အခန်း (၉၆)
Vol. 10 Ch. 96
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၉၆)
" ကျောက်နိုင်ငံကို သံတမန်အဖြစ် စေလွှတ်ဖို့အတွက် အဆင့်အတန်းရှိတဲ့ လူတစ်ယောက်က ချင်နိုင်ငံကို ကိုယ်စားပြုသင့်ပါတယ်။ ဒါမှလည်း ကျွန်တော်မျိုးတို့က မဟာမိတ်ဖွဲ့ဖို့ အမှန်တကယ် ကြိုးစားနေတယ်ဆိုတာကို သက်သေပြရာ ရောက်ပါလိမ့်မယ်။ "
" ကျွန်တော်မျိုးအနေနဲ့ အရှင်ချန်ဖျင် မီချီကို အကြံပြုပါတယ်။ အဆင့်အတန်းအရ ပြောရရင် သူက မင်းသားဖုစုရဲ့ အဘိုးဘက်က ဖြစ်သလို အဆင့်မြင့် ဝန်ကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်ဖို့အတွက် ဝန်ကြီးမီချီက အသင့်တော်ဆုံးပါပဲ။ " ဝမ်ဝမ်က ရှေ့တိုးပြီး ပြောလိုက်သည်။
ရင်ကျန့်က စဉ်းစားနေသည်။ ဝမ်ဝမ်နှင့် လီစီတို့က ရင်ကျန့်ကို စိုးရိမ်တကြီး ကြည့်နေကြသည်။ အမြင့်ဆုံးအာဏာကို ဘုရင်က ချုပ်ကိုင်ထားပြီး ဝန်ကြီးများအနေဖြင့် အကြံပေးရုံသာ ဖြစ်သည်။
" ဝန်ကြီးပြောတာတော့မှန်ပါတယ်။ " ရင်ကျန့်က ပြောလိုက်သည်။ " မီချီကို စေလွှတ်တာက ချင်နိုင်ငံက တကယ်ပဲ အခက်အခဲဖြစ်နေလို့ မဟာမိတ်လာဖွဲ့တယ်ဆိုတာကကို ကျောက်ယန်က ပိုပြီး ယုံကြည်သွားလိမ့်မယ်။ "
၎င်းကို ကြားသောအခါ ဝမ်ဝမ်က ဝမ်းသာသွားပြီး လီစီက အနည်းငယ် စိတ်ပျက်သွားသည်။
" မီချီက အရည်အချင်းရှိပေမယ့် သူက စစ်ဘက်ဆိုင်ရာ နောက်ခံက လာတာဖြစ်လို့ သံတမန်ရေးရာ ငြင်းခုံမှုတွေမှာတော့ ပါရမီမပါလှဘူး။ ယောင်ကျားကတော့ စကားစွမ်းရည်ကောင်းတယ်။ ငါ့ရဲ့ လျို့ဝှက်အမိန့်ကို ထုတ်ပြန်လိုက်ပါ။ " ရင်ကျန့်က ချက်ချင်း ကြေညာလိုက်သည်။
" မီချီကို သံတမန်အဖြစ် ခန့်အပ်ပြီး ယောင်ကျားကို ဒုတိယသံတမန်အဖြစ် ခန့်အပ်လိုက်တယ်။ ယွီလျောင်ရဲ့ စီစဉ်မှုတွေ ပြီးစီးလို့ အချိန်အခါသင့်တာနဲ့ မင်းတို့နှစ်ယောက်လုံး ကျောက်နိုင်ငံဆီ ချက်ချင်း ထွက်ခွာရမယ်။ "
ဝမ်ဝမ်နှင့် လီစီတို့ကို အချင်းချင်း ကြည့်လိုက်ပြီး တစ်ပြိုင်နက် ပြန်ပြောလိုက်ကြသည်။ " အရှင်မင်းကြီး အမျှော်အမြင်ကြီးလှပါတယ်။ "
" ခမည်းတော် ဟန်ဖေးက နန်းတွင်း အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတာ လဝက်ပြည့်တော့ပါမယ်။ သူ့ကို ဘယ်လိုအရေးယူဖို့ စီစဉ်ထားလဲဆိုတာ သိချင်ပါတယ်။ ဟန်ဖေးက ပါရမီရှင်တစ်ယောက်လို့ သားတော်ကြားဖူးပါတယ်။ တကယ်လို့ သူ့ကို ချင်နိုင်ငံအတွက် အမှုထမ်းခိုင်းနိုင်ရင် ချင်နိုင်ငံက ပိုပြီး အင်အားကြီးလာမှာ သေချာပါတယ်။ " ဖုစုက ရှေ့တိုးပြီး ပြောလိုက်သည်။
ထိုစကားများကို ကြားသောအခါ လီစီက စိုးရိမ်စိတ်များ ဝင်လာပြီး မျက်ခုံးတွန့်သွားသည်။ ဖုစုက ဟန်ဖေးကို သူ့ဘက်ပါလာအောင် ကြိုးစားနေခြင်းဖြစ်သည်။ လီစီက သူ၏ လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။
သူ၏ ကျောင်းနေဖက်ဟောင်း၏ ပါရမီများကို သူကောင်းကောင်းသိပေသည်။ အကယ်၍ ဟန်ဖေးက ဖုစုဘက်သို့ ပါသွားလျှင် လီစီအတွက် ကောင်းသောအရာမဟုတ်ပေ။ လီစီက ဖုစု၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။
" အရှင်မင်းကြီး " လီစီက ချက်ချင်း ရှေ့တိုးလာသည်။ " ကျွန်တော်မျိုးက ဟန်ဖေးနဲ့အတူ ဆရာကြီးရွှင်ကျစ်ဆီမှာ ပညာသင်ခဲ့ဖူးပါတယ်။ သူက သစ္စာရှိပြီး ဖြောင့်မတ်တဲ့သူတစ်ယောက်ပါ။ သူကို ချင်နိုင်ငံအတွက် အမှုထမ်းခိုင်းဖို့က မလွယ်ပါဘူး။ "
" ဒါဆို မင်းပြောပုံအရဆို ငါက ဟန်ဖေးကို အသုံးချလို့မရဘူးပေါ့။ " ရင်ကျန့်က လီစီကို ကြည့်ပြီး မေးလိုက်သည်။
အရည်အချင်းရှိပြီး အညံ့ခံချင်သော ဟန်အရာရှိများကို ရာထူးများ ပေးထားပြီးပြီဖြစ်ပြီး သူတို့၏ မိသားစုများကို ဓားစာခံများအဖြစ် ခေါ်ထားခဲ့သည်။ အညံ့မခံလိုသော ဟန်အရာရှိများကို ကွပ်မျက်လိုက်ပြီး သူတို့၏ မိသားစုများကို ကျွန်အဖြစ် သတ်မှတ်ခဲ့သည်။
သို့သော် ဟန်ဖေးက ထူးခြားသော အခြေအနေဖြစ်သည်။ သူ့ကို ခေါ်ဆောင်လာပြီးနောက်တွင် ရင်ကျန့်က သူ့ကို တစ်ခါမှ ခေါ်မတွေ့ခဲ့ပေ။ ထိုအစား သူ့ကို အကျဉ်းထောင်ထဲတွင် ပိတ်ထားပြီး လျစ်လျူရှုထားခဲ့သည်။ ၎င်းက သူ၏ စိတ်ဓာတ်ကို ချိုးနှိမ်ရန် ဖြစ်ပြီး နောက်ဆုံးတွင် သူ့ကို သိမ်းသွင်းရန် ဖြစ်သည်။
" ခမည်းတော် " ဖုစုက လေးနက်စွာ ပြောလိုက်သည်။ " သားတော်ယုံကြည်တာကတော့ ဟန်ဖေးလို လူတစ်ယောက်က ပါရမီရှိသလို မာန်မာနလည်း ကြီးမှာပါ။ သူ့ရဲ့ စိတ်ခံစားမှုကို အသုံးချနိုင်ရင် သူ့ကို ချင်နိုင်ငံအတွက် အမှုထမ်းလာအောင် ဖျောင့်ဖျနိုင်မှာ သေချာပါတယ်။ "
" သားတော်က ခမည်းတော်ရဲ့ ကိုယ်စား အကျဉ်းထောင်ကို သွားပြီး ဟန်ဖေးကို အညံ့ခံအောင် ဖျောင့်ဖျချင်ပါတယ်။ ဒါကြောင့် ခမည်းတော် ခွင့်ပြုပေးပါ။ "
၎င်းကို ကြားသောအခါ လီစီက နှလုံးခုန်မြန်သွားပြီး ချက်ချင်း ပြောလိုက်သည်။ " အရှင်မင်းကြီး ဟန်ဖေးက ကျွန်တော်မျိုးရဲ့ ကျောင်းနေဖက်ဟောင်းဖြစ်သလို နှစ်ပေါင်းများစွာ ခင်မင်လာတဲ့ သူငယ်ချင်းတွေပါ။ ကျွန်တော်မျိုးပဲ သွားပြီး ဖျောင့်ဖျပါရစေ။ "
ရင်ကျန့်က ဟန်ဖေးကို ဖျောင့်ဖျရန် ကြိုးစားနေကြသော လီစီနှင့် ဖုစုတို့ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အကြည့်က ဖုစုဆီသို့ရောက်သွားသောအခါ စိတ်ပျက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
" လီစီ မင်းပဲ ငါ့ကိုယ်စားသွားလိုက်ပါ။ " ရင်ကျန့်က ပြောလိုက်သည်။
" အမိန့်အတိုင်းပါ အရှင်မင်းကြီး။ " လီစီက ချက်ချင်း ပြန်ဖြေလိုက်ပြီး ဝမ်ဝမ်ကို အထင်သေးစွာ တစ်ချက်ကြည့်လိုက်သည်။
ဖုစုကတော့ စိတ်ပျက်စွာဖြင့် နောက်ဆုတ်သွားသည်။ ဝမ်ဝမ်က သူ့ကို စိုးရိမ်တကြီးဖြင့် ကြည့်နေသည်။
ဝန်ကြီးများ အားလုံး ထွက်သွားပြီးသောအခါ ရင်ကျန့်က ခန်းမ၏ အပြင်ဘက်သို့ စိုက်ကြည့်နေသည်။
" ဝမ်ဝမ်၊ ဖုစု ခဏခဏ ပါပဲလား။ " ရင်ကျန့်က အေးစက်စွာ ရေရွတ်လိုက်သည်။
အနီးမှ ကျောက်ကောင်းက ၎င်းကို ကြားသောအခါ သူ၏ အမူအရာက မပြောင်းလဲသောလည်း စိတ်ထဲတွင်တော့ ဝမ်းသာသွားသည်။
နန်းတော်အတွင်း။
ဖုစုနှင့် ဝမ်ဝမ်တို့ ယှဉ်ပြီး လျှောက်နေကြသည်။
" မင်းသား ခုနက အရမ်းလောသွားတယ်။ " ဝမ်ဝမ်က စိုးရိမ်တကြီး ပြောလိုက်သည်။
" ဟန်ဖေးကို သွားပြီး ဖျောင့်ဖျချင်တယ်လို့ အရှင်မင်းကြီးကို လုံးဝ မပြောသင့်ဘူး။ "
" ဘာလို့လဲ။ " ဖုစုက နားမလည်နိုင်စွာ မေးလိုက်သည်။
" အုပ်ချုပ်သူတစ်ယောက်အတွက် ဘာကအရေးကြီးဆုံးလဲဆိုတာ မင်းသားသိလား။ " ဝမ်ဝမ်က ပြန်ဖြေလိုက်သည်။
" အာဏာလား။ " ဖုစုက ခဏစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
" မှန်တယ်။ အာဏာပဲ။ ပြီးတော့ ကိုယ်ကျိုးအတွက် အဖွဲ့အစည်းတွေ ဖွဲ့တာက အုပ်ချုပ်သူတစ်ယောက်အတွက် အကြီးမားဆုံး တာမြစ်ချက်ပဲ။ ဟန်ဖေးက ချင်နိုင်ငံဆီ အညံ့မခံသေးတဲ့ အကျဉ်းသားတစ်ယောက်ပဲ။ သူ့အပေါ် မင်းသားရဲ့ စိတ်အားထက်သန်မှုက အရမ်းသိသာလွန်းနေတယ်။ "
" မင်းသားက သားတော်ကြီးဖြစ်ပေမယ့် အိမ်ရှေ့စံမင်းသားတော့ မဟုတ်သေးဘူး။ ဒီကိစ္စကို ထုတ်ပြောလိုက်တာက မင်းသားဟာ ဟန်ဖေးကို အသုံးချဖို့ သိမ်းသွင်းနေတဲ့ ပုံစံမျိုး ပေါက်သွားစေတယ်။ မင်းသားရဲ့ စိတ်ထဲမှာ အဲ့လိုအတွေးမျိုး ရှိနေရင်တောင် အရှင်မင်းကြီးရှေ့မှာ အဲ့ဒါကို လုံးဝ ထုန်မပြသင့်ဘူး။ " ဝမ်ဝမ်က သက်ပြင်းချပြီး ပြောလိုက်သည်။
" ဒါကြောင့် ခမည်းတော်က လီစီကိုပဲ လွှတ်ဖို့ ရွေးချယ်ခဲ့တာကိုး။ " ဖုစုက ရုတ်တရက် နားလည်သွားသည်။ " ကျုပ်တော့ ခမည်းတော်ကို စိတ်အနှောက်အယှက် ဖြစ်စေမိပြီထင်တယ်။ "
" အစကတော့ ကျွန်တော်မျိုးက မင်းသားကို အိမ်ရှေ့စံရာထူးရဖို့အတွက် စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုကို ရစေချင်ခဲ့တာ။ ဒါကြောင့် အရှင်မင်းကြီးက မင်းသားကို ဝမ်မိသားစုက အမျိုးသမီးနဲ့ လက်ထပ်ပေးဖို့ စီစဉ်နေတဲ့ ကောလဟာလတွေကို ကျွန်တော်မျိုးက ဖြန့်ခိုင်းခဲ့တာပဲ။ အဲ့ဒါ တကယ်တော့ အရှင်မင်းကြီးရဲ့ သဘောထားကို စမ်းသပ်တာပဲ။ "
" သူက ဒါကို မတားဆီးတဲ့အပြင် အဲ့ဒီနေ့က နန်းတွင်းမှာ ဒီကိစ္စကို သဘောကျနေတဲ့ ပုံစံရှိခဲ့တယ်။ ဒါဟာ အရှင်မင်းကြီးရဲ့ စိတ်ထဲမှာ မင်းသားက အရေးပါတယ်ဆိုတာ ပြနေတာပဲ။ ဒါကြောင့် ဒီနေ့ဖြစ်သွားတဲ့ကိစ္စအတွက် စိတ်ပူစရာမလိုဘူး။ "
" ဒါပေမယ့် နောက်မှာ အရှင်မင်းကြီးရဲ့ ရှေ့မှာ အရမ်းစိတ်အားထက်သန်နေတဲ့ ပုံစံမျိုး မပြမိဖို့ သတိထားရမယ်။ အာဏာအတွက် ကြိုးစားနေတဲ့ ပုံစံမျိုး လုံးဝ မပြရဘူး။ "
" မင်းမျိုးမင်းနွယ်တွေကြားမှာ အဖေနဲ့သားဆိုတာ မရှိဘူး။ အာဏာပဲရှိတယ်။ ဒါကို မင်းသားရဲ့ စိတ်ထဲမှာ စွဲမြဲနေအောင် မှတ်ထားရမယ်။ " ဝမ်ဝမ်က လေးနက်စွာ ပြောလိုက်သည်။
" အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဝန်ကြီးဝမ်။ " ဖုစုက ပြောလိုက်သည်။
" ဒီတစ်ခေါက် ဟန်ဖေးကို ကိုယ်တိုင်တွေ့ဖို့ အခွင့်အရေးမရခဲ့ပေမယ့် မင်းသားရဲ့ အဖိုးကတော့ ကျောက်နိုင်ငံကို သွားရမယ့် တာဝန်ကို ရရှိသွားပြီ။ သူသာ အောင်မြင်ခဲ့ရင် အဲ့ဒါက မင်းသားရဲ့ အောင်မြင်မှုပဲ။ လီစီရဲ့ နန်းတွင်းဩဇာက မင်းသားကို မယှဉ်နိုင်သေးပါဘူး။ "
ထိုအချိန်တွင် လီစီက သူတို့နောက်ကနေ လမ်းလျှောက်လာသည်။ ဝမ်ဝမ်နှင့် ဖုစုတို့စကားပြောနေသည်ကို မြင်သော်လည်း သူက လက်လျှောက်ခြင်းကို မရပ်တန့်ခဲ့ပေ။
" တရားရေးအမတ်ကြီးက ဒီနေ့ တကယ်အဆင်ပြေနေတာပဲ။ " လီစီဖြတ်လျှောက်သွားသောအခါ ဝမ်ဝမ်က မျက်မှောင်ကြုတ်ပြီး အေးစက်စွာ ပြောလိုက်သည်။ " မင်းသားရှိနေတာတောင် အရိုအသေမပေးတော့ဘူးလား။ "
" ဘာလို့အရိုအသေပေးရမှာလဲ။ " လီစီက ပြန်လှည့်ကြည့်ပြီး ပြောလိုက်သည်။ " မင်းသားက အိမ်ရှေ့စံမဟုတ်ဘူး။ တကယ်လို့ ငါ အရိုအသေပေးရမယ်ဆိုရင် အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံပဲ ပေးရလိမ့်မယ်။ "
" ရာထူးအဆင့်အတန်းအရ ပြောမယ်ဆိုရင် မင်းသားဖုစုက ငါ့အောက်မှာပဲ ရှိသေးတယ်။ "
ထို့နောက် သူက ဆက်မပြောတော့ဘဲ လှည့်ထွက်သွားသည်။ ထိုစကားနှင့်ပင် လီစီနှင့် ဝမ်ဝမ်တို့ကြားမှ ရန်ငြိုးကို သိနိုင်သည်။ သူတို့က ၎င်းကို ဖုံးကွယ်ရန်ပင် မကြိုးစားကြတော့ပေ။
နန်းတွင်းအကျဉ်းထောင်၏ အခန်းတစ်ခုအတွင်း ဟန်ဖေးက ဝိုင်သောက်ရင်း စာဖတ်နေသည်။ သူ၏ ပုံသဏ္ဍန်က ဖရိုဖရဲဖြစ်နေသော်လည်း စိတ်ဓာတ်ကျဆင်းခြင်းမရှိပေ။ ဉာဏ်ပညာရှိသူတစ်ယောက်အနေဖြင့် ဟန်ဖေးက ချင်ဘုရင်တွင် ရည်ရွယ်ချက်တစ်ခုခုရှိနေသည်ကို သဘာဝအတိုင်း ရိပ်မိနေသည်။
ယခု သူလုပ်ရန်မှာ ချင်ဘုရင်၏ ခေါ်ယူခြင်းကို စောင့်နေရုံသာဖြစ်သည်။ ထိုအချိန်တွင် အကျဉ်ထောင်၏ အခြားတစ်ဖက်တွင် လူနှစ်ယောက်က ဟန်ဖေးကို စေယင့်ကြည့်နေကြသည်။
" လီစီ ကျုပ်တို့ ဒါကို တကယ်လုပ်တော့မှာလား။ " ယောင်ကျားက စိုးရိမ်စွာဖြင့် မေးလိုက်သည်။
" မင်းက မလုပ်ချင်ဘူးလား။ " လီစီက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
" ကျုပ်က ခင်ဗျားဘက်ကဆိုတော့ လုပ်ချင်ပါတယ်။ " ယောင်ကျားက ချက်ချင်း ပြန်ဖြေလိုက်သည်။