ကောင်းကင်ခွင်းလှံရှည် ၊ ပရမ်းပတာပြိုကွဲခြင်းတိုက်ကွက်
Vol. 114 Ch. 1590
အိတ်ကိုယ်တော်က ကောင်းဟန်ကို ခဏဘေးဖယ်ထားပြီး ရန်ကျောက်ကဲကိုသာ ပစ်မှတ်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲလက်ထဲမှ နတ်ဘုရားသတ်ဖြတ်ဓားက အလွန်အန္တရယ်ကြီးသော်လည်း ၊ သူက ခေါင်းကိုးလုံးမဟာသူတော်စင်၏ လေပြင်းများကို တားဆီးရန် အာရုံစိုက်ရမည် ဖြစ်သည်။
အနည်းငယ်မျှ မှားယွင်းသွားပါက ရန်ကျောက်ကဲ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားနိုင်သည် မဟုတ်လား။
အိတ်ကိုတော်က ဤသည်ကို အခွင့်ကောင်းယူပြီး ရန်ကျောက်ကဲနောက်ကျောသို့ ရုတ်တရက်ဝင်ရောက်ကာ အလစ်တိုက်ခိုက်ခြင်း ဖြစ်သည်။
သူ လျှောက်လှမ်းလာသည့် ခြေလှမ်းတိုင်းတွင် ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းသွားသည်။
ထို့နောက် သူက အိတ်ကိုဖွင့်လိုက်ရာ အိတ်ထဲမှဟင်းလင်းပြင်တစ်ခု ထွက်ပေါ်လာသည်။ ထိုဟင်းလင်းပြင်ထဲ၌ ဘာရှိသည်ကို မခန့်မှန်းနိုင်အေင်ပင် ဖြစ်ရသည်။
ထိုအိတ်က ဝူကျွမ်းကျောင်းတော်၏ အထွတ်အထိပ်သိုင်းပညာဖြစ်သော 'မိုးမြေစုပ်ယူအင်္ကျီလက်' နှင့် ဆင်တူသည်။
အိတ်ကိုယ်တော်က ကောင်းကင်နတ်ဘုရားအဆင့်ရှိသော 'မူလဖိနှိပ်နတ်ဘုရား' နှင့် ယှဉ်လျှင် များစွာအားနည်းသော်လည်း အခြားသော ထိုက်ရွှီးမူလနတ်ဘုရားများကြားတွင်တော့ ထိပ်တန်းဖြစ်၏။
ကျင့်ကြံခြင်းအဆင့်တူညီသည့် ပြိုင်ဘက်ပင်ဖြစ်လင့်ကစား ထိုအိတ်အတွင်း စုပ်ယူခံရပါက လွတ်မြောက်ခြင်းမရှိဘဲ ဖမ်းဆီးပိတ်ဆို့ခံရမည်မှာ သေချာသလောက်ပင်။
ထိုအချိန်မှာပင် ရန်ကျောက်ကဲမျက်ဝန်းများက အစိမ်းရောင်အလင်းတန်းများ လက်ခနဲတောက်ပသွားသည်။
သူက အိတ်ကိုယ်တော်၏လှုပ်ရှားမှုကို ကြိုတင်သိရှိနေဟန်ပင်။
ထို့ကြောင့်ပင် အိတ်ကိုယ်တော် သူ့နောက်ကျောသို့ ရောက်ရှိလာသည်နှင့် ရန်ကျောက်ကဲ၏ဘယ်ဘက်လက်က အလိုလိုပင့်မြှောက်ပြီးသား ဖြစ်သွားသည်။
အိတ်ကိုယ်တော်က သူ့အား အိတ်ထဲသို့ ထည့်သွင်းဖမ်းဆီးရန် ကြံရွယ်စဉ်မှာပင် ရန်ကျောက်ကဲ၏လက်က အိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားပေပြီ။
ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်တွင် ပုဆိန်တစ်ခု သို့မဟုတ် လှံရှည်တစ်ခုနှင့်ဆင်တူသော ချီစွမ်းအားစီးကြောင်းများ ဝန်းရံနေသည်။
ထို့နောက် ချီစွမ်းအားများက ရန်ကျောက်ကဲ၏ဘယ်လက်ကိုဗဟိုပြုပြီး အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲထွက်သွားသည်။
ဤသည်မှာ ကောင်းကင်ခွင်းလှံရှည်၏ အသွင်ပြောင်းခြင်းဖြစ်သော “ပရမ်းပတာပြိုကွဲခြင်း” တိုက်ကွက် ဖြစ်သည်။
ပရမ်းပတာပြိုကွဲခြင်းဆိုသည်က ကမ္ဘာဦးအက်ကွဲကြောင်းကိုဖြစ်တည်စေပြီး အရာခပ်သိမ်းကိုဖန်းတီးခဲ့သည့် တန်ခိုးစွမ်းအား ဖြစ်သည်။
ပရမ်းပတာအခြေအနေကိုဖြိုခွင်းကာ ‘မရှိမှု’ မှ ‘ရှိမှု’ အား ဖန်တီးခြင်း ဖြစ်၏။
ထို့နောက် စကြာဝဠာကြီး ပြန့်ကားဖြစ်တည်လာပြီး သက်ရှိအပေါင်းတို့ အသက်ဝင်လာကြသည်။
ကြောက်မက်ဖွယ်ရာ ချီစွမ်းအားစီးကြောင်းများ အပြင်ဘက်သို့ ပြန့်ကားထွက်လာသည်နှင့်အမျှ အိတ်ကိုယ်တော်၏အိတ်ထဲမှ ရှုပ်ထွေးသော ဟင်းလင်းပြင်ကြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။
ထိုသို့သော ပရမ်းပတာ ပျက်စီးခြင်းများကြားတွင် မြေ၊ ရေ၊ လေ ၊ မီး ဓာတ်ကြီး(၄)ပါးသည်လည်း အရပ်မျက်နှာအသီးသီးသို့ ရိုက်ခတ်သွားပြီး နောက်ဆုံး ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။
သို့သော် ရန်ကျောက်ကဲ၏ 'ပရမ်းပတာပြိုကွဲခြင်း' တန်ခိုးစွမ်းအားကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်နေသော ဓာတ်ကြီး(၄)ပါး လျှင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားသည်။
တည်ငြိမ်ခြင်းမှသည် ပရမ်းပတာဖြစ်မှု ၊ ထိုမှတဆင့် ငြိမ်သက်အေးချမ်းမှုဆီသို့ တဖန်ပြန်လည် ကူးပြောင်းသွားခြင်းပင်။
ထိုခဏမှာပင် ကမ္ဘာသစ်တစ်ခု၏ စည်းမျဉ်းအသစ်များမှာ ကျောက်စာထက် အက္ခရာတင်လိုက်သည့်ပမာ အခိုင်အမာ ဖြစ်တည်လာသည်။
သို့သော် ထိုစည်းမျဉ်းအသစ်များကို အိတ်ကိုယ်တော်က သတ်မှတ်ပြဋ္ဌာန်းခဲ့ခြင်း မဟုတ်ပေ။
ဤသည်က ဟောင်းနွမ်းသော အယူဝါဒများမှ ခွဲထွက်ကာ အသစ်စက်စက် အနာဂတ်တစ်ခုကို ကြိုဆိုခြင်းပင် ဖြစ်သည်။
ကမ္ဘာသစ်တစ်ခုကို မွေးဖွားပြီး ခေတ်သစ်တစ်ခုကို ထူထောင်လိုက်သည်နှင့်အမျှ ဟောင်းနွမ်းသောအရာအားလုံး သမိုင်း၏အမှိုက်ပုံထဲ နစ်မြုပ်ပျက်ဆီးသွားရသည်။
"ဝုန်း..."
အသံနှင့်အတူ အိတ်ကိုယ်တော်၏ အိတ်ကြီးမှာ ရန်ကျောက်ကဲလက်ချက်ဖြင့် စုတ်ပြတ်သတ်သွားတော့သည်။
အိတ်ကိုယ်တော်က ဗုဒ္ဓကျမ်းစာကို တိုးလျစွာရွတ်ဆိုလိုက်ပြီး ပျက်ဆီးသွားသော အိတ်ကြီးကို ပြန်လည်ရုတ်သိမ်းကာ အလျင်အမြန် နောက်ဆုတ်လိုက်သည်။
သို့ပေသိ လက်ဖဝါးတစ်ဖက်က သူ့နောက်ကျောတွင် ရုတ်တရက် ပေါ်လာသည်။
ထိုလက်ဖဝါးက ကမ္ဘာဦးကာလ အမှောင်ထုထဲတွင် ပုန်းကွယ်နေသည့်အလား တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်ပင်။
ထိုလက်ဖဝါး အိတ်ကိုယ်တော်ထံသို့ ကျရောက်မလာခင် အမှောင်ထုစိုးမိုးသည့် ဗလာနယ်ထဲတွင် မျက်စိကျိန်းမတတ် တောက်ပလွန်းသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ထိုအလင်းရောင်က နေရောင်ထက်ပင် ပိုမိုတောက်ပသည်။
ခမ်းနားထည်ဝါသည့် စွမ်းအားရောင်ဝါက အိတ်ကိုယ်တော်၏ခန္ဓာကိုယ်ထက်သို့ ကျရောက်သွားပြီး တစ်ခဏအတွင်းမှာပင် သူ၏ရွှေခန္ဓာအား အပိုင်းပိုင်းအစစ ဖြစ်အောင် ရိုက်ခွဲပစ်လိုက်သည်။
ဤသည်က ကောင်းဟန်၏တိုက်ကွက်ပင် ဖြစ်၏။
အိတ်ကိုယ်တော်က ကောင်းဟန်ကိုလျစ်လျူရှုကာ ရန်ကျောက်ကဲကိုတိုက်ခိုက်ရန် လှည့်ထွက်သွားခဲ့သည်။ ဤလုပ်ရပ်က ကောင်းဟန်အား လွတ်လပ်စွာလှုပ်ရှားခွင့်ပေးလိုက်သလို ဖြစ်သွားသည်။
သို့ပေသိ အိတ်ကိုယ်တော် ဤသို့ရဲရဲဝံ့ဝံ့လုပ်ဆောင်သည်မှာ ကောင်းဟန်ကိုထိန်းထားမည့် ဘယာကင်းဝေးဗောဓိသတ္တ ရှိနေသောကြောင့် ဖြစ်၏။
သူတို့နှစ်ယောက်ကြား စကားပြောဆိုရန်မလိုဘဲ အချင်းချင်း နားလည်မှုရှိထားသည်ပင်။
ဘယာကင်းဝေးဗောဓိသတ္တက နားကလော်ကိုယ်တော်ကို မကာကွယ်နိုင်ခဲ့သော်လည်း လက်ရှိအခြေအနေတွင် နောင်တရနေရန် အချိန်မရှိပေ။
သူက အိတ်ကိုယ်တော် လှုပ်ရှားလိုက်သည်နှင့်တပြိုင်နက် ကောင်းဟန်ကိုတားဆီးရန် အလျှင်အမြန်ပင် ပြင်ဆင်လိုက်သည်။
သို့ပေသိ အခြေအနေကို စောင့်ကြည့်နေသည့် ကောင်းဟန်က 'သူတော်စင်အလင်းအလံရှည်' ကို ရုတ်တရက် ထုတ်သုံးလိုက်ပြီး ဘယာကင်းဝေးဗောဓိသတ္တ၏ ကြာပန်းနှင့် စိန္တာမဏိပုလဲကို တားဆီးလိုက်သည်။
ထို့နောက် သူက အိတ်ကိုယ်တော်၏ကျောပြင်အား လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
အမှောင်ထုတစ်ခုလုံး လှုပ်ခါသွားပြီး စူးရှသောအလင်းတန်းကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။ ထို့နောက် မူလအတိုင်း ဗလာနယ်က ပြန်လည်မှောင်မိုက်သွားလေသည်။
အိတ်ကိုယ်တော်က နက်နဲသည့် “သမုဒယသစ္စာ” တန်ခိုးစွမ်းအားကို အသုံးပြုတိုက်ခိုက်နေခြင်း ဖြစ်သည်။
သို့သော် ကောင်းဟန်တိုက်ခိုက်လာသည်နှင့် သူ၏တိုက်ကွက်ကိုခုခံရန်နှင့် မိမိခံစားနေရသော နာကျင်မှုကိုဖုံးကွယ်ရန် ဗုဒ္ဓဘာသာ၏ အထွတ်ထိပ်ခံစစ်သိုင်းပညာများအားလုံးကို ထုတ်ဖော်အသုံးပြုလိုက်၏။
သို့ရာတွင် ကောင်းဟန်က သူ၏ တောက်ပသောနေမင်းကို ခဲ့ထူကြယ်အဖြစ်သို့ ရုတ်တရက်ပြောင်းလဲပစ်လိုက်ရာ စူးရှသောအလင်းရောင်မှာ ကြောက်မက်ဖွယ်ရာ အမှောင်ထုအဖြစ်သို့ ပြောင်းလဲသွားသည်။
အိတ်ကိုယ်တော်က သမုဒ္ဒယသစ္စာ တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ချိန်မှာပင် ကောင်းဟန်၏ ဝိညာဉ်စွမ်းအားက သူ့နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။
ထိုဝိညာဉ်စွမ်းအားက အိတ်ကိုယ်တော်၏ ခန္ဓာကိုယ်အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်သွားပြီး လုံးဝ ခုခံကာကွယ်နိုင်ခြင်း မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် ကောင်းဟန်၏ သူတော်စင်အလင်းအလံရှည်က ဘယာကင်းဝေးဗောဓိသတ္တ၏ စိန္တာမဏိပုလဲကို အစွမ်းမဲ့သွားစေပြီး ဗောဓိသတ္တမှာလည်း ချက်ချင်းပင် တိုက်ကွက်ပြောင်းလဲလိုက်ရသည်။
သူ၏ဉာဏ်အလင်းစွမ်းအားကို အမျက်ဒေါသအဖြစ်သို့ ချက်ချင်းပြောင်းလဲလိုက်ပြီး နတ်ဆိုးများကို နှိမ်နင်းရာတွင်အသုံးပြုသော ပြင်းထန်သည့်စွမ်းအားဖြင့် ကောင်းဟန်အား လက်ဝါးဖြင့် ရိုက်ချလိုက်၏။
ကောင်းဟန်၏ ပုံရိပ်တစ်ခုလုံးက အဆုံးမဲ့အမှောင်ထုအတွင်း နစ်မြုပ်သွားသယောင် ရှိသည်။
ရန်ကျောက်ကဲ မျက်ဝန်းထဲတွင်တော့ ဤမြင်ကွင်းက 'လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်' ယန်ချဲ့ ပြန်လည်ရှင်သန်လာပြီး 'ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူ' ကို ရရှိကာ ထိုက်ရွှီးမူလနတ်ဘုရား အထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားသည့် မြင်ကွင်းနှင့် ဆင်တူနေပေသည်။
အိတ်ကိုယ်တော်၏ ခံစစ်မှာ ကောင်းဟန်ကြောင့် ပျက်စီးသွားရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ကောင်းဟန်၏တန်ခိုးစွမ်းအားကြောင့် ညစ်နွမ်းသွားရသည်။
တစ်ဖက်တွင်လည်း ကောင်းဟန်က ဘယာကင်းဝေးဗောဓိသတ္တ၏ တိုက်ကွက်အတော်များများကို လွင့်ပြယ်သွားအောင် တိုက်ထုတ်နိုင်ခဲ့သည်။
ဘယာကင်းဝေးဗောဓိသတ္တ၏ တိုက်ခိုက်မှုကိုခံလိုက်ရသဖြင့် ကောင်းဟန်၏ပုံရိပ်က အနည်းငယ် ယိမ်းယိုင်သွားသော်လည်း မည်သည့်ထိခိုက်မှုမှ မရှိခဲ့ပေ။
အိတ်ကိုတော်၏ ခံစစ်ကိုဖျက်ဆီးပစ်လိုက်ပြီးနောက် ကောင်းဟန်၏ စွမ်းအားရောင်ဝါက ထပ်မံပြောင်းလဲသွားသည်။
အဆုံးမရှိသော အမှောင်ထုထဲတွင် စူးရှသည့်အလင်းတန်းများ တဖန်ပြန်လည် တောက်ပလာသည်။
ကောင်းဟန်က ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ဘယာကင်းဝေးဗောဓိသတ္တ၏ နတ်ဘုရားသိုင်းကွက်များကို ခံစစ်မှ တိုက်စစ်သို့ပြောင်းလဲကာ ပြန်လည်ရင်ဆိုင်လိုက်သည်။
ရန်ကျောက်ကဲ၏ 'ပရမ်းပတာပြိုကွဲခြင်း' တန်ခိုးစွမ်းအားက အိတ်ကိုတော်၏အိတ်ကြီးကို ဆွဲဖြဲလိုက်ချိန် ခေါင်းကိုးလုံးပိုးကောင် အလွန်အမင်း ဒေါသထွက်သွားပြီး သူ၏ဦးခေါင်းထက်တွင် ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူ ထွက်ပေါ်လာသည်။
ခေါင်းကိုးလုံးပိုးကောင်က ကြုံးဝါးသံပြုလိုက်ပြီး သူ၏ 'လခြမ်းလှံရှည်' ကို သိမ်းဆည်းကာ အသွင်ပြောင်းလဲလိုက်သည်။
သူ၏ မူလအစစ်အမှန်ပုံစံဖြစ်သော ကောင်းကင်တစ်ခွင် လွှမ်းခြုံနိုင်စွမ်းရှိသည့် 'ခေါင်းကိုးလုံးငှက်' အဖြစ်သို့ ပြောင်းလဲသွားသည်။
သူ၏ ဦးခေါင်းကိုးလုံးက တပြိုင်တည်း ဟိန်းဟောက်သံပြုလိုက်ရာ ပတ်ဝန်းကျင်မှ ကြယ်စင်များသည်ပင် ကြယ်ပတ်လမ်းကြောင်းမှ လွင့်ထွက်သွားပြီး စကြာဝဠာထဲတွင် ဥက္ကာပျံမိုးများ ရွာသွန်းသည့်ပမာ ဖြစ်ပေါ်လာသည်။
ပတ်ဝန်းကျင်တစ်ခုလုံး လေပြင်းမုန်တိုင်းများ တိုက်ခတ်သွားပြီး ဗလာနယ်တစ်ခုလုံးအား ရိုက်ခတ်ဖျက်ဆီးလျှက် ရှိ၏။
ရန်ကျောက်ကဲ၏ မျက်ဝန်းများထဲတွင် အစိမ်းရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး အဓိပ္ပါယ်နက်နဲသည့် အင်းသင်္ကေတတစ်ခု ထွက်ပေါ်လာသည်။
သူ၏ဓားသိုင်းစွမ်း ရုတ်တရက် ပြောင်းလဲသွားကာ သူ၏လက်ထဲမှ နတ်ဘုရားသတ်ဖြတ်ဓားကို ထိန်းချုပ်နိုင်စွမ်း အမြင့်ဆုံးအထိ မြှင့်တင်လိုက်သည်။
လေထုထဲတွင် အစိမ်းရောင်ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ရောယှက်သွားကာ လေပြင်းမုန်တိုင်းများကိုတားဆီးရန်အတွက် ဓားအစီအရင်များ တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်၏။
သာမန်ထိုက်ရွှီးမူလနတ်ဘုရားအများစုအတွက် ဤသို့သော အစီအရင်များ ဖန်တီးခြင်းက အလွန်အမင်း စွမ်းအားကုန်ခမ်းစေပေမည်။
သို့ပေသိ ထိပ်တန်းသိုင်းပညာမျိုးစုံ တတ်မြောက်ထားပြီး နက်ရှိုင်းသောအခြေခံအုတ်မြစ်ရှိသည့် ရန်ကျောက်ကဲကတော့ ဤသို့သောစွမ်းအားကုန်ခမ်းမှုမျိုးအပေါ် တုန်လှုပ်ခြင်း မရှိပေ။
သူ၏တိုက်စစ်အစီအရင်က အလွန်စေ့စပ်သေချာလှသဖြင့် ခေါင်းကိုးလုံးပိုးကောင်မှာ ဟာကွက်တစ်ခုပင် ရှာမတွေ့ခဲ့ပေ။
အခြားတစ်ဖက်ရှိ ရန်တိနှင့် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်တို့၏ တိုက်ပွဲမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မြေဝါရောင်မြူခိုးများက ခံစစ်အဖြစ်ရှိနေသေးသော်လည်း ရန်တိ၏ဓားဦးချွန်က တရွေ့ရွေ့ကျဆင်းလာပြီး မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်ထံသို့ နီးကပ်လာပြီ ဖြစ်သည်။
ဓား၏အရှိန်အဟုန်က နှေးကွေးသော်လည်း တုံ့ဆိုင်းသွားခြင်းမရှိသလို လမ်းကြောင်းပြောင်းလဲသွားခြင်းလည်း မရှိပေ။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်က ခံစစ်ကို ပြတ်ပြတ်သားသားစွန့်လွှတ်လိုက်ပြီး ဓားကိုဝှေ့ယမ်းလိုက်ရာ မြေဝါရောင် ဓားချီမြစ်တစ်စင်းက ရန်တိထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။
ခံစစ်စွမ်းအားပျောက်ကွယ်သွားသည်နှင့် ရန်တိ၏ဓားချက်က ပိုမိုမြန်ဆန်စွာ ကျရောက်လာပြီး မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်အား ခုတ်ပိုင်းချလိုက်သည်။
နှစ်ဖက်လုံး တိုက်စစ်ကို တိုက်စစ်ဖြင့် တုံ့ပြန်နေသည်ဖြစ်ရာ အထိနာမည့်အခြေအနေသို့ ဆိုက်ရောက်နေသည်။
ဤအခြေအနေက ယခင်က မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်နှင့် ဖန်းယွင်ရှန်းတို့ တိုက်ခိုက်ခဲ့စဉ်က အခြေအနေနှင့် အလွန်ပင် ဆင်တူလှသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏စိတ်ထဲတွင် ကြောက်ရွံ့မှုနှင့် ကူရာကယ်ရာမဲ့မှုများ ပြည့်နက်နေသည်။ တိုက်ပွဲမစခင်က မိမိကိုယ်ကို ဤမျှလောက် အကျပ်အတည်းဖြင့် ရင်ဆိုင်ရလိမ့်မည်ဟု လုံးဝ တွေးမထားခဲ့မိပေ။
အဆိုးရွားဆုံးမှာ ရန်တိ၏ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းများနှင့် မြေဝါရောင်မြူခိုးများကြား ပိတ်မိနေသဖြင့် လှုပ်ရှားမရဖြစ်နေသည့်တိုင် သူ၏ဦးခေါင်းထက်တွင် အရောင်အဆင်းကင်းမဲ့သော ကြာပန်းတစ်ပွင့် ပွင့်လန်းနေသည်။
ထိုကြာပန်း၏အနားသတ်များက ဝေဝါးနေပြီး အခိုးအငွေ့ဟင်းလင်းပြင်တစ်ခုနှင့်ဆင်တူကာ ပွင့်ဖတ်များက အလွှာလိုက် လှပသေသပ်စွာ ပွင့်လန်းနေကြသည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ ဓားချီများက ရန်တိထံသို့ ဝင်ရောက်လာချိန် ထိုက်ယိဟွာတိမ်တိုက်က ဆီးကြိုလက်ခံလိုက်သည်။
တိမ်တိုက်က ခဏမျှလည်ပတ်သွားပြီးနောက် မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ဓားချီက အဆုံးမရှိဗလာနယ်ထဲသို့ နစ်မြုပ်သွားသည့်ပမာ အစအနမကျန် ပျောက်ကွယ်သွားသည်။
ရန်တိကတော့ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပေ။
တစ်ဖက်မှာတော့ ရန်တိ၏ဓားအလင်းတန်းက မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်၏ ဦးခေါင်းထက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
မျက်လုံးတစ်ရာနတ်မိစ္ဆာသခင်မှာ ရန်တိ၏ဓားချက်ကျရောက်လာသည်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေရုံမှတပါး မတတ်နိုင်တော့ပေ။
သို့ပေသိ ကံကောင်းစွာဖြင့် မဟာဉာဏ်အလင်းဗောဓိသတ္တ၏ ကာကွယ်ပေးမှုက ထပ်မံရောက်ရှိလာသည်။
အဖြူရောင် ဗုဒ္ဓရောင်ခြည်အလင်းတန်းများကျရောက်လာပြီး ရန်တိ၏ဓားချက် ရှေ့ဆက်တိုးမလာစေရန် ပိတ်ဆို့တားဆီးလိုက်သည်။
သို့သော် ဤသို့ အာရုံလွဲသွားသည်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်၏ မိုးကြိုးစွမ်းအားများက မဟာဉာဏ်အလင်းဗောဓိသတ္တကို ချက်ချင်းပင် ဝိုင်းရံသွားလေသည်။