အခန်း (၄၁၉-၄၂၀)
Vol. 30 Ch. 419-420
အပိုင်း(၄၁၉)
ချွမ်...
ကြည်လင်သော ဖန်ခွက်ချင်း ထိသံမှာ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း လှိုင်းများ ထန်နေသည့် ကန်ရေပြင်ထဲသို့ လှပသော ကျောက်ခဲလေးတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ထသွားစေသည်။
ကျိကျစ်ရှို့သည် ရုတ်တရက် ဝေဝါးသွားကာ သူမရှေ့တွင် မြှောက်ထားသော ဝိုင်ခွက်မှာ လူသားတစ်ဦး၏ လက်ထဲတွင် ရှိနေသည်ဟု မထင်ရတော့ဘဲ မည်းနက်ဝေဝါးသော လက်ဝါးကြီးတစ်ခု ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ သူမ ရင်ထဲတွင် တင်းကြပ်သွားပြီး ဖခင်ဖြစ်သူထံသို့ လှည့်ကြည့်ချင်စိတ်ကို မနည်း ထိန်းထားလိုက်ရသည်။
ဝိုင်ခွက်နှစ်လုံး ထိခတ်သွားသည့် ခဏ၌ ကျိပိုတုံ၏ ဝိညာဉ်ကို ဖမ်းဆုပ်ထားသော မမြင်ရသည့် လက်ကြီးမှာ ပူပြင်းသော သံပူကို ထိမိလိုက်သည့်အလား ချက်ချင်းပင် နောက်သို့ ဆုတ်သွားတော့၏။
"ဟူး..."
ကျိပိုတုံသည် ရုတ်တရက် ခေါင်းကို မော့လိုက်သည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်၏ ဗိုက်ထဲတွင် အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့ရပြီး နောက်ဆုံးတွင်မှ ထွက်ပြေးလွတ်မြောက်လာသကဲ့သို့ပင်။ ရေခမ်းခြောက်နေသော ငါးတစ်ကောင် ပင်လယ်ထဲသို့ ပြန်လည် ရောက်ရှိသွားသည့်အလား။ သူသည် စာအုပ်ထဲရှိ ရွှံ့နွံနက်ကြီးထဲမှ လွတ်မြောက်လာခဲ့ပြီ ဖြစ်သည်။
လင်းကျဲက မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ပြန်ထိုင်လိုက်၏။
"မစ္စတာကျိ... ဒီစာအုပ်က ခင်ဗျားအတွက် အကူအညီ ဖြစ်မယ်လို့ ထင်ရဲ့လား"
ကျိပိုတုံမှာ ခေတ္တမျှ ဝေခွဲမရဖြစ်သွားပြီးမှ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
"ဟုတ်ကဲ့... ဖြစ်တာမှ အများကြီးပါ... ကျေးဇူးတင်ပါတယ်... ကျေးဇူး... ကျေးဇူးတင်ပါတယ်..."
သူသည် ဝမ်းသာလွန်းသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။ အကြောင်းကား... ဤအချိန်မှစ၍ သူ၏ မျက်စိထဲတွင် ကမ္ဘာကြီးမှာ လုံးဝ ပြောင်းလဲသွားခဲ့သောကြောင့်ပင်။ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့သော ယင်ကောင်များမှာ ဟင်းလင်းပြင်မှတစ်ဆင့် လမ်းကြောင်းများကို တည်ဆောက်ပေးခဲ့ပြီး အီသာစွမ်းအင်များဖြင့် ဖြည့်ဆည်းပေးခဲ့သည်။
သူ... ကျိပိုတုံသည် စွမ်းအားရှင်တစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ...
ကျိပိုတုန်၏ စိတ်ထဲဝယ် ပြောမပြနိုင်လောက်အောင် နက်ရှိုင်းလှသည့် ကျေးဇူးတရားတို့သာ ကိန်းအောင်းနေတော့သည်။
လွန်ခဲ့သော ခဏတာက ခံစားခဲ့ရသည့် ဝေဒနာမှာ ဖော်ပြရန်ပင် ခက်ခဲလှ၏။ မိမိ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းအသီးသီးအတွင်းသို့ တစ်စုံတစ်ခုက တိုးဝှေ့ထိုးဖောက် ဝင်ရောက်သွားသည့် ထိုခံစားမှုမှာ သည်းခံနိုင်စွမ်း၏ အတိုင်းအထက်အလွန်တွင် ရှိနေခဲ့သည်။ သို့သော် ယခုမူ သူ၏ ရုပ်ခန္ဓာတစ်ခုလုံးသည် ထူးခြားဆန်းကြယ်စွာ ပြောင်းလဲသွားခဲ့ချေပြီ။
သူ၏ မျက်ဝန်းအစုံသည် အီသာဓာတ်တို့ဖြင့် ပြည့်လျှံနေပြီး၊ ဤလောကဓာတ်အတွင်း စီးဆင်းနေသော အီသာလှိုင်းတို့ကို အထင်အရှား မြင်တွေ့နေရသည်။ ထိုဓာတ်သည်ပင် သူ၏ အရေပြားနှင့် ကြွက်သားတို့ကို သံမဏိသဖွယ် ကျစ်လျစ်ခိုင်မာလာစေရန် ပံ့ပိုးပေးထားပြန်သည်။
ထို့ထက် ပို၍ အံ့ဩဖွယ်ကောင်းသည်မှာ... ယခင်က မိမိအား နှိပ်စက်ညှဉ်းပန်းခဲ့သော ယင်ကောင်တို့သည် ပျောက်ကွယ်မသွားဘဲ မိမိ၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်၌ ကိန်းဝပ်နေကြခြင်းပင်။ ထိုအရာတို့သည် ယခုအခါ သူ စိတ်တိုင်းကျ စေခိုင်းနိုင်သည့် တန်ခိုးအာဏာများ ဖြစ်လာခဲ့လေပြီ။
"မစ္စတာကျိ... ဒီလောက်ထိ ကျေးဇူးတင်မနေပါနဲ့ဗျာ… ခင်ဗျားအတွက် အထောက်အကူဖြစ်တယ်ဆိုရင်ပဲ ကျွန်တော် ကျေနပ်ပါပြီ… ဒီစာအုပ်ကို ရွေးချယ်ဖို့ ကျွန်တော် တော်တော်လေး အချိန်ပေးခဲ့ရတာပါ"
လင်ကျဲ စိတ်ထဲတွင် အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရသော်လည်း ကျိပိုတုန်၏ အံ့ဩတုန်လှုပ်နေပုံမှာ သဘာဝကျသည်ဟုပင် မှတ်ယူလိုက်မိသည်။ အကြောင်းမူကား ဤစာအုပ်၏ သြဇာသည် ကမ္ဘာမြေပေါ်တွင်ပင် ကြီးမားလှရာ၊ ယခုကဲ့သို့ အနည်းငယ် ခေတ်နောက်ကျကျန်နေသေးသော ဤကမ္ဘာသစ်တွင်မူ ဆိုဖွယ်ရာ မရှိတော့ပေ။
သူသည် မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်ဖြင့် လက်ပိုက်ကာ မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်လျက် အလေးအနက် ဆိုလိုက်ပြန်၏။
"ဒီစာအုပ်ထဲမှာ ကိန်းအောင်းနေတဲ့ စွမ်းပကားဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို အောက်ခြေကနေ ကိုင်လှုပ်နိုင်စွမ်းရှိတယ်… ဒါဟာ တစ်လောကလုံးရဲ့ ဟန်ချက်ညီမှုကို ပြောင်းလဲပေးနိုင်တဲ့ 'မမြင်နိုင်တဲ့ လက်’ တစ်ခုပါပဲ… မစ္စတာကျိအနေနဲ့ ဒီစွမ်းအားကို ကောင်းမွန်စွာ အသုံးချနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"
နိုင်ငံများ၏ ဓနအင်အား ဟူသော ကျမ်းစာ၏ အနှစ်ချုပ်ကား မမြင်နိုင်သော လက်ပင် ဖြစ်ချေသည်။ ထိုသီအိုရီအရ လူသားတိုင်းသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားအတွက်သာ လုပ်ဆောင်ကြသော်လည်း၊ မမြင်နိုင်သော လက်ဝါးတစ်ခုက ထိုလုပ်ဆောင်ချက်များကို အလိုအလျောက် ထိန်းကျောင်းပေးကာ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သို့သော် နော်ဇင်၏ လက်ရှိအခြေအနေတွင်မူ ဤစာအုပ်ပါ အယူအဆတို့သည် ခေတ်ရှေ့ပြေးလွန်းလှသည်။ လင်ကျဲကိုယ်တိုင်မှာမူ ကြီးမားသော ရည်မှန်းချက် အာသီသ မရှိသည့်အလျောက် ဤကဲ့သို့သော ကျမ်းမျိုးမှာ ဥက္ကဋ္ဌကျိနှင့်သာ ထိုက်တန်လှသည်ဟု တွေးတောမိသည်။
"မမြင်နိုင်တဲ့လက်..."
ကျိပိုတုန် ထိုစကားလုံးကို တိုးတိုးလေး ရေရွတ်ရင်း ရင်ထဲတွင် လှိုက်ဖိုနေသော စိတ်လှုပ်ရှားမှုကို အနိုင်နိုင် ထိန်းနေရသည်။ ထိုအရ။က ဟင်းလင်းပြင်ထဲ၌ ပုန်းကွယ်နေသော ယင်ကောင်များကို ဆိုလိုခြင်းလော။ သို့မဟုတ်… တစ်စုံတစ်ခုသော အင်အားက မိမိကို လက်တစ်ဖက်ကဲ့သို့ ထိန်းချုပ်ထားခြင်းကို ဆိုလိုခြင်းလော။
"မှန်ပါတယ်... မမြင်နိုင်တဲ့ လက်ပါပဲ…”
လင်ကျဲက အတည်ပြုပေးလိုက်သည်။ ထို့နောက် မျက်နှာကို တည်ကြည်စွာ ထားကာ ဆက်လက်၍…
"မစ္စတာကျိ... ကျွန်တော် သခင်မလေးကျိကို ယုံကြည်လို့ ဒီစာအုပ်ကို ပေးခဲ့တာပါ… ဒါပေမဲ့ ခင်ဗျားကို မေးခွန်းတစ်ခု မေးချင်ပါတယ်… အားနည်းသူတွေကို အားကြီးသူတွေက အမြဲလိုလို နှိပ်စက်နေကြပြီး ဘယ်သူကမှလည်း တရားမျှတအောင် ဆောင်ရွက်မပေးနိုင်တဲ့ ဒီလောကကြီးမှာ... သူတို့အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးမယ့် 'ဖြောင့်မတ်တဲ့ နတ်ဘုရား' တစ်ပါး ရှိသင့်တယ်လို့ ခင်ဗျား ထင်လား"
ထိုစကားကို ကြားလျှင် ကျိပိုတုန်၏ တစ်ကိုယ်လုံးရှိ မွေးညင်းနုတို့မှာ တဖြန်းဖြန်း ထသွားတော့သည်။ လောကနိယာမတို့ကို ပြောင်းလဲနိုင်စွမ်းရှိသည့် ဤနတ်ဘုရားသည် မိမိ၏ လက်ဝါးဖြင့်ပင် ကိုယ်ပိုင်တရားမျှတမှုကို ဖော်ဆောင်သင့်သလောဟု မေးနေခြင်းဖြစ်ကြောင်း သူ နားလည်လိုက်သည်။
ကျိပိုတုန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တုန်ရင်သော အသံဖြင့် ပြန်လည် ဖြေကြားလိုက်၏။
"ကျွန်တော့်အမြင်အရတော့... ရှိသင့်တယ်လို့ ထင်ပါတယ်"
"မဟုတ်ဘူး... မဟုတ်ဘူး..."
လင်ကျဲက လက်ညှိုးကို ခါယမ်း၍ ငြင်းဆိုလိုက်သည်။
"မရှိသင့်ပါဘူး"
“...”
ကျိပိုတုန်မှာ အသက်ရှူပင် မှားသွားရသည်။
"နတ်ဘုရားဆိုတာမျိုးက တကယ်တော့ မရှိပါဘူး"
လင်ကျဲက အေးဆေးတည်ငြိမ်စွာ ဆိုသည်။
"တကယ်လို့ နတ်ဘုရားဆိုတာ ရှိကိုရှိရမယ်ဆိုရင်တော့... အဲ့ဒါဟာ ဒီလောကရဲ့ အမှန်တရားနဲ့ နိယာမတွေက အလွန်တရာမှ တန်ဖိုးနည်းလွန်းလို့ ကောင်းကင်က နတ်ဘုရားဆင်းကယ်မှ ရမယ့်အခြေအနေမျိုး ဖြစ်နေလို့ပါပဲ…"
သူသည် လူသားတို့၏ လောဘဇောနှင့် အကျိုးစီးပွားနောက် လိုက်တတ်သော သဘာဝကို ဆက်လက် ရှင်းပြပြန်သည်။ ကျိပိုတုန်မှာမူ လင်ကျဲ၏ စကားများကို နားထောင်ရင်း နော်ဇင်မြို့၏ အထက်လွှာမှ အကျင့်ပျက်ခြစားနေသူများကို မြင်ယောင်လာမိသည်။
"ရိုးလ် သယံဇာတ အနေနဲ့ လူသားတွေကို ဖိနှိပ်မှုတွေကနေ လွတ်မြောက်အောင် လုပ်ပေးချင်တာပဲ… ဒါဟာ ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ ရည်မှန်းချက်ပါပဲ… လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လင်ကျဲမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ မိမိက ဓနရှင်ဝါဒ၏ ဆိုးကျိုးကို သတိပေးရုံသာ ရှိသေးသော်လည်း ကျိပိုတုန်မှာမူ တစ်စုံတစ်ခုသော အမှန်တရားကို တွေ့ရှိသွားသကဲ့သို့ ဖြစ်နေချေပြီ။
"ဘာပဲဖြစ်ဖြစ်... အရေးကြီးဆုံးက လူသားတွေရဲ့ ကိုယ်တိုင် ကြိုးစားအားထုတ်မှုပါပဲ… ဖိနှိပ်ချုပ်ချယ်မှုတွေဆိုတာ ဘယ်လိုမှ မကောင်းပါဘူး"
ကျိပိုတုန်မှာ စိတ်ထဲမှ ကြိတ်၍ တွေးတောနေမိသည်။
‘မစ္စတာလင်က နတ်ဘုရားတွေထက် သာလွန်တဲ့ တည်ရှိမှုမျိုး ဖြစ်ရမယ်… လူသားတွေအပေါ်မှာလည်း အလွန်ပဲ ကရုဏာ ထားတော်မူတယ်… လောကနိယာမတွေကိုလည်း အလွယ်တကူ ပြောင်းလဲနိုင်စွမ်း ရှိတယ်… ဒီလောက် မြင့်မြတ်တဲ့ စိတ်ထားနဲ့ စွမ်းပကားမျိုးဆိုရင်... သူဟာ... ဖန်ဆင်းရှင်ပဲ ဖြစ်ရမယ်'
သူ စိတ်ကို ထိန်းချုပ်ကာ စာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ရင်း…
"မစ္စတာလင် ပြောချင်တာကို ကျွန်တော် နားလည်ပါပြီ… နော်ဇင်မြို့ရဲ့ အနာဂတ်အတွက် ဒီလမ်းစဉ်အတိုင်း ကျွန်တော် လျှောက်လှမ်းပါ့မယ်"
သူ အလေးအနက် ကတိပြုလိုက်သည်။
ထိုအချိန်ကျမှ လင်ကျဲသည် စာအုပ်အကြောင်းမှ လမ်းခွဲကာ မိမိလာရင်းကိစ္စကို သတိရသွားသည်။
"ကျွန်တော်တို့ စာအုပ်တွေအကြောင်း ပြောတာ များသွားပြီ… တကယ်တော့ ကျွန်တော် ဒီနေ့လာတာက လက်ဆောင်ပေးဖို့ပါ"
သူက ကျိကျစ်ရှို့ကို ကြည့်ကာ လှိုက်လှိုက်လှဲလှဲ ဆိုလိုက်၏။
"လွန်ခဲ့တဲ့ လအနည်းငယ်လောက် မိုးသက်မုန်တိုင်းတစ်ခုထဲမှာ သခင်မလေးကျိနဲ့ ကျွန်တော် စာအုပ်တွေကတစ်ဆင့် မိတ်ဆွေဖြစ်ခဲ့ကြတယ်… အခုဆိုရင် ကျွန်တော်တို့ဟာ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်နေကြပါပြီ… မွေးနေ့မှာ ပျော်ရွှင်ပါစေ သခင်မလေးကျိ"
လင်ကျဲ သူ့ နောက်ဖက်မှ သစ်သားသေတ္တာလေးတစ်ခုကို ထုတ်ပေးလိုက်သည်။ ကျိကျစ်ရှို့သည် ရင်ခုန်သံမြန်စွာဖြင့် ထိုသေတ္တာလေးကို ဖွင့်ကြည့်လိုက်ရာ... လှပသပ်ရပ်လှသော စက်မှုလက်ရာ နာရီပုံစံ အဆောက်အအုံလေးတစ်ခုကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရလေသည်။
"ဒါကို သာမန်နာရီတစ်ခုလို့ မထင်လိုက်ပါနဲ့"
လင်ကျဲက ပြုံးလျက် ဆိုလိုက်သည်။ သူက နာရီအတွင်းရှိ သေးငယ်သော ပိုးကောင်လေးကို ညွှန်ပြကာ…
"သူ့မှာ ထူးခြားဆန်းကြယ်တဲ့ စွမ်းအင်အရင်းအမြစ် တစ်ခု ရှိတယ်ဗျ… "
***
အပိုင်း(၄၂၀)
"ကြည့်လိုက်ပါဦး..."
လင်းကျဲ လက်ညှိုးညွှန်ရာသို့ ကျိကျစ်ရှို့တို့ သားအဖ နှစ်ယောက် မသိစိတ်မှ လိုက်ကြည့် လိုက်မိကြသည်။ ထိုအခါမှ သူတို့သည် ဤလှပကျော့ရှင်းလှသော နာရီလေး၏ အောက်ခြေအပိုင်းကို သတိထားမိတော့၏။
စတာလင်ငွေရောင် ကိုင်းပေါ်တွင် ပတ္တမြားများဖြင့် စီခြယ်ထားသည့် ပြောင်လက်သော နာရီမျက်နှာပြင်၏ နောက်ကွယ်၊ ရှုပ်ထွေးလှသော စက်သွားဘီးများကြား၌ သေးငယ်သော... ခူကောင်လေးတစ်ကောင် ရှိနေချေသည်။
ထိုခူကောင်လေးသည် အနုစိတ်လက်ရာမြောက်လှသော စက်သွားများပေါ်တွင် တရွေ့ရွေ့ လျှောက်လှမ်းနေသည်။ ၎င်း တစ်လှမ်း လျှောက်တိုင်း နာရီ၏ စက္ကန့်လက်တံမှာ 'ချက်' ခနဲ မြည်ကာ စက်ယန္တရား တစ်ခုလုံးကို လည်ပတ်စေသည်။
"ဒါက..."
ကျိပိုတုံ၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူ၏ အမူအရာမှာလည်း မှင်သက်သွားတော့၏။ ကျိကျစ်ရှို့မှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ သူမသည် အလွန်အမင်း တုန်လှုပ်သွားသဖြင့် စကားပင် မပြောနိုင်တော့ချေ။
သူတို့နှစ်ဦး၏ တုံ့ပြန်မှုကို မြင်သောအခါ လင်းကျဲ၏ အပြုံးမှာ ပို၍ တောက်ပလာ၏။ ဤနာရီမှာ သူဌေးများအတွက် တန်ဖိုးကြီး ကစားစရာ သို့မဟုတ် အရုပ်လေးတစ်ရုပ်မျှသာ ဖြစ်နိုင်သော်လည်း ၎င်း၏ အလှအပမှာ ငြင်းမရနိုင်အောင်ပင် ရှိလှသည်။ မျက်စိမကန်းသူတိုင်း ဤအရာမှာ အဖိုးမဖြတ်နိုင်သော ပစ္စည်းဖြစ်ကြောင်း သိနိုင်သည်။
နော်ဇင်၏ စီးပွားရေးလောကကို လက်ဝါးကြီးအုပ်ထားသော 'ရိုးလ် သယံဇာတ' ၏ ဥက္ကဋ္ဌကိုပင် ဆွံ့အသွားစေနိုင်သည့် အရာ... အင်ဒရူး ပေးခဲ့သော လက်ဆောင်မှာ တကယ့်ကို ကွက်တိပင်။
လင်းကျဲအနေဖြင့် ဤနာရီထက် ကြွေရည်သုတ်သေတ္တာလေးက ပို၍ တန်ဖိုးရှိမည်ဟု ထင်မိရခြင်းမှာ ဤနာရီကို မည်မျှနှင့် ရောင်းရောင်း ရှုံးမည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။ သူသည် ဤအရာကို အလွယ်တကူ လက်လွတ်မခံနိုင်ဘဲ ကျေးဇူးကြွေး တစ်ခုခုနှင့် လဲလှယ်ရန် အသုံးပြုခြင်းက ပို၍ ကောင်းသည်။
ယခု ပြန်လည် ထုပ်ပိုးထားသော ဤလက်ဆောင်သည် ကျိသားအဖက သူ့ကို ယခင်က ပေးခဲ့ဖူးသော ရွှေပန်းသီး အပါအဝင် ပစ္စည်းများနှင့် တန်ဖိုးချင်း ယှဉ်နိုင်ပေသည်။ ယခုတစ်ကြိမ်တွင်မူ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးရာ၌ လင်းကျဲအနေဖြင့် အားမနာတမ်း ဈေးစကား ပြောနိုင်ပြီ ဖြစ်သည်။
‘ဒီလို အပြန်အလှန် ပေးကမ်းမှုတွေကနေ ရင်းနှီးစရာမလိုဘဲ အမြတ်အစွန်းတွေ အများကြီး ရတာပဲ... တကယ့်ကို တွက်ခြေကိုက်လိုက်တာ...’
ထိုသို့ တွေးမိရင်း လင်းကျဲ မပြုံးဘဲ မနေနိုင်တော့ပေ။
တစ်ချိန်တည်း၌ ကျိကျစ်ရှို့၏ အကြည့်တို့မှာ တရွေ့ရွေ့ လျှောက်နေသော ပိုးကောင်လေးထံမှာ မခွာနိုင်တော့ပေ။ သူမ၏ အာခေါင်များ ခြောက်ကပ်လာသဖြင့် တံတွေးကို ခက်ခဲစွာ မျိုချလိုက်မိသည်။
အကယ်၍ ဤနာရီကိုသာ အပြင်လောကတွင် ထုတ်ပြလိုက်ပါက ဆယ်ယောက်တွင် တစ်ယောက်ပင် ၎င်း၏ တန်ဖိုးကို သိလိမ့်မည် မဟုတ်ချေ။ သို့သော် ဤအခန်းလေးထဲတွင်မူ ကျိပိုတုံပင်လျှင် ၎င်းသည် မည်သည့်နေရာမှ လာပြီး မည်မျှ တန်ဖိုးရှိကြောင်း သိထားသည်။
ဤသည်မှာ 'အမှန်တရား အသင်းတော်' ဒုတိယဥက္ကဋ္ဌ အင်ဒရူး မိသားစု၏ အမွေအနှစ် ပစ္စည်းဖြစ်ပြီး အသင်းတော်၏ အဖိုးမဖြတ်နိုင်သော ရတနာများထဲမှ တစ်ခု ဖြစ်သည်။ သို့သော်လည်း မစ္စတာလင်သည် ၎င်းကို သာမန်သေတ္တာလေးထဲ ထည့်ကာ ဤမျှ ပေါ့ပေါ့ပါးပါးပင် ပေးအပ်လိုက်သည်...။
ကျိကျစ်ရှို့ အတင်းခုန်ပေါက်နေသော နှလုံးသားကို တည်ငြိမ်အောင် ထိန်းလိုက်ရသည်။ သူမသည် ရူးအန် ၏ မှတ်ဉာဏ်များကို ရရှိထားပြီး သူ၏ သတင်းကွန်ရက်ကို 'ပင့်ကူ' အဖွဲ့အစည်းအတွင်းသို့ သွတ်သွင်းထားပြီး ဖြစ်ရာ ယခုအခါ သူမသည် နော်ဇင်၌ အင်အားအကြီးဆုံး သတင်းကွန်ရက်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ရူးအန်သည် ရည်မှန်းချက် ကြီးမားသူဖြစ်ပြီး ကြီးမားသော သတင်းကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားသည်။ ကံမကောင်းစွာဖြင့် သူသည် မစ္စတာလင်၏ ကျောက်ဂါဂွိုင်း လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရကာ အိပ်မက်များလည်း ပျက်ပြားခဲ့ရခြင်း ဖြစ်သည်။ သို့သော်လည်း ကျယ်ပြန့်လှသော သတင်းကွန်ရက်ကြောင့် ရူးအန်သည် 'မြေအောက် ဧကရာဇ်' ဟူသော အမည်နှင့် ထိုက်တန်သူ ဖြစ်ခဲ့သည်။ ထိုသတင်းကွန်ရက်မှာ ဝယ်လ် နော်ဇင်၌ ရှိနေကြောင်းကိုပင် သိနိုင်သည့်အထိ အားကောင်းလှသည်။
အကယ်၍ သူသာ စာအုပ်ဆိုင်၌ မသေဆုံးခဲ့လျှင် 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' အနေဖြင့် ခက်ခဲသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရဦးမည် ဖြစ်သည်။ ထို့ကြောင့် ရူးအန်၏ မှတ်ဉာဏ်အားလုံးကို ရရှိထားသော ကျိကျစ်ရှို့အနေဖြင့် အင်ဒရူး မိသားစု၏ လျှို့ဝှက်ရတနာအကြောင်း သိနေခြင်းမှာ ထူးဆန်းလှသည် မဟုတ်ချေ။
အခြားတစ်ဖက်တွင်မူ ကျိပိုတုံသည်လည်း နှစ်ပေါင်းများစွာ အတွေ့အကြုံများကြောင့် စွမ်းအားရှင် လောကနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သိထားသူဖြစ်ရာ သူလည်း ဤပစ္စည်း၏ တန်ဖိုးကို နားလည်သည်။
သားအဖနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ပြင်းပြစွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
ကြောက်မက်ဖွယ်ကောင်းသော စမ်းသပ်မှုကို ခံယူခဲ့ရပြီးနောက်ဆုံး၌... ကျိပိုတုံ၏ နာကျင်မှုကို အောင့်အည်းနိုင်သော ဇွဲလုံ့လနှင့် ဖခင်ဖြစ်သူအတွက် စိုးရိမ်နေသည့်ကြားမှ ကျိကျစ်ရှို့၏ တည်ငြိမ်စွာ ရပ်တည်နိုင်ခဲ့သော သစ္စာရှိမှုတို့ကြောင့် နောက်ဆုံးတွင် မစ္စတာလင်၏ အသိအမှတ်ပြုမှုကို သူတို့ ရရှိခဲ့ပြီ ဖြစ်သည်။
"အချိန်စက်ကွင်း ပိုးကောင်"
ဒဏ္ဍာရီထဲတွင်သာ ပြောစမှတ်ပြုကြသော အရာသည် ယခု သူတို့ရှေ့၌ ပေါ့ပေါ့ပါးပါးပင် ရောက်ရှိနေလေပြီ။ သတင်းအချက်အလက်များအရ ဤအားနည်းပြီး အန္တရာယ်မရှိပုံပေါ်သော ခူကောင်လေးသည် အမှန်စင်စစ် ဤနိမ့်ပါးသော ကမ္ဘာသို့ မတော်တဆ ရောက်ရှိလာခဲ့သည့် 'စတုတ္ထမြောက် ဒိုင်မန်းရှင်း’ (4D) သတ္တဝါတစ်ကောင် ဖြစ်ပြီး အင်ဒရူး မိသားစုမှ အစွမ်းထက်သော စွမ်းအားရှင်များက ဖမ်းဆီးထားခြင်း ဖြစ်သည်။
မည်မျှ အံ့ဩစရာကောင်းပြီး ကြောက်မက်ဖွယ်ကောင်းလိုက်သည့် စွမ်းအားနည်း။ လျှပ်စီးလက်သကဲ့သို့ ခဏတာအတွင်း ဖမ်းဆီးခံရပြီး နိယာမများကို ပြောင်းလဲနိုင်သည့် စွမ်းအားတစ်ခုအဖြစ် ပြောင်းလဲခံလိုက်ရခြင်း...
မှန်ပေသည်။ အင်ဒရူး မိသားစု၏ ဤစွမ်းအားရှင် ပစ္စည်းသည် 'အခရာအဆင့်’ ပုဂ္ဂိုလ်များသာ ပိုင်ဆိုင်နိုင်သော 'နိယာမနယ်ပယ်' ကို ခေတ္တမျှ ပိုင်ဆိုင်နိုင်သည့် ပစ္စည်းအနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။
အခန်းထဲတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။ လင်းကျဲအနေဖြင့်မူ ဤလက်ရာမြောက်လှသော အနုပညာပစ္စည်းအပေါ် ငေးမောနေကြခြင်းဟုသာ နားလည်လိုက်သည်။
"ပိုးကောင်လေးကို သုံးပြီး နာရီကို လည်ပတ်စေတာ... ဒီလို ဆန်းသစ်တဲ့ စိတ်ကူးက သူ့ရဲ့ လှပတဲ့ အသွင်အပြင်ထက်တောင် ပိုပြီး အံ့ဩဖို့ ကောင်းသေးတယ်..."
"လူတွေလိုပါပဲ၊ လှပတဲ့ ရုပ်ရည်ရှိတဲ့သူတွေ အများကြီး ရှိပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဝိညာဉ်ရှိတဲ့သူကတော့ ရာခိုင်နှုန်း တော်တော်နည်းတယ်ဗျ..."
လင်းကျဲသည် သူတစ်ပါး ပေးထားသော လက်ဆောင်ကို ပြန်ပေးရခြင်းအပေါ် စိုးစဉ်းမျှ အားနာစိတ် မရှိဘဲ ဆက်ပြောလိုက်သည်။
"ကျွန်တော့်အမြင်မှာတော့ သခင်မလေးကျိဟာ လှလည်းလှသလို စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်... ဒါပေမဲ့ အရေးကြီးဆုံးကတော့ ခင်ဗျားမှာ ဘယ်တော့မှ ရပ်တန့်မသွားတဲ့ ဒီနာရီလိုမျိုး ရှေ့သို့ အမြဲတမ်း ချီတက်နေတဲ့ နှလုံးသားတစ်ခု ရှိနေတာပါပဲ... ဒါကြောင့် ခင်ဗျားကို ဒါကို ပေးလိုက်တာပါဂ
"ဒါ... ဒါက အရမ်း တန်ဖိုးကြီးလွန်းပါတယ်..."
ကျိကျစ်ရှို့သည် ထိုင်ခုံမှ ထရပ်လိုက်၏။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဝေခွဲမရစွာဖြင့်...
"ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်ကို..."
တန်ဖိုးကြီးသည်မှာ တစ်ပိုင်းဖြစ်သော်လည်း ပို၍ အရေးကြီးသည်က ဤအရာမှာ အင်ဒရူး မိသားစု၏ လျှို့ဝှက် အမွေအနှစ် ရတနာ ဖြစ်နေခြင်းပင်။
မစ္စတာလင်၏ ပစ္စည်းတစ်ခုခုကို ရယူလိုပါက တန်ရာတန်ကြေး ပေးရမည်ဖြစ်ကြောင်း ကျိကျစ်ရှို့ ကောင်းကောင်း သိသည်။ ထိုတန်ကြေးမှာ ပစ္စည်း၏ တန်ဖိုးအပေါ်တွင် မူတည်သည်။ ယခုကဲ့သို့ အဖိုးမဖြတ်နိုင်သော ရတနာအတွက် သူမ မည်ကဲ့သို့သော တန်ကြေးမျိုး ပေးရမည်နည်း။
လင်းကျဲက လက်ကို အေးအေးဆေးဆေးပင် ယမ်းပြလိုက်သည်။
"ဟာ... ဒါက ဘာများ တန်ဖိုးရှိလို့လဲဗျာ... တကယ်တော့ လက်ဆောင်တစ်ခုရဲ့ အရေးကြီးဆုံး အချက်က ပေးတဲ့သူရဲ့ စေတနာပဲ မဟုတ်လား... ဒါက လက်ရာမြောက်ပေမဲ့ ကျွန်တော့်အတွက်တော့ သိပ်ပြီး အသုံးမဝင်လှဘူး... အဲဒါကြောင့် ခင်ဗျားကို ပေးလိုက်တာပေါ့... ခင်ဗျားက ဒီလို အရုပ်လေးတွေကို သဘောကျမယ်လို့ ကျွန်တော် ထင်လို့ပါ..."
‘အင်း... မိန်းမငယ်လေးတွေက ဒီလို လက်ရာမြောက်ပြီး လှပတဲ့ အရုပ်လေးတွေကို သဘောကျတတ်ကြတာပဲ...’
ဤသည်မှာ ဆန့်ကျင်ဘက် လိင်နှင့် ဆက်ဆံရေး အတွေ့အကြုံ နည်းပါးလှသော လင်းကျဲ၏ ကိုယ်ပိုင် ယူဆချက် ဖြစ်သည်။
‘အရုပ်လေး... ကစားစရာလေး...’
ကျိကျစ်ရှို့ တိတ်ဆိတ်သွားသည်။
‘ရှင်က ဒါကို အရုပ်လို့ ခေါ်တာလား ဒါနဲ့ ဘာကစားရမှာလဲ အချိန်ရဲ့ နိယာမတွေကို ကစားရမှာလား...’
သို့သော်လည်း လူသားတို့၏ ဉာဏ်ရည်နှင့် စွမ်းအားရှင်တို့၏ အကန့်အသတ်ကို ကိုယ်စားပြုသော ဤအရာမှာ မစ္စတာလင်၏ အမြင်တွင်မူ ကလေးတစ်ယောက် ရွှံ့ဖြင့် လုပ်ထားသော အရုပ်လေးတစ်ရုပ်မျှသာ ဖြစ်နိုင်ပေသည်။
ကျိကျစ်ရှို့ မျက်နှာလေး ရှုံ့မဲ့သွားမိ၏။ သူမ မငြင်းနိုင်သလို၊ ငြင်းရန် ဆန္ဒလည်း မရှိပေ။ သို့သော် သူမ ထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခု ရှိသေးသည်။ ၎င်းက သူမ၏ လက်ရှိ အဆင့်အတန်းမှာ ငရဲဘုံ အဆင့် မျှသာ ရှိသေးခြင်းပင်။ ဤမျှ အဆင့်မြင့်သော ပစ္စည်းကို သူမ မမည်သို့မျှ အသုံးမပြုနိုင်ချေ။
သို့သော် လင်းကျဲကမူ ထို 'နာရီ/အရုပ်' ကို ပေးရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူက သူမကို ရိုးသားစွာ ကြည့်လိုက်ပြီး လက်ထဲမှ ပစ္စည်းကို ကမ်းပေးလိုက်သည်။
ကျိကျစ်ရှို့ ခေတ္တ တွေဝေသွား၏။ သူမ ရယူခဲ့လျှင်ပင် အသုံးမပြုနိုင်ချေ။ "အချိန်စက်ဝန်း ပိုးကောင်" ကို အသုံးပြုရန်မှာ ဤစတုတ္ထမြောက် ဒိုင်မန်းရှင်း သတ္တဝါကို နိုးကြားစေပြီး အချိန်ကို လွှမ်းမိုးမှု ပြလုပ်နိုင်ရန် မယုံနိုင်လောက်အောင် ကြီးမားလှသော အီသာစွမ်းအင်များ လိုအပ်သည်။
လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက 'အမှန်တရား အသင်းတော်' သည် အကြောင်းရင်းတစ်ခုကြောင့် ဤလက်နက်ကို အသုံးပြုလိုသဖြင့် အထက်တန်းလွှာများထံမှ အီသာစွမ်းအင် အမြောက်အမြားကို စုဆောင်းခဲ့ဖူးကြောင်း ကောလာဟလများ ရှိခဲ့သည်။ ၎င်းမှာ အချိန်ကို ထိန်းချုပ်နိုင်စွမ်းကို ပြသခြင်းဖြင့် အခြားသော စွမ်းအားရှင် အဖွဲ့အစည်းများကို သတိပေးရန် ဖြစ်သည်။
သူတို့ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့သလား ဆိုသည်ကိုမူ ကျိကျစ်ရှို့ မသိရပေ။ သို့သော် အင်ဒရူး မိသားစုက ၎င်းကို ထိန်းချုပ်ထားနိုင်သရွေ့ သူတို့သည် အသင်းတော်အတွင်း၌ ဩဇာကြီးမားနေဦးမည် ဖြစ်သည်။ အင်ဒရူး မိသားစုသည်လည်း ဤအရာကို ထပ်မံ အသုံးပြုရန် ရည်ရွယ်ချက် မရှိလောက်ပေ။
အကယ်၍ နိယာမများကို ထိန်းချုပ်နိုင်သည့် ဤလက်နက်ကြီးကို အသုံးပြုခဲ့လျှင် နောက်ဆက်တွဲ အကျိုးဆက်များမှာ မခန့်မှန်းနိုင်လောက်အောင် ဖြစ်ပေလိမ့်မည်။ အမှန်တကယ်တွင် ဤပိုးကောင်လေးက အခုထိ အလုပ်လုပ်နိုင်သေးသလား ဆိုသည်ကိုပင် ကျိကျစ်ရှို့ သံသယဝင်မိသည်။
သို့သော်... မစ္စတာလင်က ထုတ်ပေးလိုက်ပြီဆိုလျှင် ၎င်းမှာ အသုံးဝင်နေဆဲ ဖြစ်မည်မှာ သေချာသည်။ အခြားသူများသာ အသုံးမပြုနိုင်ခြင်း ဖြစ်ပေလိမ့်မည်။ ကျိကျစ်ရှို့သည် စိတ်ထဲမှ အလျင်အမြန် တွက်ချက်လိုက်ပြီးနောက် ထင်မြင်ချက်တစ်ခု ရရှိသွားသည်။
‘အသုံးမပြုနိုင်ဘူးဆိုရင်... ဒါက အထိမ်းအမှတ် ပစ္စည်းတစ်ခု ဖြစ်နိုင်မလား...’
အမှန်တရား အသင်းတော်သည် လူသားတို့၏ အမြင့်ဆုံး အသိပညာဖြစ်သော စစ်မှန်သော ဉာဏ်ပညာနှင့် သိပ္ပံပညာကို ယုံကြည်ကြသည်။
ခုနကတင် မစ္စတာလင် ပြောခဲ့သည်မှာ...
‘အမှန်တရားနှင့် နိယာမများ...’
၎င်းမှာ အမှန်တရား အသင်းတော်၏ ရည်မှန်းချက် မဟုတ်ပါလား။ နတ်ဘုရားများကို မကိုးကွယ်ဘဲ လူသားတို့၏ သဘာဝကို လွတ်မြောက်စေခြင်း၊ ထို့နောက် အင်ဒရူး မိသားစု၏ အမွေအနှစ် ရတနာ... အရာအားလုံးမှာ အသင်းတော်နှင့် ဆက်စပ်နေသည်။
မစ္စတာလင်က 'ပင့်ကူ' အဖွဲ့နှင့် 'ရိုးလ် သယံဇာတ' တို့အနေဖြင့် ဤအထိမ်းအမှတ် ပစ္စည်းကို အခြေပြုကာ အမှန်တရား အသင်းတော်နှင့် ပူးပေါင်းရန်၊ ထို့နောက် လူသားမျိုးနွယ်ကို နှိပ်စက်နေသော နတ်ဘုရားတုများနှင့် အားနည်းသူများကို နိုင်ထက်စီးနင်း ပြုမူနေသော စွမ်းအားရှင်များကို နှိမ်နင်းရန် သွယ်ဝိုက်၍ ညွှန်ကြားနေခြင်း ဖြစ်ပေလိမ့်မည်။
ကျိကျစ်ရှို့ အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့လေပြီ။
သူမသည် ရိုးသားသော မျက်လုံးများဖြင့် ကြည့်နေသည့် လင်းကျဲကို ပြန်ကြည့်လိုက်သည်။ ကျိကျစ်ရှို့ ရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ သူမသည် မစ္စတာလင်၏ ရည်ရွယ်ချက်ကို ထပ်မံ နားလည်သွားခဲ့သော်လည်း တစ်ဖက်တွင်လည်း တုန်လှုပ်နေမိသည်။ သူမအနေဖြင့် ဤမျှ ကြီးမားလှသော တာဝန်ကို တကယ်ပဲ ထမ်းဆောင်နိုင်ပါ့မည်လော...။
‘ထူးဆန်းလိုက်တာ...’
လင်းကျဲ တွေးမိသည်။ ထိုအရာက အရုပ်လေးတစ်ရုပ်မျှသာ ဖြစ်သည်။ သခင်မလေးကျိက အဘယ်ကြောင့် သည်လောက်တောင် အကြာကြီး တိတ်ဆိတ်နေပြီး သူ့ကို လေးနက်သည့် မျက်ဝန်းများနှင့် ကြည့်နေရသနည်း။
‘ဒါမှမဟုတ်... သူက ခူကောင်တွေကို ကြောက်လို့လား...’
သူမက ထိုလက်ဆောင်ကို မကြိုက်သော်လည်း ငြင်းပယ်လို့ မရနိုင်သဖြင့် စိတ်ထဲတွင် ဗျာများ နေခြင်းလော။ ဖြစ်နိုင်ခြေ ရှိသည်။
ကျိကျစ်ရှို့သည် သူမကို စော်ကားသူများကို ရက်ရက်စက်စက် နှိမ်နင်းတတ်သည့် တိုက်ခိုက်ရေးသမား တစ်ဦး ဖြစ်သော်လည်း၊ မည်မျှပင် သန်မာသော အမျိုးသမီး ဖြစ်ပါစေ နူးညံ့သော အပိုင်းတော့ ရှိမှာပင်။
"အဲ... သခင်မလေးကျိ၊ ခင်ဗျား ကြောက်နေလို့လား"
လင်းကျဲက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်၏။
ကျိကျစ်ရှို့၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားသည်။ ဟုတ်ပေသည်။ သူမ ကြောက်နေမိသည်။
ယခင်က ကိစ္စအသေးအဖွဲများနှင့် ယှဉ်လျှင် ယခုတစ်ကြိမ်တွင် မစ္စတာလင်က 'အခရာအဆင့်' ပစ္စည်းတစ်ခုကို ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။ ၎င်းကို ကြည့်ရုံဖြင့်ပင် ပေးအပ်မည့် တာဝန်မှာ သာမန်မဟုတ်ကြောင်း သိသာလှသည်။ သို့သော် သူမမှာ 'ဖျက်ဆီးခြင်းအဆင့်' သို့ပင် မရောက်သေးရာ၊ မကြောက်ဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။
‘ငါက တကယ်ပဲ အားနည်းသူတွေကို ကယ်တင်မယ့်သူ ဖြစ်နိုင်ပါ့မလား...’
ကျိကျစ်ရှို့ စိတ်ပျက်လက်ပျက်ဖြင့် တွေးမိသည်။ ထို့နောက် သူမ ခေါင်းငုံ့ကာ ရိုးသားစွာ ပြန်ဖြေလိုက်၏။
"မစ္စတာလင်ကို စိတ်ပျက်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်..."
‘တကယ်ပဲကိုး... သူက ခူကောင်တွေကို ကြောက်တာပဲ...’
လင်းကျဲအနေဖြင့် ကျိကျစ်ရှို့၏ ကိုယ့်ကိုယ်ကို စိတ်ပျက်နေသော ပုံစံကို မြင်ရသဖြင့် စိတ်မကောင်း ဖြစ်သွားသည်။ ထိုအရာကတော့ သူ အကြီးအကျယ် တွက်ချက်မှု မှားယွင်းသွားခြင်းပင်။
‘ဟူး... ငါ လက်ဆောင်ပေးတာ မှားသွားပြီ...’
"အာ... တကယ်တော့ ကြောက်စရာ ဘာမှမရှိပါဘူးဗျာ"
လင်းကျဲ သူ့ အမှားကို ပြန်လည် ကုစားချင်သဖြင့် နာရီကို အလျင်အမြန် ပြန်ယူလိုက်ကာ သူမ၏ ကြောက်စိတ်များ ပြေပျောက်သွားစေရန် လက်တွေ့ ပြသလိုက်သည်။
"ကြောက်စရာ ဘာရှိလို့လဲ... ဒါက ပိုးကောင်လေး တစ်ကောင်ပဲလေ... ကိုက်လည်း မကိုက်ပါဘူး"
လင်းကျဲက အိုးတိုးအမ်းတမ်း ပြုံးလိုက်ရင်း၊ ကျိသားအဖ၏ တုန်လှုပ်ခြောက်ခြားနေသော အကြည့်များအောက်တွင် စက်ယန္တရားများကြား၌ တရွေ့ရွေ့ လျှောက်နေသော ခူကောင်လေးကို လက်ဖြင့် တို့ထိ ကစားပြလိုက်တော့သည်။
***