← Chapters

အခန်း (၃၁၃)

Vol. 32 Ch. 313

အခန်း (၃၁၃)

Vol. 32 Ch. 313

အခန်း။ ၃၁၃

လွန်ခဲ့သော ၁၀ မိနစ်ခန့်က ဟောက်ယွန်းလူနေရပ်ကွက်နှင့် မလှမ်းမကမ်းရှိ ပန်းခြံတစ်ခုအတွင်း။

ဝုန်း... ဝုန်း... ဝုန်း...

ပြင်းထန်လှသော ပေါက်ကွဲသံများနှင့် တုန်ခါမှုများမှာ မပြတ်တမ်း ထွက်ပေါ်နေသည်။ ကျောက်လင်းသည် သံမဏိဓားတစ်လက်ကို ကိုင်စွဲကာ အဆင့် ၃ ဧရာမ ကြံ့ကြီးတစ်ကောင်နှင့် အသည်းအသန် တိုက်ခိုက်နေခြင်းပင်။

"သေစမ်း..."

ကျောက်လင်းသည် သူမ၏လက်ထဲမှ ဓားကို ဝေ့ယမ်းကာ အဆင့် ၃ ကြံ့ကြီးထံသို့ တဟုန်ထိုး ပြေးဝင်သွားသည်။

အေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် ဝင်းခနဲ ဖြစ်သွားပြီးနောက် ငွေရောင်လျှပ်စီးတန်းတစ်ခုအလား ထွက်ပေါ်လာသော ဓားအလင်းသည် ကြံ့ကြီး၏ ကောင်းကင်သို့ ထိုးထွက်နေသော ဂျိုရှည်ကြီးကို ရှောင်တိမ်းကာ ၎င်း၏ ပါးပြင်ဆီသို့ ပိုင်းချလိုက်သည်။

ရွှပ်...

ထိုခဏ၌ပင် သံမဏိဓားသည် ကြံ့ကြီး၏ မာကျောလှသော အရေပြားချပ်ဝတ်ကို ထိုးဖောက်သွားပြီး ၃၀ စင်တီမီတာကျော် ရှည်လျားသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်သွားစေသည်။ သွေးများမှာလည်း မထိန်းနိုင်မသိမ်းနိုင် ပန်းထွက်လာပြီး ကြံ့ကြီး၏ မျက်နှာတစ်ခြမ်းလုံးမှာ သွေးချင်းချင်းနီသွားတော့သည်။

ဝူး...

ပြင်းထန်သော နာကျင်မှုကြောင့် ကြံ့ကြီးမှာ ရူးသွပ်သွားပြီး မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လိုက်ရာ ၎င်း၏ ဧရာမမျက်လုံးအစုံမှာလည်း သွေးဆာနေသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။

နောက်တစ်စက္ကန့်တွင် ၎င်း၏ ခြေလေးဖက်ဖြင့် မြေပြင်ကို ပြင်းထန်စွာ နင်းခြေလိုက်ပြီးတောင်ကုန်းငယ်တစ်ခုအလား ကြီးမားလှသော ခန္ဓာကိုယ်ဖြင့် ကျောက်လင်းရှိရာသို့ ထက်မြက်သော ဂျိုကြီးကို အားပြုကာ တဟုန်ထိုး ပြေးဝင်တိုက်ခိုက်တော့သည်။

ကျောက်လင်းသည် ဘေးဘက်သို့ လျင်မြန်စွာ ခုန်ရှောင်ရန် ပြင်လိုက်သော်လည်း မမျှော်လင့်ဘဲ ကြံ့ကြီး၏ စွမ်းရည်ကြောင့် ဘေးနားရှိ သစ်ကိုင်းများသည် ချက်ချင်းပင် အသက်ဝင်လာကာ သစ်သားမြွေများအလား သူမ၏ ခြေထောက်များကို ရစ်ပတ်လိုက်ကြသည်။

သူမ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ ကျောက်လင်းသည် သူမ၏ ခွန်အားဖြင့် ထိုသစ်သားမြွေများကို အမြန်ဆုံး ဆွဲဖြုတ်လိုက်သော်လည်း ထိုခေတ္တနှောင့်နှေးမှုကြောင့် ကြံ့ကြီး၏ တိုက်ခိုက်မှုကို တိုက်ရိုက် ခံလိုက်ရတော့သည်။

"အား..."

ကျောက်လင်းသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူမ လုပ်နိုင်ခဲ့သည်မှာ သံမဏိဓားကို မြဲမြံစွာ ဆုပ်ကိုင်ထားရုံသာ ဖြစ်သည်။ သူမသည် လေထဲသို့ လွင့်ထွက်သွားပြီး လက်မောင်းခန့် တုတ်သော ပန်းပင်နှစ်ပင်ကို ဝင်တိုက်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။

ပြင်းထန်လှသော နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လဲကျနေသည့် ကျောက်လင်း တစ်ယောက် ခန္ဓာကိုယ်ကို လိပ်ခွေထားပြီး နာကျင်စွာ ညည်းတွားနေရရှာသည်။

သို့သော်လည်း ရန်သူမှာ သူမ၏ ရှေ့တည့်တည့်တွင် ရောက်နေသဖြင့် ကျောက်လင်းသည် နာကျင်မှုကို အံကြိတ်ခံကာ အမြန်ဆုံး ပြန်လည်မတ်တပ်ရပ်လိုက်သည်။

ဝူး...

ပထမအကြိမ် တိုက်ခိုက်မှု အောင်မြင်သွားသော်လည်း ကြံ့ကြီးမှာ ကျောက်လင်းကို လွှတ်ပေးရန် ရည်ရွယ်ချက် လုံးဝမရှိချေ။ ၎င်းသည် ရက်စက်စွာ ဟိန်းဟောက်လိုက်ပြီးနောက် ဦးခေါင်းကို ငုံ့ကာ ကျောက်လင်းရှိရာသို့ နောက်တစ်ကြိမ် တဟုန်ထိုး ပြေးဝင်လာပြန်သည်။

၎င်း၏ သန်မာထွားကြိုင်းလှသော ခြေလက်များဖြင့် မြေပြင်ကို ပြင်းထန်စွာ နင်းခြေလိုက်တိုင်း မြေကမ္ဘာမှာ တုန်ခါသွားပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသော အသံများမှာ ငလျင်လှုပ်နေသကဲ့သို့ ထွက်ပေါ်နေတော့သည်။

"သေစမ်း..."

အရှုံးမပေးလိုသော ကျောက်လင်းသည် သူမ၏ အရှိန်အဝါအားလုံးကို ထုတ်ဖော်လိုက်ပြီး သံမဏိဓားကို မြဲမြံစွာ ဆုပ်ကိုင်ကာ အနက်ရောင် အရိပ်တစ်ခုအသွင်ဖြင့် လျှပ်စီးတန်းပမာ ရှေ့သို့ ပြေးထွက်သွားသည်။

ဝုန်း...

ကြံ့ကြီးမှာ ထွားကြိုင်းသန်မာပြီး အသားထူ အရေမာသော်လည်း ကျောက်လင်းမှာမူ အလွန်လျင်မြန်ပြီး ဖျတ်လတ်ဖျတ်လတ်ရှိလှသည်။ သူတို့နှစ်ဦးသည် ပန်းခြံအတွင်း အပြင်းအထန် တိုက်ခိုက်နေကြရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း ပရမ်းပတာ ဖြစ်ကုန်တော့သည်။

အတန်ကြာသည်အထိ နှစ်ဦးနှစ်ဖက်မှာ တစ်ဦးကိုတစ်ဦး အသာမရနိုင်ဘဲ အကြိတ်အနယ် ဖြစ်နေကြရသည်။

ရုတ်တရက် ကြံ့ကြီး၏ ဘေးဘက်မှ ဝင်ရောက်တိုက်ခိုက်ရန် ပြင်နေသော ကျောက်လင်းမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် အလွန်အမင်း ဝမ်းသာသွားသဖြင့် ပြုံးလိုက်မိသည်။

ယခုလေးတင် သူမ၏ အဆင့်အတားအဆီးမှာ လျော့ရဲသွားပြီး ဆည်ပြိုကျလိုက်သကဲ့သို့ ချက်ချင်းပင် ပွင့်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

အရပ်မျက်နှာအနှံ့မှ စွမ်းအင်များသည် ကျောက်လင်း၏ ခန္ဓာကိုယ်အတွင်းသို့ အလုံးအရင်းနှင့် စီးဝင်လာပြီး သူမ၏ ခန္ဓာကိုယ်ကို ပိုမိုကြံ့ခိုင်စေရန်နှင့် ပြောင်းလဲသွားစေရန် အားဖြည့်ပေးတော့သည်။

ကျိရုရွှယ်က သူမကို ကျင့်စဉ်ကို သင်ကြားပေးခဲ့ပြီးနောက် ကျောက်လင်းသည် မနားတမ်း လေ့ကျင့်ခဲ့သလို နေ့စဉ်လည်း အဆင့် ၃ နှင့် အဆင့် ၄ ရှိသော သားရဲသားများကို စားသုံးကာ အားဖြည့်ခဲ့သည်။ ဤရက်ပိုင်းအတွင်း လက်တွေ့တိုက်ပွဲများဖြင့်လည်း သူမ၏ အခြေခံကို ခိုင်မာအောင် တည်ဆောက်ခဲ့သည်။

ယခုအခါတွင်တော့ ကျောက်လင်း၏ ကျင့်စဉ်မှာ နောက်ဆုံးတွင် အဆင့် ၄ သို့ စတင်တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် စစ်တလင်းပေါ်၌ ကြံ့ကြီးသည် ကျောက်လင်း၏ ထူးခြားသော ပြောင်းလဲမှု အထူးသဖြင့် သူမ၏ အရှိန်အဝါ ပြောင်းလဲလာမှု ကို သတိပြုမိသွားပြီး ထိတ်လန့်တကြား ဟိန်းဟောက်ကာ ကျောက်လင်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။

ဝုန်း... ဝုန်း... ဝုန်း...

မြေပြင်မှာ တုန်ခါနေပြီး ကြံ့ကြီးမှာ ကျောက်လင်း၏ ရှေ့သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်သည်။

ဤကဲ့သို့ အလွန်အရေးကြီးသော အခိုက်အတန့်တွင် ကျောက်လင်း မှာ အခြားရွေးချယ်စရာ မရှိတော့ဘဲ သူမ၏ ကျင့်စဉ်ကို အစွမ်းကုန် အသက်သွင်းလိုက်ရသည်။ သူမသည် အဆင့်တက်နေသည့် အခြေအနေကို ထိန်းသိမ်းထားရင်း ပန်းခြံအတွင်းရှိ မြေမျက်နှာသွင်ပြင်များကို အသုံးချကာ ကြံ့ကြီး၏ တိုက်ခိုက်မှုများကို မနားတမ်း ရှောင်တိမ်းနေရတော့သည်။

ထို့နောက်တွင်တော့ ပန်းခြံအတွင်း၌ ကျောက်လင်းနှင့် ဧရာမကြံ့ကြီးတို့သည် သိမ်းငှက်က ကြက်ကလေးကို ဖမ်းသည့်ကစားနည်းအလား တစ်ဦးကိုတစ်ဦး အမီလိုက်တမ်း ကစားနေကြတော့သည်။ ကျောက်လင်းက အဆက်မပြတ် ရှောင်တိမ်းနေပြီး အနည်းငယ် နှေးကွေးသော ကြံ့ကြီးကမူ လက်မလျှော့ဘဲ သူမနောက်သို့ ဇွဲနပဲဖြင့် လိုက်လံတိုက်ခိုက်နေသည်။

ဤဖြစ်စဉ်အတွင်း ပန်းခြံထဲရှိ သစ်ပင်တိုင်းနှင့် ပန်းခင်းတိုင်းမှာ ကျောက်လင်းအတွက် အကာအကွယ်အတားအဆီးများ ဖြစ်လာခဲ့သည်။

သို့သော် ကံမကောင်းစွာဖြင့် ကျောက်လင်းက ထိုသစ်ပင်နှင့် ပန်းခင်းများကို ဒိုင်းသဖွယ် အသုံးပြုလိုက်သည်နှင့် ရူးသွပ်နေသော ကြံ့ကြီး၏ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ပေါင်လုံးခန့်တုတ်သော သစ်ပင်ကြီးများသည်ပင် ချက်ချင်း ကျိုးပြတ်သွားရပြီး ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော ပန်းခင်းဘောင်များမှာလည်း အရှိန်နှင့် အတိုက်ခံရရုံဖြင့် ပြိုလဲပျက်စီးကုန်တော့သည်။

ခဏချင်းမှာပင် ပန်းခြံတစ်ခုလုံးမှာ ဖရိုဖရဲ ဖြစ်သွားပြီး အစွမ်းထက်သော လက်နက်တစ်ခုဖြင့် အတိုက်ခံလိုက်ရသကဲ့သို့ ကြံ့ကြီး၏ လက်ချက်ဖြင့် အပျက်အစီးပုံများသာ ကျန်ရစ်တော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်

ဘုန်း...

ခန္ဓာကိုယ်အတွင်းမှ ပေါက်ကွဲသံတစ်သံနှင့်အတူ ကျောက်လင်း၏ အရှိန်အဝါမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး အရပ်မျက်နှာအနှံ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်လိုက်တော့သည်။

"ဟားဟားဟား... နောက်ဆုံးတော့ အဆင့်တက်သွားပြီဟေ့"

ကြံ့ကြီး၏ လိုက်လံတိုက်ခိုက်မှုကို ခံခဲ့ရသဖြင့် မွန်းကြပ်နေသော ကျောက်လင်းသည် နောက်ဆုံးတွင် အားရပါးရ ရယ်မောလိုက်သည်။ သူမ၏ ခန္ဓာကိုယ် ပြောင်းလဲသွားမှုကို ခံစားမိသည်နှင့်အမျှ သူမ၏ စိတ်ထဲတွင် ယုံကြည်မှုများ အပြည့်အဝ ကိန်းအောင်းသွားတော့သည်။

နောက်တစ်စက္ကန့်တွင် ကျောက်လင်းသည် အနားသို့ ချဉ်းကပ်လာသော ကြံ့ကြီးကို နာကျည်းစူးရှသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ထက်မြက်သော အကြည့်များနှင့်အတူ ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

ဝူး...

ကျောက်လင်း၏ အရှိန်အဝါ ပြောင်းလဲသွားသည်ကို ခံစားမိလိုက်သောအခါ ကြံ့ကြီး၏ မျက်လုံးများထဲတွင် လူသားတစ်ဦးကဲ့သို့ ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများ အရိပထင်လာပြီး အမြန်ဆုံး လှည့်ထွက်ပြေးရန် ပြင်တော့သည်။

"ဘယ်ကို ပြေးမလို့လဲ"

သူမ၏ ဒေါသများကို ဖောက်ထုတ်ရန် နေရာရှာနေသော ကျောက်လင်းသည် တရားခံဖြစ်သည့် ကြံ့ကြီးကို လွတ်မြောက်ခွင့် လုံးဝမပေးနိုင်ချေ။ သူမသည် သံမဏိဓားကို မြဲမြံစွာ ဆုပ်ကိုင်ကာ ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ကြံ့ကြီးကို အမီလိုက်နိုင်ခဲ့ပြီး ၎င်း၏ နောက်ကျောသို့ ရောက်ရှိသွားသည်။

"ငါ့ကို လိုက်တိုက်ဦးလေ။ ငါ့ကို ဝင်တိုက်ဦးလေ... အခု ပြန်ပေးဆပ်ရမယ့် အလှည့်ပဲ"

ရွှပ်... ရွှပ်... ရွှပ်...

မျက်စိတစ်မှိတ်အတွင်းမှာပင် ဒေါသတကြီးဖြင့် ဓားကို သုံးကြိမ်ဆက်တိုက် ပိုင်းချလိုက်သည်။ ကျောက်လင်းသည် ကြံ့ကြီး၏ တင်ပါးဆုံဆီသို့ အားပါလှသော ဓားချက် ၃ ချက်ကို ဆင့်ကာဆင့်ကာ တိုက်ခိုက်လိုက်ခြင်းပင်။

ဝူး...

ချက်ချင်းဆိုသလိုပင် ကြံ့ကြီး၏ တင်ပါးဆုံမှ သွေးများ ပန်းထွက်လာတော့သည်။ ရှည်လျားသော ဓားဒဏ်ရာ ၃ ချက်မှ သွေးများ တရဟော ထွက်ပေါ်လာပြီး ကြံ့ကြီးမှာ နာကျင်လွန်းသဖြင့် အသံကုန် အော်ဟစ်ကာ ခြေဦးမခိုင်တော့ဘဲ မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားရသည်။

"ဟွန်း... ဒီနေ့တော့ နင်နဲ့ အသေအလဲ ကစားပေးဦးမယ်"

တင်ပါးမှ ဒဏ်ရာများကြောင့် အရှိန်ကျသွားသော ကြံ့ကြီးကို ကြည့်ရင်း ဒေါသ မပြေသေးသော ကျောက်လင်းက နှာခေါင်းရှုံ့ကာ လှောင်ပြုံးပြုံးလိုက်သည်။ ထို့နောက် သံမဏိဓားကို ဝေ့ယမ်းကာ နောက်တစ်ကြိမ် တဟုန်ထိုး ပြေးဝင်သွားပြန်သည်။

မကြာမီမှာပင် ပန်းခြံအတွင်း၌ သနားစဖွယ် အော်ဟစ်သံများ အဆက်မပြတ် ပဲ့တင်ထပ်လာတော့သည်။ ကျောက်လင်းသည် သူမ၏ စုပြုံနေသော ဒေါသများကို ဖွင့်ထုတ်သည့်အနေဖြင့် ကြံ့ကြီးကို ရူးသွပ်ဖွယ်ရာ တရစပ် တိုက်ခိုက်နေတော့သည်။

ဟောက်ယွန်းလူနေရပ်ကွက်အတွင်း။

"ကျောက်လင်းရဲ့ ပါရမီစွမ်းရည်နဲ့ဆိုရင် သူမသာ အခု နောက်ထပ်တစ်ခါ ထပ်သေလိုက်မယ်ဆိုရင် အဆင့် ၅ ကို တိုက်ရိုက် တက်လှမ်းသွားနိုင်လောက်တယ်"

ကျိရုရွှယ်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။

သူမအနေဖြင့် အဆင့် ၆ သို့သာ တစ်ကျော့ပြန် တက်လှမ်းနိုင်ခဲ့မည်ဆိုလျှင်...

အဲဒါက တကယ့်ကို မှန်းဆလို့မရနိုင်တဲ့ အစွမ်းပဲ။ တကယ့်ကို ဘီလူးသတ္တဝါတစ်ကောင်လို အစွမ်းထက်လာမှာ။

အမှန်စင်စစ် ကျောက်လင်း၏ ပါရမီစွမ်းရည်မှာ ထိပ်တန်းအဆင့်ဖြစ်ပြီး ကျိရုရွှယ်၏ အချိန်ထိန်းချုပ်မှုစွမ်းရည်နှင့်ပင် ယှဉ်နိုင်သည့် ထူးကဲသော စွမ်းရည်တစ်ခု ဖြစ်သည်။ ကျောက်လင်းအနေဖြင့် အဆင်အခြင်မဲ့စွာ မလှုပ်ရှားသရွေ့ အနာဂတ်တွင် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းနိုင်ရန်မှာ အချိန်တစ်ခုသာ လိုအပ်တော့သည်။

ကံကောင်းထောက်မစွာဖြင့် ကျောက်လင်းသည် ဤဘဝတွင် ကျိရုရွှယ်နှင့် သူမ၏ဖခင် လုချွမ်းတို့နှင့် ဆုံတွေ့ခဲ့ရသဖြင့် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားနိုင်သည့် အခွင့်အလမ်းမှာ အလွန်နည်းပါးသွားခဲ့ပြီဖြစ်သည်။

ကျန်းဟိုင်အခြေစိုက်စခန်း။

လက်ရှိတွင် အစည်းအဝေးခန်းမအတွင်း၌ လူများဖြင့် ပြည့်နှက်နေသည်။ စားပွဲ၏ ထိပ်ဆုံးနေရာတွင် အခြေစိုက်စခန်း၏ အကြီးအကဲဖြစ်သူက အနည်းငယ် ပြုံးရွှင်သော မျက်နှာထားဖြင့် ရောက်ရှိနေသော အဆင့်မြင့်အရာရှိများကို ကြည့်နေသည်။

"အကြီးအကဲ... ကျွန်တော်တို့ကို အခုလို ဆင့်ခေါ်တာ တစ်စုံတစ်ရာ သတင်းကောင်း ပြောဖို့လားခင်ဗျာ"

အကြီးအကဲ၏ အမူအရာကို ကြည့်ကာ အဆင့်မြင့်အရာရှိအချို့က သိချင်စိတ်ဖြင့် မေးမြန်းလိုက်ကြသည်။

"မှန်တယ် အခုလေးတင် ဧကရာဇ်မြို့တော်ကနေ သတင်းရရှိခဲ့တယ်။ သူတို့ကို အချိန်

အတော်ကြာ ဒုက္ခပေးနေတဲ့ ဇွန်ဘီဘုရင်ကို နောက်ဆုံးမှာ အမြစ်ပြတ် သုတ်သင်နိုင်ခဲ့ပြီ"

အခြေစိုက်စခန်း အကြီးအကဲက ခေါင်းညိတ်ကာ ရယ်မောရင်း ပြောပြလိုက်သည်။

"ဘာ... ဇွန်ဘီဘုရင်ကို သုတ်သင်လိုက်နိုင်ပြီ ဟုတ်လား"

ရောက်ရှိနေသော အရာရှိများမှာ ပထမဦးစွာ အံ့အားသင့်သွားကြသော်လည်း နောက်ပိုင်းတွင် စိတ်ထဲမှ အလွန်ဝမ်းသာသွားကြသည်။ ဤသတင်းမှာ ဧရာမဇွန်ဘီဘုရင်များကို သတ်ဖြတ်နိုင်မည့် နည်းလမ်းကို ဧရာမမြို့တော်က ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း ပြသနေခြင်းပင်။

All Chapters