အခန်း (၃၂၀)
Vol. 32 Ch. 320
အခန်း။ ၃၂၀
ရှူး... ရှူး... ရှူး...
မှောင်မိုက်နေသော ညဉ့်အမှောင်ထုအတွင်း မိုးသက်လေပြင်းများမှာ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ခတ်နေသည်။ တောင်တန်းမြို့၏ အထက်ကောင်းကင်ယံတွင် ဧရာမ အပေါက်ကြီးတစ်ခု ပေါက်ထွက်သွားသည့်အလား မိုးရေများသည် သည်းထန်စွာ သွန်းလောင်းကျဆင်းနေတော့သည်။
ထိုစဉ် ပဲစေ့ခန့်ရှိသော မိုးပေါက်ကြီးများသည် ဟိန်းဟောက်နေသော လေပြင်းများနှင့်အတူ ဝဲကရက်ထလျက် အဝေးရှိ တောင်တန်းအခြေစိုက်စခန်းတစ်ခုလုံးပေါ်သို့ အသည်းအသန် ရွာသွန်းနေသည်။
လျှပ်စီးများ လက်ခနဲဖြစ်သွားပြီး မိုးခြိမ်းသံများ ဟိန်းထွက်လာချိန်တွင် ဧရာမ အတောင်ပံတစ်စုံသည် မိုးလိုက်ကာကြီးကို ထိုးခွဲထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုကို ထင်ရှားစေခဲ့သည်။
ဟွမ်ရွှမ်သည် သားရဲငှက်ကြီး၏ ကျောပေါ်တွင် မတ်တပ်ရပ်နေပြီး ၎င်း၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာပေါ်သို့ မိုးရေများ တိုက်ရိုက်ကျဆင်းနေမှုကို ဂရုမစိုက်ဘဲ အောက်ရှိ သတ္တဝါကြီးအား အဝေးမှ တောင်တန်းအခြေစိုက်စခန်းဆီသို့ ဦးတည်ပျံသန်းရန် စေခိုင်းလိုက်သည်။
သူ့နောက်တွင်တော့ မလျှော့သောဇွဲဖြင့် မိုးကြိုးဟိန်းသံကြီးက ကပ်လျက်လိုက်ပါလာသည်။
ဝူး... ဝူး...
မိုးကြိုးဟိန်းသံသည် မိုးသည်းထဲတွင် အရှိန်အဟုန်ပြင်းစွာ ပြေးလွှားရင်း ဟွမ်ရွှမ်အား ဒေါသတကြီး ဟိန်းဟောက်နေသည်။ ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးမှာ ညဉ့်အမှောင်ထုကို အစွမ်းကုန်အရှိန်ဖြင့် ဖြတ်သန်းနေပြီး ၎င်း၏လမ်းကြောင်းကို ပိတ်ဆို့ထားသည့် မည်သည့်
သစ်ပင်နှင့် ကျောက်ဆောင်ကိုမဆို အမှုန့်ဖြစ်အောင် တိုက်ခိုက်ကာ ချေမှုန်းသွားတော့သည်။
မကြာမီမှာပင် အမှောင်ထုကြားမှ တောင်တန်းအခြေစိုက်စခန်း၏ ပုံရိပ်မှာ အဝေးမှ ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့သည်။
ကောင်းကင်ယံရှိ သားရဲငှက်ကြီးပေါ်တွင် ရပ်နေသော ဟွမ်ရွှမ်သည် သူ့နောက်မှ မရပ်မနား လိုက်ပါလာသည့် မိုးကြိုးဟိန်းသံကို လှည့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများတွင် ရူးသွပ်မှုများ ဝင်းလက်လာတော့သည်။
ထို့နောက် သူသည် ရှေ့မှ တောင်တန်းအခြေစိုက်စခန်းကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်ကာ ထိန်းမနိုင်သိမ်းမရ ရူးသွပ်စွာ ရယ်မောလိုက်တော့သည်။
"ဟားဟားဟား အားလုံး ပျက်စီးသွားစမ်း"
"လူတိုင်း သေကုန်ကြစမ်း"
"ဒီနေ့ပြီးရင် တောင်တန်းအခြေစိုက်စခန်းဆိုတာ ရှိတော့မှာ မဟုတ်ဘူး... ဟားဟားဟား~"
ရူးသွပ်စွာ ရယ်မောသံများသည် မိုးသည်းထန်လှသော ညဉ့်အမှောင်ထဲတွင် ပဲ့တင်ထပ်သွားပြီးနောက် ဟွမ်ရွှမ်နှင့် သားရဲငှက်ကြီးတို့သည် အရိပ်အယောင်များကြားတွင် နောက်တစ်ကြိမ် ထပ်မံကွယ်ပျောက်သွားပြန်သည်။
"ဝူး..."
ဝုန်း... ဝုန်း...
မိုးကြိုးဟိန်းသံသည် တောင်ကြားတစ်ခုထဲမှ ရုတ်တရက် ရုန်းထွက်ကာ ပေါ်ပေါက်လာပြီးပန်းကန်လုံးခန့် အထူရှိသော ထင်းရှူးပင်နှစ်ပင်ကို တစ်စစီ ရိုက်ချိုးပစ်ကာ တုန့်ခနဲ ရပ်တန့်သွားသည်။
ဟွမ်ရွှမ်၏ ခြေရာကို မျက်ခြေပြတ်သွားသဖြင့် ၎င်းသည် ဒေါသတကြီး ဆက်တိုက်ဟိန်းဟောက်နေတော့သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ခရမ်းရောင် လျှပ်စီးတန်းများက ရစ်ပတ်စီးဆင်းနေပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
ဘုန်း... ဘုန်း... ဘုန်း...
နောက်တစ်စက္ကန့်တွင် ဒေါသကြောင့် မျက်လုံးများ သွေးရောင်လွှမ်းနေသော မိုးကြိုးဟိန်းသံသည် ရှေ့သို့ အားမာန်ပါပါ တက်လှမ်းလိုက်ရာ ၎င်း၏ ခန္ဓာကိုယ်မှ လျှပ်စီးတန်းများက အရပ်မျက်နှာအနှံ့သို့ ပစ်ထွက်သွားတော့သည်။
မိုးသည်းထန်သော ညဉ့်အမှောင်ထဲတွင် မြွေနဂါးများအလား တွန့်လိမ်နေသော လျှပ်စီးတန်းများသည် လေထုကို ဖြတ်သန်းသွားပြီး လမ်းကြောင်းတစ်လျှောက်ရှိ မိုးစက်များကို အဖြူရောင် ရေငွေ့ကွင်းများအဖြစ် ချက်ချင်း အငွေ့ပျံသွားစေသည်။ ထိုလျှပ်စီးများက ပတ်ဝန်းကျင်ရှိ မြေပြင်နှင့် သစ်ပင်များပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။
သို့သော် ပတ်ဝန်းကျင်ရှိ သစ်ပင်များသည် ထိုလျှပ်စီးဒဏ်ကို မခံနိုင်ဘဲ တဖြန်းဖြန်းနှင့် တစ်စစီ ပေါက်ကွဲပျက်စီးကုန်သည်။ မြေပြင်မှာလည်း ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်နေပြီး မြေကြီးများ လွင့်စင်လျက် မီးကျွမ်းနေသည့် နက်ရှိုင်းသော ကျင်းကြီးများစွာ ဖြစ်ပေါ်လာတော့သည်။
ခဏအကြာတွင် မိုးကြိုးဟိန်းသံ၏ ဖျက်ဆီးမှုကြောင့် ထိုနေရာတစ်ခုလုံး ပျက်စီးယိုယွင်းသွားခဲ့သည်။ ထိုအချိန်မှာပင် မိုးကြိုးဟိန်းသံ၏ အကြည့်သည် အဝေးမှ လင်းထိန်နေသော တောင်တန်းအခြေစိုက်စခန်းဆီသို့ ရောက်ရှိသွားပြီး အကြည့်များ တန့်သွားခဲ့သည်။
"ဝူး..."
နောက်တစ်ခဏတွင် မိုးကြိုးဟိန်းသံသည် စိတ်လှုပ်ရှားစွာဖြင့် ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ဧရာမခန္ဓာကိုယ်ကြီးကို တောင်တန်းအခြေစိုက်စခန်းရှိရာသို့ ဦးတည်ကာ မြေကြီးတုန်ဟည်းအောင် စတင်ပြေးလွှားတော့သည်။
အခြေစိုက်စခန်းအနီးရှိ မည်သည့်လှုပ်ရှားမှုမဆို အခြေစိုက်စခန်း၏ စောင့်ကြည့်ရေးစနစ်မှ လွတ်မြောက်နိုင်ခြင်း မရှိပေ။
"သတင်းပို့ပါတယ် ခေါင်းဆောင်ကြီး... အဲဒီသားရဲက စခန်းနဲ့ ဆယ်မိုင်အကွာကို ရောက်နေပါပြီ"
"သတင်းပို့ပါတယ် ခေါင်းဆောင်ကြီး... သားရဲက စခန်းနဲ့ ခုနစ်မိုင်အကွာကို ရောက်လာပါပြီ"
"သတင်းပို့ပါတယ် ခေါင်းဆောင်ကြီး..."
မိုးကြိုးဟိန်းသံ တစ်စတစ်စ နီးကပ်လာသည်နှင့်အမျှ အခြေစိုက်စခန်းကြီးတစ်ခုလုံး ဖရိုဖရဲ ဖြစ်ကုန်တော့သည်။
အလွန်အမင်း အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူတစ်ဦးမှ မရှိဘဲနှင့် တောင်တန်းအခြေစိုက်စခန်းအနေဖြင့် ဤသားရဲကြီးကို ယှဉ်ပြိုင်ကိုင်တွယ်ရန် နည်းလမ်းဟူ၍ မရှိသလောက်ပင်။ ထို့ကြောင့် ချဉ်းကပ်လာနေသော မိုးကြိုးဟိန်းသံသည် တောင်တန်းအခြေစိုက်စခန်းအတွက် သေမင်းတမန်နှင့် မခြားတော့ပေ။
"ချက်ချင်း ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ ပြင်ဆင်ကြ ဆင့်ကဲပြောင်းလဲသူ တပ်ဖွဲ့အားလုံးကို မြို့ရိုးပေါ် တက်ခိုင်းလိုက် မိုးကြိုးဟိန်းသံကို ရှိသမျှ အင်အားနဲ့ တားဆီးရမယ်"
အခြေစိုက်စခန်း ခေါင်းဆောင် ထျန်းရိသည် သူ၏ လက်အောက်ငယ်သားများကို ဒေါသတကြီး အော်ဟစ်အမိန့်ပေးလိုက်သည်။
ပြင်ပမြို့ရိုး..
"မြန်မြန်... မြန်မြန်လုပ်ကြ အားလုံး မြို့ရိုးပေါ် တက်ကြတော့။ အဲဒီ မိုးကြိုးဟိန်းသံ သားရဲကြီးကို မြို့ပြင်မှာပဲ အမိအရ တားဆီးထားရမယ်။ မြို့ထဲကို လုံးဝ ပေးမဝင်နဲ့"
မိုးထဲလေထဲတွင် မိုးကာဝတ်ထားသော ဆင့်ကဲပြောင်းလဲသူများက မီးမောင်းများ ထိုးထားသည့် မြို့ရိုးဆီသို့ လက်ညှိုးညွှန်ရင်း အော်ဟစ်နေကြသည်။
ဒုန်း... ဒုန်း... ဒုန်း...
ချက်ချင်းဆိုသလိုပင် အမိန့်ရရှိထားသော ဆင့်ကဲပြောင်းလဲသူ အဖွဲ့များသည် မြို့ရိုးပေါ်သို့ အပြေးအလွှား တက်သွားကြတော့သည်။ တစ်ချိန်တည်းမှာပင် စစ်သည်အမြောက်အမြားမှာလည်း မိုးဒဏ်ကို အံတုရင်း လက်နက်ခဲယမ်း အမျိုးမျိုးကို မြို့ရိုးပေါ်သို့ သယ်ဆောင်ကာ အရေးပါသော နေရာများတွင် နေရာချထားကြသည်။
ခဏချင်းအတွင်းမှာပင် တောင်တန်းအခြေစိုက်စခန်း၏ မြို့ရိုးပေါ်ရှိ နေရာလပ်တိုင်းကို လူအင်အား၊ လက်နက်အင်အားများဖြင့် ပြည့်နှက်သွားစေခဲ့သည်။ အမိန့်ထုတ်ပြန်ချိန်မှ ယခုအချိန်အထိ တိုတောင်းလှသော ကာလအတွင်းမှာပင် အကြိမ်ကြိမ် လေ့ကျင့်ထားသော တောင်တန်းစခန်း၏ လက်နက်ကိုင်တပ်ဖွဲ့များသည် နေရာချထားမှုအားလုံးကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။
ကင်းထောက်တပ်ဖွဲ့အချို့မှာမူ ပျံသန်းနိုင်စွမ်းရှိသော ဆင့်ကဲပြောင်းလဲသူများ၏ ဦးဆောင်မှုဖြင့် မိုးလိုက်ကာကြီးထဲသို့ တိုးဝင်ကာ မိုးကြိုးဟိန်းသံ၏ တိကျသော တည်နေရာနှင့် အကွာအဝေးကို စုံစမ်းရန် ထွက်ခွာသွားကြသည်။
အကူအညီပေးရေး ဆင့်ကဲပြောင်းလဲသူများကလည်း သားရဲကြီးကို ဒဏ်ရာရစေရန် မြို့ရိုးရှေ့တွင် ထောင်ချောက်များ စတင်ဆင်နေကြသလို နွယ်ပင်များ၊ ကျောက်တုံးကြီးများနှင့် အခြားနည်းလမ်းများကို အသုံးပြု၍ မြို့ရိုးကို အဆက်မပြတ် ခိုင်ခံ့အောင် ပြုလုပ်နေကြတော့သည်။
ယခုအချိန်တွင် အထူးသဖြင့် မြို့တံခါးဝနေရာ၌ ထူထပ်လှသော ကျောက်တုံးကြီးများကို တစ်ဆင့်ပြီးတစ်ဆင့် ဆင့်ထားရုံတင်မကဘဲ စူးရှထက်မြက်သည့် နွယ်ပင်အထပ်ထပ်ကိုလည်း မြို့ရိုးတစ်လျှောက် သိပ်သည်းစွာ ရစ်ပတ်နှောင်ဖွဲ့ထားကြသည်။
အခြေစိုက်စခန်းရှိ စစ်သည်များထဲမှ သာမန်စစ်သားများသည်လည်း မိမိတို့၏ ပစ်ကျင်းများတွင် နေရာယူထားကြပြီး ရှေ့မှသည်းထန်နေသော မိုးလိုက်ကာကြီးကို မမှိတ်မသုန် စိုက်ကြည့်
ရင်း မိုးကြိုးဟိန်းသံပေါ်လာမည့်အချိန်ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေကြသည်။ စက်သေနတ်ကိုင်ဆောင်ထားသူများမှာလည်း စက္ကန့်ပိုင်းမျှပင် လက်မလျှော့ဘဲ လူသေနတ်အသင့် ပြင်ထားကြသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်နှင့်အမျှ မြို့ရိုးပေါ်ရှိ ဆင့်ကဲပြောင်းလဲသူများနှင့် စစ်သည်များမှာ စိတ်လှုပ်ရှားစွာဖြင့် ဝေဒနာခံစားနေရသလို စောင့်ဆိုင်းနေကြရသည်။ ကင်းထောက်စွမ်းရည်ရှိသော ဆင့်ကဲပြောင်းလဲသူများထံမှ သားရဲကြီး၏ တည်နေရာသတင်းများမှာလည်း အခါအားလျော်စွာ ရောက်ရှိလာနေသည်။
"ငါးမိုင်ပဲ ကျန်တော့တယ် အားလုံး အသင့်ပြင်"
" မိုးကြိုးဟိန်းသံက စခန်းနဲ့ နှစ်မိုင်အကွာကို ရောက်နေပြီ"
"တစ်မိုင် တစ်မိုင်ပဲ လိုတော့တယ်"
အဆက်မပြတ် အော်ဟစ်သံများကို နားထောင်ရင်း မြို့ရိုးပေါ်ရှိ လူများ၏ စိတ်မှာ အစွမ်းကုန် တင်းမာလာကာ လေထုကြီးမှာလည်း လေးလံထိုင်းမှိုင်းနေတော့သည်။ လူတိုင်း၏ မျက်လုံးများမှာ မိုးသည်းနေသော အမှောင်ထုဆီသို့သာ စိုက်ကြည့်နေကြသည်။
ဝုန်း... ဝုန်း... ဝုန်း...
အတိအကျ ထိုအချိန်မှာပင် မြို့ရိုးကြီးမှာ အနည်းငယ် တုန်ခါလာပြီး ရှေ့မှအမှောင်ထုထဲမှ ဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလို မီးမောင်းများမှ အလင်းတန်းများသည် မိုးစက်များကို ဖောက်ထွက်ကာ အမှောင်ထဲရှိ ဧရာမ ပုံရိပ်ကြီးတစ်ခုကို လင်းထိန်သွားစေသည်။ တစ်ကိုယ်လုံး ချမ်းစိမ့်သွားစေမည့် သွေးရောင်လွှမ်းသော မျက်လုံးတစ်စုံကို အားလုံး မြင်လိုက်ကြရသည်။
"ပစ်ကြစမ်း"
မြို့ရိုးပေါ်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အမိန့်သံတစ်ခု ထွက်ပေါ်လာသည်။
အမိန့်သံအဆုံးမှာပင် သေနတ်သံများက ညဉ့်ယံကို ဖုံးလွှမ်းသွားတော့သည်။
ဒိုင်း... ဒိုင်း... ဒိုင်း...
မြို့ရိုးပေါ်ရှိ စစ်သည်များသည် ချက်ချင်းပင် စတင်ပစ်ခတ်ကြရာ ရိုင်ဖယ်များနှင့် စက်သေနတ်များမှ မီးလျှံများ ပန်းထွက်လာပြီး ကျည်ဆန်မိုးများမှာ မိုးစက်များကို ဖောက်ခွဲကာ မိုးကြိုးဟိန်းသံဆီသို့ ကျရောက်သွားသည်။
သို့သော် ကံမကောင်းစွာပင် လျှပ်စီးများ ဝန်းရံနေသော မိုးကြိုးဟိန်းသံသည် ကျည်ဆန်များကို ထိတွေ့ရုံနှင့် လွင့်စင်သွားစေသည်။ ကျည်ဆန်များမှာ ညဉ့်အမှောင်ထဲသို့ အရပ်ရပ် လွင့်စင်ကုန်ကြပြီး သားရဲကြီးကို အနည်းငယ်မျှပင် ဒဏ်ရာမရစေနိုင်ပေ။
သို့သော်လည်း ကျည်ဆန်မိုးများ၏ ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် မိုးကြိုးဟိန်းသံမှာ ယိုင်နဲ့သွားပြီး ၎င်း၏ အရှိန်မှာ သိသိသာသာ နှေးကွေးသွားခဲ့သည်။
ထို့နောက် ချက်ချင်းပင် ဒုံးကျည်များနှင့် မော်တာကျည်များမှ မီးလျှံများ ထွက်ပေါ်လာပြီး ကျည်ဆန်ကြီးများမှာ ဥက္ကာခဲများအလား ပျံသန်းသွားတော့သည်။ ဆင့်ကဲပြောင်းလဲသူများသည်လည်း လျှပ်စီးတန်းများ၊ မီးလုံးများ၊ ရေခဲလှံများနှင့် အခြားစွမ်းအားများကို အမှောင်ထုထဲသို့ တစ်ပြိုင်နက်တည်း ထုတ်လွှတ်ကာ ဧရာမ တိုက်ကွက်ကြီးဖြင့် ဗုံးကြဲတိုက်ခိုက်လိုက်ကြသည်။
မိုးကြိုးဟိန်းသံပေါ်သို့ အလုံးအရင်းဖြင့် ဗုံးမိုးရွာချသည့် တိုက်ပွဲကြီးမှာ တကယ်ပင် စတင်ခဲ့သည်။