← Chapters

ထျန်းယင်းဖန်ဆင်းခြင်းပညာ

Vol. 3 Ch. 267

ထျန်းယင်းဖန်ဆင်းခြင်းပညာ

Vol. 3 Ch. 267

ထိုက်စု နတ်ဘုရားဂိုဏ်းမှ တပည့်များက ဆန်းလျန်မှာ ငယ်ရွယ်လွန်းသည့် အတွက် တန်ခိုး စွမ်းအားလည်း နည်းပါးမည်ဟု အထင် ရှိကြလေသည်။ သို့သော် ထိုလူငယ်လေးကပင် နန်းဆောင် သခင်မ သုံးယောက်ကို နဂါးငွေ့တန်း ဓားဝိညာဉ်ဖြင့် ထိုးဖောက် တိုက်ခိုက်ခဲ့လေသည်။

ယခုလည်း ထိုလူငယ်လေးသည် တောင်နှင့်မြစ်ရေ သင်္ကေတကို အသုံးပြုကာ နတ်ဘုရား တစ်ပါးအလား တန်ခိုးစွမ်းအားများ မြင့်တက် လာလေပြီ။

တောင်နှင့်မြစ်ရေ သင်္ကေတ၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ ဆန်းလျန်သည် ထျန်းမုန့် နတ်သမီး၏ ယင်စွမ်းအား လက်ဝါး သုံးဆင့်ကို နှစ်ခြမ်း ခွဲပစ် လိုက်လေသည်။ တောင်များနှင့် မြစ်များကိုပင် ဝါးမျိုပစ်နိုင်သည့် "တောင်နှင့်မြစ်ရေ သင်္ကေတ" တန်ခိုးစွမ်းအားသည် ယင်စွမ်းအား လက်ဝါး သုံးဆင့်ကိုလည်း ဝါးမျိုပစ်လိုက်ပြီ ဖြစ်လေသည်။

ပတ်ဝန်းကျင်ရှိ မိုးမြေစွမ်းအားများမှာ ရေဆူမှတ် ရောက်သည်အထိ ပူလောင်နေလေသည်။ သတ်ဖြတ်လိုသည့် အငွေ့အသက်များက လေထဲတွင် ပြည့်နှက်နေသည်။ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးများက နေရာအနှံ့မှ ထွက်ပေါ်နေလေသည်။

ထိုက်စု နတ်ဘုရားဂိုဏ်းမှ အဆင့်နိမ့် ကျင့်ကြံသူ အချို့မှာ တန်ခိုးစွမ်းအားများ ပေါက်ကွဲမှု ဒဏ်ကို မခံနိုင်ဘဲ သတိလစ် မေ့မြော ကုန်ကြလေသည်။

ထိုအချိန်မှာပင် ဆန်းလျန် ပွေ့ချီထားသည့် ရော့ရှီလေးမှာ အိပ်ပျော်နေရာမှ လန့်နိုး လာလေသည်။

သူမ၏ ချစ်စရာ ကောင်းသည့် မျက်နှာလေးတွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေရှာသည်။ သို့သော် ဆန်းလျန်ကို တွေ့လိုက်ရသည့် အခါတွင်တော့ သူမ အလွန် ပျော်ရွှင်သွားရသည်။ ဦးလေး ဖြစ်သူကို မထင်မှတ်ဘဲ တွေ့လိုက်ရသည့် အတွက် သူမ မျက်လုံးများကိုပင် သူမ မယုံနိုင်အောင် ဖြစ်သွား ရလေသည်။

"ရော့ရှီ ၊ ကိုကိုမင်းကို ဒီကနေ ခေါ်ထုတ် သွားပေးမယ်နော်"

ဆန်းလျန် သက်ပြင်း တစ်ချက် ချလိုက်ရင်း ပြောလိုက်သည်။

ဆန်းလျန်သည် မည်သည့် အရာကိုမှ ကြောက်ရွံ့ တတ်သူ မဟုတ်ပေ။

သို့သော် ယခုတော့ ထိုက်ဝေ့ ထိုင်ခန်းမဆောင်မှ နတ်ဘုရား အဘိုးအို ဖန်ဆင်းပြခဲ့သည့် ခူကောင်လေးမှ လိပ်ပြာလေး ဘဝသို့ ရောက်ရှိသွားသည့် အဖြစ်အပျက်ကို သူ နားလည်သွားခဲ့ပြီ။ နတ်ဘုရား အဘိုးအိုက သူ့ကို တရားပြခဲ့သည့် အတိုင်းပင် ဆန်းလျန်သည် ယခုအချိန်ထိ လိပ်ပြာ တစ်ကောင်အဖြစ် မပြောင်းလဲ နိုင်ခဲ့သေးပေ။ ခူယားကောင် အဆင့်တွင်ပင် ပိတ်မိနေဆဲ ဖြစ်လေသည်။

တိုက်ပွဲ အတွင်းမှာပင် ဆန်းလျန်သည် ဖော့ဝမ့် အဆင့် တက်ရောက်ရန် စတင် ခြေလှမ်းခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သူ့စိတ်သည် အနည်းငယ် ထိလွယ် ရှလွယ် ဖြစ်နေခဲ့လေသည်။ သူ့အတွေးများကို တိမ်သလ္လာများ ဖုံးနေသည့်အတွက် အမှန်ကို မမြင်နိုင်ခြင်းမျိုးလည်း ဖြစ်နိုင်လေသည်။

သူမှန်သည်ဟု ထင်သည့် အရာများကလည်း မှားနေနိုင်သလို ကန်ရေပြင်ကဲ့သို့ တည်ငြိမ်သည်ဟု သူထင်မှတ်ထားသည့် သူ့နှလုံးသားတွင်လည်း စိတ်လှုပ်ရှားမှုများ၊ တပ်မက်မှု ဆန္ဒများနှင့် ဒေါသတရားများက ကိန်းအောင်း နေနိုင်သေးသည်။

သူက ရော့ရှီလေးကို ခေါ်ယူရန် အတွက် ထိုက်စု နတ်ဘုရား ဂိုဏ်းသို့ ရောက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျင့်စဉ်လမ်းတွင် ကြီးမားသည့် အစစ်ဆေးခံရမှုနှင့် ရင်ဆိုင်ခဲ့ရပြီ ဖြစ်လေသည်။ ကြီးမားသည့် ဖိအားများ အောက်တွင် နတ်ဘုရား တစ်ပါးအဖြစ် တက်ရောက် နိုင်ရန်အတွက် မိုးကောင်းကင်မှ သူ၏ ကျင့်စဉ်လမ်းကို စစ်ဆေးခဲ့ပြီ ဖြစ်လေသည်။

အမှန်တော့ ဆန်းလျန်အတွက် ထိုက်စု နတ်ဘုရား ဂိုဏ်းဖြင့် တိုက်ခိုက် နေသည်မှာ မသင့်တော်လှပေ။ သူ့ကိုယ်သူ အန္တရာယ်တွင်းနက်ထဲသို့ ဆွဲချ နေသကဲ့သို့ပင် ဖြစ်လေသည်။ ယခု သူလုပ်နေသည့် လုပ်ရပ်များသည် ယခင်က သူလုပ်လေ့ရှိသည့် လုပ်ရပ်များနှင့် လားလားမှ တူညီခြင်း မရှိပေ။

သူသာ အချိန်တိုအတွင်း လျင်မြန်စွာဖြင့် ကျင့်စဉ်လမ်း အဆင့် မတက်ရောက်နိုင်ခဲ့လျှင် သူပြုလုပ်ခဲ့သည့် အရာများအတွက် နောက်ဆက်တွဲ ဆိုးကျိုးများကို ရင်ဆိုင်ရတော့မည် ဖြစ်လေသည်။

ယခုတော့ ချန်ကျန့်မေ တောင်ပေါ်သို့ ပြန်မလာရသည့် အချက်ကို ဆန်းလျန် နားလည်သွားခဲ့ပြီ။ သူက လောက တစ်ခုလုံးကို စိန်ခေါ်ပြီး သူ၏ ကျင့်စဉ်လမ်း အဆင့်တက် လိုသည့်အတွက် တောင်ပေါ်သို့ ပြန်မလာခဲ့ခြင်း ဖြစ်လေသည်။

ဆန်းလျန် သို့မဟုတ် ချန်ကျန့်မေ တစ်ယောက်ယောက်သာ ကျင့်စဉ်လမ်း အဆင့်တက် သွားနိုင်ခဲ့လျှင် ချင်းရွှမ် နတ်တံခါး ရင်ဆိုင်နေရသည့် အခက်အခဲများ လျော့နည်း သွားမည် ဖြစ်လေသည်။ သို့မှသာ အဖက်ဖက်မှ ကျဆင်းနေသည့် ချင်းရွှမ်နတ်တံခါး၏ ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်နိုင်မည် ဖြစ်လေသည်။

တကယ်တမ်း တန်ခိုးစွမ်းအားခြင်း ယှဉ်ပြိုင်ကြသည့်အခါ အင်းပညာ၊ မန္တန်ပညာနှင့် မှော်ဝင် ပစ္စည်းများ အကူအညီကို ရယူ အသုံးပြုသည့် လှည့်ကွက် လေးများသည် အသုံးမဝင်လှတော့ပါ။

ထို့ပြင် ဆန်းလျန်၏ ရင်ထဲတွင် ကွမ်းချင်း နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား ငါးပါးကို အမြဲတမ်း စိတ်ပူ နေခဲ့လေသည်။

တာအို ဆရာတုန်းဖုန်းသည် ကျိလင် နတ်သမီးကို အငိုက်ဖမ်းကာ လုပ်ကြံခဲ့လေသည်။ သူတို့က ချင်းရွှမ် နတ်တံခါးကို ဆန့်ကျင်ရန် အတွက် အကွက်ချ စီစဉ် ထားကြလေသည်။ ကွမ်းချင်း နတ်ဘုရား ဂိုဏ်းသည် အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုနေရာတွင် နေရာတစ်နေရာ ရယူနိုင်ရန် ကြိုးစား နေကြပြီး သူတို့တွင် မည်သည့် အကြံအစည်များ ရှိနေသေးသည်လဲ မပြောနိုင်ပေ။

အမှန်တော့ ဆန်းလျန်သည် ချင်းရွှမ်နတ်တံခါး၏ ဂိုဏ်းချုပ် ဖြစ်လာပြီးသည့် နောက်ပိုင်း ကွမ်းချင်း နတ်ဘုရား ဂိုဏ်းကို ရင်ဆိုင်ရန် အတွက် တစ်ချိန်လုံး စိတ်ပူနေခဲ့ရသည်။ စိုးရိမ်စိတ်များက သူ့နောက်သို့ အရိပ်ပမာ တောက်လျှောက် လိုက်နေပြီး ကြိုးတန်း ပေါ်တွင် လမ်းလျှောက် ရသကဲ့သို့ ခံစား နေခဲ့ရလေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဟွမ်လုန်ကျီကို နှိမ်နင်း နိုင်လိုက် နိုင်သည့်တိုင် သူ့ရင်ထဲတွင် လေးလံ နေဆဲ ဖြစ်လေသည်။ ကွမ်းချင်း နတ်ဘုရားဂိုဏ်းက ဟွမ်လုန်ကျီအတွက် သူ့ကို လက်တုံ့ပြန်ခြင်း မရှိသေးသည်မှာလည်း စဉ်းစားစရာ ဖြစ်နေလေသည်။

ထိုသို့ ပူပန်နေရသည့် ဝန်ထုပ်ဝန်ပိုးများနှင့် စိတ်ပင်ပန်းမှုများ အားလုံးကို ဆန်းလျန်သည် "တောင်နှင့်မြစ်ရေ" သင်္ကေတ အတွင်းသို့ အကုန် ထည့်သွင်း ပစ်လိုက်လေသည်။ ထို့ကြောင့် တန်ခိုး စွမ်းအားများမှာ အဆမတန် ပေါက်ကွဲ ထွက်သွားရခြင်း ဖြစ်လေသည်။

တိုက်ပွဲသည် တော်တော်နှင့် အဆုံးသတ်မည့်ပုံ မပေါ်သေးပေ။

ဆန်းလျန်၏ တန်ခိုးစွမ်းအားများမှာ နတ်ဘုရား တစ်ပါးအလား မြင့်တက် လာသည်ကို ထျန်းမုန့်နတ်သမီး သတိပြုလိုက် မိသည်။ သူမ၏ ယင်စွမ်းအား လက်ဝါးသုံးဆင့် သိုင်းကွက်ကို ဆန်းလျန်က ချေဖျက် လိုက်နိုင်သည့် အတွက်လည်း အနည်းငယ် အံ့သြသွားရသည်။

သို့သော် ဆန်းလျန် အနေဖြင့် လောက နတ်ဘုရား တစ်ပါး၏ သင်္ကေတ တစ်ခုကို ယူသုံးပြီး နတ်ဘုရား တစ်ပါးကဲ့သို့ တုပထားသည့် စွမ်းအားလောက်ဖြင့် သူမကို အနိုင်ယူနိုင်မည်ဆိုလျှင် ရယ်စရာ ဖြစ်ပေလိမ့်မည်။

အနက်ရောင် ဗျပ်စောင်းတစ်လက်သည် ထျန်းမုန့် နတ်သမီး၏ လက်ထဲတွင် ပေါ်လာလေသည်။ စောင်းကြိုးများမှာ ငွေရောင် တောက်ပနေလေသည်။ သူမက ဗျပ်စောင်းကို စတင် တီးခတ်လိုက်သည်နှင့် သံစဉ်များထဲမှ ကြောက်မက် ဖွယ်ရာ သားရဲတစ်ကောင် ဖြစ်တည် လာလေသည်။

ထိုပညာမှာ ထိုက်စု နတ်ဘုရားဂိုဏ်း၏ "ထျန်းယင်း ဖန်ဆင်းခြင်း" ပညာဖြစ်လေသည်။ အသံလှိုင်းဖြင့် မိစ္ဆာသားရဲများ ဖန်ဆင်းနိုင်သည့် အံ့သြဖွယ်ရာ သဘာဝလွန် တန်ခိုးစွမ်းအား တစ်ခု ဖြစ်လေသည်။

ထျန်းမုန့်နတ်သမီး နန်းတော်သခင်မ ဖြစ်လာပြီးသည့် နောက်ပိုင်း ထိုပညာကို တစ်ခါမှ အသုံးပြုခဲ့ခြင်း မရှိပေ။

ဂီတသံစဉ်နှင့် အတူ လေထုထဲတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ဖုံးလွှမ်း သွားလေသည်။ လေထဲတွင် အသံလှိုင်းများ တုန်ခါ သွားလေသည်။ ကြောက်မက်ဖွယ်ရာ သားရဲကြီးက ဆန်းလျန်ထံသို့ ခုန်ဝင် လာလေသည်။ ရော့ရှီလေးမှာ ကြောက်လွန်းသောကြောင့် တုန်နေလေသည်။ သူမ၏ ဆရာက သူမ၏ ဦးလေးဖြစ်သူကို အဘယ်ကြောင့် တိုက်ခိုက် နေရသည် ဆိုသည့် အချက်ကို နားမလည်နိုင် ဖြစ်နေရလေသည်။

ဆန်းလျန်၏ အကြည့်များက အေးစက်နေလေသည်။

သူ၏ မျက်ဝန်းများဆီမှ ဓားဝိညာဉ် တစ်ခု ထွက်ပေါ်လာလေသည်။ နတ်သက်ခြွေ ဓားသိုင်းကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။

မျက်ဝန်းထဲမှ ဓားနှစ်လက်သည် ကြောက်မက်ဖွယ်ရာ သားရဲကြီး၏ ဝိညာဉ် အတွင်းသို့ စိုက်ဝင် သွားလေသည်။ သားရဲကြီးမှာ ချက်ချင်းပင် အသက်ပျောက် သွားလေသည်။ သားရဲကြီးများ ထျန်းမုန့်နတ်သမီး၏ ဝိညာဉ် စွမ်းအားများဖြင့် ဖန်ဆင်းထားခြင်း ဖြစ်သည့် အတွက် သားရဲကြီး သေဆုံး သွားသည်နှင့် ထျန်းမုန့်နတ်သမီး၏ ဝိညာဉ် စွမ်းအား အချို့ပါ ပျက်စီး သွားရလေသည်။ ဝိညာဉ် စွမ်းအား မကောင်းဘဲ ထျန်းယင်း ဖန်ဆင်းခြင်း ပညာကို အသုံးပြု၍ မဖြစ်နိုင်ပေ။

တန်ခိုးစွမ်းအား ပေါင်းများစွာကို အသုံးပြုကာ သူတို့နှစ်ယောက် တိုက်ခိုက် နေကြလေသည်။

ဆန်းလျန်၏ လက်ထဲတွင် ရော့ရှီလေး ရှိနေသည့် အတွက် ထျန်းမုန့် နတ်သမီးက ဆန်းလျန်ကို သက်ညှာနေခြင်း ဖြစ်လေသည်။ မဟုတ်ပါက ရှိသမျှ တန်ခိုးစွမ်းအား အကုန်သုံးကာ ထိုလူငယ်ကို မသေသေအောင် သတ်မည် ဖြစ်လေသည်။ သူမ ဆယ်နှစ် ကြာကျင့်ကြံခဲ့သည့် တန်ခိုးစွမ်းအားများ ဆုံးရှုံးသွားပါစေ ဆန်းလျန်ကို အမှုန့်ချေပစ်မည် ဖြစ်လေသည်။

တိုက်ခိုက်ရင်းနှင့်ပင် သူမရှေ့တွင်ရပ်နေသည့် ချောမောလှပသည့် လူငယ်လေးသည် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာမှ လူတစ်ယောက်နှင့် အလွန် ဆင်တူသည်ဟု ခံစားလာရလေသည်။

ထိုအခါ သူမ၏ အမုန်းတရားများ ကြီးထွားသည်ထက် ကြီးထွားလာပြီး ထိန်းချုပ်မှု ကင်းမဲ့ သွားရတော့သည်။

ဆန်းလျန်၏ စိတ်များ ပြန်လည် တည်ငြိမ်လာပြီ ဖြစ်သည်။ သူက ထျန်းမုန့် နတ်သမီး၏ နှလုံးသားထဲမှ ဟာကွက်ကို တွေ့ရှိ သွားခဲ့လေသည်။ ထို့ကြောင့် တစ်ယောက်ချင်းသာ တိုက်ခိုက်ရမည် ဆိုပါက ဆန်းလျန်ဘက်မှ ထျန်းမုန့် နတ်သမီးကို အနိုင်ရရန် ခြောက်ဆယ် ရာခိုင်နှုန်း ရှိလေသည်။

သို့သော် ဆန်းလျန်မှာ ယခုအချိန်တွင် ခြင်္သေ့တွင်းထဲသို့ ရောက်ရှိနေသည့် အနေအထား ဖြစ်လေသည်။ ထျန်းမုန့် နတ်သမီးနှင့် တိုက်ခိုက် နေချိန်တွင် နန်းဆောင် သခင်မ သုံးယောက်ကလည်း ဆန်းလျန်ကို ဝန်းရံ ထားလေသည်။ ထို့ကြောင့် ဆန်းလျန်မှာ လွတ်လမ်း မရှိပေ။

ကျီစုနန်းဆောင် သခင်မ၊ ဟွမ်စုနန်းဆောင် သခင်မနှင့် ပိုင်စု နန်းဆောင် သခင်မတို့မှာ သူတို့၏ တန်ခိုး စွမ်းအားများကို ထုတ်လွှတ်ကာ ဆန်းလျန်ကို ဝန်းရံ ထားကြလေသည်။ ကောင်းကင်ထက်တွင် ခရမ်းရောင် တိမ်တိုက်၊ အဝါရောင် တိမ်တိုက်နှင့် အဖြူရောင် တိမ်တိုက်များ တဖြည်းဖြည်း ပေါင်းစပ် နေကြသည်။

နန်းဆောင် သခင်မ သုံးယောက်၏ တန်ခိုးစွမ်းအားပေါ င်းစည်းမှုမှာ အလွန် ပြင်းထန်လှပြီး ဆန်းလျန်ကို အမှုန့် ချေပစ်တော့မည့် အလားပင် ဖြစ်လေသည်။

ဆန်းလျန် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။

သူက ရော့ရှီလေး၏ မျက်လုံးများကို သူ၏ လက်ဖြင့် ဖုံးအုပ် ထားလိုက်သည်။

ဆန်းလျန်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တုန်ခါနေပြီး သူ့တွင် နောက်ဆုံး ကျန်ရှိသည့် ရေခဲ အလင်းစွမ်းအားကို အသုံးပြု လိုက်လေသည်။

ဆန်းလျန်၏ တန်ခိုး စွမ်းအားများမှာ ပြောင်းလဲသွားပြီး သူ၏ မျက်နှာမှာ နှင်းကဲ့သို့ ဖြူဖွေး နေလေသည်။ သူ့တစ်ကိုယ်လုံးမှာ အေးစက်နေပြီး သူ့ဆီမှ သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပေါ်ထွက် နေလေသည်။ သူ၏ စိတ်ထားမှာ ဆရာဘွားဘွား ဖြစ်သူ ကျိလင်နတ်သမီး၏ အခြားသော စိတ်တစ်ခု ဖြစ်သည့် ချင်းရှောင်း နတ်သမီး၏ စိတ်ထားကဲ့သို့ ပြောင်းလဲ သွားလေသည်။

ဆန်းလျန်သည် ဓားအိမ် အတွင်းမှ ထုတ်လိုက်သည့် ဓားသွားပမာ ထက်ရှ နေလေသည်။

ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်တွင် ယင်နှင့်ယန်၊ ဒြပ်စင် စွမ်းအားငါးမျိုး၊ ဒြပ်စင် စွမ်းအားရှစ်မျိုး ပေါင်းစည်းခြင်း သုံးခုဖြင့် ကျင့်ကြံနိုင်လေသည်။ ကျိလင်နတ်သမီးက ယင်နှင့်ယန်ကို ပေါင်းစပ် ကျင့်ကြံပြီး နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်နိုင်ခဲ့သူ  ဖြစ်သည့်အတွက် သူ၏ စိတ်မှာ ယင် စွမ်းအား ဘက်ခြမ်းနှင့် ယန်စွမ်းအား ဘက်ခြမ်း ဟူ၍ နှစ်မျိုး ဖြစ်နေရလေသည်။ ထို့ကြောင့် ကျိလင်နှင့် ချင်းရှောင်း ဟူ၍ စရိုက် နှစ်မျိုး ကွဲပြားနေရခြင်း ဖြစ်လေသည်။

ယင်နှင့် ယန်သည် တာအို ကျင့်စဉ်လမ်းတွင် အဓိက ကျလေသည်။ ယင်နှင့်ယန် တန်ခိုး စွမ်းအားများကို မည်သူမျှ အဆုံးထိ နားလည်နိုင်မည် မဟုတ်ပေ။

သို့သော် ချင်းရှောင်း နတ်သမီး၏ သဘော သဘာဝကို ဆန်းလျန်က ယူ၍သုံးဆွဲသည်ဆိုသည်မှာ မဖြစ်နိုင်သည့် ကိစ္စ ဖြစ်လေသည်။ ဆန်းလျန်မှာ ထိုက်ရွှီး နည်းဗျူဟာကို ကျင့်ကြံ ခဲ့သော်လည်း ယင်နှင့် ယန်ကို ပေါင်းစပ် ကျင့်ကြံခဲ့သူ မဟုတ်ပေ။ ထို့ကြောင့် ကျိလင်ကဲ့သို့ စရိုက် နှစ်မျိုး ကွဲပြားနေသည့် တန်ခိုး စွမ်းအားမျိုးကို မည်သည့် နည်းနှင့်မျှ ရရှိနိုင်မည် မဟုတ်ပေ။ ကျိလင်ကဲ့သို့ စရိုက် နှစ်မျိုးဖြစ်အောင် မရမက ကျင့်ကြံမည် ဆိုလျှင်လည်း မအောင်မြင်သည့် အပြင် ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုသာ ဖြစ်ရပေမည်။

အမှန်တော့ ဆန်းလျန်က ရေခဲ အလင်းစွမ်းအားကို အသုံးပြုကာ ချင်းရှောင်း၏ တန်ခိုး စွမ်းအားကို တုပပြီး ပုံဖော်လိုက်ခြင်းသာ ဖြစ်လေသည်။ ချင်းရှောင်းသည် သတ်ချင် ဖြတ်ချင်သည့် အငွေ့ အသက်များဖြင့် ပြည့်နက်နေသည့် နတ်မိမယ် တစ်ပါး ဖြစ်လေသည်။ ဆန်းလျန်က ထိုသတ်ချင် ဖြတ်ချင်သည့် အငွေ့အသက်များကို အသုံးပြုကာ နန်းဆောင် သခင်မ သုံးယောက်၏ တန်ခိုး စွမ်းအားများကို ပယ်ဖျက် ပစ်လိုက်ခြင်းသာ ဖြစ်လေသည်။

နန်းဆောင် သခင်မသုံးယောက်၏ တန်ခိုးစွမ်းအား သုံးခုမှာ တန်ခိုးစွမ်းအား တိမ်တိုက်ကြီး တစ်ခုအဖြစ် ပေါင်းစည်း နေလေသည်။ ဆန်းလျန်၏ သတ်ချင် ဖြတ်ချင်သည့် အငွေ့အသက်များက နန်းဆောင် သခင်မ သုံးယောက်၏ တန်ခိုးစွမ်းအား တိမ်တိုက်ကြီးကို အဆက်မပြတ် ထိုးဖောက် လိုက်လေတော့သည်။

ထိုးဖောက် သွားနိုင်လျှင် သူ့အနေဖြင့် လွတ်မြောက်နိုင်ပြီ ဖြစ်လေသည်။ နန်းဆောင် သခင်မသုံးပါး၏ တန်ခိုးစွမ်းအားများ ပေါက်ကွဲ ထွက်သွားသည့် အချိန်တွင် သူလွတ်မြောက်အောင် မကြိုးစားနိုင်လျှင် သူ့အနေဖြင့် လွတ်မြောက် နိုင်တော့မည် မဟုတ်ပေ။

ရေခဲ အလင်းစွမ်းအားကြောင့် ပေတစ်ထောင် ပတ်လည် ရှိလေထုသည် ရေခဲပြင်ကြီး တစ်ခု ဖြစ်သွားလေသည်။ ဆန်းလျန်က ခံစစ် မတိုက်ခိုက်တော့ဘဲ တိုက်စစ်ကို ပြောင်းလဲ တိုက်ခိုက်လိုက်သည်။

ဆန်းလျန်က သူ၏ ဓားကို ဝှေ့ယမ်းလိုက်ကာ နန်းဆောင် သခင်မ သုံးယောက်ဆီသို့ ထိုးစိုက် ချလိုက် လေတော့သည်။

***

All Chapters