← Chapters

အခန်း (၅၄၇)

Vol. 44 Ch. 547

အခန်း (၅၄၇)

Vol. 44 Ch. 547

အခန်း ၅၄၇

မှန်ပါသည်။ အဆင့်အတန်းအရ သူတို့သည် ချန်ကျိုစစ်ထက် သာလွန်သည်။ သူတို့သည် မုလန်လူမျိုး အထက်တန်းလွှာများဖြစ်ပြပြီး ချန်ကျိုစစ်တို့သည် နိမ့်ကျသည့် ဟန့်လူမျိုးများ ဖြစ်သည်။

သို့သော် အဆင့်အတန်းများကို ဘေးဖယ်လိုက်ပါက ချန်ကျိုစစ်နှင့် အဘယ်သို့များ ယှဉ်နိုင်ပါမည်နည်း။

ငတုံးတွေပဲ။

ချီမုကောသည် ထိုသို့တွေးနေခဲ့သည်။ လွန်ခဲ့သည့် နှစ်တစ်ရာအချိန်ကာလသည် မုလန်လူမျိုးအထက်တန်းလွှာအချို့ကို အကျင့်ပျက်စေခဲ့ပုံပင်။

လွန်ခဲ့သည့်နှစ်တစ်ရာက သူတို့၏ဘိုးဘေးများသည် သဲကန္တရာကို အရှိန်အဟုန်ဖြင့် ဖြတ်သန်းလို့ အာရှဥရောပတိုက်ကို သိမ်းပိုက်အုပ်စိုးနေသည့် ဟန့်လူမျိုးများကို မြောက်မှတောင်သို့ စစ်ခင်းသည့် သူရဲကောင်းကြီးများ ဖြစ်ခဲ့ကြသည်။ ထိုအချိန်က မုလန်လူမျိုးများသည် ကြီးကျယ်ခမ်းနားခဲ့ကြသည်။

သို့သော် မြေပြန့်လွင်ပြင်တွင် အခြေချပြီးနောက် အဘယ်သို့ဖြစ်ခဲ့သနည်း။

မုလန်လူမျိုးများသည် မြေပြန့်လွင်ပြင်၏ သာယာကြည်နူးဖွယ်သော စည်းစိမ်ချမ်းသာများအောက်တွင် တမြည့်မြည့်ယိုယွင်းပျက်စီးလာခဲ့ကြသည်။သေရည်ကဲ့သို့ အရာများကို စွဲလမ်းလာကြပြီး စစ်ရေးအသင့်ပြင်ဆင်ခြင်းကို လျစ်လျူရှုလာကြကာ တစ်ချိန်က ဂုဏ်ယူဝံ့ကြွားဖွယ်သော စစ်အင်အားကို ဘာမဟုတ်သည့် အရာအဖြစ်သို့ မှေးမှိန်ပျောက်ကွယ်သွားစေခဲ့သည်။

အထက်လွှာဟူသည့် အခွံသက်သက်သော အဆင့်အတန်းမှအပ ဘာမျှမကျန်ရစ်တော့ပေ။

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က သူတို့ရဲ့အဆင့်အတန်းကို တည်မြဲအောင် လုပ်ဆောင်ပေးနေတာကြောင့်သာ မဟုတ်ခဲ့ရင် နေရာတိုင်းမှာ အငြိမ်းစားယူထားတဲ့ ဧကရာဇ်လိုမျိုး နေထိုင်နိုင်မှာတဲ့လား။

မုလန်လူမျိုးစု၏ လက်ရှိအခြေအနေသည် သဲပန်းကန်တစ်ချပ်နှင့် ဆင်တူသည်ဟု သတ်မှတ်နိုင်လိမ့်မည်။ တိုက်ခိုက်နိုင်စွမ်းရှိသေးသည် အဓိက စစ်တပ်သုံးတပ်မှအပ အခြား ထည့်ပြောရန် ထိုက်တန်လောက်အောင် တိုက်ခိုက်စွမ်းရည်ရှိသည့် အင်အားစုများ မရှိတော့ပေ။

ထို့ပြင် မုလန်လူမျိုးများသည် သူတို့၏မာန်မာနကို ဘေးဖယ်ထားရန်၊ ဟန့်လူမျိုးများထံမှ သင်ယူရန်နှင့် ဟန့်ယဉ်ကျေးမှုပြုရန်၊ ဟန့်လူမျိုးများနှင့် ပေါင်းစည်းရန်တို့ကို ဘယ်သောအခါမျှ ဆန္ဒမရှိခဲ့ကြပေ။ နောက်ဆုံးတွင်တော့ လူမျိုးရေးဆိုင်ရာ ယဉ်ကျေးမှုပဋိပက္ခများကိုသာ ဖြစ်ပေါ်စေခဲ့သည်။

မုလန်လူမျိုးများသည် ဟန့်လူမျိုးများမှာ အသတ်ခံဖို့စောင့်ဆိုင်းနေသည့် သိုးများဟု သတ်မှတ်ထားကြပြီး မိမိတို့ကိုယ်ကို အထက်တွင် တည်ရှိနေသည့် မျိုးနွယ်စုဟု သတ်မှတ်ထားကြသည်။

သို့သော် လွန်ခဲ့သည့်နှစ်တစ်ရာကျော်က မုလန်လူမျိုးများသည်လည်း အခြားလူမျိုးစုထံမှ နိမ့်ကျသူများအဖြစ် သတ်မှတ်ခံရဖူးသည်ကို အဘယ်ကြောင့်များ ပြန်မတွေးတောကြပါသနည်း။ ထိုအချိန်က ကျင်းဟု အမည်ရသည့် တိုင်းပြည်တစ်ခုသည် မုလန်လူမျိုးများကို နှစ်၂၀ကျော်ကြာ အုပ်ချုပ်စိုးစံခဲ့သည်။ ထိုအချိန်က မုလန်လူမျိုးများသည် အဆင့်အတန့်နိမ့်ပါးသည့် လူမျိုးများအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ထို့နောက် နှစ်၂၀ကြာမြင့်ပြီးနောက်တွင် အဘယ်သို့ ဆက်ဖြစ်ခဲ့သနည်း။

ကျင်းပြည်ထောင် ကျဆုံးသွားခဲ့သည်။

ထိုသို့သင်ခန်းစာမျိုး မျက်စိရှေ့တွင် ရှိနေခဲ့သည့်တိုင် မုလန်လူမျိုးများသည် ဘယ်သောအခါမှ မသင်ယူကြပေ။

တော်ဝင်နန်းတော်ရှိ အမတ်ကြီးများမှအစ နေရာဒေသအနှံ့အပြားတွင် နေထိုင်ကြသည့် ဒေသခံမုလန်လူမျိုးများအထိ သူတို့အားလုံးသည် မုလန်လူမျိုးဟူသည် အထက်တန်းလွှာလူမျိုးစုဟူသည့် ရယ်ဖွယ်ကောင်းသည့် အယူအဆကိုသာ စွဲကိုင်ထားကြလေသည်။

ဟန့်လူမျိုးများသည် တန်ပြန်တိုက်ခိုက်ရန် စီစဉ်နေကြကြောင်း သူတို့စဉ်းစားမိခဲ့သင့်သည်။ ဟန့်လူမျိုးများကို တန်ဖိုးထားပြီး အလုပ်အကိုင်များ ပေးအပ်ခြင်းကဲ့သို့ အရာများကို လုပ်ဆောင်လိုက်ပါက ရင်နင့်ဖွယ်အဆုံးသတ်မည့် ကံကြမ္မာလည်း ပြောင်းလဲသွားနိုင်ကောင်း၏။

ယဲ့လုမျိုးနွယ်မိသားစု၏ ရပ်တည်ချက်သည် ဟန့်ယဉ်ကျေးမှုပြုခြင်း ဖြစ်သည်။ ဟန့်လူမျိုးစု၏ လူဦးရေသည် မုလန်လူမျိုးများထက် အများကြီး ပိုမိုသာလွန်သည်။ လူမျိုးရေးခွဲခြားခြင်းမပြုဘဲ ဟန့်လူမျိုးများနှင့် မုလန်လူမျိုးများ ပေါင်းစည်းလိုက်ပါက မုလန်လူမျိုးများအနေဖြင့် သာ့ချန်ပြည်ကြီးကို လုံးလုံးလျားလျား တည်ငြိမ်စွာနှင့် အချိန်ရှည်ကြာစွာ အုပ်ချုပ်စိုးစံနိုင်လိမ့်မည်။

ကံဆိုးစွာဖြင့် အထက်လူကြီးများသည် ယဲ့လုမျိုးနွယ်၏ ရပ်တည်ချက်ကို သဘောမတူခဲ့ကြပေ။ ဝန်ကြီးချုပ်ပေါ်ယန်သည် ၎င်းအား “တိုင်းပြည်ကို ဘေးအန္တရာယ်ဆောင်ကြဉ်းလာမည့် လှစ်ဟပြောဆိုမှု”အဖြစ် သတ်မှတ်ကာ ယဲ့လုမျိုးနွယ်၏ သူရဲကောင်းအထိမ်းအမှတ်ကျောက်တိုင်များကို လူသိရှင်ကြား ကြေညာချက်ထုတ်ပြန်၍ ဖယ်ရှားခဲ့သည်။

ထိုလုပ်ရပ်ကြောင့် ယဲ့လုမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်မှာ ဒေါသထွက်လွန်းသဖြင့် နေရာတွင်ပင် သွေးပွက်ပွက်အန်ခဲ့ပြီး နောက်ပိုင်းတွင် ကြေကွဲဝမ်းနည်းဖွယ်ကောင်းစွာ ကွယ်လွန်သွားခဲ့ရသည်။ ယဲ့လုမျိုးနွယ်၏ နောင်လာနောက်သား မျိုးဆက်ငယ်များသည်တော့ မြို့တော်မှ အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ပြီးနောက် နေရာဒေသအနှံ့အပြားတွင် အရာရှိရာထူးအသီးသီးကို တာဝန်ယူထမ်းဆောင်ခဲ့ကြသည်။

ယဲ့လုမျိုးနွယ်အိမ်တော်အစေခံဖြစ်သည့် ချီမုကောသည် အတွင်းရေးဇာတ်လမ်းများကို သိထားသူဖြစ်ရာ သခင်ကြီးယဲ့လု၏ ဟန့်လူမျိုးများ၏ စိတ်နှလုံးကိုသိမ်းပိုက်ပြီး ထောက်ခံပေးသည့် ရေရှည်စီမံကိန်း၏ ရည်ရွယ်ချက်ကို နားလည်ပါသည်။

ထို့ကြောင့်ပင် ချီမုကောသည် သူတို့၏အဆင့်အတန်းကို မှီခိုရုံသာ လုပ်တတ်သည့် မုလန်လူမျိုးများကို အလွန်တရာ အထင်အမြင်သေး စိတ်ပျက်နေခဲ့ပေသည်။

ထန်ဝမ်နျန်သည် တရားသူကြီးထိုင်ခုံတွင် ပြန်ထိုင်ပြီးနောက် တရားစီရင်ရေးတူကို ထုကာ ကြေညာလိုက်သည်။

“ကျားဖြူခန်းမက အပြစ်ကင်းတယ်လို့ တရားရုံးတော်က စီရင်ချက်ချမှတ်လိုက်တယ်။ အားလုံးကို အခုပဲ လွှတ်ပေးစေ…”

ထိုအခါ ချန်ကျဲ့သည် ချက်ချင်းလျှောက်သွားပြီး ရှောင်ဟူ၏လက်များကို ချုပ်နှောင်ထားသည့် သံကြိုးများကို ကိုင်လိုက်ကာ အတွင်းအားဖြင့် ဆွဲဖြုတ်လိုက်သည်။ သံကြိုးများသည် အပိုင်းပိုင်းပြတ်ထွက်သွား၏။

ထိတ်လန့်သွားသည့် မုလန်လူမျိုးအမျိုးသမီးသည်လည်း နေရာမှ လှည့်ထွက်သွားတော့သည်။

အေးအေးလူလူပင် ထွက်ခွာသွားသည် ချန်ကျဲ့နှင့် ရှောင်ဟူကို ကြည့်လျက် မုလန်လူမျိုးအမျိုးသမီးမှ ဒေါသတကြီးဖြင့် အမိန့်ပေးသည်။

“သွားမယ်၊ အိမ်ပြန်မယ်။ ဦးလေးအားအာထိုက်ဆီ သွားပြီး တရားမျှတမှုတောင်းခံမယ်”

ထိုစဉ် အိမ်တော်ထိန်းသည် အသိစိတ်မကပ်နိုင်တော့သည့် စားသောက်ဆိုင်ပိုင်ရှင်ဇနီးမောင်နှံကို ကြည့်လိုက်ပြီး ပြောသည်။

“သခင်မ သူတို့ကိုရော ဘယ်လိုလုပ်မလဲ”

ထိုအခါ အမျိုးသမီးသည် ထိုနှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“ငါ့ခင်ပွန်းထာရာက သူ့ကို အရမ်းနှစ်သက်မှတော့ သူတို့ကို ငါ့ခင်ပွန်းနဲ့ တမလွန်မှာ အဖော်ပြုခိုင်းလိုက်။ သေချာသပ်သပ်ရပ်ရပ်လေးလုပ်နော်”

“ဟုတ်ကဲ့”

အိမ်တော်ထိန်းသည် ချက်ချင်း နာခံမှုနှင့်အတူ အမျိုးသမီးနှင့် လူတစ်စုသည် ထွက်ခွာသွားတော့သည်။ ငယ်ရွယ်သည့် ဇနီးမောင်နှံနှစ်ဦးသည် မိမိတို့၏အသိစိတ်ကို သစ္စာဖောက်၍ ချန်ရှောင်ဟူကို စွပ်စွဲပေးလိုက်ပါက အသက်ရှင်နိုင်မည်ဟု ယုံကြည်ထားကြလေရာ သူတို့ထံ တိတ်တဆိတ်ချဉ်းကပ်လာနေသည့် သေခြင်းတရားကို သတိမပြုမိကြသေးပေ။ သို့သော် လက်တွေ့တွင်မူ သူတို့ ဤကိစ္စအတွင်း ပါဝင်ပတ်သက်လိုက်သည့် အချိန်မှ စတင်၍ ဘေးမသီရန်မခဘဲ လွတ်မြောက်နိုင်ခြင်းငှာ မဖြစ်နိုင်သလောက်ပင်။

ဤသို့အဖြစ်အပျက်များသည် အသစ်အဆန်းလည်း မဟုတ်ပါချေ။ နှစ်စဉ်နှစ်တိုင်း အနည်းဆုံး ဟန့်လူမျိုး ဒါဇင်ခန့်၊ တစ်ခါတရံ၌ ရာချီပင်လျှင် မုလန်လူမျိုးများ၏လက်ထဲတွင် အသက်ဆုံးရှုံးရလေ့ရှိ၏။

ဤသို့အဖြစ်အပျက်မျိုးသည် ထူးဆန်းသည့်အကြောင်းအရာ မဟုတ်တော့ပေ။ ဟန့်လူမျိုးများသည် ထိုသို့အခြေအနေများနှင့် ကျင့်သားရနေပြီဖြစ်သည်။ တစ်နည်းနည်းဖြင့် ထုံထိုင်းသွားခဲ့ပြီဖြစ်၏။ မုလန်လူမျိုးများကြောင့် တစ်ယောက်ယောက်သေဆုံးသွားလျှင် ထိုလူမှာ ကံဆိုးသွားခြင်းသာ ဖြစ်ပြီး ထိုသူ၏ ကံဆိုးမှုအတွက် အနည်းငယ်မျှ စိတ်မကောင်းဖြစ်ပြီးနောက်တွင် ဒီတိုင်း ကျော်သွားကြတော့သည်။

ဤသည်မှာ ဤခေတ်အခါရှိ ဟန့်လူမျိုးများ၏ အစစ်အမှန်သော အခြေအနေဖြစ်သည်။

ချန်ကျဲ့နှင့်အုပ်စုသည် တရားရုံးတော်မှ ထွက်ခွာလာခဲ့ပြီးနောက် ချီမုကော၏ ဦးဆောင်မှုနှင့်အတူ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ဦးတည်ခဲ့ကြသည်။

ဒီနေ့ စီရင်စုအုပ်ချုပ်ရေးမှူးမှ မျန့်ရွှေ၏ အရေးပါသူသုံးဦးအတွက် စားသောက်ပွဲတော် တည်ခင်းပေးခြင်း ဖြစ်သည်။ ထိုသုံးဦးမှာ နန်ပါးထျန်း၊ လျိုလောင်ကွေ့နှင့် ချန်ကျဲ့တို့ဖြစ်သည်။ ကြည့်ရသည်မှာ ဆွေးနွေးစရာ အရေးကြီးကိစ္စတစ်ခုခုရှိသောကြောင့် ဖြစ်လိမ့်မည်။

ထိုသို့တွေးတောရင်း ချန်ကျဲ့တို့သည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ရောက်ခဲ့ကြသည်။

အိမ်တော်အတွင်းသို့ ဝင်လိုက်သည်တွင် အထဲတွင် သက်ဝင်လှုပ်ရှားသည့် သီချင်းသံများနှင့်အတူ ကပြဖျော်ဖြေနေကြပြီ ဖြစ်သည်။

လျိုလောင်ကွေ့နှင့် နန်ပါးထျန်းတို့သည် စီရင်စုအုပ်ချုပ်ရေးမှူးကို အလယ်ထား၍ ဘေးတစ်ဖက်တစ်ချက်စီတွင် နေရာယူထားကြကာ ကိုယ်ကို တစ်ဝက်တစ်ပျက် လဲလျောင်းလျက် ကပြဖျော်ဖြေမှုကို ရှုစားနေကြသည်။

ပိန်ပါးသွယ်လျသည့် ကျောက်စိမ်းခန္ဓာကိုယ်လေးတွင် ဇာပါးအဝတ်လေးများ တွဲလောင်းကျနေကာ အနက်ရောင်ဆံနွယ်လေးများသည် နွဲ့ပျောင်းသော ခြေဒူးဆစ်အထိ ပြန့်ကျဆင်းနေသည့် မြင်ကွင်းမှာ ပန်းများအကြား လိပ်ပြာများ ပျံဝဲနေသည့်အလား၊ သစ်ပင်များအနီး ဥဩငှက်ကလေးများ တေးသီနေသည့်အလားပင်။

ခမ်းနားလှပလိုက်တဲ့ အကပဲ။

ယဲ့လုဖုန်းသည် ညှို့ငင်ဖမ်းစားနိုင်စွမ်းသည့် အကကို ကြည့်နေသည်။ လျိုလောင်ကွေ့သည် အသိအမှတ်ပြုသော မျက်နှာအမူအရာဖြင့် ဖြစ်ကာ နန်ပါးထျန်းသည်တော့ အာရုံပျံ့လွင့်နေသည်။ မည်မျှလှပသည့် အကဖြစ်ပါစေ သူ၏စိတ်နှလုံးကိုမူ စိုးစဉ်းသော်မျှ မလှုပ်ခတ်စေနိုင်ပါချေ။

အဘယ်ကြောင့်ဆိုသော် စိတ်နှလုံးလှုပ်ခတ်လည်း အသုံးမဝင်သောကြောင့် ဖြစ်သည်။

ထိုစဉ် ချန်ကျဲ့ ဝင်ရောက်လာပြီး ယဲ့လုဖုန်းကို ဦးစွာ အရိုအသေပြုလိုက်သည်။

“သခင်ကြီးယဲ့လုကို ဂါရဝပြုပါတယ်”

ယဲ့လုဖုန်းမှ ပြောသည်။

“ထိုင်ပါ ထိုင် ထိုင်”

ချန်ကျဲ့ နန်ပါးထျန်းဘေးတွင် ထိုင်လိုက်သည်။

ထိုင်ပြီးနောက် ချန်ကျဲ့ နန်ပါးထျန်းကို အရိုအသေပြုနှုတ်ဆက်လိုက်သည်။

“ကျွန်တော်တို့ မတွေ့ဖြစ်တာ ရက်အတော်ကြာခဲ့ပါပြီ။ ခေါင်းဆောင်ကတော့ အမြဲ အင်အားပြည့်ဝနေတာပါပဲ”

နန်ပါးထျန်း ချန်ကျဲ့ကို ကြည့်လာပြီး ပြော၏။

“မင်းလည်း အတော်လေး အခြေအနေကောင်းနေပုံပါပဲ။ ငါကြားမိတာ မင်း မနေ့က ဘုရားကျောင်းပွဲတော်ကို သွားခဲ့တယ်ဆို”

“ခေါင်းဆောင် မသိတာ မရှိပါရော့လား”

နန်ပါးထျန်းမှ ပြောသည်။

“ဒါနဲ့ သမားတော်ပိုင် မျန့်ရွှေမြို့ကို ရောက်နေတယ်ဆို။ မင်းအချိန်အားတဲ့အခါ သမားတော်ပိုင်ကို ဌာနချုပ်ဆီ ပို့ဆောင်ပေးပါဦး။ ငါ သမားတော်ပိုင်နဲ့ မတွေ့ရတာ အတော်ကြာနေပြီ”

All Chapters