အခန်း (၅၄၀)
Vol. 44 Ch. 540
အခန်း 540
“လူဆိုးကြီး အဲဒီဒေါ်ဒေါ်ကို လွှတ်ပေးလိုက်စမ်း”
အိမ်ထောင်သည်အမျိုးသမီးကို အဝတ်ဆွဲချွတ်ရန်ပြင်နေသည့် လူကြီးသည် ပေါက်စီထဲမှ စွပ်ပြုတ်ရည်ကြောင့် အပူလောင်သွားခဲ့သည်။
ထို့နောက် လှည့်ကြည့်လိုက်ရာ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျစ်ဆံမြီးနှစ်ချောင်းနှင့် ကလေးမလေးတစ်ဦးနှင့် ၁၀နှစ်အရွယ်ခန့် ကောင်လေးတစ်ဦးကို မြင်လိုက်ရသည်။
“ဟေး ဘာကြောင်ကြည့်နေတာလဲ၊ ဒေါ်ဒေါ့်ကို လွှတ်ပေးလိုက်လေ လူဆိုးကြီး”
“လူဆိုးလား”
မုလန်လူမျိုးသည် မျက်မှောင်ကြုတ်လျက် အမျိုးသမီးထံမှ လက်ဖယ်လိုက်သည်။ သို့သော် သူ၏လက်အောက်ငယ်သားများသည် ထိုအမျိုးသမီးကို ဖမ်းချုပ်ထားဆဲ ဖြစ်သည်။
ထိုအချိန်၌ မုလန်လူမျိုးသည် ရွေ့ရွေ့ကို အော်ဂလီဆန်ချင်စရာကောင်းသည့် မျက်နှာအမူအရာဖြင့် ကြည့်လာခဲ့သည်။ ကလေးမလေးသည် အရွယ်ငယ်သော်ငြား သူ့အတွက်မူ စိတ်ဝင်စားဖို့ကောင်းပေသည်။
ကလေးမလေးက တက်ကြွတာပဲ။ ငါသဘောကျတယ်။
ထိုသို့အတွေးဖြင့် မုလန်လူမျိုးသည် လက်ဝှေ့ယမ်းလိုက်ရာ သူ၏လက်အောက်ငယ်သားများသည် ရွေ့ရွေ့နှင့် စွင်းယုံတို့ကို ချက်ချင်း ဝိုင်းလိုက်ကြသည်။ ဒါဇင်ခန့်သော မီးခိုရောင်ဝတ် အိမ်အစေခံများသည် ကလေးနှစ်ယောက်ကို ဝန်းရံလိုက်ကြသည်။
ထိုအခါ စွင်းယုံသည် အန္တရာယ်ကို ချက်ချင်း ခံစားမိလိုက်ပြီး ရွေ့ရွေ့ကို ဘေးသို့ တွန်းထုတ်လိုက်သည်။
“ရွေ့ရွေ့ ပြေးတော့၊ ငါ သူတို့ကို ထိန်းထားမယ်”
“အာ မဖြစ်ဘူး။ နင်သွား၊ ငါ သူတို့ကို ထိန်းထားမယ်”
ရွေ့ရွေ့သည် အလွန်တည်ငြိမ်သည်။ မည်သည့်လူဆိုးကိုမျှ မကြောက်ရွံ့ပေ။ မည်သို့ပင်ဖြစ်စေ သူမသည် မှန်ကန်သည့်အရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ကောင်းမှုပြုလုပ်ရာတွင် မကြောက်ရွံ့သင့်ဟု သူမ၏အစ်ကိုကြီးက ပြောခဲ့ဖူးသည်။ အစ်ကိုကြီးသည် သူမကို ကာကွယ်ပေးလိမ့်မည်။
ဟမ့် အစ်ကိုကြီးရှိနေတာပဲ၊ ငါက လူဆိုးတွေကို ကြောက်နေရမှာလား။
စွင်းယုံသည် ကလေးငယ်တစ်ဦးသာ ဖြစ်သော်ငြား မုလန်လူမျိုးများ၏ ရက်စက်ကြမ်းကြုတ်မှုကို ကောင်းကောင်းသိသည်။ မျန့်ရွှေတွင် အပြစ်မပြုသင့်ဆုံးသူမှာ မုလန်လူမျိုးများ ဖြစ်သည်။ အကြောင်းမှာ မုလန်လူမျိုးများကို အပြစ်ပြုလိုက်မိပါက စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ ကြားဝင်လှုပ်ရှားလာလိမ့်မည်။
စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော် တည်ရှိနေရခြင်း၏ အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ သူတို့၏ဒေသရှိ မုလန်လူမျိုးများ၏ သာလွန်သော အဆင့်အတန်းကို တည်မြဲစေရန် ဖြစ်သည်။
မုလန်လူမျိုးတစ်ဦးအား အပြစ်ပြုလိုက်ခြင်းသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ အင်အားအပြည့်သော လှုပ်ရှားမှုကို ဖိတ်ခေါ်လိုက်ခြင်းပင်။
ထိုသို့တွေးတောလျက် စွင်းယုံသည် ရွေ့ရွေ့ကို အလောတကြီး ပြော၏။
“အမြန်၊ ဦးလေးဟူကို သွားရှာချည်”
ဟုတ်တယ်၊ ဦးလေးဟူကို ရှာရမယ်။ ဒီလိုအခြေအနေမှာ လူကြီးတွေကပဲ ငါတို့ကို ဘေးကင်းအောင် စောင့်ရှောက်ပေးနိုင်မှာ။
ရွေ့ရွေ့ ထွက်ပြေးတော့မည်တွင် မီးခိုရောင်ဝတ်အစေခံနှစ်ဦးသည် သူမကို လမ်းပိတ်လိုက်သည်။ မုလန်လူမျိုးသည် ယုတ်မာကောက်ကျစ်စွာ ပြုံးလိုက်ပြီး ရွေ့ရွေ့အနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။
ထိုအခါ စွင်းယုံသည် ခဏမျှ တွေဝေနေပြီးနောက် မီးခိုးရောင်အစေခံတစ်ဦးဆီသို့ တစ်ဟုန်ထိုး ပြေးဝင်ကာ အလဲထိုးလိုက်သည်။
ထို့နောက် စွင်းယုံသည် အော်ပြော၏။
“ပြေးတော့”
ရွေ့ရွေ့ လှည့်ထွက်ပြေးတော့မည်တွင် နူးညံ့ညင်သာသည့် အမျိုးသမီးတစ်ဦး၏အသံ ထွက်ပေါ်လာခဲ့သည်။
“အာ မင်းတို့က ဒီမှာပဲ။ ငါ မင်းတို့ကိုရှာနေတာ။ မင်းတို့ဘာလုပ်နေကြတာလဲ”
စူးယွင်ကျင်းသည် ထိုသို့ပြောရင်း ရွေ့ရွေ့တို့အနီးသို့ လျှောက်လာသည်။
“မမ ပြေးတော့”
စူးယွင်ရွေ့သည် ကလေးငယ်လေးဖြစ်သည့်တိုင် ဤကိစ္စတွင် အစ်မဖြစ်သူကို မပါဝင်စေသင့်ကြောင်း နားလည်သည်။ အထူးသဖြင့် လူဆိုးကြီးသည် လှပသည့် အမျိုးသမီးများကို ပစ်မှတ်ထားနေသူဖြစ်၏။ စူးယွင်ကျင်း၏ အလှသည် ထိုအိမ်ထောင်သည်အမျိုးသမီးထက် အများကြီးပို၍ သာလွန်ပေသည်။
သို့သော် စူးယွင်ကျင်းသည် ဖြစ်ပျက်နေသည်များကို မသိပေ။ မုလန်လူမျိုးများသည် ပြဿနာရှာတတ်လွန်းကြောင်း သိသည့်တိုင် အခြေအနေအသေးစိတ်ကို မသိထားပေ။ ထို့ပြင် သူမ၏အဆင့်အတန်းသည် ကျားဖြူခန်းမ၏ သခင်မဖြစ်ရာ မုလန်လူမျိုးများ၏ နှောင့်ယှက်ခြင်းမှ အကြမ်းဖျင်းအားဖြင့် ကာကွယ်ခြင်းခံထားရသည်။
ထို့ကြောင့် စူးယွင်ကျင်းသည် မုလန်လူမျိုးများ၏ ဘေးအန္တရာယ်ကို သေချာမသိပေ။
ခြုံငုံလိုက်သော် စူးယွင်ကျင်းသည် သူမ၏ ကျေးလက်သူဘဝတွင်လည်း မုလန်လူမျိုးများနှင့် မကြုံတွေ့ခဲ့ဖူးပေ။ မြို့သို့ ပြောင်းရွှေ့လာချိန်တွင်လည်း ချန်ကျဲ့သည် သူမကို အလွန်အားစိုက်ထုတ်၍ ကာကွယ်ပေးထားခဲ့သောကြောင့် မုလန်လူမျိုးများ၏ သားရဲတိရစ္ဆာန်ဆန်သော အကျင့်စရိုက်များကို မမြင်တွေ့ဖူးချေ။
ယခုတွင် မုလန်လူမျိုးသည် စူးယွင်ကျင်းကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မျက်လုံးအကြည့်များ ပြောင်းလဲသွား၏။
ဒီလိုမင်သက်လောက်စရာ အလှမျိုးက ဒီလောကမှာ တည်ရှိနေတယ်တဲ့လား။
မုလန်လူမျိုးသည် ချက်ချင်းပင် ခုနက အိမ်ထောင်သည်အမျိုးသမီးမှာ ဆွဲဆောင်မှုရှိသည်ဟု မထင်တော့ပေ။ သူ၏အကြည့်များသည် စူးယွင်ကျင်းထံတွင်သာ မလွှဲတမ်း တည်ရှိနေသည်။
ဒီနေ့တွင် စူးယွင်ကျင်းသည် အပြာရောင်ဝတ်စုံနှင့် အပြာရောင် ဆံထိုးတချို့ကို ဆင်ယင်ထားသည်။ သူမ၏ နူးညံ့သိမ်မွေ့သော စာပေပညာရှိအသွင်အပြင်သည် ကြည်စင်နေသည်။ ထို့ပြင် ချန်ကျဲ့၏ ဂရုတစိုက် ပြင်ဆင်ပေးမှုတို့ကြောင့် သူမသည် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ ဆွဲဆောင်မှုမျိုးဖြင့် လှပနေသည်။
သူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသော အလှတရားမျိုးဖြစ်၏။
မုလန်လူမျိုး၏ မျက်လုံးများသည် အရောင်တောက်ပနေသည်။ သူသည် သူ၏အစေခံများကို ကြည့်လိုက်ရာ အစေခံများသည် မည်သို့ပြုလုပ်ရမည်အား ချက်ချင်း နားလည်လိုက်ကြပြီး စတင်၍ စူးယွင်ကျင်းကို မသိမသာ ဝန်းရံလိုက်ကြသည်။
ထို့နောက် မုလန်လူမျိုးသည် ပေါက်စီအရည်များ ပေသွားသည့် သူ၏မျက်နှာကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ရင်း ပြောသည်။
“မင်းက ဒီကောင်မလေးရဲ့ အစ်မလား”
ထိုအခါ စူးယွင်ကျင်းသည် မုလန်လူမျိုးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရွေ့ရွေ့ကို ကြည့်လိုက်သည်။
“မင်း ပစ်လိုက်တာလား”
စူးယွင်ကျင်းသည် ခုနက စားသောက်ဆိုင်ပိုင်ရှင်၏ ဇနီးကို မုလန်လူမျိုးမှ ပစ်မှားနေသည့် အဖြစ်အပျက်ကို မမြင်တွေ့လိုက်သောကြောင့် ရွေ့ရွေ့မှ ပြဿနာရှာလိုက်သည်ဟု ထင်ကာ အမြန် တောင်းပန်လိုက်သည်။
“လူကြီးမင်း၊ ကလေးက ငယ်ရွယ်သေးလို့ မသိတတ်ပါဘူး။ ကျွန်မကပဲ သူ့အစား တောင်းပန်ပါတယ်”
စူးယွင်ကျင်းသည် ကျက်သရေတင့်တယ်လှစွာ အရိုအသေပြုတောင်းပန်သည်။ သူမ၏ အပြုအမူများမှာ တုနှိုင်းမဲ့၏။
ထိုအခါ ယဉ်ကျေးမှုကင်းမဲ့သည့် မုလန်လူမျိုးသည် မျက်နှာသုတ်နေရင်း အနားကပ်လာသည်။
“ဟက် တောင်းပန်တာတဲ့၊ စိတ်ရင်းအမှန်မပါဘဲ စကားနဲ့ပဲလား”
မုလန်လူမျိုး၏ မျက်လုံးများတွင် ရမ္မက်ဇောများ ပြည့်လျှံနေလျက် စူးယွင်ကျင်းကို ခြေဆုံးခေါင်းဆုံး ကြည့်ရှုနေသည်။
ယခုတွင် သူ၏ ယုတ်မာကြမ်းကြုတ်သည့် လိုအင်ဆန္ဒကို ဖုံးကွယ်မထားတော့ပေ။
မုလန်လူမျိုးသည် သေရည်သောက်ထားသောကြောင့် တွေးတောဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးနေ၏။ ထိုသို့အချိန်မျိုးတွင် ဤသို့အလှလေးနှင့် ဆုံတွေ့မိလေရာ အဘယ်သို့များ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ပါတော့မည်နည်း။
မုလန်လူမျိုးသည် စူးယွင်ကျင်းထံ တစ်လှမ်းချင်း ချဉ်းကပ်လာနေသည်။ စူးယွင်ကျင်းသည်လည်း မူမမှန်ကြောင်း သတိထားမိလိုက်သဖြင့် မေးလိုက်သည်။
“ရှင် ရှင်ဘာလုပ်နေတာလဲ”
မုလန်လူမျိုးသည် သူမ၏ တစ်ကိုယ်လုံးကို ထိုးဖောက်ကြည့်နေသော အကြည့်များဖြင့် ပြန်ဖြေလာသည်။
“ဟက် ဘာလုပ်နေတာလဲ ဟုတ်လား အင်း… ခုနက ဒီကောင်မလေးလုပ်ခဲ့တဲ့ အပြစ်အတွက် ပြန်ပြင်ဆင်မလို့လေ”
ထိုသို့ပြောလျက် မုလန်လူမျိုးသည် စူးယွင်ကျင်းထံ ပြေးဝင်လာသည်။ စူးယွင်ကျင်း ထိတ်လန့်သွား၏။
စွင်းယုံနှင့် ရွေ့ရွေ့တို့နှစ်ဦးစလုံး အော်လိုက်ကြသည်။
“မမ သတိထား”
“အမေ သတိထား”
မုလန်လူမျိုးသည် သူ၏ သားရဲတိရစ္ဆာန်ဆန်မှုကို စူးယွင်ကျင်းထံ ဖွင့်ထုတ်လိုက်၏။
စူးယွင်ကျင်းသည်လည်း ဤလူမှာ လူကောင်းမဟုတ်ကြောင်း နားလည်လိုက်သည်။ သားရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ မုလန်လူမျိုးနှင့် ရင်ဆိုင်ရသော်ငြား စူးယွင်ကျင်းသည် မကြောက်ရွံ့ပေ။ သို့သော် နောက်ဆုတ်လိုက်ပြီး သိုးမြင်းကိုယ်ဟန်အနေအထားဖြင့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
အော်မေ့ဂိုဏ်းရဲ့ အတွေးငယ်သိုင်း
စူးယွင်ကျင်းသည် မုလန်လူမျိုးကို အတွေးငယ်သိုင်းဖြင့် တိုက်ခိုက်သည်။ အတွေးငယ်သိုင်းသည် ယွီပင်း၏ အိမ်တော်ထိန်းထံမှ ရရှိခဲ့သည် အော်မေ့ဂိုဏ်းမှ ဆင်းသက်လာသော ထူးခြားသည့်သိုင်းကျမ်းတစ်ခု ဖြစ်သည်။