အများရှေ့မှာပင်သတ်ဖြတ်
Vol. 114 Ch. 1589
မိုးကောင်းကင်၏ မဟာအကြံအစည် (ရန်ကျောက်ကဲ)
စာစဉ် - ၁၁၄ (အခန်း - ၁၅၈၉ မှ အခန်း - ၁၆၀၂)
ဗုဒ္ဓဘာသာသိုင်းပညာရပ်များက ရှင်ခြင်း သေခြင်းတို့၏ မမြဲသောတရားကို ထိုးထွင်းသိမြင်ခြင်းအပေါ် အခြေခံထားသည်။
သူတို့၏ ပျက်ဆီးခြင်းမရှိသော အနှစ်သာရနိယာမများက ရုပ်ခန္ဓာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်တည်ငြိမ်မှုတို့ကို ကျင့်ကြံရာတွင် အလွန်ပင် ထိရောက်သည်။
ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက် “ရွှေခန္ဓာ” ကိုသာ အောင်မြင်အောင် ကျင့်ကြံနိုင်မည်ဆိုပါက ခံစစ်စွမ်းအား အဆမတန်မြင့်မားလာပြီး ရန်သူမျး၏တိုက်ခိုက်မှုကို လုံးဝ မှုစရာမလိုတော့ပေ။
ရန်သူက ‘ရွှေခန္ဓာ’ ခံစစ်စွမ်းအားကို ထိုးဖောက်နိုင်လျှင်တောင်မှ ဗုဒ္ဓဘာသာကျင့်ကြံသူများအနေဖြင့် သာမန်အခြေအနေမျိုးတွင် အရေးနိမ့်သွားလေ့ မရှိကြပေ။
ထို့ကြောင့် ဗုဒ္ဓဘာသာကျင့်ကြံသူအများစုက သူတို့၏ ကြံ့ခိုင်လှသော “ရွှေခန္ဓာ” ကို အားကိုးပြီး ရန်သူနှင့် လောင်းကြေးထပ်တိုက်ခိုက်လေ့ရှိကြသည်။
ဤသို့ပြုလုပ်ခြင်းက ဒဏ်ရာရနိုင်သည့်အန္တရယ်ရှိသော်လည်း ဆိုးရွားသည့်အခြေအနေမှာပင် အနိုင်ရအောက် တိုက်ခိုက်နိုင်ကြသဖြင့် မိမိထက် စွမ်းအားကြီးမားသော ရန်သူများကိုပင် အနိုင်ယူနိုင်စွမ်း ရှိကြသည်။
ထို့ကြောင့်ပင် အားနည်းသည့်ဗုဒ္ဓဘာသာ ကျင့်ကြံသူများက အစွမ်းထက်သော ရန်သူများကိုပင် အနိုင်ရခဲ့သောဒဏ္ဍာရီများမှာ ယနေ့တိုင် ပြောစမှတ်ပြုနေခြင်းသာပင်။
သို့သော် ယခုတော့ တာအိုဝါဒ၏ ထျန်းကျွင်းနယ်ပယ်နှင့် ညီမျှသော ဗုဒ္ဓဘာသာကိုယ်တော်တစ်ပါး၏ ရွှေခန္ဓာမှာ အဆင့်တူ ကျင့်ကြံသူတစ်ဦး၏ လက်ချက်ဖြင့် တစ်စစီ ပျက်စီးသွားခဲ့ပေပြီ။
သူ၏ခန္ဓာကိုယ်ထက်သို့ လက်ဝါးရိုက်ချက်တစ်ချက်ကျရောက်သွားရုံမျှမဟုတ်ဘဲ ကြမ်းတမ်းခက်ထန်သော အားအင်နှင့် လက်ရာမြောက်လှသည့် သိုင်းပညာရပ်တို့ ပေါင်းစပ်သွားခြင်း ဖြစ်သည်။
ထိုစွမ်းအားက နက်ရှိုင်းလှသည့် အထွတ်ထိပ်အဆင့်ဖြစ်လေရာ မြင်ရသူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေသည်။
ရန်ကျောက်ကဲသည် 'နားကလော်ကိုယ်တော်' ၏ လက်ညှိုးကို ဖမ်းဆုပ်ထားလေသည်။
ရန်ကျောက်ကဲက လက်ညှိုးတစ်ချောင်းတည်းပင်မဟုတ်ဘဲ တစ်ကိုယ်လုံး အပိုင်းပိုင်းဖြစ်သွားစေရန် ရည်ရွယ်ခဲ့သည်။
နားကလော်ကိုယ်တော်၏ ခန္ဓာကိုယ်မှတောက်ပနေသော ရောင်ခြည်အလင်းတန်းများမှေးမှိန်သွားပြီး ပျက်ဆီးခြင်းနိမိတ်များ ပြသလာသည်။
သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ရာ ဦးခေါင်းထက်တွင် ရွှေရောင်မီးအိမ်တစ်လုံး တောက်ပလာပြီး သရီရဓာတ်တော်တစ်ဆူ ထွက်ပေါ်လာသည်။
ဗုဒ္ဓဘာသာ၏ သိုင်းပညာများက တာအိုဝါဒနှင့် မတူညီပေ။
သူတို့က တာအိုဝါဒကဲ့သို့ 'ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူ' ကို မကျင့်ကြံသလို 'ချီစွမ်းအားငါးခုပေါင်းစည်းခြင်း' ကိုလည်း ရယူခြင်း မရှိကြချေ။
သို့သော် နားကလော်ကိုယ်တော် ဆင့်ခေါ်လိုက်သော ရွှေရောင်မီးအိမ်နှင့် သရီရဓာတ်တော်မှာ တာအိုဝါဒ ထျန်းကျွင်းနယ်ပယ်၏ 'ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူ' နှင့် အတူတူပင် ဖြစ်သည်။
နားကလော်ကိုယ်တော်က သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခြေအနေတွင် သူ၏သရီရဓာတ်တော်ကို ချက်ချင်းဆင့်ခေါ်ကာ ရွှေရောင်မီးအိမ်တန်ခိုးစွမ်းအားကို အဆုံးထိ အသုံးချလိုက်သည်။
စွမ်းအားမြှင့်တင်လိုက်သည့်အတွက် နားကလော်ကိုယ်တော်၏ တန်ခိုးစွမ်းအားက ပေါက်ကွဲလုမတတ် မြင့်တက်လာသည်။
သူ၏ရွှေခန္ဓာမှ ပယင်းရောင်အလင်းတန်းများ ပြန်လည်တောက်ပလာပြီး ရန်ကျောက်ကဲ၏ တားဆီးမရနိုင်သောတန်ခိုးစွမ်းအားကိုခုခံရန် အမြင့်ဆုံးအဆင့် ခံစစ်စွမ်းအားကို အသုံးပြုလိုက်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ မီးလျှံများလောင်ကျွမ်းနေသည့် သရီရဓာတ်တော်တစ်ဆူက အရှိန်အဟုန်ဖြင့် ဆင်းသက်လာသည်။
ထိုဓာတ်တော်က ရန်ကျောက်ကဲ၏တိုက်စစ်ကိုဟန့်တားရန် သူ့ထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။
သို့သော် ရန်ကျောက်ကဲက ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် စိတ်မကူးပေ။
သူ၏ခန္ဓာကိုယ်မှ ခရမ်းရောင်တိမ်တိုက်များထွက်ပေါ်လာပြီး သူရပ်နေသောနေရာတွင် ဗလာနယ်တွင်းနက်ကြီးတစ်ခု ဖြစ်တည်သွားသယောင်ထင်မှတ်ရသည်။
သူ၏ခန္ဓာကိုယ်က အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား ပြောင်းလဲသွားလေသည်။
'ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ' နှင့် 'အတိုင်းအဆမဲ့ထိုက်စုခန္ဓာ' ပေါင်းစပ်ထားသည့် ရန်ကျောက်ကဲ၏ခံစစ်စွမ်းအားက ဗုဒ္ဓဘာသာကျင့်ကြံသူများ၏ ‘ရွှေခန္ဓာ’ ထက် အဆပေါင်းများစွာသာလွန်သည်။
ထို့ကြောင့် ရန်ကျောက်ကဲက သူ့ထံသို့ဝင်ရောက်လာသည့်မီးလျှံများကို အရေးမစိုက်ခဲ့ပေ။
သရီရဓာတ်တော် ပြင်းထန်စွာ ကျဆင်းလာသည့်တိုင် ရန်ကျောက်ကဲ၏ အမတချီစွမ်းအားအနှစ်သာရက လွင့်ထွက်သွားအောင် ရိုက်ထုတ်ပစ်လိုက်သည်။
အခြားတစ်ဖက်တွင်မူ ရန်ကျောက်ကဲ၏ လက်ဝါးချက်က အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းလာပြီး မည်သည့်အရာကမှ သူ၏တန်ခိုးစွမ်းအားကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
နားကလော်ကိုယ်တော်က ရွှေရောင်မီးအိမ်နှင့် သရီရဓာတ်တော်ကို အသုံးပြု၍ သူ၏တန်ခိုးစွမ်းအားနှင့် ရွှေခန္ဓာကြံ့ခိုင်မှုစွမ်းအားကို အစွမ်းကုန်မြှင့်တင်ထားသော်လည်း ရန်ကျောက်ကဲ၏ ပြင်းထန်သည့်စွမ်းအားကို ခုခံနိုင်ခြင်း မရှိခဲ့ပေ။
ရန်ကျောက်ကဲ၏စွမ်းအားက နားကလော်ကိုယ်တော်၏ လက်မောင်းမှတစ်ဆင့် ပခုံးဆီသို့ဦးတည်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
နားကလော်ကိုယ်တော် အံ့အားသင့်သွားသော်လည်း ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာ ရှိနေဆဲဖြစ်သည်။
သူက ပြတ်သားစွာပင် အခြားသောလက်တစ်ဖက်ကိုအသုံးပြုပြီး သူ၏ပခုံးကို ရိုက်ချဖြတ်တောက်ပစ်လိုက်သည်။
နားကလော်ကိုယ်တော်၏ပခုံးမှ အသားစများ လွင့်စင်ထွက်သွားပြီး ရိုက်ချက်၏ နောက်ဆက်တွဲဒဏ်ကြောင့် သူ၏ တစ်ကိုယ်လုံး အက်ကြောင်းများပင် ထင်ကျန်ခဲ့သည်။
နားကလော်ကိုယ်တော်၏လက်မောင်းက အမှုန်အမွှားအဖြစ်ပြောင်းလဲသွားပြီး လုံးဝတည်ရှိခြင်းမရှိတော့သည့်အခါမှ ရန်ကျောက်ကဲက လက်ညှိုးကိုဆုပ်ကိုင်ထားသော သူ၏လက်ကို လွှတ်ပေးလိုက်သည်။
ထို့နောက် သူ၏လက်ဖဝါးက ရှေ့သို့ဆက်လက်တိုးဝင်သွားပြီး ဗုဒ္ဓဘာသာကိုယ်တော်၏ ဦးခေါင်းထက်သို့ ရိုက်ချလိုက်၏။
နားကလော်ကိုယ်တော်မှာ ဒဏ်ရာပြင်းထန်သဖြင့် သူ၏လှုပ်ရှားမှုနှင့်စွမ်းအားက သိသိသာသာပင် ကျဆင်းသွားသည်။
အဖြစ်အပျက်ကိုကြည့်ရင်း ဘယာကင်းဝေးဗောဓိသတ္တ၊ အိတ်ကိုယ်တော်တို့သာမက မဟာဉာဏ်အလင်းဗောဓိသတ္တပင်လျှင် အံ့အားသင့်သွားရသည်။
သိုင်းကွက်(၃)ကွက်ပင်မပြည့်သေးမီ ကျင့်ကြံခြင်းအဆင့်တူညီသူများကြားတွင် ခံစစ်အင်အား အကောင်းဆုံးဟုကျော်ကြားသော ဗုဒ္ဓဘာသာ ကိုယ်တော်(၁၈)ပါးထဲမှတစ်ပါးဖြစ်သည့် နားကလော်ကိုယ်တော်မှာ ရန်ကျောက်ကဲ၏ လက်ချက်ဖြင့် အသက်ပျောက်ရတော့မည့် အခြေအနေသို့ ဆိုက်ရောက်နေသည် မဟုတ်ပါလား။
ထိုအချိန် အဖြူရောင် ဗုဒ္ဓရောင်ခြည်အလင်းတန်းများ အရှိန်အဟုန်ဖြင့် ဆင်းသက်လာပြီး နားကလော်ကိုယ်တော်၏ ခန္ဓာကိုယ်အား လွှမ်းခြုံသွားလေရာ ၊ ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်မှာလည်း ထိုအဖြူရောင်အလင်းတန်းများထက်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။
ထိုခဏတွင် နားကလော်ကိုယ်တော်၏ဦးခေါင်းနှင့်အတူ အဖြူရောင်အလင်းတန်းများသည်လည်း လှုပ်ရှားတုန်ခါသွားသည်။
မြင်ကွင်းက အေးချမ်းတည်ငြိမ်မှုမရှိဘဲ အလွန်ပင် အရုပ်ဆိုးအကျည်းတန်သွားသည်။
ဤသည်က မဟာဉာဏ်အလင်းဗောဓိသတ္တ၏ ကာကွယ်မှုပင် ဖြစ်၏။
ဘယာကင်းဝေးဗောဓိသတ္တက ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင်ရင်း လက်ထဲမှကြာပန်းကိုလှုပ်ခါလိုက်သည်ရာ 'စိန္တာမဏိပတ္တမြား' မှ အလင်းရောင်တန်းများ ထွက်ပေါ်လာသည်။
ထို့နောက် သူ၏စွမ်းအားကိုအသုံးပြုပြီး နားကလော်ကိုယ်တော်ကို အမြန်ဆွဲထုတ်လိုက်သဖြင့် နားကလော်ကိုယ်တော်မှာ သေမင်း၏လက်မှ ကံကောင်းထောက်မစွာ လွတ်မြောက်သွားရသည်။
မဟာဉာဏ်အလင်းဗောဓိသတ္တက နားကလော်ကိုယ်တော်ကို ကယ်တင်လိုက်ရသဖြင့် တောင်ပိုင်းချန်စန်းဧကရာဇ်အပေါ ဖိအားများ လျော့နည်းသွားသည်။
ထို့ကြောင့် တောင်ပိုင်းချန်စန်းဧကရာဇ်က သူ၏ 'ပုံရိပ်ယောင်ဗလာနယ်မိုးကြိုး' ကို ဖျက်ဆီးရန်သာ အာရုံစိုက်နေသော 'ခေါင်းကိုးလုံးပိုးကောင်' ကို ပြန်လည်တွန်းလှန်လိုက်နိုင်သည်။
ခေါင်းကိုးလုံးပိုးကောင်လည်း ဒေါသများအလိပ်လိုက်ထွက်သွား၏။
သူက ကောက်ကျစ်ယုတ်မာမှုအပြည့်ဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။
ခေါင်းကိုးလုံးပိုးကောင်က အမျက်ချောင်းချောင်းထွက်နေပြီး တောင်ပိုင်းချန်စန်းဧကရာဇ်ကိုထားခဲ့ကာ ရန်ကျောက်ကဲတို့အုပ်စုထံသို့ ပစ်မှတ်ပြောင်းလဲလိုက်သည်။
တောင်ပိုင်းချန်စန်းဧကရာဇ် လွတ်မြောက်သွားလျှင်ပင် ရန်ကျောက်ကဲနှင့် ရန်တိတို့အား မဖြစ်မနေ ပိတ်ဆို့ဖမ်းဆီးမည်ဟု သူက ဆုံးဖြတ်လိုက်ပုံရသည်။
ရန်ကျောက်ကဲက သူ၏လက်ဝါးရိုက်ချက်ကို တားဆီးလိုက်သည့် အဖြူရောင်အလင်းတန်းများကိုကြည့်ရင်း ခပ်တိုးတိုး ရယ်မောလိုက်သည်။
ထို့နောက် သူ၏လက်ဖဝါးထက်မှ ကြောက်မက်ဖွယ်ရာ အစိမ်းရောင်အလင်းတန်းများ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
အလင်းတန်းများနှင့်အတူ ရန်ကျောက်ကဲလက်ထဲ ရှေးဟောင်းဓားရှည်တစ်လက် ထွက်ပေါ်လာသည်။
ထိုရှေးဟောင်းဓားသွားထက်တွင် အေးစက်သည့် အစိမ်းရောင်အလင်းတန်းများ လည်ပတ်စီးဆင်းနေပြီး သိပ်သည်းသော ဓားအလင်းတန်းက စကြာဝဠာတစ်ခုလုံးအား ဝါးမျိုတော့မည့်ပမာ ထင်မှတ်ရသည်။
ပတ်ဝန်းကျင်တစ်ခုလုံးအား တောက်ပစေသည့် မဟာဉာဏ်အလင်းဗောဓိသတ္တ၏ အဖြူရောင်မီးလျှံအလင်းတန်းများသည်ပင် ထိုအစိမ်းရောင်ဓားအလင်းတန်း၏ ထိုးဖောက်မှုကိုခံလိုက်ရသည်။
ဓားအလင်းတန်းက တောက်ပသည့် ဗုဒ္ဓနယ်မြေကို ဓားဖြင့်ဆွဲဖြဲလိုက်သည်နှင့်ပင် ဆင်တူသည်။
ထိုအစိမ်းရောင်ဓားအလင်းတန်းများ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် ဉာဏ်အလင်းဖြင့်ပြည့်သော အဖြူရောင်အလင်းတန်းများမှာ အဆုံးသတ်သို့ရောက်ရှိသွားသည့်အလား တဖြည်းဖြည်းမှေးမှိန်ပျက်ဆီးသွားရသည်။
လက်ထဲတွင် ဓားကိုကိုင်ဆောင်ထားသည့် ရန်ကျောက်ကဲ၏အရှိန်အဝါမှာလည်း ထိုခဏမှာပင် သာမန်ပုံစံနှင့် လုံးဝခြားနားသွားပြီး သိသိသာသာ ပြောင်းလဲသွားသည်။
သူ၏ဓားအလင်းတန်း ဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်တွင် တာအိုတရားအားလုံး ပြိုလဲပျက်ဆီးကုန်ပြီး လောကနိယာမများမှာလည်း ပြတ်တောက်ကုန်သည်။
ဤသည်က “နတ်ဘုရားသုတ်သင်ခြင်း” ပင် ဖြစ်လေသည်။
ကြောက်မက်ဖွယ်ရာ ဓားအလင်းတန်းများကျရောက်ရာနေရာတိုင်းတွင် ရန်ကျောက်ကဲက မဟာဉာဏ်အလင်းဗောဓိသတ္တ၏ ရောင်ခြည်အလင်းတန်းများကို ပိုင်ဖြတ်ပစ်လိုက်သည်။
ဓားအလင်းတန်းက ရောင်ခြည်အလင်းတန်းများကို ထိုးဖောက်ပြီး ဓားဦးက နားကလော်ကိုတော်နှင့် ဘယာကင်းဝေးဗောဓိသတ္တတို့အနားသို့ ချက်ချင်းရောက်သွားသည်။
နားကလော်ကိုယ်တော်မှာ မဟာဉာဏ်အလင်းဗောဓိသတ္တ၏ အကူအညီဖြင့် သေမင်းတံခါးဝမှ လွတ်မြောက်လာခါစပင် ရှိသေးသည်။
ယခု သူ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် သူ့ထံသို့ ဦးတည်လာသည့်ဓားအလင်းတန်းနှင့် ရင်ဆိုင်လိုက်ရသည်။ သူ ဓားအလင်းတန်းကိုကြည့်ကာ ကြောက်လန့်တုန်လှုပ်သွားရုံမှတပါး ဘာမှမတတ်နိုင်တော့ပေ။
အစိမ်းရောင်ဓားအလင်းတန်းက တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်ကြောက်မက်ဖွယ်ရာ စွမ်းအားရောင်ဝါကိုမှ ခံစားရခြင်းမရှိပေ။
သို့သော် ထိုတိတ်ဆိတ်မှုကပင် 'ဓမ္မအဆုံးသတ်' ကာလသို့ ရောက်ရှိသွားသည့်ပမာ ထိတ်လန့်ဖွယ်ရာ အငွေ့အသက်များ ထွက်ပေါ်လာသည်။
အစိမ်းရောင်ဓားအလင်းတန်းများ စုစည်းသွားပြီး မဟာဉာဏ်အလင်းဗောဓိသတ္တ၏ ရောင်ခြည်အလင်းတန်းများချေမှုန်းခံလိုက်ရသည်။
ထို့နောက် ဓားသွားက နားကလော်ကိုယ်တော်၏ ခန္ဓာကိုယ်အား တိတ်ဆိတ်စွာ ထိုးဖောက်သွားပြီး ပယင်းရောင် ရွှေခန္ဓာကို ဖျက်ဆီးပစ်လိုက်သည်။
အစောပိုင်းက ရန်ကျောက်ကဲအသုံးပြုခဲ့သည့် စက်ဝန်းသံသရာစည်းတံဆိပ်နှင့်မတူဘဲ ဤတိုက်ခိုက်မှုမှာ ကြမ်းတမ်းခက်ထန်ခြင်း မရှိပေ။
ဓားအလင်းတန်း ဖြတ်သန်းသွားချိန်တွင် နားကလော်ကိုယ်တော်၏ နဖူးထက်၌ ရုတ်တရက်ပေါ်လာသည့် အနီစက်လေးတစ်ခုမှလွဲပြီး အခြားဒဏ်ရာများ မတွေ့ရပေ။
အစိမ်းရောင်ဓားအလင်းတန်းက ပစ်မှတ်ကိုထိမှန်ပြီးသည်နှင့် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားလေသည်။
နားကလော်ကိုယ်တော်၏ နဖူးထက်တွင် အနီရောင်အစက်လေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။
သို့သော် ထိုအစက်လေးအတွင်းမှ ပယင်းရောင် ဗုဒ္ဓအလင်းတန်းများ တားဆီးမရဘဲ အဆက်မပြတ် ယိုစိမ့်ထွက်လာလေသည်။
ထိုအလင်းတန်းများက ဗုဒ္ဓဘာသာကိုယ်တော်တစ်ပါး၏ အသက်လိပ်ပြာပင် ဖြစ်သည်။
ရန်ကျောက်ကဲက 'နတ်ဘုရားသုတ်သင်ဓား' ကို ကိုင်ဆွဲပြီး 'ကောင်းကင်နတ်ဘုရားအဆင့်' ကျွမ်းကျင်သူတစ်ဦး၏ ကာကွယ်မှုကိုပင် အတင်းအကျပ်ထိုးဖောက်ကာ မဟာဉာဏ်အလင်းဗောဓိသတ္တ၏ ရှေ့မှောက်၌ပင် နားကလော်ကိုယ်တော်၏ အသက်ကို နှုတ်ယူလိုက်ပြီ ဖြစ်၏။
ပစ်မှတ်ကိုသတ်ဖြတ်ပြီးသည်နှင့် နတ်ဘုရားသုတ်သင်ဓားက လှပသောအကွေ့အဝိုက်ဖြင့် ရန်ကျောက်ကဲလက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။
ထို့နောက် ဓားသွားက အခြားတစ်ဖက်သို့ ဝှေ့ယမ်းရောက်ရှိသွားပြီး သူ့ထံသို့ဦးတည်လာသော ခေါင်းကိုးလုံးပိုးကောင်၏ 'လခြမ်းလှံရှည်' ကို ဟန့်တားလိုက်သည်။
နတ်ဘုရားသုတ်သင်ဓား၏ ကျော့ရှင်းသည့်ဝေ့ရမ်းမှုအောက်တွင် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်၏စွမ်းအားများကို ချေဖျက်ခဲ့သည်သာမက နားကလော်ကိုယ်တော်ကို အောင်မြင်စွာသတ်ဖြတ်ကာ ခေါင်းကိုးလုံးပိုးကောင်းကိုလည်း တားဆီးနိုင်ခဲ့သည်။
ခေါင်းကိုးလုံးပိုးကောင်မှာ ဒေါသများအလိပ်လိုက်တက်လာတော့သည်။
နားကလော်ကိုယ်တော်က သူနှင့်အုပ်စုချင်းမတူသော်လည်း သူရောက်မလခင်မှာပင် ရန်ကျောက်ကဲက ထိုကိုယ်တော်ကို သတ်ဖြတ်သွားခဲ့သည် မဟုတ်ပါလား။
သူက ရန်ကျောက်ကဲကိုမတားဆီးနိုင်သဖြင့် ဒေါသအကြီးအကျယ်ထွက်နေခြင်း ဖြစ်သည်။
သူ၏ ခေါင်းများအားလုံးက တပြိုင်တည်း ဟိန်းဟောက်လိုက်ရာ လောကတစ်ခွင် ပြင်းထန်သည့်ရေပြင်းမုန်တိုင်းများ ထကြွထွက်ပေါ်လာသည်။
ထိုလေပြင်းတစ်ချက်ကပင် 'ထိုက်ရွှီးမူလနတ်ဘုရား' ပေါင်းများစွာကို သတ်ဖြတ်နိုင်စွမ်းရှိပေသည်။
ယခု ထိုသို့သောလေပြင်းပေါင်း ရာနှင့်ချီ၍စုစည်းလိုက်သည့်အခါ မိုးနှင့်မြေကို ဆွဲဖြဲပစ်နိုင်လောက်သော အရှိန်အဟုန် ထွက်ပေါ်လာပြီး ရန်ကျောက်ကဲထံသို့ အလုံးအရင်းနှင့် ဝင်ရောက်လာလေသည်။
ရန်ကျောက်ကဲ၏မျက်ဝန်းများထဲတွင် အစိမ်းရောင်အလင်းတန်းများ လက်ခနဲ တောက်ပသွားသည်။
သူက လက်ထဲမှ နတ်ဘုရားသုတ်သင်ဓားကို လှပစွာ ကစားလိုက်ရာ မရေမတွက်နိုင်သော ဓားအလင်းတန်းများမှာ တစ်ခုနှင့်တစ်ခု ရစ်ပတ်ယှက်နွယ်သွားပြီး ဓားအစီအရင်ပေါင်း ရာနှင့်ချီ၍ ဖြစ်ပေါ်လာသည်။
အစီအရင်တစ်ခုစီက လေပြင်းတစ်ချက်စီတိုင်းကိုတုံ့ပြန်လိုက်ပြီး မိုးကောင်းကင်ကိုပင် အပိုင်းပိုင်းဖြစ်စေနိုင်သော ကောင်းကင်ကိုးထပ်လေပြင်များကို တားဆီးပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် 'အိတ်ကိုယ်တော်' က ရန်ကျောက်ကဲ၏ နောက်ကျောမှ ရုတ်တရက် ပေါ်ထွက်လာသည်။ သူက လက်ထဲမှအိတ်ကိုကိုင်ပြီး ရန်ကျောက်ကဲအပေါ်သို့ အုပ်မိုးပစ်လိုက်သည်။
အိတ်ကိုယ်တော်က ကောင်းဟန်ကို ထားရစ်ခဲ့ပြီး ရန်ကျောက်ကဲကို အရင်ဆုံး နှိမ်နင်းရန် ဆုံးဖြတ်လိုက်ပုံရသည်။
ရန်ကျောက်ကဲ၏ အားနေသော အခြားလက်တစ်ဖက် လေထဲသို့မြောက်တက်သွားပြီး အိတ်ကိုတော်၏အိတ်ကိုဖမ်းဆုပ်ကာ ဟန့်တားလိုက်သည်။
သူ၏လက်ဖဝါးက ပုဆိန်တစ်ခု သို့မဟုတ် လှံရှည်တစ်ခုပမာ ဖြစ်သည်။
ကောင်းကင်ကိုဖွင့်လှစ်ပြီး မြေကြီးကိုဖြိုခွင်းပစ်နိုင်လောက်သော စွမ်းအားရောင်ဝါဖြင့် သူ၏လက်ဖဝါးက အဆုံးမရှိဟုထင်မှတ်ရသော အိတ်ကြီးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။