← Chapters

အခန်း (၃၁၉)

Vol. 32 Ch. 319

အခန်း (၃၁၉)

Vol. 32 Ch. 319

အခန်း။ ၃၁၉

ဟယ်လီကော်ပတာများသည် မိုးကြိုးဒဏ်အောက်တွင် တစ်စစီပေါက်ကွဲသွားပြီး မျက်စိတစ်မှိတ်အတွင်း မီးလုံးကြီးများအဖြစ် ပြောင်းလဲကာ ပုံပျက်ပန်းပျက် အစိတ်အပိုင်းများ အရပ်ရပ်သို့ လွင့်စင်သွားတော့သည်။ ရွာသွန်းနေသော မိုးရေများသည်လည်း ပူပြင်းလှသော မီးတောက်များကြောင့် အငွေ့ပျံကာ အဖြူရောင် မြူခိုးများအဖြစ် ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့လွင့်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် လျှပ်စီးတန်းများ ငြိမ်သက်သွားပြီးနောက် မိုးကြိုးဟိန်းသံကို ဟန့်တားရန် ပြင်ဆင်ခဲ့သော ဆင့်ကဲပြောင်းလဲသူအဖွဲ့များသည်လည်း အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားကြသည်။ သူတို့ရှိခဲ့သည့် နေရာတွင် မီးကျွမ်းနေသော အကြွင်းအကျန်အချို့နှင့် အဝတ်အစား အစအနအချို့သာ ကျန်ရစ်တော့သည်။

"ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ ကောင်တွေ"

အခြေစိုက်စခန်းမှ စေလွှတ်လိုက်သော အဖွဲ့တစ်ခုလုံး အပြတ်အသတ် ချေမှုန်းခံလိုက်ရသည်ကို ကြည့်ရင်း ဟွမ်ရွှမ်သည် အရိပ်ထဲမှ ပြန်လည်ပေါ်ထွက်လာကာ အောင်နိုင်သူတစ်ယောက်၏ အပြုံးဖြင့် ပြုံးလိုက်သည်။

သူ့၏ အစီအစဉ်အောက်တွင် တောင်တန်းအခြေစိုက်စခန်းမှ လူများ ဝေဒနာပြင်းပြင်းထန်ထန်ဖြင့် သေဆုံးနေရသည်ကို မြင်ရတိုင်း သူသည် ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုကို ခံစားရလေ့ရှိသည်။

ထျန်းမိသားစု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော တောင်တန်းအခြေစိုက်စခန်းသည် သူ့အတွက်တော့ မသေမချင်း ရန်သူပင်။ အကြောင်းမှာ သူတို့သည် ထျန်းမိသားစု၏ လက်ပါးစေများ ဖြစ်နေသောကြောင့်ပင်။

သူ့ကို လာရောက်နှောင့်ယှက်နေဆဲဖြစ်သော ဆင့်ကဲပြောင်းလဲသူ အဖွဲ့များအတွက် ဟွမ်ရွှမ်၏ စိတ်ထဲတွင် စကားတစ်လုံးတည်းသာ ရှိသည်။ ၎င်းမှာ သတ်ပစ်ဖို့ပင်။

သူသည် လှည့်ကြည့်လိုက်ရာ အမှောင်ထုအောက်တွင် မီးရောင်များ လင်းထိန်နေဆဲဖြစ်သော တောင်တန်းအခြေစိုက်စခန်းကို အဝေးမှ လှမ်းမြင်နေရသည်။ ဟွမ်ရွှမ်သည် သားရဲငှက်ကြီးပေါ်တွင် ရပ်နေရင်း လက်နှစ်ဖက်ကို ဆန့်တန်းကာ မိုးရေများကို မျက်နှာပေါ်သို့ ကျဆင်းခွင့်ပေးထားရင်း ရူးသွပ်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"နင်တို့ရဲ့ ပျက်သုဉ်းခြင်းနေ့ ရောက်လာပြီဟေ့ ဟားဟားဟား"

မမ... ကျွန်တော် မမအတွက် နောက်ဆုံးတော့ လက်စားချေပေးနိုင်တော့မယ် စောင့်နေပါ... အဲဒီ ထျန်းဆိုတဲ့ကောင်ရဲ့ ခေါင်းကို ဖြတ်ပြီး မမရဲ့ ဂူဗိမာန်ရှေ့မှာ မဖြစ်မနေ လာတင်ပေးမယ်

တောင်တန်းအခြေစိုက်စခန်း အစည်းအဝေးခန်းမအတွင်း။

ဟယ်လီကော်ပတာ အုပ်စုတစ်ခုလုံး အပြတ်အသတ် ချေမှုန်းခံလိုက်ရသည့် သတင်းကို ကြားလိုက်ရချိန်တွင် အဆင့်မြင့်အရာရှိများမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး သူတို့၏ မျက်ဝန်းများတွင် မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်များ ပေါ်လွင်လာသည်။

"ဒီသားရဲက တကယ့်ကို ကြောက်စရာကောင်းလွန်းတယ်။ ငါတို့က ဒီအတိုင်းပဲ စခန်းထဲကို သူဝင်မွှေတာကို ကြည့်နေရတော့မှာလား"

အဆင့်မြင့်အရာရှိတစ်ဦးက စားပွဲကို ဒေါသတကြီး ထုရိုက်လိုက်ပြီး သက်ပြင်းချလိုက်သည်။

အခြေစိုက်စခန်းအတွင်းရှိ များပြားလှသော အသက်ရှင်ကျန်ရစ်သူများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ရန် အချိန်မရတော့ပေ။ အကယ်၍ မိုးကြိုးဟိန်းသံသာ မြို့ထဲသို့ အတင်းဝင်ရောက်မွှေနှောက်ခဲ့ပါက လူပေါင်းမည်မျှ သေကြေပျက်စီးရမည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ပေ။

"လက်ရှိအခြေအနေအရ မိုးကြိုးဟိန်းသံရဲ့ အစွမ်းက ငါတို့စခန်းထဲမှာရှိတဲ့ ဆင့်ကဲပြောင်းလဲသူအားလုံးထက် အဆပေါင်းများစွာ သာလွန်နေတယ်။ ဧကရာဇ်မြို့တော်ကသာ အကူအညီမပေးရင်တော့... ဟူး..."

အခြား အဆင့်မြင့်အရာရှိတစ်ဦးက ဧကရာဇ်မြို့တော်ထံမှ အကူအညီအကြောင်း ပြောရင်း စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းလိုက်သည်။

အကယ်၍ ဧကရာဇ်မြို့တော်ကသာ ကူညီမည်ဆိုလျှင် သူတို့ ယခုကဲ့သို့ အကျပ်အတည်းမျိုး ဆိုက်ရောက်နေမည် မဟုတ်ပေ။ ထို့ကြောင့် ထိုအကြောင်းကို ဆွေးနွေးနေခြင်းမှာ အပိုပင် ဖြစ်နေတော့သည်။

အစည်းအဝေး၏ ထိပ်ဆုံးတွင် ထိုင်နေသော ထျန်းရိ၏ မျက်နှာမှာလည်း မှောင်မှောင်မှိုင်းမှိုင်း ဖြစ်နေသည်။ အခြေစိုက်စခန်း၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် အကယ်၍ စခန်းတံတိုင်းသာ ကျိုးပေါက်သွားပါက သူသည် အထိနာဆုံးနှင့် တာဝန်အရှိဆုံးသူ ဖြစ်လာပေလိမ့်မည်။

"အိမ်နီးချင်း မဟာမိတ်မြို့တွေဆီကကော ဘာသတင်းထူးသေးလဲ အကူအညီတွေ ဘယ်တော့လောက် ရောက်လာမလဲဆိုတာ သတင်းရထားတာ ရှိလား"

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ထျန်းရိသည် အဆင့်မြင့်အရာရှိတစ်ဦးကို ကြည့်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

ထိုအခါ အခြားအရာရှိများ၏ အကြည့်များသည်လည်း မျှော်လင့်ချက်အပြည့်ဖြင့် ထိုအရာရှိထံသို့ ရောက်ရှိသွားကြသည်။ အကူအညီသာ ရောက်လာပါက တောင်တန်းအခြေစိုက်စခန်းအတွက် မျှော်လင့်ချက် ရောင်ခြည် ရှိနေသေးသည်။

"ခေါင်းဆောင်ကြီး... ကျွန်တော် ဘေးပတ်ဝန်းကျင်က မဟာမိတ်မြို့တွေတင်မကဘဲ ကျင်းပြည်နယ်ထဲမှာရှိတဲ့ အခြေစိုက်စခန်း အားလုံးဆီကို အကူအညီတောင်းခံစာ ပို့ထားပြီးပါပြီ။ ဒါပေမဲ့ အခုထိတော့ ဘယ်စခန်းကမှ ကူညီမယ်လို့ အကြောင်းမပြန်သေးပါဘူး။ အများစုကတော့ သူတို့ဆီမှာလည်း တပ်ဖွဲ့အင်အား မလုံလောက်ဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ငြင်းဆိုနေကြပါတယ်..."

မေးမြန်းခြင်းခံရသော အရာရှိမှာ တုန်တုန်ရင်ရင်ဖြင့် လေသံတိုးတိုးဖြင့် ဖြေကြားလိုက်သည်။

ဤကဲ့သို့ စိတ်ဓာတ်ကျဆင်းစေမည့် သတင်းဆိုးမျိုးကို ခေါင်းဆောင်ကြီးအား သီးသန့်သာ တင်ပြရန် ရည်ရွယ်ထားသော်လည်း ယခုကဲ့သို့ လူပုံအလယ်တွင် မေးမြန်းလာသဖြင့် သူအနေဖြင့် အမှန်အတိုင်း ဖြေကြားရန်မှတစ်ပါး အခြားမရှိတော့ပေ။

ဘာ...

ထိုစကားကို ကြားလိုက်ရချိန်တွင် တက်ရောက်လာသူအားလုံးမှာ လုံးဝဥဿုံ စိတ်ပျက်သွားကြပြီး သူတို့၏ နောက်ဆုံးကျန်ရှိနေသော မျှော်လင့်ချက် မီးစလေးမှာလည်း ငြိမ်းသတ်ခြင်း ခံလိုက်ရတော့သည်။

"ဟွန်း... အမြော်အမြင်မရှိတဲ့ လူမိုက်တွေ။ ငါတို့စခန်းကို အကူအညီမပေးဘဲ နေလိုက်ရုံနဲ့ သူတို့ စိတ်အေးလက်အေး နေနိုင်မယ် ထင်နေကြတာလား မိုးကြိုးဟိန်းသံက မိုးကြိုးစွမ်းအင်ကိုပဲ ရှာဖွေနေတာ။ တောင်တန်းစခန်းကို ဖျက်ဆီးပြီးသွားရင် သူက တခြားစခန်းတွေကိုလည်း ပစ်မှတ်ထားမှာ အသေအချာပဲ။ အဲဒီအခါကျမှ အဲဒီလူတွေ ဘာလုပ်ကြမလဲဆိုတာ ငါကြည့်ချင်သေးတယ်"

အဆင့်မြင့်အရာရှိတစ်ဦးက ဒေါသတကြီးဖြင့် ကဲ့ရဲ့ရှုံ့ချလိုက်တော့သည်။

အမှန်စင်စစ် ပတ်ဝန်းကျင်မှ အခြေစိုက်စခန်းများသာ အကူအညီပေးခဲ့မည်ဆိုပါက တောင်တန်းအခြေစိုက်စခန်းသည် ရှင်သန်ခွင့်ရနိုင်သလို မိုးကြိုးဟိန်းသံကိုလည်း တားဆီးထားနိုင်မည် ဖြစ်သည်။ သို့သော် အခြားမြို့များမှာမူ မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ နှုတ်ဆိတ်နေကြသည်။

“တခြားအခြေစိုက်စခန်းတွေကလည်း မကူညီဘူး။ ဧကရာဇ်မြို့တော်ကလည်း အားကိုးလို့မရဘူးဆိုတော့... ငါတို့ အခု ဘာလုပ်ကြမလဲ”

အဆင့်မြင့်အရာရှိအားလုံးမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး မိမိတို့မြို့ကြီး ပျက်စီးလုနီးပါးဖြစ်နေသည်ကို ထိုင်ကြည့်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြတော့ပေ။ တောင်တန်းမြို့၏ ကံကြမ္မာမှာ အဆုံးစွန်သော ချောက်ကမ်းပါးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထျန်းရိသည် အားပျက်စွာ ကုလားထိုင်ပေါ်သို့ မှီချလိုက်ရင်း “ကောင်းကင်ကြီးက ငါတို့တောင်တန်းမြို့ကို စွန့်ပစ်လိုက်ပြီ ထင်ပါရဲ့” ဟု ပြောလိုက်သည်။ မိုးကြိုးဟိန်းသံ၏ မိုးကြိုးစွမ်းအင်ကို စုပ်ယူပြီး အဆက်မပြတ် ကြီးထွားနိုင်သော စွမ်းရည်ကို သိပါလျက်နှင့် အကူအညီမပေးကြသော မဟာမိတ်မြို့များကို သူ လုံးဝမယုံကြည်နိုင်အောင် ဖြစ်နေရသည်။

သို့သော် သူသည် မြို့ထဲမှ အသက်ရှင်ကျန်ရစ်သူ ထောင်သောင်းချီအတွက် စိတ်ကိုတင်းထားပြီး တည်ကြည်စွာ ပြန်လည်မတ်တပ်ရပ်လိုက်သည်။

“အားလုံးပဲ... နောက်ဆုံးတိုက်ပွဲအတွက် ပြင်ဆင်ကြတော့။ ဒီတိုက်ပွဲက ငါတို့မြို့ကြီး တည်ရှိမှုအတွက် အဆုံးအဖြတ်ပဲ။ ငါတို့မှာရှိသမျှ အရာအားလုံး ရင်းနှီးရမယ်ဆိုရင်တောင် မိုးကြိုးဟိန်းသံကို မဖြစ်မနေ တိုက်ထုတ်ရမယ်”

တကယ်လို့သာ ဤတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက တောင်တန်းအခြေစိုက်စခန်းသည် မြေပုံပေါ်မှ အစအနမကျန် ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။

မြို့ကြီးတစ်ခုလုံး သေရေးရှင်ရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် တောင်တန်းမြို့၏ အဆောက်အအုံတစ်ခုအတွင်း၌မူ ထူးဆန်းသော မြင်ကွင်းတစ်ခု ရှိနေသည်။

မှိန်ပျပျမီးရောင်အောက်တွင် လုချွမ်းသည် ကျောက်လင်းနှင့်အတူ အေးအေးလူလူပင် စစ်တုရင်ကစားနေသည်။ ပြင်ပမှ မုန်တိုင်းသံများနှင့် သေမင်းတမန် ဝက်ဝံကြီး၏ ဟိန်းဟောက်သံများမှာ သူတို့အတွက် အရေးမပါသကဲ့သို့ပင်။

အပြင်ဘက်တွင် မိုးသက်လေပြင်းများ ကျရောက်နေသဖြင့် ကျောက်လင်းမှာ အိပ်မပျော်နိုင်ဘဲ ဖြစ်နေသည်။ ထို့ကြောင့် သူမသည် လုချွမ်းကို အတင်းပူဆာကာ စစ်တုရင်ကစားခိုင်းနေခြင်း ဖြစ်သည်။ လုချွမ်းမှာလည်း မိုးသည်းနေချိန်တွင် သားရဲအမဲလိုက်ရန် မလွယ်ကူသဖြင့် ပျင်းပျင်းရှိသည်နှင့် သဘောတူလိုက်မိသော်လည်း ယခုအခါတွင်မူ နောင်တရနေပြီ ဖြစ်သည်။

“လုချွမ်း... နင် ငါ့ကို ဘာလို့ မျက်စိတစ်ဖက် မှိတ်ပြနေတာလဲ”

ကျောက်လင်းက ဇဝေဇဝါဖြင့် မေးသောအခါ လုချွမ်းမှာ စကားပင် မထွက်နိုင်တော့ဘဲ စစ်တုရသ်ခုံကိုသာ လက်ချောင်းဖြင့် တတောက်တောက် ခေါက်ပြလိုက်ရသည်။

ဘေးမှ ကြည့်နေသော ကျိရုရွှယ်က စိတ်မရှည်စွာဖြင့် “အန်တီကျောက်လင်းရယ်... အဖေက အန်တီ့ကို အလှည့်ရောက်ပြီလို့ အချက်ပြနေတာလေ။ အကွက်ရွှေ့တော့လေ” ဟု ဝင်ရောက်တိုက်တွန်းလိုက်ရသည်။

ကျောက်လင်းကမူ “စစ်တုရင်ကစားတာ လောလို့မရဘူးလေ။ သေချာစဉ်းစားရတာ” ဟု အကြောင်းပြသော်လည်း သူမ လက်ဖက်ရည် နှစ်ခွက်ကုန်သွားသည့်တိုင် အကွက်မရွှေ့နိုင်သေးသည်ကို ကြည့်ပြီး ကျိရုရွှယ်မှာ မျက်လုံးအသာလှန်ကာ အားမလိုအားမရ ဖြစ်နေရှာသည်။

ကျိရုရွှယ်က ကျောက်လင်း၏ စစ်တုရင်ခုံကို လှမ်းကြည့်လိုက်သောအခါ နယ်ရုပ်လေးခုသာ ကျန်တော့သည်ကို မြင်လိုက်ရသည်။

“သမီးအထင်တော့ အန်တီ ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်တာ ပိုကောင်းမယ်ထင်တယ်။ အန်တီက အဖေ့ကို ဘယ်လိုမှ မနိုင်နိုင်ဘူး”

ကျိရုရွှယ်က ပြောလိုက်သောအခါ ကျောက်လင်းက အမြီးနင်းခံလိုက်ရသလို ခါးခါးသီးသီး ငြင်းဆိုသည်။

“ငါ မရှုံးသေးပါဘူး ချီချီလေးရဲ့ စိတ်မပူနဲ့... ငါ အခြေအနေကို ပြောင်းပြန်လှန်ပြနိုင်သေးတယ်”

ကျောက်လင်း၏ စစ်တုရင်အဆင့်မှာ ညံ့ရုံတင်မကဘဲ ကစားပုံမှာလည်း စိတ်ညစ်စရာ ကောင်းလှသည်။ ငါးမိနစ်ခန့် ကြာပြီးနောက် ကျောက်လင်းက လက်ဖက်ရည်ခွက်ကို ထပ်မံကိုင်

လိုက်သည်ကို မြင်လိုက်ရသော လုချွမ်း သည်းမခံနိုင်တော့ပေ။

သူသည် သမီးဖြစ်သူ ကျိရုရွှယ်ကို အစားဝင်ကစားရန် အချက်ပြလိုက်ပြီးနောက် မတ်တပရပ်ကာ နောက်သို့ပင် လှည့်မကြည့်ဘဲ အမြန်ထွက်ပြေးသွားတော့သည်။

“လုချွမ်း လုချွမ်း မသွားနဲ့လေ ပွဲက မပြီးသေးဘူး ငါ နိုင်မှာပါဆို...”

ကျောက်လင်း၏ အော်ဟစ်ကျန်ရစ်သံမှာ မုန်တိုင်းသံများကြား၌ ပျံ့လွင့်ကာ ကျန်ရစ်ခဲ့တော့သည်။

All Chapters