အခန်း (၄၂၅-၄၂၆)
Vol. 31 Ch. 425-426
အပိုင်း(၄၂၅)
ဂရက်မှာ ဦးတည်ချက်မရှိ ပြေးလွှားနေသော်လည်း အစေခံများမှာ ထိုအခန်းငယ်သို့ ဖိတ်ကြားထားသူမှလွဲ၍ မည်သူမျှ သွားခွင့်မရှိကြောင်း ပြောကာ သူ့ကို တည်ငြိမ်အောင် ဖျောင်းဖျနေကြသည်။
‘ငါ ဘယ်လိုလုပ် တည်ငြိမ်နိုင်မှာလဲ...’
ဂရက် စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။ နောက်ဆုံးတွင်... လင်းကျဲကို ခေါ်ဆောင်သွားသော အိမ်စေ လူအိုကြီးကို သူ မြင်လိုက်ရသည်။
ဂရက်သည် အပြေးအလွှား သွားကာ အိမ်စေ လူအိုကြီးကို ဆွဲကာ အော်ပြောလိုက်၏။
"မစ္စတာလင် ဘယ်မှာလဲ... ကျွန်တော် သူ့ကို တွေ့ဖို့ လိုတယ်... ဒါ အရေးကြီးတယ်... သူ့ကို ဘယ်ကို ခေါ်သွားတာလဲ..."
အိမ်စေကြီးမှာ မှင်သက်သွားသော်လည်း တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်၏။
"စိတ်မရှိပါနဲ့ မစ္စတာဂရက်၊ မစ္စတာလင်က ကျွန်မတို့ သခင်ကြီးနဲ့ အတူရှိနေတာပါ... ကျေးဇူးပြုပြီး..."
ဂရက်သည် ချက်ချင်းပင် မန္တန်တစ်ခုကို ရွတ်ဆိုကာ ဓားမြှောင်ကို ထုတ်၍ အိမ်စေ လူအိုကြီး၏ လည်ပင်းတွင် တေ့လိုက်သည်။ သူ အံကို တင်းတင်းကြိတ်ကာ အသည်းအသန် ပြောလိုက်သည်။
"ဘေးခန်းက ဘယ်မှာလဲ ပြောစမ်း... အခုချက်ချင်း လိုက်ပို့..."
"ဟုတ်... ဟုတ်ကဲ့..."
အိမ်စေ လူအိုကြီးမှာ ထိတ်လန့်သွားပြီး...
"အခုချက်ချင်း လိုက်ပို့ပါ့မယ်... ဒီဘက်ပါ..."
သို့သော်လည်း... တစ်ချိန်တည်း၌ သူသည် နောက်ကျောဘက်ရှိ လက်မှာမူ အချက်ပေးခလုတ်ကို နှိပ်ရန် ပြင်လိုက်၏။ ဂရက်က ဒုတိယ မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ အိမ်စေကြီး၏ မျက်စိများ ဝေဝါးသွားပြီး သတိလစ်သလို ဖြစ်သွားသည်။ သူက စိတ်လွတ်ကိုယ်လွတ်ဖြင့် "လိုက်... လိုက်ခဲ့ပါ" ဟု ပြောကာ ခေါ်ဆောင်သွားတော့သည်။
ဂရက်သည် အိမ်စေကြီးနောက်မှ လိုက်သွားရင်း အခန်းငယ်၏ တံခါးရှေ့သို့ ရောက်သွားသည်။ အိမ်စေကြီးက "ဒီမှာပါ..." ဟု ပြောသည်နှင့် ဂရက်က သူ့ကို တွန်းဖယ်ကာ တံခါးကို ဝုန်းခနဲ ဆောင့်ဖွင့်၍ အတွင်းသို့ ပြေးဝင်လိုက်တော့သည်။ နောက်ဖက်တွင်မူ လိုက်လံ တားဆီးနေသော အိမ်စောင့်များနှင့် အစေခံများ၏ ဆူညံသံများ ထွက်ပေါ်နေလေတော့၏။
အတွင်းသို့ ရောက်သွားသောအခါ ဂရက် မြင်လိုက်ရသည့် မြင်ကွင်းကား... လင်းကျဲက နာရီတစ်လုံးကို လက်ဖြင့် တို့ထိ ကစားနေခြင်း ပင် ဖြစ်သည်။
...
ဝင်စတန်သည် ဖုန်းကို ချလိုက်ပြီးနောက် အသက်စွမ်းအားများကို လောင်ကျွမ်းစေကာ တိုက်ခိုက်နေသော ဂျိုးဇက်နှင့် ကျန်ရှိနေသော သူရဲကောင်းများကို ကြည့်လိုက်သည်။ သူက 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' ၏ ညွှန်ကြားချက်ကို ဖောက်ဖျက်ကာ နောက်ဆုံး အမိန့်ကို ပေးလိုက်သည်။
"အားလုံး ဆုတ်ခွာကြ... ကိုယ့်အသက်ကိုယ် အောင်အောင် ကယ်ကြ..."
ဤအချိန်တွင် သူ ဘယ်သူ့ကိုမှ စိတ်ဓာတ် တက်ကြွအောင် မပြောနိုင်တော့ချေ။ ဝယ်လ်၏ စွမ်းအားကို တားဆီးရန် နည်းလမ်း မရှိတော့ချေ။ ဝယ်လ်က အရာအားလုံးကို 'နိဂုံး' ဖြစ်သော ဥဿုံ ချေမှုန်းခြင်း ဆီသို့ ချက်ချင်း အရှိန်မြှင့်လိုက်နိုင်သည်။ အခရာအဆင့် တစ်ဦး ကိုယ်တိုင် ပါဝင်ခြင်း မရှိသရွေ့ အခြားသူများမှာ အလကား အသက်ပေးနေရခြင်းသာ ဖြစ်သည်။
အမိန့်ကို ကြားလိုက်သောအခါ မျှော်လင့်ချက်မဲ့နေသော သူရဲကောင်းများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဆုတ်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။ အမှန်တကယ်တွင် နိယာမစွမ်းအား မရှိသေးသော ဂျိုးဇက်သည် ဝယ်လ်ကို မယှဉ်နိုင်တော့ကြောင်း သူတို့လည်း သိထားကြသည်။ ယခု ဂျိုးဇက် လုပ်ဆောင်နေသည်မှာ ကျန်ရှိနေသော သူရဲကောင်းများကို လွတ်မြောက်ခွင့်ရအောင် သူ၏ အသက်ကို အရင်းအနှီး ပြုနေခြင်းသာ ဖြစ်သည်။
သူတို့သည် ဒဏ်ရာရသူများကို တွဲကူကာ စစ်တလင်းမှ အမြန် ဆုတ်ခွာသွားကြ၏။
ဝင်စတန်သည် ဆုတ်ခွာသွားသော လူအုပ်ကြား၌ တစ်ဦးတည်း ရပ်ကျန်ခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူ လှည့်ကြည့်လိုက်သောအခါ အေးစက်သော ဆောင်းရာသီကို ဖြတ်သန်းနေရသည့် နော်ဇင်မြို့ကြီးကို တွေ့လိုက်ရသည်။ သူသည် သတိပြန်ရလာသော မေလီဆာရှိရာသို့ နှင်းများကြားတွင် လျှောက်သွားလိုက်သည်။
သူမ၏ ဘေးတွင် ထိုင်ချလိုက်ရင်း သူ တိုးတိုးလေး ပြောလိုက်၏။
"မေလီဆာ... မင်းအဖေဟာ... စစ်မှန်တဲ့ သူရဲကောင်းတစ်ယောက်ပါပဲ..."
…
ဝယ်လ်သည် သူ၏ နယ်ပယ်ကို အစွမ်းကုန် ချဲ့ကားလိုက်ရာ ခန္ဓာကိုယ်သည်လည်း လေသွင်းထားသည့်နှယ် တရိပ်ရိပ် ကြီးထွားလာတော့သည်။ မြေပြင်အနှံ့မှ ရုန်းကြွထွက်ပေါ်လာသော အသားမျှင် လက်တံကြီးများသည် ပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းကို ရိုက်ခတ်ဖျက်ဆီးနေကြ၏။ ထိုအခိုက်၌ ဝယ်လ်၏ ပုံသဏ္ဌာန်မှာ နှင်းမုန်တိုင်းဒဏ်ကို အမှုမထားသည့်ဧရာမ တောင်ကြီးတစ်လုံးအလား ထည်ဝါလှသည်။
ထိုမြင်ကွင်းကို ကြည့်ရုံမျှဖြင့် မည်သူမဆို မိမိကိုယ်မိမိ သိမ်ငယ်အားငယ်စိတ် ဝင်လာစေရန် လုံလောက်လှပေသည်။ သို့သော် ဤမျှ ကြီးမားထွားကြိုင်းသော ခန္ဓာကိုယ်ကြီးမှာ ထိုအောက်လမ်း မှော်ဆရာကြီး အတွက် အနှောင့်အယှက် မဖြစ်သည့်အပြင် ယခင်ကထက်ပင် ပို၍ ပေါ့ပါးသွက်လက်နေသကဲ့သို့ ခံစားနေရ၏။ သူ၏ ဝိညာဉ်နှင့် စိတ်ဆန္ဒတို့မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်ရာ သေခြင်းတရားမှ မြစ်ဖျားခံလာသော အင်အားတို့က သူ့ ခန္ဓာကိုယ်ကို ရေပူဖောင်းလေးတစ်ခုကဲ့သို့ အသာအယာ ပင့်တင်ပေးထားသည်။
အထက်သို့ မြင့်တက်လာသည်နှင့်အမျှ နော်ဇင်မြို့တစ်မြို့လုံးနှင့် ကမ္ဘာလောကကို ဝန်းရံထားသော မြူတံတိုင်းကြီးကိုပါ မြင်ကွင်းထဲ၌ အတိုင်းသား တွေ့လိုက်ရသည်။ ထိုခဏ၌ ဝယ်လ်၏ စိတ်ထဲတွင် အသိတစ်ခု ရရှိလိုက်၏။ ၎င်းကား... လူသားဖြစ်သော ဝယ်လ်မှာ အမှန်တကယ်ပင် သေဆုံးသွားခဲ့ပြီဟူ၍ ဖြစ်သည်။
ယခုအခါတွင်မူ ဝယ်လ်ကို 'ဘုရားသခင်' တစ်ပါးဟုပင် ခေါ်ဆိုနိုင်ပေပြီ။ အရာခပ်သိမ်း၏ နိဂုံးကို စီရင်ပိုင်ခွင့်ရှိသူဖြစ်ရာ သူသာ အလိုရှိပါက နော်ဇင်မြို့ကြီးကို မြေလှန်ဖျက်ဆီးပစ်ရန် ခဲယဉ်းမည်မဟုတ်ချေ။ သူ၏ မျက်စိအောက်ရှိ သတ္တဝါအားလုံးမှာ ဖိခြေလိုက်ရုံဖြင့် ကျေမွသွားမည့် ပုရွက်ဆိတ်ငယ်များနှယ်သာ။
"ဟူး..."
ဝယ်လ်၏ သက်ပြင်းတစ်ချက်မှာ လေပြင်းများကို ဖြစ်ပေါ်စေပြီး လှုပ်ရှားမှုတိုင်းက မြေကမ္ဘာကို တုန်ဟည်းစေသည်။ မိမိကိုယ်ကို အရာအားလုံးကို အစိုးရသူဟု ခံစားနေရသော ဝယ်လ်သည် ဤလောကကို စိုးမိုးရန် မွေးဖွားလာသူဟု ထင်မှတ်နေမိသည်။
...
ဂျိုးဇက်သည် ကောင်းကင်ယံမှ တွန့်လိမ်လှုပ်ရှားနေသော ဧရာမ သတ္တဝါကြီးကို ခေါင်းမော့ကြည့်လိုက်၏။ သူ အသက်ကို ပြင်းပြင်းရှူရင်း ဓားကို နောက်ဆုံးအကြိမ်အဖြစ် မြှောက်ကိုင်လိုက်၏။ ဓားထက်တွင် ဖြူဖွေးသော မီးလျှံများ တောက်လောင်နေသော်လည်း လက်များမှာမူ တုန်ရီနေလေပြီ။ ယင်းမှာ ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်အနှံ့မှ ဒဏ်ရာများနှင့် ကျိုးပဲ့နေသော ဓားသွားတို့က သူ့အပေါ် တောင်ကြီးတစ်လုံးကဲ့သို့ ဖိစီးနေခြင်းကြောင့် ဖြစ်သည်။
သူ့ရှေ့မှ ဘုရားသခင်ကဲ့သို့ တန်ခိုးကြီးလှသော မိစ္ဆာကောင်ကြီးမှာ သွေးစက်လက်ကျနေသော ခရမ်းရောင်နှင့် အနက်ရောင် လက်တံကြီးများ ရစ်ပတ်ထားသည့် ဧရာမ အကျိတ်ခဲကြီးတစ်ခုနှင့် တူလှသည်။ ထိုလက်တံကြီးအချို့ဖြင့် မြေပြင်ကို ထောက်ကန်ထားရာ တိုက်ပွဲဒဏ်ကြောင့် အလွှာလိုက် ကွာကျနေသော မြေပြင်မှာ ပို၍ အက်ကွဲကာ အောက်ခြေရှိ သံမဏိတည်ဆောက်ပုံများပင် ပေါ်ထွက်လာတော့သည်။
ဝယ်လ်၏ ပုံသဏ္ဌာန်မှာ ကောင်းကင်တွင် လွင့်မျောနေသော ချည်လုံးကြီးတစ်လုံးကဲ့သို့လည်းကောင်း၊ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျောက်ရုပ်ဖြစ်သွားစေနိုင်သော ဒဏ္ဍာရီလာ မြွေဆံပင်နှင့် စုန်းမကြီး၏ ဦးခေါင်းနှင့်လည်းကောင်း တူနေသည်။
"ဂလု..."
ထူးဆန်းသော အသံနှင့်အတူ ထိုအကျိတ်ခဲကြီး၏ ထိပ်ပိုင်းတွင် လူသားဝယ်လ်၏ မျက်နှာ ပေါ်ပေါက်လာပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ အခရာ အဆင့် အမြင်အာရုံကြောင့် စစ်မြေပြင်ရှိ လူတိုင်း၏ မျက်နှာပေါ်မှ ကြောက်ရွံ့ထိတ်လန့်မှုများကို သူ အတိုင်းသား မြင်နေရသည်။
ဟူး... ဟား... ဟား...
သူ့ ခန္ဓာကိုယ်အတွင်းမှ လှောင်ရယ်သံကြီး ပေါ်ထွက်လာရာ ထိုအသံလှိုင်းကြောင့် လူအချို့မှာ အော်ဟစ်ရင်း အသက်ပျောက်သွားကြသည်။
"လောကကြီးကို အပေါ်စီးက ကြည့်ရတာ ဘယ်လောက် အံ့သြဖို့ ကောင်းလိုက်သလဲ... ဒါ ငါ တစ်သက်လုံး ရှာဖွေခဲ့တဲ့ အင်အားပဲ..."
ဝယ်လ် တိုးတိုးလေး ရေရွတ်ရင်း ရုတ်တရက် ရင်းနှီးသော မျက်နှာတစ်ခုကို သတိရလိုက်မိသည်။ နူးညံ့သော အပြုံးနှင့် လောကတစ်ခုလုံးကို ထိုးဖောက်မြင်နိုင်သော ထိုပညာတတ် လူငယ်လေး၏ အကြည့်များ။
'စာအုပ်ဆိုင်ပိုင်ရှင်ကရော ဒီအတိုင်းပဲ လောကကြီးကို မြင်နေတာလား...'
ဝယ်လ် တွေးတောမိသည်။ သို့သော် ချက်ချင်းပင် ထိုအတွေးကို ပြန်လည်ရုပ်သိမ်းလိုက်၏။ မစ္စတာလင်သည် သူနှင့် လားလားမျှ မသက်ဆိုင်အောင်ပင် မြင့်မြတ်လွန်းလှသည်။ သူ ယခုကဲ့သို့ အခရာအဆင့်သို့ ရောက်ရှိလာခြင်းမှာလည်း မစ္စတာလင်၏ လမ်းညွှန်မှုကြောင့်သာ မဟုတ်ပါလော။
ဝယ်လ် မိမိ၏ ရန်သူဟောင်း ဂျိုးဇက်ကို ငုံ့ကြည့်လိုက်သည်။ အတိတ်က သူ့ကို မနားတမ်း လိုက်လံဖမ်းဆီးခဲ့သော ထိုသူရဲကောင်းသည် ယခုအခါတွင်မူ ချွေးနှင့် နှင်းများ စိုရွှဲနေကာ ဆံပင်ဖြူဖြူနှင့် အိုမင်းမစွမ်း အဘိုးအိုတစ်ဦးမျှသာ ဖြစ်နေတော့သည်။
သူသည် ဤအရာအားလုံးကို အမြန်ဆုံး အဆုံးသတ်ကာ မစ္စတာလင်ထံသို့ သူ၏ 'အိမ်စာ' ကို သွားရောက် တင်ပြချင်နေမိသည်။ မစ္စတာလင်၏ ချီးကျူးစကားကို ကြားရရန်အတွက် သူသည် မည်သည့်အရာကိုမဆို ပေးဆပ်ရန် အသင့်ရှိနေပေသည်။
.***
အပိုင်း(၄၂၆)
ဝင်စတန်၏ အမိန့်အရ ဆုတ်ခွာနေကြသော သူရဲကောင်းများသည် ဝယ်လ်၏ နယ်ပယ်အတွင်းမှ အသည်းအသန် ထွက်ပြေးနေကြရသည်။ မြေပြင်အက်ကွဲကြောင်းများထဲမှ ထွက်ပေါ်လာသော လက်တံကြီးများက သူရဲကောင်းအချို့ကို ရုတ်တရက် ဖမ်းဆီးကာ လည်ပင်းကို အသာလေး ချိုးပစ်လိုက်ကြ၏။
မနိုးတနိုး ဖြစ်နေသော မေလီဆာသည် ထိုမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေသည်။ ဝင်စတန်မှာ သူမကို ပခုံးပေါ် ထမ်းပိုးကာ အစွမ်းကုန် ပြေးလွှားနေသော်လည်း မိန်းမငယ်လေးမှာ ရုန်းကန်အော်ဟစ်နေတော့သည်။
"ကျွန်မကို ချပေး... ပြန်သွားမယ်... ဂျိုးဇက်က သူရဲကောင်းဆို... ဘာလို့ ကျွန်မတို့က ထွက်ပြေးနေရတာလဲ... ဘာလို့ သူ့ကို မကယ်တာလဲ"
"ငါတို့ ဘာမှ မလုပ်နိုင်ဘူး မေလီဆာ"
ဝင်စတန်က ရင်နင့်စွာ ပြောလိုက်သည်။
"မင်းအဖေကို ကယ်ဖို့ ငါတို့မှာ အင်အားမရှိဘူ... ဒီအရှိန်အဝါဒဏ်ကိုတောင် ငါတို့ မခံနိုင်ဘူး... နားထောင်စမ်း... မင်းအဖေကို လူတိုင်းက သူရဲကောင်းတစ်ယောက်အနေနဲ့ မှတ်မိနေကြမှာပါ..."
"ကျွန်မ အဲ့ဒါကို မလိုချင်ဘူး... သူရဲကောင်းလည်း မဖြစ်ချင်ဘူး... ကျွန်မ အဖေ အသက်ရှင်နေဖို့ပဲ လိုတယ်..."
မေလီဆာက မျက်ရည်များကြားမှ ရှိုက်ကြီးတငင် အော်ဟစ်လိုက်၏။
ဝင်စတန်မှာ ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက်...
"တစ်ခုပဲ ရှိတယ်..."
"ဘာလဲ..."
"စာအုပ်ဆိုင်ပိုင်ရှင်သာ ကူညီမယ်ဆိုရင်ပေါ့..."
"စာအုပ်ဆိုင်... မစ္စတာလင်ကို ပြောတာလား..."
"ဟုတ်တယ်... သူတစ်ယောက်ပဲ မင်းအဖေကို ကယ်နိုင်လိမ့်မယ်... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ကတော့ ဂျိုးဇက်ကို စွန့်လွှတ်လိုက်ပုံရပြီ... အရာအားလုံးကို စောင့်ကြည့်နေတဲ့ စာအုပ်ဆိုင်ပိုင်ရှင်ပဲ မျှော်လင့်ချက် ရှိတော့တယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် မေလီဆာ၏ စိတ်ထဲ၌ လွန်ခဲ့သော လအချို့က မစ္စတာလင် ပြောခဲ့သော စကားများ ပြန်လည် ပဲ့တင်ထပ်လာသည်။
“မင်း အင်အားကို လိုချင်သလား... အမှန်တရားကို သိမြင်ဖို့နဲ့ ဒီနာကျင်မှုကို ခံနိုင်ရည်ရှိမယ်ဆိုရင် ဒီစာအုပ်တွေက တံခါးအားလုံးကို ဖွင့်ပေးမယ့် သော့တွေပဲ...”
ထိုစဉ်က မစ္စတာလင် ပေးခဲ့သော 'တံခါးသော့ - မူလအစ' အမည်ရှိ စာအုပ်ကို သူမ စိတ်ထဲတွင် မြင်ယောင်လာသည်။ သူမသည် ထိုစာအုပ်ကို လှန်လိုက်သကဲ့သို့ ခံစားလိုက်ရပြီး ထူးဆန်းသော စာလုံးများ၊ တားမြစ်ထားသော အသိပညာများက သူမ၏ ဦးနှောက်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာတော့သည်။
မေလီဆာသည် ပြင်းထန်သော နာကျင်မှုကြောင့် ခေါင်းကို အုပ်ကာ အော်ဟစ်မိသည်။ သူမ၏ သိမြင်နားလည်မှုများ ပြိုကွဲပျက်စီးနေပြီး ခန္ဓာကိုယ်သည်လည်း မြေပြင်ပေါ်သို့ ခွေယိုင်ကျသွားတော့သည်။
“မင်း အင်အားကို လိုချင်သလား...”
စာအုပ်ထဲမှ တားမြစ်ထားသော အသိပညာများက သူမ၏ စိတ်အာရုံထဲတွင် မနားတမ်း စီးဆင်းနေသည်။ နာကျင်မှုများက ပို၍ ပြင်းထန်လာသော်လည်း သူမသည် ထိုအလင်းတန်းကို ဆုပ်ကိုင်ရန် ကြိုးစားနေမိသည်။
ဘုတ်...
မေလီဆာသည် မြေပြင်ပေါ်သို့ ခွေယိုင်ကျသွားလေ၏။ သူမ၏ မျက်စိ၊ နား၊ နှာခေါင်း၊ ပါး အပေါက်တိုင်းမှ သွေးများ စိမ့်ထွက်နေသည်မှာ ကြည့်မကောင်းအောင်ပင် ထိတ်လန့်ဖွယ်ရာ အတိ...။ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သော ချွေးများဖြင့် စိုရွှဲကာ တုန်ရီနေသော်လည်း သူမသည် အားတင်း၍ မျက်လုံးကို ဖွင့်လိုက်ပြီး စစ်မြေပြင်၏ ဗဟိုချက်ဆီသို့ လှမ်းကြည့်လိုက်သည်။
မှောင်မိုက်ခြင်းများကြား၌ ဖြူဖွေးသော မီးလျှံတောက်တောက်ကလေးတစ်ခုသည် လင်းလက်နေဆဲပင်။ သေးငယ်လှသော်လည်း ထိုအလင်းစက်သည် လောကတစ်ခုလုံးကို လင်းထိန်သွားစေနိုင်စွမ်း ရှိပုံရပေသည်။
တစ်ချိန်တည်းမှာပင် သူမ၏ မျက်စိရှေ့မှ ကမ္ဘာလောကကြီးမှာ အစိတ်အပိုင်းများအဖြစ် ပြိုကွဲသွားပြီး အသစ်တစ်ဖန် ပြန်လည် စုဖွဲ့လာတော့သည်။ မစ္စတာလင် ပေးခဲ့သော စာအုပ်များထဲမှ တားမြစ်ထားသော ရှေးဟောင်းအက္ခရာများနှင့် မန္တန်ပေါင်းများစွာသည် သူမ၏ အာရုံထဲတွင် တရိပ်ရိပ် ဖြတ်ပြေးနေကြ၏။ ယင်းမှာ သူမ သွားလိုရာ အရပ်သို့ ရောက်ရှိစေနိုင်သည့် တံတားတစ်စင်းနှင့် တူလှသည်။
“မကြောက်ပါနဲ့... ဒါဟာ ဒီတံခါးကို ဖွင့်ဖို့အတွက် မင်းပေးဆပ်ရမယ့် တန်ဖိုးပဲ... အနာဂတ်မှာ ဖြစ်လာမယ့် မင်းက အခုလက်ရှိ မင်းကို ကျေးဇူးတင်နေမှာ သေချာတယ်”
စာအုပ်ဆိုင်ပိုင်ရှင် ပြောခဲ့ဖူးသည့် စကားသံကို သူမ ပြန်လည် ကြားယောင်နေမိသည်။ အတိုင်းအဆမဲ့သော အချိန်နှင့် အကန့်အသတ်ရှိသော ကံကြမ္မာတို့သည် ဤအခိုက်အတန့်တွင် ထပ်တူကျသွားကြ၏။ မှောင်မှိုင်သော ထိုစာအုပ်ဆိုင်အတွင်း၌ သူမ၏ ကံကြမ္မာသည် ပြောင်းလဲခဲ့ရလေပြီ။ သူမ၏ အတွင်းသရုပ် ဝိညာဉ်အနှစ်သာရကို အတင်းအဓမ္မ တူးဖော်ခံခဲ့ရပြီး ထူးဆန်းသော 'ဟင်းလင်းပြင် ဒြပ်စင်' များဖြင့် အစားထိုးကာ အရာခပ်သိမ်း၏ အခြေခံအုတ်မြစ်အဖြစ် ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်မှစ၍ သူမသည် အလိုရှိပါက မိမိလိုအပ်သော မည်သည့်စွမ်းရည်ကိုမဆို ချက်ချင်း လက်ငင်း အရယူနိုင်စွမ်း ရှိသွားခဲ့သည်။ သို့သော် ထိုအစွမ်းမှာ 'သူရဲကောင်း' ဟူသော အယူအဆနှင့် ပတ်သက်သည့် အရာများတွင်သာ ကန့်သတ်ချက် ရှိပေသည်။
မေလီဆာ၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမ၏ အမြင်အာရုံသည်လည်း တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ ပြိုကွဲသွားသော ကမ္ဘာနှင့် လက်ရှိကမ္ဘာတို့မှာ တစ်ခုနှင့်တစ်ခု ထပ်တူကျသွားပြီးနောက် မီတာထောင်ပေါင်းများစွာ အကွာတွင် တိုက်ပွဲဝင်နေသော သူမ၏ ဖခင်ထံသို့ သူမ၏ အကြည့်များ ရောက်ရှိသွားတော့သည်။
သူမ အလေးစားဆုံးနှင့် အားကိုးရဆုံးဖြစ်သော ဖခင်သည် 'နိယာမ အစွမ်းကို မရရှိသေးသော်လည်း သူ၏ ဝိညာဉ်အနှစ်သာရမှာမူ အခရာ အဆင့် သို့ ဖောက်ထွက် ရောက်ရှိနေပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် သူသည် 'သူရဲကောင်း' ဟူသော အယူအဆတွင် အမြင့်မြတ်ဆုံးသော တည်ရှိမှုပင် ဖြစ်၏။
ဖခင်ဖြစ်သူကို မြင်လိုက်ရသည့် ခဏ၌ပင် 'တံခါးသော့' ၏ အစွမ်းမှာ ပွင့်ထွက်သွားတော့သည်။ ပတ်ဝန်းကျင်မှ ပြိုကွဲနေသော ကမ္ဘာကြီးမှာ ဗရပွေဖြစ်နေရာမှ 'ဂျိုးဇက်' ဟူသော အမည်နာမအောက်တွင် စနစ်တကျ ပြန်လည် စုဖွဲ့လာသည်။
ဂျိုးဇက်သည် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် သို့ ပါရမီရှင် လူငယ်တစ်ဦးအဖြစ် စတင်ဝင်ရောက်လာချိန်မှစ၍ သူ ပထမဆုံး ထမ်းဆောင်ခဲ့သော တာဝန်၊ သူ ကယ်တင်ခဲ့သော လူသားများ၊ သူ နှိမ်နင်းခဲ့သော ရန်သူများ၊ သူ၏ ခေါင်းမာမှုကြောင့် အထက်လူကြီးများ၏ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရပုံများ... သူ၏ ဘဝနိမ့်တက် အနိမ့်အမြင့်များနှင့် ယခုလက်ရှိ အခြေအနေသို့ ရောက်အောင် လျှောက်လှမ်းခဲ့သော ခြေလှမ်းတိုင်းကို မေလီဆာ အတိုင်းသား မြင်တွေ့လိုက်ရသည်။
ဖခင်၏ ဘဝဖြစ်စဉ်များမှာ သူမ၏ မျက်စိရှေ့တွင် ဓာတ်ပုံကားချပ်များအလား တဖျတ်ဖျတ် ပေါ်လာတော့သည်။ သူမသည် 'တံခါး' ကို ဖွင့်လိုက်သည်နှင့် ဖခင်၏ အတိတ်သမိုင်းကြောင်းအားလုံးသည် သူမ၏ စိတ်ထဲသို့ အလုံးအရင်းနှင့် စီးဝင်လာသည်။
'စွန့်လွှတ်အနစ်နာခံခြင်း...'
ဤစကားလုံးတစ်လုံးတည်းဖြင့်ပင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ၏ ရောင်စဉ် သူရဲကောင်းကြီး၏ ဘဝကို အနှစ်ချုပ်နိုင်ပေသည်။ သူသည် မိမိကိုယ်မိမိ အမြဲတစေ စွန့်လွှတ်အနစ်နာခံခဲ့သူ ဖြစ်သည်။ အချိန်ကိုလည်းကောင်း၊ စိတ်ကူးအိပ်မက်များကို လည်းကောင်း၊ သူငယ်ချင်းများနှင့် မိမိ၏ ခန္ဓာကိုယ်ကိုလည်းကောင်း... အရာခပ်သိမ်းကို သူ စွန့်လွှတ်ခဲ့သည်။
ဂျိုးဇက်သည် မီးရှူးတိုင်တစ်ခုနှင့် တူလှသည်။ သူကိုယ်တိုင်မှာ အလင်းမဟုတ်သော်လည်း အခြားသူများအတွက် အလင်းပေးနိုင်ရန် မိမိကိုယ်မိမိ အမြဲတစေ လောင်မြိုက်နေသူ ဖြစ်၏။ အပြင်ပန်းတွင် အေးစက်ခက်ထန်နေသော်လည်း အတွင်းစိတ်မှာမူ တစ်ပါးသူအတွက်ဆိုလျှင် မိမိ၏ နှလုံးသားကို ထုတ်ပေးရသည်အထိ ပူလောင်ပြင်းပြနေသူ ဖြစ်သည်။ ပြာအဖြစ်သို့ ပြောင်းလဲသွားသည့်တိုင်အောင် ကျန်ရှိနေသော အပူငွေ့ဖြင့် အခြားသူများကို နွေးထွေးစေမည့်သူပင်။ ထို့ကြောင့်လည်း လူပေါင်းများစွာက သူ့ကို ကြည်ညိုလေးစားခဲ့ခြင်း မဟုတ်ပါလော။
"လောင်မြိုက်ခြင်း..."
မေလီဆာက ထူးဆန်းစွာ တည်ငြိမ်နေသော လေသံဖြင့် ရေရွတ်လိုက်၏။
"ဘာ... ဘာပြောတာလဲ..."
ဝင်စတန်မှာ ကြောင်တောင်တောင် ဖြစ်သွားသည်။ မေလီဆာကို ထူပေးလိုက်ချိန်တွင် ထိုဆံပင်နီနီနှင့် မိန်းကလေး၏ မျက်လုံးများမှာ ရုတ်တရက် ဝင်းလက်တောက်ပလာသည်ကို သူ မြင်လိုက်ရ၏။ ထိုအခိုက်အတန့်၌ လျှပ်စီးအပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် ဝင်စတန် ထိုမိန်းကလေး၏ လက်ကို ပို၍ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။
အခရာ အဆင့် မည်သည့် တည်ရှိမှုမဆို ကမ္ဘာလောက၏ နိယာမများကို ပြောင်းလဲပစ်နိုင်သည့် ကိုယ်ပိုင်နယ်ပယ် တစ်ခုစီ ရှိကြသည်။ ယခုလက်ရှိ ဝယ်လ်၌ 'နိဂုံး' ဟူသော နိယာမ ရှိနေသကဲ့သို့ပင်။ ဂျိုးဇက်တွင်လည်း သူ၏ ကိုယ်ပိုင်နိယာမ ရှိသော်လည်း ထိုအယူအဆများမှာ သူ၏ ပတ်ဝန်းကျင်တွင် လွင့်မျောနေဆဲသာ ရှိသေးပြီး နယ်ပယ်တစ်ခုအဖြစ် စုစည်းနိုင်ခြင်း မရှိသေးချေ။
သို့သော်... ထိုနိယာမများကို ဆွဲယူအသုံးချ၍ ရနိုင်ပေသည်။
"ကျွန်မပြောတာက... အဖေ့ရဲ့ နယ်ပယ်ဟာ 'လောင်မြိုက်ခြင်း' ပဲ လို့ ပြောတာ"
မေလီဆာ ဓားကို ဆွဲထုတ်လိုက်ရင်း ဝင်စတန်ကို အသာအယာ တွန်းဖယ်ကာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ ဝင်စတန်၏ စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်များ ပိုမို ပြင်းထန်လာသဖြင့် သူမကို ဆွဲထားရန် ကြိုးစားလိုက်၏။
"မင်း ဒါတွေကို ဘယ်လို သိနေတာလဲ..."
"ရှင် ခုနကပဲ ပြောတယ်လေ... မစ္စတာလင် တစ်ယောက်ပဲ ကူညီနိုင်မယ်လို့... ဟား... မစ္စတာလင်က တကယ်ပဲ ကူညီခဲ့တာပဲ၊ ဒါပေမဲ့ ကျွန်မ အခုမှ အမှတ်ရတော့တယ်..."
မေလီဆာသည် မိမိကိုယ်မိမိ လှောင်ပြုံးပြုံးရင်း အိပ်မက်မှ နိုးလာသူတစ်ဦးကဲ့သို့ ရေရွတ်လိုက်သည်။
"သူ အဲ့ဒီတုန်းက ကျွန်မကို ဒီစာအုပ်တွေ ပေးခဲ့တာက ဒီနေ့မှာ အဖေ့ကို ကျွန်မ ကူညီနိုင်ဖို့အတွက်ပဲ... သူ ပြောတာ မှန်တယ်... အနာဂတ်က ကျွန်မဟာ အခုလက်ရှိ ကျွန်မကို ကျေးဇူးတင်နေမိပြီ..."
သူမ စစ်မြေပြင်၏ ဗဟိုချက်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူကာ "ကျေးဇူးတင်ပါတယ်" ဟူ၍ တိုးတိုးလေး ရေရွတ်လိုက်လေ၏။
ဝင်စတန်မှာ မေလီဆာ ဘာလုပ်တော့မည်မှန်း ရိပ်မိသွားကာ ရိပ်မိသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
"မလုပ်နဲ့..."
"ကျွန်မ အဖေ့ကို သွားကယ်ရမယ်..."
မေလီဆာ နှစ်ချက်မျှ ချောင်းဆိုးလိုက်ပြီး ပါးစပ်ထောင့်မှ သွေးစများကို သုတ်လိုက်၏။ ထို့နောက် ဝင်စတန်ကို ကြည့်ကာ ခိုင်မာသော လေသံဖြင့် ပြောလိုက်၏။
"အဖေ စွန့်လွှတ်အနစ်နာခံပြီး ကယ်ခဲ့တဲ့သူတွေထဲက တစ်ယောက်မှ အခုအချိန်အထိ အဖေ့ကို ပြန်ကယ်ဖို့ ပေါ်မလာကြသေးဘူး... ဒါကြောင့် အခု... အခုတော့ ကျွန်မကပဲ သူ့ကို သွားကယ်မယ်... အဖေ့ကို တစ်ခါမှ နားမလည်ပေးနိုင်ခဲ့တဲ့ သမီးက အဖေ့ကို ပြန်ကယ်ပေးမယ်... ဒါဟာ ဖြစ်သင့်တဲ့ အရာပဲ မဟုတ်လား..."
မိန်းကလေး၏ ပြာလွင်သော မျက်လုံးများသည် ဖခင်၏ ဘဝဖြစ်စဉ်များကို ထိုးဖောက်မြင်ရုံသာမက အရာအားလုံးကို ပြိုကွဲဆန်းစစ်နိုင်စွမ်း ရှိနေသည်။ ယခုအခါတွင် သူမသည် 'သော့' ကို အသုံးပြု၍ ဖခင်ဖြစ်သူ မပြီးဆုံးသေးသော နယ်ပယ်ကို နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။ အခရာ အဆင့် ရှိသော နိယာမများမှာ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် စတင်ဖြစ်ပေါ်လာတော့သည်။
သို့သော် တစ်ချိန်တည်းမှာပင် ငရဲဘုံ အဆင့် သာ ရှိသော သူမ၏ ခန္ဓာကိုယ်မှာ ထိုမျှကြီးမားသော အင်အားကို တောင့်ခံနိုင်စွမ်း မရှိချေ။ ထိုအစွမ်းကို စတင်အသုံးပြုလိုက်သည်နှင့်...
***