားစေသည်။

လင်းကျဲမှာ ထိုအဓိကနေရာကို ကြည့်လိုက်ရင်း ဝေခွဲမရ ဖြစ်သွားသည်။

"သခင်မလေးကျိ... ခင်ဗျားက အရမ်း ယဉ်ကျေးလွန်းနေပါပြီ... ကျွန်တော်က ဒီနေ့ ဧည့်သည်တစ်ယောက်ပဲလေ... အဓိက ထိုင်ခုံမှာ ထိုင်ဖို့ဆိုတာ... သိပ်တော့ မသင့်တော်ဘူး ထင်တယ်"

ကျိကျစ်ရှို့၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွား၏။ မစ္စတာလင်က သူမ နှင်းဆီပန်းတွေနဲ့အတူ သူ့ကို ချောင်းကြည့်နေခဲ့တာကို သိသွားပြီး စိတ်ဆိုးနေသည်လား...။

"မဟုတ်ပါဘူး... မစ္စတာလင်က ဧည့်သည်ဖြစ်နေရင်တောင် ကျွန်မအတွက်တော့ ကျွန်မရဲ့ ဘဝကို ပြောင်းလဲပေးခဲ့တဲ့ ကျေးဇူးရှင်ပါ..."

ကျိကျစ်ရှို့က ခေါင်းငုံ့လျက် အလျင်အမြန် ပြန်ပြောလိုက်သည်။

"ကျွန်မရဲ့ အစွမ်းရှိသမျှ ပေးဆပ်ရင်တောင် မစ္စတာလင်ရဲ့ ကျေးဇူးကို ဆပ်လို့ ကုန်မှာ မဟုတ်ပါဘူး... ဒါကြောင့် အနည်းဆုံးတော့ မစ္စတာလင်ကို အမြင့်ဆုံး ဂုဏ်ပြုခွင့် ပြုပါရစေ..."

‘ဒီလို စိတ်ဓာတ်မျိုး ရှိတာ မဆိုးပါဘူး... ဆက်ပြီး ကြိုးစားပါ၊ စာအုပ်တွေလည်း အများကြီး ထပ်ဝယ်ဖို့ မမေ့နဲ့ဦး...’

ထိုသို့သော အတွေးမှာ လင်းကျဲ၏ စိတ်ထဲတွင် ဝဲပျံသွားသော်လည်း ချက်ချင်းပင် သူ သက်ပြင်းချမိပြန်သည်။ အရင်က ခပ်တန်းတန်း နေတတ်သော သခင်မလေးကျိမှာ ယခုအခါတွင်မူ မိမိကိုယ်ကိုယ် ပို၍ လွှတ်ပေးလာသည်ဟု သူ ခံစားရသည်။ သူမက သူ့အပေါ် စိတ်မပျက်သေးသည်လား၊ သို့မဟုတ် စိတ်ကူးပြောင်းသွားသည်လား။

"ဟူး... သခင်မလေးကျိ၊ ကျွန်တော် အရင်ကလည်း ပြောခဲ့ဖူးသလို ကျွန်တော်တို့ကြားမှာ ခြားနားချက်တွေ ရှိနေပါတယ်... ကျွန်တော်တို့ဟာ ဘယ်လိုမှ..."

ကျိကျစ်ရှို့သည် ထိုစကားကို ကြားသောအခါ ပို၍ ထိတ်လန့်သွားသည်။ မစ္စတာလင်က သူမ၏ ဆောင်ရွက်ချက်များအပေါ် မကျေနပ်ဘဲ သူမ၏ သစ္စာရှိမှုမှာ မလုံလောက်သေးဟု ယူဆနေသည်ဟု သူမ အသေအချာ ယုံကြည်သွားသည်။

‘မဖြစ်ဘူး... နောက်ဆုံး ပူးပေါင်းဆောင်ရွက်မှုက အနီးကပ်ဆုံး ရောက်နေပြီ... ဘာအမှားအယွင်းမှ အဖြစ်မခံနိုင်ဘူး...’

ထိတ်လန့်နေသော ကျိကျစ်ရှို့က အကျယ်ကြီး ကတိသစ္စာ ပြုလိုက်၏။

"ကျွန်မကို ယုံကြည်ပေးပါ မစ္စတာလင်... ကျွန်မရဲ့ ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ မစ္စတာလင်ပိုင်တာ ကြာပါပြီ... ကျွန်မရဲ့... ကျွန်မရဲ့ အလိုဆန္ဒအားလုံးဟာ မစ္စတာလင်အတွက်ပဲ တည်ရှိနေတာပါ"

…

‘ခန္ဓာကိုယ်လား... ဝိညာဉ်လား... အားလုံးက ငါ့အပိုင် ဖြစ်သွားပြီ ဟုတ်လား...’

ဤအရူးအမူး ဝန်ခံစကားမှာ ရုတ်တရက် ဆန်လွန်းလှသဖြင့် လင်းကျဲပင် မှင်သက်သွားရသည်။ သို့သော် သူသည် ဘဝလမ်းညွှန်ဆရာတစ်ဦး ဖြစ်သလို၊ စိတ်ခွန်အားဖြည့် "ကြက်စွပ်ပြုတ်" တိုက်ကျွေးရာတွင် ကျွမ်းကျင်သူပီပီ လောက၌ မြင်ဖူးသမျှ အခြေအနေပေါင်းစုံကို ရင်ဆိုင်ဖူးသူ ဖြစ်သည်။

ထို့ကြောင့် မစ္စတာလင်သည် မျက်နှာပျက်မသွားစေရန် အစွမ်းကုန် ထိန်းချုပ်ထားလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူ တည်ငြိမ်သွားပြီး ယခင်ခန့်မှန်းချက်မှာ ကွက်တိပင် ဖြစ်ကြောင်း ခံစားလိုက်ရသည်။

ယခင်က သခင်မလေးကျိကို သူ ငြင်းပယ်ခဲ့ခြင်းမှာ အချိန်ကြာလာသည်နှင့်အမျှ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပုံရသည်။ သူမသည် ပုံမှန်အားဖြင့် သူမ၏ ခံစားချက်များကို မျိုသိပ်ထားခဲ့သဖြင့် သူမကိုယ်သူမ စိတ်ဒဏ်ရာ ပျောက်ကင်းသွားပြီဟု ထင်မှတ်နေခဲ့ပုံရ၏။ သို့သော် ယခုအခါ သူမ၏ အိမ်၌ ရှိနေခြင်း၊ စိတ်လက်ပေါ့ပါး၍ သက်သောင့်သက်သာရှိသော ပတ်ဝန်းကျင်သို့ ရောက်ရှိနေခြင်းတို့ကြောင့် သူမ၏ ရင်ထဲတွင် စုပြုံနေသော ခံစားချက်အားလုံးသည် ရုတ်တရက် ပြန်လည် ပေါက်ကွဲထွက်လာခြင်း ဖြစ်ပေလိမ့်မည်။

‘ဒါပေမဲ့ ဒီလောက်ကြီး တုံးတိကြီး ဝန်ခံလိုက်လို့ မရဘူးလေ...’

မနေ့ညက ကပွဲ၌ သူ ပြသခဲ့သော ရင်းနှီးသည့် အမူအရာများက ကျိကျစ်ရှို့အား မျှော်လင့်ချက် ရှိသေးသည်ဟု အထင်မှားသွားစေခဲ့ခြင်းများလော။

မစ္စတာလင် တစ်ယောက် အသက်ကို ပြင်းပြင်းရှူလိုက်၏။ အခုအချိန်တွင် သူမကို တုံးတိကြီး ထပ်မံ ငြင်းပယ်လိုက်ပါက အချစ်ကြောင့် စိတ်ဒဏ်ရာရနေသော သခင်မလေးကျိအတွက် PTSD (စိတ်ဒဏ်ရာလွန် ဝေဒနာ) ပင် ဖြစ်သွားနိုင်သည်ဟု သူ တွက်ဆမိလိုက်သည်။

သူသည် သက်ပြင်းချလိုက်ပြီးနောက် သူမကို စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးရန် ဆုံးဖြတ်ကာ ပုံမှန်အတိုင်းပင် ကျွမ်းကျင်ပိုင်နိုင်သော အပြုံးကို ဝတ်ဆင်လိုက်သည်။ ထို့နောက် လေးနက်သော အသံဖြင့် သူက ဆိုသည်။

"မဟုတ်ဘူး... အားလုံးက ဘယ်လိုလုပ် ကျွန်တော့် အပိုင် ဖြစ်နိုင်မှာလဲ..."

ကျိကျစ်ရှို့က ပြန်လည် ချေပရန် ကြိုးစားသည်။

"ကျွန်မက..."

လင်းကျဲက လေးနက်သော အကြည့်ဖြင့် သူမ၏စကားကို ဖြတ်ပြောလိုက်ကာ အမှန်တရားကို ရှင်းပြသလို ပြောလိုက်သည်။

"အဲဒါက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတာ မဟုတ်ဘူး... ခင်ဗျားရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ဟာ ခင်ဗျား အပိုင်ပဲ ဖြစ်သင့်တယ်၊ ခင်ဗျားရဲ့ အလိုဆန္ဒဟာလည်း ခင်ဗျားရဲ့ စံနှုန်းတွေအတိုင်းပဲ တည်ရှိနေရမယ်... နားလည်လား"

ကျိကျစ်ရှို့ မိုးကြိုးပစ်ခံလိုက်ရသလိုပင် တစ်ချက်တည်းနှင့် ငြိမ်ကျသွားတော့သည်။

လင်းကျဲသည် သခင်မလေးကျိ ကြောက်ရွံ့တုန်လှုပ်သွားသည်ကို မြင်သောအခါ သူ၏ "ကြက်စွပ်ပြုတ်" မှာ အာနိသင်ရှိကြောင်း သိလိုက်သည်။ ဟုတ်ပေသည်။ အချစ်၌ နစ်မွန်းနေသော ပြိုင်ဘက်ကို ကိုင်တွယ်ရာတွင် ကိုယ်ကျင့်တရားနှင့် ဖြောင့်မတ်ခြင်း တရားတို့ကို အသုံးပြုကာ တစ်ဖက်လူ၏ အတွေးများကို ရှုပ်ထွေးအောင် လုပ်ရမည်။ ထို့နောက် သူမ၏ အာရုံစိုက်မှုကို ယောက်ျားတစ်ယောက်ထံမှ လုပ်ငန်းခွင်ဆီသို့ ပြန်လည် လှည့်ပတ်ပေးရမည် ဖြစ်သည်။

သူက ဆက်ပြောလိုက်သည်။

"သခင်မလေးကျိ... ကျွန်တော် ဝိညာဉ်မဲ့နေတဲ့ ကျိကျစ်ရှို့ကို မမြင်ချင်ဘူး... ကျိကျစ်ရှို့ဟာ ရိုးလ် သယံဇာတရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်နေတဲ့၊ ကိုယ်ပိုင် အမြင်ရှိတဲ့ ကြံ့ခိုင်ပြီး လွတ်လပ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်သင့်တယ်... ပြီးတော့ အခုလက်ရှိ ကျိကျစ်ရှို့ထက် ပိုပြီး ဒီကုမ္ပဏီကြီးကို ထောက်မထားနိုင်တဲ့သူ ဖြစ်ရမယ်... ကျွန်တော့်ကို ယုံကြည်လို့ ရပေမဲ့ ကျွန်တော့် အပေါ်မှာတော့ အစွဲအလမ်းကြီး မမှီခိုသင့်ဘူး"

ကျိကျစ်ရှို့မှာ ပါးစပ်အဟောင်းသားဖြင့် လင်းကျဲကို ငေးကြည့်နေမိ၏။ သူက "ကျွန်မရဲ့ အိပ်မက်တွေကို ရှင်ပဲ ပေးခဲ့တာလေ..." ဟု ပြောရန် ပြင်နေဆဲဖြစ်သည်။

ကျွီ...

တစ်စုံတစ်ယောက်က တံခါးကို ဖွင့်လိုက်သည်။

ကျိပိုတုံသည် ချောင်းတစ်ချက် ဟန့်လိုက်ရင်း တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့ရာ အခန်းထဲမှ အေးစက်တောင့်တင်းနေသော လေထုမှာ အနည်းငယ် ပြေလျော့သွားတော့သည်။

ကျိကျစ်ရှို့ တစ်ယောက် မအောင့်နိုင်ဘဲ သက်ပြင်းချလိုက်မိသည်။ သူမ၏ ဖခင်မှာ သာမန်လူတစ်ယောက်မျှသာ ဖြစ်သော်လည်း လူမှုဆက်ဆံရေး နယ်ပယ်တွင်မူ သူမထက် အဆပေါင်းများစွာ ပို၍ ကျွမ်းကျင်သူ ဖြစ်သည်။

ဖခင်ဖြစ်သူ ရှိနေခြင်းက သူမကို ပို၍ စိတ်အေးစေသည်။ ကျိပိုတုံ အနေဖြင့် ဤမျှ ကြီးမားလှသော စွမ်းအားရှင်ကြီး၏ ရှေ့မှောက်တွင် စိတ်ပိုင်းဆိုင်ရာ ဖိအားများကြောင့် သတိလွတ်မသွားဖို့သာ ဆုတောင်းရမည်။

အမှန်စင်စစ်မူ ကျိပိုတုံမှာ လင်းကျဲက ထို "အခရာအဆင့်" ပုဂ္ဂိုလ်ကြီးကို ဝါးမျိုပစ်လိုက်သည့် မြင်ကွင်းကြောင့် ကြောက်လန့်တကြားဖြစ်ကာ သတိလွတ်လုနီးပါး ဖြစ်ခဲ့ရသူပင်။ ယခုမူ သူသည် အဝတ်အစားကို စိုးရိမ်တကြီး ပြင်ဆင်ရင်း အခန်းထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်သည်။

လင်းကျဲမှာ ကျိပိုတုံကို မြင်လိုက်ရသဖြင့် မှင်သက်သွား၏။ သူသည် မျက်နှာပေါ်ရှိ ကျွမ်းကျင်ပိုင်နိုင်သော အပြုံးကို ထိန်းထားသော်လည်း စိတ်ထဲတွင်မူ အလွန်အမင်း အိုးတိုးအမ်းတမ်း ဖြစ်နေတော့သည်။

‘သွားပြီ... သွားပြီ...’

ကျိပိုတုံ သူ ခုနက ပြောလိုက်တာတွေကို ကြားသွားပြီလော...။

‘ငါ့ကို ယုံကြည်လို့ ရပေမဲ့ ငါ့အပေါ်မှာတော့ မမှီခိုသင့်ဘူး တဲ့လား... ဒီလောက် ဩဇာအာဏာကြီးတဲ့ လူတစ်ယောက်ရဲ့ သမီးအပေါ်မှာ ငါ ဘယ်လိုတောင် အထက်စီးက စကားတွေ ပြောလိုက်မိတာလဲ...’

‘အာ... ငါ စာအုပ်ရောင်းတဲ့ ပုံစံက ဒီလိုပဲဟာ... ဒါပေမဲ့ ကိစ္စမရှိပါဘူး...’

မျက်နှာပြောင်နိုင်သရွေ့ တစ်ဖက်လူ၏ ဖခင်ကိုပင် လှည့်စားနိုင်ပါသေးသည်။

လင်းကျဲသည် အပြုံးကို မပျက်စေဘဲ ဘာမှမဖြစ်သယောင် ဟန်ဆောင်လိုက်ရင်း အခြေအနေကို ထိန်းလိုက်သည်။

"အင်း... ဒါက ကျွန်တော်တို့ ပထမဆုံး ဆုံဖူးတာ ဖြစ်သင့်ပေမဲ့၊ အခုတော့ မတွေ့ရတာ ကြာပြီလို့ပဲ ပြောရတော့မယ် ထင်တယ် မစ္စတာကျိ..."

***

All Chapters