← Chapters

အခန်း (၄၂၃-၄၂၄)

Vol. 31 Ch. 423-414

အခန်း (၄၂၃-၄၂၄)

Vol. 31 Ch. 423-414

အပိုင်း(၄၂၃)

ဘုန်း...

ဂျိုးဇက်၏ လက်သီးချက်အောက်တွင် အောက်လမ်း မှော်ဆရာကြီးမှာ ချက်ချင်းပင် လွင့်ထွက်သွားလေ၏။ အီသာစွမ်းအင် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အဖြူရောင် မီးတောက်များကြောင့် ဝယ်လ်၏ ခန္ဓာကိုယ် အစိတ်အပိုင်း အများစုမှာ ကြေမွ ပျက်စီးသွားရသည်။

ထိုသို့ ထိုးနှက်ခံရသည့် အချိန်တွင်ပင် ဝယ်လ်၏ အပြုံးမှာ ပို၍ တောက်ပလာ၏။ သူသည် စစ်တလင်း၏ အစွန်းရှိ အကာအကွယ်အတားအဆီး၏ တိုင်တစ်ခုကို ဝင်တိုက်မိသည်အထိ လွင့်ထွက်သွားသည်။

ဂျိုးဇက်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ နောက်မှ ကပ်လိုက်သွားသည်။ ဝယ်လ်မှာ အလောင်းတစ်ခုအလား မြေပြင်ပေါ်တွင် လဲလျောင်းနေသော်လည်း ဂျိုးဇက်မှာ လျှော့မတွက်ရဲပေ။ သူ ဓားကို တင်းတင်းဆုပ်ကာ ဝယ်လ်ကို နောက်ဆုံး အဆုံးသတ်ချက် ပေးရန် ပြင်လိုက်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် မသိစိတ်မှ တွေဝေမှုနှင့် မလုံခြုံမှုကို ခံစားလိုက်ရ၏။ အကြောင်းကား... ဤအရာက အလွန် ချောမွေ့လွန်းနေသောကြောင့် ဖြစ်သည်။

ယခင်က ဝယ်လ်၏ ကောက်ကျစ်မှုကြောင့် ဂျိုးဇက်မှာ သူ့ကို နှိမ်နင်းရန် အစွမ်းကုန် ကြိုးစားခဲ့ရသည်။ နှစ်နှစ်အကြာတွင် သူ၏ ရန်သူဟောင်းမှာ ဤမျှ အလွယ်တကူ ရှုံးနိမ့်သွားစရာ အကြောင်းမရှိပေ။ သူ တွေဝေနေစဉ်မှာပင် တစ်စုံတစ်ခုက သူ့ကို ဆွဲငင်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ကံကြမ္မာ၏ ကြိုးမျှင်များ၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီ ဖြစ်သည်။

မေလီဆာ...

ဂျိုးဇက်၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်သွားသည်။ သူ လှည့်ကြည့်လိုက်သောအခါ ချစ်လှစွာသော သမီးဖြစ်လေးမှာ စစ်တလင်းသို့ ဦးတည်လာနေပြီး အကာအကွယ် အတားအဆီးသို့ ချဉ်းကပ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့၏ တိုက်ပွဲမှာ ထိုအတားအဆီး၏ အစွန်းသို့ ရောက်ရှိနေသည်ကို သူ သတိမထားမိခဲ့ပေ။

မီတာ တစ်ထောင်ခန့် အကွာအဝေးတွင် မေလီဆာနှင့် ဝင်စတန်တို့ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ဝင်စတန်က မေလီဆာကို နောက်သို့ ဆွဲထားပြီး တစ်ခုခု ပြောနေပုံရသဖြင့် သူတို့နှစ်ဦး ငြင်းခုံနေကြပုံ ပေါ်သည်။

"ဟဲဟဲ... ခန့်မှန်းကြည့်ပါဦး ဂျိုးဇက်... အခု ငါသာ အဲဒီကို အမြန်သွားရင် မင်းသမီးကို သတ်နိုင်ဖို့ ဘယ်လောက် ရာခိုင်နှုန်း ရှိမလဲ..."

ဝယ်လ်၏ အသံမှာ ရုတ်တရက် ထွက်ပေါ်လာ၏။ သူ့ အသံမှာ အေးစက်နေသော်လည်း မနာလိုမှုနှင့် ရန်စမှုများ ပြည့်နှက်နေသည်။ ဂျိုးဇက်၏ မျက်နှာမှာ ခေတ္တမျှ တောင့်တင်းသွားပြီးနောက် ဒေါသကြောင့် ပေါက်ကွဲထွက်လုမတတ် ဖြစ်သွားသည်။ သူ သတိပြန်ဝင်လာသော အခါတွင်မူ အဆုံးစွန်သော စွမ်းအားဖြင့် ဝယ်လ်ကို ထပ်မံ တိုက်ခိုက်မိပြီးသား ဖြစ်နေသည်။

သို့သော် နောက်တစ်စက္ကန့်တွင်မူ ဤအရာမှာ သူ့ကို ရန်စရန် ဝယ်လ်၏ အကြံအစည်မှန်း သူ သတိပြုမိသွားသည်။ သို့သော်လည်း... နောက်ကျသွားလေပြီ။

ဘုန်း...

ဝယ်လ်၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်မှာ ဝေးရာသို့ တစ်ဖန် လွင့်ထွက်သွားပြန်သည်။ သူက သွေးများကို အန်ထုတ်လိုက်ပြီးနောက် ရူးသွပ်စွာ ရယ်မောလိုက်သည်။

"ဟား ဟား ဟား... ကျေးဇူးတင်ပါတယ် ဂျိုးဇက်... မင်းရဲ့ စွမ်းအားသာ မပါရင် ငါ့ရဲ့ ဒီပုပ်သိုးနေတဲ့ ခန္ဓာကိုယ်ကနေ ရုန်းထွက်ပြီး စစ်မှန်တဲ့ အခရာအဆင့် နယ်ပယ် ကို ရရှိဖို့ဆိုတာ မလွယ်ဘူး..."

ဝယ်လ်ကို ဝန်းရံထားသော မီးတောက်များက သူါ ခန္ဓာကိုယ်ကို ဝါးမျိုနေပြီး ပြန်လည်ကုစားနိုင်စွမ်းကို လုံးဝ ဖိနှိပ်ထားသည်။ သူ၏ ဆဲလ်အဟောင်းများမှာ ပြန်လည် မမွေးဖွားနိုင်တော့ဘဲ အဖြူရောင် မီးတောက်များကြားတွင် ပျောက်ကွယ်သွားရသည်။ နောက်ဆုံးတွင် ဘာမျှ မကျန်တော့ပေ။

သို့သော် ထိုအောက်လမ်း မှော်ဆရာကြီး၌ ထူးခြားသော တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။ ဂျိုးဇက်၏ မျက်လုံးများမှာ အံ့ဩလွန်းသဖြင့် ပြူးကျယ်သွားရ၏။ ဝယ်လ်သည် ဂျိုးဇက်၏ တိုက်ကွက်ကို အသုံးချကာ သူ၏ နိယာမ ကို အပြည့်အဝ နားလည်သဘောပေါက်သွားပြီး ကိုယ်ပိုင် နယ်ပယ် ကို တည်ဆောက်လိုက်ခြင်း ဖြစ်သည်။

ဂျိုးဇက်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝယ်လ်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ဝယ်လ်၏ ခန္ဓာကိုယ်မှာ အရည်ပျော်သွားကာ ပျောက်ကွယ်သွားပြီး၊ ထိုပျက်စီးခြင်းမှ ခန္ဓာကိုယ်အသစ်တစ်ခု မွေးဖွားလာခဲ့သည်။

နတ်ဘုရားတစ်ပါးအလား ဖြစ်လာတော့မည့် ဝယ်လ်သည် သူ့ကို ကန့်သတ်ထားသော လူသားခန္ဓာကိုယ်ကို စွန့်လွှတ်တော့မည် ဖြစ်သည်။

‘မြန်မြန်... ပိုမြန်မြန်...’

ဂျိုးဇက်သည် အချိန်ထက်ပင် ပိုမိုမြန်ဆန်ရန် ကြိုးစားရင်း သူ၏ စွမ်းအားအားလုံးကို အသုံးချလိုက်သည်။ ဝယ်လ်၏ ခန္ဓာကိုယ်မှာ ဟင်းလင်းပြင်ထဲတွင် အရှိန်အဟုန်ဖြင့် ကြီးထွားလာသည်။ သူ၏ ဝတ်ရုံအောက်တွင် လူသားခန္ဓာကိုယ် မရှိတော့ဘဲ နီရဲသော မျက်လုံးပေါင်းများစွာ ဖုံးလွှမ်းထားသည့် အသားဆိုင်ကြီးနှင့် နှာမောင်းပေါင်းများစွာသာ ရှိတော့သည်။ အောက်လမ်း မှော်ဆရာ၏ ပုံစံမှာ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် ပေါက်နေသော အသားဆိုင်ကြီးနှင့် တူနေသည်။ ထိုအသားဆိုင်ကြီး၏ အပေါ်တွင်မူ လှောင်ပြုံး ပြုံးနေသော သူ၏ ဦးခေါင်းပျက် တစ်ခုသာ ကျန်ရှိတော့သည်။

အခရာအဆင့် ပုဂ္ဂိုလ်တိုင်းတွင် သူတို့ အုပ်စိုးသော ကိုယ်ပိုင် နိယာမများ ရှိကြသည်။ ထိုခဏ၌ နိယာမနယ်ပယ်အသစ်တစ်ခု ဖြစ်တည်လာနေပြီ ဖြစ်သည်။ ဂျိုးဇက်သည် ထိုအသွင်ပြောင်းမှု မပြီးခင် ရန်သူကို သတ်ပစ်ရန် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ ဓားကို မြှောက်လိုက်ရာ ၎င်း၏ ဓားသွားမှာ ထိမှန်သမျှကို လောင်ကျွမ်းစေသည်။

သူ၏ နောက်ကွယ်တွင် ဂျိုးဇက်နှင့် တူညီသော၊ စုစည်းထားသော အလင်းတန်းများဖြင့် ဖွဲ့စည်းထားသည့် ကြီးမားလှသော လူသားပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး သူ၏ လှုပ်ရှားမှုများကို ထပ်တူ ပြုလုပ်နေသည်။

သို့သော် ဤပုံရိပ်နှစ်ခုမှာ လုံးဝ ကွဲပြားခြားနားလှသည်။

"ဂျိုးဇက်... ငါတို့ရဲ့ တိုက်ပွဲက အဆုံးသတ်တော့မယ်... ကံကြမ္မာက အဖြေကို ရေးဆွဲပြီးပြီ..."

ဝယ်လ်၏ အသံမှာ စစ်တလင်းတစ်ခုလုံးတွင် ပုပ်သိုးသောအနံ့အလား ပျံ့လွင့်နေသည်။

"ငါဟာ ဖျက်ဆီးခြင်း ဖြစ်လာတော့မယ်။"

"ငါ အမြဲတမ်း ရှာဖွေနေခဲ့တာက ဖျက်ဆီးခြင်းပဲ၊ ဒါပေမဲ့ ငါကိုယ်တိုင် ဖျက်ဆီးခြင်းကို မခံစားရသရွေ့ အဲဒီရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို ငါ မသိနိုင်ခဲ့ဘူး... အခုတော့ ကျေးဇူးတင်ပါတယ် ဂျိုးဇက်... သေခြင်းတရားဆိုတာ ဖျက်ဆီးခြင်းနဲ့ အနီးစပ်ဆုံး အချက်ပဲ..."

"အရာအားလုံးမှာ အဆုံးသတ် ရှိတယ်၊ အဲဒီ အဆုံးသတ်က အခု ငါ့လက်ထဲမှာပဲ..."

"ဂျိုးဇက်..."

ဝယ်လ်သည် ရဲဘော်ရဲဘက် တစ်ဦးကို ခေါ်သကဲ့သို့ ပြောလိုက်သော်လည်း သူ၏ အသံမှာ စူးရှကာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုအသံကို ကြားရရုံနှင့်ပင် မည်သူမဆို ရူးသွပ်သွားနိုင်ပေသည်။

"မင်းမှာ ရှိသမျှ အားလုံးကို ဆုံးရှုံးရလိမ့်မယ်၊ ရှုံးနိမ့်ရလိမ့်မယ်၊ ပြီးတော့ ကြေကွဲစရာကောင်းတဲ့ သေခြင်းတရားနဲ့ သေရလိမ့်မယ်... ဒါကို ငါ အရှင်းသား မြင်နေရပြီ..."

…

စစ်တလင်းရှိ လူတိုင်းသည် ဤကြေညာချက်ကို နိမိတ်မကောင်းသော နာရေးခေါင်းလောင်းသံကဲ့သို့ ကြားလိုက်ရသည်။ နယ်ပယ်အသစ်တစ်ခု စတင်ဖြစ်တည်လာပြီး 'အခရာအဆင့်' အသစ်စက်စက်၏ 'နိယာမ' ကို အောင်မြင်စွာ တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။

ဝယ်လ်၏ အသံ ဟိန်းထွက်လာသည်နှင့်အမျှ လူတိုင်းသည် ဒြပ်မဲ့သော အီသာစွမ်းအင်များ လှိုင်းလုံးကြီးတစ်ခုအလား သူတို့အပေါ် ဖြတ်သန်းသွားသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ တစ်ကမ္ဘာလုံးသည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး တစ်စုံတစ်ဦး၏ အလိုဆန္ဒအတိုင်း ပြန်လည် တည်ဆောက်ထားသည့် ပုံစံမျိုး ဖြစ်သွားတော့သည်။

စွမ်းအားရှင်များမှာမူ သူတို့၏ အတွေးနှင့် စိတ်ဆန္ဒကို ကျော်လွန်သည့် ထိန်းချုပ်မရသော ကြောက်ရွံ့မှုကို ချက်ချင်း ခံစားလိုက်ရသည်။ မည်သို့မျှ ခုခံနိုင်စွမ်းမရှိဘဲ အသက်ရှင်လိုသည့် ဗီဇစိတ်များ နိုးကြားလာကာ သူတို့ကို ထွက်ပြေးရန် တိုက်တွန်းနေတော့သည်။

'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' မှ သူရဲကောင်းဖြစ်စေ၊ 'အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း' မှ တပည့်ဖြစ်စေ လူတိုင်းမှာ အသည်းအသန် ထွက်ပြေးကြတော့သည်။

သို့သော် သူတို့၏ အရှိန်သည် အခရာအဆင့် နယ်ပယ်၏ အရှိန်ကို မည်သို့မှ မမီနိုင်ပေ။ နောက်တစ်ခဏ၌ မမြင်ရသော လှိုင်းဂယက်များက သူတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ ထိုလှိုင်းဂယက်များ ထိမှန်သွားသည့် အရာတိုင်းမှာ ပထမဦးစွာ တောင့်တင်းသွားပြီးနောက် မည်းနက်သော အပိုင်းအစများအဖြစ် ပြောင်းလဲကာ နောက်ဆုံးတွင် ဘာမျှမရှိတော့သည့် အခြေအနေသို့ ပျောက်ကွယ်သွားရသည်။ နိယာမ၏ ထိတွေ့ခြင်းကို ခံရသမျှ အရာအားလုံးမှာ ဤကမ္ဘာမြေပေါ်မှ လုံးဝ ချေဖျက်ခြင်း ခံလိုက်ရသည်။

ဘာမျှ ထာဝရ မတည်မြဲပေ။ နောက်ဆုံးတွင် သေခြင်းတရားနှင့် ပုပ်သိုးပျက်စီးခြင်းသာ ရှိသည်။ ၎င်းမှာ "နိဂုံး နယ်ပယ်" ပင်။

ဝယ်လ် အသွင်ပြောင်းထားသည့် တွန့်လိမ်နေသော ဧရာမ သတ္တဝါကြီးမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။

ဝရား...

၎င်းသည် ပြင်းထန်သော နှင်းမုန်တိုင်းကြား၌ လူသားမဟုတ်သော ဟိန်းဟောက်သံကြီးကို ပြုလုပ်လိုက်ပြီး တားဆီး၍မရသော နိယာမစွမ်းအားဖြင့် ဂျိုးဇက်ကို ဖိနှိပ်လိုက်တော့သည်။

"မလုပ်နဲ့..."

မေလီဆာ စိတ်ပျက်အားငယ်စွာ အော်ဟစ်လိုက်၏။ သူမ၏ ဖြူရော်ပြီး သေးငယ်သော မျက်နှာလေးတွင် သွေးများ စွန်းထင်နေပြီး နီရဲသော ဆံနွယ်များမှာ ပြင်းထန်သော လေတိုက်နှုန်းကြောင့် တလွင့်လွင့် ဖြစ်နေသည်။ သူမ၏ ဖခင် အမှောင်ထုအတွင်း ဝါးမျိုခံနေရသည်ကို ကြည့်ရင်း သူမ၏ အပြာရောင် မျက်လုံးများမှာ အသက်မဲ့နေရှာသည်။ သူမ ဓားကို အားပြုကာ ထရပ်ရန် ကြိုးစားသော်လည်း အားအင်ကုန်ခမ်းစွာဖြင့် မြေပြင်ပေါ်သို့ ပြန်လည် လဲကျသွားရသည်။

အနီးနားရှိ အသက်ရှင်ကျန်ရသည့် သူရဲကောင်းများမှာလည်း မှင်သက်နေကြပြီး အဆုံးမဲ့သော မျှော်လင့်ချက်မဲ့မှုကို ခံစားနေကြရသည်။

ရုတ်တရက်၊ နယ်ပယ်၏ သက်ရောက်မှုမှ လွတ်မြောက်လာသော 'အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း' သားတစ်ဦးသည် မေလီဆာကို တွေ့သွားပြီး သူမရှိရာသို့ ယိုင်တိယိုင်ထိုး လျှောက်လာသည်။ မေလီဆာမှာမူ ပတ်ဝန်းကျင်ကို သတိမထားမိတော့ဘဲ ငိုင်နေဆဲ။

"မေလီဆာ... ဘာလုပ်နေတာလဲ...”

***

အပိုင်း(၄၂၄)

"မေလီဆာ... ဘာလုပ်နေတာလဲ...”

ဝင်စတန်၏ ဒေါသတကြီး အော်ဟစ်သံက သူမ၏ နားထဲတွင် ပေါက်ကွဲထွက်လာသည်။ သူ မေလီဆာကို ဘေးသို့ ဆွဲဖယ်လိုက်ပြီး ချဉ်းကပ်လာသော ဂိုဏ်းသား၏ ခေါင်းကို ပိုင်းဖြတ်လိုက်သည်။ ထိုဂိုဏ်းသား၏ အလောင်းမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ဝယ်လ်အတွက် နောက်ထပ် အာဟာရတစ်ခု ဖြစ်သွားပြန်သည်။

ဝင်စတန် ထိုမြင်ကွင်းကို ကြည့်ရင်း ရုတ်တရက် နွမ်းနယ်မှုကို ခံစားလိုက်ရ၏။ သို့သော် ဘေးတွင်ရှိနေသော မေလီဆာကို မြင်လိုက်ရသောအခါ အားတင်းလိုက်ပြီး သတိလစ်သွားသော မိန်းကလေးကို ပွေ့ချီကာ နောက်သို့ အမြန် ဆုတ်ခွာလိုက်တော့သည်။

'နိဂုံး နယ်ပယ်' ဖုံးလွှမ်းထားသော ဧရိယာမှာ သေလောက်အောင် တိတ်ဆိတ်နေသည်။ ယခင်က တိုက်ပွဲ၏ မီးတောက်များ မရှိတော့သလို၊ လေထု၏ စီးဆင်းမှုပင်လျှင် အသက်မဲ့စွာ ရပ်တန့်နေသည်။ 'အိပ်မက်ဖန်တီးစက်' အဖွဲ့မှ အိပ်မက်နယ်နိမိတ်များကို အတင်းအကျပ် အားဖြည့်နေကြသော်လည်း ဤအရာမှာ အလဟဿ ဖြစ်နေပြီမှန်း လူတိုင်း သိထားကြသည်။

ဝယ်လ်အနေဖြင့် ဂျိုးဇက်ကို လုံးဝ ချေမှုန်းပြီးသည်နှင့် ပြန့်ကားလာသော နယ်ပယ်သည် သူတို့အားလုံးကို ဝါးမျိုသွားမည်သာ ဖြစ်သည်။

နှင်းများ ပို၍ ထူထပ်လာသည်။ လေနှင့်အတူ လွင့်ပါလာသော နှင်းပွင့်များ၊ အေးစက်ပြီး မျှော်လင့်ချက်မဲ့သော အငွေ့အသက်များကို ဝင်စတန် ရှူသွင်းလိုက်မိသည်။ ဤကဲ့သို့သော နိယာမစွမ်းအားကို ဖျက်ဆီးရန်မှာ မဖြစ်နိုင်သလောက်ပင်။ ဝင်စတန်အနေဖြင့် ဂျိုးဇက်ကို ကူညီရန် မည်သည့်နည်းလမ်းမျှ မစဉ်းစားနိုင်တော့ချေ။

ဝယ်လ်သည် သူ့ကိုယ်သူ 'နိယာမ' အဖြစ် အသုံးပြုထားသည်။ သူ၏ အကြည့်ရောက်ရာ အရပ်တိုင်းတွင် အရာအားလုံးမှာ ရှုပ်ထွေးပြီး ဖျက်ဆီးတတ်သော ဒြပ်မဲ့ပစ္စည်းများအဖြစ် ပြောင်းလဲသွားသည်။ ၎င်းကို ထိတွေ့၍မရ၊ ခံစား၍မရ။ မကြားနိုင်၊ မမြင်နိုင်၊ အာရုံမခံနိုင်။ အရာအားလုံး၏ အဆုံးစွန်သော ပျက်စီးခြင်းသည် အရာရာ၏ နိဂုံးပင် ဖြစ်သည်။

ဝယ်လ်၏ စွမ်းအားမှာ ပြည့်စုံသွားပြီဖြစ်ရာ အခြားသော ယဇ်ပူဇော်မှုများ မလိုအပ်တော့ပေ။ အမှန်တကယ်တွင် 'အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း' သားများ ထပ်မံ အသက်ပေးရန် မလိုတော့ချေ။ သို့သော်လည်း သူတို့၏ ခေါင်းဆောင် အစစ်အမှန် အခရာအဆင့်သို့ ရောက်ရှိသွားခြင်းက ကျန်ရှိနေသော ယုံကြည်သူများကို စိတ်ဓာတ်တက်ကြွစေကာ ပိုမို သန်မာလာစေသည်။ ထို့ကြောင့် မျှော်စင်၏ ခုခံရေးစည်းမှာ ကြာရှည် ခံနိုင်တော့မည် မဟုတ်ချေ။

ဝင်စတန် အံကို တင်းတင်းကြိတ်ကာ တုန်ရင်နေသော လက်များဖြင့် ဆက်သွယ်ရေးကိရိယာကို အဆက်မပြတ် နှိပ်နေမိသည်။ ဤအချိန်တွင် သူ ယုံကြည်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဝေဝါးလှသော စကားတစ်ခွန်းသာ ရှိသည်။

ဂရက် ပြောခဲ့ဖူးသည်။ 'မစ္စတာလင်' သည် ဂျိုးဇက် ရှုံးနိမ့်သွားသည်ကို ကြည့်နေလိမ့်မည် မဟုတ်ဟု သူ ဆိုခဲ့သည်။ နောက်ဆုံးအောင်ပွဲမှာ ဂျိုးဇက်၏ လက်ထဲတွင်သာ ရှိလိမ့်မည်ဟု သူ ပြောခဲ့သည်။

ဝင်စတန်၏ လက်ထဲမှ ဆက်သွယ်ရေးကိရိယာမှာ ကျွတ်ကျလုမတတ် ဖြစ်နေသည်။ သူ စိုးရိမ်တကြီး နှိပ်နေသဖြင့် လက်ဖဝါးမှ ချွေးများကြောင့် ခလုတ်အမှားများကိုပင် အကြိမ်ကြိမ် နှိပ်မိနေသည်။

တီ... တီ...

နောက်ဆုံးတွင် ဖုန်းဝင်သွား၏။

...

"ဟမ်..."

ပွဲတော်အတွင်း စိတ်လွင့်နေသော ဂရက်သည် ရင်ဘတ်အိတ်ကပ်ထဲမှ တုန်ခါမှုကို ခံစားလိုက်ရသဖြင့် နှလုံးခုန် မြန်သွားသည်။ သတင်းအချက်အလက် ပေးပို့ရန် သဘောတူထားသော်လည်း ခုနကတင် ဖုန်းပြောပြီးပြီ မဟုတ်ပါလား။ ဝင်စတန် အဘယ်ကြောင့် သူ့ကို ထပ်ခေါ်ရသနည်း။

‘တစ်ခုခု မှားယွင်းသွားပြီလား...’

သူသည် ရှာလော့နှင့် ဖစ်ချ်တို့ကို ရှောင်ကာ ဖုန်းပြောရန် ထောင့်တစ်နေရာသို့ သွားလိုက်သည်။ ရှာလော့မှာ ထွက်ခွာသွားသော ဂရက်၏ ကျောပြင်ကို ကြည့်ကာ အဓိပ္ပာယ်ပါပါဖြင့် ရေရွတ်လိုက်သည်။

"ဒီစစ်တုရင် ကစားပွဲကတော့ အဆုံးသတ်တော့မယ့် ပုံပဲ..."

ဂရက်သည် ခန်းမကြီး၏ ထောင့်တစ်နေရာသို့ ရောက်သောအခါ ဆက်သွယ်ရေးကိရိယာကို ထုတ်လိုက်သည်။

"ဌာနမှူး ဝင်စတန်... ဘာဖြစ်လို့လဲခင်ဗျာ... ကျွန်တော့်ကို မေးစရာရှိလို့လား"

ဂရက်က တိုးတိုးလေး မေးလိုက်သည်။

ယခုတစ်ကြိမ်တွင်မူ ဝင်စတန်၏ ဘက်မှ ဆူညံသံများ မကြားရပေ။ ထိုအစား မယုံနိုင်လောက်အောင် တိတ်ဆိတ်နေသည်။ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်မှုမျိုးပင်။

မကောင်းသော နိမိတ်ကို ခံစားလိုက်ရသဖြင့် ဂရက်၏ စိတ်ထဲ၌ လေးလံသွား၏။

"ဂရက်..."

ဝင်စတန်၏ အက်ရှရှအသံ ထွက်ပေါ်လာသည်။ သူသည် ခက်ခဲစွာ ပြောလိုက်ရသည်။

"ဝယ်လ်... သူ ငါတို့ကို ကျော်တက်သွားပြီ။ သူက 'နိဂုံး' လို့ ခေါ်တဲ့ နိယာမကို ဆုပ်ကိုင်သွားနိုင်ပြီ..."

ဂရက် တစ်ယောက် ဆက်သွယ်ရေးကိရိယာကို လက်ဖြင့် ညှစ်ခြေပစ်မိတော့မတတ် ဖြစ်သွားသည်။ သူ၏ ဦးနှောက်ထဲတွင် တဝီဝီ မြည်လာကာ ဘာသံကိုမျှ ဆက်မကြားရတော့ပေ။

...

ဝင်စတန်သည် ဆက်သွယ်ရေးကိရိယာကို ကိုင်ထားရင်း အဝေးမှ တိုက်ပွဲကို ကြည့်နေသည်။ အစောပိုင်းက အသာစီးရခဲ့သော ဂျိုးဇက်မှာ ယခုအခါ စစ်တလင်းတွင် အလွန် စိုးရိမ်ဖွယ်ရာ အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ဟူး... ဟူး...

ဂျိုးဇက်သည် တောက်ပသော အီသာစွမ်းအင် နံရံကြီးတစ်ခုကို ဖန်တီးကာ 'နိဂုံး နိယာမ' မှ ထွက်ပေါ်လာသော ထူးဆန်းသည့် အမည်းရောင် မြူခိုးများကို ဟန့်တားရန် ကြိုးစားနေသည်။ သို့သော် ဂျိုးဇက်၏ အီသာစွမ်းအင်သည် ထိုနိယာမနှင့် ထိတွေ့လိုက်သည်နှင့် တောက်ပသော နံရံမှာ ပျောက်ကွယ်သွားရသည်။

အီသာစွမ်းအင်တွင်ပင် နောက်ဆုံးအဆုံးသတ် ရှိနေသည် မဟုတ်ပါလား။

ဂျိုးဇက်၏ ခန္ဓာကိုယ်အတွင်းရှိ အီသာစွမ်းအင်မှာ အကန့်အသတ် ရှိသည်။ ၎င်း ကုန်ခမ်းသွားသည်နှင့် ဂျိုးဇက်ကိုယ်တိုင်လည်း သူ၏ နိဂုံး (သေခြင်းတရား) နှင့် ရင်ဆိုင်ရပေလိမ့်မည်။

နာမည်ကျော် ရောင်စဉ် သူရဲကောင်းကြီးမှာ နောက်သို့ တစ်လှမ်းချင်း ဆုတ်နေရ၏။ သို့သော် သူ့ နောက်ဖက်ရှိ နော်ဇင်မြို့နှင့် သမီးဖြစ်သူကို ကြည့်မိတိုင်း သူသည် အီသာနံရံကို အစွမ်းကုန် ပြန်လည် တည်ဆောက်နေမြဲ ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ သူသည် ပတ်ဝန်းကျင်မှ အီသာစွမ်းအင်များကို စုပ်ယူနေခြင်း မဟုတ်တော့ပေ။ ထိုအစား သူ၏ ကိုယ်ပိုင် အသက်စွမ်းအား ကို လောင်ကျွမ်းစေပြီး ထုတ်လွှတ်နေခြင်း ဖြစ်သည်။ အခရာအဆင့် တစ်ဦး၏ အသက်စွမ်းအားဖြင့်သာ အခြား အခရာအဆင့် တစ်ဦး၏ နိယာမကို ခုခံနိုင်မည် ဖြစ်သည်။

"ဂျိုးဇက်..."

ဝင်စတန်သည် သူ့ မိတ်ဆွေဟောင်းကြီး၏ အမည်ကို တိုးတိုးလေး ရေရွတ်လိုက်သည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးနောက် သူ ဖုန်း၏ အခြားတစ်ဖက်မှ ဂရက်ကို တည်ငြိမ်စွာ ပြောလိုက်သည်။

"အခြေအနေတွေ ပြောင်းလဲသွားပြီ... ဒါက မျှော်စင်ရဲ့ အမိန့်မဟုတ်ဘူး၊ ငါ့ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပဲ... မစ္စတာလင်ဆီမှာ အကူအညီ အမြန်တောင်းပေးပါ... စုံစမ်းစစ်ဆေးတာတွေ၊ စောင့်ကြည့်တာတွေ အကုန်လုံးကို ဂရုမစိုက်တော့ဘူး"

သူ၏ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။

"ဘယ်လောက်ပဲ ပေးဆပ်ရပါစေ... ဘယ်လို တန်ဖိုးပဲ ပေးရပါစေ... သူ ဒီနေရာကို... ငါ့ရဲ့ ရဲဘော် ဂျိုးဇက်ကို ခဏလောက် အာရုံစိုက်ပေးဖို့ပဲ ငါ မျှော်လင့်ပါတယ်"

ဝင်စတန်၏ တည်ငြိမ်နေသော အသံကြားမှ အသည်းအသန် ဖြစ်နေမှုကို ဂရက် ခံစားလိုက်ရသည်။ သူ၏ လက်ထဲမှ ဆက်သွယ်ရေးကိရိယာမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ထိုအသံကြောင့် ဂရက် သတိပြန်ဝင်လာသည်။

‘မစ္စတာလင်... ဟုတ်တယ်၊ မစ္စတာလင်ပဲ... သူက ဆရာ့ကို သေချာပေါက် ကယ်နိုင်တယ်... သူ အရင်က ပြောခဲ့ဖူးတာပဲ’

"မစ္စတာလင်... မစ္စတာလင်... ကျွန်တော် အခုချက်ချင်း သွားမယ်... ခဏပဲ စောင့်ပါ"

ဂရက် တစ်ယောက် ပါတီပွဲ၏ စည်းမျဉ်းများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ထောင့်မှ ပြေးထွက်လာကာ အစေခံတစ်ဦးကို ဆွဲ၍ ဘေးခန်းက ဘယ်မှာလဲဟု မေးလိုက်တော့သည်။

ပါတီပွဲရှိ သူဌေးကြီးများနှင့် တော်ဝင်မျိုးနွယ်များမှာ ရုတ်တရက် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေသော လူငယ်ကို ထူးဆန်းသလို ကြည့်နေကြသည်။

ရှာလော့မှာ ဂရက်၏ စိုးရိမ်နေမှုကို သတိပြုမိပြီး ပြုံးလိုက်သည်။ သူမအနေဖြင့် တိုက်ပွဲအခြေအနေကို မသိသော်လည်း၊ ဝယ်လ်၏ အဆုံးအမကို ကိုယ်တိုင် ခံယူထားသော ယုံကြည်သူတစ်ဦးအနေဖြင့် ဝယ်လ်၏ အခရာအဆင့်သို့ တက်လှမ်းမှုကို ခံစားမိသည်။ ဂရက်၏ ပုံစံကို ကြည့်ရုံနှင့်ပင် ဝယ်လ်က ဂျိုးဇက်ကို အနိုင်ရနေပြီမှန်း သူမ ချက်ချင်း သိလိုက်သည်။

"ဖယ်ကြစမ်း..."

ဂရက်သည် အခြေအနေ လာမေးသော အစေခံများကို တွန်းဖယ်လိုက်သည်။

"အားလုံး ဖယ်ကြစမ်း... ငါ မစ္စတာလင်ကို တွေ့ချင်တယ်..."

***

All Chapters