← Chapters

အခန်း (၄၃၃-၄၃၄)

Vol. 31 Ch. 433-434

အခန်း (၄၃၃-၄၃၄)

Vol. 31 Ch. 433-434

အပိုင်း(၄၃၃)

ရှည်လျားပြီး ထူးဆန်းသော ခရီးတစ်ခုကို ဖြတ်သန်းလာခဲ့ရသူအလား မေလီဆာသည် သူမ၏ စိမ်းလဲ့သော မျက်လုံးများကို ပြူးကျယ်ကာ ဖွင့်လိုက်ပြီး သူမ၏ ရှေ့မှောက်တွင် လျင်မြန်စွာ နောက်ဆုတ်သွားသော ကမ္ဘာကြီးကို ကြည့်နေမိသည်။

အဝေးရှိ စစ်မြေပြင်တွင် ဧရာမ မိစ္ဆာကြီးတစ်ခုက သောင်းကျန်းနေပြီး ၎င်း၏ ရှေ့တွင်မူ သေးငယ်သော အဖြူရောင် မီးလျှံများ ရစ်ပတ်ထားသည့် ခန့်ညားသော သူရဲကောင်းကြီးတစ်ဦး ရှိနေသည်။

"ဘာတွေ ဖြစ်နေတာလဲ..."

မေလီဆာ ရေရွတ်လိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ခံစားနေရသော ပြင်းထန်သော နာကျင်မှုကြောင့် ထိုအတွေးများကို ချက်ချင်းပင် ဘေးဖယ်ထားလိုက်ရသည်။

‘ဟုတ်ပြီ... ငါ ငါ့ရဲ့ နိယာမတွေကို အဖေ့ဆီ လွှဲပေးမလို့ မလား...”

မေလီဆာ တစ်ယောက် သူမ၏ ခန္ဓာကိုယ်အနှံ့ လောင်မြိုက်နေသော မီးလျှံများကို မြင်လိုက်ရချိန်တွင် အသိတရား ပြန်ဝင်လာသည်။ သို့သော် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူမ ဝေဝါးစွာ ခံစားနေရ၏။ သူမသည် ဖခင်ဖြစ်သူထံသို့ ရောက်ရှိသွားခဲ့ပြီ မဟုတ်ပါလား...။

‘ဒါဟာ ငါ့ရဲ့ စွဲလမ်းမှုကြောင့် ဖြစ်လာတဲ့ အာရုံချောက်ခြားမှုလား... မဟုတ်ဘူး... အခု ဒါတွေကို တွေးနေရမယ့် အချိန်မဟုတ်ဘူး... ငါ အခုလုပ်ရမှာက ရှေ့ကို ဆက်သွားဖို့ပဲ...’

မေလီဆာသည် အတွေးများကို စွန့်လွှတ်ကာ ရှေ့သို့ ဆက်လက် တိုးဝင်လိုက်ပြီး သူမ၏ မျက်နှာတွင် စိတ်သက်သာရာရသော အပြုံးတစ်ခု ပေါ်လာသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမ၏ ခန္ဓာကိုယ်မှာ ဆက်လက် မတောင့်ခံနိုင်တော့ဘဲ သေခြင်းတရားမှာ နီးကပ်လာနေသည်ကိုလည်း ခံစားနေရသည်။

အဝေးတစ်နေရာတွင် ဂျိုးဇက်သည် လဲကျနေရာမှ ပြန်လည် ထရပ်လိုက်သည်။ သူ၏ မျက်နှာမှာ အသက်မဲ့နေသော်လည်း ကြက်သွေးရောင် မီးလျှံများ ရစ်ပတ်ထားသည့် ရင်းနှီးသော မိန်းကလေး၏ ပုံရိပ်ကို မြင်လိုက်ရချိန်တွင် သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

ဤအခိုက်အတန့်တွင် ဘာတွေဖြစ်နေသည်ကို သူ နားမလည်သော်လည်း ဖခင်တစ်ဦး၏ ပင်ကိုယ်ဗီဇအရ သူသည် မတွန့်မဆုတ်ဘဲ မေလီဆာထံသို့ ပြေးဝင်သွားတော့သည်။

"မေလီဆာ... မေလီဆာ... "

ဂျိုးဇက် ဟစ်အော်ကြွေးကြော်ရင်း သူ၏သမီးထံသို့ အစွမ်းကုန် အားသွန်ခွန်စိုက် ပြေးသွားတော့သည်။

ဝယ်လ်မှာမူ သူ၏ပတ်ဝန်းကျင်ရှိ မတည်ငြိမ်သော အတိုင်းအတာလှိုင်းထန်မှုများကို ချက်ချင်းအာရုံခံမိသွားပြီး ဒေါသတကြီး မျက်လုံးပြူးသွားရသည်။

‘ဘာလို့လဲ...’

သူ၏ဧရာမ ခန္ဓာကိုယ်ကြီးက လူသားနှင့်မတူသော ဟိန်းဟောက်သံကြီးကို လွှတ်ထုတ်လိုက်ပြီး လက်တံကြီးများကို ဝေ့ယမ်းကာ ဖျက်ဆီးခြင်း အမှောင်ထုများဖြင့် သူရဲကောင်းနှစ်ဦးကို ထပ်မံတိုက်ခိုက်လိုက်ပြန်သည်။

‘ဘာမှ အရေးမကြီးဘူး...’

ဝယ်လ် တွေးလိုက်သည်။

‘ငါ့ရဲ့အောင်ပွဲက ကျောက်စာထွင်းထားသလို အသေအချာပဲ... အချိန်တွေ နောက်ပြန်လည်သွားရင်တောင် ငါ့ကို ထိခိုက်မှာမဟုတ်ဘူး... ဒီအောင်ပွဲက ကံကြမ္မာက သတ်မှတ်ပြီးသားပဲ... ဘယ်သူမှ ပြောင်းလဲလို့ မရဘူး...

မေလီဆာ၏ နီမြန်းသော ဆံပင်များမှာ မီးလျှံများနှင့်အတူ ကခုန်နေပြီး လောင်မြိုက်နေသော မီးတောက်များနှင့် တစ်သားတည်း ဖြစ်နေသည်။ ‘နိဂုံး’ ကို ကိုယ်စားပြုသော အမှောင်ထုကြားတွင် ရပ်နေသည့် သူမမှာ ငရဲမီးကြားမှ ပွင့်လန်းလာသည့် ကြာနီတစ်ပွင့်နှင့် တူလှသည်။

“နောက်ကျသွားပြီ...”

ဝယ်လ်က လှောင်ပြောင်လိုက်ပြီး အမှောင်ဒီရေလှိုင်းများကို မေလီဆာထံသို့ တိုးဝင်စေလိုက်သည်။

“နင်တို့ရဲ့ အဆုံးသတ်က အစကတည်းက ဆုံးဖြတ်ပြီးသားပဲ... အခုတစ်ကြိမ်လည်း ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူး...”

မှန်ပေသည်။ မေလီဆာသည် အနည်းငယ်မျှပင် တွန့်ဆုတ်မနေခဲ့ချေ။ သူမသည် ပတ်ဝန်းကျင်ရှိ အမှောင်ထုများကို မောင်းထုတ်ရန်အတွက် မိမိ၏ သက်စွမ်းအင်ကို နောက်တစ်ကြိမ် ထပ်မံ လောင်မြိုက်လိုက်ပြန်သည်။ သူမ ရှေ့သို့ ဆက်သွားနေသရွေ့ ဖခင်ဖြစ်သူထံသို့ မရောက်မီမှာပင် သေဆုံးရမည်မှာ အမှန်ပင်။

သို့သော် မေလီဆာအတွက်မူ သေခြင်းတရားကို ရွေးချယ်ခြင်းမှာ ဘယ်သောအခါမှ ကြောက်ရွံ့စရာ မဟုတ်ခဲ့ချေ။ ဖခင်ဖြစ်သူကို ကယ်တင်နိုင်မည်ဆိုလျှင် မည်သည့်အရာမှ ကြောက်စရာ မဟုတ်။ သူမ ယခင်က ပြုလုပ်ခဲ့သော ရွေးချယ်မှုမှာ နောက်တစ်ကြိမ် အခွင့်အရေး ပြန်ရခဲ့လျှင်ပင် ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။

ဂျိုးဇက် ယခင်ကထက်ပင် ပို၍ ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ သူ အားရှိသမျှ အသုံးပြုကာ သူ့ကို ပိတ်ဆို့ထားသော အမှောင်ထုကို ဆွဲဖြဲလိုက်ပြီး သမီးဖြစ်သူထံသို့ အပြေးအလွှား တိုးဝင်သွားတော့သည်။

‘မဖြစ်ဘူး... ဒီလို မဖြစ်စေရဘူး... မေလီဆာ ငါ့ရှေ့မှာ နောက်တစ်ခါ အသက်ပျောက်သွားတာကို အဖြစ်မခံနိုင်ဘူး... မဖြစ်ရဘူး...’

ဂျိုးဇက်သည် မေလီဆာနှင့် ပို၍ နီးကပ်လာခဲ့သော်လည်း ‘နိယာမ’ စွမ်းအားများ ပြန်လည် နိုးထလာချိန်တွင် သူ့ စိတ်ပျက်အားငယ်မှုမှာ ပို၍ ကြီးထွားလာခဲ့သည်။ ဆံပင်နီနီနှင့် မိန်းကလေးမှာ သူ့ကို ကြည့်ပြီး ပြုံးပြနေသော်လည်း ကျော်လွှားနိုင်ရန် ခက်ခဲလှသော မီတာအနည်းငယ်မျှသော အကွာအဝေးမှာ တောင်ကမ္ဘာကြီးတစ်ခုအလား ခြားနားနေဆဲပင်။

သူ၏ ဖြန့်ကားထားသော လက်မောင်းများမှာ သမီးဖြစ်သူကို ဖက်တွယ်နိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

“ဝူး... ဟား ဟားဟား...... အပိုပဲ၊ အပိုပဲ၊ အသုံးမကျလိုက်တာ... အလဟဿပဲ ဂျိုးဇက်... ငါတို့ နောက်တစ်ခါ ပြန်စရင်တောင် ရလဒ်ကတော့ အတူတူပဲ ဖြစ်နေမှာ...”

ဝယ်လ်က တဟားဟား ရယ်မောရင်း သူတို့၏ အချည်းနှီးသော ကြိုးစားမှုကို လှောင်ပြောင်နေတော့သည်။

ရုတ်တရက်...

ပတ်ဝန်းကျင်ရှိ သေးငယ်သော အိပ်မက်အက်ကွဲကြောင်းများမှ ကြီးမားသော စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာသည်။ ယင်းမှာ အချိန်ရေစီးကြောင်း၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရသော ဟာနီရယ်ပင် ဖြစ်သည်။

ဝုန်း...

အချိန်ကို ထိန်းချုပ်နိုင်စွမ်းရှိသော ထိုအခရာ အဆင့် ထူးခြားဆန်းပြားသည့် တည်ရှိမှုကြီးမှာ ခဏချင်းမှာပင် ဖိသိပ်ခံလိုက်ရပြီး ပေါက်ကွဲသွားတော့သည်။ မရေမတွက်နိုင်သော ‘နိယာမ’ အစွမ်းများသည် ရေလျှံသကဲ့သို့ အရပ်မျက်နှာအနှံ့ စီးဝင်သွားပြီး အိပ်မက်နှင့် လက်တွေ့ကြားရှိ ‘အိပ်မက်ဖန်တီးစက်များ’ ၏ နုနယ်သော အတားအဆီးကို လုံးဝ ပြိုလဲသွားစေတော့သည်။ ထိုနေရာရှိ အကြီးမားဆုံးသော အိပ်မက်အက်ကွဲကြောင်းကြောင့် အာကာသ-အချိန် တစ်ခုလုံးမှာ တွန့်လိမ်သွားရ၏။

တစ်ချိန်တည်းမှာပင် အခရာအဆင့် နှစ်ဦး၏ တိုက်ခိုက်မှုကြောင့် အကြိမ်ကြိမ် ဒဏ်ရာရထားသော နော်ဇင်မြို့ကြီးမှာလည်း ပျက်စီးလုနီးပါး ဖြစ်နေချေပြီ။ ဤအခိုက်အတန့်တွင် မြို့တစ်မြို့လုံးကို ထောက်ကန်ထားသော သံမဏိတည်ဆောက်ပုံကြီးမှာ နောက်တစ်ကြိမ် ရိုက်ခတ်မှုကို ခံလိုက်ရပြန်သည်။

ဂျွတ်... ဂျွတ်... ကျွီ...

သံမဏိဘောင်ကြီးမှာ ‘နိဂုံး’ နယ်ပယ်၏ အစွမ်းကြောင့် လျင်မြန်စွာ သံချေးတက်သွားကာ မိမိကိုယ်မိမိ မထောက်ကန်နိုင်တော့ဘဲ အလယ်တည့်တည့်မှ ကျိုးကျသွားတော့သည်။

လူလုပ်မြို့တော်ကြီးကို ထောက်ကန်ထားသော မြေအောက်ဘောင်ကြီးမှာ ချက်ချင်း ပြိုကျသွားသဖြင့် မြေအောက်အလွှာတစ်ခုလုံးမှာ မီတာရာဂဏန်းမျှ ရှေ့သို့ ရွေ့လျားသွားပြီး အရှိန်ဖြင့် တိုက်မိကုန်ကြသည်။

ဝုန်း...

မြေပြင်မှာ တုန်ခါသွားပြီး စောင်းသွားရာ ကြီးမားသော မမြင်နိုင်သည့် အားတစ်ခုက မေလီဆာကို ရှေ့သို့ ရုတ်တရက် တွန်းပို့လိုက်သကဲ့သို့ ဖြစ်သွားသည်။

မိန်းကလေး၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွား၏။ နောက်တစ်စက္ကန့်တွင်မူ...

သူမသည် နွေးထွေးပြီး ရင်းနှီးလှသော၊ စိတ်ချရသော ရင်ခွင်တစ်ခုအတွင်းသို့ ကျရောက်သွားတော့သည်။

နိယာမ တို့ ပြည့်စုံသွားပြီး လောင်မြိုက်မှုများလည်း ရပ်တန့်သွားခဲ့ပြီ။

သန်မာလှသော သူရဲကောင်းကြီး၏ မျက်နှာမှာ မျက်ရည်များဖြင့် ပြည့်နှက်နေသည်။ သူသည် မယုံကြည်နိုင်သော အမူအရာဖြင့် သူ၏ ရင်သွေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမိသည်။

“မေလီဆာ... မေလီဆာ... ဒါ တကယ် နင်ပဲလား...”

ဖခင်ဖြစ်သူ၏ လက်များမှာ တုန်ရီနေပြီး မေလီဆာကို ပထမဆုံးအကြိမ် ပွေ့ဖက်ရသည့်အလား စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် ကောင်းကောင်း မပြောနိုင်ရှာတော့ချေ။

“တော်သေးတာပေါ့... တကယ်ကို တော်သေးတာပေါ့...”

“အဖေကလည်း... သမီးမဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ... အဖေ့ရဲ့ အတော်ဆုံး သမီးလေးက အဖေ့ကို ကယ်ဖို့ လာတာလေ...”

မေလီဆာက လျှာကလေး ထုတ်ပြရင်း ချစ်စရာကောင်းသော အပြုံးဖြင့် ဂျိုးဇက်ကို ပြန်လည် ပွေ့ဖက်လိုက်တော့သည်။

…

'ဟာနီရယ်' ပေါက်ကွဲထွက်သွားရာမှ ထွက်ပေါ်လာသော ဧရာမ စွမ်းအင်လှိုင်းကြီးကြောင့် ‘နိဂုံး’ ၏ ဖျက်ဆီးခြင်း အမှောင်စီးကြောင်းများမှာ လွင့်စဉ်ပျောက်ကွယ်သွားလေ၏။ စစ်မှန်ခြင်းနှင့် တံလျှပ်ပမာ အိပ်မက်ဆန်ခြင်းတို့ ရောယှက်နေသော ဤအိပ်မက်နယ်ပယ်သည်လည်း ဟာနီရယ်၏ နိဂုံးနှင့်အတူ ပူဖောင်းတစ်လုံးနှယ် ပေါက်ထွက်သွားခဲ့လေပြီ။

ကြီးမားလှသော ဟိန်းသံကြီးနှင့်အတူ နော်ဇင်မြို့ကြီး တစ်ခုလုံးမှာ ဘေးသို့ ဒီဂရီအနည်းငယ် စောင်းသွားသည်။

ဝယ်လ်၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာလည်း ထိုရိုက်ခတ်မှုဒဏ်ကို ခံလိုက်ရသဖြင့် လက်တံများစွာ ကျိုးပြတ်သွားကာ မီတာထောင်ချီ၍ နောက်သို့ လွင့်စဉ်သွားရ၏။ သူသည် ဂျိုးဇက်နှင့် သူ၏သမီးတို့ ပွေ့ဖက်နေကြသည်ကို ကြည့်ရင်း အံ့အားသင့်မှုကြောင့် မျက်လုံးများ ပြူးကျယ်နေမိသည်။

လွန်ကဲလှသော စွမ်းအင်များ ပေါက်ကွဲထွက်လာရုံမျှဖြင့် ရလဒ်ကြီးတစ်ခုလုံးမှာ တိုက်ရိုက် ပြောင်းလဲသွားခဲ့ချေပြီ။

အမှန်စင်စစ် ဤအချက်မှာ အံ့သြစရာ အကောင်းဆုံးအပိုင်း မဟုတ်ချေ။ ပို၍ ရူးသွပ်စရာ ကောင်းသည်မှာ ထိုသို့ လွင့်ပျံ့လာသော စွမ်းအားများအတွင်း၌ အလွန်ပြည့်စုံပြီး အစွမ်းထက်သော ‘နိယာမ’ တစ်ခု ပါဝင်နေသည်ကို ဝယ်လ် အာရုံခံမိခြင်းပင်။ ထိုသတ္တဝါ သေဆုံးချိန်၌ ယိုစိမ့်ထွက်လာသော အစွမ်းအစကလေးကပင် သူ့ကို ဒဏ်ရာရစေရန် လုံလောက်ခဲ့သည်။ ဆိုလိုသည်မှာ သူတို့ထက် များစွာ ပိုမိုအစွမ်းထက်သော အခရာ အဆင့် ရှိသူတစ်ဦး ယခုလေးတင် ကျဆုံးသွားခြင်း ဖြစ်ပေသည်။

‘နိဂုံး’ နိယာမကို ကျွမ်းကျင်ခါစ ‘အဆင့်သစ်’ အခရာအဆင့် တစ်ဦးဖြစ်သော ဝယ်လ်မှာမူ ထိုကဲ့သို့သော အခရာအဆင့် ထူးခြားဆန်းပြား တည်ရှိမှုကြီးနှင့် ရင်ဆိုင်လိုက်ရသဖြင့် နှလုံးသားမှာ စိုးရိမ်တကြီး တုန်လှုပ်သွားရ၏။

အချိန်နိယာမကို ပိုင်စိုးထားသော အခရာအဆင့် ဆိုသည်မှာ အခရာအဆင့်များကြားတွင်ပင် ထိပ်တန်း အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်မှာ အသေအချာပင်။ သို့သော် ထိုမျှ အစွမ်းထက်သော တည်ရှိမှုကြီးမှာ မျက်တောင်တစ်ခတ်အတွင်း အချိန်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။ ဤကဲ့သို့သော အရာမျိုးကို လုပ်နိုင်စွမ်းရှိသူ ရှိပါဦးမည်လော...။

ဝယ်လ်အနေဖြင့် အများကြီး စဉ်းစားနေစရာ မလိုဘဲ အဖြေကို ခန့်မှန်းမိလိုက်ပြီ ဖြစ်သည်။

***

အပိုင်း(၄၃၄)

အခြားတစ်ဖက်၌...

“မေလီဆာ... တကယ်ကို တော်သေးတာပေါ့...”

ယခင်က ဖမ်းဆုပ်နိုင်ခြင်း မရှိခဲ့သော လက်ကလေးများကို ယခုတွင်မူ ဂျိုးဇက်က တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။ ဤအခိုက်အတန့်တွင် မိမိအယူအဆ၏ နိယာမကို နားလည်သဘောပေါက်ထားသော အခရာအဆင့် သူရဲကောင်းကြီး ဂျိုးဇက်သည် မိမိ၏ ပျောက်ဆုံးသွားသော သမီးကလေးနှင့် ပြန်လည် ဆုံတွေ့ခွင့်ရသဖြင့် ဝမ်းသာအားရ ပွေ့ဖက်ထားသည့် ဖခင်တစ်ဦးမျှသာ ဖြစ်တော့သည်။

“မေလီဆာ... ငါ့ရဲ့ မေလီဆာလေး...”

အိုမင်းလှသော သူရဲကောင်းကြီးမှာ စကားလုံးများပင် မပီသနိုင်တော့ချေ။

“အဖေ... ဟဲဟဲ၊ ပျော်လား... အရင်တုန်းက အမြဲတမ်း အဖေကပဲ သူများတွေကို ကာကွယ်ပေးခဲ့တာ... အခုတော့ သမီးအလှည့်ပေါ့...”

မေလီဆာသည် ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲ၌ တင်းကျပ်စွာ အပွေ့ဖက်ခံထားရ၏။ ဖခင်၏ နွေးထွေးသော မျက်ရည်များမှာ သူမ၏ ပခုံးထက်သို့ စီးကျနေသည်။ သူမသည် ဖခင်ဖြစ်သူ၏ တုန်ရီနေသော ကျောပြင်ကြီးကို အသာအယာ ပုတ်ပေးရင်း ဖခင်ထံမှ ထိုမျှ နွေးထွေးလှသော ချစ်ခြင်းမေတ္တာကို ပထမဆုံးအကြိမ် ခံစားမိလိုက်သည်။

အတိတ်ကာလများမှာတုန်းက ဂျိုးဇက်သည် သူ၏ ခံစားချက်များကို စကားဖြင့် ဖြစ်စေ၊ အမူအရာဖြင့် ဖြစ်စေ ပွင့်ပွင့်လင်းလင်း ဖော်ပြလေ့ မရှိခဲ့ချေ။ သူသည် မလှုပ်မယှက်သော ကျောက်တုံးကြီးတစ်ခုကဲ့သို့ တိတ်တဆိတ် စောင့်ကြည့်ပြီး တင်းကြပ်သော မျှော်လင့်ချက်များကိုသာ ထားရှိခဲ့သူ ဖြစ်သည်။ မေလီဆာမှာလည်း ဖခင်ဖြစ်သူ၏ ဂရုမစိုက်မှုအပေါ် အမြဲပင် မကျေမနပ် ဖြစ်ခဲ့ပြီး သူမ၏ နည်းလမ်းဖြင့် ဆန္ဒပြခဲ့ဖူးသည်။

သို့သော် ယခုအခါ ဂျိုးဇက်၏ ထိန်းမနိုင်သိမ်းမရ တုန်ရီနေမှုနှင့် တင်းကျပ်လှသော အပွေ့အဖက်ကို ခံစားလိုက်ရချိန်မှသာ သူမ၏ ဖခင်မှာ သူမကို မည်မျှ ချစ်မြတ်နိုးပြီး တန်ဖိုးထားကြောင်း အမှန်တကယ် နားလည်သွားခဲ့ပြီ ဖြစ်သည်။

“ပျော်တာပေါ့၊ အဖေ တကယ်ကို ပျော်တာပေါ့...”

ဂျိုးဇက်သည် မေလီဆာကို အနည်းငယ် လွှတ်ပေးလိုက်ပြီး မျက်ရည်များကြားမှ ဝမ်းသာပီတိ ဖြစ်နေသော အပြုံးဖြင့် သမီးဖြစ်သူ၏ ပါးနှင့် ဆံပင်များကို နူးညံ့စွာ သပ်ပေးလိုက်သည်။

“ငါ့သမီးလေးက တကယ်ကို အရွယ်ရောက်ပြီး အားကိုးထိုက်တဲ့သူ ဖြစ်နေပြီပဲ...”

ထို့နောက် သူက တိုးတိုးလေး ကပ်ပြောလိုက်သည်၏။

“တောင်းပန်ပါတယ် မေလီဆာ၊ ဒီနေ့အတွက် နွားနို့ မရှိတော့ဘူး...”

မေလီဆာမှာ မှင်တက်သွားပြီးနောက် သူမ၏ ဂုတ်ပိုးတွင် စူးခနဲ နာကျင်မှုကို ခံစားလိုက်ရကာ မြင်ကွင်းများ မှောင်အတိ ကျသွားပြီး ခွေကျသွားတော့သည်။

“ကောင်းသောညပါ၊ အိပ်မက်လှလှ မက်ပါစေ...”

ဂျိုးဇက်သည် သူကိုယ်တိုင် သတိမေ့အောင် လုပ်လိုက်သော သမီးဖြစ်သူကို နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိသည်။ သူသည် သမီးကလေးကို ရင်ခွင်ထဲ၌ ပွေ့ချီကာ ဖြည်းညှင်းစွာ ထရပ်လိုက်ချိန်တွင် သူ၏ မျက်နှာထက်မှ နူးညံ့မှုများ ကွယ်ပျောက်သွားပြီး အေးစက်တည်ကြည်သော အမူအရာ ပြန်လည် ရောက်ရှိလာတော့သည်။

မေလီဆာမှာ မသိစိတ်ဖြင့် သူ့ အင်္ကျီကို လှမ်းဆွဲထားပြီး တစ်စုံတစ်ခုကို ဝေဝါးစွာ ပြောရန် ကြိုးစားနေသေး၏။

“ရတယ် သမီးလေး၊ ဘာမှမဖြစ်ဘူး... အရာအားလုံး အဆင်ပြေသွားမှာပါ...”

ဂျိုးဇက်က ကလေးတစ်ဦးကို ချော့မြှူနေသကဲ့သို့ မေလီဆာ၏ ကျောပြင်ကို အသာအယာ ပုတ်ပေးနေသည်။

မေလီဆာသည်လည်း စိတ်ချလက်ချဖြင့် ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲ၌ အိပ်ပျော်သွားတော့၏။ ဂျိုးဇက် သမီးဖြစ်သူကို ပွေ့ချီထားရင်း အားနည်းသော်လည်း တည်ရှိနေဆဲဖြစ်သော သူမ၏ အသက်ရှူသံနှင့် နှေးကွေးသော်လည်း အားကောင်းလှသော နှလုံးခုန်သံကို ခံစားနေရသည်။ မေလီဆာ၏ အသက်ရှင်သန်မှု အပူငွေ့မှာ ပူလောင်လုနီးပါးပင်။ ဂျိုးဇက်သည် ယခင်ကထက် ပို၍ စိတ်အေးသွားရလေပြီ။

‘လောင်မြိုက်ခြင်း... လောင်မြိုက်နိုင်တာဟာ အသက်ရှင်သန်မှု တစ်ခုတည်း မဟုတ်ဘူး...’

ဂျိုးဇက်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ အီသာစွမ်းအင်များကို စုစည်းကာ မေလီဆာ၏ ကိုယ်ပေါ်ရှိ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ၏ အမှတ်အသားကို အသက်သွင်းလိုက်ပြီး တယ်လီပို့ ဂါထာကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

အလင်းတစ်ချက် လက်ခနဲ ဖြစ်သွားပြီးနောက် မေလီဆာမှာ မျှော်စင်မှ သတ်မှတ်ထားသော ဘေးကင်းရာနေရာသို့ ရောက်ရှိသွားတော့သည်။

ဂျိုးဇက်သည် ဓားကို ပြန်လည် ကောက်ကိုင်လိုက်၏။ သူ၏ စူးရှသော မျက်ဝန်းများက အဝေးတစ်နေရာတွင် နယ်ပယ်ကို ပြန်လည် တည်ဆောက်နေသော ဝယ်လ်ကို စူးစိုက်ကြည့်လိုက်သည်။ အောက်လမ်း မှော်ဆရာကလည်း သူ၏ အကြည့်ကို တုံ့ပြန်လိုက်၏။

ဘုန်း... ဘုန်း...

‘လောင်မြိုက်ခြင်း’ နိယာမသည် တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ဂျိုးဇက်၏ ခန္ဓာကိုယ်ပေါ်၌ တစ်ကျော့ပြန် စုစည်းလာပြန်သည်။ ယခုတစ်ကြိမ်တွင်မူ နှစ်ဖက်စလုံးသည် သူတို့၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့ပြီ ဖြစ်သည်။ နောက်ဆက်တွဲ တိုက်ပွဲတွင်မူ မိမိတို့၏ အစွမ်းရှိသမျှကို ပုံအောရန်မှလွဲ၍ အခြားလမ်း မရှိတော့ချေ...။

ဝယ်လ်သည် သူ၏ ‘နိဂုံး’ နိယာမကို အေးစက်စွာ စုစည်းလိုက်သည်။ ဤရုတ်တရက် အပြောင်းအလဲကြောင့် သူ၏ အပြတ်အသတ် အသာစီးရမှုမှာ ပျက်ပြားသွားခဲ့ပြီ ဖြစ်ကြောင်း သူ ကောင်းစွာ သိသည်။ မေလီဆာ အသက်ရှင်သွားရုံသာမက ဂျိုးဇက်သည်လည်း စိတ်တည်ငြိမ်သွားခဲ့ပြီ။ ထို့ပြင် ယခင်က သူ အသုံးပြုခဲ့သော ယဇ်ပူဇော်ပြီး သေချင်ယောင်ဆောင်သည့် အစီအစဉ်မှာလည်း အချိန်နောက်ပြန်လည်သွားမှုကြောင့် အလဟဿ ဖြစ်သွားခဲ့ရသည်။

‘တောက်...’

ဝယ်လ်အနေဖြင့် အခြေအနေမှာ မဟန်တော့ကြောင်း သိလိုက်သည်။ အတိတ်ကာလကဆိုလျှင် ဤသို့သော အခြေအနေမျိုး၌ သူသည် ထွက်ပြေးပြီး ဖြစ်လိမ့်မည်။ မည်သို့ပင်ဆိုစေ သူသည် အခရာအဆင့် စွမ်းအားကို ရရှိထားပြီး ထာဝရနီးပါး သက်တမ်းရှိနေပြီ ဖြစ်ရာ နောက်ထပ် နှစ်နှစ်ခန့် စောင့်ဆိုင်းပြီးမှ ပြန်လည် တိုက်ခိုက်လျှင်ပင် ရပေသည်။

အရှက်ကွဲမှာကိုမူ... မည်သူက ဂရုစိုက်နေပါမည်နည်း။

သို့သော် ဝယ်လ်၏ နှလုံးသားထဲတွင်မူ အလွန်ပင် မကျေမနပ် ဖြစ်နေမိသည်။

‘ဘာကြောင့် ဂျိုးဇက်ကမှ မျက်နှာသာပေးခံရတာလဲ... ဘာကြောင့် သူ့ကိုမှ ဒုတိယအကြိမ် အခွင့်အရေး ပေးရတာလဲ...’

‘ငါ မယုံဘူး......... နောက်တစ်ခါ ပြန်စရင်တောင် ငါပဲ အရင်လို အနိုင်ရမှာပဲ...’

“ဂျိုးဇက်... မင်း ငါ့ရဲ့ နိဂုံးကို ဘယ်တော့မှ အနိုင်မယူနိုင်ဘူး...”

ဝယ်လ်က ဟိန်းဟောက်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြန်လည် နုပျိုလာပြီး မြွေပမာ တွန့်လိမ်နေသော လက်တံကြီးများက သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးကို ရှေ့သို့ တွန်းပို့လိုက်သည်။ အထပ်ထပ် အခါခါ ဖြစ်နေသော မန္တန်ပေါင်းများစွာ ပေါ်ထွက်လာပြီး ယင်းမှာ လူပေါင်း ထောင်ချီ၍ တစ်ပြိုင်နက် ရွတ်ဆိုနေသကဲ့သို့ အဆင့်မြင့် မှော်ဂါထာများကို အသီးသီး ပြည့်စုံစေတော့သည်။

‘နိဂုံး’ နယ်ပယ်၏ ပံ့ပိုးမှုဖြင့် ထိုမှော်ဂါထာများ၏ အစွမ်းမှာ အဆပေါင်းများစွာ မြင့်တက်သွားပြီး ဂျိုးဇက်ထံသို့ ပစ်လွှတ်လိုက်တော့သည်။ သူသည် လက်ဦးမှု ရယူရမည် ဖြစ်သည်။

သူတို့နှစ်ဦးစလုံးသည် တစ်ဦး၏ ဝှက်ဖဲကို တစ်ဦးက သိနေကြပြီဖြစ်ရာ နောက်ဆုံး တိုက်ကွက်တစ်ခုအတွက် သူတို့၏ အသက်ကို လောင်းကြေးထပ်ကြရပေလိမ့်မည်။

ဂျိုးဇက်သည် သူ့ထံသို့ တိုးဝင်လာနေသော လက်တံများနှင့် ကြောက်မက်ဖွယ် မှော်ဂါထာများ၏ ပင်လယ်ကြီးကို ကြည့်နေမိသည်။ စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားသော ဝယ်လ်၏ ‘နိဂုံး’ နယ်ပယ်မှာလည်း တဖြည်းဖြည်း ကျုံ့ဝင်လာခဲ့ပြီ ဖြစ်သည်။ ဝယ်လ်သည် ဂျိုးဇက်ကို အနိုင်ယူရန်အတွက် သူ၏ အင်အားအားလုံးကို စုစည်းလိုက်ခြင်းပင်။

သူရဲကောင်း လူအိုကြီးက ခေါင်းမော့လိုက်၏။ သူ၏ မျက်ဝန်းများမှာ မီးလျှံများ တောက်လောင်နေသကဲ့သို့ ဖြူစင်တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေသည်။ ဝယ်လ်၏ လက်တံများ သူ့ထံသို့ ရောက်ရှိလာချိန်တွင် ဂျိုးဇက်သည် ဓားကို မြှောက်ကိုင်လိုက်သည်။

ယင်းမှာ အရင်ကကဲ့သို့ လောင်မြိုက်နေခြင်းပင် ဖြစ်သော်လည်း လောင်စာမှာမူ လုံးဝ ခြားနားသွားခဲ့ပြီ။

မေလီဆာသည် ‘တံခါးသော့’ မှတစ်ဆင့် လျင်မြန်စွာ သင်ယူခဲ့ရသကဲ့သို့ပင် ‘ဂျိုးဇက်’ ဟူသော အမည်မှာ မိမိကိုယ်ကို လောင်မြိုက်ခြင်း၊ စတေးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းတို့ကို အင်အား၏ အရင်းအမြစ်အဖြစ် အသုံးပြုခြင်းကို ကိုယ်စားပြုသည်။

စောင့်ရှောက်ခြင်းနှင့် စတေးခြင်း...

ယင်းမှာ ဝေဝါးသော အယူအဆ မဟုတ်ဘဲ အမှန်တကယ် တည်ရှိနေသော အရာပင်။ ယင်းမှာ ဂျိုးဇက်၏ မိမိကိုယ်ကို လောင်မြိုက်စေသော အရင်းအမြစ်နှင့် စွမ်းအားပင် ဖြစ်သည်။ သူ မေလီဆာနှင့် နော်ဇင်မြို့ကြီးကို ကာကွယ်ရမည်။

သူ ကာကွယ်ချင်သော အရာအားလုံးမှာ သူ့နောက်ကွယ်တွင် ရှိနေသည်။ သို့ဖြစ်ရာ သူသည် အဘယ်ကြောင့် အစွမ်းကုန် မထုတ်ဘဲ နေပါမည်နည်း။

ဟူး... ဟူး...

ဂျိုးဇက် သူ့ထံသို့ လေတိုးသံများနှင့်အတူ ပြေးဝင်လာသော လက်တံကြီးများကို ကြည့်ရင်း ပြုံးလိုက်၏။ ထို့နောက် သူ၏ လက်ထဲမှ လောင်မြိုက်နေသော ဓားကြီးကို လွှဲယမ်းလိုက်တော့သည်။

ဘုန်း...

ပဲပြားတစ်တုံးကို လှီးဖြတ်လိုက်သကဲ့သို့ပင်... ဝယ်လ်၏ လက်တံပင်လယ်ကြီး၊ ဖျက်ဆီးခြင်း အမှောင်ထုနှင့် မှော်ဂါထာ အားလုံးမှာ အပိုင်းပိုင်း ပြတ်တောက်သွားရလေတော့သတည်း။

***

All Chapters