← Chapters

အခန်း (၄၁၇-၄၁၈)

Vol. 30 Ch. 417-418

အခန်း (၄၁၇-၄၁၈)

Vol. 30 Ch. 417-418

အပိုင်း(၄၁၇)

လင်းကျဲ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်နေသော်လည်း တိတ်တဆိတ် ကျိန်ဆဲနေမိသည်။

‘ထမင်းစားဖို့ သဘောတူလိုက်တာကို ဘာလို့ မိဘတွေနဲ့ တွေ့ဆုံပွဲ ဖြစ်သွားတာလဲ... ကြည့်ရတာ သခင်မလေးကျိရဲ့ ဖိတ်ကြားချက်က အကြောင်းပြချက်သက်သက်ပဲ... သူ့ရဲ့ တကယ့်ရည်ရွယ်ချက်က ငါ့ကို သူ့ အဖေနဲ့ တွေ့ပေးချင်တာပဲ’

သူနှင့် ကျိပိုတုံ နှစ်ဦးစလုံးမှာ လူကြီးများ ဖြစ်ကြသဖြင့် ကျိကျစ်ရှို့၏ ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။ စောစောက လင်းကျဲနှင့် အကြည့်ချင်းဆုံစဉ် ကျိပိုတုံထံမှ ရန်လိုမှုကို မတွေ့ရသော်လည်း မည်သို့ပင် ဆိုစေ... ကျိကျစ်ရှို့သည် သူ၏ သမီးအရင်း ဖြစ်သည်မဟုတ်ပါလား။

လင်းကျဲသည် ကျိပိုတုံကို ပြုံးပြလိုက်ပြီး အဓိကထိုင်ခုံကို ဖယ်ပေးရန် ပြင်လိုက်သည်။ စံအိမ်တော်၏ တကယ့်ပိုင်ရှင် ရောက်လာပြီဖြစ်ရာ ဤနေရာမှာ...

သို့သော် လင်းကျဲ မလှုပ်ရှားရသေးခင်မှာပင် ကျိပိုတုံသည် ဘေးနားက ထိုင်ခုံတွင်ပင် မည်သည့် တွေဝေမှုမျှမရှိဘဲ ဝင်ထိုင်လိုက်လေသည်။

"တကယ်ပဲ မတွေ့ရတာ ကြာပါပြီ မစ္စတာလင်..."

ကျိပိုတုံက အလွန်ပင် သဘာဝကျစွာ ပြန်လည် နှုတ်ဆက်သည်။

လင်းကျဲမှာ အိုးတိုးအမ်းတမ်း ဖြစ်သွားပြန်သည်။

‘ကျိပိုတုံ ဘာဖြစ်နေတာလဲ... ခင်ဗျားက ရိုးလ် သယံဇာတရဲ့ ဥက္ကဋ္ဌ မဟုတ်လား... အရင်းရှင်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ... အဓိကနေရာမှာ မထိုင်တာက သင့်တော်ရဲ့လား...’

"မစ္စတာကျိ... ခင်ဗျားက ရိုးလ် သယံဇာတရဲ့ ဥက္ကဋ္ဌ၊ သခင်မလေးကျိရဲ့ ဖခင်၊ ပြီးတော့ အမှတ် (၁၆) စံအိမ်တော်ရဲ့ ပိုင်ရှင်လည်း ဖြစ်တယ်... ကျွန်တော်ကတော့ အာဏာရော ငွေရော မရှိတဲ့ သာမန် စာအုပ်ဆိုင်ပိုင်ရှင်လေး တစ်ယောက်ပဲ... ယုတ္တိဗေဒအရ ပြောရရင် ဒီလို ထိုင်ခုံနေရာယူတာက မသင့်တော်ဘူး..."

လင်းကျဲက ကျိပိုတုံကို ပါးပါးနပ်နပ်လေး သတိပေးလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် ကျိပိုတုံသည် ကုလားထိုင်၏ လက်တင်ကိုသာ အတင်းဆွဲမထားပါက ခုနကပင် ဒူးထောက်ကျသွားတော့မည် ဖြစ်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေပြီး လက်ဖဝါးများမှာလည်း ချွေးစေးများဖြင့် စိုစွတ်နေသည်။

သာမန်လူသားတစ်ဦး ဖြစ်သော်လည်း နှစ်ပေါင်းများစွာ မြင့်မားသော ရာထူးနေရာတွင် နေခဲ့ရသဖြင့်သာ သူသည် စိတ်ကို ထိန်းထားနိုင်ခြင်း ဖြစ်သည်။

လင်းကျဲ၏ စကားကို ကြားသောအခါ ကျိပိုတုံ၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားသည်။ မစ္စတာလင်က ဘာကို ဆိုလိုတာလဲဟု သူ စိုးရိမ်တကြီး စဉ်းစားနေမိသည်။

မစ္စတာလင် အခရာအဆင့် စွမ်းအားရှင်ကြီးကို အရှင်လတ်လတ် ဝါးမျိုလိုက်သည့် မြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရခြင်းက ကျိပိုတုံကို အလွန်အမင်း ထိတ်လန့်စေခဲ့ပြီး သူတို့၏ ပူးပေါင်းဆောင်ရွက်မှုအပေါ်တွင်ပင် တွေဝေသွားစေခဲ့သည်။ ယခု မစ္စတာလင်က... သူ့ကို သတိပေးနေခြင်း ဖြစ်ပေလိမ့်မည်။

ကျိပိုတုံ၏ လူ့လောကရှိ အဆင့်အတန်းမှာ မြင့်မားသည်ဟု ထင်ရသော်လည်း အမှန်စင်စစ် သူသည် ပြောင်လက်နေသော ကိရိယာတစ်ခုမျှသာ ဖြစ်သည်။ တစ်ဖက်တွင်မူ မစ္စတာလင်သည် အလွန်ပင် သာမန်ဆန်သော်လည်း အမှန်တကယ်တွင်မူ အနှိုင်းမဲ့သော စွမ်းအားရှင်ကြီး ဖြစ်သည်။

သူ့ရင်ထဲမှ တွေဝေမှုသည် စွမ်းအားရှင်များအကြားတွင် သာမန်လူသားများ၏ အဆင့်အတန်းကို ဆုံးဖြတ်ပေးလိမ့်မည်။ ၎င်းက မစ္စတာလင်က သူ့ကို ပေးလိုက်သော ရွေးချယ်မှုပင်...။

ကျိပိုတုံ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဟုတ်ပေသည်၊ အကယ်၍ သူသာ ဂုဏ်ထူးဆောင်နေရာကို ရွေးချယ်ခဲ့ပါက လူ့လောကရှိ သူ၏ အဆင့်အတန်းကိုသာ အသိအမှတ်ပြုခြင်း ဖြစ်ပေလိမ့်မည်။ အကယ်၍ သူသာ ယခုနေရာတွင် ဆက်နေပါက သူသည်... စွမ်းအားရှင်များ၏ ကမ္ဘာကို အသိအမှတ်ပြုခြင်း ဖြစ်ပေလိမ့်မည်။

‘မစ္စတာလင်က ငါ့ရဲ့ တွေဝေမှုကို သတိထားမိလို့ မသင့်တော်ဘူးလို့ ပြောပြီး ငါ့ကို လှောင်ပြောင်နေတာပဲ... ခုနက ကျစ်ရှို့ကို ပြောလိုက်တဲ့ စကားတွေနဲ့ ပေါင်းစပ်ကြည့်ရင် ငါ့ကိုယ်ငါ ရှင်းရှင်းလင်းလင်း မမြင်ဘဲ ပြတ်သားမှု မရှိဘူးလို့ သူက ပြောနေတာပဲ...’

ကျိပိုတုံ၏ မျက်နှာတွင် အမျိုးမျိုးသော အမူအရာများ ဖြစ်ပေါ်နေသည်ကို မြင်သောအခါ လင်းကျဲ၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားပြီး စိတ်ထဲမှလည်း တွေးမိသည်။

‘ဟူး... မဖြစ်နိုင်တာ၊ နေရာလေး ဖယ်ပေးတာကိုပဲ... ဒီ အထက်တန်းလွှာ လူတွေက ဒီလောက်တောင် အကြာကြီး စဉ်းစားနေရတာလား...’

နောက်ဆုံးတွင်မူ ကျိပိုတုံက ပြတ်သားသော အဖြေတစ်ခုကို ပေးလာသည်။

"ဟုတ်ကဲ့... အဲဒီ နေရာက မစ္စတာလင်နဲ့ တကယ့်ကို ထိုက်တန်ပါတယ်ဗျာ"

လင်းကျဲက ထပ်မံ ငြင်းဆိုရန် ကြိုးစားသည်။

"မဟုတ်ဘူးလေ... ခင်ဗျား မထင်ဘူးလား..."

"မဟုတ်တာ... မဟုတ်တာ...”

ကျိပိုတုံက လက်ကို အကြိမ်ကြိမ် ယမ်းပြလိုက်သည်။ ယခုမူ မစ္စတာလင်၏ စကားများကို သူ အမှန်တကယ် နားလည်သွားပြီဟု ယူဆလိုက်သည်။ ဤသည်မှာ စမ်းသပ်မှုတစ်ခုပင်။

မစ္စတာလင်၏ စကား ပထမပိုင်းမှာ မိမိကိုယ်ကိုယ် အထင်မသေးရန် ပြောခြင်းဖြစ်သော်လည်း ဒုတိယပိုင်းမှာမူ မိမိကိုယ်ကိုယ် အထင်မကြီးရန် နားလည်စေခြင်း ဖြစ်သည်။ ထို့ကြောင့် ကျိပိုတုံအတွက် ဂုဏ်ထူးဆောင်နေရာတွင် ထိုင်ရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ချေ။

"မစ္စတာလင်က ကိုယ်တိုင် စုဆောင်းထားတဲ့ ကြီးမြတ်တဲ့ အသိပညာတွေကို စာဖတ်သူတွေ အနည်းငယ် ရရှိနိုင်ဖို့ စာအုပ်တွေကို သဘောထားကြီးစွာနဲ့ မျှဝေပေးနေတာပါ... ဒါဟာ စာဖတ်သူတွေ အားလုံးအတွက် မွေးဖခင်တစ်ယောက်လိုပါပဲ"

ကျိပိုတုံက စိတ်ထဲရှိသည့်အတိုင်း ပြောလိုက်သည်။

"ကျွန်တော် ဆိုလိုတာက မစ္စတာလင်က ရိုးလ် သယံဇာတနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူတာဟာ ကျွန်တော်တို့အတွက်ရော၊ နော်ဇင် တစ်ခုလုံးအတွက်ပါ ဂုဏ်ယူစရာပါ... မစ္စတာလင်သာ မရှိရင် နော်ဇင်မှာ မရှိတဲ့ အသိပညာတွေကို ကျွန်တော်တို့ ဘယ်တော့မှ ထိတွေ့ခွင့် ရမှာမဟုတ်ဘူး... ဒါကြောင့် ဒီထိုင်ခုံနေရာယူတာက... အလွန်ကို သင့်တော်နေပါပြီ"

မစ္စတာလင်သည် လူမသိသူမသိ နေထိုင်ရသည်ကို နှစ်သက်ပြီး သူ၏ တည်ရှိမှုကို အမွမ်းတင်ခြင်းအား မကြိုက်သဖြင့် ကျိပိုတုံသည် သူ၏ စာအုပ်များကိုသာ ချီးမွမ်းရတော့သည်။

‘ဒါကတော့ မမှားနိုင်တော့ပါဘူး... ‘

ကျိပိုတုံသည် အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ကာ နဖူးမှ ချွေးများကို သုတ်လိုက်သည်။

‘ဒါက တော်တော်လေးကို ပိုလွန်းမနေဘူးလား ...’

လင်းကျဲ စိတ်ထဲမှ ဇဝေဇဝါဖြင့် တွေးလိုက်သည်။ သူ ယနေ့ကဲ့သို့ အဆင့်အတန်းမျိုးသို့ ရောက်ရှိလာခြင်းမှာ သူ၏ နှုတ်မှုစွမ်းရည်ကြောင့်ပင် ဖြစ်ပေလိမ့်မည်။ နော်ဇင်တွင် မရှိသော ထိုစာအုပ်များအတွက် ရိုးလ် သယံဇာတ၏ ဥက္ကဋ္ဌကြီးသည်ပင် နှိမ့်ချကာ နေရာအနိမ့်တွင် ထိုင်ရန် ဝန်မလေးပေ။ သူသည် အမှန်တကယ်ပင် ခန့်မှန်းရခက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ "အိုလေစပ်လေ ချင်း(ဂျင်း)" ဟုသာ ဆိုရပေမည်။

လင်းကျဲသည် ဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေသော ကျိကျစ်ရှို့ကို တစ်ချက် ကြည့်လိုက်သည်။ အနည်းဆုံးတော့ သူမကို "ကြက်စွပ်ပြုတ်" တိုက်ကျွေးရသည့် အလုပ်ကတော့ ပြီးဆုံးသွားပြီ ဖြစ်သည်။

"ကောင်းပါပြီ... အလုပ်ကိစ္စဆီ ပြန်သွားရအောင်... ကျွန်တော် သခင်မလေးကျိရဲ့ မွေးနေ့အတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ်..."

လင်းကျဲက စကားလမ်းကြောင်း လွှဲလိုက်ရင်း စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။

"ဒါပေမဲ့ မစ္စတာကျိလည်း ဒီမှာ ရှိနေတာဆိုတော့ ခင်ဗျားအတွက်လည်း လက်ဆောင်တစ်ခု ရှိပါတယ်..."

ကျိပိုတုံ၏ မျက်လုံးများမှာ ပြူးကျယ်သွား၏။

"ဒါ... ဒါက"

"ဒါက ဥက္ကဋ္ဌကျိအတွက် ကျွန်တော့်ရဲ့ လက်ဆောင်ပါ"

လင်းကျဲက ပြုံးလျက် ထိုစာအုပ်ကို ကျိပိုတုံ၏ ရှေ့သို့ ချပေးလိုက်သည်။ ‘နိုင်ငံများ၏ ဓနအင်အား သို့မဟုတ် နိုင်ငံများ၏ ဓနအင်အား သဘောသဘာဝနှင့် အကြောင်းရင်းများအပေါ် စူးစမ်းလေ့လာချက်’ အမည်ရှိ ထိုစာအုပ်သည် အင်္ဂလိပ် စီးပွားရေးပညာရှင်နှင့် ဒဿနပညာရှင် အာဒမ်စမစ်က ဆယ်စုနှစ်တစ်ခုကျော်ကြာ လေ့လာမှုများပြုလုပ်ကာ ရေးသားခဲ့သော စီးပွားရေးပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ် ဖြစ်သည်။

စီးပွားရေး အင်ပါယာတစ်ခု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ရိုးလ် သယံဇာတ၏ လက်ဝါးကြီးအုပ်မှုမှာ ထာဝရ တည်မြဲနေမည် မဟုတ်ချေ။ ထို့ကြောင့် အတိုချုပ်ပြောရလျှင် ဤစာအုပ်မှာ သတိပေးချက်တစ်ခုအဖြစ် ရည်ရွယ်ခြင်း ဖြစ်သည်။

လင်းကျဲသည် သူ ရွေးချယ်လိုက်သော စာအုပ်အပေါ် အတော်လေး ယုံကြည်မှု ရှိနေသည်။

လောကတွင် အလကားရသော နေ့လယ်စာဟူ၍ မရှိဆိုသည့် စကားမှာ ဤနေရာတွင် မှန်ကန်နေသည်။ ကျိပိုတုံ၏ ချီးမွမ်းစကားများမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် လင်းကျဲကို ကျေနပ်စေပြီး အားနာစိတ် ဖြစ်ပေါ်လာစေရန် ဖြစ်သည်။ အကယ်၍ ယခု ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးကြလျှင် လင်းကျဲအနေဖြင့် ဈေးနှုန်းမြှင့်တင်ရန်မှာ အိုးတိုးအမ်းတမ်း ဖြစ်သွားပေလိမ့်မည်။

‘ဒါဆိုရင် ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ဒီလက်ဆောင်ကို ပေးလိုက်မယ်... အရင်ကတည်းက ပေးဖို့ ကတိပေးထားပြီးသား ဆိုပေမဲ့ပေါ့...’

ကျိပိုတုံသည် စားပွဲပေါ်ရှိ စာအုပ်ကို ကြည့်ရင်း မျက်လုံးများ ကျဉ်းမြောင်းသွားကာ ထိတ်လန့်သွားတော့သည်။ သူ ခေါင်းငုံ့ကာ အနီးကပ် ကြည့်လိုက်သည်။ ထိုစာအုပ်သည် မမြင်ရသော လက်တစ်ဖက်ကဲ့သို့ သူ၏ အကြည့်ကို ဖမ်းစားထားသဖြင့် မျက်လုံးလွှဲရန်ပင် မစွမ်းသာတော့ချေ။ ထိန်းချုပ်မရသော သိလိုစိတ်နှင့် အလိုရမ္မက်တို့မှာ သူ၏ ရင်ထဲတွင် တဖွားဖွား ပေါ်ပေါက်လာသည်။

သို့သော်လည်း စာအုပ်ကို ဝန်းရံထားသော ထူးဆန်းသည့် စွမ်းအင်စက်ကွင်းကြောင့် သာမန်လူသား ဖြစ်သော ကျိပိုတုံမှာ စာအုပ်မျက်နှာဖုံးကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။

လင်းကျဲက သူ့ကို စွမ်းအားရှင်တစ်ဦး ဖြစ်လာစေမည့် စာအုပ်မျိုး ပေးလိမ့်မည်ဟု စိတ်ထဲက ပြင်ဆင်ထားသော်လည်း တကယ့်တကယ်တွင်မူ တည်ငြိမ်စွာ လက်မခံနိုင်သေးပေ။

ပို၍ တိတိကျကျ ပြောရလျှင် ဤစာအုပ်ကို သူ တည်ငြိမ်စွာ လက်ခံနိုင်ခဲ့ပါက ပို၍ပင် ထူးဆန်းနေပေလိမ့်မည်။

စာအုပ်ပေါ်တွင် အကြည့်မခွာဘဲ ကျိပိုတုံသည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ စိတ်ကို အတင်း တည်ငြိမ်အောင် ထိန်းလိုက်သည်။

မစ္စတာလင်၏ ရှေ့တွင် ဟန်ပျက်၍ မဖြစ်ကြောင်း သူကိုယ်သူ သတိပေးလိုက်သည်။ သူသည် စိတ်ကို စုစည်းကာ အမြင်အာရုံကို လွှတ်လိုက်ပြီး တုန်ရင်နေသော လက်ဖြင့် စာအုပ်ကို လှမ်းယူလိုက်သည်။ ထိုအခါ ဝေဝါးနေသော မြူခိုးများမှာ ပျောက်ကွယ်သွားပြီး မျက်နှာဖုံးကို အထင်းသား မြင်လိုက်ရတော့သည်။

သူ၏ မျက်လုံးထဲတွင် ဝေဝါးနေဆဲ ဖြစ်သော ထိုမျက်နှာဖုံးပေါ်တွင် ရေးသားထားသည်မှာ...

"ဟင်းလင်းပြင် လက်ဝါး"

ဟူ၍...။

***

အပိုင်း(၄၁၈)

"ဟင်းလင်းပြင် လက်ဝါး"

ထူထဲလှသော စာမျက်နှာများကြားမှ တားမြစ်ထားသော အသိပညာ အမြောက်အမြားသည် ယင်ကောင်များအလား တဝဲလည်လည် ပျံသန်းထွက်ပေါ်လာပြီး ကျိပိုတုံ စာအုပ်အမည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့် ခဏ၌ပင် သူ့ထံသို့ တရဟော တိုးဝင်သွားကြတော့သည်။

"အာ့..."

သူသည် စိတ်ပိုင်းဆိုင်ရာ မည်သည့်ပြင်ဆင်မှုမျှ မရှိခဲ့သဖြင့် မသိစိတ်မှနေ၍ အော်ဟစ်ကာ ထိုအရာများကို လက်ဖြင့် ယမ်းခါမောင်းထုတ်ရန် ကြိုးစားမိသည်။ သို့သော် နောက်တစ်စက္ကန့်တွင်မူ ထိုယင်ကောင်များမှာ သူ့ကို ဝိုင်းရံထားပြီး ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးတွင် ထိုအကောင်များ ဖုံးလွှမ်းသွားပြီး ခန္ဓာကိုယ်ရှိ အပေါက်မှန်သမျှမှတစ်ဆင့်၊ အထူးသဖြင့် မျက်လုံးများထဲသို့ တိုးဝင်နေသည်ကို သူ အတိုင်းသား ခံစားနေရသည်။

တုန်ရီနေသော ကျိပိုတုံမှာ မလှုပ်သာတော့ပေ။ သူ၏ မျက်လုံးအိမ်ဖြူဖြူပေါ်တွင် ရေတွက်မကုန်နိုင်သော ပိုးမွှားတို့၏ ခြေထောက်များက တွန့်လိမ်လှုပ်ရှားနေသကဲ့သို့ အထင်းသား ခံစားနေရသည်။ ထိုအကောင်များမှာ တစ်စက္ကန့်ထက် တစ်စက္ကန့် ပို၍ တိုးပွားလာနေသည်။

သူ့မျက်လုံးအိမ်အတွင်း၌ ထိုပိုးမွှားများ ပြည့်နှက်သွားပြီး တွန့်လိမ်လှုပ်ရှားနေမှုကြောင့် ကြည့်ရသည်မှာ ဆူပွက်နေသော ရေနွေးအိုးကဲ့သို့ ပွက်ပွက်လောရိုက်နေတော့သည်။ သူ၏ အမြင်အာရုံထဲတွင်မူ ယင်ကောင်တိုင်း၏ ကိုယ်ပေါ်၌ ရှေးဟောင်းခေတ်မှ နားမလည်နိုင်သော စာလုံးပေါင်းများစွာကို ထွင်းထုထားသည်ကို မြင်နေရသည်။

ကျိပိုတုံသည် ပိုးမွှားပင်လယ်ကြီးထဲတွင် အရှင်လတ်လတ် မြှုပ်နှံခံထားရသလို ခံစားနေရသည်။ သူသည် အသက်ရှူချင်သော်လည်း လက်ကိုသာ အားကိုးရာမဲ့ ယမ်းခါနေမိပြီး အခက်အခဲပေါင်းများစွာဖြင့် "ကူးခတ်" နေရရှာသည်။ သို့သော် အပြင်လူတစ်ယောက်၏ အမြင်တွင်မူ သူသည် ခေါင်းငိုက်စိုက်ကျလျက် စာမျက်နှာများကို အလျင်အမြန် လှန်လှောနေခြင်းသာ ဖြစ်သည်။

ပုံမှန်မဟုတ်သည်... သူ၏ ခေါင်းငိုက်စိုက်ကျနေမှုဖြစ်သည်။ သတိလစ်သွားသည့်အလား ထင်မှတ်ရသော်လည်း အနီးကပ်ကြည့်ပါက စာဖတ်ခြင်း၌ အလွန်အမင်း အာရုံစိုက်နေပုံမျိုးသာ ပေါက်နေပေသည်။

လင်းကျဲသည် ခေါင်းငိုက်စိုက်ကာ စာဖတ်ခြင်း၌ နစ်မွန်းနေသော ကျိပိုတုံကို ကြည့်ရင်း မိမိ၏ စာအုပ်ရွေးချယ်နိုင်စွမ်းအပေါ် တိတ်တဆိတ် ဂုဏ်ယူမိသွားသည်။ သူသည် ဘာမှအသုံးမကျသော လူဖျင်းတစ်ယောက် ဖြစ်နိုင်သော်လည်း စာအုပ်ရောင်းသည့်နေရာတွင်မူ တော်တော်လေး အဆင့်ရှိသည်ဟု ဆိုရပေမည်။ ကျိပိုတုံ၏ အကြည့်များမှာ စာအုပ်ပေါ်မှ မခွာတမ်း ရှိနေသည်ကို မြင်ရသဖြင့် ဤစာအုပ်မှာ သူ့စိတ်ကြိုက်ဖြစ်မည်မှာ သေချာလှသည်။

လင်းကျဲက ပြုံးလိုက်ရင်း ခေါင်းကို အသာလှည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"မစ္စတာကျိက ဒီစာအုပ်ကို တကယ် သဘောကျပုံရတယ်... သူ့ကို အနှောင့်အယှက် မပေးဘဲ ထားလိုက်ရအောင်... ကျွန်တော်တို့ အရင် စားနှင့်ကြမလား"

သူ၏ နောက်ဆုံးစကားက ရှေ့တွင် ထိုင်နေသော ကျိကျစ်ရှို့ကို ရည်ရွယ်ခြင်း ဖြစ်သည်။ ကျိကျစ်ရှို့၏ စိုးရိမ်ပူပန်နေသော မျက်နှာမှာ ဖြူရော်နေသည်။ သူမသည် သူမဖခင်ထံမှ အကြည့်ကို အတင်းအကျပ် လွှဲဖယ်လိုက်ရင်း အားယူကာ ပြုံးလိုက်သည်။

"မစ္စတာလင် ပြောတာ မှန်ပါတယ်... ကျွန်မတို့ အရင် စားကြတာပေါ့..."

ဤခဏ၌ သူမသည် အလွန်အမင်း ထိတ်လန့်နေသလို တစ်ဖက်တွင်လည်း ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ မစ္စတာလင် ဤစာအုပ်ကို ပေးအပ်ခဲ့သည်ဆိုခြင်းမှာ ကျိပိုတုံမှာ သူ၏ အသိအမှတ်ပြုမှုကို ရရှိသွားပြီဟု အဓိပ္ပာယ်ရသည်။ သာမန်လူသားတစ်ဦးမျှသာ ဖြစ်သော သူမဖခင်သည် စွမ်းအားရှင်တစ်ဦး ဖြစ်လာနိုင်မည့် အခွင့်အရေးကို ရရှိခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ ရိုးလ် သယံဇာတအတွက် အကြီးမားဆုံးသော အခွင့်အလမ်းပင်...။ ကျိကျစ်ရှို့အနေဖြင့် ရင်ခုန်ရကျိုးနပ်လှသည်။ သို့သော် သူမရှေ့မှ မြင်ကွင်းကမူ သူမကို ကြက်သီးမွေးညင်း ထလောက်အောင် ကြောက်ရွံ့စေသည်။

အကြောင်းကား... သူမကဲ့သို့ စွမ်းအားရှင်တစ်ဦး၏ အမြင်တွင်မူ ဤအရာသည် စာအုပ်တစ်အုပ် မဟုတ်ဘဲ နက်မှောင်ပြောင်လက်နေသော အမည်မသိ အရာဝတ္ထုတစ်ခုသာ ဖြစ်နေသောကြောင့်တည်း။ ၎င်းမှာ ကော်စေးကဲ့သို့လည်းကောင်း၊ ထူထဲသော မြူခိုးများကဲ့သို့လည်းကောင်း ရှိနေပြီး ဟင်းလင်းပြင် အပေါက်ကြီးတစ်ခုနှင့်လည်း တူနေသည်။ ထိုအပေါက်ကြီးထဲမှ မည်းနက်သော လက်ကြီးတစ်ဖက် ထွက်ပေါ်လာကာ ကျိပိုတုံ၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်လျက် အကုန်လုံးကို လွှမ်းခြုံထားသည်။

ထို့ပြင် ထိုလက်မည်းကြီးမှာ ကျိုင်းကောင် သို့မဟုတ် ယင်ကောင်များကဲ့သို့သော ပိုးမွှားပေါင်းများစွာဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တဝီဝီ မြည်ဟီးလျက် ကျိပိုတုံကို ဝါးမျိုနေကြသည်။

‘သူတို့... သူတို့ ငါ့အဖေကို စားနေကြတာပဲ...’

ဤသို့ သိလိုက်ရခြင်းက ကျိကျစ်ရှို့ကို ချွေးစေးများ ပြန်လာစေသည်။ သူမသည် စိုးရိမ်စိတ်ကြောင့် သွားများပင် တဂတ်ဂတ် တုန်လာပြီး ခုန်ပေါက်နေသော နှလုံးခုန်သံကိုလည်း အတတ်နိုင်ဆုံး ထိန်းချုပ်နေရသည်။ ပါရမီမရှိသော သာမန်လူသားတစ်ဦး အနေဖြင့် စွမ်းအားရှင်တစ်ဦး ဖြစ်လာချင်ပါက လုံလောက်သော ပေးဆပ်မှုကို ပြုလုပ်ရမည်ဖြစ်ကြောင်း သူမ သိထားသည်။ လောကတွင် အရာအားလုံးမှာ တန်ရာတန်ကြေး ရှိသည် မဟုတ်ပါလား...။

သို့သော်လည်း ဤမြင်ကွင်းမှာ သူမ စိတ်ကူးထားသည်ထက် ပို၍ လွန်ကဲလှသည်။ ကျိပိုတုံမှာ ပိုးမွှားအုပ်ကြီး၏ ဖုံးလွှမ်းမှုကို ခံထားရသဖြင့် လေထုထဲတွင် ပုပ်စော်နံသော ရွှံ့နွံနံ့များ စတင် ထွက်ပေါ်လာပြီး ကျိကျစ်ရှို့မှာ ဆီပူအိုးထဲတွင် စိမ်ထားခံရသလို ခံစားနေရသည်။ ယခု ထိုင်ခုံပေါ်တွင် စာအုပ်လှန်နေသည့် အရာမှာ လူနှင့်တူသော ဝေဝါးသည့် ပုံရိပ်တစ်ခုသာ ကျန်တော့သည်။

လင်းထိန်နေသော ခန်းမဆောင်အတွင်း၌ ဤမြင်ကွင်းမှာ အလွန်ပင် ထူးဆန်းအံ့ဩဖွယ် ကောင်းလှသည်။ အစေခံများက ဟင်းလျာများကို လာရောက် တည်ခင်းကြသော်လည်း မည်သူကမျှ သူတို့သခင်၏ အခြေအနေကို မေးမြန်းခြင်း မရှိသလို၊ တစ်ခုခု မှားယွင်းနေသည်ဟုလည်း မထင်ကြပေ။ သူတို့သည် ကောင်းစွာ လေ့ကျင့်ထားသည့်အတိုင်း ဝင်လာကြပြီး ဘာမှမမြင်သည့်အလား တိတ်ဆိတ်စွာ ပြန်ထွက်သွားကြသည်။

ကျိကျစ်ရှို့သည် အတတ်နိုင်ဆုံး တည်ငြိမ်စွာဖြင့် ထမင်းစားကိရိယာများကို ကိုင်လိုက်ရင်း မစ္စတာလင်ကို ခိုးကြည့်လိုက်သည်။ လင်းကျဲမှာမူ အစေခံတစ်ဦးကို ယဉ်ကျေးစွာ ကျေးဇူးတင်စကား ပြောဆိုနေပြီး စိုးစဉ်းမျှ သက်ရောက်မှု မရှိပေ။ ထို့နောက် ကျိကျစ်ရှို့၏ အကြည့်ကို သတိပြုမိသွားကာ ပြုံးလျက် မေးလိုက်သည်။

"သခင်မလေးကျိ... တစ်ခုခု မေးချင်တာ ရှိလို့လား..."

ထိုအပြုံးကြောင့် ကျိကျစ်ရှို့မှာ စကားတို့ ဆွံ့အသွားရ၏။ ဟုတ်ပေသည်၊ ဤသည်မှာ စမ်းသပ်မှုတစ်ခုပင်။ သူမသည် သူမ၏ဖခင်ကို ပြန်ခေါ်ချင်သော်လည်း မဝံ့မရဲ ဖြစ်နေသည်။ တစ်ဖက်တွင်လည်း သူမ၏ တွေဝေမှုကြောင့် မစ္စတာလင်၏ အငြိုအငြင်ကို ခံရကာ ဖခင်ဖြစ်သူမှာ မစ္စတာလင်၏ စမ်းသပ်မှုကို ကျရှုံးသွားမည်ကို စိုးရိမ်မိသည်။ အခြားတစ်ဖက်တွင်မူ ဖခင်ဖြစ်သူ ဘယ်တော့မှ ပြန်မလာနိုင်တော့မှာကို ကြောက်ရွံ့မိသည်။ ဤသည်မှာ သမီးတစ်ယောက်၏ စိုးရိမ်ပူပန်မှု ဖြစ်သော်လည်း ဤသည်မှာ မစ္စတာလင်၏ အလိုဆန္ဒ ဖြစ်သောကြောင့် သူမ ဆန့်ကျင်မည် မဟုတ်ပေ။

ကျိကျစ်ရှို့သည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ရင်း လင်းကျဲကို တစ်ချက်ကြည့်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ခေါင်းကို ပြတ်သားစွာ ခါပြလိုက်သည်။

"မဟုတ်ပါဘူး... ဒီဟင်းလျာတွေက မစ္စတာလင် စိတ်ကြိုက် ဖြစ်ရဲ့လားလို့ သိချင်လို့ပါ"

"အင်း..."

‘ဩော်... ဒါကြောင့်ကိုး... ကျိကျစ်ရှို့ ဘာလို့ ရုတ်တရက်ကြီး ပျာပျာသလဲ ဖြစ်နေတာလဲလို့ ငါ တွေးနေတာ...’

လင်းကျဲက ခေါင်းကို အနည်းငယ် မော့လိုက်ပြီး နှုတ်ခမ်းကို သပ်ကာ ခေတ္တ စဉ်းစားလိုက်သည်။ နော်ဇင်၏ ရှေးရိုးစွဲ အနောက်တိုင်း စတိုင်လ် အစားအစာများမှာ သူ့အတွက် သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းသည်မှာ အမှန်ပင်။ သူက အပြင်အဆင်များပြားပြီး အနှစ်မရှိသော ပန်းကန်များကို ကြည့်ကာ မသိစိတ်မှ မျက်မှောင်ကြုတ်မိသဖြင့် သခင်မလေးကျိက လွန်လွန်ကဲကဲ တွေးတောသွားခြင်းလားဟု သူ သံသယဝင်မိသည်။

လင်းကျဲက ရယ်မောရင်း စနောက်လိုက်၏။

"အားလုံးကို ကြိုက်ပါတယ်... အမှန်အတိုင်း ပြောရရင် လမ်းထောင့်က စာအုပ်ဆိုင်လေး ဖွင့်နေတဲ့ ကျွန်တော့်အတွက် ဒီလို အရသာရှိတဲ့ အစားအစာတွေကို စားခွင့်ရဖို့ဆိုတာ မလွယ်ပါဘူး... အခုလို အခွင့်အရေး ပေးတဲ့အတွက် သခင်မလေးကျိကို တကယ်ပဲ ကျေးဇူးတင်ရမှာပါ"

ကျိကျစ်ရှို့က လက်ခါပြလိုက်၏။

"မဟုတ်တာ... အခုလို ကြွရောက်လာပေးတဲ့အတွက် ကျွန်မတို့ကပဲ ကျေးဇူးတင်ရမှာပါ... မစ္စတာလင် သဘောကျတယ်ဆိုရင်ပဲ အဆင်ပြေပါပြီ"

လင်းကျဲက မေးစေ့ကို ပွတ်ရင်း တွေးတောလိုက်သည်။

"ဒါပေမဲ့ ကျွန်တော့်မှာ အကြိုက်တချို့တော့ ရှိတယ်ဗျ... ဥပမာ မနက်က ရှာလော့ ညွှန်းတဲ့ ပျားရည်ကိတ်မုန့်မျိုးပေါ့... အဲဒီအရသာကတော့ တကယ်ကို မေ့နိုင်စရာ မရှိဘူးဗျာ"

"..."

ကျိကျစ်ရှို့၏ လက်များ တုန်ရင်သွားကာ ဝိုင်ခွက်ကိုပင် တိုက်မိလုနီးပါး ဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ"

လင်းကျဲ ဝေခွဲမရ ဖြစ်သွားသည်။

"..."

ကျိကျစ်ရှို့ ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်ရင်း မစ္စတာလင် အခရာအဆင့် ပုဂ္ဂိုလ်ကြီးကို ဝါးမျိုလိုက်သည့် မြင်ကွင်းအား သူမ၏ စိတ်ထဲမှ အတင်း ဖျောက်ဖျက်ပစ်လိုက်သည်။

လင်းကျဲမှာ အနည်းငယ် စိုးရိမ်သွား၏။ သခင်မလေးကျိက အဘယ်ကြောင့် သည်လောက် စိုးရိမ်တကြီး ဖြစ်နေရသနည်း။ လင်ကျဲ ခေတ္တ တွေးတောလိုက်၏။ ကျိပိုတုံ စာဖတ်နေသည်ကို သတိပြုမိသွားသောအခါမှ သူ နားလည်သွားတော့သည်။

‘ဟုတ်သားပဲ... သူ့ အဖေက ဘေးမှာတင် ရှိနေတာကိုး... သူ့ရဲ့ ခံစားချက် ပြင်းပြတဲ့ ဝန်ခံစကားကို သူ့ အဖေကိုယ်တိုင် ကြားသွားတာပဲ... ဘယ်သူပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးမှာ စိတ်လှုပ်ရှားမှာပဲ... သနားစရာကောင်းတဲ့ သခင်မလေးကျိလေး...’

ရုတ်တရက်... ကျိကျစ်ရှို့မှာ သူမ ဟန်ပျက်သွားသည်ကို သတိပြုမိသွားသည်။ သို့သော်လည်း... စာအုပ်ဆိုင်ပိုင်ရှင်မှာ သူမ၏ ထိတ်လန့်မှု သို့မဟုတ် ရိုင်းစိုင်းမှုအပေါ် မည်သည့် မှတ်ချက်မျှ မပေးသည်ကို တွေ့လိုက်ရသည်။ ထိုအစား... သူက သူမကို အနှိုင်းမဲ့သော သနားကရုဏာ အကြည့်ဖြင့် ပြုံးပြနေ၏။

‘ဒါက မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဆီက ရတဲ့ ကရုဏာလား... ငါ့ရဲ့ မသိနားမလည်မှုနဲ့ အားနည်းချက်ကို သနားနေတာလား... ဒါမှမဟုတ် နှစ်ခုလုံးလား...’

‘ဟူး...’

လင်းကျဲ တကယ် မကြည့်ရက်တော့ပေ။ သခင်မလေးကျိရဲ့ ရင်ထဲက အဖုအထစ်တွေ... ထားလိုက်ပါတော့။ သူမအဖေရှေ့မှာ သူမကို ဒုတိယအကြိမ်မြောက် ရက်ရက်စက်စက် မငြင်းပယ်နိုင်တော့ချေ။။

‘အနည်းဆုံးတော့ ပွဲပြီးတဲ့အထိ စောင့်လိုက်ပါဦးမယ်...’

"သခင်မလေးကျိ... ကျွန်တော်တို့ ဝိုင်တစ်ခွက်လောက် သောက်ကြမလား... ကျွန်တော့်ရဲ့ စာအုပ်ဆိုင်နဲ့ ရိုးလ် သယံဇာတတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက်ပေါ့..."

လင်းကျဲက ခင်မင်ရင်းနှီးသော အကြည့်ဖြင့် ဝိုင်ခွက်ကို မြှောက်လိုက်၏။ ၎င်းမှာ စောစောက အိုးတိုးအမ်းတမ်း ဖြစ်စရာများကို စီးပွားရေးကိစ္စဖြင့်သာ ဖုံးကွယ်ထားနိုင်မည်ဟု သွယ်ဝိုက်၍ အရိပ်ပြလိုက်ခြင်း ဖြစ်သည်။

"ဒီစာအုပ် ၅ အုပ်ကို ကျွန်တော် သေချာ ရွေးချယ်ပေးထားတာပါ... ရိုးလ် သယံဇာတအနေနဲ့ ဒါတွေကို ကောင်းကောင်း အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်..."

ကျိကျစ်ရှို့၏ မျက်လုံးများ ပြူးကျယ်သွားကာ စိတ်လှုပ်ရှားမှုများ တိုးဝင်လာသည်။ ဤအချိန်တွင် ပူးပေါင်းဆောင်ရွက်မှုအကြောင်း ပြောဆိုခြင်းမှာ...

သူမသည် ချက်ချင်းပင် ခွက်ကို မြှောက်လိုက်၏။

"မစ္စတာလင်အနေနဲ့ ရိုးလ် သယံဇာတ၊ မဟုတ်ပါဘူး... ကျွန်မတို့ ကျိမိသားစုရဲ့ ရိုးသားမှုကို အသေအချာ မြင်တွေ့ရမှာပါ... ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက်ပါ..."

***

All Chapters