← Chapters

အခန်း (၄၃၁-၄၃၂)

Vol. 31 Ch. 431-432

အခန်း (၄၃၁-၄၃၂)

Vol. 31 Ch. 431-432

အပိုင်း(၄၃၁)

“...”

ဝယ်လ်၏ မျက်နှာတွင် ထိတ်လန့်မှုများ ပေါ်လာ၏။ စကားလုံးများ မပါဝင်သော်လည်း... ဂျိုးဇက်၏ အကြည့်များမှတစ်ဆင့် ထိုသူရဲကောင်း ပြောချင်သည့် စကားလုံးများကိုပင် ဝယ်လ်နားလည်လိုက်သည်။

“မင်းရဲ့ နယ်ပယ်ကို ငါ ဖျက်ဆီးနေဖို့ မလိုဘူး... မင်းကို သတ်လိုက်ရုံနဲ့တင် လုံလောက်ပြီ...”

မှန်ပေသည်။ ဝယ်လ်သည် ထိုအယူအဆကို ပိုင်စိုးထားသော်လည်း သူကိုယ်တိုင်မှာ ထိုအယူအဆ မဟုတ်ချေ။ ထို့ကြောင့် သူသည် “ငါက ဖျက်ဆီးခြင်း ဖြစ်လာလိမ့်မဘ်” ဟုသာ ပြောနိုင်ပြီး “ငါက နိဂုံး ဖြစ်လာမယ်” ဟု မပြောနိုင်ခြင်း ဖြစ်သည်။

ဤအချက်မှာ ဂျိုးဇက် အခရာအဆင့်သို့ ရောက်ရှိသွားမှသာ နားလည်လိုက်သော အချက်ပင်။ ဘုရားသခင် တစ်ပါး အလား ဖြစ်လာသည့်တိုင်အောင် ထူးခြားဆန်းပြားသော စွမ်းအားများ၏ နိယာမအတိုင်းသာ ဖွံ့ဖြိုးတိုးတက်ရခြင်း ဖြစ်သည်။ အီသာ၏ စီးဆင်းမှုမှာ မည်သည့်အခါမျှ မပြောင်းလဲချေ။

သူရဲကောင်းများသည် သေခြင်းရှင်ခြင်း အတွေ့အကြုံများကို အသုံးပြု၍ မိမိတို့၏ ရုပ်ခန္ဓာကို ထုဆစ်ကြသူများ ဖြစ်သည်။ အခရာအဆင့်ရှိသော သူရဲကောင်းတစ်ဦးသည်ပင် ရိုးရှင်းသော မှော်ဂါထာတစ်ခုကို ပြည့်စုံအောင် ရွတ်ဆိုနိုင်လိမ့်မည် မဟုတ်ချေ။

ထို့အတူ မှော်ဆရာများသည်လည်း ကမ္မဋ္ဌာန်းစီးဖြန်းခြင်းဖြင့် မိမိတို့၏ စိတ်စွမ်းအားကို လေ့ကျင့်ကြသည်။ အခရာအဆင့် မှော်ဆရာတစ်ဦးသည် မှော်ဂါထာအားလုံးကို တတ်ကျွမ်းနိုင်သော်လည်း သူတို့၏ ရုပ်ခန္ဓာမှာမူ သာမန်လူကဲ့သို့ပင် အားနည်းနေဦးမည်သာ ဖြစ်သည်။

တစ်နည်းအားဖြင့် ဂျိုးဇက်သည် ဝယ်လ်၏ အားနည်းချက်ကို ဆုပ်ကိုင်မိသွားပြီ ဖြစ်သည်။

ဝယ်လ်သည် ယဇ်ပူဇော်ခြင်း နည်းလမ်းများကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ကို ပါးနပ်စွာ ပြောင်းလဲထားသော်လည်း အမှန်စင်စစ် သူ၏ ခန္ဓာမှာမူ အလွန်ပင် အားနည်းနေဆဲ ဖြစ်သည်။

ရှည်လျားလှသော ဓားဖျားမှာ ဧရာမ သတ္တဝါကြီး၏ ထိပ်မှ ဝယ်လ်၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေ၏။ အစွမ်းကုန် ကျုံ့ထားသော ‘လောင်မြိုက်ခြင်း’ နယ်ပယ်သည် တောက်ပလှသော နေမင်းကြီးအလား ရောင်စဉ်များကို ထုတ်လွှတ်နေလေသည်။

“စမ်းကြည့်လိုက်လေ... မင်းရဲ့ အင်အားအားလုံးကို ဝိညာဉ်ပုံရိပ်ထဲမှာပဲ ပုံအောထားတာဆိုတော့ မင်းရဲ့ ပင်မခန္ဓာကိုယ်က အခု အတော်လေး အားနည်းနေမှာပေါ့ ဟုတ်လား...”

ဝယ်လ်က နှာခေါင်းရှုံ့လိုက်၏။ သူသည် ဆီးနှင်းများ၊ အသားစများ၊ သွေးစများနှင့် ယဇ်ပူဇော်ထားသော ဝိညာဉ်များကို ဖျက်ဆီးခြင်း အမှောင်ထုနှင့်အတူ စုစည်းကာ ဂျိုးဇက်၏ လောင်မြိုက်မှုကို ခုခံလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် မရေမတွက်နိုင်သော လက်တံကြီးများကို ဂျိုးဇက်၏ ခန္ဓာကိုယ်သို့ ထိုးဖောက်ရန် စေလွှတ်လိုက်တော့သည်။

အခရာ အဆင့် ထူးခြားဆန်းပြားသည့် တည်ရှိမှု နှစ်ဦးသည် ထိုအခိုက်အတန့်တွင် မိမိတို့၏ အစွမ်းရှိသမျှကို ပုံအောကာ ထိပ်တိုက်ရင်ဆိုင်လိုက်ကြတော့သည်။

ဘုန်း... ဘုန်း...

အမည်းရောင်နှင့် အဖြူရောင်တို့မှာ တစ်ခုနှင့်တစ်ခု ရောယှက်သွားပြီး မီးခိုးရောင် အလင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ မြို့တော်တစ်ခုလုံး၏ အစိတ်အပိုင်းများကို သယ်ဆောင်လာသော ရိုက်ခတ်မှုလှိုင်းကြီးသည် အိပ်မက်အတားအဆီးကို အားပြင်းစွာ ဆောင့်မိလေတော့သည်။

ဤမျှကြီးမားသော အင်အားကို မတောင့်ခံနိုင်တော့သဖြင့် 'အိပ်မက်ဖန်တီးစက်' များမှာလည်း တစ်စစီ ပြိုလဲပျက်စီးသွားကြရ၏။

အိပ်မက်နှင့် လက်တွေ့လောကကြားရှိ နယ်နိမိတ်မှာ လုံးဝဥဿုံ ပျက်သုဉ်းသွားခဲ့လေပြီ။

ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှာ ရေလျှံသကဲ့သို့ စီးဆင်းသွားပြီး လမ်းတွင်ရှိသမျှ အရာအားလုံးကို ဖိသိပ်မြေလှန်ပစ်တော့သည်။ ဤတစ်ကြိမ်တွင်မူ ထိုဒဏ်ကို အလူးအလဲ ခံလိုက်ရသည်မှာ ဖန်တီးထားသော အိပ်မက်ကမ္ဘာ မဟုတ်တော့ဘဲ စစ်မှန်သော နော်ဇင်မြို့ကြီး ဖြစ်နေပေသည်။

ဝယ်လ် တစ်ယောက် ဂျိုးဇက်၏ နောက်ဆုံး ဟိန်းဟောက်သံကို ကြားလိုက်ရသည်လော သို့မဟုတ် မကြားလိုက်ရသည်လော မသေချာချေ။ တဖြည်းဖြည်းနှင့် သူသည် ပြင်ပလောကကို မမြင်ရတော့ဘဲ လောင်မြိုက်ခံနေရသည့် နာကျင်မှု ဝေဒနာကိုသာ ခံစားနေရတော့၏။

ဝယ်လ်၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ လေဖြည့်ထားသည့် ပူဖောင်းတစ်လုံး ပေါက်ကွက်သွားသကဲ့သို့ ပေါက်ကွဲသွားပြီး ဒဏ်ရာဗရပွနှင့် သူ၏ ဦးခေါင်းမှာလည်း အဖြူရောင် ဘီလူးကြီး၏ ဓားဖြင့် အပိုင်းပိုင်း ခုတ်ထစ်ခြင်း ခံလိုက်ရကာ မြေပြင်ပေါ်၌ ဖိခြေခံလိုက်ရတော့သည်။

နို့နှစ်ရောင် ဦးနှောက်အနှစ်များမှာ ပွင့်ထွက်လာသလို တစ်ချိန်တည်းမှာပင် အဖြူရောင် ဘီလူးကြီးမှာလည်း 'နိဂုံး' နယ်ပယ်၏ အစွမ်းကြောင့် ဘာမှမရှိသော အခြေအနေသို့ ခြေဖျက်ခြင်း ခံလိုက်ရသည်။

"မ... မဖြစ်နိုင်တာ..."

ဝယ်လ်သည် ခက်ခဲစွာ ရေရွတ်လိုက်သော်လည်း ဖွင့်ထားသော သူ၏ မျက်ဝန်းအစုံမှာ တဖြည်းဖြည်း အရောင်မှိန်လာခဲ့ပြီ ဖြစ်သည်။

"မဖြစ်နိုင်တာ ဘာမှမရှိဘူး..."

တိတ်ဆိတ်နေသော အပျက်အစီးများကြားတွင် ဂျိုးဇက်သည် မိမိ၏ ဓားကို တရွတ်တိုက် ဆွဲလျက် ရှုပ်ထွေးလှသော လေပြင်းများကြားမှ အားယူကာ လျှောက်လာသည်။ သူ၏ အသံမှာ အက်ရှနေပြီး လူသားတစ်ယောက်နှင့်ပင် မတူတော့ချေ။ သူ၏ ခန္ဓာကိုယ် ထက်ဝက်မှာ ပျောက်ကွယ်နေပြီဖြစ်သလို ခွန်အားများလည်း လုံးဝ ကုန်ခမ်းနေလေပြီ။ ဤအခိုက်အတန့်တွင် သာမန်လူတစ်ယောက်ကပင် သူ့ကို အနိုင်ယူနိုင်စွမ်း ရှိပေသည်။

သို့သော် သူ၏ လောင်မြိုက်မှုမှာ မပြီးဆုံးသေးချေ။

စွပ်...

ဂျိုးဇက် ဓားကို မြှောက်ကာ ဝယ်လ်၏ ဦးခေါင်းကို ထိုးစိုက်လိုက်ပြီး နောက်ဆုံးသော အသက်ရှူသံကို အဆုံးသတ်ပေးလိုက်သည်။ အောက်လမ်း မှော်ဆရာကြီးမှာမူ သူ၏ နောက်ဆုံးစကားကိုပင် ပြည့်စုံအောင် မပြောနိုင်ခဲ့ဘဲ မျက်လုံးများ လုံးဝ မှေးစိန်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ပိုင်ရှင်သေဆုံးသွားသဖြင့် 'နိဂုံး' နယ်ပယ်မှာလည်း ကွယ်ပျောက်သွားပြီး အမှောင်ထုများမှာ လျင်မြန်စွာပင် ဘာမှမရှိသော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့သည်။

"မေလီဆာ..."

ဂျိုးဇက် တုန်ရီနေသော မိမိ၏ လက်များကို ငုံ့ကြည့်လိုက်ရာ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပြန်လည် စုဖွဲ့လာသည်ကို တွေ့ရသော်လည်း သူ၏ နှလုံးသားမှာမူ ဟာလာဟင်းလင်း ဖြစ်နေဆဲပင်။ ဝယ်လ်ကို သတ်နိုင်ခဲ့သည့်တိုင် သူ၏ စိတ်မှာ အနည်းငယ်မျှပင် သက်သာရာ မရခဲ့ချေ။

မိမိ အကာကွယ်ပေးချင်ဆုံးသူကို ဆုံးရှုံးလိုက်ရပြီးမှ ရရှိလာသော ဤအင်အားမှာ မည်မျှပင် အသုံးမကျဘဲ ရယ်စရာကောင်းလိုက်ပါသနည်း။

"ငါ... အွတ်... ဘာလဲ..."

ရုတ်တရက်... ဂျိုးဇက် ရင်ဘတ်ထဲ၌ စူးအောင့်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ ခေါင်းငုံ့ကြည့်လိုက်သောအခါ ဖျက်ဆီးခြင်း အမှောင်ထုများ ရစ်ပတ်ထားသော ခရမ်းရောင် လက်တံကြီးတစ်ခုက သူ၏ ရင်ဘတ်ကို ထိုးဖောက်ကာ ခုန်လှုပ်နေသော နှလုံးသားကိုပင် ဖောက်ထွက်သွားသည်ကို တွေ့လိုက်ရ၏။

"ဝူး... ဟား ဟား ဟား ဟား..."

စူးရှလှသော၊ အလွန်ပင် ရင်းနှီးလှသော ရယ်သံကြီးမှာ သူ၏ နောက်ကွယ်မှ ထွက်ပေါ်လာသည်။ မဟုတ်သေး... အရပ်မျက်နှာအနှံ့မှ ထွက်ပေါ်နေခြင်း ဖြစ်သည်။

"လူမိုက် ဂျိုးဇက်... သနားစရာကောင်းတဲ့ ဂျိုးဇက်ရယ်... ငါ တကယ် သေသွားပြီလို့ မင်း ထင်နေတာလား... ဟား ဟား ဟား..."

ရွှံ့နွံကဲ့သို့သော အရာများ မြေပြင်မှ ကြွတက်လာပြီး အောက်လမ်းမှော်ဆရာ၏ ခန့်ညားသော အဘိုးအို မျက်နှာအဖြစ် ပြောင်းလဲသွားသည်။ သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် ပြဇာတ်တစ်ခု၏ အောင်မြင်မှုကို ခံစားနေရသူအလား သူ၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ရှိနေ၏။

"သေခြင်းတရားနဲ့ တစ်သားတည်း ဖြစ်သွားနိုင်တဲ့ ငါ့ရဲ့ စွမ်းရည်က အရင်ကထက်စာရင် ဘယ်လိုနေလဲ..."

"..."

ဂျိုးဇက် ဘာမှ မပြောနိုင်တော့ချေ။ သူသည် ကောင်းကင်မှ ကျဆင်းလာသော ဆီးနှင်းများကိုသာ ငေးကြည့်နေပြီး သူ၏ နှလုံးသားမှာ တည်ငြိမ်သွားလေ၏။

ဝယ်လ်သည် မူလပုံစံသို့ ပြန်လည်ပြောင်းလဲကာ ဂျိုးဇက်ထံသို့ လျှောက်လာပြီးနောက် ဂျိုးဇက်၏ မျက်နှာကို ဆွဲညှစ်ကာ ပြုံးပြလိုက်သည်။

"ဒါက ကံကြမ္မာပဲ ဂျိုးဇက်... ဒါဟာ မစ္စတာလင်အပေါ် ငါ့ရဲ့ သစ္စာရှိမှုအတွက် ရရှိတဲ့ ဆုလာဘ်ပေါ့... မင်း သိလား... ငါ 'အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း' ကို တည်ထောင်ခဲ့တာဟာ မစ္စတာလင်ရဲ့ ဧဝံဂေလိတရားကို ပြန့်ပွားဖို့ပဲ... ခုနက ငါ အခရာအဆင့်ကို ရောက်သွားတဲ့အချိန်မှာ ငါလုပ်ခဲ့တာတွေဟာ လုံလောက်ရဲ့လားလို့ ငါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်မိတယ်...”

"မစ္စတာလင်ကို ကျေးဇူးဆပ်ဖို့ ငါ့ရဲ့ လုပ်ရပ်တွေက လုံလောက်ရဲ့လား... အဖြေကတော့ မလုံလောက်သေးဘူး...”

"ငါ့ရဲ့ သက်ဝင်ယုံကြည်မှုက မလုံလောက်သေးဘူး... ငါ့မှာ ပိုပြီးတော့ လိုအပ်တယ်... ပိုပြီးတော့ကို လိုအပ်တာ..."

ဝယ်လ်၏ ပုံစံမှာ ရူးသွပ်နေသော လူတစ်ယောက်နှင့် တူလှသည်။

"ဒါကြောင့်... ငါ အခရာအဆင့်ကို ရောက်ပြီးပြီးချင်း ပထမဆုံး ဘာလုပ်ခဲ့လဲဆိုတာ မင်း သိလား...."

ဂျိုးဇက် မဖြေနိုင်တော့ချေ။ သူ၏ အသိစိတ်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

"ဟုတ်တယ်..."

ဝယ်လ်က သူ့ မေးခွန်းကို သူကိုယ်တိုင် စိတ်လှုပ်ရှားစွာ ဖြေလိုက်သည်။

"ငါ ချက်ချင်းပဲ ဝတ်ပြုပွဲတစ်ခုကို ပြင်ဆင်ပြီး ငါ့ကိုယ်ငါ မစ္စတာလင်ဆီမှာ ယဇ်ပူဇော်လိုက်တယ်... ဟား ဟား ဟား ဟား..."

‘အရူး...’

ဝယ်လ် မည်မျှ ရူးသွပ်သည်ကို ဂျိုးဇက် သိထားသည့်တိုင် သူ၏ စိတ်ထဲ၌ ဤစကားလုံးသာ ပေါ်လာတော့သည်။

"ပြီးတော့ မင်း ငါ့ကို သတ်လိုက်တဲ့ အချိန်မှာပဲ ဒီပြိုင်ဘက်ကင်းတဲ့ ဝတ်ပြုပွဲဟာ တရားဝင် ပြီးမြောက်သွားခဲ့တာ...”

"ယဇ်ပူဇော်သူက မိမိကိုယ်မိမိ ပူဇော်တယ်... ယဇ်ကို လက်ခံမယ့်သူက လက်ခံဖို့ သို့မဟုတ် ငြင်းပယ်ဖို့ အခွင့်အရေး ရှိတယ်... အကယ်၍ မစ္စတာလင်က ငါ့အသက်ကို လက်ခံဖို့ ဆန္ဒရှိရင် ငါဟာ သူ၏ ထာဝရ နောက်လိုက် ဖြစ်လာမယ်... အကယ်၍ သူ လက်မခံခဲ့ရင်တော့...”

"ငါဟာ ပြန်လည် ရှင်သန်လာလိမ့်မယ်..."

ဝယ်လ် ခေါင်းငုံ့ကာ ဂျိုးဇက်ကို ကြည့်လိုက်သည်။ သူ အသာအယာ ရယ်မောရင်း သူရဲကောင်းကြီး၏ ပခုံးကို ပုတ်ကာ ဦးညွှတ်နှုတ်ဆက်လိုက်၏။

"ကျေးဇူးတင်ပါတယ် မိတ်ဆွေဟောင်းကြီး..."

ဤသည်မှာ... ဇာတ်သိမ်းပေလော?

သေခြင်းတရားမှာ သူ၏ ရှေ့မှောက်သို့ ရောက်နေပြီဖြစ်သော်လည်း ဂျိုးဇက်မှာမူ စိတ်ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

***

အပိုင်း(၄၃၂)

A 16 စံအိမ်တော်

ဘုန်း...

လင်းကျဲသည် ဤပိုးကောင်လေးမှာ အလွန်ပင် ယဉ်ပါးပြီး ကြောက်စရာ မကောင်းကြောင်း ကျိကျစ်ရှို့အား ပြောရန် ပြင်နေစဉ်မှာပင် ဘေးခန်းမှ တံခါးမှာ ဝုန်းခနဲ ပွင့်ထွက်လာလေ၏။

"မစ္စတာလင်..."

လင်းကျဲ လှည့်ကြည့်လိုက်ရာ အပြင်တွင် စောင့်နေသင့်သည့် ဂရက်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။

ကျိကျစ်ရှို့မှာမူ အချိန်စက်ဝန်း ပိုးကောင် ပေါ်ရှိ မစ္စတာလင်၏ လက်ချောင်းများကို စိုးရိမ်တကြီး ကြည့်နေမိသည်။ လင်ကျဲ ခေါင်းလှည့်ကြည့်လိုက်သဖြင့် သူ့ လက်ချောင်းများမှာလည်း အနည်းငယ် ကွာသွားသောကြောင့် ကျိကျစ်ရှို့မှာ သက်ပြင်းချနိုင်တော့သည်။

ကျိပိုတုန်က မျက်မှောင်ကြုတ်လိုက်၏။

"မင်းက... ဂရက်လား..."

ဂရက်က သူ့ကို ဂရုမစိုက်ဘဲ လင်ကျဲထံသို့ အသည်းအသန် ပြေးဝင်လာသည်။

"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကယ်ပေး..."

ထိုအချိန်တွင်ပင် နောက်ဘက်တွင် လိုက်လာကြသော အစောင့်များနှင့် အစေခံများ၏ ဆူညံသံကို ခပ်သဲ့သဲ့ ကြားနေရသည်။ သူတို့မှာ ဘေးသို့ လွင့်စဉ်သွားသော အိမ်စေကို သွားရောက် ကူညီပြီးမှ အတွင်းသို့ အတင်းဝင်ရန် ပြင်နေကြပုံရသည်။

လင်းကျဲမှာ ဂရက်ပြောသည်ကို သဲသဲကွဲကွဲ မကြားလိုက်ရချေ။

"ဘာပြောလိုက်တာလဲ..."

ဝုန်း... ဝုန်း......

ကြီးမားသော အသံကြီးနှင့်အတူ မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားသဖြင့် အခန်းတွင်းရှိ ဖန်ဆိုင်းဘုတ်မှာလည်း တလှုပ်လှုပ်နှင့် အသံမြည်လာတော့သည်။ ပြတင်းပေါက် အပြင်ဘက်တွင် စူးရှသော အလင်းတန်းများ ဖြတ်ပြေးသွားပြီး တစ်အိမ်လုံးမှာလည်း သိသိသာသာ လှုပ်ခါသွား၏။

ဘာလဲဟ...

ငလျင်လား...

စိတ်ရှုပ်ထွေးသွားသော လင်းကျဲမှာ အနည်းငယ် ယိုင်သွားသဖြင့် သူ၏ လက်ထဲရှိ နာရီကလေးကို အလိုအလျောက် တင်းတင်းဆုပ်ကိုင်မိသွားရာ သူ၏ လက်ချောင်းများက နာရီ၏ စက်သွားကို လက်ဝဲရစ်သို့ မတော်တဆ လှည့်လိုက်မိတော့သည်။

...

အချိန်...

ယင်းသည် လူသားတို့ မည်သည့်အခါမျှ ဆုပ်ကိုင်နိုင်ခြင်း သို့မဟုတ် ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိနိုင်သော အမြင့်မြတ်ဆုံး 'နိယာမ' များထဲမှ တစ်ခုဖြစ်သည်။ အဆင့်မြင့် ဒိုင်မန်းရှင်း တစ်ခုကို တစ်ခါမျှ မမြင်ဖူးခဲ့သည့် အဆင့်နိမ့် သတ္တဝါများ ဖြစ်ကြသည့်အလျောက် လူသားတို့တွင် အချိန်ကို နားလည်သဘောပေါက်နိုင်စွမ်း မရှိကြချေ။

ထို့ကြောင့်ပင် အင်ဒရူး မိသားစုသည် 'အချိန်စက်ဝန်း ပိုးကောင်' များကို ဖမ်းဆီးသည့် နည်းလမ်းကိုသာ အသုံးပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ အချိန်စီးကြောင်း အတွင်း၌ ရှင်သန်နေထိုင်ပြီး အချိန်၏ စီးဆင်းမှုကို ထိန်းသိမ်းပေးသော ထိုထူးခြားဆန်းပြားသည့် သတ္တဝါများကို အသုံးပြု၍ ထိုမိသားစုသည် အချိန်၏ နိယာမများကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ဆုပ်ကိုင်နိုင်ခဲ့ကြသည်။

သို့သော် 'အချိန်စက်ဝန်း ပိုးကောင်' ၏ ဆင့်ကဲပြောင်းလဲမှု ပုံသဏ္ဌာန်ဖြစ်သော 'ခရောနော့ လိပ်ပြာ' အဖြစ် ဤလောကသို့ ရောက်ရှိလာခဲ့သည့် 'ဟာနီရယ်' မှာမူ အချိန်ကို ထိန်းချုပ်နိုင်သည့် အခွင့်အာဏာ ရှိပြီးသား ဖြစ်သည်။ သူမအနေဖြင့် အချိန်နှင့် ပတ်သက်၍ ဘာကိုမျှ နားလည်အောင် ကြိုးစားနေရန် မလိုချေ။ ဒိုင်မန်းရှင်းများ အကြား ကူးလူးပျံသန်းခြင်းမှာ သူမအတွက် လမ်းလျှောက်သကဲ့သို့ပင် ပင်ကိုယ်ဗီဇ ဖြစ်နေပေသည်။

ဤသို့သော ပြိုင်ဘက်ကင်း အစွမ်းကြောင့် သူမသည် မိမိနှင့် အဆင့်တူသူများကိုပင် ငုံ့ကြည့်နိုင်ခဲ့ပြီး အခြားသူများကို အရေးမပါသော သတ္တဝါများအဖြစ် မှတ်ယူခဲ့သည်။ 'မီးတောက်ဓား လမ်းစဉ်' သို့ ဝင်ရောက်ခဲ့ပြီးနောက်တွင်... မိုက်ကယ် သည်ပင် သူမကို တိုက်ရိုက် အမိန့်ပေးနိုင်ခြင်း မရှိခဲ့ချေ။

သို့သော် အနှစ်သာရအားဖြင့် သူမသည် အဆင့်မြင့်ကမ္ဘာတစ်ခုမှ သေးငယ်သော ပိုးကောင်တစ်ကောင်မျှသာ ဖြစ်သည်။ သို့သော် လူသားများအတွက်မူ သူမသည် 'အချိန်၏ အရှင်သခင်' ပင် ဖြစ်ပေသည်။

အမှန်ဆိုလျှင် ဤသို့သာ ဖြစ်ရမည် ဖြစ်သော်လည်း...

အနက်ရောင် ဆံပင် ပိုင်ရှင် လူငယ်နှင့် ခဏတာ ဆုံတွေ့လိုက်ရချိန်တွင် အရာအားလုံး ပြောင်းလဲသွားတော့သည်။ သူမသည် ဤမျှ သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု တစ်ခါမျှ မထင်မှတ်ခဲ့မိချေ။ သူမ၏ ပင်မခန္ဓာမှာ ဖမ်းဆီးခြင်း ခံလိုက်ရပြီး မည်သို့မျှ ပြန်လည် မခုခံနိုင်ခဲ့ချေ။ ထို့ပြင် တစ်ကိုယ်လုံးနီးပါး ဝါးမြိုခြင်း ခံလိုက်ရပြီးမှ သူမ၏ ပင်ကိုယ်ဗီဇကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်း အချို့ဖြင့်သာ လက်ဦးအောင် ထွက်ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။

"အင်အား... ငါ့ရဲ့ အင်အားတွေကို ပြန်ပေး..."

သူမသည် ပြင်းထန်သော နာကျင်မှုကြောင့် အော်ဟစ်ငိုကြွေးရင်း မတူညီသော အချိန်မျဉ်းများကြားသို့ အရှိန်အဟုန်ဖြင့် ကူးလူးပျံသန်းနေသည်။ သူမ၏ ပင်ကိုယ်ဗီဇနောက်သို့ လိုက်ရင်း သူမ၏ အစွမ်းများကို ပြန်တောင်းရန်အတွက် ထိုလုပ်ရပ်၏ တရားခံကို တစ်စိုက်မတ်မတ် လိုက်လံ ရှာဖွေနေတော့သည်။

ဟာနီရယ်သည် ထွက်ပြေးရန်အတွက်ပင် သူမ၏ တစ်သက်တာ အင်အားအားလုံးကို အသုံးပြုခဲ့ရသည်။ ခန္ဓာကိုယ်နှင့် အစွမ်းများကို ဆုံးရှုံးလိုက်ရခြင်းကြောင့် သူမသည် အသိဉာဏ်မဲ့သော အဆင့်သို့ ပြန်လည် ကျဆင်းသွားခဲ့ပြီး ယခုအခါတွင်မူ ပင်ကိုယ်ဗီဇနောက်သို့သာ ကန်းကန်းတက် လိုက်နေသည့် အသိမဲ့ ပိုးကောင်တစ်ကောင်ကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

ရုတ်တရက် သူမ၏ မျက်လုံးများ ဝင်းလက်သွား၏။ အားနည်းသော အလင်းတန်းလေးတစ်ခုဖြင့် ပြုလုပ်ထားသည့် ချည်မျှင်တစ်ခုအလား တစ်စုံတစ်ရာက သူမကို လမ်းညွှန်လိုက်သည်။

‘အဲဒီမှာ...’

သူမ၏ အစွမ်းအများစုကို ဝါးမြိုခဲ့သော တရားခံကို အာရုံခံမိရုံသာမက သူမ အစကတည်းက ကယ်တင်ချင်ခဲ့သော သူမ၏ မျိုးနွယ်စုဝင် အရှိန်အဝါကိုလည်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။

‘ဟုတ်တယ်၊ ဒါပဲ...’

သူမသည် သူမ၏ မျိုးနွယ်စုဝင်ကို ကယ်တင်ရန် လာခဲ့ခြင်း မဟုတ်ပါလော...။ ယခုအခါ သာမန် ပိုးကောင်တစ်ကောင်နှင့် မခြားတော့သော ဟာနီရယ်သည် ဆင်ခြင်တုံတရားဖြင့် စဉ်းစားနိုင်စွမ်း လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ရာ မီးကို မြင်သည့် ပိုးဖလံကဲ့သို့ ဆွဲဆောင်နေသော ထိုအလင်းတန်းဆီသို့ တရကြမ်း ပြေးဝင်သွားတော့သည်။

"ငါ့ရဲ့ အင်အားတွေ..."

ဟာနီရယ် အလွန် ဝမ်းသာသွားသည်။ သူမ၏ စုတ်ပြတ်နေသော ခန္ဓာကိုယ်ဖြင့် အချိန်စီးကြောင်း အတွင်းသို့ ခုန်ဝင်လိုက်၏။

...

နေအိမ်၏ ဘေးခန်းအတွင်း၌ ကျိသားအဖနှင့် ဂရက်တို့မှာ လင်းကျဲ ကိုင်ထားသော နာရီကလေးကို မျက်လုံးပြူးကာ စိုက်ကြည့်နေကြသည်။ ထိုနာရီ၏ စက္ကန့်လက်တံမှာ နောက်သို့ သိသိသာသာ ပြန်လည် လည်ပတ်သွားခဲ့ပြီ ဖြစ်သည်။

ကျိကျစ်ရှို့မှာ အံ့သြလွန်းသဖြင့် မှင်တက်နေတော့သည်။ အချိန်ကို နောက်ပြန်လှည့်နိုင်သည့် ဤကိရိယာ၏ စွမ်းဆောင်ရည်မှာ... နာရီပေါ်ရှိ စကေးများနှင့် တိကျစွာ ထပ်တူကျနေသည်ကို သူမ သတိပြုမိသွားသည်။

ဂရက် ပြောချင်နေသော စိုးရိမ်တကြီး စကားလုံးများမှာလည်း လည်ချောင်းထဲတွင်ပင် တစ်ဆို့သွားသည်။ ဤလှပသော အသုံးအဆောင်ပစ္စည်းမှာ အချိန်ကို ထိန်းချုပ်နိုင်သည့် အင်ဒရူး မိသားစု၏ လျှို့ဝှက်ရတနာ ဖြစ်ကြောင်း သူ မှတ်မိသွားသဖြင့် ထိတ်လန့်သွားရ၏။

မဖြစ်နိုင်တာ...

သူ၏ အတွေးများ မပြီးဆုံးမီမှာပင် နောက်တစ်စက္ကန့်၌ နောက်ပြန်လည်သွားသော အချိန်စီးကြောင်းကြီးက သူတို့ကို လွှမ်းမိုးသွားတော့သည်။

...

ဟာနီရယ်မှာ အချိန်မျဉ်းကြား ခုန်ကူးနေစဉ် အချိန်အက်ကွဲကြောင်းမှတစ်ဆင့် သူမ၏ ခန္ဓာကိုယ်ကို ထုတ်ယူကာ အကျဉ်းကျနေသော သူမ၏ မျိုးနွယ်စုဝင်ကို ထိတွေ့ရန် ပြင်လိုက်သည်။

သို့သော် အချိန်၏ စီးဆင်းမှုမှာ နောက်သို့ ပြန်လည် လည်ပတ်နေသည်ကို သူမ အာရုံခံမိသွား၏...

လင်းကျဲ၏ လက်ချောင်းများ မတော်တဆ ထိမိလိုက်သဖြင့် စက္ကန့်လက်တံ လှုပ်ရှားသွားခြင်းကြောင့် ပုံမှန် စီးဆင်းနေသော အချိန်၏ ရေစီးကြောင်းမှာ တစ်စုံတစ်ခုက ဖြတ်တောက်လိုက်သကဲ့သို့ ရုတ်တရက် ရပ်တန့်သွားသည်။

ထို့နောက် ဟာနီရယ်၏ ပတ်ဝန်းကျင်ရှိ အချိန်စီးကြောင်းမှာ ပိတ်မိနေသော နံရံထောင်ချောက်ကြီးအလား သူမကို ဖိသိပ်လိုက်တော့သည်။ ဟာနီရယ် စဉ်းစားရန် အချိန်မရတော့ချေ။ ဤတစ်ကြိမ်တွင်မူ သူမ မလွတ်နိုင်တော့။

အာကာသ-အချိန် မျဉ်းများစွာကို ဖြတ်ကျော်လာခဲ့သော 'ခရောနော့စ် လိပ်ပြာ' သည် အချိန်၏ ကြီးမားသော စွမ်းအားအောက်၌ အဝတ်လျှော်စက်အတွင်း ရောက်သွားသကဲ့သို့ တရကြမ်း လွင့်ထွက်ကာ လိမ့်နေတော့သည်။

မရေမတွက်နိုင်သော အလင်းတန်းများဖြင့် တည်ဆောက်ထားသော သူမ၏ ခန္ဓာကိုယ်မှာ အရပ်မျက်နှာအနှံ့သို့ ဆွဲဖြဲခြင်း ခံလိုက်ရပြီး ချက်ချင်းပင် မရေမတွက်နိုင်သော ပိုးကောင်များအဖြစ် ပေါက်ကွဲထွက်သွားသည်။ နာကျင်မှုနှင့် မကျေနပ်မှုများကြားမှ ဟာနီရယ်သည် သူမ၏ ခိုင်မာသော စိတ်ဓာတ်ကို အသုံးပြု၍ သူမ၏ ခန္ဓာကိုယ်ကို ပြန်လည် စုစည်းရန် ကြိုးစားနေသည်။

"မဖြစ်ဘူး..."

အဆက်မပြတ် ပျက်စီးလိုက်၊ ပြန်လည် စုဖွဲ့လိုက် ဖြစ်နေသော အခြေအနေကြားတွင် ဟာနီရယ်သည် ရူးသွပ်စွာ ရုန်းကန်နေရလေသည်။

ထပ်တူကျနေသော အချိန်စီးကြောင်းများမှာ အသားကြိတ်စက်တစ်ခုကဲ့သို့ပင် သူမကို စုတ်ဖြတ်ကာ အားလုံးကို ရောနှောပစ်နေသည်။ ကြောင်တစ်ကောင် ကစားနေသည့် ချည်လုံးတစ်ခုအလား ဟာနီရယ်သည် အချိန်မျဉ်းများစွာကို ဖြတ်ကျော်ကာ မတူညီသော အချိန်ကာလ အမှတ်များစွာတွင် တစ်ပြိုင်နက် ရှိနေခဲ့သည်။

"ကယ်ကြပါ... ကယ်ကြပါ... ဘယ်သူပဲဖြစ်ဖြစ်... ငါ မသေချင်ဘူး..."

သေခြင်းတရားအပေါ် ကြောက်ရွံ့မှုက ဟာနီရယ်ကို ဖမ်းစားထားရာ သူမသည် တရကြမ်း တိုက်ခတ်နေသော အတိုင်းအတာများကြားရှိ အက်ကွဲကြောင်းများကို အသည်းအသန် လှမ်းဆွဲကာ အားပြုစရာတစ်ခု ရှာဖွေနေသည်။ ဤအခိုက်အတန့်တွင် သူမသည် သမုဒ္ဒရာထဲသို့ ပြုတ်ကျကာ အသက်ရှူနိုင်ရန် အရာရာကို လှမ်းဖမ်းနေသည့် ရေနစ်သူတစ်ဦးနှင့် တူလှသည်။

သို့သော် နောက်သို့ ပြန်လည်လည်ပတ်နေသော အချိန်၏ ကြီးမားသော စွမ်းအားကိုမူ တားဆီး၍ မရနိုင်ချေ။ ယင်းမှာ ပြည့်စုံပြီးသား အချိန်မှ ပြိုကွဲနေသော အချိန်ဆီသို့ စီးဆင်းသွားသော ရေစီးကြောင်းကြီးနှင့် တူလှသည်။

အာကာသနှင့် အချိန်မှာ လိပ်ထားသော တဘတ်တစ်ခုအလား လက်တွေ့နှင့် အိပ်မက်တို့ ထပ်တူကျသွားပြီး ရှိနှင့်ပြီးသား လူလုပ်ဟင်းလင်းပြင်နှင့် ပေါင်းစပ်ကာ အပေါက်ဗရပွနှင့် နယ်မြေတစ်ခု ဖြစ်လာတော့သည်။

တစ်ချိန်တည်းမှာပင် အာကာသနှင့် အချိန်ကြားရှိ ကွာဟချက်မှာ လုံးဝ ပိတ်သွားတော့သည်။ တုန်ခါနေသော နံရံနှစ်ခုမှာ အတွင်းရှိ အရာခပ်သိမ်းကို အမှုန့်ဖြစ်အောင် ဖိသိပ်ပစ်လိုက်သည်။

ပြင်းထန်သော ဖိအားကြောင့် အစိပ်စိပ်အမွှာမွှာ ဖြစ်သွားသော ရေပူဖောင်းတစ်ခုအလား ဟာနီရယ်မှာ ပေါက်ကွဲသွားတော့၏။ အခရာ အဆင့် ပုဂ္ဂိုလ်များ သေဆုံးသွားချိန်တွင် ထွက်ပေါ်လာသော 'နိယာမ' အစွမ်းများမှာ ပတ်ဝန်းကျင်ရှိ အတိုင်းအတာ အက်ကွဲကြောင်းများအတွင်းသို့ အလုံးအရင်းနှင့် စီးဝင်သွားတော့သည်။

***

All Chapters