လိပ်ပြာတောင်ကုန်းတွင် ကျင့်ကြံခြင်း
Vol. 174 Ch. 2487
ရီဖူရှင်းက လက်အုပ်ချီ၍ ဗုဒ္ဓအားလုံးအရှင်ကို ဦးညွှတ်ကာ ပြောလိုက်၏။
“ကျေးဇူးအများကြီးတင်ပါတယ်။ တပည့်တော်ရဲ့ ဒီတစ်ခေါက်ခရီးက နည်းနည်းရိုင်းပြသလိုဖြစ်သွားပါတယ်။ တပည့်တော်ကို ခွင့်လွှတ်ပေးဖို့ ပြောချင်ပါတယ်။ အခု တပည့်တော် ဟွာချင်းချင်းကို ခေါ်ပြီး တောင်အောက်ကို ပြန်ဆင်းပါတော့မယ်”
“လောစရာမလိုပါဘူး”
ဗုဒ္ဓအားလုံးအရှင်သည် ပြုံး၍ ပြန်ပြောလိုက်၏။
“ရီဖူရှင်း... ကံကြမ္မာဗုဒ္ဓက သင်ဟာ ဗုဒ္ဓလမ်းစဉ်နဲ့ ကံပါလာတယ်လို့ ပြောပြီးပြီ။ ဟွာချင်းချင်းရဲ့မှတ်ဉာဏ်ပြန်ရဖို့အတွက် သူ့ကို လိပ်ပြာတောင်ကုန်းသို့ လိုက်ပို့ရတာ လွယ်တဲ့ခရီးမဟုတ်ဘူး။ ငါကိုယ်တော် သင့်ကို လက်ဗလာနဲ့ ပြန်ခိုင်းဖို့ မသင့်ပေဘူး”
ရီဖူရှင်း အနည်းငယ် အံ့အားသင့်သွား၏။ ရှန်းယန်ဗုဒ္ဓအရှင်ကား သိပ်ကြေနပ်ဟန်မတူ။ ဗုဒ္ဓအားလုံးအရှင်သည် အရှင်ဒွန်ဟောင်အပေါ်အလေးပေးသကဲ့သို့ ရီဖူရှင်းကိုလည်း ဗုဒ္ဓဓမ္မများသင်ကြားပေတော့မည်လော။
ဟွာချင်းချင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ချက် ပေါ်လာ၏။ သူမတို့သည် အန္တရာယ်ခရီးကြမ်းများကို ကျော်လွှားနိုင်ခဲ့ရုံသာမက ကံဆိုးမိုးမှောင်ကျခြင်းအား အခွင့်အရေးအဖြစ်ပင် ပြောင်းလဲနိုင်ခဲ့သည်။
“တပည့်တော်သိပါပြီ... သူက ကံကြမ္မာဗုဒ္ဓပဲ”
ရီဖူရှင်းက မျက်လုံးများကျဉ်းသွားအောင် ပြုံးနေသော ကံကြမ္မာဗုဒ္ဓကို ကြည့်ကာ ပြောလိုက်၏။ ကံကြမ္မာဗုဒ္ဓသည် သဗ္ဗညုတဉာဏ်တော်ကို ကျင့်ကြံသည့် ဆန်းကြယ်ကာ ပြိုင်ဘက်ကင်းသော ရှေးဟောင်းဗုဒ္ဓတစ်ပါးဖြစ်သည်။
ထိုဗုဒ္ဓအရှင်၏အဆင့်နှင့်ဆိုလျှင် သူသည်အရာအားလုံးကို မမြင်နိုင်လျှင်ပင် တစ်စိတ်တစ်ပိုင်းကိုတော့ မြင်နိုင်ပေလိမ့်မည်။
ဗုဒ္ဓအားလုံးအရှင်ကလည်း ကံကြမ္မာဗုဒ္ဓကိုကြည့်၍ မေးလိုက်၏။
“ဗုဒ္ဓအရှင်... ရီဖူရှင်းအနေနဲ့ ဘယ်ဗုဒ္ဓတန်ခိုးကို ကျင့်ကြံဖို့ သင့်တော်မယ်လို့ သင်ထင်ပါသလဲ”
“ဟွာချင်းချင်းအပြင်... ဒကာလေးရီရဲ့ ဗုဒ္ဓလမ်းစဉ်နဲ့ရေစက်ကလည်း ဝူထျန်းဗုဒ္ဓအရှင်နဲ့ အနည်းငယ် ဆက်စပ်နေမယ်ထင်ပါတယ်”
ကံကြမ္မာဗုဒ္ဓသည် မျက်လုံးများကျဉ်းသွားသည်အထိ ပြုံးကာ ပြောသည်။ ဝူထျန်းဗုဒ္ဓအရှင်သည် ယခင်က ရီဖူရှင်း၏အန္တရာယ်အချို့ လျော့ကျသွားရန် ကူညီပေးခဲ့ပြီး သူ၏တပည့်ယွီမူကို ရီဖူရှင်း၏ဘေးတွင် နေခိုင်းခဲ့၏။
“အမှန်ပဲ”
ဗုဒ္ဓအားလုံးအရှင်က ခေါင်းဆတ်ဆတ် ညိတ်သည်။
“ဒီလိုဆိုမှတော့... ကိုယ်တော်တို့ ဗုဒ္ဓရောင်ဝါခြေလှမ်းကို သင်ပေးမယ်။ ဝူထျန်းဗုဒ္ဓအရှင်... သင်ဘယ်လိုသဘောရလဲ”
“တပည့်တော် ဗုဒ္ဓအားလုံးအရှင်ရဲ့အစီအစဉ်ကို လိုက်နာပါမယ်”
ဝူထျန်းဗုဒ္ဓအရှင်က ပြုံးလျက် ပြန်ပြောသည်။ သူသည် ရီဖူရှင်းအပေါ် ကောင်းမွန်သော အမြင်ရှိသည်။ ရီဖူရှင်းသည် ကောင်းကင်၏ကောင်းချီးပေးခြင်းကိုခံရသူ ဖြစ်၏။ အကယ်၍ သူ့ကိုသာ ဗုဒ္ဓရောင်ဝါခြေလှမ်းကို သင်ကြားပေးခဲ့ပါက ဗုဒ္ဓဓမ္မကို ကောင်းမွန်သော ဖြန့်ဖြူးမှုအဖြစ် သတ်မှတ်နိုင်သည်။
“ရီဖူရှင်း... သင် လက်ခံမလား”
ဗုဒ္ဓအားလုံးအရှင်သည် ရီဖူရှင်းကိုကြည့်လျက် မေးလိုက်၏။ သူက ဗုဒ္ဓတန်းခိုးခြောက်မျိုးထဲမှ တစ်မျိုးဖြစ်သည့် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ရီဖူရှင်းအား သင်ကြားပေးလိုသည်။
ဗုဒ္ဓရောင်ဝါခြေလှမ်းဆိုသည်မှာ စိတ်ဖြင့်တည်နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် စိတ်ဖြင့်ခရီးသွားလာခြင်းဟုလည်း လူသိများ၏။ ထိုတန်ခိုးကိုသာ အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ပါက ကျင့်ကြံသူသည် လောကအတွင်းရှိ မည်သည့်နေရာသို့မဆို စိတ်ရှိသကဲ့သို့ သွားလာနိုင်၏။ ထိုတန်ခိုးသည် အာကာသ၊ တည်နေရာရွှေ့ပြောင်းခြင်းတို့နှင့် သက်ဆိုင်သော အဆင့်မြင့်တန်ခိုးဖြစ်သည်။
ဗုဒ္ဓအားလုံးအရှင်နှင့် ကံကြမ္မာဗုဒ္ဓတို့၏တန်ခိုးများနှင့်ဆိုလျှင် သူတို့သည် ရီဖူရှင်း၏ကံကြမ္မာကို တစ်စိတ်တစ်ပိုင်းမက မြင်နိုင်ပေရာ သူတို့က ရီဖူရှင်းကို ဗုဒ္ဓရောင်ဝါခြေလှမ်းသင်ပေးရန် ဆုံးဖြတ်လိုက်ခြင်းမှာ သူ့အသက်ကိုသူ ကာကွယ်နိုင်ရန်ပေလော။
မည်သည့်အကြောင်းပြချက်ဖြစ်စေကာမူ ဗုဒ္ဓတန်ခိုးတော်ခြောက်မျိုးမှ တစ်မျိုးကို သင်ကြားရခြင်းသည် လွန်စွာကြီးမားသောအခွင့်အရေးကောင်း ဖြစ်သည်။
“တပည့်တော် ဝမ်းမြောက်ဝမ်းသာ ကျင့်ကြံချင်ပါတယ်။ လိပ်ပြာတောင်ကုန်းကို လာခဲ့တဲ့ခရီးတစ်လျှောက်မှာ တပည့်တော်ဟာ ဗုဒ္ဓဓမ္မတော်တော်များများကို သင်ယူခဲ့ရပါတယ်။ အခု ဗုဒ္ဓအားလုံးအရှင်အရှင်က တပည့်တော်ကို ဗုဒ္ဓတန်ခိုးတော်ခြောက်မျိုးထဲက တစ်မျိုးကို သင်ကြားပေးမယ်ဆိုတော့ တပည့်တော် တကယ်ကို ကျေးဇူးတင်ပါတယ်”
ရီဖူရှင်းက ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်၏။
“အင်း...”
ဗုဒ္ဓအားလုံးအရှင်က ခေါင်းညိတ်လိုက်၏။
“ဗုဒ္ဓရောင်ဝါခြေလှမ်းကို သင်ပေးဖို့အတွက်တော့ ကိုယ်တော်တို့ ဝူထျန်းဗုဒ္ဓအရှင်ကိုပဲ ဒုက္ခပေးရတော့မှာပဲ။”
ဝူထျန်းဗုဒ္ဓအရှင်ကလည်း ဦးညွှတ်လိုက်၏။
“တပည့်တော် ဝမ်းမြောက်ဝမ်းသာ နာခံပါတယ်”
“ကျေးဇူးအများကြီးတင်ပါတယ် ဝူထျန်းဗုဒ္ဓအရှင် ခင်ဗျား”
ရီဖူရှင်းကလည်း ဝူထျန်းဗုဒ္ဓအရှင်ကို ဦးညွှတ်၏။ ဤအနောက်ဘက်ဗုဒ္ဓလောကသို့ လာခဲ့ရသည့်ခရီးသည် ချောမွေ့သည့်ခရီးမဟုတ်ပေ။ သူတို့သည် အတားအဆီး၊ အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့ကို သတ်ဖြတ်လိုသည့် ကျင့်ကြံသူများ၏ နောက်မှလိုက်ခြင်းကိုလည်း ခံခဲ့ရသည်။ သူတို့သည် နတ်ခန္ဓာပေါက်ကွဲပျက်စီးသွားသည်ကိုလည်း မြင်ခဲ့ရသည်။ အနောက်ကောင်းကင်ရှိ လိပ်ပြာတောင်ကုန်းမှာပင် သူ့ကိုရန်လိုနေသည့် ဗုဒ္ဓများစွာ ရှိသည်။
သို့သော် နောက်ဆုံးရလဒ်သည် သူ့အတွက် ကျေနပ်ဖွယ်ကောင်း၏။ ဗုဒ္ဓအားလုံးအရှင်၊ ဝူထျန်းဗုဒ္ဓအရှင်၊ ကံကြမ္မာဗုဒ္ဓနှင့် ဒုက္ခသမာဓိမထေရ်တို့ကဲ့သို့သူများသည် အလွန်လေးစားဖွယ် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူများ ဖြစ်ကြသည်။
ဗုဒ္ဓအားလုံးအရှင်က ဤသို့ပြုရခြင်းနောက်တွင် အခြားရည်ရွယ်ချက်ရှိသေးသလောဟု ရီဖူရှင်း တွေးနေမည်မဟုတ်ပေ။ ဗုဒ္ဓအားလုံးအရှင်သည် မဟာအင်ပါယာအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ ထိုအဆင့်တွင် ရီဖူရှင်းကဲ့သို့သောသူကို အန္တရာယ်ပေးလိုလျှင် ထိုမျှအကွက်ဆင်နေရန် မလိုပေ။ ထို့ကြောင့် ဗုဒ္ဓအားလုံးအရှင်သည် သူ့ရည်ရွယ်ချက်ကို ဖုံးကွယ်နေမည် မဟုတ်ပေ။
“ကောင်းပြီ... ငါကိုယ်တော် အသင်ဗုဒ္ဓတို့ကို အနှောင့်အယှက်ပေးမိပြီ... လုပ်စရာရှိတာ ဆက်လုပ်ကြပါ။ ငါကိုယ်တော် သွားတော့မယ်”
ဗုဒ္ဓအားလုံးအရှင်က ပြောလိုက်သည်။ သူ၏အသံနှင့်အတူ ဗုဒ္ဓရောင်ခြည်တော်လည်း ထွက်ပေါ်လာ၏။ သူ၏ရွှေခန္ဓာသည် တဖြည်းဖြည်းဝေဝါးလာသည်။ ထို့နောက် သူ၏ရွှေခန္ဓာသည် လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။ ဗုဒ္ဓများ မတုံ့ပြန်လိုက်နိုင်ခင်မှာပင် သူထွက်သွားပြီဖြစ်သည်။
သို့သော် ဗုဒ္ဓများမှာ မအံ့ဩပါ။ ဗုဒ္ဓအားလုံးအရှင် ထိုသို့ပေါ်လာခြင်းသည်ပင် ရှားပါးဖြစ်စဉ် ဖြစ်သည်။ သူ လိပ်ပြာတောင်ကုန်းသို့ ရောက်လာခြင်းမှာ ရီဖူရှင်းနှင့် ဟွာချင်းချင်းတို့ကြောင့်သာ ဖြစ်၏။ ထို့ပြင် ထိုပုံစံသည် ဗုဒ္ဓအားလုံးအရှင်၏ပုံစံအစစ်အမှန်မဟုတ်ပေ။
ဗုဒ္ဓအားလုံးအရှင်ထွက်ခွာသွားပြီးသည့်နောက်တွင် ဗုဒ္ဓများသည် အတွေးအမျိုးမျိုးနှင့် ကျန်ရစ်ကြ၏။
“ဒကာလေးရီနဲ့ ဒကာမလေးဟွာတို့ လိပ်ပြာတောင်ကုန်းမှာပဲနေပြီး ဗုဒ္ဓအားလုံးအရှင်ပွဲတော်ကို တက်ရောက်ကြပါ။”
ထျန်းယင်ဗုဒ္ဓအရှင်က ပြုံးလျှက် ပြောလိုက်သည်။ အခြားဗုဒ္ဓများသည်လည်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။ ဟွာချင်းချင်သည် ဗုဒ္ဓအားလုံးအရှင်၏မီးအိမ်ဖြစ်ခဲ့ပြီး ရီဖူရှင်းသည် သူမကို လိပ်ပြာတောင်ကုန်းသို့ လာရောက်ပို့ဆောင်ပေးခြင်းဖြစ်လေရာ သူမအနေဖြင့် ဗုဒ္ဓအားလုံးအရှင်ပွဲတော်ကို တက်ရောက်လျှင်လည်း ပြဿနာရှိမည်မဟုတ်ပေ။
“ဒကာလေးရီကို ဂုဏ်ပြုပါတယ်”
ယန်ယင်ရဟန်းက ပြုံးလျှက် ပြောလိုက်၏။ ရီဖူရှင်း ခေါင်းညိတ်လိုက်ပြီး သူ့ကို ကျေးဇူးတင်လိုက်သည်။ ဘေးတွင်ရပ်နေသည့် ယွီမူသည်လည်း ရီဖူရှင်းကို ခေါင်းညိတ်၍ အရိုအသေပေး၏။
ရီဖူရှင်းသည် လက်အုပ်ချီ၍ ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက် ထျန်းယင်ရဟန်းက ပြုံးလျှက် ပြောလိုက်၏။
“ထိုင်ပါဦး ဒကာလေးရီ”
“ကျေးဇူးအများကြီး တင်ပါတယ်”
ရီဖူရှင်းသည် ရှိုးတိုးရှိုးတန့်မဖြစ်ဘဲ ထျန်းယင်ရဟန်း၏ဘေးသို့ လျှောက်သွားလိုက်သည်။ ဟွာချင်းချင်းက သူ့နောက်သို့ လိုက်သွားရန် ဟန်ပြင်သည်။ သို့သော် ဝူထျန်းဗုဒ္ဓအရှင်က ပြောလိုက်သည်။
“မဟာဗုဒ္ဓဟာ အရင်တုန်းက ဗုဒ္ဓအားလုံးအရှင်ကျင့်ကြံတာကို အဖော်ပြုပေးခဲ့တာဆိုတော့ ဒီနေရာမှာပဲ ထိုင်ပါ”
ဟွာချင်းချင်း အနည်းငယ် ချီတုံချတုံဖြစ်သွား၏။ သို့သော် ရီဖူရှင်းက သူမကို ခေါင်းညိတ်ပြနေသည်ကို မြင်လိုက်သောအခါ သူမလည်း များစွာတွေးတောမနေတော့ဘဲ အမြင့်ဆုံးကောင်းကင်သို့သွား၍ ဝူထျန်းဗုဒ္ဓအရှင်ဘေးမှ ထိုင်စရာတွင် ဝင်ထိုင်လိုက်သည်။
“ဂုဏ်ပြုပါတယ် ဒကာလေးရီ”
ထုံချန်းရဟန်းကလည်း ရီဖူရှင်းကိုကြည့်ကာ ပြောလိုက်၏။ ရီဖူရှင်းသည် သူ့ကို အနည်းငယ်သတိထား၍ ကြည့်လိုက်သည်။ တဖက်လူက မိမိ၏အတွေးကို မဖတ်နိုင်ရန် သူ၏အတွင်းစိတ်ကို ထိန်းချုပ်ထားကာ များစွာတွေးတောမနေပေ။
ဗုဒ္ဓအားလုံးအရှင်ပွဲတော်ကို ဆက်လက်ကျင်းပသည်။ သို့သော် အားလုံးတွင် အတွေးအကြံကိုယ်စီဖြင့် ရှိနေကြရာ ပွဲတော်အငွေ့အသက် သိပ်မရပေ။
ဗုဒ္ဓအားလုံးအရှင်ပြက္ခဒိန်၏ နှစ်တစ်သောင်းပြည့်သောနှစ်သို့ ရောက်လာရာ မိုင်ထောင်ချီရှည်လျှားသော ဗုဒ္ဓအလင်းသည် လိပ်ပြာတောင်ကုန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ယနေ့တွင် ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူအများအပြားသည် ဗုဒ္ဓဓမ္မများ ဖြန့်ဝေရန်အတွက် လိပ်ပြာတောင်ကုန်းမှထွက်ခွာကာ အနောက်ကောင်းကင်သို့ ခရီးထွက်ကြပေမည်။ အနောက်ကောင်းကင်တစ်ခွင်လုံးသည် တောက်ပနေပြီး ထိုကြီးကျယ်ခမ်းနားသောအခါသမယကြောင့် သက်ဝင်လှုပ်ရှားနေ၏။
ယနေ့တွင် ဗုဒ္ဓအရှင်များသည်လည်း တစ်ပါးပြီးတစ်ပါး သူတို့၏ကျင့်ကြံရာနေရာသို့ ပြန်ကြသည်။
ရီဖူရှင်း ထွက်မသွားသေးပါ။ သူသည် လိပ်ပြာတောင်ကုန်းထိပ်မှ ရှေးဟောင်းဘုံကျောင်းရှေ့တွင် ထိုင်ကာ မျက်လုံးမှိတ်၍ ကျင့်ကြံနေသည်။ သူ့ဘေးတွင် ဟွာချင်းချင်းလည်း ထိုင်နေ၏။ သူမအား ဗုဒ္ဓအလင်းများ ဝန်းရံလှည့်ပတ်နေသည်။ သူမနောက်တွင် ဗုဒ္ဓရောင်ခြည်တော်များ ရှိနေပြီး မယုံနိုင်လောက်အောင် ခမ်းနားထည်ဝါနေသည်။ ဗုဒ္ဓအလင်းသည် ရီဖူရှင်း၏ကိုယ်ပေါ်သို့လည်း ဖြာကျနေ၏။ သူတို့အရှေ့တွင် ဗုဒ္ဓအရှင်တစ်ပါးထိုင်နေသည်။ ထိုဗုဒ္ဓကား ဝူထျန်းဗုဒ္ဓအရှင်ဖြစ်သည်။ သူသည် ရီဖူရှင်းကို ဗုဒ္ဓတန်ခိုးတော်ခြောက်မျိုးထဲမှ ဗုဒ္ဓရောင်ဝါခြေလှမ်းကို ရီဖူရှင်းအား သင်ကြားပေးနေခြင်း ဖြစ်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ရီဖူရှင်းသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် လက်အုပ်ချီ၍ ဝူထျန်းဗုဒ္ဓအရှင်ကို ပြောလိုက်၏။
“တပည့်တော်ကို သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဗုဒ္ဓအရှင်”
“ဒကာလေး ဘယ်လိုခံစားနေရလဲ”
ဝူထျန်းဗုဒ္ဓအရှင်က မေးလိုက်၏။
“ဗုဒ္ဓဓမ္မက အဆုံးမရှိပါဘူး။ ဗုဒ္ဓရောင်ဝါခြေလှမ်းက တပည့်တော် နေ့ချင်းညချင်း သင်ယူနားလည်နိုင်တဲ့အရာမဟုတ်ပါဘူး။ ပညာရပ်ကို ထိုးထွင်းသိမြင်နိုင်ဖို့ အချိန်တော်တော်လေး ကျင့်ကြံရဦးမယ်လို့ ထင်ပါတယ်။ ပြီးတော့ ဒါကို ကျွမ်းကျင်နိုင်ဖို့ တခြားဗုဒ္ဓဓမ္မတွေနဲ့ ဆက်စပ်ကြည့်ရပါဦးမယ်”
ရီဖူရှင်းက ပြန်ပြောသည်။
“မင်းနားလည်သွားပြီပဲ”
ဝူထျန်းဗုဒ္ဓအရှင်က ပြုံးလျက် ခေါင်းညိတ်၏။
“ဗုဒ္ဓတန်ခိုးတော်ခြောက်မျိုးကို ကျင့်ကြံနိုင်ဖို့ တကယ်ပဲ တခြားဗုဒ္ဓဓမ္မတွေကိုနားလည်မှုအမြင်ရဲ့ အထောက်အပံ့ကိုလိုတယ်။ တစ်နည်းဆိုရရင် ဗုဒ္ဓအားလုံးအရှင်တစ်ပါးပဲ ဗုဒ္ဓရောင်ဝါခြေလှမ်းကို အမြင့်ဆုံးအဆင့်ရောက်အောင်ကျင့်ကြံနိုင်တယ်လို့ ငါထင်တယ်... ငါလည်း အဲဒီ အဆင့်ကိုရောက်ဖို့ အတော်လိုပါသေးတယ်”
ဗုဒ္ဓရောင်ဝါခြေလှမ်းကို အမြင့်ဆုံးအဆင့်သို့ ရောက်အောင်ကျင့်နိုင်ခြင်းသည် ဤလောကအတွင်းရှိ ရုပ်ဝတ္ထုအကန့်အသတ်အားလုံးကို ကျော်လွှားနိုင်သကဲ့သို့ပင်။ ထို့ကြောင့် အမြင့်ဆုံးအဆင့်ရောက်ရန် မဖြစ်နိုင်သလောက် ခက်ခဲ၏။
“ဒကာလေးအနေနဲ့ လိပ်ပြာတောင်ကုန်းမှာ အချိန်တစ်ခုအထိ ကျင့်ကြံဖို့ ကိုယ်တော် အကြံပေးချင်တယ်။ ဒကာလေး မထွက်မသွားခင် ဗုဒ္ဓရောင်ဝါခြေလှမ်းကို အဆင့်တစ်ခုလောက်အထိ ရောက်အောင် ကျင့်ကြံသွားပေါ့”
ဝူထျန်းဗုဒ္ဓအရှင်က ထပ်ပြောသည်။
“ကျေးဇူးအများကြီးတင်ပါတယ် ဗုဒ္ဓအရှင်ခင်ဗျား”
ရီဖူရှင်း ခေါင်းညိတ်သည်။ သူ၏အစီအစဉ်မှာလည်း ထိုနည်းတူ ဖြစ်သည်။