အခန်း (၉၉)
Vol. 10 Ch. 99
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၉၉)
ထိုအချိန်တွင် ခြံဝင်းအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ စစ်သည်တစ်ရာကျော်က ရောက်ရှိလာပြီး အတန်းနှစ်တန်း စနစ်တကျ တန်းစီလိုက်ကြသည်။ သူတို့အားလုံးက လက်နက်များ ကိုင်ဆောင်ထားသော်လည်း ဘယ်သူမှ ချပ်ဝတ်များ ဝတ်ဆင်ထားခြင်းမရှိကြပေ။
" ကျောက်ကတော် " ရွာလူကြီးဝူက ခြံတံခါးသို့ အပြေးအလွှာ သွားဖွင့်လိုက်သည်။ " နယ်စားမင်း ရောက်လာပြီ။ "
ကျောက်ကတော်နှင့် ကျောက်ရင်တို့က ခြံတံခါးပေါက်ဆီသို့ လျှောက်သွားကြသည်။ အရာရှိဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က သူတို့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာသည်။ ကျောက်ကတော်နှင့် ကျောက်ရင်ကို မြင်သောအခါ သူက ပြုံးလိုက်သည်။
" ဒါက စစ်သူကြီးကျောက်ရဲ့ မိခင်ဖြစ်ရမယ်။ " နယ်စားမင်းက ပြောလိုက်သည်။ " ကျုပ်က ရှာချူးခရိုင်ရဲ့ နယ်စားမင်း ယန်ပင်းပါ။ "
" နယ်စားမင်းကိုယ်တိုင် ရောက်လာတာ တကယ် ဂုဏ်ယူစရာပါပဲ။ အခုလို ရောက်လာတာ ကျွန်မတို့ တကယ်အားနာမိပါတယ်။ " ကျောက်ကတော်က ပြုံး၍ ပြောလိုက်သည်။
သူမ၏ ကြောက်ရွံ့မှုမရှိ တည်ငြိမ်သော အမူအရာကို မြင်သောအခါ ယန်ပင်းက အနည်းငယ် အံ့အားသင့်သွားသည်။
" ကြည်ရတာ စစ်သူကြီးကျောက်ရဲ့ မိခင်က သာမန်အမျိုးသမီးမဟုတ်ဘူးပဲ။ သတင်းအချက်အလက်တွေထဲမှာ သူမကို သာမန်ရွာသူတစ်ယောက်လို့ ပြောထားပေမယ့် ဒီလိုတည်ငြိမ်မှုမျိုးက သာမန်တော့ မဟုတ်ဘူး။ "
" အင်း ချင်နိုင်ငံတစ်ခုလုံးမှာ အငယ်ဆုံး စစ်သူကြီးတစ်ယောက်ကို ပျိုးထောင်ပေးခဲ့တဲ့ သူက ထူးခြားတဲ့သူဖြစ်ရမှာပေါ့။ "
" ကျောက်ကတော်က အားနားစရာတွေ ပြောနေပြန်ပါပြီ။ " ယန်ပင်းက ပြုံး၍ ပြောလိုက်သည်။ " ဒါက စစ်သူကြီးကျောက်ရဲ့ အိမ်ပဲ။ ကျုပ်လာလည်ခွင့်ရတာ ဂုဏ်ယူစရာပါ။ "
ယန်ပင်းက နှိမ့်ချပြီး ပြောလိုက်သည်။ နယ်စားမင်းတစ်ယောက်အနေဖြင့် သူနားလည်ထားသည်မှာ လက်ထောက်စစ်သူကြီးရာထူးက ကျောက်ဖုန်းအတွက် နောက်ဆုံးပန်းတိုင်မဟုတ်ဘဲ အစပြုရုံသာ ရှိပေသည်။
" နယ်စားမင်းက မြှောက်ပင့်လွန်းနေပါပြီ။ " ကျောက်ကတော်က ပြုံး၍ ပြန်ပြောလိုက်သည်။ " သူက နိုင်ငံအတွက် တာဝန်ထမ်းဆောင်ခွင့်ရတာ ဂုဏ်ယူစရာပါ။ "
" ကောင်းပြီ။ ကျုပ် အချိန်မဆွဲတော့ပါဘူး။ ငါ့လူတို့ စစ်သူကြီးကျောက်ရဲ့ နှစ်စဉ်ရိက္ခာလစာတွေ ယူခဲ့ကြ။ " နယ်စားမင်းက စစ်သည်များကို အမိန့်ပေးလိုက်သည်။
" ဟုတ်ကဲ့။ " စစ်သည်အချို့က သစ်သားသေတ္တာကြီး သုံးလုံးကို ခြံဝင်းထဲသို့ သယ်လာပြီး ချလိုက်ကြသည်။ "
" ကျောက်ကတော် " ယန်ပင်းက သေတ္တာကြီးသုံးလုံးကို ညွှန်ပြပြီး ပြောလိုက်သည်။ " ဒါက စစ်သူကြီးကျောက်ရဲ့ နှစ်စဉ်ရိက္ခာလစာတွေပါ။ စုစုပေါင်း ၈၀၀တန်ရှိပါတယ်။ "
" ဒါကို ကိုယ်တိုင်လာပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နယ်စားမင်း။ " ကျောက်ကတော်က ကျေးဇူးတင်စကား ပြောလိုက်သည်။
" ပြီးတော့ သူ့ရဲ့ ဘွဲ့ထူးအတွက် မြေယာ တစ်ထောင်မူလည်း ရှိပါသေးတယ်။ စစ်သူကြီးကျောက်အတွက် ခွဲဝေပေးထားတဲ့ မြေယာစာချုပ်တွေ ယူခဲ့ကြ။ " ယန်ပင်းက အမိန့်ပေးလိုက်သည်။
စစ်သည်အချို့က သေတ္တာများ သယ်လာကြပြီး ယန်ပင်းက သေတ္တာတစ်လုံးကို ဖွင့်လိုက်သောအခါ ဝါချပ်စာလိပ်များ ရှိနေသည်။
" ကျောက်ကတော် ဒါက မြေယာစာချုပ်တွေပါ။ ဒီမြေတွေထဲမှာ ရှကျေးရွာအပြင်ဘက်က မခွဲဝေရသေးတဲ့ မြေလွတ်မြေရိုင်းတွေ ၃၀၀မူ ရှိပါတယ်။ ကျန်တဲ့ ၇၀၀မူကတော့ ဒီနားက ရွာလေးရွာမှာ ရှိပါတယ်။ အဲ့ဒါတွေအားလုံးကို စစ်သူကြီးကျောက်ရဲ့ နာမည်နဲ့ မှတ်ပုံတင်ပြီးသားပါ။
" ဒီစာချုပ်တွေရှိရင် ချင်နိုင်ငံရဲ့ ဥပဒေအရ ဘယ်သူမှ စစ်သူကြီး ကျောက်ရဲ့ မြေတွေကို သိမ်းယူလို့မရပါဘူး။ ဒါပေမယ့် ဒိမြေတွေကို ရောငချခွင့်မရှိဘဲ အငှားချတာပဲလုပ်လို့ရပါတယ်။ " ယန်ပင်းက ရှင်းပြလိုက်သည်။
" နားလည်ပါပြီ။ " ကျောက်ကတော်က ခေါင်းညိမ့်လိုက်သည်။
" အဲ့ဒါအပြင် ကျုပ် ဒီနေ့ လာတာက အရှင်မင်းကြီးရဲ့ အမိန့်တော်ကိ ဖတ်ကြားဖို့လည်း ပါပါတယ်။ " ယန်ပင်းက တော်ဝင်အမိန့်တော်ကို ဖြန့်လိုက်သည်။
" အမိန့်တော်ကို စောင့်ဆိုင်းနေပါတယ်။ " ကျောက်ကတော်နှင့် ကျောက်ရင်တို့က ဒူးထောက်လိုက်ကြသည်။ ရွာသားအားလုံးနှင့် စစ်သည်အားလုံးကလည်း ဒူးထောက်လိုက်ကြသည်။
" အရှင်မင်းကြီးရဲ့ အမိန့်တော်။ လက်ထောက်စစ်သူကြီး ကျောက်ဖုန်းက နိုင်ငံအတွက် ကြီးမားတဲ့ စွမ်းဆောင်မှုတွေ ပြုလုပ်ခဲ့တယ်။ သူ့ရဲ့ မိခင်က ဇာတိရွာမှာ စောင့်ရှောက်ပေးမယ့်သူမရှိလို့ ငါကိုယ်တော်က လက်မှုပညာရှင်တွေ ဆောက်လုပ်ပေးမယ့် စံအိမ်တစ်ခု၊ အစေခံ ၅၀၊ ရွှေစ ၁၀၀၊ ဒင်္ဂါး ၁၀၀၀၀နဲ့ နှစ်ငါးဆယ်သက်တမ်းရှိတဲ့ ဂျင်ဆက်းတစ်မြစ်ကို ပေးသမားလိုက်တယ်။ ဒါအပြင် စစ်သူကြီးကျောက်ရဲ့ မြေယာတစ်ထောင်မူကိုလည်း နှစ်နှစ် အခွန်ကင်းလွတ်ခွင့်ပေးလိုက်တယ်။ "
အမိန့်တော်က သိပ်မရှည်သော်လည်း ကျောက်အပေါ်ထားရှိသော ချင်ဘုရင်၏ မျက်နှာသာပေးမှုကို သိသာစေသည်။
" ကျွန်မ အမိန့်ကို လက်ခံပါတယ်။ " ကျောက်ကတော်က ချက်ချင်း ပြန်ဖြေလိုက်သည်။
ယန်ပင်းက ချက်ချင်း ရှေ့တိုးလာပြီး ကျောက်ကတော်ကို ထူပေးကာ အမိန့်တော်ကို သူမလက်ထဲသို့ ထည့်ပေးလိုက်သည်။
" အရှင်မင်းကြီး ပေးသနားတဲ့ လက်ဆောင်တွေကို ယူခဲ့ကြ။ " ယန်ပင်းက အော်ပြောလိုက်သည်။
သူ၏ အမိန့်အတိုင်း စစ်သည်များနောက်မှ အစေခံ၅၀ ထွက်လာကြသည်။ ကျောက်ဖုန်၏ အိတ်တွင် အမေနှင့် ညီမရှိသောကြောင့် အစေခံအားလုံးက အမျိုးသမီးများ ဖြစ်ကြသည်။ သူတို့က ကောင်းကောင်းလေ့ကျင့်ခံထားရပုံရှိပြီး အစေခံအဖြစ် မှတ်ပုံတင်ထားသောကြောင့် သခင်၏ အမိန့်ကို ဖီဆန်ရဲကြမည်မဝုတ်ပေ။ အစေခံများအပြင် စစ်သည်များက ရွှေငွေများကိုလည်း သယ်ဆောင်လာကြသည်။
" ကျောက်ကတော် " ယန်ပင်းက အစေခံများဘက်သို့ ကြည့်ပြီး ပြောလိုက်သည်။ " အရှင်မင်းကြီး ပေးသနားတဲ့ အစေခံတွေနဲ့ ရွှေငွေတွေ အကုန်ရောက်ပါပြီ။ ဒီအစေခံတွေရဲ့ မှတ်ပုံတင်စာရင်းတွေက ဒီသေတ္တာထဲမှာ ပါပြီးသားပါ။ တကယ်လို့ သူတို့ထဲက တစ်ယောက်ယောက်က ထွက်ပြေးဖို့ ကြိုးစားတာ ဒါမှမဟုတ် အမိန့်ကို ဖီဆန်ရင် ဘယ်အချိန်မဆို ကွပ်မျက်ပိုင်ခွင့်ရှိပါတယ်။ "
" သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နယ်စားမင်း။ " ကျောက်ကတော်က ပြောလိုက်သည်။
ထို့နောက် သူမက ယန်ပင်းနှင့်အတူပါလာသော အရာရှိများကို အိမ်ထဲကို ခဏဖိတ်ခေါ်လိုက်သည်။ သူတို့ကလည်း ဖိတ်ကြားမှုကို လက်ခံလိုက်ကြသည်။ အချိန်အတော်ကြာ စကားပြောပြီးနောက် ယန်ပင်းနှင့် လက်အောက်ငယ်သားများက ပြန်သွားကြသည်။
" အမေ ကျွန်မ တကယ်အံ့ဩမိတယ်။ " ကျောက်ရင်က သူမ၏ အမေကို လေးစားစွာ ကြည့်ပြီး ပြောလိုက်သည်။
" နယ်စားမင်းနဲ့ ဒီလောက်အကြာကြီး စကားပြောနိုင်တယ်။ သမီးဆို ဘာပြောရမှန်းတောင် သိမှာမဟုတ်ဘူး။ "
" အဲ့ဒါတွေက ဟန်ဆောင်ပြောနေကြတာပါ။ အဲ့ဒီနယ်စားမင်းက သမီးအကို အသက်ငယ်ငယ်နဲ့ အလားအလာရှိတာကို သိလို့ မျက်နှာသာ ရအောင် လုပ်နေတာပဲ။ " ကျောက်ကတော်က တည်ငြိမ်စွာ ပြောလိုက်သည်။
ကျောက်ရင်က ခေါင်းညိမ့်ပြီး ခြံဝင်းထဲတွင် ရပ်နေသော အစေခံ၅၀ကို ကြည့်လိုက်သည်။ " အမေ ဒီလူတွေအများကြီးကို သမီးတို့ ဘာလုပ်ကြမလဲ။ ဒီလောက်လူအများကြီးကို နေရာချပေးဖို့က မလွယ်ဘူး။ "
ထိုအချိန်တွင် အသက်ကြီးသော လက်မှုပညာရှင်တစ်ယောက်က ချဉ်းကပ်လာပြီး ကျောက်ကတော်ကို အရိုအသေ ပေးလိုက်သည်။
" ကျောက်ကတော် ကျွန်တော်တို့က မြို့ကလာတဲ့ လက်မှုပညာရှင်တွေပါ။ နယ်စားမင်းရဲ့ အမိန့်အရ စံအိမ်တစ်ခု တည်ဆောက်ပေးဖို့ လာခဲ့တာပါ။ "
ကျောက်ကတော်က အစေခံများဘက်သို့ တစ်ချက်ကြည့်ပြီး လက်မှုပညာရှင်ကို ပြောလိုက်သည်။ " ဆောက်လုပ်ရေးက ဘယ်လောက်ကြာမလဲ။ "
" စိတ်ချပါ ကျောက်ကတော်။ တစ်လအတွင်း အပြီးဆောက်ပေးပါမယ်။ " လက်မှုပညာရှင်က ပြန်ဖြေလိုက်သည်။
" ဒါဆိုရင်တော့ ရှင်တို့လက်ထဲအပ်လိုက်ပါမယ်။ " ကျောက်ကတော်က ပြောလိုက်သည်။
" ဦလေးဝူ ကျွန်မ အကူအညီတစ်ခုလောက် တောင်းလို့ရမလား။ " ကျောက်ကတော်က ရွာလူကြီးဝူဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
" လိုအပ်တာပြောပါ။ " ရွာလူကြီးဝူက ချက်ချင်း ပြန်ဖြေလိုက်သည်။
" လူအများကြီးဆိုတော့ စားသောက်ဖို့ ကိစ္စတွေ လိုသေးတယ်။ ဦလေး ရွာသားအချို့ကို မြို့ထဲလွှတ်ပြီး လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ စီစဉ်ပေးပါဦး။ " ကျောက်ကတော်က ပြောလိုက်သည်။ " ပြီးတော့ မြေယာတွေကိုလည်း ဦးလေးဝူပဲ ကူညီပြီး စီစဉ်ပေးပါဦး။ "
" ကျွန်မတို့ မိသားစုက ဒီလောက်မြေအများကြီးကို ကိုယ်တိုင် မစိုက်ပျိုးနိုင်ဘူး။ မြေဆယ်မူလောက်ပဲ ချန်ပြီး ကျန်တာတွေကို အငှားချပေးဖို့ ဦးလေး ကူညီပေးပါဦး။ ငှားခကိုတော့ ကျွန်မတို့ရွာသားတွေကို တစ်ဝက်ပဲယူမယ်။ တခြားရွာကလူတွေဆိုရင် ပေါက်စျေးအတိုင်းပဲ ယူလိုက်ပါ။ "
" ရွာသားတွေအတွက် ငှားခကို တစ်ဝက်လျှော့ပေးမှာလား။ " ရွာလူကြီးဝူက အံ့အားသင့်စွာ ပြောလိုက်သည်။
" ဒါက ကျွန်မတို့ကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့တဲ့အတွက် ရွာသားတွေကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ။ " ကျောက်ကတော်က ပြုံးပြီး ပြောလိုက်သည်။
" စိတ်ချပါ။ ဒီကိစ္စတွေကို ငါ အားလုံးအဆင်ပြေအောင် လုပ်လိုက်ပါမယ်။ " ရွာလူကြီးဝူက ပြောပြီး ခြံဝင်းထဲမှ ထွက်ခွာသွားသည်။
ထိုအချိန်တွင် အသက်အနည်းငယ်ကြီးသော အစေခံအမျိုးသမီးက ကျောက်ကတော်ဆီသို့လာပြီး ဒူးထောက်လိုက်သည်။ " သခင်မကို ဂါရဝပြုပါတယ်။ "
အစေခံအားလုံးကလည်း တပြိုင်နက် ဒးးထောက်လိုက်ကြပြီး သူတို့၏ အမူအရာက အလွန်ရိုသေနေကြသည်။ စံအိမ်အသစ်က မဆောက်ရသေးသောကြောင့် အသေခံများကို နေရာချပေးရန် အချိန်အနည်းငယ် လိုပေလိမ့်မည်။
ကျောက်ကတော်က အမိန့်တော်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း ရင်းနှီးသော လက်ရေးကို ကြည့်ပြီး စိတ်ထဲတွင် ခံစားချက်အမျိုးမျိုး ရောထွေးနေသည်။
" ကျွန်မဘဝမှ ရှင်ကိုယ်တိုင်ရေးထားတဲ့ အမိန့်တော်ကို နောက်တစ်ကြိမ် ပြန်မြင်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ "