အခန်း (၅၄၆)
Vol. 44 Ch. 546
အခန်း ၅၄၆
ချန် ချန်ကျိုစစ်
ဝင်လာသည့်လူကိုမြင်သောအခါ နေရာရှိလူအားလုံး၏ အကြည့်များသည် ချန်ကျဲ့ထံသို့ ကျရောက်သွားတော့သည်။
ချန်ကျဲ့သည် ပြုံးရယ်လျက် ခန်းမအတွင်းသို့ ဝင်လာခဲ့ပြီးနောက် ထန်ဝမ်နျန်ကို အရိုအသေပြုနှုတ်ဆက်လိုက်သည်။
“တရားသူကြီးမင်းထန် ကျုပ် ချန်ကျိုစစ် ရောက်ပါပြီ။ လူတစ်ယောက်က ကျုပ်ကို လူသတ်သမားလို့ စွပ်စွဲနေတာကို ကြားမိတာကြောင့် ကျုပ်ကိုယ်တိုင် ရောက်လာရတာပါ။ ကျုပ်ကိုဖမ်းဖို့အတွက် တရားသူကြီးမင်းကိုယ်တိုင် အပင်ပန်းခံဖို့ မလိုပါဘူး”
ထိုအခါ ထန်ဝမ်နျန်သည် မျက်နှာထက်တွင် ရုတ်ချည်း အပြုံးဆင်မြန်းလိုက်ရသည်။
“ဟားဟား… ခန်းမအရှင်သခင်ချန်ကတော့ နောက်နေပါပြီ။ ခန်းမအရှင်သခင်ချန်က ဘယ်လိုလုပ်ပြီး လူသတ်သမားဖြစ်နိုင်မှာပါလဲ”
“သေချာပေါက် ဒီသိမ်နုပ်တဲ့ဇနီးမောင်နှံက ခန်းမအရှင်သခင်ချန်ကို ချောက်ချစွပ်စွဲတာ ဖြစ်ပါလိမ့်မယ်။ ခန်းမအရှင်သခင်ချန် ကျေးဇူးပြုပြီး အပြစ်မယူလိုက်ပါနဲ့”
ထန်ဝမ်နျန်သည် ကြမ်းပြင်တွင် ဒူးထောက်နေသည့် ဇနီးမောင်နှံကို တိတိကျကျ လက်ညှိုးညွှန်ပြသည်။ ဤနေရာတွင် သူအပြစ်ပြုနိုင်သည့် တစ်ဦးတည်းသောသူမှာ ထိုဇနီးမောင်နှံသာဖြစ်ကြောင်း သူသေချာသိ၏။ ထို့ကြောင့် ပြဿနာအလုံးစုံကို ထိုဇနီးမောင်နှံအပေါ်သာ ပုံချရပေမည်။
ဒီဇနီးမောင်နှံက အပြစ်ကင်းပါတယ်တဲ့လား
အဲဒါက အရေးကြီးလို့လား
အရေးမကြီးပါချေ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ခံစားချက်ကို မည်သူမျှ ဂရုမစိုက်သောကြောင့် ဖြစ်သည်။ ဤသို့ အသက်ရှင်သန်ရန် ခက်ခဲလှသည့် ပတ်ဝန်းကျင်၌ အင်အားကြီးမားသူသာလျှင် ရှင်သန်ကျန်ရစ်နိုင်လိမ့်မည်။ ဒါဆို အားနည်းသူတွေကရော သူတို့ကရော အနိုင်ကျင့်မှုများကို ဒီတိုင်း သည်းခံနေသင့်ပါသည်လော။
ကံဆိုးစွာဖြင့် အဖြေမှာ သည်းခံသင့်သည် ဖြစ်သည်။
အင်အားကြီးသူ၏ အကာအကွယ်မရှိပါက မိမိကိုယ်ကိုယ် မည်သို့ခုခံကာကွယ်သင့်သည်မသိသော အားနည်းသူများသည် အင်အားကြီးသူများအတွက် အမြှောက်ဆံများသာ ဖြစ်နိုင်ပေလိမ့်မည်။
ချန်ကျဲ့သည်လည်း သူတို့အတွက် စိတ်မကောင်းဖြစ်မိသော်ငြား သူကိုယ်တိုင်လည်း အားလုံး၏အထက်တွင် ရပ်တည်နေသူ မဟုတ်သေးသောကြောင့် မတတ်နိုင်ပေ။ အကယ်၍များ သူ့တွင် ထိုသို့အင်အားရှိခဲ့ပါက သူ၏အင်အားကို အသုံးပြု၍ ဤကမ္ဘာကြီးကို ကယ်တင်ပေးမည် ဖြစ်သည်။ သို့သော် သူ့တွင် ထိုသို့အင်အား မရှိပါချေ။
သူသည်လည်း ဤကစားပွဲတွင် ပါဝင်နေရသည့် ကစားသမားတစ်ယောက်သာ ဖြစ်ပါသည်။
ချန်ကျဲ့သည် နေရာတွင် ရပ်လျက် ထန်ဝမ်နျန်ကို ပြောလိုက်သည်။
“တရားသူကြီးမင်း မနေ့က ကိစ္စက ကျုပ်ရဲ့ဒီညီနောင်နဲ့ ဘာမှမသက်ဆိုင်ကြောင်း ကျုပ် ရှင်းရှင်းလင်းလင်းပြောပါရစေ”
“မင်းက ဘာမှမဆိုင်ဘူးပြောတာနဲ့ပဲ မဆိုင်တော့ဘူးလား”
ထိုစဉ် မုလန်အမျိုးသမီးမှ ကြားဝင်ပြောသည်။ ထိုအခါ ချန်ကျဲ့သည် သူမကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး မေးသည်။
“ခင်ဗျားက”
အမျိုးသမီးမှ ပြန်ပြောသည်။
“ထာရာရဲ့ တရားဝင်ဇနီး”
“ထာရာက ဘယ်သူလဲ”
သေဆုံးသူ၏အမည်ကိုတောင် မသိဘဲ ဘာလုပ်လို့ဘာကိုင်ရမည်မသိဖြစ်နေသည့် ထန်ဝမ်နျန်ကို ချန်ကျဲ့ကြည့်လိုက်သည်။
အင်း ဒီလူက တကယ့်ကို ဘာမှမသိတဲ့ တရားသူကြီးပါပဲလား။
ထန်ဝမ်နျန်သည် ကြမ်းပြင်ရှိ အလောင်းကို လက်ညှိုးထိုးလျက် ပြောသည်။
“အဲဒီမုလန်လူမျိုး အထက်တန်းလွှာက ထာရာပါ”
ချန်ကျဲ့ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ပြောသည်။
“အင်း သူ့ကို တစ်ခါမှမမြင်ဖူးဘူး။ သူ့ကို ကျားဖြူခန်းမက သတ်လိုက်တာ မဟုတ်ဘူး”
အမျိုးသမီးသည် ဒေါသထွက်လာ၏။
“မင်းက မဟုတ်ဘူးပြောတာနဲ့ပဲ မဟုတ်တော့ဘူးလား။ မင်းကိုယ်မင်းဘာထင်နေလဲ”
မုလန်လူမျိုးများသည် မောက်မာထောင်လွှားခြင်းနှင့် ကျင့်သားရနေပြီဖြစ်ရာ ချန်ကျဲ့ထံ ချက်ချင်း ဒေါသပေါက်ကွဲတော့သည်။ ချန်ကျဲ့သည် သူမကို တစ်ချက်သာ ကြည့်ပေးလိုက်၏။ ထိုအခါ အမျိုးသမီးသည် ကြောက်စိတ်ကြောင့် နောက်ဆုတ်သွားရကာ မတ်မတ်ပင် မရပ်နိုင်တော့ဘဲ ထိုင်ခုံထက် ပြန်ထိုင်ကျသွားလေသည်။
ချန်ကျဲ့ သူမကိုကြည့်၍ ပြောလိုက်သည်။
“ပုံမှန်နေ့တွေမှာသာ ခင်ဗျား ကျုပ်ကို ဒိလိုပုံစံမျိုးနဲ့ စကားလာပြောရင် ခင်ဗျား အခုလောက်ဆို သေနေလောက်ပြီ”
“အစောင့်အရှောက်ကြီး၁၃ဦးကို ဘယ်တော့မှ အပြစ်မပြုမိစေဖို့ ခင်ဗျားကို ဘယ်သူမှ ပြောမထားဘူးလား”
ချန်ကျဲ့၏အသံမှာ ရေခဲတမျှ အေးစက်နေခဲ့သည်။
အမျိုးသမီးသည် တုန်လှုပ်သွားခဲ့သော်ငြား လူအများ၏ အထက်တွင် ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့ခြင်းသည် သူမအား ဟန့်လူမျိုးတစ်ယောက်ထံမှ ခြိမ်းခြောက်ခံရသည့်ခံစားချက်ကို ခံစားရခြင်းမှ ကာကွယ်ပေးခဲ့သည်။ အမျိုးသမီးမှ ဒေါသတကြီးဖြင့် ပြန်ချေပသည်။
“မင်းက ဘာတွေ ဒီလောက်တောင် မောက်မာထောင်လွှားနေတာလဲ။ ငါက မုလန်လူမျိုး အထက်တန်းလွှာတစ်ယောက်ပဲ။ အစောင့်အရှောက်ကြီး၁၃ဦးဆိုတာ ဘာမို့လို့လဲ။ မင်းက ငါ့ကို သတ်ရဲမှာတဲ့လား”
ထိုစကားတွင် ချန်ကျဲ့ မျက်လုံးတို့မှေးကျုံ့လိုက်သည်။ သို့သော် ဘာမျှမပြောခဲ့ပေ။ ဤနေရာသည် လူအများမြင်တွေ့နေရသည့် တရားစီရင်ရေးရုံးတော်ဖြစ်နေသောကြောင့် မဟုတ်ခဲ့လျှင် ချန်ကျဲ့သည် သူမကို အပိုင်းပိုင်းခုတ်ထစ်၍ မျန့်ရွှေမြစ်ထဲသို့ ပစ်ချကာ ငါးစာကျွေးပစ်ပြီး ဖြစ်လောက်ပေသည်။
အခြေအနေသည် အချိန်တစ်ခုကြာ တင်းမာနေခဲ့၏။ ထန်ဝမ်နျန်မှာ ဤအမှုအား မည်သို့ ဆုံးဖြတ်ချက်ချရမည်ကို စဉ်းစားမရဘဲ ဖြစ်နေတော့သည်။
ထို့နောက် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် တဒင်္ဂတွင် ချီမုကောသည် သံနက်စစ်တပ်နှင့်အတူ ခန်းမထဲသို့ ဝင်လာခဲ့သည်။
“ကျိုစစ် ပြဿနာကို အခုထိဖြေရှင်းမပြီးသေးဘူးလား။ နန်ပါးထျန်းနဲ့ လျိုလောင်ကွေ့တို့ ထွက်သွားကြပြီ”
ထိုအခါ ချန်ကျဲ့ ခါးသီးစွာ ပြုံးလိုက်ရင်း ပြောသည်။
“တပ်မှူးချီ၊ ဒီမုလန်လူမျိုးအမျိုးသမီးက ကျုပ်ကို ဖမ်းဆီးအကျဉ်းချရမယ်ဆိုပြီး တင်းခံနေပါတယ်။ အဲဒါကြောင့် ကျုပ်အနေနဲ့ တရားသူကြီးမင်းထန်ကို ဘယ်လိုတောင်းဆိုရမလဲဆိုတာကို စဉ်းစားနေတာပါ”
ထိုစဉ် ထန်ဝမ်နျန်သည် ချီမုကောကို ရုတ်တရက် မြင်လိုက်ရသောကြောင့် လန့်ဖျပ်ကာ ခုန်လိုက်မိသည်။ ထို့နောက် သုတ်သုတ်ပျာပျာ ပြေးသွားပြီး ပြောသည်။
“တပ်မှူးချီ ဘာကိစ္စကြောင့် ရောက်လာတာပါလဲ။ သခင်ကြီးယဲ့လုက တစ်ခုခုမှာကြားလိုက်လို့ပါလား”
ချီမုကောသည် မျန့်ရွှေတွင် ယဲ့လုဖုန်း၏ကိုယ်စားပြုအဖြစ် ထူးခြားသည့် အဆင့်အတန်းရှိသူဖြစ်ရာ ယဲ့လုဖုန်း၏ ကိစ္စများကို မကြာခဏ လုပ်ဆောင်ပေးလေ့ရှိသည်။ ထို့ကြောင့် ချီမုကောကို မြင်လျှင် အားလုံးသည် ထိုအရာကို ယဲ့လုဖုန်း၏ သဘောထားအဖြစ် မှတ်ယူကြသည်။
ထိုအခါ ချီမုကောမှ ပြောသည်။
“တရားသူကြီးမင်းထန် ဘာလို့များ အမှုကိစ္စတစ်ခုကို အချိန်ဖြုန်းနေမှာလဲ။ မြန်မြန်လေး စီရင်ချက်ချလိုက်ပါတော့။ သခင်ကြီးယဲ့လုကတော့ ကျားဖြူခန်းမက အပြစ်ကင်းတယ်လို့ ပြောလိုက်ပါတယ်”
ထိုအခါ ထန်ဝမ်နျန်မှ ချက်ချင်း ပြန်ပြောသည်။
“ဟုတ်ကဲ့ပါ ကျုပ်နားလည်ပါပြီ”
ထိုသို့ပြောလျက် ထန်ဝမ်နျန်သည် သူ၏တရားသူကြီးထိုင်ခုံသို့ အမြန်ပြန်သွားလိုက်သည်။ အထက်တန်းလွှာ အမျိုးသမီးသည် ချီမုကောကို ကြည့်လျက် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ချီမုကော၊ သခင်ကြီးယဲ့လုက ဘာအဓိပ္ပာယ်လဲ။ ကျွန်မတို့မုလန်လူမျိုးတွေ မတရားခံရတာကို သခင်ကြီးယဲ့လုက ဒီလိုမရှင်းမလင်းအခြေအနေမျိုးနဲ့ လူကို လွှတ်ပေးလိုက်တော့မှာလား။ သူက မုလန်လူမျိုးအရာရှိလား ဟန့်လူမျိုးတွေအတွက် အရာရှိလား”
“ဟမ်”
ချီမုကောသည် အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ ချီမုကော၏ မျက်နှာအမူအရာမှာ လှောင်ပြောင်သရော်ဟန် ပြည့်နှက်နေ၏။
“ထာရာရဲ့ဇနီး မုယဲ့ထဲ့၊ မင်းတို့မုယဲ့မိသားစုက လွန်ခဲ့တဲ့နှစ်ရာချီအတွင်းမှာ စစ်သည်တစ်ထောင်ကိုဦးစီးတဲ့ တပ်မှူးတစ်ယောက်ပေါ်ထွက်လာဖို့တောင် ခက်ခဲခဲ့တယ်။ အဲဒါတောင်မှ မင်းရဲ့နိမ့်ပါးတဲ့ အဆင့်အတန်းနဲ့ မင်းဆက်သုံးဆက်တိုင် တရားရေးဝန်ကြီးချုပ်မျိုးဆက်ဖြစ်တဲ့ သခင်ကြီးယဲ့လုရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရဲသလား”
“အတင့်ရဲလိုက်တာ”
ချီမုကောသည် ထိုအထက်တန်းလွှာအမျိုးသမီးကို အလိုလိုက်အကြိုက်ဆောင်ပေးရန် စိတ်မဝင်စားပါချေ။
မင်းတို့မိသားစုက နှစ်တစ်ရာမှာ တပ်မှူးတစ်ယောက် မွေးထုတ်ဖို့ကိုတောင် ခက်ခဲနေတာ၊ ဒီတစ်လျှောက်လုံးမှာ ဘိုးဘေးတွေရဲ့ ဂုဏ်သရေနဲ့ အကျိုးဆောင်မှုအပေါ် မှီခိုပြီး နေခဲ့ရတာကို သခင်ကြီးယဲ့လုကို မထီလေးစား ပြုမူရဲတယ်တဲ့လား။ မင်းက အသက်ရှင်ရတာကို ဘယ်လောက်တောင် ငြီးငွေ့နေလို့များလဲ။
ယဲ့လုမိသားစုက ပစ်ပယ်ခံခဲ့ရပေမဲ့ နန်းမြို့တော်ရဲ့ အထက်တန်းလွှာဖြစ်နေတုန်းပဲ။ မင်းတို့ ကျေးလက်ဒေသမိသားစုလေးက မေးခွန်းထုတ်နိုင်တဲ့သူ မဟုတ်ဘူး။
တကယ့်ဟာသပဲ။
ဘိုးဘေးတွေရဲ့ ဂုဏ်သရေကိုပဲ အမြဲကြွားလုံးထုတ်နေတဲ့သူတွေကများ သခင်ကြီးယဲ့လုရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ရဲသေးတယ်။ မင်းက ကျားဖြူခန်းမရဲ့ ဦးစီးမှူးလောက်တောင် အသုံးမဝင်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် မသိဘူးလား”
သခင်ကြီးယဲ့လုက မင်းကို ကူညီတယ်ဆိုတာ မင်းက မုလန်လူမျိုးဖြစ်နေတာ တစ်ခုတည်းကြောင့်ပဲ။ မဟုတ်လို့ကတော့ မင်းမှာ ဒီလိုမျိုး ချန်ကျိုစစ်ရှေ့မှာ ထောင်လွှားပြီး ဆူညံနေဖို့ အခွင့်အရေးရှိမတဲ့လား။
ဒီလိုအခွင့်အရေးရနေတာ မင်းတို့မိသားစုရဲ့ ခက်ခက်ခဲခဲရယူထားတဲ့ မစို့မပို့အင်အားလေးအတွက်ကြောင့်ပဲ မဟုတ်လား။
ဟာသပဲ။ ချန်ကျိုစစ်သာ တကယ်လက်တုံ့ပြန်မယ်ဆိုရင် မင်းတို့မိသားစုတစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ဖို့ဆိုတာ ချန်ကျိုစစ်အတွက်တော့ စကားလေးတစ်ခွန်းပဲ လိုအပ်မှာ။
တစ်ခါတရံတွင် ချီမုကော အံ့ဩမိပါသည်။ ဤရူးမိုက်တုံးအသည့် လူမျိုးများသည် သူတို့၏ အထက်တန်းလွှာဟူသည့် အဆင့်အတန်းကြောင့်နှင့် ဟန့်လူမျိုးသိုင်းပညာရှင်ကြီးတစ်ယောက်ကို မောက်မာစွာ ဆက်ဆံပြုမူနိုင်သည်ဟု အဘယ်သို့များ ထင်မှတ်နေကြပါသနည်း။