← Chapters

အခန်း (၅၄၈)

Vol. 44 Ch. 548

အခန်း (၅၄၈)

Vol. 44 Ch. 548

အခန်း ၅၄၈

“ကောင်းပါပြီ”

ချန်ကျဲ့ အပြုံးဖြင့် တုံ့ပြန်လိုက်သည်။ နန်ပါးထျန်းမှ ပြောသည်။

“ဒါနဲ့ နောက်ဆို သမားတော်ပိုင်ကို အဲဒီလိုအန္တရာယ်များတဲ့အလုပ်တွေ မလုပ်ခိုင်းနဲ့တော့။ ငါကြားမိတာ သမားတော်ပိုင်တစ်ယောက် အပြန်လမ်းမှာ တိုက်ခိုက်ခံရပြီး အသက်ပျောက်လုနီးပါးဖြစ်သွားတယ်ဆို ဟုတ်လား။ တကယ်သာ တစ်ခုခုဖြစ်သွားခဲ့ရ၍် ငါတို့ကျားဖြူခန်းမက အရမ်းတော်တဲ့ သမားတော်တစ်ယောက်ကို ဆုံးရှုံးသွားရမှာကွ”

ချန်ကျဲ့ မျက်နှာအမူအရာ မည်းမှောင်သွားခဲ့သည်။ ထို့နောက် အပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။

“ဟုတ်ပါတယ်၊ ခေါင်းဆောင်ပြောတာ မှန်ပါတယ်။ ကျွန်တော် သတိထားလိုက်ပါ့မယ်။ နောက်တစ်ခါကျ သူခိုးတွေကို လုံးဝ အခွင့်အရေးပေးမှာ မဟုတ်ပါဘူး”

သူတို့နှစ်ယောက် အပြန်အလှန် တီးတိုးပြောဆိုနေကြစဉ် ယဲ့လုဖုန်းမှ ပြောလာသည်။

“မင်းတို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ”

ချန်ကျဲ့မှ ပြန်ပြောသည်။

“ဘာမှမဟုတ်ပါဘူး၊ ဒီတိုင်း ခေါင်းဆောင်နဲ့ မိသားစုအကြီးအကဲကိစ္စလေးတွေ ဆွေးနွေးနေတာပါ”

ယဲ့လုဖုန်းမှ ပြောသည်။

“ကောင်းပြီ၊ ဒီနေ့က စားသောက်ပွဲတော်ကျင်းပနေတာလေ။ အလုပ်ကိစ္စတွေ ပြောမနေကြနဲ့တော့။ အားလုံး လူစုံပြီးဆိုတော့ မင်းတို့လည်း ထွက်သွားကြတော့”

ယဲ့လုဖုန်းသည် လက်ဝှေ့ယမ်းကာ ကချေသည်များကို ထွက်သွားခိုင်းလိုက်သည်။

“စားသောက်ပွဲတော် စခိုင်းလိုက်တော့”

ထိုအခါ လက်အောက်ငယ်သားများသည် စားပွဲများကို သယ်ဆောင်လာကြသည်။ ထို့နောက် ဟင်းပွဲများကို စတင်တည်ခင်းသည်။

ကံကောင်းထောက်မစွာဖြင့် ဒီနေ့သည်တော့ ငါးအသားလွှာစားသောက်ပွဲကြီး မဟုတ်ခဲ့ပေ။ သူတို့၏စီရင်စုအုပ်ချုပ်ရေးမှူးသည် ငါးဟင်းလျာကို အထူးတလည် နှစ်ခြိုက်သူဖြစ်၏။ သို့သော် ဒီနေ့စားသောက်ပွဲတော်သည်တော့ အတော်လေး စုံလင်လှပေသည်။

အလယ်တွင် သိုးကောင်လုံးကင်ကို တည်ခင်းထားပြီး မုလန်လူမျိုး အထူးဟင်းလျာများကို တည်ခင်းပေးထားသည်။ နောက်ဆုံးတွင် လူတစ်ယောက်ချင်းစီအတွက် မီးသွေးမီးဖိုတစ်ခုစီ ချပေးလာသည်။

သံပြားထက်တွင် မိမိ၏အကြိုက်အလိုက် အသားများကို ကင်နိုင်ရန် ပြင်ဆင်ပေးထားပေသည်။

မကြာမီတွင် ဟင်းလျာအားလုံး တည်ခင်းပြီးသွားခဲ့သည်။ နောက်ဆုံးအဆုံးသတ်အနေဖြင့် ယဲ့လုဖုန်း၏ အကြိုက်ဆုံးဟင်းပွဲ ငါးအသားလွှာကို တည်ခင်းခဲ့သည်။

ယဲ့လုဖုန်းသည် အဘယ်ကြောင့် ငါးအသားလွှာအား ထိုမျှ ကြိုက်နှစ်သက်ရသလဲ သူတို့လည်း မသိချေ။

ဟင်းလျာများ စုံလင်သွားသောအခါ ယဲ့လုဖုန်းမှ ဦးစွာ တူကို ကောက်ကိုင်လိုက်သည်။ ထို့နောက် အသားလွှာတစ်ထပ်ကြီးကို တူဖြင့်ညှပ်ယူကာ စိတ်ကျေနပ်သည့် အမူအရာဖြင့် အရသာခံ စားသောက်လေသည်။

နန်ပါးထျန်းလည်း တစ်လုပ်စားလိုက်သည်။ လျိုလောင်ကွေ့သည်တော့ မလှုပ်ပေ။ ချန်ကျဲ့သည်လည်း အသားစိမ်းငါးစိမ်း မစားသောကြောင့် အသားလွှာများကို ကင်လိုက်သည်။

ထို့နောက် တစ်လုပ်စားလိုက်သည်။

ယဲ့လုဖုန်းမှ ပြောသည်။

“အားလုံးပဲ ထိန်းချုပ်မနေကြပါနဲ့။ ဒီနေရာမှာ သိုင်းလောကရဲ့ အရှုပ်အထွေးတွေ၊ ရန်ငြိုးရန်စတွေ မရှိဘူး။ အဲဒါကြောင့် ပျော်ပျော်ရွှင်ရွှင် စားသောက်ကြပါ”

ထိုအခါ အားလုံးသည် ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။

“ဟုတ်ကဲ့ပါ သခင်ကြီး”

ယဲ့လုဖုန်းသည် ပြုံးလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။ ထို့နောက် အသားလွှာအနည်းငယ်ကို ထပ်စားကာ သေရည်တစ်ငုံနှစ်ငုံခန့် သောက်လိုက်ပြီး နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်း၏ မျက်နှာအမူအရာသည် မှုန်မှိုင်းနေ၏။ မျက်လုံးများသည်လည်း ရန်လိုသည့် အငွေ့အသက်များဖြင့် ချန်ကျိုစစ်ကို ကြည့်နေသည်အား ယဲ့လုဖုန်း သတိထားမိလိုက်သည်။

ယဲ့လုဖုန်းမှ လည်ချောင်းရှင်းလိုက်ပြီး ပြောသည်။

“ခေါင်းဆောင်နန် ငါပြောခဲ့တယ်၊ ငါတို့က ဒီနေ့ စားသောက်ကြရုံပဲ။ ရန်ငြိုးရန်စတွေကို ဘေးဖယ်ထားရမယ်လို့။ ခေါင်းဆောင်နန်က ဘာလို့ ကျိုစစ်ကို ဆက်တိုက် စိုက်ကြည့်နေတာများလဲ။ ခင်ဗျားမှာ မဖြေရှင်းရသေးတဲ့ ရန်ငြိုးများ ရှိနေသေးလို့လား၊ ဒါမှမဟုတ် ငါ ကူညီပေးရမလား”

နန်ပါးထျန်းမှ ချက်ချင်း ပြန်လည်တုံ့ပြန်သည်။

“သခင်ကြီးယဲ့လု စိုးရိမ်လွန်းနေပါပြီ။ ကျွန်တော်နဲ့ ကျိုစစ်က ဆက်ဆံရေးကောင်းမွန်ပါတယ်။ ရန်ငြိုးမရှိပါဘူး”

ထိုအခါ လျိုလောင်ကွေ့မှ ထေ့ငေါ့ပြောဆိုသည်။

“အင်း ရန်ငြိုးမရှိပါဘူး။ ဒါပေမဲ့ မင်းက ကျိုစစ်ကို ထောင်ချောက်ဆင်တာ ရပ်ကိုမရပ်ဘူးနော်။ ကျိုစစ်က တုံ့ပြန်မှုမြန်တာကြောင့်သာ မဟုတ်ရင် အခုလောက်ဆို သူ့မှာ မင်းဒုက္ခပေးလို့ ဒုက္ခရောက်နေလောက်ပြီ”

“ခင်ဗျား ဘာပေါက်ကရစကားတွေ လာပြောနေတာလဲ။ ခေါင်းဆောင်လျို ကျုပ်က ဘယ်တုန်းကများ ကျိုစစ်ကို အန္တရာယ်ပြုခဲ့ဖူးလို့လဲ”

“ကျိုစစ်က ကျုပ်တို့ကုန်သည်အဖွဲ့ရဲ့မဏ္ဍိုင်ပဲ။ ကျုပ်မှာ သူ့ကို ချီးမြှင့်မြှောက်စားလို့တောင် မလုံလောက်တာကို ဖိနှိပ်နေမှာတဲ့လား။ ပြီးတော့ ခင်ဗျားက ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင်လေ၊ ခင်ဗျားက ဘယ်လိုလုပ်ပြီး ကျုပ်တို့ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အရေးကိစ္စတွေကို သိနိုင်မှာလဲ။ အဲဒါတွေက ကောလာဟလတွေပါပဲ။ ခင်ဗျား သခင်ကြီးယဲ့လုရဲ့အိမ်တော်မှာ ပြဿနာမရှာစမ်းပါနဲ့”

“ငါက ပြဿနာရှာတယ်ပေါ့လေ”

လျိုလောင်ကွေ့ ဒေါသထွက်သွားတော့သည်။ သို့သော် သူဆက်ပြောတော့မည်တွင် လောလောဆယ် ပါးစပ်ပိတ်ထားလိုက်ခြင်းကသာ ပိုကောင်းလိမ့်မည်ဟု တွေးမိသဖြင့် ပြန်ထိုင်လိုက်ပြီး နှုတ်ဆိတ်နေလိုက်တော့သည်။

သူ ပြဿနာမတက်ချင်ပါချေ။

ထိုအချိန်၌ ချန်ကျဲ့သည်လည်း အခွင့်အရေးရှာကာ သူတို့နှစ်ယောက်ကို ပြေရာပြေကြောင်း ဖျောင်းဖျလေသည်။

“ဟားဟား သခင်ကြီးယဲ့လုနဲ့ ခေါင်းဆောင်လျိုရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ။ ဒီနေ့တော့ ဒီအကြောင်းတွေကို မပြောကြရအောင်ပါ။ သခင်ကြီးယဲ့လု ဒီနေ့ ကျွန်တော်တို့ကို ဖိတ်ခေါ်တာက ဒီတိုင်း ထမင်းတစ်နပ်စားဖို့အတွက်တော့ မဟုတ်လောက်ဘူးထင်ပါတယ် ဟုတ်တယ်မလား”

ထိုအခါ ယဲ့လုဖုန်းသည် သူတို့ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ပြောသည်။

“အင်း ကျိုစစ်ကို ဘယ်အရာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ”

ထို့နောက် ယဲ့လုဖုန်းသည် သက်ပြင်းချလိုက်ပြီး ပြောသည်။

“စီရင်စုအုပ်ချုပ်ရေးမှူးလုပ်ရတာ ခက်ခဲပါတယ်။ တော်ဝင်နန်းတော်က ငါ့ကို ယုံကြည်စွာနဲ့ စီရင်စုတစ်ခုကို အပ်နှံထားတာဖြစ်တဲ့အလျောက် ငါကလည်း သေချာ စီမံခန့်ခွဲရမယ်။ ပြဿနာ အသေးအမွှားလေး နည်းနည်းရှိလိုက်ရင်တောင်မှ ငါ့မှာ ညအိပ်မပျော်နိုင်ဖြစ်ရပါတယ်။ မင်းတို့အားလုံးကိုလည်း အားနာမိပါရဲ့။ ငါ အေးအေးချမ်းချမ်း အိပ်မပျော်နိုင်တာ အချိန်အတော်ကြာခဲ့ပါပြီ”

အားလုံး တိတ်ဆိတ်နေကြသည်။ ထို့နောက် သူတို့သည် ယဲ့လုဖုန်းကို ကြည့်လျက် ပြောလိုက်ကြသည်။

“သခင်ကြီး ပင်ပန်းနေရပါပြီ”

ယဲ့လုဖုန်းမှ ပြောသည်။

“မပင်ပန်းပါဘူး။ ငါက ပြည်သူတွေအတွက် အားစိုက်ထုတ်ရုံပါပဲ။ ငါက မုလန်လူမျိုးတစ်ယောက်ဖြစ်ပေမဲ့ ဟန့်လူမျိုးတွေကိုလည်း တန်းတူညီမျှ ဆက်ဆံပေးပြီး ဘယ်တုန်းကမှ ပစ်မှတ်ထားခြင်း မရှိခဲ့ဖူးဘူး…”

အားလုံးသည် ယဲ့လုဖုန်းကို နားမလည်နိုင်စွာ ကြည့်နေခဲ့ကြသည်။

ဒီသခင်ကြီးယဲ့လုက ဘာလုပ်ချင်နေတာများလဲ။

သူတို့တွေးတောနေစဉ် ယဲ့လုဖုန်းမှ ဆက်ပြောသည်။

“ဒါပေမဲ့ ဘာလို့လဲ၊ ငါက ဟန့်လူမျိုးတွေကို ချစ်မြတ်နိုးတာတောင် သူတို့က ဘာလို့များ ငါ့ကို ဆန့်ကျင်နေရသေးတာလဲ”

ထိုစကားကို ကြားလိုက်သည်တွင် အားလုံးသည် ယဲ့လုဖုန်း၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားခဲ့ကြသည်။

ထိုစဉ် နန်ပါးထျန်းမှ ပြောလာသည်။

“သခင်ကြီးကို ဘယ်သူက ဆန့်ကျင်ရဲတာပါလဲ။ ကျွန်တော်တို့ ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်”

ယဲ့လုဖုန်းမှ ပြန်ပြောသည်။

“မိန်ဂိုဏ်း”

အားလုံးတိတ်ဆိတ်သွားကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် နန်ပါးထျန်းမှ ပြောသည်။

“မိန်ဂိုဏ်းက မျန့်ရွှေထဲမှာ ရှိလို့လား”

ယဲ့လုဖုန်းမှ ပြန်ပြောသည်။

“ရှိတယ်။ သူတို့က ငါတို့မျန့်ရွှေထဲမှာ ဝင်ရောက်နေကြပြီး စစ်ဆင်ရေးကြီးတစ်ခုကိုလည်း ပြင်ဆင်နေကြတယ်”

“စစ်ဆင်ရေးကြီးတဲ့လား။ ဘယ်လိုစစ်ဆင်ရေးမျိုးပါလဲ”

သူတို့အားလုံး ယဲ့လုဖုန်းကို ကြည့်လိုက်ကြသည်။ ယဲ့လုဖုန်းမှ ပြောသည်။

“သူတို့က မြောက်ပိုင်းဒေသရဲ့ သူပုန်တပ်ကို ထောက်ပံ့ဖို့အတွက် စစ်သုံးပစ္စည်းတွေကို ထုတ်လုပ်နေကြတယ်”

ဘာ။

ထိုစကားတွင် အာားလုံးမျက်လုံးပြူးသွားကြသည်။ မြောက်ပိုင်းဒေသသူပုန်တပ်ဟူသည် မြောက်ပိုင်းဒေသရှိ မိန်ဂိုဏ်း၏ တော်လှန်ရေးတပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။

ဒါပေမဲ့ သူတို့က မျန့်ရွှေထဲမှာ လက်နက်ထုတ်လုပ်နေတယ်ဆိုတာ တကယ်ပဲလား။ ဒါက အရမ်း ရဲတင်းလွန်းတယ် မဟုတ်ဘူးလား။

နန်ပါးထျန်းနှင့် လျိုလောင်ကွေ့တို့သည် အံ့အားသင့်လျက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

မိန်ဂိုဏ်းသည် သံသတ္တုများကို လျှို့ဝှက်စွာ လိုက်လံဝယ်ယူနေကြောင်း သိထားသော်ငြား ၎င်းကို ဒီတိုင်း သယ်ယူပို့ဆောင်သည်ဟုသာ ထင်ထားခဲ့ခြင်း ဖြစ်သည်။

ဒီတစ်ကြိမ်က မျန့်ရွှေမှာပဲ လက်နက်ထုတ်လုပ်ဖို့ ရွေးချယ်လိုက်တာလား။

ချန်ကျဲ့လည်း အံ့ဩသွားခဲ့သည်။ သူသည် အပြင်ပန်းတွင် မူမမှန်ခြင်း မဖြစ်ရအောင် အံ့ဩသည့်မျက်နှာအမူအရာဖြစ်နေသော်ငြား စိတ်ထဲတွင်တော့ နည်းနည်းလေးမှ မအံ့ဩမိပါချေ။

သူဘယ်လိုလုပ်အံ့ဩပါ့မလဲ။ သူသည် မိန်ဂိုဏ်းမှ မြို့ထဲတွင် လက်နက်ထုတ်လုပ်နေသည်ကို သိထားရုံသာမက ထိုလက်နက်များကို မြို့ပြင်သို့ ကူညီပို့ဆောင်ပေးမည်ဟုပါ သဘောတူထားသေးပေသည်။

စာစဉ်ပြီး

All Chapters