← Chapters

အခန်း (၅၄၄)

Vol. 44 Ch. 544

အခန်း (၅၄၄)

Vol. 44 Ch. 544

အခန်း ၅၄၄

အရေးအကြီးဆုံးအချက်မှာ ထိုအမျိုးသမီးသည် ခန်းမထဲတွင် ထန်ဝမ်နျန်နှင့် တစ်တန်းတည်း ထိုင်နေခြင်းဖြစ်သည်။

ရှေးခေတ်အခါက တရားရုံးတော်များတွင် အရာရှိများမှအပ မည်သူမျှ ထိုင်ခွင့်မရှိပေ။

သို့သော် မုလန်လူမျိုးများသည်တော့ ချွင်းချက်ဖြစ်သည်။ မုလန်လူမျိုးများသည်တော့ ထိုင်ခွင့်ရှိသည်။

ဤသည်မှာ မုလန်လူမျိုးများ၏ အထူးခံစားခွင့်ဖြစ်၏။ ဥပဒေအထက်တွင် လက်ဝါးကြီးအုပ်နေခြင်းပင်။

အမျိုးသမီးသည် ထိုင်ခုံတွင် ထိုင်နေကာ ကြမ်းပြင်တွင်တော့ ကောက်ရိုးဖျာဖြင့် လိပ်ပတ်ထားသည့် အလောင်းအမြောက်အများ ရှိနေသည်။ ထိုအလောင်းများသည် မနေ့က ရှောင်ဟူသတ်ခဲ့သူများ ဖြစ်သည်။

အကြံပေးအရာရှိသည် တရားရေးမှတ်တမ်းများကို ဖွင့်ထားကာ မှတ်တမ်းယူရန် အသင့်ဖြစ်နေလေပြီ။ အရှိန်အဝါကြီးသော အရာရှိသုံးဦးမှ တစ်ဖက်တစ်ချက်တွင် ရံလျက် နေရာယူထားကြသည်မှာ ခံ့ညားထည်ဝါနေတော့သည်။

ဝူဟုန်သည် သူ၏ရာထူးအရ ခြေမြန်တော်တပ်ဖွဲ့၏ ရာဇဝတ်သားဖမ်းဆီးရေးခေါင်းဆောင်အရာရှိနေရာတွင် နေရာယူလိုက်သည်။

ထိုအခါ ထန်ဝမ်နျန်သည် ‌အမျိုးသမီးကို ကြည့်လိုက်သည်။ အမျိုးသမီးသည် ရှောင်ဟူကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောသည်။

“ဒီ‌လူက အတော်သတ္တိကောင်းတာပဲ။ စီရင်စုရာဇဝတ်တရားသူကြီးကို တွေ့တာတောင်မှ ဒူးထောက်အရိုအသေမပြုဘူး။ ဘယ်လိုတောင် ရဲတင်းလိုက်သလဲ!”

ထိုစကားတွင် ထန်ဝမ်နျန်သည် မျက်မှောင်ကြုတ်လျက် ရှောင်ဟူကို ကြည့်လိုက်သည်။

ဒုန်း!

ထန်ဝမ်နျန်သည် တရားစီရင်ရေးတူကို ထုလိုက်သည်။ ထိုစဉ် ဝူဟုန်မှ ထန်ဝမ်နျန်ကို တီးတိုးပြောလိုက်သည်။

“တရားသူကြီးမင်း ဒီလူက ကျားဖြူခန်းမကပါ”

ထန်ဝမ်နျန်မှ ပြန်ပြောသည်။

“အဲဒီတော့ဘာဖြစ်လဲ။ ကျားဖြူခန်းမမှာ လူ၇၀၀၊၈၀၀လောက်ရှိတာ၊ သူတို့ တစ်ယောက်ချင်းစီတိုင်းက ငါအရာရှိကို ဒူးမထောက်ဘဲ နေလို့ရသလား။ အဲဒါဆို ငါ့ရဲ့အင်အားအာဏာဆိုတာ ဘယ်ရောက်သွားမလဲ”

ထိုအခါ ဝူဟုန်မှ ထပ်ပြောသည်။

“သူက စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ပါ”

“စွမ်းအင်ပြောင်းလဲခြင်းအဆင့်?”

ထန်ဝမ်နျန် ထိတ်လန့်သွား၏။ အခြားအရာများကို လျစ်လျူရှုထားနိုင်သော်ငြား စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကိုမူ ထည့်သွင်းစဉ်းစားရပေမည်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ဟူသည် သူနှင့် တစ်တန်းတည်း ရပ်တည်နိုင်သည့် အစောင့်အရှောက်ကြီး၁၃ဦးကို ကိုယ်စားပြုခြင်း မဟုတ်ပါလော။

ဝူဟုန်မှ ပြောသည်။

“အခု သူဒီလိုနေနေတာက ချန်ကျိုစစ်က ကြိုပြီး ညွှန်ကြားထားလို့ ဖြစ်ပါလိမ့်မယ်။ ကျုပ်တို့ သွားဖမ်းတုန်းက သူ လုံးဝ မခုခံခဲ့ဘူး။ မဟုတ်ရင် သူ့ကိုဖမ်းဆီးဖို့ဆိုတာ ဒီလိုလွယ်ကူနေမှာ မဟုတ်ဘူး”

“ပြီးတော့ အခု သူ့လက်တွေကို ချုပ်ထားတဲ့ သံကြိုးတွေကလည်း သူ့ကို ဖမ်းချုပ်ထားနိုင်စွမ်း ရှိမှာမဟုတ်ပါဘူး။ တရားသူကြီးမင်း ကျေးဇူးပြုပြီး ပြန်စဉ်းစားဆင်ခြင်ပါဦး”

ထိုအခါ ထန်ဝမ်နျန် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် ရှောင်ဟူအား ဒူးထောက်ခိုင်းသည့် ကဏ္ဍကို ချက်ချင်း ကျော်သွားလိုက်ပြီး တရားစီရင်ရေးတူကို နောက်တစ်ကြိမ် ထုလိုက်ရင်း ပြောသည်။

“ကြားနာမှု စတင်မယ်”

ဝေးးးး ဝူးးးး ဝူးးးးး

အစိုးရရုံးတော်ရှိ အရာရှိရဲမက်များသည် တရားရုံးတော်၏ အင်အားအာဏာကို ပြသခြင်းအားဖြင့် အော်ဟစ်ကြသည်။ သို့ဖြင့် လေထုအခြေအနေသည် ပိုမိုလေးနက်တင်းမာလာခဲ့သည်။ ထန်ဝမ်နျန်မှ တရားစီရင်ရေးတူကို နောက်တစ်ကြိမ် တီးခေါက်လိုက်ချိန်တွင်မူ အော်ဟစ်သံများ ရပ်တန့်သွားခဲ့သည်။

“မင်းတို့ ဘယ်လို မတရားမှုတွေကို ကြုံတွေ့ခဲ့ရသလဲ။ မြန်မြန်လျှောက်တင်စမ်း”

ကြားနာမှုအတွင်း အသုံးပြုသော ဟန်ဆောင်ပန်ဆောင်စကားများမှာ ရိုးရှင်းလှသည်။

ထိုင်ခုံတွင် ထိုင်နေသည့် အမျိုးသမီးသည် မတ်တပ်ရပ်လိုသည့် အရိပ်အယောင် မရှိချေ။ သူမသည် တရားလိုဖြစ်သော်ငြား မုလန်လူမျိုးများ၏ နောက်လိုက်ကျွန်ဖြစ်သည့် ဟန့်လူမျိုးအရာရှိအား ဖြစ်ကြောင်းကုန်စင်ကို ပြန်ပြောလိုခြင်းလည်း မရှိချေ။ ဤလူသည် သူမမှ ရှင်းပြပြောပြရန် မထိုက်တန်ပေ။

အမျိုးသမီးမှ လက်ဝှေ့ယမ်းပြလိုက်ရာ အိမ်တော်ထိန်းဟုထင်ရသည့် လူတစ်ယောက်မှ ရှေ့ထွက်လာပြီး ပြောသည်။

“တရားသူကြီးမင်းကို လျှောက်တင်ပါတယ်။ ကျွန်တော်က အထက်တန်းလွှာလူကြီးမင်းထာရာနဲ့ လူကြီးမင်းထာရာရဲ့ တရားဝင်ဇနီးသည်တို့ကို ကိုယ်စားပြုပြီး ဟန့်လူမျိုးချန်ရှောင်ဟူက ကျွန်တော်တို့ရဲ့သခင်ကြီးထာရာကို သတ်ဖြတ်ခဲ့ကြောင်း တိုင်ကြားလိုပါတယ်။ ကျေးဇူးပြုပြီး တရားသူကြီးမင်းအနေနဲ့ သခင်ကြီးရဲ့ဝိဉာဉ် ကောင်းရာမွန်ရာကို ရောက်ရှိနိုင်အောင်လို့ ဒီအမှုကို သေချာစုံစမ်းစစ်ဆေးပြီး ချန်ရှောင်ဟူကို အပြင်းထန်ဆုံး အပြစ်ဒဏ်ကို ချမှတ်ပေးတော်မူပါ”

ထိုအခါ ထန်ဝမ်နျန် ခဏမျှ တိတ်ဆိတ်သွား၏။ ထို့နောက် ရှောင်ဟူကို ကြည့်လိုက်ပြီး မေးသည်။

“ချန်ရှောင်ဟူ သူတို့က မင်းကို မုလန်လူမျိုး ထာရာကို သတ်ဖြတ်ခဲ့တယ်လို့ တိုင်ကြားထားတယ်။ မင်း ဝန်ခံသလား”

“ဝန်မခံပါဘူး”

ချန်ရှောင်ဟူသည် တည့်တိုးပင် ပြန်ဖြေလိုက်သည်။ ထို့နောက် အမျိုးသမီးကို လှည့်ကြည့်လိုက်ပြီး ပြောသည်။

“အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေပါ”

“မင်း အောက်တန်းစားကောင်၊ အခုထိ ငြင်းနေတုန်းလား။ မင်းကြည့်လိုက်ဦး၊ ဒီနေရာမှာ မျက်မြင်သက်သေတွေ အများကြီးရှိတယ်။ အဲဒါတောင် မင်းက ငြင်းရဲသေးတယ်လား”

ထိုင်ခုံတွင် ထိုင်နေသည့်အမျိုးသမီးမှ ဒေါသတကြီးဖြင့် ပြောလာခဲ့သည်။ ထို့နောက် အိမ်တော်ထိန်းမှ ပြောသည်။

“သခင်မ ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်”

အမျိုးသမီးမှ ပြန်ပြောသည်။

“အင်း”

အိမ်တော်ထိန်းသည် ရှောင်ဟူကို ကြည့်၍ မေးသည်။

“မင်း မနေ့က အရှေ့မြို့က ဘုရားကျောင်းပွဲတော်ကို သွားခဲ့သလား”

ရှောင်ဟူမှ ပြန်ဖြေသည်။

“အင်း သွားခဲ့တယ်”

“တစ်ယောက်တည်းသွားခဲ့တာလား”

ရှောင်ဟူမှ ဖြေသည်။

“မဟုတ်ဘူး။ ခန်းမအရှင်သခင်၊ သခင်မနဲ့ အဖွဲ့သားတွေ အများကြီးပါတယ်”

“အရမ်းကောင်းတယ်။ တရားသူကြီးမင်း ရှင်းရှင်းလင်းလင်းကြားလိုက်ပြီ ထင်ပါတယ်။ မနေ့က ချန်ရှောင်ဟူနဲ့အုပ်စုဟာ အရှေ့မြို့ကိုသွားခဲ့ပြီး စားသောက်ဆိုင်လေးတစ်ဆိုင်မှာ သေရည်သောက်ဖို့ ဝင်သွားခဲ့ကြပါတယ်။ သောက်စားနေကြတုန်းမှာ ချန်ရှောင်ဟူဟာ ကိုယ်ကျင့်သိက္ခာကင်းမဲ့တဲ့ စိတ်တွေ ထကြွလာခဲ့ပြီး ဆိုင်ပိုင်ရှင်ဇနီးမောင်နှံကို အနိုင်ကျင့်ခဲ့ပါတယ်။ ဆိုင်ရှင်အမျိုးသားကို ဒဏ်ရာရစေခဲ့ပြီး ဆိုင်ရှင်အမျိုးသမီးကို မြေပြင်မှာ လဲလျောင်းစေခဲ့ပါတယ်”

“အဲဒီအချိန်မှာ သခင်ကြီးထာရာ အဲဒီမြင်ကွင်းကို မြင်သွားခဲ့ပြီး ချန်ရှောင်ဟူကို ဝင်ရောက်တားဆီးခဲ့ပါတယ်။ ဒါပေမဲ့ ချန်ရှောင်ဟူက ရုတ်တရက်ကြီး အရမ်းရန်လိုလာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာပါလဲ။ ကျွန်တော်တို့အစေခံအတော်များများကို ဒဏ်ရာရစေခဲ့ပြီး ကျွန်တော်တို့သခင်ကြီးထာရာမှာ အသက်သေဆုံးရလုနီးပါး ပါပဲ။ အဲဒီအချိန်မှာ ခေါင်းဆောင်ဝူ အချိန်မီရောက်လာပြီး ဟန့်တားပေးခဲ့တာကို ကျေးဇူးတင်ရမှာပါ”

“ဒါပေမဲ့ အရိပ်ထဲမှာ နောက်ထပ်လူတစ်ယောက် ပုန်းကွယ်နေဦးမယ်လို့ ကျွန်တော်တို့ လုံးဝ ထင်မထားမိခဲ့ပါဘူး။ ထိုလူကတော့ ကျားဖြူခန်းမအရှင်သခင် ချန်ကျိုစစ်ပါပဲ။ ချန်ကျိုစစ်က အမှောင်ရိပ်ကို အသုံးချပြီး ကျွန်တော်တို့သခင်ကြီးကို သတ်ဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့် လူသတ်သမားက ချန်ရှောင်ဟူတစ်ယောက်တည်း မဟုတ်ဘဲ ကျားဖြူခန်းမအရှင်သခင် ချန်ကျိုစစ်ဟာလည်း လူသတ်သမားပါပဲ!”

ဘုန်း!

ထိုစကားတွင် အားလုံးသည် အမှန်တရားကို လိမ်လည်ပြောဆိုနေသည့် အိမ်တော်ထိန်းကို ကြည့်လိုက်ကြသည်။

ရှောင်ဟူ ဒေါသပေါက်ကွဲတော့သည်။

“သောက်အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပဲ! မုလန်လူမျိုးလေးတစ်ယောက်အတွက်များ ခန်းမအရှင်သခင်ကိုယ်တိုင် လှုပ်ရှားနေရဦးမှာတဲ့လား? မင်း ငါတို့ကို မဟုတ်မမှန်စွပ်စွဲနေတာပဲ!”

ခန်းမတစ်ဝိုက်ရှိ လူအုပ်ကြီးမှာလည်း အံ့ဩသွားရသည်။ အားလုံးသည် ချန်ကျိုစစ်ကို ချောက်ချစွပ်စွဲရဲသည်အထိ သတ္တိကောင်းလှသည့် ထိုမုလန်လူမျိုးအိမ်တော်ထိန်းကို ကြည့်လိုက်ကြသည်။

ချန်ကျိုစစ်က ဒီလိုလွယ်လွယ်နဲ့ ပြဿနာတက်နိုင်ပါ့မလား?

ဒီမုလန်လူမျိုးတွေက မောက်မာထောင်လွှားလွန်းနေတာ မဟုတ်ဘူးလား?

ထိုအချိန်၌ ချန်ကျဲ့သည် လက်ဆောင်ပဏ္ဍာများ ပြင်ဆင်ကာ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သို့ ရောက်ရှိလာခဲ့သည်။ ချီမုကောမှ နှုတ်ဆက်သည်။

“တပ်မှူးချီမုကော”

ချန်ကျဲ့ ယဉ်ကျေးပျူငှာစွာ အရိုအသေပြု နှုတ်ဆက်လိုက်သည်။

“စီရင်စုအုပ်ချုပ်ရေးမှူးကို တွေ့ခွင့်ရနိုင်မလား”

ချီမုကောသည် ချန်ကျဲ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပြောသည်။

“ကျိုစစ် မင်း အခုတလော ပြဿနာအတော်ရှာနေတာပဲ”

ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။

“အဲဒါကြောင့်ပဲ ကျွန်တော် အခု စီရင်စုအုပ်ချုပ်ရေးမှူးကို ရှင်းပြဖို့ လာနေတာလေ၊ မဟုတ်ဘူးလား”

ထိုသို့ပြောလျက် ချန်ကျဲ့သည် လက်ဆောင်များကို စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ အစေခံများကို ပေးလိုက်သည်။ ချီမုကောသည် ချန်ကျဲ့ကို ယဲ့လုဖုန်း ငါးမျှားနေသည့် အနောက်ဥယျာဉ်သို့ ခေါ်သွားခဲ့သည်။

ချန်ကျဲ့ အနီးသို့လျှောက်သွားပြီးနောက် နှုတ်ဆက်လိုက်သည်။

“သခင်ကြီးယဲ့လု”

ယဲ့လုဖုန်းသည် ဘာမှ မတုံ့ပြန်ပေ။ ထို့နောက် ရေကန်ကို ညွှန်ပြ၍ ပြောသည်။

“ငါးဖမ်းချင်သလား”

ချန်ကျဲ့ ပြန်ပြောလိုက်သည်။

“ဒါပေါ့။ သခင်ကြီးယဲ့လုကို ကျေးဇူးတင်ပါတယ်”

ချန်ကျဲ့သည် ငါးမျှားတံကို ကောက်ကိုင်ပြီး ငါးမျှားကြိုးကို ရေထဲသို့ ပစ်ချလိုက်ပြီးနောက် ရေတွင်ပေါ်နေသည့် ငါးစာဖော့ကို ကြည့်နေခဲ့သည်။ ထိုစဉ် ဘေးတွင်ထိုင်နေသည့် ယဲ့လုဖုန်းမှ ပြောသည်။

“အစိုးရရုံးတော်ကိစ္စအတွက် ရောက်လာတာမလား”

ချန်ကျဲ့ ချက်ချင်းအရိုအသေပြုလိုက်ပြီး ပြောသည်။

“ဟုတ်ပါတယ် သခင်ကြီးယဲ့လု”

ယဲ့လုဖုန်းမှ မှတ်ချက်ပြုသည်။

“ဒီကိစ္စကိုတော့ ငါမင်းကို မကူညီပေးနိုင်ဘူး။ ငါတို့မုလန်လူမျိုးကို သတ်ဖြတ်တာက သာ့ချန်ရဲ့ အမျိုးသားဂုဏ်သိက္ခာကို စိန်ခေါ်လိုက်တာပဲ။ မင်းရဲ့ငယ်သားကို ဘယ်သူမှ ကယ်တင်မပေးနိုင်ဘူး”

All Chapters