← Chapters

အခန်း (၄၂၇-၄၂၈)

Vol. 31 Ch. 427-428

အခန်း (၄၂၇-၄၂၈)

Vol. 31 Ch. 427-428

အပိုင်း(၄၂၇)

ဝုန်း...

ပြင်းထန်သော မီးလျှံများက မေလီဆာကို ချက်ချင်း ဝန်းရံသွားပြီး သူမ၏ ဒဏ်ရာများမှာလည်း ချက်ချင်းပင် ပြန်လည် ကျန်းမာလာတော့သည်။ တစ်ချိန်တည်းမှာပင် ကြီးမားလှသော စွမ်းအားများက သူမ၏ ခန္ဓာကိုယ်ကို စုတ်ဖြတ်ပစ်တော့မည့်အလား ဖြစ်လာပြီး ပုံပန်းသဏ္ဌာန်ပင် မှတ်မိနိုင်စွမ်း မရှိတော့ချေ။

"မေလီဆာ..."

ဝင်စတန်၏ ထိတ်လန့်တကြား အော်ဟစ်သံများကြားမှပင် ထိုမိန်းကလေးသည် အရာအားလုံးကို ရုန်းထွက်လိုက်၏။ သူမသည် ဖခင်၏ မပြီးဆုံးသေးသော အစွမ်းများကို သယ်ဆောင်လျက် မှောင်မိုက်နေသော စစ်မြေပြင်ကြီးကို ဖြတ်သန်းကာ အလင်းတန်းတစ်ခုအဖြစ် ပစ်ဝင်သွားတော့သည်။

“…”

ဝင်စတန် တစ်ယောက် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ဘဲ လေထဲသို့သာ လက်လှမ်းမိလိုက်သည်။ သူ၏ လက်ချောင်းထိပ်ကလေးများမှာ မိန်းကလေး၏ ဆံပင်နီနီများကို အနည်းငယ်မျှသာ ထိတွေ့လိုက်ရုံမျှသာ ကျန်ရစ်ခဲ့၏။

“မေလီဆာ...”

ဝင်စတန်သည် သူမနောက်သို့ အော်ဟစ်ကာ လိုက်ရန် ကြိုးစားသော်လည်း မြေပြင်မှ ရုန်းကြွလာသော အသားမျှင်လက်တံကြီးများက သူ့ လမ်းကို ပိတ်ဆို့ထားသဖြင့် ထိုအရာများကို ဦးစွာ ရင်ဆိုင်နေရတော့သည်။

ထို့ပြင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခုမှာ... ရွှံ့နွံထူထပ်သော မြေပြင်ပေါ်မှ လူသားပုံသဏ္ဌာန်များ ထွက်ပေါ်လာပြီး သက်ရှိထင်ရှားရှိသူများကို အငြိုးတကြီး လိုက်လံတိုက်ခိုက်လာခြင်းပင် ဖြစ်သည်။ ယင်းတို့မှာ သေဆုံးသွားခဲ့ကြသော ‘အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းဝင်’ များ၏ ဝိညာဉ် အကြွင်းအကျန်များနှင့် နာကျည်းမှုများ ဖြစ်ကြပြီး ယခုအခါ အခရာအဆင့်သို့ ရောက်ရှိသွားသော ဝယ်လ်က ထိုအရာများကို ရုပ်လုံးပြန်ဖော်ပေးထားခြင်း ဖြစ်သည်။

“ချီး... အမင်္ဂလာပဲကွာ...”

ဝင်စတန် တစ်ယောက် မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။ ထိုဝိညာဉ်ဆိုးများကို သူ သတ်ဖြတ်လိုက်သော်လည်း မေလီဆာ ရှင်းလင်းသွားခဲ့သော လမ်းကြောင်းမှာ ယခုအခါ လက်တံကြီးများဖြင့် ပြန်လည် ပိတ်ဆို့သွားခဲ့ပြီဖြစ်ရာ တဖြည်းဖြည်း ကျယ်ပြန့်လာသော နယ်ပယ်ကြီးမှာလည်း သူ့ထံသို့ နီးကပ်လာနေပြီ ဖြစ်သည်။

အဝေးတစ်နေရာမှ သေးငယ်သော မီးစကလေးသည် ဝန်းရံထားသော ရန်သူများကြား၌ မဆုတ်မနစ် တိုးဝင်နေသည်ကို သူ မတတ်သာဘဲ ငေးကြည့်နေမိရုံသာ တတ်နိုင်တော့သည်။

ဝင်စတန် အသက်ကို ပြင်းပြင်းရှူလိုက်ရင်း ဤအခြေအနေမှာ အလွန်ပင် ရယ်စရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။

“ဒီသားအဖကတော့... တကယ်ကို တစ်ပုံစံတည်းပဲ... ငါ ဂရုမစိုက်တော့ဘူး... ကမ္ဘာကြီးကို ကယ်ချင်ရင်လည်း ကယ်ကြတော့... ဒီလောက်တောင် သေချင်ဇော ပြင်းနေကြတာ...”

သူ ကျိန်ဆဲရင်း လှည့်ထွက်သွားရန် ပြင်လိုက်သော်လည်း ခြေလှမ်းနှစ်လှမ်းမျှ အရောက်တွင်မူ နောက်သို့ မကြည့်ဘဲ မနေနိုင်ခဲ့ချေ။

‘အသက်ရှင်လျက် ပြန်လာခဲ့ကြပါစေ...’

...

မေလီဆာ မိမိ၏ ဓားကို တင်းတင်းဆုပ်ကိုင်ထားရင်း တရိပ်ရိပ် ပြောင်းလဲနေသော မြင်ကွင်းများကို တစ်ချက်မျှ မလွဲစေရန် အာရုံစိုက်ထားသည်။

သူမ၏ အကြည့်မှာ မှောင်မိုက်ခြင်းကြားမှ ဖြူဖွေးသော မီးလျှံကလေးဆီသို့သာ စိုက်ကြည့်ထား၏။ ရှေ့သို့ တိုးဝင်လာသည်နှင့်အမျှ သူမသည် လမ်းတွင် ပိတ်ဆို့နေသော အဟန့်အတားအားလုံးကို ချိုးဖျက်ပစ်ခဲ့ရာ မှောင်မိုက်သော ကမ္ဘာကြီးတွင် ထင်ရှားသော မီးတောက်လမ်းကြောင်းတစ်ခု ထင်ကျန်ရစ်ခဲ့တော့သည်။

ဂျိုးဇက်၏ သန့်စင်သော အဖြူရောင် မီးလျှံများနှင့် ခြားနားစွာပင် မေလီဆာ၏ ခန္ဓာကိုယ်ပေါ်မှ တောက်လောင်နေသော မီးလျှံများမှာ နေဝင်ဆည်းဆာ၏ ရောင်စဉ်များကဲ့သို့ နီမြန်းနေ၏။ ထိုအရောင်မှာ သူမ၏ ဆံပင်မှ လာသည်လော၊ အီသာစွမ်းအင်မှ လာသည်လော သို့မဟုတ် တဖြည်းဖြည်း ကုန်ဆုံးနေသော သူမ၏ သက်တမ်းမှ လာသည်လော ဆိုသည်ကို ခွဲခြားနိုင်ရန် မစွမ်းသာတော့ချေ။

ဂျွတ်... ဂျွတ်...

မေလီဆာသည် သူမ၏ အရိုးများ ကျိုးကြေသံနှင့် အရေပြားများ ပေါက်ကွဲထွက်နေသည့် အသံများကို ကြားနေရသည်။ ဤသည်မှာ သာမန်လူသားတစ်ဦး၏ စိတ်ဓာတ်ဖြင့် ခံနိုင်ရည်ရှိနိုင်သော နာကျင်မှုမျိုး မဟုတ်ချေ။ သူမသည် မိမိကိုယ်မိမိ လောင်ကျွမ်းနေသဖြင့် သွားများ ရှိ၊ မရှိပင် မသိတော့သော်လည်း အံကို တင်းတင်းကြိတ်ကာ အစွမ်းကုန် အားထုတ်ထားရသည်။

တစ်ချိန်တည်းမှာပင် ‘တံခါးသော့’ မှတစ်ဆင့် သူမ ရရှိထားသော နိယာမများမှာ ပို၍ ထင်ရှားလာခဲ့သည်။

နယ်ပယ်အသစ်တစ်ခုကို ဖန်တီးရန်မှာ နားလည်သဘောပေါက်မှုနှင့် တည်ဆောက်မှုတို့ လိုအပ်ရာ အခရာအဆင့်ရှိသူများအတွက်ပင် ရှည်လျားသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ သို့သော် ဤတိုက်ပွဲအတွင်း ဝယ်လ်သည် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းဝင်များ၏ သေဆုံးမှုနှင့် စွန့်လွှတ်မှုများမှတစ်ဆင့် ‘နိဂုံး’ ဟူသော အသိကို လုံလောက်စွာ ရရှိခဲ့သဖြင့် အသာစီးရနေခြင်း ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ဂျိုးဇက်မှာမူ နောက်ဆုံးလိုအပ်နေသော ပဟေဠိ အစိတ်အပိုင်းကလေးတစ်ခု လိုအပ်နေဆဲ ဖြစ်သည်။ ယခုအခါတွင် အသိပညာ၏ အရင်းအမြစ်များကို ပိုင်စိုးထားပြီး ထူးကဲသော သင်ယူနိုင်စွမ်းရှိသည့် မေလီဆာသည် ‘သူရဲကောင်း’ ဟူသော အယူအဆ၏ အထွတ်အထိပ်တွင် ရှိနေသည့် သူမ၏ ဖခင်ထံမှ ထိုနောက်ဆုံးပဟေဠိအပိုင်းအစကို ရရှိသွားခဲ့ပြီ ဖြစ်သည်။

‘အခု ငါလုပ်ရမှာက... ဒီနားလည်မှုကို အဖေ့ဆီ ပို့ပေးဖို့ပဲ...’

မေလီဆာ တွေးလိုက်မိသည်။ ဝယ်လ်၏ အသစ်စက်စက် နယ်ပယ်မှာ စစ်မြေပြင်တစ်ခုလုံးနီးပါးကို လွှမ်းခြုံသွားခဲ့ပြီ ဖြစ်ရာ အိပ်မက်ဖန်တီးစက်များ၏ အတားအဆီးတံတိုင်းဆီသို့ပင် ရောက်ရှိတော့မည် ဖြစ်သည်။

ထိုနယ်ပယ်သည် အစွန်းအထိ ရောက်ရှိသွားသည်နှင့် အတားအဆီးများ ပြိုလဲသွားကာ အိပ်မက်ဖန်တီးစက်များပါ ပျက်စီးသွားလိမ့်မည်။ နိယာမ တစ်ခု၏ ဖိစီးမှုကြောင့် နော်ဇင်မြို့ကြီးသာမက လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်ပါ ပျက်သုဉ်းခြင်းဘေးနှင့် ရင်ဆိုင်ရပေလိမ့်မည်။

သံသယဖြစ်ဖွယ် မရှိအောင်ပင် အဆင့်မြင့် အခရာအဆင့် တစ်ဦးအနေဖြင့် ဝယ်လ်၏ အင်အားမှာ ကောင်းကင်ယံကိုပင် တုန်ဟည်းစေနိုင်သည်။

“လက်လျှော့လိုက်စမ်းပါ ဂျိုးဇက်ရယ်...”

အထက်ကောင်းကင်ရှိ ဧရာမ ခန္ဓာကိုယ်ကြီးပေါ်မှ ဝယ်လ်၏ မျက်နှာကြီးမှာ လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။ ဘေးပတ်ပတ်လည်မှ လှုပ်ရှားနေသော နက်မှောင်သော လက်တံကြီးများမှာ ကြည့်မကောင်းအောင်ပင် ရုပ်ဆိုးလှသည်။

သူ၏ အသံမှာ စစ်မြေပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။

“မင်းလည်း သိတာပဲ... ငါတို့ နှစ်ယောက်လုံးဟာ မစ္စတာလင်ရဲ့ ရွေးချယ်ခြင်းကို ခံထားရသူတွေပဲ... ဒါက ငါတို့ရဲ့ ကံကြမ္မာပဲပေါ့... အမိဝမ်းထဲမှာ အာဟာရအတွက် လုယူနေရတဲ့ အမြွှာညီအစ်ကိုတွေလိုပဲ၊ ငါတို့ထဲက တစ်ယောက်ပဲ ဒီစစ်မြေပြင်ကနေ အသက်ရှင်လျက် ထွက်သွားနိုင်မှာ...”

“ငါတို့ကို ဒီမှာဆုံအောင် ဖန်တီးခဲ့တဲ့ မစ္စတာလင်ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်... ငါတို့ထဲက တစ်ယောက်က ‘အခရာ’ အဆင့် အဖြစ် ထွန်းတောက်လာဖို့ပေါ့”

ဝုန်း... ဝုန်း... ဝုန်း...

ဝယ်လ်၏ ဧရာမ ခန္ဓာကိုယ်ကြီး ပတ်လည်တွင် ဖြူဖွေးသော မီးလျှံများမှာ အဆက်မပြတ် ပွင့်ထွက်ကာ ပေါက်ကွဲနေကြ၏။ အဝေးမှ ကြည့်လျှင် သေးငယ်သော ကြယ်ကလေးများ ကြွေလွင့်ပျက်စီးနေသည့် အလားပင်။ ယင်းမှာ ဂျိုးဇက်၏ အီသာစွမ်းအင်နှင့် ဝယ်လ်၏ ‘နိဂုံး’ နိယာမတို့ ထိပ်တိုက်တွေ့နေသည့် အလင်းရောင်ပင် ဖြစ်သည်။

ဟူး... ဟူး...

ဂျိုးဇက်၏ ခန္ဓာကိုယ်အနှံ့တွင် အကြောများမှာ ဖောင်းကြွနေပြီး ကြွက်သားတိုင်းမှာ အစွမ်းကုန် တင်းမာနေသည်။ သူ အရှိန်ပြင်းပြင်းဖြင့် လှုပ်ရှားကာ မလဲနိုင်သော ဘီလူးကြီးတစ်ဦးအလား ဝယ်လ်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို အဆက်မပြတ် ပိုင်းဖြတ်နေသော်လည်း တစ်ဖက်တွင်မူ လေထဲ၌ လွင့်နေသော ဖယောင်းတိုင်မီးအလား အချိန်မရွေး ငြိမ်းသတ်ခြင်း ခံရတော့မည့် အခြေအနေတွင် ရှိနေသည်။

မစ္စတာလင်၏ အမည်ကို ကြားလိုက်ရချိန်တွင် ဂျိုးဇက်သည် ခေါင်းမော့ကြည့်လိုက်၏။ သူ၏ အကြည့်မှာ ဝယ်လ်၏ မျက်နှာကို ထိုးစိုက်မည့် ဓားတစ်စင်းအလား ထက်မြက်လှပေသည်။

“ဒါပေမဲ့ ငါတို့ကြားမှာ ကွာခြားချက်တစ်ခုတော့ ရှိတယ်”

ဝယ်လ်က တဟားဟား ရယ်မောရင်း ဆက်ပြောလိုက်သည်။

“မစ္စတာလင်က ငါ့ကို သူ့ရဲ့ ဧဝံဂေလိတရားကို ပြန့်ပွားစေဖို့ ရွေးချယ်ခဲ့တာ... မင်းကိုတော့ ငါ့အတွက် ‘စမ်းသပ်ချက်’ တစ်ခုအဖြစ်ပဲ ရွေးချယ်ခဲ့တာပေါ့...”

“ဒါဟာ ငါ့ရဲ့ အတိတ်က အားနည်းချက်တွေကို ကျော်လွှားဖို့ စမ်းသပ်မှုတစ်ခုပဲ... အတိတ်က ငါ့ရဲ့ မရင်ကျက်သေးတဲ့ ကြောက်ရွံ့မှုတွေကို အနိုင်ယူလိုက်နိုင်မှသာ ငါ ပိုပြီး ကြီးထွားလာနိုင်မှာ... မင်းလည်း အဲ့ဒီလို မထင်ဘူးလား ဂျိုးဇက်...”

ဘုန်း...

ဂျိုးဇက် တစ်ယောက် ဧရာမ လက်တံကြီးတစ်ခု၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး လွင့်ထွက်သွားရာ မြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေး လိမ့်ကျသွားတော့သည်။ နောက်ဆုံးတွင် သူ၏ ဓားကို မြေကြီးထဲသို့ ထိုးစိုက်ကာ အရှိန်သတ်လိုက်ရ၏။

ရောင်စဉ် သူရဲကောင်းကြီးမှာ မိမိ၏ ဓားကို မြှောက်ကိုင်လိုက်ပြီး ဝယ်လ်ကို တည်ငြိမ်စွာ စိုက်ကြည့်ကာ နောက်တစ်ကြိမ် တိုးဝင်လိုက်ပြန်သည်။

“မင်းရဲ့ မျက်လုံးတွေက တကယ်ကို ကြည့်ကောင်းတာပဲ...”

ဝယ်လ်က ရယ်မောလိုက်သည်။

“ငါ့ကို သေစေချင်သလား... ဒါဆိုရင်လည်း လာခဲ့လေ... ငါ မင်းကို အကုန်အစင် သတ်ပစ်မှာ မဟုတ်ဘူး... အဲ့ဒီအစား မင်းကို ငါ ဝါးမြိုပြီး ငါ့အတွက် အာဟာရဖြစ်အောင် လုပ်ပစ်မယ်... ဒီမိစ္ဆာကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာစေရမယ်”

သူ ဂျိုးဇက်ကို ကောင်းစွာ သိသည်။ ဤသို့သော ရလဒ်မှာ ဂျိုးဇက်အတွက် သေခြင်းတရားထက် ပို၍ နာကျင်စေမည်ဖြစ်ပြီး သူရဲကောင်း လူအိုကြီးကို အစွမ်းကုန် ရုန်းကန်လာစေရန် လှုံ့ဆော်လိုက်ခြင်းပင် ဖြစ်သည်။

ဤသို့သော လုပ်ရပ်မျိုးမှာ ဝယ်လ်၏ ထုံးစံအတိုင်း သတိကြီးစွာဖြင့် လုပ်ကိုင်တတ်သော ပုံစံနှင့် ကွဲပြားနေသည်။ သို့သော် အောင်ပွဲမှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီး အဆမတန် ကြီးထွားလာသော အင်အားကြောင့် ဝယ်လ်၏ စိတ်ဓာတ်မှာ အနည်းငယ် ပြောင်းလဲသွားပုံရသည်။

အခြားတစ်ဖက်တွင်မူ...

ဝယ်လ်သည် စစ်မြေပြင်တစ်ခုလုံးကို တစ်ကျော့ပြန် ကြည့်ရှုစစ်ဆေးလိုက်၏။ သူ၏ ‘နိဂုံး’ နယ်ပယ် သက်ရောက်သမျှ နေရာတိုင်းမှာ နောက်ဆုံးအချိန်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ အရာခပ်သိမ်းသည် ပျက်စီးခြင်းနှင့် ပြိုကွဲခြင်းဆီသို့သာ ဦးတည်နေကြရသည်။

‘အရာအားလုံးဟာ ငါ့လက်ခုပ်ထဲမှာပဲ...’

***

အပိုင်း(၄၂၈)

‘အရာအားလုံးဟာ ငါ့လက်ခုပ်ထဲမှာပဲ...’

ဝယ်လ် ထိုသို့ တွေးနေစဉ်မှာပင် သူ၏ မျက်မှောင်ကို ရုတ်တရက် ကြုတ်လိုက်မိသည်။ ‘နိဂုံး’ နယ်ပယ်၏ မှောင်မိုက်ခြင်းများကြား၌ နီမြန်းသော မီးလျှံကလေးတစ်ခု၏ အရိပ်အယောင် ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။

ထိုမီးတောက်ကလေးမှာ အားနည်းလှသော်လည်း ငြိမ်းသတ်၍ မရနိုင်ဘဲ ရှိနေသည်။ မီးစပွင့်ကလေးများမှာ မီးစာများအလား လျင်မြန်စွာ ကူးစက်လောင်မြိုက်လျက် ဤနေရာဆီသို့ တိုးဝင်လာနေလေ၏။

“ဒါက...”

မိမိ၏ နယ်ပယ်အတွင်း၌ ဝယ်လ်သည် အရာခပ်သိမ်းကို ထိုးဖောက်သိမြင်နေသူ ဖြစ်သည်။ သူ ပတ်ဝန်းကျင်ရှိ အခြေအနေအရပ်ရပ်ကို အာရုံခံနိုင်သလို အရာအားလုံးကိုလည်း စိတ်တိုင်းကျ ထိန်းချုပ်ထားနိုင်၏။ သို့သော် ထိုမီးစပွင့်ကလေးများကိုမူ သူ မည်သို့မျှ နှောင့်ယှက်ဟန့်တား၍ မရနိုင်ကြောင်း သတိပြုမိသွားသည်။

ဝယ်လ် မျက်မှောင်ကြုတ်၍ အသေအချာ စိုက်ကြည့်လိုက်သောအခါ ‘နိဂုံး’ နိယာမ၏ ချိပ်ပိတ်မှုကို ဖောက်ထွက်ပြီး သူ့ထံသို့ တိုးဝင်လာနေသော ဒဏ်ရာဗရပွနှင့် လောင်မြိုက်နေသည့် မိန်းကလေးတစ်ဦး၏ ပုံရိပ်ကို မြင်လိုက်ရသည်။

ဂျိုးဇက်ရဲ့... သမီး မေလီဆာလား...

ဝယ်လ်၏ သူငယ်အိမ်တို့ ကျုံ့သွားလေ၏။ သူ ပတ်ဝန်းကျင်ရှိ ‘နိဂုံး’ အရှိန်အဝါများကို စုစည်းကာ ထိုမိန်းကလေးအား ဖိနှိပ်ပစ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ နယ်ပယ်မှာ ထိုမိန်းကလေးအပေါ် သက်ရောက်မှု မရှိသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရ၏။

‘မဖြစ်နိုင်တာ... ဒါက ဘာလဲ... ဒါ ဂျိုးဇက်ရဲ့ ‘နိယာမ’ အရှိန်အဝါ မဟုတ်လား...’

ဝယ်လ်သည် အမှန်တကယ် ဘာဖြစ်နေသည်ကို အတိအကျ မသိသော်လည်း ထိုမိန်းကလေးကို ဂျိုးဇက်နှင့် လုံးဝ အထိတွေ့မခံသင့်ကြောင်းကိုမူ ချက်ချင်း နားလည်လိုက်သည်။

ခဏချင်းမှာပင် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် မဟူရာ အမှောင်ထုလှိုင်းကြီးမှာ မေလီဆာထံသို့ အလုံးအရင်းနှင့် ပြေးဝင်သွားတော့သည်။ ထိုအမှောင်ထုသည် ‘နိဂုံး’ နယ်ပယ်၏ ကိုယ်စားလှယ်ဖြစ်ရာ အစွယ်တငေါငေါနှင့် ဘီလူးသရဲများအလား၊ ကျိုင်းကောင်အုပ်ကြီးအလား နေရာအနှံ့ ပျံ့နှံ့သွားပြီး မီးလျှံများကို ဝါးမြိုကာ အလင်းရောင်ကို ငြိမ်းသတ်ရန် ကြိုးစားတော့သည်။

သို့သော်ငြားလည်း...

အမှောင်စီးကြောင်းများမှာ မေလီဆာကို ကျောက်စရစ်ခဲလေးတစ်ခုနှယ် ဝန်းရံသွားသော်လည်း နောက်တစ်စက္ကန့်၌ အမှောင်ထု၏ မျက်နှာပြင်ပေါ်တွင် အပူငွေ့များ ထွက်ပေါ်နေသော အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကွဲကြောင်းမှာ တဖြည်းဖြည်း ကျယ်ပြန့်လာပြီးနောက် ပြင်းထန်သော မီးလျှံစီးကြောင်းကြီး တစ်ခု ပေါက်ကွဲထွက်လာတော့သည်။

ဝုန်း...

အရာအားလုံးကို သုညဖြစ်စေနိုင်သော ဝယ်လ်၏ ‘နိဂုံး’ နယ်ပယ်သည် ဥခွံတစ်ခုကဲ့သို့ ကွဲအက်သွားပြီး ထိုအက်ကြောင်းကြားမှ မီးလျှံများ ပွင့်ထွက်လာခဲ့ပြီ ဖြစ်သည်။

တောက်လောင်နေသော မီးလျှံများကြား၌ မေလီဆာ၏ နီမြန်းသော ဆံပင်တို့မှာ တဖျတ်ဖျတ် လွင့်ခါနေပြီး ငရဲမီးကြားတွင် ပွင့်လန်းနေသော ကြာနီတစ်ပွင့်အလား ထင်မှတ်ရသည်။ သူမ၏ ပတ်ဝန်းကျင်တွင် ဘဝ တစ်သက်တာ၏ အလင်းစက်ကလေးများမှာ ဝဲလည်နေကြရာ ပိန်းပိတ်အောင် မှောင်နေသော နောက်ခံကားချပ်နှင့် လားလားမျှ မသက်ဆိုင်အောင်ပင်။

သူမ၏ အရေပြားများမှာ ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း မီးလုံးကြီးတစ်ခုအဖြစ်သို့ ကူးပြောင်းသွားခဲ့လေပြီ။ သို့သော် ထိုမိန်းကလေး၏ မျက်နှာမှာမူ ယခင်ကကဲ့သို့ပင် လှပနေဆဲဖြစ်ကာ သူမ၏ စိမ်းလဲ့သော မျက်ဝန်းအစုံမှာလည်း ကျောက်မျက်ရတနာများကဲ့သို့ တောက်ပကြည်လင်နေဆဲပင်။

“မေလီဆာ...”

နောက်တစ်ကြိမ် လွင့်ထွက်သွားရာမှ ဓားကို အားပြုကိုင်၍ ထပ်မံတိုက်ခိုက်ရန် ပြင်နေသော ဂျိုးဇက် တစ်ယောက် ‘နိဂုံး’ နယ်ပယ်၏ နောက်ဆုံးအလွှာကို ဖောက်ထွက်လာသည့် မီးလျှံများကို မြင်လိုက်ရချိန်တွင် မှင်တက်သွားတော့သည်။ စစ်မြေပြင်နှင့် ဝေးရာတွင် ရှိနေသင့်သည့် သမီးဖြစ်သူကို မြင်လိုက်ရချိန်တွင် သူ၏ ကိုယ်လက်များ အေးစက်သွားရ၏။

ဂျိုးဇက်၏ မျက်နှာမှာ ကြေကွဲထိတ်လန့်မှုကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားပြီး အစွမ်းကုန် အော်ဟစ်လိုက်တော့သည်။

“နင် ဒီကို ဘာလာလုပ်တာလဲ... ပြန်သွားစမ်း... အခုချက်ချင်း ပြန်သွား...”

ဂျိုးဇက် ရှေ့သို့ တစ်လှမ်းတိုးရန် ကြိုးစားသော်လည်း ဒဏ်ရာများကြောင့် ဒူးထောက်လဲကျသွားကာ သွေးများ အန်ထုတ်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏ ဓားမှာလည်း မြေပြင်ပေါ်သို့ အသံမြည်ကာ ကျသွားတော့၏။

ထို့နောက်... ဂျိုးဇက် တစ်ယောက် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီလာတော့သည်။ သူကိုယ်တိုင်မှာ ထိုနိယာမ၏ ပိုင်ရှင်ဖြစ်ရာ မည်ကဲ့သို့ မသိဘဲ နေပါမည်နည်း။ မည်သို့ကြောင့်များ အာရုံမရဘဲ ရှိပါမည်နည်း။

မေလီဆာ၏ ခန္ဓာကိုယ်ပေါ်မှ မီးလျှံများမှာလည်း သူမ၏ အီသာစွမ်းအင်နှင့် သက်စွမ်းအင်တို့ကို လောင်စာအဖြစ် အသုံးပြုကာ တောက်လောင်နေခြင်း ဖြစ်ကြောင်း သူ ရှင်းလင်းစွာ မြင်နိုင်ပေသည်။

ဝုန်း... ဝုန်း... ဝုန်း...

ဝယ်လ်သည် သူ၏ လက်တံကြီးများနှင့် ဖျက်ဆီးခြင်း အမှောင်ထုများကို မေလီဆာထံသို့ မနားတမ်း စေလွှတ်နေသော်လည်း ထိုအရာအားလုံးမှာ သူမ၏ ကိုယ်ပေါ်မှ မီးလျှံများကြားတွင် ပြာကျသွားရစမြဲ။

‘နိဂုံး’ နယ်ပယ်၏ အဆက်မပြတ် တိုက်ခိုက်မှုများအောက်တွင် မေလီဆာ၏ ပုံရိပ်မှာ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီး မီးလျှံများမှာလည်း ပြိုလဲလုနီးပါး တုန်ခါနေသည်။ သို့သော် ထိုတိုက်ခိုက်မှုများမှာ မည်မျှပင် ပြင်းထန်စေကာမူ မေလီဆာ၏ ခြေလှမ်းများကိုမူ တားဆီးနိုင်ခြင်း မရှိချေ။

မေလီဆာသည် သူမ၏ ဖခင်ဖြစ်သူကိုသာ စိုက်ကြည့်ရင်း လေးလံလှသော မီးလျှံများကို ဆွဲယူလျက် ရှေ့သို့ တစ်လှမ်းချင်း တိုးဝင်လာခဲ့သည်။

ဂျိုးဇက်၏ မျက်လုံးများမှာ ပြူးကျယ်နေ၏။ သူ၏ ထည်ဝါလှသော ရောင်စဉ် သူရဲကောင်း အရှိန်အဝါတို့မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် သူသည် ကယိမ်းကယိုင်နှင့် အော်ဟစ်နေသော သာမန်ဖခင်တစ်ဦးမျှသာ။

သို့သော် သူ၏ အော်ဟစ်သံများမှာလည်း ‘နိဂုံး’ ဒီရေလှိုင်းများကြားတွင် တိတ်ဆိတ်ခြင်းအဖြစ်သို့ ပြောင်းလဲသွားရရှာသည်။

“မေလီဆာ...”

ဂျိုးဇက် သူ့ လမ်းတွင် ပိတ်ဆို့နေသမျှ အရာအားလုံးကို အငြိုးတကြီး ဆွဲဖြဲပစ်လိုက်သည်။ နောက်ဆုံးတွင်မူ သူသည် ထိုမီးလုံးကြီး၏ ရှေ့သို့ ရောက်ရှိသွားကာ ရပ်တန့်လိုက်၏။

ကွယ်ပျောက်လုနီးပါး ဖြစ်နေသော အီသာ အလင်းတန်းများကြား၌ ခေါင်းမာစွာ လက်ကမ်းပေးနေသော မိန်းကလေး၏ လှပသည့် ပုံရိပ်ကလေးသာ ကျန်ရစ်တော့သည်။

ဂျိုးဇက် တုန်ရီနေသော လက်များဖြင့် သမီးဖြစ်သူကို ပွေ့ဖက်ရန် လက်မောင်းများကို ဆန့်တန်းလိုက်သည်။

ထိတွေ့လိုက်သည့် ခဏ၌ပင် မီးလျှံများမှာ ပြိုကွဲသွားတော့၏။

တစ်ချိန်တည်းမှာပင် မပြီးဆုံးသေးသော နိယာမ သည် ပြည့်စုံသွားခဲ့ပြီ ဖြစ်သည်။ သို့သော် အသက် စွမ်းအင် အားလုံးကို အသုံးချလိုက်ရသော မိန်းကလေးမှာမူ... ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ဂျိုးဇက်၏ ဆန့်တန်းထားသော လက်မောင်းများကြားတွင် ထိုပြာစများမှလွဲ၍ မည်သည့်အရာကိုမျှ ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့ချေ။

….

မီးလျှံများ၏ အလင်းရောင်နှင့်အတူ မေလီဆာ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ကျောက်မျက်ရတနာကဲ့သို့ တောက်ပသော သူမ၏ မျက်ဝန်းအစုံမှာ လခြမ်းကွေးလေးများအနှယ် မှေးစင်းသွား၏။ သူမသည် တစ်စုံတစ်ခုကို ပြောရန် ကြိုးစားသကဲ့သို့ နှုတ်ခမ်းကလေး လှုပ်ရှားသွားပြီး လှပသော မျက်ခုံးတန်းလေးများမှာ ခဏမျှ တန့်သွားကာ မှောင်မိုက်ခြင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

ပြာမှုန်လေးများမှာ ဂျိုးဇက်၏ လက်ချောင်းထိပ်နားတွင် ခဏမျှ ဝဲလည်နေပြီးမှ အေးစက်သော လေပြည်ထဲ၌ ပျောက်ကွယ်သွားကြသည်။

လူငယ် သူရဲကောင်းမလေး၏ ဆန့်တန်းထားသော လက်ကလေးမှာ လေထဲတွင်ပင် တန့်သွားပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားကာ ဆီးနှင်းများနှင့်အတူ အရပ်မျက်နှာအနှံ့ လွင့်စဉ်သွားတော့သည်။

ဖခင်ဖြစ်သူ၏ လက်လှမ်းမှီရာမှ အဝေးသို့...။

ရှေ့မှောက်တွင်ပင် ချစ်လှစွာသော သမီးကလေး ပြာအဖြစ်သို့ ကြေပျက်သွားသည်ကို ငေးကြည့်ရင်း ဂျိုးဇက်၏ အမြင်အာရုံ၌ အချိန်တို့မှာ ရပ်တန့်သွားသယောင် ရှိနေသည်။

ဝုန်း...

'လောင်မြိုက်ခြင်း' ဟူသော နိယာမနယ်ပယ်သည် လျင်မြန်စွာပင် သူ၏ ခန္ဓာကိုယ်ပေါ်၌ စုစည်းသွားပြီး အရာအားလုံးကို ပြာချနိုင်စွမ်းရှိသော ဖြူဖွေးသည့် မီးလျှံများအဖြစ် တောက်လောင်လာတော့၏။ ထိုမီးလျှံများသည် ယခင်ကထက် ပို၍ ပြင်းထန်စွာ တောက်ပလာပြီး အရပ်မျက်နှာအနှံ့သို့ ဟုန်းခနဲ ပွင့်ထွက်သွားသော်လည်း ဂျိုးဇက်မှာမူ မည်သည့်အရာကိုမျှ မခံစားရတော့ချေ။

တစ်သက်လုံး အရှုံးမပေး၊ အားမငယ်ခဲ့သော သံမဏိနှလုံးသားပိုင်ရှင် သူရဲကောင်းကြီးသည် လည်ချောင်းထဲတွင် တစ်စုံတစ်ခု တစ်ဆို့နေသကဲ့သို့ ခံစားလိုက်ရ၏။ ကုန်းပေါ်သို့ ရောက်နေသော ငါးတစ်ကောင်ကဲ့သို့ အသက်ကို အလုအယက် ရှူနေရသော်လည်း စကားတစ်ခွန်းကို ပြည့်စုံအောင် မပြောနိုင်ရှာတော့ချေ။

"မေ... မေလီဆာ..."

သူသည် မိမိ၏ ရင်သွေးအမည်ကို ရှိုက်ကြီးတငင် ခေါ်လိုက်မိသည်။ မိမိ၏ အသက်စွမ်းအင်ကို လောင်စာအဖြစ် အသုံးပြုရခြင်းမှာ မည်မျှ နာကျင်ကြောင်း သူ ကောင်းစွာ သိသည်။ သို့သော် မေလီဆာသည် ဝယ်လ်၏ အခရာအဆင့် နယ်ပယ်၏ ဖိနှိပ်မှုများကြားမှ စစ်မြေပြင်တစ်ဝက်ကို ဖြတ်ကျော်လာခဲ့သည်။

မိန်းကလေးမှာ သူမ၏ ခန္ဓာကိုယ်ကို မီးနှင့်လောင်မြိုက်ကာ မတွန့်မဆုတ် လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ထိုမျှ ကြံ့ခိုင်သော ကလေးမလေး... သူ၏ ကြင်နာတတ်သော၊ ချစ်စရာကောင်းသော၊ တော်သော၊ အလုပ်ကြိုးစားသော၊ ဆိုးနွဲ့တတ်သော၊ လှပပြီး သတ္တိရှိသော မေလီဆာလေးကိုမူ ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပေ။

နောက်ဆုံးတွင် သူမသည် ဖခင်ဖြစ်သူ၏ ရင်ခွင်ဆီသို့ မရောက်ရှိနိုင်ခဲ့ရှာချေ။

***

All Chapters