← Chapters

အခန်း (၃၁၄)

Vol. 32 Ch. 314

အခန်း (၃၁၄)

Vol. 32 Ch. 314

အခန်း။ ၃၁၄

"ခေါင်းဆောင်ကြီး... ဧကရာဇ်မြို့တော်က အဲဒီ ဇွန်ဘီဘုရင်ကို ဘယ်လိုသတ်လိုက်လဲဆိုတာကိုရော ထုတ်ဖော်ပြောကြားတာမျိုး ရှိပါသလား"

အဆင့်မြင့်အရာရှိတစ်ဦးက မနေနိုင်ဘဲ မေးမြန်းလိုက်သည်။

ကျန်ရှိနေသူအားလုံးကလည်း မျှော်လင့်ချက်အပြည့်ဖြင့် အခြေစိုက်စခန်းခေါင်းဆောင်ကြီးကို ဝိုင်းကြည့်နေကြသည်။ အကယ်၍ ဧကရာဇ်မြို့တော်တွင် သင့်တော်သော နည်းလမ်းရှိခဲ့ပါက ကျန်းဟိုင်အခြေစိုက်စခန်းအနေဖြင့်လည်း သူတို့၏ အရှက်ရမှုများကို ဆေးကြောသန့်စင်ရန်

အတွက် ထိုဇွန်ဘီဘုရင်ကို ကိုယ်တိုင်ကိုယ်ကျ သုတ်သင်နိုင်မည်ပင်။

ထိုမေးခွန်းကို ကြားသောအခါ အခြေစိုက်စခန်းခေါင်းဆောင်ကြီး၏ စိတ်ခံစားချက်မှာ အနည်းငယ် ကျဆင်းသွားပုံရပြီး ခေါင်းခါယမ်းကာ ပြောလိုက်သည်။

"ဧကရာဇ်မြို့တော်ဘက်က ဘာအချက်အလက်မှ ထုတ်မပြောခဲ့ဘူး။ သူတို့က ကျွန်တော်တို့ကို ဇွန်ဘီဘုရင်ဘယ်မှာရှိလဲဆိုတာကို အမြန်ဆုံး ရှာဖွေဖို့ပဲ ညွှန်ကြားထားတယ်။ နေရာသိပြီဆိုတာနဲ့ သူတို့ဘက်က အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေကို စေလွှတ်ပြီး ဇွန်ဘီဘုရင်ကို သတ်လိမ့်မယ်"

ဤစကားကို ကြားလိုက်ရသည့်အခါ ရောက်ရှိနေသော အရာရှိများမှာ အလွန်စိတ်ပျက်သွားကြသည်။

ဒီတစ်ကြိမ်လည်း သူတို့အခြေစိုက်စခန်းအနေဖြင့် ဇွန်ဘီဘုရင်ကို ကိုယ်တိုင်လက်ဖြင့် သတ်ဖြတ်နိုင်မည့်ပုံ မပေါ်တော့ပေ။

"ကဲ... အားလုံးပြန်ကြတော့။ ဒီကထွက်သွားတာနဲ့ ဌာနအားလုံး လည်ပတ်ကြပြီး ဇွန်ဘီဘုရင် ဘယ်မှာရှိလဲဆိုတာကို အစွမ်းကုန် ရှာဖွေကြပါ။ အထူးသဖြင့် အိမ်နီးချင်းမြို့တွေနဲ့ အမြဲအဆက်အသွယ်လုပ်ပြီး သဲလွန်စရှိမရှိ မေးမြန်းပါ။ မှတ်ထားပါ... ဘယ်အသေးအဖွဲကိစ္စကိုမှ လျစ်လျူမရှုပါနဲ့"

အခြေစိုက်စခန်းခေါင်းဆောင်ကြီး၏ မျက်နှာမှာ တည်ကြည်လေးနက်သွားပြီး အလေးအနက် ညွှန်ကြားလိုက်တော့သည်။

"ဟုတ်ကဲ့... နားလည်ပါပြီ"

တောင်တန်းမြို့ခရိုင်။

မသိမသာနှင့်ပင် လုချွမ်းနှင့် သူ၏အဖွဲ့သည် တောင်တန်းမြို့ခရိုင်အတွင်း၌ ဆယ်ရက်တိတိ ရှိနေခဲ့ပြီဖြစ်သည်။

ဤ ၁၀ ရက်တာ ကာလအတွင်း လုချွမ်း၊ ချီချီလေးနှင့် ကျောက်လင်းတို့သည် သူတို့၏ နေ့စဉ်အလုပ်များကို ပုံမှန်အတိုင်း လုပ်ဆောင်နေကြပြီး ကျိရုရွှယ်မှာမူ ဖခင်ဖြစ်သူ၊ ကျောက်လင်းတို့နှင့် စကားခေတ္တပြောဆိုချိန်မှလွဲ၍ ကျန်အချိန်အများစုကို အိပ်ခန်းထဲ၌သာ အောင်းကာ ကျင့်စဉ်လေ့ကျင့်နေခဲ့သည်။

ကျောက်လင်းမှာလည်း ထပ်တူပင်ဖြစ်ပြီး အဆင့် ၄ သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက်တွင်ပင် ကျင့်စဉ်လေ့ကျင့်ခြင်းနှင့် တိုက်ခိုက်ခြင်းကို တစ်ရက်မျှ မနားခဲ့ပေ။ သူမသည် တိုက်ပွဲများမှတစ်ဆင့် မိမိကိုယ်ကိုယ် ပိုမိုထက်မြက်အောင် သွေးလိုသော်လည်း ထိုက်တန်သော သားရဲကြီးများကို မတွေ့ရသဖြင့် သားရဲများကိုသာ အဓိကထား လိုက်လံအမဲလိုက်နေခဲ့သည်။

လုချွမ်းအတွက်မူ လူသားများ၏ နှောင့်ယှက်မှု မရှိတော့သည့်အပြင် သားရဲဘုရင်ဂိုဏ်းကိုလည်း အမြစ်ပြတ် သုတ်သင်ပြီးဖြစ်ရာ ဤ ၁၀ ရက်အတွင်း သားရဲများကို အမဲလိုက်ရန်သာ အာရုံစိုက်ထားခဲ့သည်။

သူ၏ လက်အောက်ရှိ ဇွန်ဘီရုပ်သေးများ၏ ကြိုးပမ်းမှုကြောင့် လုချွမ်းသည် ဤအတောအတွင်း အဆင့် ၂ နှင့် အဆင့် ၃ သားရဲအမြုတေအမြောက်အမြားကို စုဆောင်းနိုင်ခဲ့သည်။ မူလက ပြင်ဆင်ထားသော သစ်သားသေတ္တာများမှာ မဆံ့တော့သဖြင့် အိတ်ကြီးများဖြင့်သာ သိမ်းဆည်းထားရတော့သည်။

အမြုတေများအပြင် အခြားသော အသီးအပွင့်မှာ သားရဲအသားများပင်။ အမျိုးမျိုးသော သားရဲအသားများထဲမှ အကောင်းဆုံး အစိတ်အပိုင်းများကိုသာ ရွေးယူခဲ့သော်လည်း ပမာဏမှာ အလွန်ပင် များပြားလှသည်။ နောက်ဆုံးတွင် ကုန်အောင်မစားနိုင်တော့သဖြင့် ကျောက်လင်းကို ဆားနယ်ပြီး အသားခြောက်များပြုလုပ်ကာ နေလှန်းခိုင်းထားရသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် အချိန်ကြာမြင့်စွာ သိမ်းဆည်းထားနိုင်ပြီး နောက်တစ်ကြိမ် ခရီးထွက်သည့်အခါ လမ်းတွင် စားနပ်ရိက္ခာအဖြစ် သုံးနိုင်မည်ဖြစ်သည်။

သားရဲအမြောက်အမြားကို သတ်ဖြတ်နိုင်ခဲ့ပြီး အမြုတေနှင့် အသားများစွာ ရရှိခဲ့သော်လည်း လုချွမ်းကို စိတ်အနှောင့်အယှက် ဖြစ်စေသည့်အချက်မှာ တောင်တန်းမြို့ခရိုင်အတွင်း၌ ဇွန်ဘီများ လုံးဝမရှိသလောက် ဖြစ်နေခြင်းပင်။ အဆင့်မြင့် ဇွန်ဘီများဆိုလျှင် ပို၍ပင် မရှိချေ။

ထို့ကြောင့် လုချွမ်းအနေဖြင့် ရရှိထားသော အမြုတေများကို အဆင့် ၄ ဇွန်ဘီရုပ်သေးသစ်များအဖြစ် ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။

ဟောက်ယွန်းလူနေရပ်ကွက်အတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်နေရင်း လုချွမ်းသည် သူ၏ လက်အောက်ရှိ အဆင့် ၄ ဇွန်ဘီရုပ်သေးများထံသို့ စိတ်အာရုံ စေလွှတ်ထားသည်။

ဝုန်း...

လမ်းမပေါ်တွင် နားကွဲမတတ် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။

ဧရာမဇွန်ဘီ ၁ ၏ လက်သီးတစ်ချက်အောက်တွင် ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာသော အဆင့် ၃ ငွေရောင်အကြေးခွံ သိုးကြီးမှာ အသည်းအသန် အော်ဟစ်လိုက်ရသည်။ ၎င်း၏ မျက်နှာတစ်ခြမ်းမှာ ကြေမွသွားပြီး ဧရာမခန္ဓာကိုယ်ကြီးမှာ အမြောက်ကျည်ဆန်တစ်စင်းအလား လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြိုလဲကျသွားတော့သည်။

ဘုန်း...

ပါးစပ်မှ သွေးများ ပန်းထွက်နေသော ငွေရောင်သိုးကြီးမှာ မြေပြင်ပေါ်တွင် အကြိမ်အတော်ကြာ လိမ့်သွားပြီးမှ ငြိမ်ကျသွားသည်။ မျက်နှာတစ်ခြမ်းမှာ ပျက်စီးသွားပြီး အရိုးများမှာလည်း ဧရာမဇွန်ဘီ ၁ ၏ လက်ချက်ဖြင့် ကျိုးအက်ကုန်ပြီဖြစ်ရာ ယခုအချိန်တွင် ထိုသိုးကြီးမှာ သေအံဆဲဆဲ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုအချိန်တွင် အဝေးမှ တိုက်ခိုက်ရန် ပြင်နေကြသော အဆင့် ၁ နှင့် အဆင့် ၂ ငွေရောင်သိုးအုပ်ကြီးမှာ သူတို့၏ ခေါင်းဆောင် ဤမျှအခြေအနေ ဆိုးရွားသွားသည်ကို မြင်လိုက်ရသောအခါမှ ထိတ်လန့်တကြား သတိဝင်လာကြသည်။ ထို့နောက် သူတို့အားလုံး ချက်ချင်းပင် နောက်လှည့်ကာ အသက်လု၍ ထွက်ပြေးကြတော့သည်။

"ထွက်ပြေးချင်တာလား..."

လုချွမ်းက မထီမဲ့မြင်ပြုသော အကြည့်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ရွှပ်... ရွှပ်... ရွှပ်...

နောက်တစ်စက္ကန့်တွင် ဧရာမဇွန်ဘီ ၁ သည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ လက်မှ သံမဏိလက်သည်းများသည် ရှေ့မှ ထွက်ပြေးနေသော ငွေရောင်သိုးအုပ်ထံသို့ ကောင်းကင်ယံကို ဖြတ်သန်းသွားသည့် လျှပ်စီးတန်းများအလား တဟုန်ထိုး ပြေးဝင်သွားတော့သည်။

"အူးးးး..."

ဆက်တိုက်ထွက်ပေါ်လာသော သနားစဖွယ် အော်ဟစ်သံများနှင့်အတူ ငွေရောင်သိုးအုပ်ထဲမှ သိုးအများစုမှာ သွေးများ ပန်းထွက်ကာ မြေပြင်ပေါ်သို့ အားအင်ကုန်ခမ်းစွာ ပြိုလဲကျသွားပြီး အသက်ပျောက်သွားကြတော့သည်။ အဆင့် ၂ ရှိသော သိုးသုံးကောင်သာ အသည်းအသန် ထွက်ပြေးနိုင်ခဲ့သည်။

ဘုန်း...

မူလက ဖြည်းညှင်းစွာ လျှောက်လှမ်းနေသော ဧရာမဇွန်ဘီ ၁ သည် မြေပြင်ကို အားပါးတရ နင်းခြေလိုက်ရာ လမ်းမကြီးတစ်ခုလုံး တုန်ခါသွားပြီး မြင်းရိုင်းတစ်ကောင်အလား ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားသည့် အနက်ရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ ခြေလှမ်းတိုင်းသည် မြေပြင်ပေါ်တွင် နားကွဲမတတ် ပေါက်ကွဲသံကြီးများကို ဖြစ်ပေါ်စေသည်။

အရှိန်နှုန်းမှာ ဧရာမဇွန်ဘီ ၁ ၏ အားသာချက်မဟုတ်သော်လည်း သာမန်အဆင့် ၂ ငွေရောင်သိုးများနှင့် ယှဉ်လျှင်မူ သူက အဆပေါင်းများစွာ ပိုမိုမြန်ဆန်နေဆဲပင်။

ထို့ကြောင့် ခဏချင်းမှာပင် ဧရာမဇွန်ဘီ ၁ သည် သွေးအန်မတတ် အစွမ်းကုန် ပြေးနေရသော သိုးအနည်းငယ်ကို အမီလိုက်နိုင်ခဲ့သည်။

ရွှပ်...

သံမဏိလက်သည်းများကို အသာအယာ ဝေ့ယမ်းလိုက်ရုံမျှဖြင့် နာကျင်စွာ အော်ဟစ်သံအချို့ ထွက်ပေါ်လာပြီးနောက် ဧရာမဇွန်ဘီ ၁ သည် ထိုသိုးများကို ချက်ချင်းပင် ငရဲသို့ ပို့ဆောင်ပေးလိုက်တော့သည်။

လုချွမ်းသည် ဧရာမဇွန်ဘီ ၁ ကို ထိန်းချုပ်ကာ သိုးအလောင်းများအတွင်းမှ အဆင့် ၂ အမြုတေများကို ထုတ်ယူလိုက်ပြီးနောက် သိုးနံရိုးချက်လုပ်စားရန်အတွက် နံရိုးအချို့ကို ပိုင်းဖြတ်ယူလိုက်သည်။

ထို့နောက်တွင်တော့ လုချွမ်းသည် နောက်ချန်ထားခဲ့သော အဆင့် ၃ ငွေရောင်သိုးအုပ်ခေါင်းဆောင်ကြီးကို ရှင်းလင်းရန် နောက်သို့ လှည့်လိုက်သည်။

သို့သော် မမျှော်လင့်ဘဲ လုချွမ်း နောက်လှည့်ကြည့်လိုက်သည့် အခိုက်အတန့်တွင် သူ မှင်တက်သွားရတော့သည်။

"ငါ့ရဲ့ အဆင့် ၃ ငွေရောင်အကြေးခွံ သိုးကြီးကော..."

ငါ့ရဲ့ သိုးအုပ်ခေါင်းဆောင်ကြီး ဘယ်ရောက်သွားတာလဲ။

အဆင့် ၃ သိုးကြီး အလောင်း ရှိနေရမယ့် မြေပြင်မှာ သွေးကွက်တချို့ကလွဲလို့ ဘာမှမရှိတော့ဘဲ ဗလာကျင်းနေသည်။ လုချွမ်း အစောပိုင်းကတင် သတ်ထားခဲ့တဲ့ ဧရာမ သိုးကြီးမှာ မမျှော်လင့်ဘဲ ပျောက်ကွယ်သွားခြင်းပင်။

လုချွမ်းက မယုံကြည်နိုင်ဘဲ နောက်သို့ ပြန်လျှောက်သွားကာ ထောင့်စိမ်း၊ နေရာစုံကို လိုက်လံရှာဖွေကြည့်သော်လည်း သိုးကြီး၏ အလောင်းကို အရိပ်အယောင်မျှပင် မတွေ့ရတော့ပေ။

လုချွမ်းက မျက်မှောင်ကြုတ်ကာ ခေတ္တစဉ်းစားပြီးနောက် ယူဆချက်တစ်ခု ထွက်ပေါ်လာသည်။ သူ အခြားသိုးအုပ်နောက်ကို လိုက်နေစဉ်အတွင်း သားရဲတစ်ကောင်ကောင်က အခွင့်ကောင်းယူပြီး ဒီအဆင့် ၃ သိုးကြီးအလောင်းကို ခိုးယူသွားခြင်းပင်။

"ကံဆိုးလိုက်တာ"

စိတ်ထဲမှ ကျိန်ဆဲရင်း လုချွမ်းမှာ ထိုသိုးကို ရှာဖွေခြင်းအား လက်လျှောက်လိုက်ရပြီး ကျန်ရှိနေသည့် သိုးအလောင်းများကိုသာ ရှင်းလင်းကာ နောက်ထပ် လမ်းမတစ်ခုဆီသို့ ကူးပြောင်းလိုက်သည်။

သူသည် ပျံသန်းသူ ၁ ကို အသုံးပြု၍ ကင်းထောက်ထားပြီးဖြစ်ရာ ရှေ့နားရှိ ပန်းခြံငယ်လေးတစ်ခုတွင် ဧရာမကြွက်သားရဲအုပ်စုတစ်စု နေထိုင်ကြောင်း သူသိထားသည်။

သို့သော် နောက်ဆက်တွဲ ဖြစ်ရပ်များကြောင့် လုချွမ်း၏ မျက်နှာမှာ တဖြည်းဖြည်း မှောင်မှောင်လာတော့သည်။

သူသည် ဧရာမကြွက် အကောင်ပေါင်း ဒါဇင်ဝက်ခန့်ကို နှိမ်နင်းပြီးနောက် အမြုတေထုတ်ရန် ပြင်လိုက်စဉ်မှာပင် နောက်လှည့်ကြည့်လိုက်ရာ အဆင့် ၂ ကြွက်အလောင်း နှစ်လောင်းမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားပြန်သည်။

တစ်ကြိမ်... နှစ်ကြိမ်... သုံးကြိမ်...

သူ အမဲလိုက်ကာ ရရှိထားသည့် သားကောင်များမှာ အကြိမ်ကြိမ် ခိုးယူခံနေရသော်လည်း တရားခံကိုမူ လုံးဝ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် လုချွမ်းသည် ထောင်ချောက်ဆင်ရန် စတင်စီစဉ်လိုက်တော့သည်။

သူ့စိတ်အာရုံ စေခိုင်းမှုနှင့်အတူ ဟောက်ယွန်းရပ်ကွက်ရှိ ပျံသန်းသူ ၁ သည် မီးတောက် ၂ ကို ချီမကာ ဧရာမဇွန်ဘီ ၁ ရှိရာဆီသို့ ပျံသန်းလာခဲ့သည်။

ထို့နောက် လုချွမ်းက ဧရာမဇွန်ဘီ ၁ ကို နောက်ထပ် သားရဲအုပ်စုတစ်ခုဆီသို့ တိုက်ခိုက်ခိုင်းလိုက်သည်။ ထိုအုပ်စုတွင် အဆင့် ၃ နှစ်ကောင် အပါအဝင် ဧရာမခွေးသားရဲ ဒါဇင်ကျော် ပါဝင်သည်။ ယခင်ကအတိုင်းပင် လုချွမ်းသည် ထိုသားရဲအားလုံးကို သတ်ဖြတ်ပြီးနောက် အလောင်းများကို ရှင်းလင်းရန် နောက်သို့ လှည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် ပျံသန်းသူ ၁ သည် ဧရာမဇွန်ဘီ ၁ ၏ ခေါင်းပေါ်သို့ မြင့်မားစွာ ရောက်ရှိနေပြီဖြစ်ရာ လုချွမ်းအနေဖြင့် ပျံသန်းသူ ၁ ၏ အမြင်မှတစ်ဆင့် ဧရာမဇွန်ဘီ ၁ နောက်ကွယ်တွင် လဲလျောင်းနေသော ဧရာမခွေးအလောင်းများကို အပေါ်စီးမှ စောင့်ကြည့်နေခဲ့သည်။

ရုတ်တရက် အဆင့် ၂ ခွေးအလောင်းတစ်လောင်းမှာ တစ်စုံတစ်ခုက ဆွဲယူသွားသကဲ့သို့ လှုပ်ရှားသွားပြီးနောက် မြေပြင်ပေါ်မှနေ၍ တစ်စစချင်း ပျောက်ကွယ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ပျံသန်းသူ ၁ သည် မီးတောက် ၂ ကို အမြန်ဆုံး အောက်သို့ ချပေးလိုက်

ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခွေးအလောင်းဝန်းကျင်သို့ မီးကွင်းကြီးတစ်ခု ကျရောက်လာပြီး ပတ်ပတ်လည်ကို ပိတ်ဆို့လိုက်တော့သည်။

နောက်တစ်စက္ကန့်တွင် မီးကွင်းကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး မီးပွားများ လွင့်စင်သွားကာ ဟိန်းဟောက်သံတစ်ခုနှင့်အတူ ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

၎င်းမှာ... ဇွန်ဘီ တစ်ကောင်ပင်။

All Chapters