ကျဉ်းထဲကျပ်ထဲ အခြေအနေ
Vol. 3 Ch. 268
နန်းဆောင် သခင်မ သုံးယောက်ကို ဆန်းလျန် ထိုးစိုက် ချလိုက်သည့် ဓားမှာ ရွှမ်တယ်ဓား ဖြစ်လေသည်။
ရွှမ်တယ်ဓားသည် ထူးခြား ဆန်းကြယ်ပြီး ကောင်းကင် မီးတောက်ကို စုပ်ယူထားသည့် ဓားဖြစ်လေသည်။ ဆန်းလျန်က ရွှမ်တယ်ဓားကို ဆရာ ဘိုးဘိုးယွမ်ချင်း၏ ဓားဝိညာဉ်ဖြင့် ပေါင်းစပ်လိုက်သည့် အခါတွင်တော့ ဓားသွားမှာ သက်ဝင် လှုပ်ရှား လာလေသည်။ ဓားသွားသည် လေကို ထိုးခွင်း ပျံသန်းသွားပြီး နန်းဆောင် သခင်မ သုံးပါးကို ထိုးစိုက် ချလိုက်လေသည်။
ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်မှာလည်း သတ်ဖြတ် လိုသည့် အငွေ့အသက်များ ပြည့်နှက်နေသည့် ဓားဝိညာဉ် တစ်ခု ဖြစ်လေသည်။ ထို့ကြောင့် ရွှမ်တယ် ဓားဝင်ရောက် လာသည်ကို တွေ့လိုက်ရသည်နှင့် နန်းဆောင် သခင်မ သုံးယောက်မှာ ဝိညာဉ်ထဲ အထိ တုန်လှုပ် သွားကြရလေသည်။ မြွေတစ်ကောင်ကဲ့သို့ လွင့်မျော လာသည့် ဓားသွားကို ကြည့်ရင်း အန္တရာယ် အငွေ့အသက်များကို ချက်ချင်း ခံစား လိုက်ကြရသည်။
ထို့ပြင် ရေခဲ အလင်းစွမ်းအားဖြင့် ဖန်ဆင်း ထားသည့် ရေခဲပြင်ကြီးမှ အအေးဓာတ် များကလည်း နန်းတောင် သခင်မသုံးယောက်၏ တန်ခိုး စွမ်းအားများကို နှေးကွေး သွားစေလေသည်။
ဆန်းလျန်က တန်ခိုး စွမ်းအားများ ပေါက်ကွဲသည်နှင့် လွတ်မြောက်အောင် ဖောက်ထွက် လိုခြင်းသာ ဖြစ်ပြီး နန်းဆောင် သခင်မ သုံးယောက်ကို ဒဏ်ရာ ရသွားစေလိုစိတ် အမှန်ပင် မရှိခဲ့ပါ။ သို့သော် ထျန်းမုန့် နတ်သမီးနှင့် နန်းဆောင် သခင်မသုံးယောက် ပူးပေါင်း တိုက်ခိုက်နေသည့် အတွက် ဆန်းလျန် ဘက်မှလည်း သက်ညှာနေ၍ ရသည့် အခြေအနေ မဟုတ်ပေ။
ထျန်းမုန့် နတ်သမီးနှင့် နန်းဆောင် သခင်မ သုံးယောက် စုပေါင်း တိုက်ခိုက်မှုက လက်ဦးသွားလျှင် သူ့အနေဖြင့် တိုက်ပွဲတွင်းမှ ရုန်းမထွက် နိုင်တော့ဘဲ ပိတ်မိနေပြီး နောက်ဆုံးတွင် ရှုံးနိမ့်ရမည် ဖြစ်လေသည်။
ရွှမ်တယ်ဓားသည် နန်းဆောင် သခင်မ သုံးပါး၏ တန်ခိုးစွမ်းအားများ ပေါင်းစည်း ထားသည့် တိမ်တိုက်ကြီးကို ထိုးဖောက် ဝင်ရောက် သွားလေသည်။
ထက်ရှသည့် ဓားသွားမှာ အရောင် တဖျတ်ဖျတ် လင်းလက်နေပြီး ဆီအိုး အတွင်းသို့ ကျသွားသည့် မီးတောက်ပမာ မီးတောက်များ ထွက်ပေါ်လာကာ တန်ခိုးစွမ်းအား တိမ်တိုက်ကြီးမှာ ပြိုကွဲ သွားလေသည်။
ဆန်းလျန်၏ ရေခဲအလင်း စွမ်းအားများကြောင့် နန်းဆောင် သခင်မ သုံးယောက်မှာ အေးခဲ သွားကြပြီး သူတို့၏ တန်ခိုးစွမ်းအား တိမ်တိုက်ကြီးကိုတော့ ကောင်းကင် မီးတောက်က လောင်ကျွမ်း ပစ်လိုက် လေသည်။
တစ်ချိန်တည်းမှာပင် ကြီးမားသည့် တန်ခိုးစွမ်းအား ပေါက်ကွဲမှုကြီး ဖြစ်ပေါ် လာလေတော့သည်။
ကျယ်လောင်သည့် ပေါက်ကွဲ သံကြီးများ ထွက်ပေါ်လာလေသည်။
ထျန်းမုန့် နတ်သမီးမှာ ထိုဖြစ်ရပ်ကြောင့် အလွန်အမင်း ဒေါသ ထွက်သွားရလေသည်။ သူမက ဆန်းလျန်ကို တိုက်ခိုက်ရန် တန်ခိုး စွမ်းအားများကို စုစည်း လိုက်သည်။ သို့သော် တန်ခိုးစွမ်းအား ပေါက်ကွဲမှုကြီးမှ ထွက်ပေါ်လာသည့် ကောင်းကင် မီးတောက်များကြောင့် သူမသည် ဆန်းလျန်ကို မတိုက်ခိုက် နိုင်တော့ဘဲ သူမကိုယ်သူမ ကာကွယ် လိုက်ရလေသည်။ ထို့ပြင် သူမ၏ တန်ခိုး စွမ်းအားများကို ဖြန့်ကြက်ကာ ထိုက်စု နတ်ဘုရား ဂိုဏ်းမှ တပည့်များကိုလည်း ကာကွယ် ပေးလိုက် ရလေသည်။
ဆန်းလျန်၏ တွက်ချက်မှု မှန်ကန် သွားခဲ့လေသည်။
သူ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည့်တိုင် လျှပ်စီးကဲ့သို့ လျင်မြန်သည့် အရှိန်ဖြင့် ထိုက်စု နတ်ဘုရားဂိုဏ်းမှ ထိုးဖောက် ထွက်ခွာ သွားခဲ့လေတော့သည်။
သို့သော်….
လောကတွင် မျှော်မှန်းသည့် အတိုင်း ဖြစ်လာသည် ဆိုသည်မှာ ရှားပါးလေသည်။
ဆန်းလျန်၏ ခြေလှမ်းများကို မမြင်ရသည့် စွမ်းအားလှိုင်း တစ်ခုက ပိတ်ဆို့ ထားလိုက် လေသည်။ ဆန်းလျန်မှာ နွံထဲတွင် နစ်နေသကဲ့သို့ ခံစားလိုက်ရပြီး ရှေ့ဆက် မသွားနိုင်တော့ပေ။
ကောင်းကင်ထက်တွင် အဘွားအို တစ်ဦးပေါ်လာလေသည်။
သူမဆံပင်များက ဖွေးဖွေးဖြူနေပြီး နှင်းပွင့်များ အလား လေထဲတွင် လွင့်မျော နေလေသည်။ သူမ လက်ထဲတွင် နဂါးဦးခေါင်း ပုံသဏ္ဌာန် တောင်ဝှေး တစ်ချောင်းကို ကိုင်ထားလေသည်။ တောင်ဝှေးမှ နဂါး၏ မျက်လုံးများမှာ မှေးစင်းနေပြီး တကယ့် နဂါးတစ်ကောင် အလားပင် ထင်ရလေသည်။
သူမက ကောင်းကင်ထက်မှ ဖြည်းညင်းစွာ လမ်းလျှောက် ဆင်းလာခြင်း ဖြစ်လေသည်။
ထိုက်စု နတ်ဘုရားဂိုဏ်းမှ တပည့်များ အားလုံးက သူမကို ရိုသေ လေးစားစွာဖြင့် ဦးညွှတ် ဂါရဝ ပြုလိုက်ကြသည်။ ထျန်းမုန့်နတ်သမီးနှင့် နန်းဆောင် သခင်မ သုံးယောက်သည်ပင် သူမကို ဂါရဝ ပြုလိုက်ကြလေသည်။
အဘွားအို၏ ရုပ်သွင်မှာ အိုမင်းနေသည့်တိုင် အသံကတော့ အိုမင်းခြင်း မရှိပေ။ သူမက ချောင်းတစ်ချက် ဟန့်လိုက်ရင်း ကြည်လင်သည့် လေသံဖြင့် စကား စလိုက်သည်။
“လူငယ်လေး၊ မင်းလုပ်ရပ်တွေ သိပ်လွန်နေပြီ၊ မင်းကို အပြစ်ပေးတဲ့ အနေနဲ့ ထိုက်စု နတ်ဘုရား ဂိုဏ်းရဲ့ တောင်ပေါ်မှာ အချိန်ဆယ်နှစ် ပိတ်ထားမယ်၊ မင်း ကိုယ့်လုပ်ရပ်တွေကို ပြန်သုံးသပ်ရမယ်၊ ဒါမှ လူတွေက ထိုက်စု နတ်ဘုရား ဂိုဏ်းဆိုတာ အပြင်လူတွေ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ပြီး နှောင့်ယှက်လို့ မရဘူးဆိုတာ သိသွားမှာ ဖြစ်တယ်”
သူမက ထိုက်စု နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား သုံးပါးမှ တတိယ နတ်ဘုရား ဖြစ်လေသည်။ သူမက ဆန်းလျန်၏ လုပ်ရပ်များမှာ လွန်နေပြီ ဖြစ်သည့်အတွက် သူမ၏ အစ်မနှစ်ယောက်က တားနေသည့် ကြားမှပင် ဝင်ရောက် စွက်ဖက်ရန် ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
“ခင်ဗျားတို့ ထိုက်စု နတ်ဘုရားဂိုဏ်းက ကျုပ်တူမလေးကို ဖမ်းခေါ်ထားတာလေ၊ ကျုပ်အခု တူမလေးကို ပြန်လာခေါ်တာ၊ ဘာများမှားလို့လဲ”
ဆန်းလျန်က အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။
“သူမက အစကတည်းက ထိုက်စု နတ်ဘုရားဂိုဏ်းနဲ့ ရေစက်ပါတဲ့သူပဲ၊ မင်းစကား ပြောဆင်ခြင် သင့်တယ်၊ ငါကလည်း မင်းရဲ့ ဘိုးဘေး ဆရာသမားတွေ မျက်နှာကို ထောက်နေလို့ မင်းနဲ့ ဒီလောက် စကားပြော နေရတာပါ”
သူမ၏ လေသံက ဆန်းလျန်ကို ဆုံးမစကား ပြောနေသကဲ့သို့ ဖြစ်လေသည်။
ဆန်းလျန် အနည်းငယ် တုန်လှုပ် သွားမိသည်။
ထိုအဘွားအိုမှာ ထိုက်စု နတ်ဘုရားဂိုဏ်းမှ နတ်ဘုရား တစ်ပါး ဖြစ်လေသည်။ သူမနှင့် တိုက်ခိုက်လျှင် ဆန်းလျန်မှာ ဒုက္ခရောက်သွား နိုင်လေသည်။ ထို့ပြင် သူမကလည်း ဆန်းလျန်၏ ဂုဏ်သိက္ခာကို လေးစားသမှု ရှိ၍သာ ချက်ချင်းတိုက်ခိုက်မှု မပြုသေးခြင်း ဖြစ်လေသည်။
သို့သော် ဆန်းလျန်မှာ သူမပြောသလို ထိုက်စု နတ်ဘုရား ဂိုဏ်းတွင်တော့ ဆယ်နှစ် အချုပ်အနှောင် မခံလိုပေ။
လောက နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရမည်မှာတော့ အလွန်ဆိုးဝါးသည့် အခြေအနေပင် ဖြစ်လေသည်။
ဆန်းလျန်မှာ ရော့ရှီ၏ လူပြန်ဝင်စားခြင်းနှင့် ပတ်သက်သည့် အကြောင်းကိုသာ သိရှိခြင်း မရှိခဲ့လျှင် ထိုမျှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး ရော့ရှီကို ကယ်ထုတ်မိမည် မဟုတ်ပေ။
ယခုတော့ ဆန်းလျန်သည် နောက်ပြန် လှည့်မည် မဟုတ်တော့ပေ။
“ထိုက်စု နတ်ဘုရားဂိုဏ်းမှာ နတ်ဘုရား သုံးပါးရှိတယ်လို့ ကြားဖူးတယ်၊ ဒီကအဘွားက ဘယ်တစ်ပါးလဲ မသိဘူး”
ဆန်းလျန်က လောက နတ်ဘုရား တစ်ပါးနှင့် ရင်ဆိုင် နေရသည့်တိုင် တည်ငြိမ်စွာဖြင့် မေးလိုက်သည်။
သူ၏ တည်ငြိမ် လွန်းနေသည့် အမူအရာကြောင့် နန်းဆောင် သခင်မ သုံးယောက်ပင်လျှင် ဆန်းလျန်ကို လေးစား သွားမိလေသည်။ ချင်းရွှမ် နတ်တံခါး၏ ဂိုဏ်းချုပ် တစ်ယောက် ဖြစ်ထိုက်သည်ဟု တွေးမိ လိုက်ကြလေသည်။
ထျန်းမုန့်နတ်သမီးမှာ စိတ်ညစ် သွားရလေသည်။
သူမက ဆန်းလျန်ကြောင့် စိတ်ညစ်ခြင်း မဟုတ်ပါ။ သူမ၏ကိစ္စတွင် အဘွားအို လာရှုပ်သည့် အတွက် စိတ်ညစ်သွားရခြင်း ဖြစ်လေသည်။
နတ်ဘုရား အဘွားအိုက ဆန်းလျန်အတွက် စကားကို ထိန်းပြီး ပြောနေသည်ကို သူမက မခံချင် ဖြစ်နေရလေသည်။ သူမသာ ကျင့်စဉ်လမ်း အောင်မြင်ပြီး နတ်ဘုရားတစ်ပါး ဖြစ်လာသည့် တစ်နေ့တွင် ထိုက်စု နတ်ဘုရား ဂိုဏ်းချုပ် ဖြစ်သည့် သူမအကြောင်း ကောင်းကောင်း သိစေရမည်ဟုသာ စိတ်ထဲတွင် တေးမှတ် ထားလိုက်လေသည်။
“ကျုပ်က နတ်ဘုရားသုံးပါးမှာ တတိယ မြောက်နတ်ဘုရားပါ၊ ကျုပ်ရဲ့ တန်ခိုးစွမ်းအားကတော့ သိပ်မကြီး လှပါဘူးလေ ၊ ဒါပေမဲ့ မင်းကိုတော့ နည်းနည်း သင်ပြပေးနိုင်ပါသေးတယ်”
နတ်ဘုရား အဘွားအိုက ထိုစကားများကို ဒေါသတကြီး ပြောနေခြင်း မဟုတ်ပါ။
ဆုံးမစကား ပြောနေသည့် အလား အေးဆေးစွာ ပြောနေခြင်း ဖြစ်လေသည်။
သူမ ဆန်းလျန်ကို နှိမ်နင်းနိုင်မည်မှာ သံသယ ဝင်စရာမရှိပါ။ လောက နတ်ဘုရား ဆိုသည်မှာ လောကတွင် တန်ခိုး စွမ်းအား အမြင့်မားဆုံး ဖြစ်လေသည်။ ကျင့်ကြံသူ ဂိုဏ်းများနှင့် နတ်ဘုရား ဂိုဏ်းများ စတင် တည်ထောင်သည့် အချိန်တွင် လောကနတ်ဘုရား တစ်ပါး သို့မဟုတ် နှစ်ပါးက စတင် ဦးဆောင်ကာ အခြေတည်အောင် အုတ်မြစ် ချပေးကြရစမြဲ ဖြစ်လေသည်။
“ကောင်းပါပြီ၊ ကြီးသူစကားကို ကျုပ်မှတ်သား ထားပါ့မယ်၊ ဒါပေမဲ့ ကျုပ်မှာ ကိုယ်ပိုင် ကျင့်စဉ်ရှိပြီးသား ဖြစ်တဲ့အတွက် အဘွားအနေနဲ့ ကျုပ်ကို သင်ပြပေးဖို့ မလိုပါဘူး၊ နောင်အနာဂတ်မှာ အခွင့်ရှိမယ် ဆိုရင် အဘွားကို ကျုပ်တို့ဆီကို ဧည့်သည် အနေနဲ့ လာရောက် လည်ပတ်ဖို့ ဖိတ်ကြား လိုပါတယ်၊ ကျုပ်ကတော့ ဧည့်သည်ကို ကောင်းကောင်း ဧည့်ခံမှာပါ၊ တောင်ထဲမှာ ဆယ်နှစ် ပိတ်ထားတဲ့ အထိတော့ ပညာပြမှာ မဟုတ်ပါဘူး"
ဆန်းလျန်က အေးအေး ဆေးဆေးပင် ပြန်ပြော လိုက်လေသည်။
သူ၏ စကားများက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသည့် စကားများ ဖြစ်နေသည့် အတွက် ထိုက်စု နတ်ဘုရားဂိုဏ်းမှ တပည့်များမှာ များစွာ အံ့သြ ကုန်ကြရလေသည်။
လောက နတ်ဘုရား တစ်ပါးကို ထိုသို့သော စကားမျိုး သွားပြောရဲသည့် ဆန်းလျန်မှာ စိတ်မှ မှန်ပါသေးရဲ့လား။
“အင်း… အင်မတန် စိတ်ဓာတ် ခိုင်မာတဲ့ လူငယ်လေးပဲ ၊ ဒါပေမဲ့ မင်းစကားတွေကို ကျုပ်တော့ ဒေါသ ထွက်သွားပြီ”
အဘွားအိုက ရယ်မောရင်း ပြောလိုက်လေသည်။
စကားဆုံး သွားသည်နှင့် အဘွားအိုသည် ဆန်းလျန်ဆီသို့ တန်ခိုးစွမ်းအားများ ပို့လွှတ်ကာ စတင် တိုက်ခိုက် လိုက်လေသည်။ သူမ၏ တန်ခိုးစွမ်းအား များမှာ နန်းဆောင် သခင်မ သုံးယောက် ပေါင်းထားသည့် တန်ခိုး စွမ်းအားများထက်ပင် ပြင်းထန် လွန်းလေသည်။
ဆန်းလျန်မှာ အသက်ရှူများပင် ကျပ်လာရလေသည်။ သို့သော် အမူအရာ တစ်ချက်မပျက် တည်ငြိမ်နေဆဲ ဖြစ်လေသည်။
နန်းဆောင် သခင်မသုံးယောက်၏ တန်ခိုး စွမ်းအားများကို ဖောက်ခွဲ ထွက်ခဲ့စဉ်က ဒဏ်ရာရပြီး သွေးများ အန်ထားသည့်တိုင် ဒဏ်ရာကို အရေး မစိုက်သည့် အလား အေးအေး ဆေးဆေးပင် ဖြစ်နေလေသည်။
နတ်ဘုရားအဘွားအိုက နဂါးတောင်ဝှေးကို တစ်ချက် ဝှေ့ယမ်းလိုက်သည့် အခါတွင်တော့ နဂါးတစ်ကောင်၏ အရိပ် ထွက်ပေါ် လာလေသည်။ ထိုနဂါးသည် ဆန်းလျန်ဆီသို့ ဝင်ရောက် လာလေသည်။
နဂါး အရိပ်ထဲမှ တန်ခိုး စွမ်းအားများမှာ ကြီးမားရုံ သာမက တရား အဓိပ္ပာယ်များလည်း ပါဝင်နေလေသည်။ နဂါးအရိပ်သည် တကယ့် နဂါးအစစ် တစ်ကောင် မွေးဖွားလာသည့် အလား သက်ဝင် လှုပ်ရှားလျက် ရှိသည်။ နဂါးဟိန်းသံမှာ လေနှင့်မိုးကိုပင် ဆင့်ခေါ် တော့မည့်အလား ဖြစ်လေသည်။
အဘွားအိုက လောက နတ်ဘုရားများ၏ အမြင့်မားဆုံး တန်ခိုး စွမ်းအားကို ပြသလိုက်ခြင်း ဖြစ်လေသည်။ လောက နတ်ဘုရား တစ်ပါး၏ တန်ခိုးစွမ်းအားမှာ ကိုယ်တွင်းမှ တန်ခိုးစွမ်းအား၊ သဘာဝတရားနှင့် တာအိုကျင့်စဉ် သုံးခု ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။ ထို့ကြာင့် လောက နတ်ဘုရားများ၏ တန်ခိုးစွမ်းအားမှာ အလွန် အစွမ်းထက်ပြီး မဖြစ်နိုင်သည့် အရာများကိုပင် ဖြစ်လာအောင် လုပ်ဆောင် နိုင်ကြလေသည်။
သူတို့၏ ကျင့်စဉ်လမ်းသည် အဆင့်လွန်နေပြီ ဖြစ်သည့် အတွက် လောကဓမ္မနှင့် သဘာဝ တရားများကိုပင် ထိန်းချုပ် နိုင်ကြလေသည်။ တောင်များကို ရွှေ့နိုင်သလို ပင်လယ်ကိုလည်း ထက်ပိုင်း ခွဲနိုင်လေသည်။
လေထုသည် စက္ကူတစ်စ အလား အလွှာပါးလေး တစ်ခုပမာ ပြောင်းလဲ သွားလေသည်။ လေထုက နဂါး ပုံရိပ်စွမ်းအားကို တောင်ခံနိုင်ခြင်း မရှိတော့ပေ။ နဂါးပုံရိပ်သည် ဆန်းလျန်ဆီသို့ တစ်ရှိန်ထိုး ဝင်ရောက် လာလေသည်။ ဆန်းလျန်ကို အပိုင်းပိုင်း ဖြတ်ပစ်တော့မည် အလားပင် ထင်ရလေသည်။
ဆန်းလျန်၏ အနက်ရှိုင်းဆုံး ဝိညာဉ်တစ်နေရာတွင် ခမ်းနားသည့် ဓားဝိညာဉ်တစ်ခု ကိန်းအောင် နေလေသည်။ ဆန်းလျန်က စိုးရိမ်စိတ်များကို ဖယ်ရှားကာ စိတ်ကို သမာဓိ တည်အောင် ကြိုးစားလိုက်သည်။
ထိုအခါ “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်မှ စိတ်အာရုံ စူးစိုက်မှု ကျင့်စဉ်အဆင့်သည် အထွတ်ထိပ်သို့ ရောက်ရှိ သွားလေသည်။ ထိုအခါ ဆန်းလျန် ပုံဖော်လေ့ရှိသည့် ကျောက်စိမ်း ကျိုင်းတံကို ကိုင်ထားသည့် နတ်ဘုရားသည် ဆန်းလျန်၏ နှလုံးသားထဲမှ ထွက်ပေါ် လာလေတော့သည်။
နတ်ဘုရား အဘွားအိုက သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။
ထို့ကြောင့် ဆန်းလျန်အတွက် မင်ဝမ်ဝတ် ကျောင်းတော်မှ နတ်ဘုရား ထောင်ချောက် ဓားဝိညာဉ်ကို စုပ်ယူထားသည့် ကျောက်စိမ်း ကျိုင်းတံကိုင်ထားသည့် နတ်ဘုရားကို ဆင့်ခေါ် လိုက်ရခြင်းပင် ဖြစ်လေသည်။
ထိုကဲ့သို့သော တိုက်ကွက်ကို ဆန်းလျန် မည်သည့်အခါမှ အသုံးပြုခဲ့ခြင်း မရှိသလို သိရှိခဲ့ခြင်းလည်း မရှိပေ။ ယခု ပထမဆုံး အကြိမ် စမ်းသပ် အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။
သူသာ ရှုံးနိမ့်သွားခဲ့လျှင်တော့ ကျိန်းသေ အသက်ဆုံးရမည် ဖြစ်လေသည်။
မည်သို့ပင် ဖြစ်စေ ပြောင်းလဲမှု တစ်ခု ပြုလုပ်ရန် အချိန်တန်ပြီ ဖြစ်လေသည်။
***