← Chapters

အခန်း (၉၂)

Vol. 10 Ch. 92

အခန်း (၉၂)

Vol. 10 Ch. 92

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၉၂)

" နာမည်တွေ ဒီလောက်အများကြီး ဖတ်ပြီးပြီ။ ဘာလို့ ငါ့အကို နာမည်ကို မကြားရသေးတာလဲ။ " ကျောက်ရင်က တိတ်ဆိတ်စွာ နားထောင်နေပြီး သူမက ရွာသားများ နှစ်စဉ်ရိက္ခာလစာများ လာထုတ်နေကြသည်ကို ကြည့်နေသည်။

အချိန်များကုန်လွန်လာပြီး လူပေါင်းသုံးဆယ်ခန့် လစာများထုတ်ပြီသွားသော်လည်း သူမ၏ အကိုနာမည်ကို မကြားရသေးပေ။ ၎င်းက သူမကို အလွန်စိုးရိမ်သွားစေသည်။ သူမ၏အကိုက ပင်မတပ်ဖွဲ့သို့ ပြောင်းရွှေ့ခံရသည့်သတင်းကို ရွာလူကြီးဝူထံမှကြားခဲ့ရသည်။

" ရင်အာ မစိုးရိမ်နဲ့။ " ရွာလူကြီးဝူက သူမ စိုးရိမ်နေသည်ကို မြင်သောအခါ နှစ်သိမ့်လိုက်သည်။ " ငါတို့ရွာကနေ စစ်ထဲဝင်နေတဲ့သူ ၆၀ ကျော်တောင်ရှိတယ်။ အခုတစ်ဝက်တောင်မရှိသေးပါဘူး။ "

သူက ကျောက်ဖုန်းနှင့် သူ၏ ညီမတို့ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ရသူဖြစ်ပြီး သူတို့အပေါ် သံယောဇဉ်ရှိလေသည်။ သူ၏ သားသုံးယောက်လုံးက နိုင်ငံ၏ စစ်ပွဲတွင် ကျဆုံးခဲ့ကြသည်။ ထိုအတွက်ကြောင့် ရွာလူကြီးဝူက အစိုးရထံမှ ပင်စင်ရိက္ခာရရှိနေပြီး ရွာလူကြီးတစ်ယောက်အနေဖြင့် ရွာသားများ၏ ရိုသေလေးစားခြင်းကို ခံရသူဖြစ်သည်။

ချန်ဖန်က ဆက်လက်ကြေညာနေပြီး ရွာသားများက စိတ်လှုပ်ရှားစွာဖြင့် လစာများ လာရောက်ထုတ်ယူနေကြသည်။ သို့သော် ကျောက်ရင်တစ်ယောက်တည်းသာ စိုးရိမ်နေခြင်းမဟုတ်ဘဲ နာမည်မကြားရသေးသော မိသားစုဝင်များကလည်း စိုးရိမ်နေကြသည်။

ချန်ဖန်က ဝါးချပ်စာလိပ်ကို သေချာကြည့်ရှုပြီးနောက် နာမည်ဖတ်ကြားခြင်းကို ရပ်တန့်လိုက်သည်။

" ရှကျေးရွာက အသက်ရှင်ပြီး ဒဏ်ရာမရသေးတဲ့ စစ်သည်အားလုံးအတွက် နှစ်စဉ်ရိက္ခာလစာတွေကို ဝေငှပြီးပါပြီ။ " ချန်ဖန်က ဝါးချပ်စာလိပ်ကို ပိတ်ပြီး ကြေညာလိုက်သည်။

သူ၏ စကားဆုံးသောအခါ နှစ်စဉ်ရိက္ခလစာမရသေးသော မိသားစုဆယ်ခုကျော်က ထိတ်လန့်သွားကြသည်။

" ကျွန်မသားနာမည်ကို မခေါ်ရသေးဘူး။ သူစစ်မြေပြင်မှာ တစ်ခုခုဖြစ်သွားတာလား။ "

" မဖြစ်နိုင်ဘူး။ ကျွန်တော်သားက စစ်ထဲဝင်တာ နှစ်နှစ်ပဲရှိသေးတာလေ။ သူက အခုမှ ၁၇နှစ်ပြည့်တာ။ "

ကျောက်ရင်အပါအဝင် ရိက္ခာလစာမရကြသေးသော မိသားစုဝင်များက စိုးရိမ်ထိတ်လန့်သွားကြသည်။

" တိတ်တိတ်နေကြစမ်း။ " အားလုံးက ဆူညံနေကြသောကြောင့် ရွာလူကြီးဝူက အော်ဟစ်လိုက်သည်။ သူက ချန်န်ထံသို့ လျှောက်သွားပြီး မေးလိုက်သည်။ " တပ်မှူး နာမည်မခေါ်ရသေးတဲ့သူအားလုံးက ဘာကိုဆိုလိုတာလဲ။ "

" အသက်ရှင်ကျန်နေသေးတဲ့ စစ်သည်တွေအားလုံးအတွက် နှစ်စဉ်ရိက္ခာလစာကို ဝေငှပြီးပါပြီ။ " ချန်ဖန်က ရွာလူကြီးဝူကို ရှင်းပြလိုက်သည်။ " မကြေညာရသေးတဲ့သူတွေက စစ်ပွဲမှာ မသန်စွမ်းဖြစ်သွားတဲ့သူတွေနဲ့ ကျဆုံးသွားတဲ့သူတွေပဲ။ "

ရွာလူကြီးဝူက ရွာသားများဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ " ဘာမှမဖြစ်ဘူး။ တပ်မှူးကို နာမည်အကုန်ဖတ်ပါစေဦး။ "

ရွာသားအားလုံးက တိတ်ဆိတ်သွားကြသည်။ သို့သော် လွန်ခဲ့သောခဏက ပျော်ရွှင်မှုများက ပျောက်ကွယ်သွားကြပြီဖြစ်သည်။ ရီက္ခာလစာရပြီးသော ရွာသားများကလည်း အခြားသူများကို စာနာသနားသွားပြီး ပျော်ရွှင်ရယ်မောခြင်းမရှိကြတော့ပေ။

" အခုနိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်း မသန်စွမ်းဖြစ်သွားတဲ့သူတွေကို ကြေညာပါမယ်။ " ချန်ဖန်က သူ၏ နောက်မှ စစ်သည်တစ်ယောက်ထံမှ ဝါးချပ်စာလိပ်တစ်ခုကို ယူလိုက်သည်။

" ရှကျေးရွာမှာ စုစုပေါင်း မသန်စွမ်းဖြစ်သွားတဲ့သူ ၇ ယောက်ရှိပါတယ်။ အရှင်မင်းကြီးရဲ့ ဂရုဏာကြောင့် သူတို့က သူတို့ရဲ့ နှစ်စဉ်ရိက္ခာလစာကို နှစ်ဆရရှိပြီး ရွာမှာ သင့်တော်တဲ့ အလုပ်တစ်ခုစီစဉ်ပေးသွားပါမယ်။ "

" ဝူအာ အဆင့်နှစ်ဘွဲ့ထူး၊ လူတစ်ရာတပ်မှူး။ သူ့ရဲ့ နှစ်စဉ်လစာက စုစုပေါင်း ၁၃၆တန်၊ နှစ်ဆဆိုတော့ ၂၇၂တန်။ " ချန်ဖန်က ကြေညာလိုက်သည်။

ဝူအာ၏ မိသားစုက မျက်ရည်များဖြင့် ရှေ့တိုးလာကြသည်။ လုံးဝ အိမ်ပြန်မလာခြင်းနှင့်ယှဉ်လျှင် မသန်စွမ်းဖြစ်သွားခြင်းက ပိုကောင်းပေသည်။ အနည်းဆုံးတော့ အသက်ရှင်နေသေးသည်။

" တပ်မှူးကို မေးပါရစ။ ကျွန်မသားက မသန်မစွမ်းဖြစ်သွားပြီဆိုတော့ သူဘယ်တော့ပြန်လာမှာလဲ။ " ဝူအာ၏ မိခင်က မေးလိုက်သည်။

" ရှောက်ဖုက မသန်စွမ်းဖြစ်သွားတဲ့စစ်သည်တွေကို သူတို့ရဲ့ ဇာတိရွာတွေကို ပြန်ပို့ဖို့ စီစဉ်နေပါတယ်။ ​ဒီလအတွင်း ပြန်ရောက်လာပါလိမ့်မယ်။ " ချန်ဖန်က ပြန်ဖြေလိုက်သည်။

" အကို အကိုသေချာပေါက် ပြန်လာရမယ်။ " ကျောက်ရင်က သူမ၏ လက်များကို တင်းတင်းဆုပ်ထားပြီး ထိတ်လန့်တုန်လှုပ်နေသည်။ " အကို မသန်စွမ်းဖြစ်နေရင်တောင် အိမ်ကိုပြန်လာရမယ်။ "

" အကိုသာပြန်မလာရင် အမေနဲ့ ညီမနဲ့ ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ အကိုက ညီမအိမ်ထောင်ပြုတာကို ကြည့်ပေးမယ်လို့ ကတိပေးခဲ့တယ်လေ။ အကို ကတိမဖျက်ရဘူး။ "

သူမကလည်း အခြားသူများကဲ့သို့ပင် သူ၏ အကိုကို တိုက်ပွဲတွင် ကျဆုံးသည်ဟု ကြားရမည့်အစား မသန်စွမ်းအဖြစ် အိမ်ပြန်လာမည်ကိုသာ မျှော်လင့်နေမိသည်။

ချန်ဖန်က နာမည်များကို ဆက်လက်ဖတ်ကြားနေခဲ့သည်။ မကြာမီ မသန်စွမ်းဖြစ်သွားသော စစ်သည်ခြောက်ယောက်၏ နာမည်များကို ခေါ်ပြီးသွားခဲ့သည်။

" အကို အကိုတကယ် သေသွားပြီလား။ " ကျောက်ရင်က အလွန်ထိတ်လန့်သွားပြီး လဲကျလုမတတ်ဖြစ်သွားသည်။

" ရင်အာ ဘာမှမဖြစ်ဘူး။ " အနီးမှ အဒေါ်တစ်ယောက်က သူမကို ဖေးမလိုက်ပြီး စိုးရိမ်စွာ ပြောလိုက်သည်။

ကျောက်ယင်အပါအဝင် အခြားမိသားစုလေးခုမှာလည်း တူညီသော အခြေအနေကို ရင်ဆိုင်ရလေသည်။ သူတို့က အခြေအနေကို လက်မခံနိုင်ကြဘဲ မြေပြင်သို့ လဲကျကာ ငိုကြွေးနေကြတော့သည်။ အခြားရွာသားများက သူတို့ကို ဝိုင်းဝန်းနှစ်သိမ့်ပေးနေကြသည်။

" အခုကျဆုံးသွားတဲ့ စစ်သည်တွေကို ကြေညာပါမယ်။ " ချန်ဖန်က ဘာမှမတတ်နိုင်ဘဲ စာရင်းကိုသာ ဆက်လက်ကြေညာလိုက်သည်။

" ရှကျေးရွာ ဝူခယ် အဆင့်တစ်ဘွဲ့ထူး နှစ်စဉ်ရိက္ခာလစာ ၅၀။ အရှင်မင်းကြီးရဲ့ ကရုဏာတော်ကြောင့် နှစ်စဉ်ရိက္ခာလစာကို သုံးစတိုးပေးပြီး စုစုပေါင်း ၁၅၀ ရရှိပါတယ်။ ဒါ့အပြင် ခရိုင်အစိုးရရုံးက သူ့ရဲ့ မိသားစုကို စောင့်ရှောက်သွားမယ်။ "

ချန်ဖန်၏ စကားအဆုံးတွင် ငိုကြွေးသံများ ထွက်ပေါ်လာသည်။

" ကျွန် ကျွန်မသားလေး ဘယ်လိုလုပ်ဆုံးသွားတာလဲ။ "

" ငါ့သားလေး...."

ထိုပူဆွေးမှုများကို ကိုယ်ချင်းစာမိသော်လည်း ချန်ဖန်က နာမည်များကို ဆက်ဖတ်ရုံသာ တတ်နိုင်ကြသည်။ နာမည်တစ်ခုဖတ်လိုက်တိုင်း မိသားစုတစ်ခုက ရင်ကွဲမတတ် ငိုကြွေးကြတော့သည်။

" ကျဆုံးသွားတဲ့ စစ်သည်တွေကို ကြေညာပြီးပါပြီ။ "

စစ်သည်ခြောက်ယောက် ကျဆုံးသွားပြီး မိသားစုခြောက်ခုက အဆက်မပြတ် ငိုကြွေးနေကြသည်။ သို့သော် မျက်ရည်များဖြင့် မြေပြင်တွင် ခွေကျနေဆဲ ဖြစ်သော ကျောက်ရင်က အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်သည်။

ပတ်ဝန်းကျင်မှ ရွာသားများကလည်း အံ့အားသင့်စွာဖြင့် ကျောက်ရင်နှင့် ချန်ဖန်ကို ကြည့်နေကြသည်။ ကျောက်ရင်က သူမကို သူမ ထိန်းချုပ်ပြီး ထရပ်ကာ ချန်ဖန်ထံသို့ လျှောက်သွားလိုက်သည်။

" တပ်မှူး ကျွန်မအကိုနာမည်က ဘာဖြစ်လို့စာရင်းထဲမပါတာလဲ။ "

" ရှကျေးရွာက နာမည်တွေအကုန် ဒီမှာရှိပါတယ်။ မင်းရဲ့အကိုက စစ်ထဲဝင်တာကြာပြီလား။ " ချန်ဖန်ကိုယ်တိုင်ပင် အနည်းငယ် အံ့အားသင့်သွားသည်။

" ကျွန်မအကိုက လွန်ခဲ့တဲ့ ၁၁လက စစ်ထဲဝင်ပြီး ဟန်စစ်မြေပြင်ကို သွားခဲ့တာပါ။ " ကျောက်ရင်က တိုးညှင်းစွာ ပြောလိုက်သည်။ " ဒါပေမယ့် ဒီစာရင်းသုံးခုထဲမှာ သူ့နာမည်မပါပါဘူး။ "

ထိုသို့ပြောရင် သူမ၏ စိတ်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု လင်းလက်သွားသည်။ သူမ၏ အကိုနာမည်က စာရင်းသုံးခုလုံးတွင် မပါဝင်သောကြောင့် အသက်ရှင်ရန် မျှော်လင့်ချက်ရှိနေသေးသည်။

" မင်းအကိုနာမည်က ဘယ်သူလဲ။ " ချန်ဖန်က မေးလိုက်သည်။

" ကျောက်ဖုန်းပါ။ " ကျောက်ရင်က ပြန်ဖြေလိုက်သည်။

" မင်းဘာပြောတယ်။ " ချန်ဖန်က မျက်လုံးပြူးသွားပြီး သူမကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။ " ကျောက်ဖုန်းလား။ "

" ကျွန်မအကို တစ်ခုခုဖြစ်လို့လား။ " ကျောက်ရင်၏ အမူအရာက ပြောင်းလဲသွားသည်။

" မင်းအကိုက အခု အသက်ဘယ်လောက်ရှိပြီလဲ။ " ချန်ဖန်က သူ့ကိုသူ ထိန်းချုပ်ပြီး မေးလိုက်သည်။

" ကျွန်မအကိုက အသက် ၁၆ နှစ်ပါ။ " ကျောက်ရင်က ပြန်ဖြေလိုက်သည်။

" ခဏစောင့်ဦး။ " ချန်ဖန်က နောက်ပြန်လှည့်ပြီး စစ်သည်တစ်ယောက်ထံမှ သီးခြားဝါးချပ်စာလိပ်တစ်ခုကို ယူလိုက်သည်။ ၎င်းအပေါ်တွင် နာမည်တစ်ခုသာ ရှိသည်။

" ရှကျေးရွာ ကျောက်ဖုန်း အဆင့်၁၁ဘွဲ့ထူး လက်ဝဲတော်မှူးဘွဲ့ကို ရရှိခဲ့တယ်။ ချင်နိုင်ငံရဲ့ လက်ထောက်စစ်သူကြီးရာထူး ခန့်အပ်ခြင်းခံခဲ့ရတယ်။ သူ့ရဲ့ ဘွဲ့အတိုင်း နှစ်စဉ်ရိက္ခာလစာ ၈၀၀တန်ကို ရရှိပါတယ်။ " ချန်ဖန်းက ဝါးချပ်စာလိပ်ထဲမှ စာများကို စိတ်ဖဲမှ ဖတ်ကြည့်လိုက်သည်။

ချန်ဖန်ကိုယ်တိုင်ပင် စာကို ဖတ်ရင်း အံ့အားသင့်နေသည်။ ထိုဝါးချပ်စာလိပ်ထဲတွင် အထူးညွှန်ကြားချက်များလည်း ပါဝင်နေသည်။ ထိုစစ်သူကြီးအတွက် နှစ်စဉ်ရိက္ခာလစာကို ရှချူးခရိုင်မှ အခြားစစ်သည်များ လစာထုတ်ပြီးမှ ပေးဝေမည်ဖြစ်သည်။

ထို့အပြင် လစာပေးချေမှုကိုလည်း ချန်ဖန်ကိုင်တွယ်ရမည်ဖြစ်ပြီး ပိုမိုမြင့်မားသော အရာရှိတစ်ယောက်က ကိုင်တွယ်ရမည်ဖြစ်သည်။

ချင်နိုင်ငံ၏ လက်ထောက်စစ်သူကြီး ကျောက်ဖုန်းက မြို့စားတစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော အဆင့်အတန်းရှိသည်။ ဒေသတစ်ခုကို အုပ်ချုပ်ရသည့် အဆင့်သို့ မရောက်သေးသော်လည်း ချင်နိုင်ငံ၏ ဩဇာရှိသော ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်သည်။

ဝါးချ​ပ်စာလိပ်ကို ကိုင်ထားသော ချန်ဖန်ကလည်း စိတ်လှုပ်ရှားနေသည်။ ထိုကဲ့သို့ ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်က ဤရွာလေးမှ ဖြစ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ဟန်နိုင်ငံကို သိမ်းပိုက်ပြီး ယင်ချွမ်းခရိုင်ကို စုစည်းခဲ့သည်မှာ နှစ်လနီးပါးရှိပြီဖြစ်သည်။

ချန်ဖန်က အသိပြန်ဝင်လာသည်။ သူက ဝါးချပ်စာလိပ်ကို ပိတ်ပြီး ကျောက်ရင်ကို ကြည့်လိုက်သည်။ ယခု သူ၏ အကြည့်တွင် ရိုသေလေးစားမှုများ ပြည့်နှက်နေပြီဖြစ်သည်။ ထိုမိန်းကလေးက ချင်နိုင်ငံ၏ အငယ်ဆုံးသော လက်ထောက်စစ်သူကြီး၏ ညီမအရင်းဖြစ်သည်။

All Chapters