အခန်း (၄၂၁-၄၂၂)
Vol. 31 Ch. 421-422
အပိုင်း(၄၂၁)
၆၇ လမ်းမ…
နော်ဇင်မြို့၏ ဗဟိုခရိုင်နှင့် ၆၇ လမ်းမကြား အကွာအဝေးသည် မြို့တစ်ဝက်နီးပါးစာ ကျယ်ဝန်းသော်လည်း ကောင်းကင်ယံအမြင့်မှ ကြည့်လျှင်မူ သေးငယ်လှသည်ဟု ထင်ရသည်။ ကောင်းကင်ထက်၌ ဧရာမ တိမ်တိုက်ဝဲကြီးတစ်ခု ဖြစ်တည်လာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားသည်။ ညဥ့်မှောင်ထုကဲ့သို့ အမှောင်ထု ကျရောက်လာသည်နှင့်အမျှ အချိန်အတော်ကြာ အားယူနေခဲ့သော ပြင်းထန်သည့် နှင်းမုန်တိုင်းကြီးမှာလည်း စတင် ကျဆင်းလာတော့သည်။
"မြို့နေပြည်သူများ သိရှိစေရန်… နှင်းမုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း အပြင်မထွက်ကြပါရန်… နှင်းမုန်တိုင်းအတွင်း အပြင်သို့ လုံးဝ မထွက်ကြပါရန်..."
"မိုးလေဝသဌာနမှ နှင်းမုန်တိုင်း အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်… နော်ဇင်မြို့ သမိုင်းတစ်လျှောက် ပထမဦးဆုံးသော နှင်းမုန်တိုင်း ကျရောက်နေပြီ ဖြစ်ပါတယ်… ဗဟိုခရိုင်ရှိ ပြည်သူများ အပြင်ထွက်ခြင်းကို ပြတ်ပြတ်သားသား တားမြစ်ပါတယ်..."
နော်ဇင်မြို့တစ်ခွင်ရှိ ရုပ်မြင်သံကြားနှင့် ရေဒီယိုလိုင်းများမှ သတိပေးသံများ တဝီဝီ မြည်ဟီးနေသည်။
သို့သော် လွန်ခဲ့သော လအနည်းငယ်က မုန်တိုင်းနှင့်မတူဘဲ ယခုတစ်ကြိမ်တွင် ဗဟိုခရိုင်သည် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း မရှိခဲ့ပေ။ ထိုအစား သူတို့ ရှိသည့်နေရာ၌သာ အတင်းအကျပ် နေခိုင်းထားသည်။
'အခရာအဆင့်' စွမ်းအားရှင်နှစ်ဦး၏ တိုက်ပွဲသည် သာမန်လူသားလေးများအတွက် ရပ်တန့်သွားမည်မဟုတ်ပေ။ အကယ်၍ အခြေအနေများသာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပါက အီသာစွမ်းအင်များ ရောက်ရှိရာ အရပ်တိုင်းတွင် မြက်ပင်တစ်ပင်ပင် ကျန်ရစ်လိမ့်မည် မဟုတ်ချေ။ ဗဟိုခရိုင်အနေဖြင့် လုပ်ဆောင်နိုင်သည်မှာ...
"ဗဟိုခရိုင်မှာရှိတဲ့ အဲဒီပုဂ္ဂိုလ်ကြီး ကို နှိုးဖို့ လိုလာပြီထင်တယ်"
ဝင်စတန်သည် အလွန်တောက်ပလှသော အီသာစွမ်းအင်ထုကြီးနှစ်ခု စူပါနိုဗာ ကဲ့သို့ တိုက်ခိုက်နေကြသည်ကို ကြည့်ရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ ထိုမှထွက်ပေါ်လာသော အလင်းလှိုင်းများမှာ ကြည့်နေသူကို မျက်စိကွယ်သွားစေနိုင်လောက်သည်။
ထိုလင်းလက်မှုကြီးနောက်တွင် အီသာစွမ်းအင်လှိုင်းများမှာ ဆူနာမီလှိုင်းကြီးများအလား အရာအားလုံးကို မြေလှန်ပစ်တော့မည့်အရှိန်ဖြင့် ရိုက်ခတ်လာသည်။ မရေမတွက်နိုင်သော သက်ရှိများ နေထိုင်ရာ သံမဏိမြို့တော်ကြီးမှာ ဤအခရာအဆင့် စွမ်းအားရှင်နှစ်ဦး၏ တိုက်ပွဲရှေ့မှောက်တွင် ဖန်သားကဲ့သို့ ကြေမွပျက်စီးနေရသည်။
‘ဒါက လူသားတွေရဲ့ အစွန်းကုန် ကန့်သတ်ချက်လား... ဒါမှမဟုတ် ဂျိုးဇက်နဲ့ ဝယ်လ်က အခုချိန်မှာ လူသားတွေအဖြစ် ရှိနေသေးရဲ့လား...’
ဝင်စတန်သည် မုန်တိုင်းကြားတွင် လွင့်စဉ်နေသော အသားစများနှင့် သွေးများကို ကြည့်ရင်း စိတ်ထဲ၌ ရှုပ်ထွေးလှသော ခံစားချက်များ ဖြစ်ပေါ်နေသည်။
ကြောက်ရွံ့ခြင်း၊ ရိုသေခန့်ညားခြင်း၊ စိုးရိမ်ပူပန်ခြင်း...
'အိပ်မက်ဖန်တီးစက်' ကို အသက်သွင်းထားသဖြင့် တိုက်ပွဲတစ်ခုလုံးမှာ အိပ်မက်နယ်ပယ်၏ အစွန်းပိုင်းတွင်သာ ရှိနေပြီး လက်တွေ့လောကကို သက်ရောက်မှု မရှိသေးပေ။ ထို့ကြောင့် ဤသွေးမုန်တိုင်းကြီးမှာ 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' မှ သူရဲကောင်းများနှင့် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းမှ ယုံကြည်သူတို့၏ သွေးသား၊ အရိုးစုများဖြင့် အမှန်တကယ် ဖွဲ့စည်းထားခြင်း မဟုတ်ပေ။
သို့သော်လည်း ထိုလွင့်စဉ်နေသော အသားစများမှာ ဝယ်လ် အတွက် အကောင်းဆုံး ယဇ်ပူဇော်မှုများ ဖြစ်လာပြီး သူ၏ မိစ္ဆာစွမ်းအားများကို တစ်ခဏချင်း ကြီးထွားလာစေရန် အထောက်အကူပြုနေသည်။
အသိဉာဏ်မဲ့ ဖုတ်ကောင်များကဲ့သို့ ဖြစ်နေသော ဂိုဏ်းသားများနှင့် အဆက်မပြတ် တိုက်ခိုက်ရင်း အသက်ပေးနေကြသည့် ဓားကိုင်ထားသော သူရဲကောင်းများကို ဝင်စတန် ကြည့်နေရသည်။ သူ၏ နှလုံးသားမှာ လေးလံနေ၏။ သူသည် တစ်ချက်တစ်ချက် တုန်ရင်နေပြီး ဆက်မကြည့်ရက်သော်လည်း တိုက်ခိုက်ရန် အမိန့်ကိုမူ ထပ်ခါတလဲလဲ ပေးနေရဆဲ ဖြစ်သည်။
သူသည် ဂရက်ကို ပြောခဲ့ဖူးသော စကားများကို ပြန်လည် အမှတ်ရမိပြီး ယခုအခါ ထိုစကားများကို မိမိကိုယ်ကိုယ် ပြန်ပြောနေမိသည်။
‘အရာအားလုံးဟာ မျှော်စင်ရဲ့ ရည်မှန်းချက်အတွက်ပဲ...’
သူသည် ဆက်သွယ်ရေးကိရိယာကို ကြည့်လိုက်သည်။ အခြားတစ်ဖက်တွင် ဂရက်ရှိသလို စာအုပ်ဆိုင်ပိုင်ရှင်လည်း ရှိနေသည်။ လွန်ခဲ့သော ခေတ္တခဏက ဂရက်မှာ မမျှော်လင့်ထားသော အခြေအနေတစ်ခုနှင့် ကြုံတွေ့ခဲ့ရပုံရပြီး ဖုန်းကျသွားခဲ့သည်။ ယခုအခါတွင်မူ ဘာသံမှ မကြားရတော့ပေ။
‘ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲကတောင် မစ္စတာလင်ကို စိတ်မဝင်စားအောင် လုပ်နိုင်လို့လား... ဒါမှမဟုတ် သူက ဒီလိုရလဒ်မျိုးကို မြင်ချင်နေတာလား...’
ထိုစာအုပ်ဆိုင်ပိုင်ရှင်မှာ... ဤသို့သောသူမျိုး မဖြစ်သင့်ပေ။ ဝေဝါးနေသော စိတ်အာရုံကြားတွင် သူ့ သူငယ်ချင်းဟောင်းကြီး ဂျိုးဇက်က စာအုပ်ဆိုင်ပိုင်ရှင်အပေါ်ထားရှိသော ရိုသေမှုနှင့် အားကိုးယုံကြည်မှုများကို မြင်ယောင်လာသည်။
ဂျိုးဇက်သည် စာအုပ်ဆိုင်ပိုင်ရှင်အပေါ် အကန်းယုံ ယုံကြည်ခဲ့သော်လည်း ထိုသူကမူ ဘေးမှနေ၍ အေးအေးလူလူသာ ကြည့်နေခဲ့သည်။
"မဟုတ်ဘူး..."
ဝင်စတန် ခေါင်းခါလိုက်သည်။ ဂျိုးဇက်သည် မျှော်စင်အပေါ် အမြဲတမ်း သစ္စာရှိခဲ့သည်။ စာအုပ်ဆိုင်ပိုင်ရှင်နှင့် ဆက်သွယ်ရန် ကြိုးစားခြင်းသည် အမှန်စင်စစ် မျှော်စင်၏ အမိန့်သာ ဖြစ်သည်။ မျှော်စင်သည် စာအုပ်ဆိုင်ပိုင်ရှင်၏ မျက်နှာသာပေးမှုကို ရယူရန် ကြိုးစားနေခြင်း ဖြစ်သည်။
အကယ်၍ စာအုပ်ဆိုင်ပိုင်ရှင်က ဂျိုးဇက်ကို တကယ်ပဲ အသေခံခိုင်းချင်ခဲ့လျှင် မျှော်စင်အနေဖြင့် နှစ်ပေါင်းများစွာ သစ္စာရှိခဲ့သော ဂျိုးဇက်ကို စွန့်လွှတ်လိုက်ရတော့မည်လော။
ဝင်စတန် ဆက်မတွေးတော့ပေ။ အတွေးများထဲမှ ရုန်းထွက်လိုက်စဉ် ချမ်းစိမ့်စိမ့် ခံစားလိုက်ရ၏။ မျက်လုံးထောင့်မှနေ၍ ဘေးတွင်ရှိနေသော မိန်းကလေးကို သူ တွေ့လိုက်ရသည်။
မေလီဆာ...
လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်တွင် ကြီးပြင်းလာခဲ့သော ထိုမိန်းကလေးသည် အဝေးက စစ်တလင်းကို ငေးမောကြည့်နေရှာသည်။ သူမ၏ ဖခင်မှာ ထိုမုန်တိုင်း၏ ဗဟိုချက်တွင် ရှိနေသည်။
ရှုပ်ထွေးနေသော အီသာစွမ်းအင်နယ်ပယ်မှာ အသားကြိတ်စက်ကြီးတစ်ခုကဲ့သို့ အရာအားလုံးကို ချက်ချင်း ကြေမွစေပြီး သွေးမိုးများ၊ အရိုးစများအဖြစ် ကောင်းကင်ယံသို့ လွင့်စဉ်သွားစေသည်။
ဝင်စတန်က သူမကို နှစ်သိမ့်ရန် ကြိုးစားလိုက်၏။
"စိတ်မပူပါနဲ့ မေလီဆာ... အခြေအနေတွေက ကောင်းလာမှာပါ..."
သူ လိမ်ပြောနေခြင်း မဟုတ်ပေ။ စစ်တလင်း၏ ဗဟိုချက်တွင် ဘာဖြစ်နေသည်ကို သူ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း၊ အမှောင်ထု နတ်ဘုရားလက်တံများ ပြန့်ပွားမှုကို အစွမ်းကုန် တားဆီးနေသော ထိုအဖြူရောင် မီးတောက်များမှာ ပြန်လည် တိုက်စစ်ဆင်နေပြီ ဖြစ်သည်။ ယခင်က တစ်ဖက်သတ် အသာစီးရနေသော အခြေအနေမှာ ပြောင်းလဲလာခဲ့ပြီ။ အရာအားလုံးက ကောင်းမွန်သောဘက်သို့ ဦးတည်နေပုံရသည်။
"မဟုတ်ဘူး... မဟုတ်ဘူး..."
ထိုမိန်းကလေးမှာ လွန်ခဲ့သော မိနစ်ပိုင်းကတည်းက စတင်၍ စိတ်ဂယောက်ဂယက် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သူမ၏ မျက်နှာတွင် ဝေခွဲမရမှုနှင့် ထိတ်လန့်မှုများ အပြန်အလှန် ဖြစ်ပေါ်နေသည်။ ထိုခဏ၌ သူမ၏ မျက်လုံးများ ပြူးကျယ်သွားကာ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။ ထို့နောက် ရင်ဘတ်ကို တင်းတင်းဆုပ်ကာ စစ်တလင်း၏ ဗဟိုချက်ဆီသို့ အပြင်းအထန် ပြေးထွက်ရန် ကြိုးစားတော့သည်။
"မေလီဆာ..."
တိုက်ခိုက်ရေးဌာန အကြီးအကဲက သူမကို ဖမ်းဆွဲရန် ရှေ့သို့ တိုးသွားသည်။
"ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... အခုသွားရင် မင်းအဖေကို အာရုံနောက်အောင် လုပ်တာပဲ ရှိလိမ့်မယ်..."
မေလီဆာမှာ ရုန်းကန်ရင်း အော်ဟစ်ငိုယိုတော့သည်။
"ကျွန်မ အဖေကို သွားကယ်ရမယ်..."
ဝင်စတန်၏ အသံမှာ ပြတ်သားတည်ကြည်လှ၏။ သူသည် ဂျိုးဇက်နှင့် ရင်းနှီးလေရာ သူငယ်ချင်း၏ သမီးအပေါ် အမြဲတမ်း ကြင်နာခဲ့သူ ဖြစ်သည်။ သို့သော် ယခုအခါ သူ၏ မျက်နှာမှာ အလွန်ပင် ညှိုးငယ်အုံ့မှိုင်းနေသည်။
"မင်းသွားရင် သေဖို့ပဲ ရှိတာ... မင်းရဲ့ အဆင့်အတန်းကို သေချာစဉ်းစားစမ်း... မင်းကို ကယ်ဖို့ အသက်ပေးသွားတဲ့ ဗီဗီယန်ကို အားနာဦး... မင်းအဖေက မင်းကို ကာကွယ်ဖို့ တိုက်ခိုက်နေတာ... မင်းက ဘာလုပ်ချင်နေတာလဲ..."
"ကျွန်မ သိတယ်... အကုန်သိတယ်..."
မေလီဆာက စစ်တလင်း၏ ဆူညံသံများကို ကျော်လွန်၍ ကြားနိုင်ရန် အစွမ်းကုန် အော်ဟစ်လိုက်သည်။
အမြဲတမ်း သန်မာလှသော လူငယ်သူရဲကောင်းမလေးမှာ ငိုတော့မည့်အသံမျိုး ဖြစ်နေသည်။
"ကျွန်မအတွက် တခြားသူတွေ အသက်ပေးသွားတာကိုလည်း သိတယ်... လူတွေ ထပ်ပြီး မသေသင့်ဘူးဆိုတာလည်း သိတယ်... ကျွန်မက ရောင်စဉ် သူရဲကောင်းကြီးရဲ့ သမီးဆိုတာလည်း သိတယ်... အများအကျိုးကို ကြည့်ရမယ်ဆိုတာလည်း သိတယ်... ဒါပေမဲ့ ကျွန်မက ဂျိုးဇက်ရဲ့ သမီးလည်း ဖြစ်နေတယ်လေ... ကျွန်မ ခံစားလို့ရတယ်...”
"ကျွန်မ အဖေ သေတော့မယ်ဆိုတာကို ကျွန်မ ခံစားလို့ရနေတယ်..."
နောက်ဆုံးတွင် မျက်ရည်များကို မထိန်းနိုင်တော့ဘဲ မေလီဆာ တစ်ယောက် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
‘သေတော့မယ်... ဒါက ဖြစ်နိုင်ပါ့မလား...’
ဝင်စတန် စစ်တလင်း၏ ဗဟိုချက်ဆီသို့ ခေါင်းကို အမြန်လှည့်ကြည့်လိုက်သည်။ စွမ်းအားရှင်တို့၏ အာရုံခံစားမှုမှာ ဘယ်တော့မှ မမှားနိုင်ပေ။ ထို့အပြင်... ဂျိုးဇက်မှာ ယခုအခါ အခရာအဆင့်သို့ တက်လှမ်းထားပြီး ဖြစ်ရာ သူ၏ စိတ်စွမ်းအားမှာလည်း အဆပေါင်းများစွာ တိုးတက်နေသည်။ သွေးသားတော်စပ်သော မေလီဆာအနေဖြင့် တစ်စုံတစ်ခု ဖြစ်တော့မည်ကို ကြိုတင် ခံစားမိနေခြင်းမှာ ဖြစ်နိုင်ချေ ရှိလှသည်။
ဆိုလိုသည်က...
သာမန်အဆင့် စွမ်းအားရှင်များမှာ အီသာစွမ်းအင်များ ဖုံးလွှမ်းနေသော စစ်တလင်းတွင် ဘာဖြစ်နေသည်ကို မမြင်နိုင်သော်လည်း၊ ဝင်စတန်မှာမူ တဖြည်းဖြည်း ပေါ်ပေါက်လာတော့မည့် ကြောက်မက်ဖွယ်ကောင်းသော ရလဒ်ကို ဝေဝါးစွာ ခံစားမိနေသည်။
ဂျောက်...
အိပ်မက်ဖန်တီးစက် ဖန်တီးထားသော အကာအကွယ် အတားအဆီးမှာ စတင် အက်ကွဲလာပြီး အက်ကြောင်းများမှာ အရှိန်အဟုန်ဖြင့် ပြန့်နှံ့လာသည်။ ပြင်းထန်လှသော အီသာစွမ်းအင် လှိုင်းများမှာ အိပ်မက်နှင့် လက်တွေ့လောကကြားရှိ နယ်နိမိတ်ကို ဖျက်ဆီးပစ်နေသည်။
ဝင်စတန်မှာ အံ့အားသင့်သွားပြီး ခေတ္တမျှ လက်လျှော့လိုက်မိစဉ်၊ မေလီဆာမှာ ရုန်းထွက်ကာ စစ်တလင်းဆီသို့ ဘာကိုမျှ ဂရုမစိုက်ဘဲ ပြေးထွက်သွားတော့သည်။
"မေလီဆာ..."
ထိုမိန်းကလေးမှာ သေရမှာကို မကြောက်ပေ။ သူမ၏ စိတ်ထဲတွင် ရိုးရှင်းသော အတွေးတစ်ခုသာ ရှိသည်။
‘ငါ့ အဖေကို သွားကယ်ရမယ်...’
ဟူ၍...။
***
အပိုင်း(၄၂၂)
မေလီဆာ ရှေ့သို့ ပြေးထွက်သွားစဉ်၊ မျှော်စင်မှ သူရဲကောင်းများနှင့် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းသားများမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်တွေ့လိုက်ရသည့်အလား နောက်သို့ ဆုတ်ခွာနေကြသည်ကို သူမ တွေ့လိုက်ရသည်။
အသိဉာဏ် ပျောက်ဆုံးနေသော အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းသားများမှာ မေလီဆာကို ဂရုမစိုက်နိုင်တော့ဘဲ တချို့မှာ လေးဘက်ထောက်ကာ အသည်းအသန် ထွက်ပြေးနေကြသည်။
မေလီဆာသည် လူအုပ်ကြားမှ တိုးထွက်ကာ ပျက်စီးနေသော အိပ်မက်နယ်နိမိတ်နှင့် ပြန့်ကျဲနေသော အီသာစွမ်းအင်များကို ဖြတ်ကျော်လျက် စစ်တလင်း၏ ဗဟိုချက်သို့ ရောက်ရှိသွားသည်။ သူမရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရတော့သည်။
ကောင်းကင်နှင့် ငရဲတို့ ထိတိုက်မိနေသကဲ့သို့သော နောက်ခံကားချပ်ကြီးကြားတွင်၊ အက်ကွဲနေသော မြေပြင်မှ မည်းနက်သော နတ်ဘုရားလက်တံများစွာ ထွက်ပေါ်လာပြီး ဖော်ပြ၍မရနိုင်သော ဧရာမ သတ္တဝါကြီးအဖြစ် လိမ်ယှက်နေကြသည်။ ကြောက်မက်ဖွယ်ကောင်းပြီး ပုပ်သိုးနေသော အရှိန်အဝါများက စစ်တလင်းတစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
ထိုဧရာမ သတ္တဝါကြီးကို ဗဟိုပြု၍ မြေပြင်မှာ စတင် တုန်ခါလာသည်။ ကောင်းကင်နှင့် မြေကြီးကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေနိုင်မည့် လေတိုးလှိုင်းကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး မြေပြင်အနှံ့ အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
ဝယ်လ်သည် နောက်ထပ် အဆင့်တက်လှမ်းမှုတစ်ခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ထိုနတ်ဘုရားလက်တံများကို မြင်လိုက်ရခြင်းက မေလီဆာ၏ နားထဲတွင် ဆန်းကြယ်သော တိုးတိုးပြောသံများ မြည်ဟီးလာစေကာ သူမ၏ ဝိညာဉ်ကို တုန်လှုပ်စေသည်။ သူမသည် ရုတ်တရက် အညစ်အကြေးများ ရောနှောနေသော သွေးများကို အန်ထုတ်လိုက်မိပြီး နားကို ပိတ်ကာ ဒူးတစ်ဖက် ထောက်လိုက်ရသည်။
‘အဖေ...’
သူမ ရင်ထဲမှနေ၍ အားကိုးရာမဲ့စွာ အော်ဟစ်လိုက်မိလေတော့သည်။
…
စစ်တလင်း၏ ဗဟိုချက်၌ စေးကပ်ပုပ်စော်နံသော အနံ့အသက်ဆိုးများက လေထုအတွင်း ပြည့်နှက်နေသည်။
ပြင်းထန်သော လေမုန်တိုင်းများ၊ ဆီးနှင်းများ၊ အသားစများနှင့် ဖုန်မှုန့်များ ရောထွေးနေသော လောကငရဲတစ်ခုအလား ဖြစ်နေသည်။ အီသာစွမ်းအင် နယ်ပယ်အတွင်းရှိ အလောင်းများသည် မြေပြင်ပေါ်တွင် ရွှံ့နွံနက်ကြီးတစ်ခုအလား ပြန့်ကားလာသော အမှောင်ထု၏ ဝါးမျိုခြင်းကို ခံနေရသည်။ ခရမ်းရောင် တားမြစ်အင်းကွက်များ တဖျတ်ဖျတ် လက်လာသည်နှင့်အမျှ သွေးကြောကဲ့သို့သော အခက်အလက်များမှာ ဗဟိုချက်သို့ ဦးတည်ကာ တစ်စုံတစ်ခု၏ နှလုံးခုန်သံအလား စည်းချက်ကျကျ လှုပ်ရှားနေကြသည်။
ထိုတားမြစ်အင်းကွက်များမှာ ဝယ်လ် ယခုထက်ထိ တည်ဆောက်ခဲ့သမျှတွင် အကြီးမားဆုံးနှင့် အကြောက်စရာအကောင်းဆုံး ယဇ်ပူဇော်မှု အခမ်းအနားပင် ဖြစ်သည်။ ဤဓမ္မထုံးတမ်းမှတစ်ဆင့် စစ်တလင်းရှိ သေဆုံးသူအားလုံး၏ ရုပ်အလောင်းများနှင့် ဝိညာဉ်များသည် သူ၏ စွမ်းအား၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာကာ သူ့ကို ပိုမိုသန်မာလာစေမည် ဖြစ်သည်။
ဝယ်လ် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်လာသော စွမ်းအားများကို ခံစားလိုက်သည်။ ထိုစွမ်းအားများမှာ သောင်းကျန်းချင်နေသော မြစ်ရေအလား ရှိနေသော်လည်း ၎င်းကို ထိန်းသိမ်းရမည့် သူ၏ ခန္ဓာကိုယ်မှာမူ နောက်ကျကျန်နေခဲ့သည်။ သို့သော်လည်း သူသည် ဤခန္ဓာကိုယ်ကို စွန့်လွှတ်၍ မရသေးပေ။ မြန်ဆန်လှသော ပြန်လည်ကုစားနိုင်စွမ်းက သူ့ကို လုံးဝ ပျက်စီးသွားခြင်းမှ တားဆီးထားပြီး စွမ်းအားများ လွတ်ထွက်မသွားအောင် ထိန်းထားပေးသည်။
"ဟူး..."
ဝယ်လ်သည် လေပူ မှုတ်ထုတ်လိုက်ရင်း သူ၏ စုတ်ပြတ်နေသော အနက်ရောင် ဝတ်စုံကို ငုံ့ကြည့်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးတွင် ဒဏ်ရာပေါင်းစုံ ရှိနေပြီး လက်တစ်ဖက်မှာလည်း ကျိုးနေပြီ ဖြစ်သည်။
ပြတ်တောက်သွားသော လက်မောင်းဒဏ်ရာမှ သွေးများ တရဟော စီးကျနေပြီး တွန့်လိမ်နေသော အသားစများက ပြန်လည် ပေါက်ဖွားရန် ကြိုးစားနေကြသော်လည်း ဒဏ်ရာပေါ်တွင် စွဲကပ်နေသော ပြင်းထန်သည့် ဓားအရှိန်အဝါက ထိုကုစားမှုကို ဟန့်တားထားသည်။
ဝယ်လ်က ခေါင်းကို စောင်းလိုက်ပြီး ကျုံ့မသွားသလို ပိုလည်းမဆိုးသွားသော ထိုဒဏ်ရာကို ကြည့်လိုက်သည်။ ခေတ္တ စဉ်းစားပြီးနောက် သူ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားကာ၊ တွန့်ဆုတ်ခြင်းမရှိဘဲ ကြွက်သားမျှင် အနည်းငယ်ဖြင့်သာ တွဲလောင်းကျနေသော သူ၏ လက်မောင်းပျက်ကို ဆွဲဖြုတ်ပစ်လိုက်လေသည်။
ဖျတ်...
ကြွက်သားမျှင်များနှင့် အသားစများ ပြတ်တောက်သွားသည့် ကြောက်မက်ဖွယ် အသံထွက်ပေါ်လာသည်။ ဝယ်လ်သည် သူ၏ လက်မောင်းပျက်ကို ဆွဲဖြုတ်ကာ မြေပြင်က ဝါးမျိုနိုင်ရန် ဘေးသို့ ပစ်ချလိုက်သည်။
ဘုန်း...
နောက်တစ်ခဏတွင် ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်သော ဓားရှည်ကို ကိုင်စွဲထားသည့် တောက်ပသော အဖြူရောင် ပုံရိပ်တစ်ခုသည် လောင်ကျွမ်းနေသော ဥက္ကာခဲတစ်ခုအလား ကောင်းကင်မှ ဆင်းသက်လာတော့သည်။ ပြင်းထန်သော မီးတောက်များက သံချပ်ကာဝတ် ဆင်ထားသော ထိုလူသန်ကြီးကို ဝန်းရံထားသည်။ သူ၏ စူးရှသော မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေပြီး ဝယ်လ်ကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။
"မင်းကို တွေ့ပြီ ဝယ်လ်... မင်း လွတ်လမ်းမရှိတော့ဘူး..."
ထိုသူမှာ ဂျိုးဇက်ပင် ဖြစ်သည်။
အတန်ကြာ တိုက်ခိုက်ပြီးနောက် ဝယ်လ်သည် လက်တစ်ဖက် ကျိုးသွားကာ ဆုတ်ခွာရန် အခွင့်အရေး ရှာခဲ့ခြင်း ဖြစ်သည်။ သူသည် အီသာစွမ်းအင် နယ်ပယ်၏ အကာအကွယ်အောက်တွင် စက္ကန့်အနည်းငယ်မျှ အနားယူနေစဉ် ဂျိုးဇက်က လိုက်မှီလာခြင်း ဖြစ်သည်။
ဝယ်လ်က လှောင်ပြုံး ပြုံးလိုက်စဉ် သူ့ ဘေးရှိ ရွှံ့နွံနက်ကြီးက လှုပ်ရှားလာ၏။ နောက်တစ်စက္ကန့်တွင် ကြီးမားလှသော လက်ဝါးကြီးတစ်ဖက် ထွက်ပေါ်လာကာ ဂျိုးဇက်ကို ရိုက်ချလိုက်သည်။
ဘုန်း...
သူ၏ ဖြတ်တောက်ထားသော လက်မောင်းမှ ဖြစ်တည်လာသည့် ကြီးမားလှသော လက်ဝါးကြီးသည် ဂျိုးဇက်၏ ဘေးပတ်ပတ်လည်ရှိ မီးတောက်များနှင့် ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ ဖြစ်ပေါ်လာသော လေလှိုင်းများက ပတ်ဝန်းကျင်ရှိ စေးကပ်သော လေထုကို ဝေ့ဝဲသွားစေသည်။
သို့သော် ကံမကောင်းစွာဖြင့် ဂျိုးဇက်၏ အော်ဟစ်သံနှင့်အတူ သူ၏ တစ်ကိုယ်လုံးရှိ အဖြူရောင် မီးတောက်များမှာ ပိုမို တောက်ပလာပြီး သူ၏ ဓားသွားက ထိုလက်ဝါးကြီးကို မဆုတ်မနစ်သော အရှိန်အဝါဖြင့် ပိုင်းဖြတ်လိုက်သည်။
ရွှမ်း...
ဓားဦးက မြေပြင်ကို ထိမှန်သွား၏။ မီတာရာချီ ရှည်လျားသော ဓားအလင်းတန်းကြီးက လေထုကို ဖြတ်သန်းကာ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ထိုလက်ဝါးကြီးပင်လျှင် ပြာအဖြစ် ပြောင်းလဲသွားရသည်။
ဂျိုးဇက်သည် ဟန်ချက်ကို ပြန်ထိန်းကာ မော့ကြည့်လိုက်သောအခါ ဝယ်လ်မှာ တစ်ဖန် ပျောက်ကွယ်သွားပြန်ပြီ ဖြစ်သည်။ သူက ဓားကို မြှောက်ကာ လမ်းကြောင်းတစ်ခုသို့ ညွှန်ပြရင်း အေးစက်စွာ အော်ပြောလိုက်သည်။
"အပိုပဲ ဝယ်လ်... မင်း သိတာ ထွက်ပြေးဖို့ တစ်ခုတည်းလား... လွန်ခဲ့တဲ့ နှစ်နှစ်ကနဲ့ အခုနဲ့ မင်း ဘာမှ မထူးခြားသေးဘူး... အမြီးကုပ်ပြီး ထွက်ပြေးနေတဲ့ ခွေးလေခွေးလွင့် တစ်ကောင်လိုပဲ...."
မီတာ ထောင်ချီ အကွာအဝေးတွင် ဝယ်လ်မှာ တစ်ဖန် ပြန်ပေါ်လာသည်။ သူ၏ အကြည့်တို့မှာ တည်ငြိမ်နေပြီး တစ်ခုခုကို စဉ်းစားနေပုံရသည်။ ဤအချိန်တွင် သူတို့နှစ်ဦးစလုံးသည် အင်အားချင်း မတိမ်းမယိမ်း ရှိနေကြောင်း သိထားကြသည်။ အာရုံခံနိုင်စွမ်းမှာလည်း တူညီနေသဖြင့် တစ်ဦးနှင့်တစ်ဦး အကွာအဝေးတစ်ခု၌ ထားရန်မှာ မဖြစ်နိုင်ပေ။
သို့သော် သူတို့အတွက် အလိုအပ်ဆုံးအရာမှာ 'အချိန်' ပင် ဖြစ်သည်။
'အခရာအဆင့်' ဖြစ်လာရန် ပထမခြေလှမ်းမှာ နိယာမ များကို နားလည်သဘောပေါက်ခြင်း ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ ထိုအဆင့်ကို တစ်ချိန်တည်းတွင် ရောက်ရှိခဲ့ကြသဖြင့် မည်သူက ပိုသာသည်ကို ဆုံးဖြတ်ရန် ခက်ခဲလှသည်။ ဒုတိယခြေလှမ်းမှာမူ နယ်ပယ် တစ်ခုကို တည်ဆောက်ခြင်း ဖြစ်သည်။ ဤသည်မှာ အခရာအဆင့်များအတွက် အရေးကြီးဆုံး ခြေလှမ်းဖြစ်ပြီး သူတို့၏ စွမ်းအား အရင်းအမြစ်လည်း ဖြစ်သည်။
နယ်ပယ်ကို အရင် တည်ဆောက်နိုင်သူသည် ဤတိုက်ပွဲတွင် အနိုင်ရမည်ဟု ဆိုနိုင်သည်။ နှစ်ဖက်စလုံးမှာ အချိန်နှင့် အပြိုင် ပြေးလွှားနေကြခြင်း ဖြစ်သည်။ ဂျိုးဇက်သည် ဝယ်လ်ကို နယ်ပယ် တည်ဆောက်ရန် အချိန်မပေးဘဲ ဆက်တိုက် လိုက်လံ တိုက်ခိုက်နေသော်လည်း တစ်ဖက်တွင်လည်း သူကိုယ်တိုင် နယ်ပယ် တည်ဆောက်ရန် အခွင့်အရေးကို စွန့်လွှတ်နေရခြင်း ဖြစ်သည်။ ဤကဲ့သို့ ပြင်းထန်သော တိုက်ပွဲကြားတွင် မည်သူမျှ အသက်ရှူချောင်ရန် မလွယ်ကူပေ။
ထို့ကြောင့် သူတို့နှစ်ဦးစလုံးမှာ အခွင့်အရေးကို စောင့်ဆိုင်းနေကြသည်။ ဝယ်လ်က ဖြည်းညင်းစွာဖြင့် ကောက်ကျစ်သော အပြုံးကို ပြုံးလိုက်သည်။
သုံး... နှစ်... တစ်...
စိတ်ထဲမှ ရေတွက်ပြီးနောက် ကျန်ရှိနေသော လက်တစ်ဖက်ဖြင့် ယဇ်ပူဇော်သည့် ဓားမြှောင်ကို မြှောက်ကာ မန္တန်တစ်ခု ရွတ်ဆိုရန် ပြင်လိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း ဂျိုးဇက်မှာ တောက်ပသော အလင်းတန်းတစ်ခုအလား တိုးဝင်လာသည်။ သူ၏ လမ်းကြောင်းတစ်လျှောက်တွင် အဖြူရောင် မီးတောက်များ ကျန်ရစ်ခဲ့ပြီး ဝယ်လ် ဖန်တီးထားသော အမှောင်ထုရှိ အညစ်အကြေးများကို ချက်ချင်းပင် လောင်ကျွမ်းစေသည်။
‘အခွင့်အရေးပဲ...’
ဝယ်လ် မောပန်းသဖြင့် ရပ်တန့်သွားသည်ဟု ဂျိုးဇက်က တွေးမိသည်။ သူက ဓားကို မြှောက်ကာ ကာကွယ်မည့်အယောင် ပြလိုက်ပြီး၊ တစ်ချိန်တည်း၌ သူ၏ လက်သီးထဲ၌ အီသာစွမ်းအင်များကို စုစည်းကာ ဝယ်လ်၏ ဝမ်းဗိုက်ကို ထိုးနှက်လိုက်သည်။
ဘုန်း...
***