အခန်း (၅၄၃)
Vol. 44 Ch. 543
အခန်း ၅၄၃
ချန်ကျဲ့မှ ပြောသည်။
“မုလန်လူမျိုးတစ်ယောက် သေသွားတာဆိုတော့ ဒီပြဿနာက ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကိစ္စကြီးကြီးမားမားတော့လည်း မဟုတ်ဘူး။ အခုအချိန်မှာ ငါက စီရင်စုအုပ်ချုပ်ရေးမှူးအတွက် အရမ်းအသုံးဝင်တဲ့သူပဲ။ အများဆုံးမှ ငါ့ကို ကျယ်ကျယ်လောင်လောင် ပြဿနာလုပ်ပြီး ညင်ညင်သာသာပဲ အရေးယူလိမ့်မယ်”
“မင်းက ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် စိတ်လိုက်မာန်ပါမလုပ်မိဖို့ သေချာသတိထားပါ။ အစိုးရရုံးတော်က ရဲမက်တွေ မင်းကို လာဖမ်းခဲ့ရင်လည်း မခုခံနဲ့။ ကျန်တဲ့အရာတွေကို မင်းအစ်ကိုကြီး ငါက အကုန်ကာပေးထားမယ်”
ချန်ကျဲ့မှ ရှောင်ဟူကို ကြည့်လျက် ပြောသည်။ ရှောင်ဟူမှ ခေါင်းညိတ်သည်။
“အမ်း ကျွန်တော်နားလည်ပါပြီ”
ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“တစ်ခုခုသွားစားကြရအောင်။ ငါတို့ တစ်ညလုံး အလုပ်ရှုပ်နေကြတာနဲ့ ပူပူနွေးနွေး ထမင်းတစ်နပ်တောင် မစားရသေးဘူး”
ထို့နောက် သူတို့နှစ်ဦးသည် ညစာစားရန် ထွက်ခွာခဲ့ကြသည်။ ချန်ကျဲ့သည် ရှောင်ဟူ၏လုပ်ရပ်ကို ထောက်ခံပေးခဲ့သည်။ ရှောင်ဟူရှာခဲ့သည့် ပြဿနာအတွက်မူ ချန်ကျဲ့ အရမ်းကြီး မစိုးရိမ်မိပါချေ။ တကယ်တမ်းတွင် ချန်ကျဲ့သည်လည်း လတ်တလောတွင် အတော်လေး အလွန်အကျွံလုပ်နေခဲ့မိပါ၏။ စီရင်စုအုပ်ချုပ်ရေးမှူးသည်လည်း ကိစ္စအများစုတွင် သူ၏ ကိုယ်ပိုင်အတွေးအမြင်များ ရှိနေမည်ဖြစ်ပြီး ဤတစ်ကြိမ်အခွင့်အရေးတွင် စီရင်စုအုပ်ချုပ်ရေးမှူးသည် သူ့ကို အနည်းငယ် ဆုံးမလိမ့်မည်ဟု ချန်ကျဲ့ ခန့်မှန်းထားသည်။
ဤတစ်ကြိမ်ကိစ္စသည် စီရင်စုအုပ်ချုပ်ရေးမှူးမှ ချန်ကျဲ့ကို ဆုံးမနိုင်မည့် အခွင့်အရေးတစ်ခု ဖန်တီးပေးလိုက်ခြင်းသာ ဖြစ်သည်။ အချိန်ကျလာလျှင် ချန်ကျဲ့သည် မိမိ၏အမှားကို ဝန်ခံပြီး စီရင်စုအုပ်ချုပ်ရေးမှူး၏ စီမံပေးမှုအတိုင်း လိုက်နာပါမည့်အကြောင်း ပြသပေးရန်သာ လိုအပ်ပေသည်။ ထို့နောက်တွင် အရာအားလုံး အဆင်ပြေသွားပါလိမ့်မည်။
ထို့ပြင် မုလန်လူမျိုးကို သတ်ခဲ့သူမှာ ရှောင်ဟူ မဟုတ်ပေ။ ဤအချက်သည် အတော်လေး ပြဿနာလျော့နည်းသွားစေခဲ့သည်။
ထို့ကြောင့် ချန်ကျဲ့သည် စိုးရိမ်ပူပန်ခြင်း မရှိပါချေ။
ချန်ကျဲ့နှင့် ရှောင်ဟူသည် ညစာ အတူစားရင်း ခန်းမအတွင်းအရေးကိစ္စအချို့အကြောင်း ဆွေးနွေးခဲ့ကြသည်။ ဦးလေးအာ့ပါးအကြောင်းလည်း ပြောဖြစ်ခဲ့ကြသည်။ ဦးလေးအာ့ပါး၏ ကျန်းမာရေးအခြေအနေသည် ပိုမို၍ ကောင်းမွန်တိုးတက်လာနေသည်။ ဦးလေးအာ့ပါးသည် အသက်အရမ်း ကြီးရင့်နေသူ မဟုတ်သေးပေ။ အသက်၄၀ပင် မပြည့်သေးပေ။ ဘဝလောကဓံများကြောင့်သာ အသက်ကြီးရင့်သည့်အသွင်အပြင် ဖြစ်နေခြင်းဖြစ်သည်။
ယခုတွင် ဦးလေးအာ့ပါး၌ ငွေရေးကြေးရေးနှင့်ပတ်သက်သည့် ဖိအား မရှိတော့ပေ။ ကျားဖြူခန်းမ၌ ရှောင်ဟူ၏ လစာသည် ငွေတုံးတစ်ရာနှင့်အထက် ဖြစ်ရာ မြို့ထဲတွင် အိမ်အသေးလေးတစ်လုံး ဝယ်ယူရန်ပင် လုံလောက်၏။
ထို့ပြင် ချန်ကျဲ့မှ ရှောင်ဟူအတွက် တမင်ရည်ရွယ်ပြီး ဖယ်ချန်ပေးထားသည့် တရားဝင်လစာမဟုတ်သော ဝင်ငွေများလည်း ရှိသေးသည်။ သို့သော် ရှောင်ဟူသည် နားမလည်၍လား တခြားအကြောင်းကြောင့်လား မသိပေ၊ ထိုငွေများကို တစ်ပြားတစ်ချပ်မျှ မယူချေ။ ထိုငွေအားလုံးကို ချန်ကျဲ့ကို လွှဲပေးထားသည့်အပြင် ချန်ကျဲ့အား ပစ္စည်းဝယ်ယူဖြည့်တင်းမှုအပိုင်းရှိ ဟာကွက်များကို ပြန်လည်ဖြည့်ဆည်းရန်ပင် တောင်းဆိုလိုက်သေးသည်။
ချန်ကျဲ့သည် ထိုဟာကွက်များကို မသိဘဲရှိပါမည်လော။
ချန်ကျဲ့ သိပါသည်။ သို့သော် တမင်သက်သက် လွှတ်ထားပေးခြင်း ဖြစ်သည်။ အောက်ခြေအလုပ်သမားများ အကျိုးအနည်းငယ် ရှာနိုင်ရန်အတွက် ဟာကွက်အချို့ တမင်ချန်ထားပေးခြင်းသာ ဖြစ်ပါ၏။
ရှောင်ဟူသည် အနည်းငယ် တုံးအနေခြင်းမှာ နှမြောဖို့ကောင်းလှသည်။ သို့သော် ထိုအကြောင်းအရင်းကြောင့်ပင် ချန်ကျဲ့ကို ရှောင်ဟူကို မကြာခဏ ဆုလာဘ်ချီးမြှင့်လေ့ရှိခဲ့သည်။
ချန်ကျဲ့သည် ဦးလေးအာ့ပါးနှင့်မိသားစုအတွက် သက်သာချောင်ချိသည့် အလုပ်အကိုင်ကိုပင် စီစဉ်ပေးခဲ့သေးသည်။ သို့သော် ဦးလေးအာ့ပါးသည် မွေးရပ်မြေမှ မထွက်ခွာလိုရာ ရှန်းထောင်ရွာမှ မပြောင်းရွှေ့ချင်ပေ။ သို့ဖြင့် ချန်ကျဲ့လည်း ရွေးချယ်စရာမရှိဘဲ လွှတ်ထားပေးလိုက်ရသည်။
ချန်ကျဲ့သည် ဦးလေးအာ့ပါးနှင့်မိသားစု၏ ကျေးဇူးတရားကို အမြဲ မှတ်သားထားခဲ့သည်။ ထိုအချိန်က ဦးလေးအာ့ပါးတို့၏ ဂရုစိုက်ဖေးမပေးမှုကြောင့် မဟုတ်ခဲ့လျှင် သူနှင့် စူးယွင်ကျင်း၏ဘဝသည် အများကြီး ပို၍ ခက်ခဲနေခဲ့လိမ့်မည်။ ချန်ကျဲ့သည် ကြင်နာမှုကို မှတ်သားထားပြီး ပြန်လည် ကျေးဇူးဆပ်တတ်သူ ဖြစ်သည်။ သူ့အား ကူညီပေးခဲ့ဖူးသူတိုင်းကို စိတ်နှလုံးတွင် အမြဲ သေချာမှတ်သားထားပါသည်။
ညစာစားသောက်ပြီးနောက်၌ သူတို့နှစ်ဦးသည် ကိုယ်စီ ခြံဝင်းအသီးသီးသို့ ပြန်ခဲ့ကြသည်။ တစ်ညတာသည် အေးအေးချမ်းချမ်း ကုန်ဆုံးသွားခဲ့သည်။
နောက်တစ်နေ့၌ ချန်ကျဲ့ အိပ်ရာနိုးသောအခါ ချွေ့ကျူမှ အခစားဝင်ကာ ချန်ကျဲ့ကို မျက်နှာသစ်ရန် ကူညီပေးသည်။ ထိုစဉ် စစ်ရှီးမှ အလောတကြီး ပြေးဝင်လာ၏။
“ခန်းမအရှင်သခင် ခန်းမအရှင်သခင် မကောင်းတော့ဘူး ပြဿနာအကြီးကြီးတက်နေပြီ!”
ချန်ကျဲ့ မျက်နှာသစ်လိုက်ပြီး ချွေ့ကျူကို ပုဝါကမ်းပေးလိုက်သည်။ ထို့နောက် စစ်ရှီးကို ကြည့်လိုက်သည်။
“ဘာပြဿနာတက်လို့လဲ”
စစ်ရှီးမှ ပြောသည်။
“လူကြီးမင်းဟူ လူကြီးမင်းဟူကို အစိုးရရုံးတော်က လာဖမ်းသွားပါတယ်”
“အို?”
ချန်ကျဲ့ မျက်ခုံးတစ်ဖက်ပင့်လိုက်၏။ အစိုးရရုံးတော်မှ ဤမျှ မြန်မြန် လူဖမ်းသွားသည်ကို အံ့အားသင့်သွားခဲ့သည်။ ထို့နောက် စစ်ရှီးကို ပြောသည်။
“အို ဘယ်သူလာဖမ်းသွားတာလဲ”
စစ်ရှီးမှ ပြန်ပြောသည်။
“အရာရှိဝူဟုန်ပါ”
ထိုအခါ ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ဪ ငါသိပြီ။ ဒါနဲ့ ရှောင်ဟူ ပြန်မခုခံခဲ့ဘူးမလား”
“မခုခံခဲ့ပါဘူး။ လူကြီးမင်းဟူ ပြန်မခုခံခဲ့ပါဘူး”
ချန်ကျဲ့ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ဆက်ပြော၏။
“စစ်ရှီး လက်ဆောင်ပဏ္ဍာတချို့ သင့်တင့်သလို ပြင်ဆင်ပြီးတော့ မြင်းတွေ အသင့်ပြင်ထားလိုက်။ ငါ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို သွားမလို့”
ထိုအခါ စစ်ရှီးမှ ပြောသည်။
“ခန်းမအရှင်သခင်၊ လူကြီးမင်းဟူကို အစိုးရရုံးတော်က ဖမ်းခေါ်သွားတာပါ။ ကျွန်တော်တို့ တကယ်ပဲ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်ကို သွားမှာလား”
ချန်ကျဲ့ ရယ်လိုက်သည်။
“ဟားဟား စီရင်စုအုပ်ချုပ်ရေးမှူးသာ ခေါင်းမညိတ်ရင် အစိုးရရုံးတော်က ကျားဖြူခန်းမရဲ့လူကို မထိရဲဘူး။ စိတ်ချပါ၊ ဘာမှမဖြစ်ပါဘူး”
ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် ချွေ့ကျူဘက်သို့ လှည့်၍ ပြောလိုက်သည်။
“ငါဒီနေ့ အိမ်မှာ မနက်စာမစားတော့ဘူးလို့ သခင်မကို ပြောလိုက်ပါ”
ထိုအခါ စစ်ရှီးမှ ပြောသည်။
“ဒါ ဒါဆို ကျွန်တော် သွားပြင်ဆင်လိုက်ပါမယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အင်း”
စစ်ရှီးသည် နာခံစွာဖြင့် ပြင်ဆင်ရန် လှည့်ထွက်လာခဲ့သော်ငြား နားမလည်နိုင်ဖြစ်နေဆဲပင်။
ခန်းမအရှင်သခင်ကို ကြည့်ရတာ အလျင်လိုမနေသလိုပဲ။ ဒါပေမဲ့ လူကြီးမင်းဟူက ခန်းမအရှင်သခင်ရဲ့ အရင်းနှီးဆုံးညီနောင်လေ။
စစ်ရှီးမှာ မေးခွန်းပေါင်းများစွာဖြင့် ပြည့်နှက်နေတော့သည်။
ထိုစဉ် လမ်းမတစ်ခုထက်၌ ရှောင်ဟူသည် လက်များကို သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသည်။ ဝူဟုန်သည် ရှောင်ဟူ၏ဘေးတွင် ကပ်လျှောက်ရင်း တီးတိုးပြော၏။
“တရားရုံးတော်ကိုရောက်ရင် ဘာတွေပဲဖြစ်လာပါစေ စကားကို မဆင်မခြင်မပြောနဲ့။ ငါ မင်းကို ကူညီပေးမယ်”
ရှောင်ဟူသည် ဝူဟုန်ကို ကြည့်လျက် ပြန်ဖြေသည်။
“အစ်ကိုဟုန် မနေ့က ကိစ္စအတွက် ကျွန်တော်တောင်းပန်ပါတယ်။ မနေ့က အစ်ကိုကျိုစစ် ကျွန်တော့်ကို ဆူတယ်။ မနေ့က ကျွန်တော်မှားတာပါ”
ဝူဟုန် ခဏတွေဝေသွား၏။ ထို့နောက် ရှောင်ဟူ၏ပခုံးကို ပုတ်လျက် ပြောသည်။
“ညီအစ်ကိုအချင်းချင်း ဒီလိုစကားတွေ ပြောဖို့မလိုပါဘူးကွာ”
ရှောင်ဟူမှ ပြောသည်။
“အမ်း.. အစ်ကိုဟုန် ပြောစကားကို နားထောင်ပါ့မယ်”
ဝူဟုန်မှ ခေါင်းညိတ်တုံ့ပြန်သည်။ သို့ဖြင့် ဝူဟုန်သည် ရှောင်ဟူကို တရားရုံးတော်သို့ ခေါ်လာခဲ့သည်။
မကြာမီတွင် သူတို့ တရားရုံးတော်သို့ ရောက်ခဲ့ကြသည်။ တရားရုံးတော်မှာ ယောကျ်ား၊မိန်းမစုံလင်စွာဖြင့် လူစည်ကားနေသည်။ အများစုသည် မုလန်လူမျိုးများ၏ အိမ်တော်အစေခံများ ဝတ်ဆင်လေ့ရှိသည့် မီးခိုးရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
အများစုသည် ခန်းမတစ်ဝိုက်တွင် မတ်တပ်ရပ်နေကြပြီး လူနှစ်ယောက်သည်တော့ ကြမ်းပြင်တွင် ဒူးထောက်နေသည်။
ဒူးထောက်နေသူနှစ်ဦးသည် ကြောက်ရွံ့မှုကြောင့် အလွန်အမင်း တုန်ယင်နေကြသည်။ ထိုလူနှစ်ဦးမှာ မနေ့က အနိုင်ကျင့်ခံခဲ့ရသည့် စားသောက်ဆိုင်မှ ဇနီးမောင်နှံဖြစ်ပေသည်။
ဝူဟုန်သည် ရှောင်ဟူကို ခေါ်ဆောင်၍ ခန်းမအတွင်းသို့ ဝင်သွားခဲ့သည်။ သူတို့ ခန်းမထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် မီးခိုးရောင်ဝတ်အစေခံများသည် ရှောင်ဟူကို စူးစူးရဲရဲ ကြည့်လာကြသည်။ သို့သော် ရှောင်ဟူ ဂရုမစိုက်ပါချေ။ ထိုအစေခံများကို တစ်ချက်သာ ပြန်ကြည့်ပေးလိုက်ပြီး တစ်ဖက်ဘေးတွင် ရပ်လိုက်သည်။ ထို့နောက် ဝူဟုန်သည် ရှေ့တို့သွားကာ အရိုအသေပြုသည်။
“တရားသူကြီးမင်း ရာဇဝတ်သားချန်ရှောင်ဟူကို ခေါ်ဆောင်လာပါပြီ”
ခန်းမကြီး၏ စင်မြင့်ထက်ရှိ စားပွဲနောက်တွင် ထိုင်နေသူမှာ စီရင်စုရာဇဝတ်တရားသူကြီးထန်ဝမ်နျန် ဖြစ်သည်။ အရာရှိဝူဟုန်၏ လျှောက်တင်စကားအဆုံး၌ ထျန်ဝမ်နျန်သည် တရားစီရင်ရေးတူကို ထု၍ ပြောသည်။
“ကောင်းပြီ၊ ရာဇဝတ်သားအားလုံးရောက်ပြီဆိုတော့.. သခင်မ ကြားနာမှုကို စတင်လိုက်ကြတာပေါ့”
ထန်ဝမ်နျန်သည် မီးခိုးရောင်အစေခံများ၏ ဝန်းရံခံထားရသော အမျိုးသမီးကို ကြည့်၍ ပြောလိုက်ခြင်းဖြစ်သည်။
ရှောင်ဟူလည်း ထိုအမျိုးသမီးကို သတိထားမိလိုက်သည်။ အမျိုးသမီးသည် အလွန်တောက်တောက်ပပ ဝတ်စားဆင်ယင်ထားသော်ငြား ပေါ့ပြက်ပေါ့တန်သည့် အသွင်အပြင်ရှိသည်။ သူမ၏ လက်ချောင်းများတွင်လည်း ကြီးမားထူထဲသည့် ရွှေလက်စွပ်အမြောက်အများကို ဝတ်ဆင်ထားပြီး လက်မတွင်လည်း အရည်အသွေးမြင့် ကျောက်စိမ်းလက်စွပ်ကြီးတစ်ကွင်းကို ဝတ်ဆင်ထားပေသည်။