အခန်း (၄၂၉-၄၃၀)
Vol. 31 Ch. 429-430
အပိုင်း(၄၂၉)
"မေလီဆာ... အဖေ တောင်းပန်ပါတယ်"
ကြီးလှစွာသော သောကပင်လယ်မှာ ဂျိုးဇက်ကို လွှမ်းမိုးသွားတော့၏။ ငယ်စဉ်ကတည်းက ကြမ်းတမ်းသော လေ့ကျင့်မှုများနှင့် ထုဆစ်မှုများကြောင့် ခမ်းခြောက်နေခဲ့သော သူ၏ မျက်ဝန်းအစုံမှာ ချက်ချင်းပင် မျက်ရည်များဖြင့် ပြည့်လျှံလာခဲ့သည်။
သူ အသက်ကို ပြင်းပြင်းရှူရန် ကြိုးစားသော်လည်း ပတ်ဝန်းကျင်မှ လေထုမှာ အေးခဲနေသကဲ့သို့ ဖြစ်နေသဖြင့် အောက်ဆီဂျင်ကို ရှူသွင်းရန် မစွမ်းသာတော့ချေ။
သူ့ကို ဆက်လက်ရှင်သန်စေရန် တွန်းအားပေးနေသော အရာအားလုံးမှာ ထိုပြာစများနှင့်အတူ သူ့ကို စွန့်ခွာသွားခဲ့ပြီ ဖြစ်သည်။
မျက်ရည်များကြားမှ ဝေဝါးနေသော အာရုံထဲတွင် မေလီဆာ၏ အပြုံးများနှင့် အတိတ်မှတ်တမ်းများမှာ ဂျိုးဇက်၏ စိတ်ထဲ၌ တဖျပ်ဖျပ် ပေါ်လာသည်။ တဖြည်းဖြည်းနှင့် ထိုပုံရိပ်ကလေးမှာ သူမ၏ မိခင်ဖြစ်သူ၊ မေလီဆာကဲ့သို့ပင် ငယ်ရွယ်နုပျိုပြီး သတ္တိရှိခဲ့သော ဒါယာ၏ မျက်နှာနှင့် ထပ်တူကျသွားတော့သည်။
မေလီဆာ၏ မိခင်သည်လည်း တစ်ချိန်က ရောင်စဉ် သူရဲကောင်း တစ်ဦးဖြစ်သလို ဂျိုးဇက်နှင့်အတူ စစ်မြေပြင်များစွာတွင် တိုက်ပွဲဝင်ခဲ့သော ရဲဘော်ရဲဘက်တစ်ဦးလည်း ဖြစ်သည်။
သူ မှတ်မိနေသေးသည်... မေလီဆာ ငယ်စဉ်က သူမ၏ မိခင်မှာ စည်းကမ်းကြီးလွန်းပြီး မျှော်လင့်ချက် မြင့်မားလွန်းသဖြင့် မေလီဆာက သူမကို မုန်းတီးခဲ့ဖူးသည်။
"ဒါယာ..."
မေလီဆာ၏ မိခင်၊ သူရဲကောင်းကြီး ဒါယာသည်လည်း ဂျိုးဇက်၏ ရင်ခွင်ထဲတွင်ပင် အသက်ပျောက်ခဲ့ရဖူးသည်။
"ဂျိုးဇက်... ငါ သေတော့မယ်ထင်တယ်..."
ဒါယာက ပြုံးလျက် သူ၏ ပါးကို လှမ်းကိုင်ခဲ့သည်။
"ငါ့ကို ခွင့်လွှတ်ပါ... ငါတို့ကလေးကို နင့်လက်ထဲမှာပဲ တစ်ယောက်တည်း ထားခဲ့ရတော့မယ်... ငါ... ငါ မေလီဆာ စစ်မှန်တဲ့ သူရဲကောင်းတစ်ယောက် ဖြစ်လာတာကို မြင်ချင်သေးတယ်..."
ထိုစဉ်က ဂျိုးဇက်သည် မိမိသာ လုံလောက်အောင် အင်အားကြီးမားပါက အရာအားလုံးကို ကာကွယ်နိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ထို့ကြောင့် သူ အစွမ်းကုန် လေ့ကျင့်ခဲ့သည်။ တာဝန်များကို မနားတမ်း ထမ်းဆောင်ကာ သေခြင်းနှင့် ရှင်ခြင်းကြားတွင် အမြဲ လျှောက်လှမ်းခဲ့သည်။ အတိုချုပ်ပြောရလျှင် သူသည် မိမိ၏ နှလုံးသားမှ နာကျင်မှုများကို မေ့ပျောက်နိုင်ရန် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ၏ လုပ်ငန်းဆောင်တာများကို ရှေ့တန်းတင်ခဲ့သည်။ သူ၏ ဒေါသမှာ ပို၍ ဆိုးရွားလာသော်လည်း စိတ်နေစိတ်ထားမှာမူ ပို၍ ဖြောင့်မတ်တည်ကြည်လာခဲ့သည်။
ဇနီးသည်၏ ဆန္ဒအတိုင်း မေလီဆာကို သူမ၏ မိခင်ကဲ့သို့ပင် ရောင်စဉ် သူရဲကောင်း တစ်ဦး ဖြစ်လာစေရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့သည်။
သို့သော် ယနေ့တွင် မေလီဆာသည် စစ်မှန်သော ရောင်စဉ် သူရဲကောင်း တစ်ဦး၏ ပြယုဂ်အဖြစ် တကယ်ပင် ပြောင်းလဲသွားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့မိချေ။ သူမသည် အလွန်ပင် လင်းထိန်တောက်ပပြီး နူးညံ့လှသည်။ သူမ၏ မိခင်ကဲ့သို့ပင်...။ ထို့အပြင် သူမ၏ မိခင်ကဲ့သို့ပင် ဂျိုးဇက်၏ ရင်ခွင်ထဲ၌ပင် အသက်ပျောက်ခဲ့ရပြန်ပြီ။
"အား..."
အင်အားကြီးမားနေခြင်းက ဘာများ အသုံးကျသနည်း။ သူရဲကောင်းတစ်ယောက် ဖြစ်နေခြင်းကရော ဘာအဓိပ္ပာယ် ရှိသနည်း။ နောက်ဆုံးတွင် သူသည် မည်သည့်အရာကိုမျှ မကယ်တင်နိုင်ခဲ့ချေ...။
ဂျိုးဇက်သည် ဖြူဖွေးသည့် မီးလျှံများကြားတွင် မြေပြင်ပေါ်၌ ဒူးထောက်ကာ မျက်နှာကို လက်နှင့်အုပ်လျက် ခါးသီးစွာ ငိုကြွေးနေတော့၏။ အပူရှိန်ကြောင့် သူ၏ မျက်ရည်များမှာ မြေပြင်သို့ မကျမီမှာပင် အငွေ့ပျံသွားကြသည်။
နတ်ဆိုးဓား ကန်ဒယ်လာက သူ့ကို ရက်ပေါင်းများစွာ နာကျင်ဖွယ်ရာ အာရုံချောက်ခြားမှုများထဲသို့ ဆွဲသွင်းခဲ့စဉ်က ဂျိုးဇက်သည် ထိုနေရာကို ငရဲဟု ထင်မှတ်ခဲ့ဖူးသည်။
သို့သော် ဤကမ္ဘာလောကကြီးမှာ ငရဲထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးတောခဲ့မိချေ...။
...
"ဘာ... ဘာဖြစ်သွားတာလဲ..."
ဝင်စတန်သည် အသံကြားရာသို့ လှည့်ကြည့်လိုက်ပြီးနောက် ကျောက်ရုပ်ပမာ မှင်သက်သွားတော့၏။ အဝေးတစ်နေရာတွင် ပြင်းထန်သော မီးလျှံပေါက်ကွဲမှုတစ်ခုက စစ်မြေပြင်ကို ခဏမျှ လင်းထိန်သွားစေခဲ့သည်။ သို့သော် အမှောင်ထုက ထပ်မံ လွှမ်းမိုးလိုက်ချိန်တွင်မူ ထိုလှပသော ကြက်သွေးရောင် မီးလျှံကလေးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဝင်စတန်၏ ရင်ထဲတွင် ဗောက်ခနဲ ဖြစ်သွားပြီး သူ့ စိတ်မှာလည်း ဟာလာဟင်းလင်း ဖြစ်သွားတော့သည်။ ပါရမီရှင် မိန်းကလေးတစ်ဦး၏ ဘဝမှာ ဤနေရာတွင် ဤမျှ လွယ်လွယ်ကူကူ အဆုံးသတ်သွားလိမ့်မည်ဟု သူ မယုံကြည်နိုင်သေးချေ။ သို့သော်...
သူ စိတ်ကို ပြန်စုစည်းကာ ဖြူဖွေးသော မီးပင်လယ်ကြီးကို ကြည့်ရင်း မိမိ၏ ဆံပင်များကို ဆွဲဖွမိသည်။ မိတ်ဆွေဟောင်း တစ်ဦးအနေဖြင့် သူသည် ဂျိုးဇက်၏ အတိတ်ကို သိသည်။ ဂျိုးဇက်သည် ပြင်ပလူများအတွက် နေမင်းကြီးကဲ့သို့ တောက်ပနေသော်လည်း ဒါယာ၏ သေဆုံးမှုမှာ သူ့ နှလုံးသားထဲတွင် အမြဲတမ်း ဖုံးကွယ်ထားသော အမှောင်ထုတစ်ခု ဖြစ်သည်။ ဂျိုးဇက်သည် မိမိကိုယ်မိမိ အမြဲ အပြစ်တင်နေခဲ့ပြီး ထိုစဉ်က တာဝန်ထမ်းဆောင်စဉ်မှာပင် မိမိပါ အတူသေဆုံးသွားခဲ့သင့်သည်ဟုပင် ပြောခဲ့ဖူးသည်။ ထို့ကြောင့်လည်း မမှိတ်မသုန် မြင့်မြတ်သော မီးလျှံသည် သေခြင်းတရားကို မကြောက်ရွံ့ခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ မေလီဆာသည် သူ့ ဘဝအတွက် အဓိက မှီခိုရာ မဏ္ဍိုင်ကြီး ဖြစ်လာခဲ့ပြီး သေခြင်းတရား၏ အစွန်းအဖျားမှ အကြိမ်ကြိမ် ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော်... မေလီဆာသာ သေဆုံးသွားခဲ့ပြီ ဆိုလျှင်...။
...
ဟုန်ဟုန်တောက်လောင်နေသော ဖြူဖွေးသည့် မီးလျှံများသည် အရှိန်အဟုန်ဖြင့် အမှောင်ထု ဒီရေလှိုင်းများကို အပြင်ဘက်သို့ တွန်းထုတ်နေသည်။
အထက်ကောင်းကင်မှ ဝယ်လ်သည် မိမိ၏ ရန်သူကို ငုံ့ကြည့်လိုက်သည်။ သူသည် ဂျိုးဇက်၏ အားနည်းပြီး သနားစရာကောင်းသော ပုံစံကို လှောင်ပြောင်ခြင်း မပြုခဲ့ချေ။ ထိုအစား သူ၏ မျက်နှာထက်တွင် သနားဂရုဏာသက်သော အမူအရာပင် ပေါ်ထွက်နေသေးသည်။
ခံစားချက် ဝန်ထုပ်ဝန်ပိုးများကို မစွန့်လွှတ်နိုင်သော ထိုသနားစရာကောင်းသည့် လူသားမှာ ရှုံးနိမ့်ရန် ကံပါလာသူသာ ဖြစ်သည်။
ဝယ်လ် ကိုယ်တိုင်ကရော...
သူသည်လည်း အတိတ်က တပည့်များအပေါ် နူးညံ့သောစိတ် ထားရှိခဲ့ဖူးသည်။ သို့သော်လည်း ရလဒ်မှာ သစ္စာဖောက်မှုနှင့် သေခြင်းတရားသာ ဖြစ်ခဲ့သည်။ မစ္စတာလင်၏ လမ်းညွှန်မှုအောက်တွင် သူကိုယ်တိုင် အခမ်းအနားသုံး ဓားကို အသုံးပြုကာ သူ အချစ်ဆုံး တပည့်ကို သတ်ဖြတ်ခဲ့သည်။ ထိုနေ့မှစ၍ သူသည် မိမိကိုယ်မိမိ လှည့်စားနေသော အိပ်မက်မှ နိုးထခဲ့ပြီး ခံစားချက်အားလုံးကို ဖြတ်တောက်ခဲ့ပြီး ဖြစ်သည်။
ဝယ်လ်သည် ဂျိုးဇက်၏ လက်ရှိအခြေအနေကို ရယ်စရာတစ်ခုအလား မှတ်ယူလိုက်သည်။ သူသည် တိုးတိုးလေး ရယ်မောရင်း မေးလိုက်၏။
"ဟင်း... ဟင်း... နာကျင်နေသလား ဂျိုးဇက်... ခံရခက်နေသလား...
"ဒါဟာ မင်းရွေးချယ်ခဲ့တဲ့ လမ်းပဲလေ... ဒါတွေဟာ မင်းကာကွယ်ချင်ခဲ့တဲ့ အရာအားလုံးပဲ မဟုတ်လား... ကဲ... ကြည့်စမ်းပါဦး၊ မင်း ဘာကိုများ ကာကွယ်နိုင်ခဲ့လို့လဲ..."
ဝယ်လ်သည် ထိုအခွင့်အရေးကို အလဟဿ မဖြစ်စေဘဲ ဂျိုးဇက်၏ စိတ်ဓာတ်ကို ပို၍ ပြိုကွဲစေရန် စကားလုံးများဖြင့် တိုက်ခိုက်လိုက်သည်။ ယခုအချိန်တွင် အရေးအကြီးဆုံးမှာ ရန်သူကို လှောင်ပြောင်ရန် မဟုတ်ဘဲ ဂျိုးဇက် စိတ်ဓာတ်ပြိုကွဲနေချိန်တွင် အပြတ်သတ်ရန်ပင် ဖြစ်သည်။
ဝယ်လ် စကားပြောလိုက်သည်နှင့် 'နိဂုံး' ၏ ဖျက်ဆီးခြင်း အမှောင်ထုမှာ ဒီရေလှိုင်းကြီးတစ်ခုအလား တိုးဝင်လာတော့သည်။ တွန့်လိမ်နေသော လက်တံကြီးများသည် ဂျိုးဇက်၏ အသက်ကို ကိုယ်တိုင် အဆုံးစီရင်ရန်အတွက် အသင့်အနေအထားသို့ ရောက်ရှိလာကြ၏။
သို့သော် 'နိဂုံး' ကို ကိုယ်စားပြုသော အမှောင်ထုသည် ဂျိုးဇက်ကို လျင်မြန်စွာ သတ်ဖြတ်နိုင်ခြင်း မရှိချေ။
အမှန်စင်စစ် 'နိဂုံး' သည် သက်ရှိရုပ်ခန္ဓာများကို အဆုံးမှတ်သို့ ရောက်ရှိစေကာ ဘာမှမရှိသော အခြေအနေသို့ ရောက်အောင် ခြေဖျက်ပေးခြင်း ဖြစ်သည်။ သို့သော် ဂျိုးဇက်မှာ အခရာ အဆင့် သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ အခရာအဆင့်ရှိသူတိုင်းတွင် 'ထာဝရနီးပါး' သက်တမ်း ရှိကြသည်။
'ထာဝရနီးပါး' ဟု ခေါ်ဆိုရခြင်းမှာ ဤလောကတွင် မည်သည့်အရာမျှ (မွန်မြတ်လှသော မစ္စတာလင်မှလွဲ၍) အမှန်တကယ် ထာဝရ မတည်မြဲသောကြောင့် ဖြစ်သည်။ အခရာ အဆင့် ရှိသူများသည်ပင် လွန်စွာ ကြာရှည်သော အချိန်တစ်ခုအထိသာ တည်ရှိနိုင်ကြသည်။
ထို့ကြောင့် 'နိဂုံး' သည် ဂျိုးဇက်ကို ပျောက်ကွယ်သွားစေနိုင်သော်လည်း အချိန်အတော်ကြာ ယူရပေလိမ့်မည်။ ထို့ကြောင့် ဝယ်လ်သည် သူ၏ နိယာမကို အသုံးပြုကာ ရန်သူကို တတ်နိုင်သမျှ အားနည်းသွားစေရန် လုပ်ဆောင်နေပြီးမှ သူ၏ ပင်မခန္ဓာကိုယ်ကြီးဖြင့် တိုက်ခိုက်ရန် ပြင်လိုက်ခြင်း ဖြစ်သည်။
ငရဲပြည်မှ ဆန့်တန်းလာသည့် အလား ထင်ရသည့် လက်တံကြီးများသည် ဂျိုးဇက်ထံသို့ တရကြမ်း ပြေးဝင်ကာ မနားတမ်း တိုက်ခိုက်တော့သည်။
ဂျိုးဇက်မှာမူ ရှိုက်ကြီးတငင် ငိုကြွေးနေဆဲဖြစ်ကာ သမီးဖြစ်သူ၏ သေဆုံးမှုကို လက်မခံနိုင်သေးဘဲ ရှိနေသည်။ လက်တံကြီးများက သူ့ကို ရစ်ပတ်ထားလိုက်ရာ တွန့်လိမ်နေသော အသားလုံးကြီးတစ်ခုအလား ဖြစ်သွားပြီး သူ၏ ခန္ဓာကိုယ်မှ ဖြူဖွေးသော အလင်းတောင်များမှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားရရှာသည်။
ဝယ်လ် သူ့ အင်အားများကို စုစည်းလိုက်ပြီး 'နိဂုံး' နယ်ပယ်ကိုပင် ကျုံ့လိုက်၏။ လှုပ်ရှားမှုမရှိသော ဂျိုးဇက်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းများမှာ အောင်နိုင်သူအပြုံးဖြင့် ကွေးညွတ်သွားသည်။
"..."
ရုတ်တရက် ဝယ်လ်သည် သူ၏ ဦးနှောက်အတွင်း၌ ပူလောင်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဝယ်လ် တုံ့ပြန်ရန် အချိန်မရမီမှာပင် ဆူပွက်နေသော ရေပူနှင့် ထိတွေ့လိုက်ရသကဲ့သို့ သူ၏ လက်တံများကို အလိုအလျောက် ပြန်ရုပ်သိမ်းလိုက်မိသည်။
ဘုန်း... ဘုန်း...
ဂျိုးဇက်ကို ရစ်ပတ်ထားသော လက်တံကြီးများအောက်မှ ချော်ရည်စီးကြောင်းကြီးတစ်ခုအလား မီးလျှံများ စီးထွက်လာပြီး ထိတွေ့မိသမျှ နေရာတိုင်းကို မီးလောင်ပြင်အဖြစ် ပြောင်းလဲပစ်တော့သည်။
ဝယ်လ် မျက်လုံးပြူးကာ ကြည့်နေစဉ်မှာပင် ဂျိုးဇက်ကို ချုပ်နှောင်ထားသော လက်တံကြီးများမှာ စုတ်ပြဲနေသော စက္ကူများအလား အသံမြည်လျက် အရည်ပျော်ကျကုန်သည်။ မမြင်နိုင်သော မီးလျှံများက လောင်ကျွမ်းနေသကဲ့သို့ပင်။ ဂျိုးဇက် လုပ်ရသည်မှာ ထိုလက်တံများကို မိမိကိုယ်ပေါ်မှ ဖယ်ထုတ်ပစ်ရန်သာ ဖြစ်ပေတော့သည်။
***
အပိုင်း(၄၃၀)
ဂျိုးဇက်၏ ငိုကြွေးနေမှုမှာ ရပ်တန့်သွားခဲ့လေပြီ။ သူ ဓားကို ကောက်ကိုင်ကာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် မည်သည့်မီးလျှံမျှ ရှိမနေတော့ချေ။ သူ၏ ဆံပင်များမှာ အားလုံး ဆွတ်ဆွတ်ဖြူသွားခဲ့ပြီဖြစ်ကာ အေးစက်သော လေထဲတွင် တလွင့်လွင့် ရှိနေသည်။ သူ၏ ခန္ဓာကိုယ်မှာ ကိုင်းညွတ်နေပြီး အလွန်ပင် အိုမင်းရင့်ရော်သွားသည့် ပုံပေါ်နေ၏။
'လောင်မြိုက်ခြင်း' နယ်ပယ်မှာ အပြီးသတ် စုစည်းသွားခဲ့ပြီ ဖြစ်သည်။
သို့သော် မီးလျှံများမှာမူ ရှိမနေတော့ချေ။
ဂျိုးဇက် ခေါင်းမော့ကာ ဓားကို မြှောက်ကိုင်လိုက်၏။ သူ၏ မျက်ဝန်းအစုံမှာ သေလူတစ်ယောက်ကဲ့သို့ အသက်မဲ့နေသော်လည်း ထိုမျက်ဝန်းများအတွင်း၌ မမြင်နိုင်သော အရာတစ်ခုက ပြင်းထန်စွာ လောင်မြိုက်နေသကဲ့သို့ပင်။
"ဝယ်လ်... ငါ မင်းကို သတ်မယ်..."
….
မိုးကုပ်စက်ဝိုင်းအထိ နိမ့်ဆင်းနေသော ထူထဲမှောင်မိုက်သည့် တိမ်တိုက်ကြီးများသည် အချိန်မရွေး ပြိုကျလာတော့မည့်အလား ရှိနေ၏။ ဤသို့သော ထူးခြားဆန်းပြားသည့် ဖြစ်စဉ်များကြောင့် ကမ္ဘာပျက်ကပ်ကြီး ကျရောက်တော့မည်ဟုပင် ထင်မှတ်ရ၏။ မကြာခဏဆိုသလို လျှပ်စီးများ လက်ခနဲ ဖြစ်သွားသော်လည်း မိုးကြိုး ထစ်ချုန်းသံများမှာ အူယားဖားယား တိုက်ခတ်နေသော နှင်းမုန်တိုင်းသံများကြားတွင် နစ်မြုပ်ပျောက်ကွယ်သွားရရှာသည်။
ဂျွတ်... ဂျွတ်...
ဒုတိယမြောက် ‘အိပ်မက်ဖန်တီးစက်’ အတားအဆီးပေါ်တွင် အက်ကွဲကြောင်းများ တစ်ကျော့ပြန် ပေါ်လာပြန်ပြီဖြစ်ရာ ကြာရှည်ခံတော့မည်မဟုတ်ကြောင်း ပြသနေသည်။ မြေပြင်မှာလည်း တုန်ဟည်းနေပြီး ပင့်ကူအိမ်သဖွယ် အက်ကြောင်းများမှာ တစ်စထက်တစ်စ ကျယ်ပြန့်လာနေ၏။
ဝင်စတန်သည် အနည်းငယ် ဆုတ်ခွာလိုက်ရင်း အသက်ကို ပြင်းပြင်းရှူကာ လေထဲသို့ လက်လှမ်းကြည့်လိုက်သည်။ စစ်မြေပြင်တစ်ခုလုံး၏ အပူချိန်များက တရိပ်ရိပ် မြင့်တက်လာနေသည်ကို သူ ရှင်းလင်းစွာ ခံစားနေရ၏။
နောက်တန်းမှ အပြေးအလွှား ရောက်ရှိလာသော ထောက်ပို့ဌာနခွဲမှူး ကာရိုလိုင်းမှာလည်း သူ၏ ဘေးတွင် ရပ်နေသည်။ သူမသည် စီးကရက်တစ်လိပ်ကို ခဲထားပြီး စေ့ထားသော မျက်ဝန်းအစုံမှ သွေးစများ စီးကျနေ၏။
စစ်မြေပြင်အတွင်းရှိ ရှုပ်ထွေးလှသော အီသာစက်ကွင်းမှာ စောင့်ကြည့်ရေး စက်များ၏ တိုင်းတာနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သဖြင့် ကာရိုလိုင်းသည် ပို၍ တိကျသော သတင်းအချက်အလက်ကို ရယူနိုင်ရန် ကိုယ်တိုင် အစွမ်းထုတ်နေရခြင်း ဖြစ်သည်။
“ဟူး...”
ကာရိုလိုင်းသည် သူမ၏ မျက်ဝန်းထောင့်များကို ပွတ်သပ်ရင်း ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သည်။ စစ်ဆေးခြင်း မျက်လုံးသည် သူမ လိုချင်သော သတင်းအချက်အလက်ကို တိုက်ရိုက် ရယူပေးနိုင်သော်လည်း ယင်းမှာ အင်အားကုန်ခမ်းစေသလို ထိခိုက်မှုလည်း ရှိစေနိုင်သည်။
သူမက မောပန်းနွမ်းနယ်စွာဖြင့် ဆို၏။
“ဂျိုးဇက်က သူ့ရဲ့ ‘နိယာမ’ ကို နောက်ဆုံးတော့ အပြီးသတ်နိုင်ခဲ့ပြီ... ဒုတိယမြောက် အခရာအဆင့် နယ်ပယ်တစ်ခု ဖြစ်ပေါ်လာပြီပေါ့... အခုတော့... ငါတို့လို အရန်လူတွေ ဝင်ပါလို့ရတဲ့ နေရာမဟုတ်တော့ဘူး”
“...”
ဤအချက်မှာ ဂျိုးဇက်အနေဖြင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေးရှိသည်ဟု ဆိုလိုသော်လည်း ဝင်စတန်မှာမူ အနည်းငယ်မျှပင် ဝမ်းမသာနိုင်ချေ။
မမှိတ်မသုတ် မြင့်မြတ်သော မီးလျှံ ဟူသော အမည်နာမကို ဂျိုးဇက် ရရှိခဲ့ခြင်းမှာ အီသာကို လောင်ကျွမ်းစေပြီး ဖြူဖွေးသော မီးလျှံများကို ထုတ်ဖော်နိုင်သည့် သူ၏ အမှတ်အသား အစွမ်းကြောင့် ဖြစ်သည်။ ဂျိုးဇက်ကို ကြည်ညိုသူများနှင့် နောက်လိုက်များက ထိုမီးလျှံများကို တရားမျှတမှု၏ အလင်းရောင်ဟုပင် တင်စားခဲ့ကြဖူးသည်။
သို့သော် ယခုအခါ အတားအဆီး၏ အခြားတစ်ဖက်တွင်မူ မှောင်အတိ ကျနေတော့သည်။
ဝင်စတန် အဝေးသို့ စိုက်ကြည့်နေရင်း ကာရိုလိုင်း ဆိုလိုသည်ကို နားလည်လိုက်၏။ ယခု ဖြစ်ပေါ်တော့မည့်အရာမှာ အခရာအဆင့် အချင်းချင်း တိုက်ခိုက်မှု၊ ‘နိယာမ’ အချင်းချင်း ထိတွေ့မှုနှင့် အရာခပ်သိမ်းကို ကျော်လွန်သော အယူအဆ အချင်းချင်း ပွတ်တိုက်မှုပင် ဖြစ်သည်။
သူသည် အိပ်မက်ဖန်တီးစက် အတားအဆီး၏ ပင်မကျောက်တိုင်ကို ကြည့်ရင်း မည်မျှ ကြာရှည်ခံမည်နည်းဟု စိုးရိမ်နေမိသည်။ အကယ်၍ ဤနောက်ဆုံးအလွှာသာ ပြိုကွဲသွားပြီး လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်က ဗဟိုခရိုင်တွင် အိပ်စက်နေသူကို နှိုးရန် အစီအစဉ်မရှိပါက နော်ဇင်မြို့ကြီး တစ်မြို့လုံး အမှန်တကယ် ပျက်သုဉ်းသွားနိုင်ပေသည်။
ဝင်စတန်မှာ စိတ်လေနေသဖြင့် ထိုအတွေးများကို ထုတ်ပြောမိရာ ကာရိုလိုင်းက နောက်ပြောင်သလို ပြန်ဖြေလိုက်၏။
“အနည်းဆုံးတော့ ရှင် အထက်လူကြီးတွေကို အာခံခဲ့တဲ့အတွက် ရလာမယ့် အပြစ်ဒဏ်ကို စိတ်ပူနေစရာ မလိုတော့ဘူးပေါ့...”
ဝင်စတန် နှာခေါင်းရှုံ့လိုက်သည်။ သူသည် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ကို ဂရုမစိုက်တော့ချေ။ သေဘေးမှ လွတ်မြောက်လာပြီး သူ့နောက်တွင် နားခိုနေကြသော သူရဲကောင်းများကို ကြည့်ရင်း သူ လုပ်နိုင်သမျှ အကုန် လုပ်ခဲ့ပြီဟု ခံစားလိုက်ရသည်။
‘ဌာနမှူး တစ်ယောက်အနေနဲ့ ဆိုရင် ငါက မင်းထက် မညံ့ပါဘူး ဂျိုးဇက်ရယ်...’
အတိတ်က သူတို့နှစ်ဦးကြားရှိ အပြိုင်အဆိုင် ဖြစ်ခဲ့ပုံများကို ပြန်တွေးမိရင်း ဝင်စတန် မရည်ရွယ်ဘဲ ပြုံးလိုက်မိသည်။ သို့သော် ထိုအပြုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။ လက်ထဲမှ ဆက်သွယ်ရေးစက်ကို တင်းတင်းဆုပ်ကိုင်ထားရင်း မျက်နှာတွင် ရှုပ်ထွေးသော အမူအရာ ပေါ်လာသည်။ ဂရက်ထံမှ အကြောင်းပြန်ချက် မရသေးသော်လည်း ဝင်စတန်သည် အခြေအနေအားလုံးကို ယေဘုယျအားဖြင့် နားလည်လိုက်ပြီ ဖြစ်သည်။
စာအုပ်ဆိုင်ပိုင်ရှင်၏ ရည်ရွယ်ချက်မှာ ဂျိုးဇက်နှင့် ဝယ်လ်တို့ကို တစ်ဦးနှင့်တစ်ဦး အမှီပြုစေကာ အခရာ အဆင့် သို့ တက်လှမ်းစေရန် ဖြစ်သည်။ ကျန်ရှိသော အချက်အလက်အားလုံးမှာ ထိုသူနှစ်ဦး အောင်မြင်မှုအတွက် လမ်းခင်းပေးခြင်းသာ ဖြစ်၏။ ရည်မှန်းချက် အောင်မြင်သွားချိန်တွင် ထိုလုပ်ငန်းစဉ်အတွင်း ပါဝင်ပတ်သက်ခဲ့သော လူများနှင့် အရာအားလုံးမှာ အချိန်မရွေး စွန့်ပစ်ခံရမည့် အမှိုက်များသဖွယ် ဖြစ်သွားရတော့သည်။
ဤကဲ့သို့ မြင့်မြတ်သော တည်ရှိမှုများ၏ ရက်စက်မှုမှာ အမှန်တကယ်ပင် အသက်ရှူကျပ်စရာ ကောင်းလှပေသည်။
...
ပြင်ပလောကနှင့် ခွဲခြားထားသော အတားအဆီးအတွင်း၌ အခရာအဆင့် အီသာများ၏ တိုက်ခတ်မှုကြောင့် အိပ်မက် အက်ကွဲကြောင်းများမှာ အဆက်မပြတ် ပေါ်ပေါက်နေသည်။ ထိုအခွင့်အရေးကို အသုံးချကာ တိုးဝင်လာသော အဆင့်နိမ့် အိပ်မက်မိစ္ဆာများသည်ပင် ‘နိဂုံး’ နယ်ပယ်ထဲသို့ ရောက်ရှိသည်နှင့် ချက်ချင်းပင် ချေဖျက်ခံလိုက်ရတော့သည်။
နော်ဇင်မြို့ကြီးမှာ မြေလှန်ဖျက်ဆီးခြင်း ခံလိုက်ရပြီဖြစ်ရာ မြေအောက်မှ ထောက်ကန်ထားသော သံမဏိတည်ဆောက်ပုံကြီးများ ပေါ်ထွက်လာပြီး ယင်းတို့မှာလည်း လျင်မြန်စွာ သံချေးတက်ကာ တဖြည်းဖြည်း ကျိုးပဲ့ပျက်စီးနေကြ၏။
ကောင်းကင်ယံမှ ကျဆင်းလာသော ထူထဲသည့် ဆီးနှင်းများမှာ မြေပြင်သို့ မကျမီမှာပင် မြင့်မားသော အပူရှိန်ကြောင့် အငွေ့ပျံသွားကြပြီး လေထုမှာလည်း တုန်ခါဝေဝါးလာတော့သည်။
ဂျိုးဇက် ဓားကို ဆုပ်ကိုင်လျက် မတ်မတ်ရပ်နေ၏။ သူ့ ပတ်ဝန်းကျင်တွင် တောက်လောင်နေသော မီးလျှံများ ရှိမနေတော့သော်လည်း ပြင်းထန်သော အပူလှိုင်းများမှာ ရေလှိုင်းအလား လွင့်ပျံ့နေပြီး အရာအားလုံးကို ဝါးမြိုနေသည်။
လောင်စာမရှိဘဲ လောင်မြိုက်နေခြင်းမှာ သေခြင်းတရားကို အာခံနေသကဲ့သို့ပင်။
တဖြည်းဖြည်း ကျယ်ပြန့်လာသော ‘လောင်မြိုက်ခြင်း’ နယ်ပယ်သည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လျင်မြန်စွာ ရှင်းလင်းပစ်လိုက်သည်။ ဂျိုးဇက်ကို ဗဟိုပြု၍ ဧရာမ ကွင်းပြင်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။ မိမိ၏ အသက်ကို အရင်းပြု၍ ‘လောင်မြိုက်ခြင်း’ နယ်ပယ်ကို ထုတ်ဖော်လိုက်သော ဂျိုးဇက်၌ ကုန်ဆုံးခြင်းမရှိသော အီသာစွမ်းအင်များ ရှိနေပုံရပေသည်။
ရှဲ... ရှဲ...
အလင်းရောင် မရှိသော်လည်း မဟူရာ အမှောင်ထုများသည် နေရောင်ခြည်နှင့် ထိတွေ့လိုက်ရသော အရိပ်များပမာ ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ်သွားကြရသည်။ သို့သော် အမှောင်ထုမှာ အဆုံးမရှိသကဲ့သို့ ဖြစ်နေပြီး ပို၍ ပို၍ တိုးဝင်လာနေဆဲပင်။
ဝယ်လ်က နှာခေါင်းရှုံ့ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
“နိဂုံး ဆိုတာ ပြောင်းလဲလို့မရတဲ့ ကံကြမ္မာပဲ၊ ဒါဟာ စစ်မှန်တဲ့ နိဂုံးပဲ... မင်း ဘာပဲ လောင်မြိုက်ပါစေ၊ နောက်ဆုံးမှာ မင်းတွေ့ရမှာက ‘နိဂုံး’ ပဲ ဖြစ်လိမ့်မယ်... ငါ့ရဲ့ နယ်ပယ်အယူအဆက မင်းထက် သာလွန်တယ်၊ မင်း ငါ့ကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး...”
“ဒါကြောင့် မင်းနဲ့ မင်း သမီး လုပ်ခဲ့သမျှ အရာအားလုံးဟာ အလဟဿပဲ ဖြစ်သွားမှာပါ”
သို့သော် ဂျိုးဇက်ကတော့ ထိုစကားများကို မကြားဟန်ပြုကာ ဝယ်လ်ကို တည်ငြိမ်စွာ စိုက်ကြည့်နေသည်။ အသွားများ ပဲ့ကြွေနေသော သူ့လက်ထဲမှ ဓားမှာ မှေးမှိန်နေသော်လည်း ဝယ်လ်၏ စိတ်ထဲတွင်မူ သတိပေးခေါင်းလောင်းသံများ မြည်ဟည်းနေ၏။ အောက်လမ်း မှော်ဆရာကြီးမှာ တစ်စုံတစ်ခုကို စိုးရိမ်မကင်း ဖြစ်လာပြီး နှလုံးသားမှာလည်း တုန်လှုပ်သွားခဲ့သည်။
“မင်း...”
ရုတ်တရက် ဂျိုးဇက် လှုပ်ရှားလိုက်၏။ သူ လုပ်လိုက်သည်မှာ တစ်ခုတည်းသာ... ရှေ့သို့ တစ်လှမ်းတိုးကာ ဝယ်လ်ကို ဓားဖြင့် ခုတ်ပိုင်းလိုက်ခြင်းပင်။
ထိုအခိုက်အတန့်တွင် မည်သည့်အလင်းရောင်မျှ ရှိမနေသော်လည်း စစ်မြေပြင်ကို ကြည့်နေသူတိုင်းမှာ အလင်းကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
ဝယ်လ်၏ နောက်ဘက်တွင် မီးလျှံပုံသဏ္ဌာန်နှင့် အဆက်မပြတ် ပြောင်းလဲနေသော ဧရာမ အဖြူရောင် ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာပြီး ဓားဖြင့် အတူတူ ပိုင်းချလိုက်တော့သည်။
[ဝိညာဉ်နယ်ပယ် ပုံရိပ်]
အဆပေါင်း သန်းချီ၍ ကြီးမားသော ပုံရိပ်ကြီး...
ယင်းမှာ အစစ်အမှန် အခရာ အဆင့် အစွမ်းပင် ဖြစ်သည်။
***