← Chapters

အခန်း (၉၁)

Vol. 10 Ch. 91

အခန်း (၉၁)

Vol. 10 Ch. 91

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၉၁)

ရှကျေးရွာ။

ဒေါင် ဒေါင် ဒေါင်....

ကြေး​မောင်းတီးသံမှာ ရွာအတွင်း ပဲ့တင်ထပ်သွားပြီး ရွာလူကြီး၏ ကျယ်လောင်သော အော်ဟစ်သံက ထွက်ပေါ်လာသည်။

" စစ်မှုထမ်းမိသားစုတွေအားလုံး ရွာထိပ်ကို လာခဲ့ကြ။ အစိုးရက နှစ်စဉ်ရိက္ခာတွေ လာဝေနေပြီ။ " ရွာလူကြီးဝူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အော်ဟစ်သံနှင့် မောင်းသံကို ကြားသောအခါ ရွာသူရွာသားများက ရွာထိပ်သို့ အပြေးအလွှား စုဝေးလာကြသည်။ အများစုမှာ စစ်မှုထမ်းမိသားစုများဖြစ်ပြီး အချို့မှာလည်း သိလိုစိတ်ဖြင့် လာကြည့်ကြသူများဖြစ်ကြသည်။

ရွာထိပ်တွင် လူငါးရာရှိသေယ တပ်ဖွဲ့တစ်ခုက နှစ်စဉ်ရိက္ခာလစာများ တင်ဆောင်လာသော လှည်းများကို စောင့်ကြပ်လာကြသည်။ ရှကျေးရွာက သူတို့၏ လူငယ်အမြောက်အမြားကို စစ်တပ်ထဲသို့ လွှတ်ထားသည်မှာ ထင်ရှားလှသည်။

ကျောက်ဖုန်း၏ အိမ်အတွင်း ကျောက်ရင်က ဆူညံသံများ ကြားရသဖြင့် အပြင်သို့ ကြည့်လိုက်သည်။

" အမေ မောင်းသံတွေကြားရတယ်။ ဘာဖြစ်တာလဲမသိဘူး။ သမီးသွားကြည့်လိုက်ရမလား။ " ရွာလူကြီးဝူက ရွာထိပ်မှ အော်နေခြင်းဖြစ်၍ ဤနေရာထိ အသံမရောက်သော်လည်း မောင်းသံကိုမူ ရှင်းလင်းစွာ ကြားနေရသည်။

" နှစ်စဉ်ရိက္ခာလစာတွေ လာဝေတာများလား။ " ကျောက်ကတော်က မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။ အမှန်တော့ သူမမျှော်လင့်နေသည်မှာ ရိက္ခာလစာများမဟုတ်ဘဲ သူမ၏သားအကြောင်းသာ ဖြစ်သည်။

" ဒါဆို အမေလည်း သွားကြည့်ဦးမယ်။ " ကျောက်ကတော်က ထရပ်ရန် ပြင်လိုက်သည်။

သို့သော် ကျောက်ရင်က သူမ၏ မိခင်ကို ထိုင်ခုံပေါ်သို့ ညင်သာစွာ ပြန်ဖိချလိုက်သည်။

" အမေ အိမ်မှာပဲစောင့်နေပါ။ သမီးသွားကြည့်လိုက်မယ်။ သမီးတို့ရွာက စစ်တပ်ထဲရောက်နေတဲ့သူတွေများတော့ ဘယ်လောက်ကြာအောင် တန်းစီရမလဲမသိဘူး။ အမေ ဒီမှာပဲစောင့်နေနော်။ သမီး အကိုသတင်းရတာနဲ့ သမီး ချက်ချင်း လာပြောမယ်။ " ကျောက်ရင်က ပြုံး၍ ပြောလိုက်သည်။

ထို့နောက် မိခင်ဖြစ်သူ၏ စကားကိုပင် မစောင့်တော့ဘဲ သူမက ခြံဝင်းထဲမှ ထွက်ပြီး ခြံတံခါးကို ပိတ်လိုက်သည်။ ၎င်းကို မြင်သောအခါ ကျောက်ကတော်က မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော်လည်း ဘာမှမပြောတော့ပေ။

သို့သော် ကျောက်ရင်က ခြံဝင်းထဲမှ ထွက်လာပြီး စိုးရိမ်မှုကို ခံစားလိုက်ရသည်။ " အကိုဘာမှမဖြစ်ရဘူး။ အသက်ရှင်အောင်နေပါ။ "

ကျောက်ရင်က ကျောက်ကတော်ကို လိုက်ပါခွင့်မပြုသည့် အကြောင်းရင်းမှာ ထင်ရှားလှသည်။ အကယ်၍ သူမ၏ အကို တစ်ခုခုဖြစ်ခဲ့လျှင်တေုင် သူမ တစ်ယောက်တည်းသာ သိမည်ဖြစ်ပြီး သူမ၏ အမေမသိအောင် ဖုံးကွယ်ထားနိုင်ပေသည်။

ရွာထိပ်တွင် ရွာသူရွာသားများက စုဝေးနေကြသည်။ စစ်တပ်နှင့် မသက်ဆိုင်သော မိသားစုများကလည်း လာရောက်ကြည့်ရှုကြပြီး စစ်မှုထမ်းမိသားစုများကလည်း စိုးရိမ်စိတ်များ၊ မျှော်လင့်ချက်များဖြင့် ရှိနေကြသည်။

နှစ်စဉ်ရိက္ခာလစာများကို ခွဲဝေပေးခြင်းဖြင့် မိသားစုတစ်ခုစီ၏ ဘဝမှာ အနည်းငယ် ပိုမိုကောင်းမွန်လာနိုင်သည်။ ဆောင်းရာသီက နီးကပ်လာမည်ဖြစ်သောကြောင့် သူတို့က ထိုငွေကို အသုံးပြု၍ အစားအသောက်များ စုဆောင်းထားနိုင်သည်။

" ရွာလူကြီးဝူ ရွာထဲက စစ်မှုထမ်းမိသားစုတွေ အကုန်ရောက်ပြီလား။ " ရှောက်ဖုမှ စေလွှတ်လိုက်သော တပ်မှူးချန်ဖန်က ရွာလူကြီးကို ကြည့်ပြီး မေးလိုက်သည်။

" တပ်မှူး စစ်မှုထမ်းမိသားစုတွေ အကုန်ရောက်နေပါပြီ။ " ရွာလူကြီးဝူက ရွာသားများကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။

" ကောင်းပြီ။ " ချန်ဖန်က ခေါင်းညိမ့်ပြီး စုဝေးနေသော ရွာသားများကို ကြည့်လိုက်သည်။ " ဒါဆို နှစ်စဉ်ရိက္ခာလစာတွေ ဝေလိုက်တော့။ "

သူက စစ်မြေပြင်မှ စစ်သားလည်း မဟုတ်သကဲ့သို့ ထောက်ပို့တပ်ဖွဲ့မှလည်းမဟုတ်ပေ။ ထိုအစား သူက မြို့တော်မှ မြို့စောင့်တပ်သားထဲမှ တစ်ယောက်ဖြစ်သည်။ စစ်ပွဲပြီးဆုံးသောအခါ ရှောက်ဖုကို ကူညီပြီး နှစ်စဉ်ရိက္ခာလစာများ ဝေငှပေးရသည်။

" ချင်နိုင်ငံရဲ့ စစ်မှုထမ်းမိသားစုများထံသို့ အရှင်မင်းကြီးရဲ့ အမိန့်တော်။ " ချန်ဖန်က အမိန့်တော်ကို မြှောက်ပြီး ကြေညာလိုက်သည်။

ရွာသူရွာသားများက ဒူးထောက်လိုက်ကြပြီး ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြသည်။ " ကျွန်တော်မျိုးတို့ အမိန့်တော်ကို ရိုသေစွာ နာခံပါမယ်။ "

ချင်နိုင်ငံတွင် စစ်တပ်ရာထူးရရှိထားသူများက ဘုရင်နှင့်တွေ့လျှင် ဒူးထောက်ရန် မလိုပေ။ သို့သော် ရာထူးမရှိသူများက ဒူးထောက်ရလေသည်။

" ငါတို့ချင်နိုင်ငံက ဟန်ကို တိုက်ခိုက်နေလို့ ရာသီအလိုက် နှစ်စဉ်ရိက္ခာလစာ ခွဲဝေမှုကို နှောင့်နှေးစေခဲ့တယ်။ အခု ဟန်ကို အပြတ်ရှင်းပြီး သူတို့ရဲ့ နယ်မြေကို ယင်ချွမ်းခရိုအဖြစ် ပေါင်းစည်းလိုက်ပြီးဖြစ်လို့ ငါတို့ ချင်စစ်တပ်က အထူးစစ်သည်တွေက ကောင်းမှုပြုခဲ့ကြပြီဖြစ်တယ်။ "

" ဒီနေ့မှာတော့ ငါတို့ချင်နိုင်ငံရဲ့ အထူးစစ်သည်အားလုံးအတွက် တစ်နှစ်စာ ရိက္ခာလစာကို အထူးအနေနဲ့ ခွဲဝေသွားမှာဖြစ်တယ်။ ငါတို့ ချင်နိုင်ငံရဲ့ ကောင်းမှုပြုတဲ့ စစ်သည်အားလုံးကို ဆုချီးမြှင့်ပေးမယ်။ " တပ်မှူးချန်ဖန်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

" ချင်နိုင်ငံ နှစ်ပေါင်းတစ်သောင်း တည်တံ့ပါစေ။ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။ " ရွာသားအားလုံးက အော်ဟစ်လိုက်ကြသည်။

" အခု ကျုပ် နာမည်တွေကို ခေါ်မယ်။ နာမည်ခေါ်ခံရတဲ့ မိသားစုတွေက နှစ်စဉ်ရိက္ခာလစာကို လာယူနိုင်တယ်။ ကျုပ်နာမည်က ချန်ဖန်ပါ။ ရှာချူးခရိုင် မြို့စောင့်တပ်ရဲ့ လူငါးရာတပ်မှူးဖြစ်ပြီး ဒီဝေငှမှုကို အထူးကြီးကြပ်ဖို့ ခန့်အပ်ထားတာပဲ။ "

သူက လက်ဝှေ့ရမ်းလိုက်ရာ နောက်မှ စစ်သည်တစ်ယောက်က နာမည်စာရင်းပါသော ဝါးချပ်စာလိပ်ကို ယူဆောင်လာသည်။

" ရှာချူးခရိုင်၊ ရှကျေးရွာက ဝူတ အဆင့်ဘွဲ့ထူး ဆယ်ဦးစီးအဆင့်ရှိသူ။ နှစ်စဉ်ရိက္ခာလစာ စုစုပေါင်း ၁၃၆တန် ရရှိပါတယ်။ "

ထိုသို့ကြားရသောအခါ ဝူတ၏ မိသားစုတစ်ခုလုံးက ဝမ်းသာသွားကြပြီး ရှေ့သို့ တိုးလာကြသည်။ သူတို့က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ " အရှင်မင်းကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ "

စစ်သည်အချို့က တံဆိပ်ခတ်ထားသော ငွေအိတ်များကို ယူပြီး ဝူတ၏ ဖခင်ကို တစ်အိတ်ပေးလိုက်သည်။

" လက်ခံရရှိကြောင်း လက်ဗွေနှိပ်ပါ။ " စစ်သည်က ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ဝူတ၏ ဖခင်က ပြန်ဖြေပြီး ပိုးထည်စပေါ်သို့ လက်ဗွေနှိပ်လိုက်သည်။ ထို့နောက် ငွေအိတ်ကို ကျေနပ်စွာယူပြီး တံဆိပ်ကို ဖျက်လိုက်သည်။

နှစ်စဉ်လစာရိက္ခာများကို ဆန်စပါးစျေးနှုန်းအပေါ် မူတည်၍ ချင်ငွေကြေးဖြင့် ပေးချေခြင်းဖြစ်သည်။ ယခုနှစ်စဉ်လစာမှာ ဆန်စပါး ၁၃၆တန် ဝယ်ယူနိုင်ခြင်းဖြင့် မိသားစုတစ်ခုလုံး ကောင်းမွန်စွာ စားသောက်ရန်အတွက် လုံလောက်သည်ထက် ပိုလေသည်။

နှစ်စဉ်လစာကို ရရှိပြီးနောက် ဝူတ၏ မိသားစုက ပြုံးပြုံးရွှင်ရွှင်နှင့် ငွေကိုယူပြီး နောက်သို့ ဆုတ်သွားသည်။

" နှစ်စဉ်လစာတွေကို ရပြီးတာနဲ့ ချက်ချင်း ရေတွက်ပြီး အမှားအယွင်းရှိရင် ချက်ချင်း အစီရင်ခံပါ။ ငွေပမာဏကို တမင်မှားယွင်းပြီး အစီရင်ခံရင် ပြစ်ဒဏ်ပေးခံရမယ်။ " ချန်ဖန်က ပြောလိုက်သည်။

ပတ်ဝန်းကျင်မှ ရွာသူရွာသားများကလည်း ဝူတ၏ မိသားစုကို ဂုဏ်ပြုလိုက်ကြသည်။

" ပိုက်ဆံကို ရေတွက်လိုက်ဦး။ အမှားအယွင်းမရှိအောင် သေချာလုပ်။ " ဝူတ၏ ဖခင်က သူ၏ မိသားစုကို ညွှန်ကြားလိုက်သည်။ ထို့နောက် သူတို့က ငွေများကို စတင်ရေတွက်လိုက်ကြသည်။ ငွေများကို မဝေမီကတည်းက နာမည်များဖြင့် တံဆိပ်ခတ်ထားခြင်းဖြစ်သည်။

" ရင်အာ မစိုးရိမ်ပါနဲ့။ ခဏနေရင် သမီး အကိုရဲ့ အခြေအနေကို သိရတော့မှာပါ။ " ရွာလူကြီးဝူက ကျောက်ရင်ကို ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ကျောက်ရင်က ခေါင်းညိမ့်လိုက်သည်။ " အဘိုးဝူ အကူအညီတစ်ခုလောက် တောင်းလို့ရမလား။ "

" ပြောလေ သမီး။ " ရွာလူကြီးဝူက ပြောလိုက်သည်။

" တကယ်လို့ ကျွန်မအကိုနဲ့ ပက်သက်ပြီး သတင်းဆိုးတစ်ခုခု ရှိခဲ့ရင် ရွာသားတွေကို လျှောက်မပြောဖို့ ပြောပေးလို့ရမလား။ အမေက ကျန်းမာရေးမကောင်းတော့ တစ်ခုခုဆို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ " ကျောက်ရင်က စိုးရိမ်စွာ ပြောလိုက်သည်။

" ကောင်းပြီ။ ငါပြောပေးပါမယ်။ " ရွာလူကြီးဝူက ခေါင်းညိမ့်လိုက်သည်။

" ကျေးဇူးတင်ပါတယ် အဘိုးဝူ။ " ကျောက်ရင်က ပြောလိုက်ပြီး နာမည်စာရင်းကို ဖတ်နေသော ချန်ဖန်ထံသို့ အကြည့်ပြန်ပို့လိုက်သည်။

" လီဖု အဆင့်သုံး ဘွဲ့ထူး။ လူတစ်ရာတပ်မှူး။ နှစ်စဉ်လစာ စုစုပေါင်း ၁၉၈တန်။ "

" လီမိသားစုရဲ့ သားကြီးက တကယ်ထူးချွန်တာပဲ။ သူက အဆင့်သုံးဘွဲ့ထူးနဲ့ လူတစ်ရာတပ်မှူးဖြစ်နေပြီ။ ဒါက ငါတို့တစ်ရွာလုံးအတွက် ဂုဏ်ယူစရာပဲ။ "

ရွာသားအားလုံးက အံ့ဩသွားကြသည်။ ရှကျေးရွာကဲ့သို့ ရွာငယ်လေးတစ်ခုတွင် လူတစ်ရာတပ်မှူးတစ်ယောက် ထွက်ပေါ်လာခြင်းမှာ ဂုဏ်ယူစရာပင်ဖြစ်သည်။

လီမိသားစုက စိတ်လှုပ်ရှားစွာဖြင့် ချန်ဖန်ထံသို့ လျှောက်သွားကြသည်။ ရွာလူကြီးဝူကလည်း သေချာစောင့်ကြည့်နေသည်။ နှစ်စဉ်ရိက္ခာလစာများ ဝေငှရာတွင် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် လိုအပ်သည်။ နှစ်စဉ်ရိက္ခာလစာများ ဝေငှသည့် အကြိမ်တိုင်း ချန်ဖန်က အတည်ပြုရန် ရွာလူကြီးဝူကို လှမ်းကြည့်လေ့ရှိသည်။

" ဒီမှာလက်ဗွေနှိပ်ပြီး နှစ်စဉ်ရိက္ခာလစာကို လာယူပါ။ "

လီမိသားစုရောက်လာသောအခါ စစ်သည်တစ်ယောက်က ပိုကြီးသော ငွေအိတ်တစ်အိတ်ကို ယူပြီး သူတို့ကို ပေးလိုက်သည်။ လီမိသားစုဝင်များက အကြိမ်ကြိမ် ကျေးဇူးတင်ရင်း ငွေများကို ယူကာ နောက်ဆုတ်ပြီး ရေတွက်လိုက်ကြသည်။

" လောမြောင် အဆင့်တစ်ဘွဲ့ထူး၊ ငါးဦးစီး။ နှစ်စဉ်ရိက္ခာလစာ ၆၂တန်။ "

" ရှောင်ယိ အဆင့်နှစ်ဘွဲ့ထူး...."

ချန်ဖန်က နာမည်များကို ဆက်လက်ဖတ်ရှုနေသည်။ စစ်မှုထမ်းမိသားစုများက ​ပျော်ရွှင်စွာဖြင့် သူတို့၏ နှစ်စဉ်ရိက္ခာလစာများကို လက်ခံလိုက်ကြသည်။

ရှကျေးရွာက သေးငယ်သော်လည်း နှစ်များစွာအတွင်း စစ်မှုထမ်းရန်အတွက် လူငယ်အမြောက်အများကို စေလွှတ်ခဲ့ကြသည်။ စုစုပေါင်းဆိုလျှင် ရွာမှ လူခြောက်ဆယ်ကျော်က စစ်ထဲတွင် အမှုထမ်းနေကြသည်။

All Chapters