အခန်း (၅၄၅)
Vol. 44 Ch. 545
အခန်း ၅၄၅
ချန်ကျဲ့မှ ပြောသည်။
“ဟုတ်ပါတယ်။ သူ့ရဲ့ပြစ်မှုက အရမ်းကြီးလေးတာကို ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒီကိစ္စက တကယ်တော့ နားလည်မှုလွဲတာပါ။ မုလန်လူမျိုးအထက်တန်းလွှာကို သတ်ခဲ့တာက ကျွန်တော့်ညီနောင် မဟုတ်ပါဘူး။ သခင်ကြီးအနေနဲ့ သေချာရှင်းလင်းစွာ ကြည့်မြင်ပေးဖို့ ကျွန်တော်တောင်းဆိုပါတယ်”
ယဲ့လုဖုန်းမှ ပြန်ပြောသည်။
“ဒါပေမဲ့ အဲဒီအချိန်တုန်းက လူသတ်ခဲ့တာက မင်းလူတွေဆိုတာ ရှင်းနေတာပဲလေ”
“အဲဒီအချိန်တုန်းက မင်းတို့ကျားဖြူခန်းမနဲ့ ထာရာတို့ကြား အချေအတင်ဖြစ်နေကြတာ မဟုတ်ဘူးလား။ မင်းတို့ ဘယ်လိုပဲ ငြင်းဆန်ပါစေ မင်းတို့ကျားဖြူခန်းမက တာဝန်ယူရမှာကို မရှောင်လွှဲနိုင်ဘူး”
“ဟုတ်ပါတယ် ဟုတ်ပါတယ်”
“သခင်ကြီးပြောတာ မှန်ပါတယ်”
ချန်ကျဲ့ ခဏရပ်နေပြီးနောက်မှ ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ သခင်ကြီး၊ ဒီကိစ္စက သခင်ကြီးအတွက် အကျိုးရှိနိုင်ပါတယ်”
“အကျိုးရှိတယ်”
ယဲ့လုဖုန်း မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
“မင်းက ငါတို့မုလန်လူမျိုးတစ်ယောက်ကို သတ်လိုက်တာကို ငါ့အတွက် အကျိုးရှိတယ်တဲ့လား”
ချန်ကျဲ့မှ ပြောသည်။
“သခင်ကြီး၊ မုလန်လူမျိုးက မုလန်လူမျိုးမှန်ပေမဲ့ သခင်ကြီးက သခင်ကြီးပါပဲ။ သခင်ကြီး ကျွန်တော့်ကို ဖုံးကွယ်နေဖို့ မလိုပါဘူး။ သခင်ကြီးက ယဲ့လုမိသားစုရဲ့ မျိုးဆက်ဆိုတာ ကျွန်တော်သိပါတယ်။ ယဲ့လုမိသားစုက ဝန်ကြီးချုပ်ပေါ်ယန်ရဲ့ အတွေးအမြင်နဲ့ ဆန့်ကျင်ပြီး ဟန့်ယဉ်ကျေးမှုပြုခြင်းကို ထောက်ခံကြပါတယ်။ သခင်ကြီးရဲ့အရည်အချင်းနဲ့ဆို ဒေသတစ်ခုရဲ့ အုပ်ချုပ်သူအရာရှိဖြစ်ဖို့အတွက် မခက်ခဲသင့်ပေမဲ့ ကံဆိုးစွာနဲ့ ရှုပ်ထွေးသွားခဲ့လို့ ဒီမျန့်ရွှေစီရင်စုမှာ အဆုံးသတ်သွားခဲ့ရတယ်”
“ပြီးတော့လည်း သခင်ကြီး မျန့်ရွှေစီရင်စုကို ရောက်လာကတည်းက ဒီက ဒေသခံမုလန်လူမျိုးတွေက သခင်ကြီးကို မထီလေးစားပြုမူခဲ့ကြတယ်။ သခင်ကြီးရဲ့ရာထူးအဆင့်အတန်းက တရားမဝင်ဘူးလို့ ပြောခဲ့ကြတယ်။ တချို့တွေဆို သခင်ကြီးကို ဆန့်ကျင်တဲ့ လွန်လွန်ကြူးကြူး စော်ကားမော်ကားစကားတွေကိုတောင် ပြောခဲ့ကြတယ်။ ဒီနှစ်တွေအတွင်းမှာ ဒီမုလန်လူမျိုးတွေက သခင်ကြီးအပေါ် နည်းနည်းလေးမှ လေးစားမှု မပြသခဲ့ဖူးဘူး”
“သူတို့က သခင်ကြီးနဲ့ထိုက်တန်တဲ့ ရိုသေလေးစားမှုကို မပေးအပ်ခဲ့ဘဲ အားအာထိုက်က ဒေသခံမုလန်လူမျိုးတွေကို လှုံ့ဆော်စည်းရုံးပြီး သခင်ကြီးကို အကြိမ်ပေါင်းများစွာ ဆန့်ကျင်ခဲ့တယ်”
“အဲဒါကြောင့်သာ မဟုတ်ခဲ့ရင် သခင်ကြီးက ကျွန်တော်တို့ကုန်သည်အဖွဲ့တွေကို အားကိုးနေမယ့်အစား ဒေသခံမုလန်လူမျိုးတွေရဲ့ အင်အားကို အားကိုးခဲ့လိမ့်မှာပေါ့”
“သခင်ကြီး ကျွန်တော်ပြောတာ မှန်ရဲ့လား”
ထိုအခါ ယဲ့လုဖုန်းသည် ချန်ကျဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။
“ဒါက လျှို့ဝှက်ချက်လည်း မဟုတ်ပါဘူး။ ပြောသွားတာကောင်းတယ်”
ချန်ကျဲ့မှ ဆက်ပြောသည်။
“အဲဒါကြောင့် ဒီကိစ္စက တကယ်တော့ သခင်ကြီးအတွက် ကောင်းတာပါပဲ။ သခင်ကြီးကို မထောက်ခံတဲ့ မုလန်လူမျိုးတစ်ယောက်ရဲ့ သေဆုံးမှုက ဒေသခံမုလန်လူမျိုးတွေအတွက် သတိပေးချက်တစ်ခု ဖြစ်ပါလိမ့်မယ်။ မျန့်ရွှေစီရင်စုမှာ ပြောရေးဆိုခွင့်ရှိသူက စီရင်စုအုပ်ချုပ်ရေးမှူးဖြစ်တဲ့ သခင်ကြီးပဲဆိုတာကို ပြသပြီး ဖြစ်သွားပါလိမ့်မယ်”
“သူတို့သာ သခင်ကြီးကို မထောက်ခံဘဲ အားအာထိုက်ဘက်မှာ ရပ်တည်နေမယ်ဆိုရင် သခင်ကြီးအနေနဲ့ သူတို့ကို ထောက်ပံ့ကူညီပေးမှာ မဟုတ်ကြောင်း ပြသလိုက်တာပါပဲ
“တစ်နည်းပြောရရင် သခင်ကြီးအနေနဲ့ အခုအချိန်မှာ သူတို့ကို ကူညီပေးလိုက်ရင် သူတို့က ဒါကို ဖြစ်သင့်တဲ့အရာအဖြစ် မှတ်ယူသွားပါလိမ့်မယ်။ အဲဒါကြောင့် သခင်ကြီးအနေနဲ့ သူတို့ကို မကူညီသင့်ပါဘူး။ အခုနေ သူတို့ကို ကူညီပေးလိုက်ရင် သူတို့က သခင်ကြီးရဲ့အကူအညီကို ကျေးဇူးတင်စရာလို့ မမြင်ဘဲ ပုံမှန်ဖြစ်စဉ်တစ်ခုအဖြစ် တွေးမြင်ပါလိမ့်မယ်။ သခင်ကြီးက သူတို့ကို ကြောက်ရွံ့လို့ ကူညီပေးတာလို့ တွေးမြင်ကြပါလိမ့်မယ်။ အဲဒါကြောင့် သခင်ကြီးအနေနဲ့ သူတို့ရဲ့စိတ်ကို သိမ်းပိုက်ရယူသင့်ပါတယ်”
“အဲဒါကြောင့် သခင်ကြီးအနေနဲ့ ဒီတစ်ကြိမ်မှာ သူတို့ဘက်က ကူညီမပေးသင့်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်”
“သခင်ကြီး သူတို့ကို ကူညီမပေးဘဲ လွှတ်ထားပေးလိုက်ရင် သခင်ကြီးရဲ့ အရေးပါမှုနဲ့ အဆင့်အတန်းကို ပြသပြီး ဖြစ်သွားလိမ့်မယ် မဟုတ်ပါလား။ သူတို့က အားအာထိုက်ကို ထောက်ခံကြတယ်မလား၊ ဒါဆို သူတို့အတွက် အားအာထိုက်ကပဲ လက်တုံ့ပြန်ပေးပါစေလေ”
“အားအာထိုက်က သူတို့အတွက် လက်တုံ့ပြန်မပေးနိုင်ခဲ့ရင် အဲဒီအခါကျ သခင်ကြီးက ကိုယ်ပိုင် အင်အားအာဏာကို ဖွဲ့စည်းတည်ဆောက်နိုင်ပါပြီ။ အဲဒီအခါကျ သခင်ကြီးအနေနဲ့ မျန့်ရွှေစီရင်စုက မုလန်လူမျိုးတွေရဲ့ ထောက်ခံမှုကို မလွဲဧကန် ရနိုင်ပါလိမ့်မယ်”
“ဒီကိစ္စက သခင်ကြီးကို ပွဲကြည့်ပရိသတ်လုပ်နေရုံနဲ့ အကျိုးအမြတ်ကြီးရနိုင်မယ့် အခွင့်အရေးကို ဖန်တီးပေးပါလိမ့်မယ်”
“သခင်ကြီးရဲ့ အကူအညီကို ရယူဖူးသူတစ်ယောက်အနေနဲ့ ကျွန်တော်ချန်ကျိုစစ်က သခင်ကြီးအတွက် ဓားတောင်နဲ့ မီးပင်လယ်ကို ဖြတ်သန်းဖို့ ဆန္ဒရှိပါတယ်!”
ချန်ကျဲ့သည် စီရင်စုအုပ်ချုပ်ရေးမှူးအား အချက်များစွာကို ထောက်ပြပေးခဲ့သည်။
ယဲ့လုဖုန်းသည် အလေးအနက် နားထောင်နေခဲ့ပြီးနောက် မျက်လုံးအကြည့်များ စူးရှလာခဲ့သည်။
“ငါ့အတွက်တဲ့လား ငါ့အတွက် ဓားတောင်နဲ့ မီးပင်လယ်ကို တွန့်ဆုတ်တွေဝေမှုမရှိ ဖြတ်သန်းမယ်ပေါ့လေ”
“အမှန်ပါပဲ။ ကျွန်တော့်ကို အမြင့်ဆီ တက်လှမ်းစေနိုင်ခဲ့တဲ့ သခင်ကြီးအတွက် ကျွန်တော်ဆန္ဒရှိပါတယ်။ သခင်ကြီးက ကျွန်တော့်ရဲ့ အခြေခံအုတ်မြစ်ပါ။ သခင်ကြီးအတွက် ဓားတောင်နဲ့ မီးပင်လယ်ကို ဖြတ်သန်းတယ်ဆိုတာ ဖြစ်သင့်တာပါပဲ။ ပြီးတော့ ကျွန်တော့်ရဲ့ညီနောင်က ကျွန်တော့်ရဲ့လက်ထောက်ပါ။ အဲဒါကြောင့် ဆက်စပ်စဉ်းစားကြည့်မယ်ဆို သူကလည်း သခင်ကြီးရဲ့လူပဲ မဟုတ်ပါဘူးလား”
ထိုစကားအဆုံး၌ ယဲ့လုဖုန်းသည် ချန်ကျဲ့ကို ကြည့်လျက် မှတ်ချက်ပြုသည်။
“မင်းက တကယ့်ကို စကားပြောကောင်းတဲ့သူပဲ။ ဒါပေမဲ့ မင်းပြောတာတွေက ကျိုးကြောင်းမဆီလျော်တာတော့လည်း မဟုတ်ပါဘူး”
ချန်ကျဲ့မှ ပြောသည်။
“ပြီးတော့လည်း သခင်ကြီး၊ အခုတလောမှာ ကျွန်တော် အရမ်း အလွန်အကျွံပြုမူနေမိတာကို ကျွန်တော်ဝန်ခံပါတယ်။ အဲဒါကြောင့် ကျွန်တော် ကတိပေးပါတယ်။ နန်ပါးထျန်းဘက်က ကျွန်တော့်ကို တမင်ရန်မရှာသ၍ ကျွန်တော့်ဘက်ကလည်း သူ့ကို ပြဿနာမရှာပါဘူး။ စိစစ်ရေးတမန်တော်ရောက်လာတဲ့အခါ ဟန်ချက်ညီညီနဲ့ ချောမွေ့သာယာနေတဲ့ မျန့်ရွှေကို မြင်တွေ့စေဖို့ ကျွန်တော် သေချာထိန်းသိမ်းလုပ်ဆောင်ပါ့မယ်”
ထိုစကားတွင် ယဲ့လုဖုန်း၏နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားခဲ့သည်။
“ကောင်းတယ် ကောင်းတယ်။ ကျိုစစ်က ဘယ်အချိန်ရှေ့တိုးသင့်တယ်၊ ဘယ်အချိန်နောက်ဆုတ်သင့်တယ်ဆိုတာကို ခွဲခြားတတ်သူမှန်း ငါအစောကတည်းက သိနေခဲ့တယ်။ ဒီကိစ္စက ကျားဖြူခန်းမနဲ့ ဘာမှမဆိုင်တာ လုံးဝ ထင်ရှားနေတာပါပဲ။ ချီမုကော၊ ကျိုစစ်နဲ့အတူ တရားရုံးတော်ကို လိုက်သွားပြီး ဒီကိစ္စကို ဖြေရှင်းလိုက်ပါ။ ပြီးတော့ ကျိုစစ်၊ နေ့လယ်ကျ ပြန်လာခဲ့ဦး။ ငါ နန်ပါးထျန်းနဲ့ လျိုလောင်ကွေ့ကို အိမ်တော်မှာ ညစာစားဖို့ ဖိတ်ထားတယ်။ မင်းလည်း လာသင့်တယ်”
“ဟုတ်ကဲ့ပါ”
ချန်ကျဲ့ ချက်ချင်း သဘောတူလိုက်သည်။ ချန်ကျဲ့၏ဘေးတွင် ရပ်နေသည့် ချီမုကောမှ ပြောသည်။
“ညီနောင်ကျိုစစ် သွားကြစို့။ မင်းရဲ့ညီနောင်ကို ငါနဲ့အတူ သွားခေါ်ထုတ်ကြမယ်”
ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။
“တပ်မှူးရဲ့ အားစိုက်ထုတ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
သူတို့နှစ်ဦးထွက်သွားပြီးနောက်၌ ယဲ့လုဖုန်းသည် ရေမျက်နှာပြင်ကို ငေးစိုက်ကြည့်နေခဲ့သည်။ ထို့နောက် အစာလက်တစ်ဆုပ်ကို ခပ်ယူလိုက်ပြီးနောက် ရေကန်ထဲ ပစ်ချလိုက်သည်။ အခြားသူများကို လွှမ်းမိုးအုပ်ချုပ်ရခြင်းသည် ငါးမွေးခြင်းနှင့် ဆင်တူသည်။ ဆာလောင်နေချိန်တွင် အစာကျွေးပြီး တစ်ခါတရံတွင် စည်းကမ်းပြုပြင်ဖို့အတွက် ကန်ကို ပြင်းပြင်းလှုပ်ခေါက်ပေးရသည်။
ထိုသို့နည်းဖြင့်သာ နာခံအောင် ထိန်းသိမ်းနိုင်လိမ့်မည်။
ထိုစဉ် ချန်ကျဲ့သည် ချီမုကောနှင့်အတူ ထွက်လာခဲ့သည်။ ချန်ကျဲ့၏ စိတ်အစဉ်မှာ အတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ယဲ့လုဖုန်းသည် ဤကိစ္စကို အသုံးချ၍ သူ၏အင်အားအာဏာကို ယိုးမယ်ဖွဲ့လိုခြင်း ဖြစ်သည်။ ထို့အတူ နှိမ့်ချနာခံတတ်သော ငတုံးတစ်ယောက်ကဲ့သို့ ပြုမူခြင်းသည် အရာအားလုံးကို ဖြေရှင်းနိုင်ခဲ့သည်။
သို့ဖြစ်ရာ ယဲ့လုဖုန်းနှင့် ဆက်ဆံရာတွင် မိမိ၏စိတ်နေသဘောထားကို ထိန်းချုပ်နိုင်ရပေမည်။ ထိုသဘောတရားကို နားလည်ထားလျှင် ယဲ့လုဖုန်းကို လိုသလို လှည့်ပတ်၍ ထိန်းချုပ်နိုင်ပေလိမ့်မည်။
…
ထိုစဉ် တရားရုံးတော်၌ ရှောင်ဟူသည် အလွန် ဒေါသထွက်နေခဲ့သည်။
ဒီကောင်တွေ မျက်နှာပြောင်လိုက်ကြတာ။ အစ်ကိုကျိုစစ်ကို ချောက်ချစွပ်စွဲရဲတယ်။ ငါ တကယ် ဒီလူတွေ အကုန်လုံးကို သတ်ပစ်ချင်တယ်။
သို့သော် ရှောင်ဟူသည် ဝူဟုန်မှ သူ့အား ကြည့်နေသည်ကို ခံစားမိနေသောကြောင့် သူ၏ဒေါသကို အတင်းဖိနှိပ် ထိန်းချုပ်ထားရသည်။
ထို့အတူ ထန်ဝမ်နျန်သည်လည်း ထိတ်လန့်နေပေသည်။
ဒီမုလန်လူမျိုးတွေကတော့ ချန်ကျိုစစ်ကိုတောင် ချောက်ချစွပ်စွဲရဲတဲ့အထိ ရူးသွပ်ကုန်ကြပြီပဲ။ ကျုပ်မှာ ချန်ကျိုစစ်ကို သွားရှုပ်ရဲတဲ့အရည်အချင်း မရှိဘူးလေဗျာ။
ထိုသို့တွေးလျက် ထန်ဝမ်နျန်မှ ကြားဖြတ်ပြောလိုက်သည်။
“အဟမ်း အဲဒီတော့ မင်းပြောချင်တာက ထာရာက ဒီဇနီးမောင်နှံကို ကယ်တင်ဖို့ကြိုးပမ်းရင်းက ချန်ကျိုစစ်ရဲ့ တိုက်ခိုက်ခံလိုက်ရတာပေါ့။ မင်းမှာ သက်သေရှိသလား”
ထန်ဝမ်နျန်၏စကားအဆုံး၌ ထိုင်နေသည့်အမျိုးသမီးသည် ဒူးထောက်နေသည့် ဇနီးမောင်နှံကို လက်ညှိုးညွှန်လျက် ပြောသည်။
“သူတို့က သက်သေပဲ။ ပြောစမ်း၊ ချန်ရှောင်ဟူက မင်းကို စော်ကားဖို့လုပ်ခဲ့တာ ဟုတ်လား၊မဟုတ်ဘူးလား။ ငါ့ခင်ပွန်းက မင်းကို ကယ်ဖို့ကြိုးစားရင်းနဲ့ ချန်ကျိုစစ်ရဲ့ အသတ်ခံလိုက်ရတာ ဟုတ်လား၊မဟုတ်ဘူးလား”
ထိုအခါ ကြမ်းပြင်တွင် ဒူးထောက်နေသည့် ဇနီးမောင်နှံနှစ်ဦးမှာ မုလန်လူမျိုးများ၏ ရက်စက်ကြမ်းကြုတ်မှုကို ပြန်လည်တွေးတောမိကြသဖြင့် တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။ သူတို့၏ကလေးများနှင့် မိဘများသည် ထိုလူများ၏လက်ထဲတွင် ဖြစ်သည်။
ထို့ကြောင့် သူတို့ပြောလိုက်သည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ တကယ်ပဲ အဲဒီလိုဖြစ်ခဲ့တာပါ”
“မင်းတို့!”
ထိုဇနီးမောင်နှံ၏စကားတွင် ရှောင်ဟူမှာ ဒေါသပေါက်ကွဲလာပြန်သည်။
မနေ့က မင်းတို့ကို ကူညီဖို့ကြိုးစားခဲ့တာကြောင့် မဟုတ်ခဲ့ရင် ငါက ဒီလိုပြဿနာတက်နေပါ့မလား။ အခုတော့ မင်းတို့က ငါ့ကိုတောင် ပြန်စွပ်စွဲနေတယ်ပေါ့လေ မင်းတို့ရဲ့အသိစိတ်ကို ခွေးစားသွားပြီလား
ဇနီးမောင်နှံသည် ရှောင်ဟူ၏ အော်သံကြောင့် ခြိမ်းခြောက်ခံလိုက်ရသည့်အလား ခံစားလိုက်ရကာ ဘာမျှမပြောနိုင်တော့ဘဲ ခေါင်းမမော့ရဲတော့ချေ။ မိမိတို့အား ကူညီပေးခဲ့သူကို ပြန်စွပ်စွဲရခြင်းသည် သူတို့ကိုယ်ကိုယ် တိရစ္ဆာန်ထက် နိမ့်ကျသူများအဖြစ် ခံစားရစေသည်။ သို့သော် သူတို့အနေဖြင့် မုလန်လူမျိုးများ ခိုင်းစေသည့်အတိုင်း မပြောပါက သူတို့၏မိသားစုဝင်အားလုံး သေဆုံးရမည်ဖြစ်သည်။
ငါတို့ တကယ် တောင်းပန်ပါတယ်။ မင်းက လူကောင်းတစ်ယောက်ပါ။
ရှောင်ဟူသည် ထိုဇနီးမောင်နှံကို ဆူငေါက်ခဲ့သည့်တိုင် အကျိုးမရှိပေ။
ထိုစဉ် ထိုင်ခုံတွင် ထိုင်နေသည့်အမျိုးသမီးမှ ထန်ဝမ်နျန်ကို ပြောသည်။
“တရားသူကြီးမင်း၊ အခြေအနေက ရှင်းလင်းနေပါပြီ။ လူသတ်တရားခံက ချန်ရှောင်ဟူနဲ့ ချန်ကျိုစစ်ပဲ။ တရားသူကြီးမင်းအနေနဲ့ သူတို့ကို ဖမ်းဆီးမိန့်ချမှတ်ပေးဖို့ တောင်းဆိုပါတယ်”
ထိုအချိန်၌ ထျန်ဝမ်နျန်၏ မျက်နှာအမူအရာမှာ အကျပ်ရိုက်နေကြောင်း သိသာထင်ရှားလှသည်။
သူတို့ကို ဖမ်းဆီးမိန့်ချမှတ်ရမယ်တဲ့လား ကျုပ်က ဘယ်သူ့ကို ဖမ်းရမှာလဲ ချန်ကျိုစစ်ကိုလား
ခင်ဗျား နောက်နေတာပဲဖြစ်လိမ့်မယ်။ ဘယ်သူကများ ချန်ကျိုစစ်ကို ဖမ်းဆီးနိုင်တဲ့အင်အား ရှိမှာတဲ့လဲ
ထန်ဝမ်နျန်မှာ တွန့်ဆုတ်တွေဝေနေ၏။ ထိုစဉ် အပြင်ဘက်မှ အရှိန်အဝါကြီးမားသည့် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“ဟားဟား တရားသူကြီးမင်းထန်အနေနဲ့ လက်တစ်ချောင်းစာတောင် အပင်ပန်းခံနေဖို့ မလိုတော့ပါဘူးဗျာ။ ကျုပ်ကိုယ်တိုင်ပဲ ရောက်လာပါပြီ။ ဒီနေ့ ကျုပ် ချန်ကျိုစစ်ကို ဘယ်သူကများ ရာဇဝတ်သားအဖြစ် ချောက်ချစွပ်စွဲရဲလဲဆိုတာ ကျုပ်သေချာကြည့်စမ်းပါဦးမယ်”
ထိုသို့ပြောလျက် အမျိုးသားတစ်ဦးသည် တရားရုံးတော်ထဲသို့ လမ်းလျှောက်ဝင်ရောက်လာခဲ့သည်။