← Chapters

ထိပ်တန်းအဆင့်ကျွမ်းကျင်သူများစုဝေးရာ

Vol. 114 Ch. 1593

ထိပ်တန်းအဆင့်ကျွမ်းကျင်သူများစုဝေးရာ

Vol. 114 Ch. 1593

ကြယ်စင်မြစ်ရေကြောအတွင်း လှမ်းဝင်လိုက်သည်နှင့် သူတို့ကိုဆီးကြိုသည်က အဆုံးအစမရှိ စီးဆင်းနေသော ကောင်းကင်မြစ်ရေများပင် ဖြစ်သည်။

ရေအလျဉ်က ‌အေးခဲနေခြင်းမရှိသလို ဆူပွက်နေခြင်းလည်း မရှိပေ။

စကြာဝဠာ၏ အနက်ရှိုင်းဆုံးနေရာ၌ ရှိသည်ဖြစ်စေ၊ ကြယ်တာရာများ၏နံဘေးတွင် ရှိနေသည်ဖြစ်စေ ရေ၏အပူချိန်က မည်သည့်အခါမျှ ပြောင်းလဲခြင်း မရှိပေ။

ထို့ကြောင့်ပင် ဤရေက သာမန်ရေများနှင့် မတူခြင်းဖြစ်၏။

မြစ်ရေက ထာဝရအစဉ်အမြဲ အဆက်မပြတ် စီးဆင်းနေသည်။

သာမန်ဟုထင်ရသော်လည်း တုန်လှုပ်ဖွယ်ကောင်းလောက်အောင် ကြီးမားသည့်အလေးချိန် ရှိနေသည်။

“ကောင်းကင်ထက်တွင် ထျန်းဟယ်မြစ် ၊ မြေပြင်ထက်တွင် ရှန်ဟယ်မြစ်” ဆိုသော ဆိုရိုးရှိသည် မဟုတ်လား။

ဒဏ္ဍာရီများအရ မဟာကပ်ဘေးကြီး မတိုင်မီက 'ရှန်ဟယ်လေးလံမြစ်' ဟု ခေါ်ဆိုသော မြစ်တစ်စင်း ရှိခဲ့ဖူးသည်။

နာမည်နှင့်လိုက်အောင်ပင် ထိုမြစ်ရေ၏ဒြပ်ထုက အလွန်တရာကြီးမားပြီး ၊ မြစ်ရေတစ်စက်တည်းသည်ပင် တန်ချိန်သောင်းနှင့်ချီသော အလေးချိန်ကို ဆောင်ထားသည်။

မြေဆီလွှာက ထိုအလေးချိန်ကို မခံနိုင်သဖြင့် ကမ္ဘာမြေမျက်နှာပြင်အောက် အလွန်နက်ရှိုင်းသော နေရာများတွင်သာ စီးဆင်းရသည်။

သို့သော် ကောင်းကင်ထက်မှ ထျန်းဟယ်မြစ်ရေ၏ဒြပ်ထုက ရှန်ဟယ်မြစ်ရေထက်ပင် ပို၍လေးလံသည်။

မဟုတ်ပါက မြစ်ရေထဲတွင် တောင်တန်းကြီးများပမာ ကြီးမားလှသည့်ကြယ်စင်များကို အဘယ်သို့ ပင့်မထားနိုင်ပါမည်နည်း။

ယခု ရန်ကျောက်ကဲတို့အုပ်စုက ကြယ်စင်များကိုပင် အမှုန့်ချေနိုင်စွမ်းရှိလောက်အောင် စွမ်းအားကြီးမားနေပြီဖြစ်ရာ ကြယ်စင်မြစ်အတွင်း ဖြတ်သန်းသွားလာခြင်းက သူတို့အတွက် အခက်အခဲမရှိပေ။

သို့သော် အတွင်းသို့ဝင်လာစဉ် ရန်ကျောက်ကဲ၏မျက်ဝန်းများက တစ်စုံတစ်ခုကို စဉ်းစားသည့်ပမာ လှုပ်ခတ်သွားသည်။

အင်းစက္ကူ၏ လမ်းညွှန်မှုနောက်သို့ လိုက်ပါရင်း သူတို့၏ ခြေလှမ်းများမှာ တဖြည်းဖြည်း နှေးကွေးလာကြပြီး ပန်းတိုင်နှင့် ပို၍ နီးကပ်လာသကဲ့သို့ ခံစားလာရသည်။

နောက်ဆုံး မြစ်ရေစီးကြောင်းမှ ခွဲထွက်လိုက်သည့်အခါ ကြယ်စင်မြစ် အလယ်ဗဟိုနေရာတွင် ဗလာနယ်တစ်ခု ဖြစ်ပေါ်နေသည်ကို အဝေးမှပင် လှမ်းမြင်လိုက်ရလေသည်။

ထိုဖြစ်ပေါ်နေသော ဗလာနယ်တွင် ကြယ်စင်များကလည်း အဝေးသို့ ဖယ်ခွာနေကြပြီး မြစ်ရေများမှာလည်း ဘေးပတ်ပတ်လည်မှသာ ဝန်းရံစီးဆင်းနေကြသည်။

ထိုဗလာနယ်ထဲတွင် သာမန်ဆန်သော ရှေးဟောင်းဓားတစ်လက် ငြိမ်သက်စွာ လွင့်မျောလျှက် ရှိ၏။

သို့သော် အနားသို့ကပ်လာသည်နှင့် ထိုဓားထံမှ အဖြူရောင်ချီစွမ်းအား အမျှင်တန်းလေးများ ထွက်ပေါ်နေသည်ကို တွေ့ရသည်။

ထိုချီစွမ်းအားများ ပါးလွှာလွန်းသဖြင့် ဖောက်ထွင်းမြင်ရလုနီးပါးဖြစ်သော်လည်း အနားကပ်လာသည့် အရာအားလုးကို အမှုန့်ချေ သုတ်သင်ပစ်နေလေသည်.

ထိုဓားမှာ နတ်ဘုရားသုတ်သင်ဓား(၄)လက်ထဲမှ တစ်လက်ဖြစ်သော — “နတ်ဘုရားအဆုံးသတ်ဓား” ပင် ဖြစ်တော့သည်။

အတိတ်ကာလက တာအိုဝါဒ ၊ စန့်ချင်အဆက်အနွယ်၏ ရတနာတစ်ခုဖြစ်သော်လည်း ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလ အပြီးမှာတော့ ယွိချင်အဆက်အနွယ်၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော တောက်ရှင်ထျန်းကျွင်း၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

နောက်ပိုင်းမှာတော့ မဟာကပ်ဘေးကြီးပြီးသည့်တိုင်အောင် ထိုဓား၏ သဲလွန်စကို မည်သူမျှ မတွေ့ရှိရတော့ပေ။

တောက်ရှင်ထျန်းကျွင်း ကွယ်လွန်သွားသည်မှာ ကြာပြီဖြစ်သော်လည်း ယနေ့တော့ ဤဓားက လောကအလယ်သို့ တကျော့ပြန် ထွက်ပေါ်လာခဲ့ပေပြီ။

ဓားကိုတွေ့မြင်သည်နှင့် ရန်ကျောက်ကဲတို့အုပ်စု အသက်ရှူပင် အောင့်ထားလိုက်မိကြသည်။

သူတို့က ဓားကိုတွေ့ရှိသည့်အတွက် အံ့အားသင့်ခြင်း မဟုတ်ပေ။ နောက်ပိုင်းကြုံတွေ့ရမည့် မကြုံစဖူး ပြင်းထန်သည့်ဘေးအန္တရယ်အတွက် စိုးရိမ်နေကြခြင်း ဖြစ်သည်။

သူတို့၏လုပ်ငန်းစဉ်တစ်ခုလုံးအတွက် နောက်ဆုံးသော့ချက်ဖြစ်သော ဒဏ္ဍာရီလာရှေးဟောင်းဓားက သူတို့အားလုံး၏ မျက်စိရှေ့သို့ ရောက်ရှိနေပေပြီ။

နတ်ဘုရားသုတ်သင်ဓား(၄)လက်မှ နောက်ဆုံးတစ်လက်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် ရန်ကျောက်ကဲတို့၏ ရင်ထဲ၌ ခံစားချက်များ လှိုင်းထန်လျှက်ရှိသည်။

သူတို့အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ခေါင်းညိတ်လိုက်ကြပြီး အတူတကွ ရှေ့သို့တက်လှမ်းလိုက်ကြသည်။

ရန်ကျောက်ကဲလက်ထဲမှ နတ်ဘုရားထောင်ချောက်ဓားနှင့် ကောင်းချင်းရွှမ်လက်ထဲမှ နတ်ဘုရားသတ်ဖြတ်ဓားတို့ အနည်းငယ် တုန်ခါသွားကြသည်။

သူတို့ရှေ့မှ နတ်ဘုရားအဆုံးသတ်ဓားမှာလည်း အနည်းငယ် တုန်ခါသွားသည်။

သို့သော် ရန်ကျောက်ကဲတို့အုပ်စု ထိုဓားအနားသို့ မချဉ်းကပ်နိုင်ခင်မှာပင် ပတ်ဝန်းကျင်တစ်ခုလုံးက ရုတ်ချည်းပြောင်းလဲသွားသည်။

နတ်ဘုရားအဆုံးသတ်ဓားမှ ကြောက်မက်ဖွယ်ကောင်းသော ကျောက်စိမ်းရောင် အလင်းတန်းများ ဖြာလင်းထွက်ပေါ်လာသည်။

သူတို့ရောက်ရှိနေသည့် ကြယ်စင်မြစ်ရေကြောမှာလည်း အသွင်ပြောင်းသွားသည်။

ကျောက်စိမ်းရောင် အလင်းတန်းများဖြင့် ဖန်တီးထားသော အင်းသင်္ကေတများက မြစ်ကမ်းတစ်လျှောက်နှင့် ရှိရှိသမျှသော ကြယ်တာရာတစ်ခုချင်းစီတိုင်းတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

ကျောက်စိမ်းရောင် အလင်းတန်းများအောက်တွင် ဝဲပျံနေသော နတ်ဘုရားအဆုံးသတ်ဓားမှာ ပျောက်ကွယ်သွားတော့မည့်ပမာ တဖြည်းဖြည်း ဝေဝါးသွားလေသည်။

ပျောက်ကွယ်တော့မည့်ဓားနေရာတွင် အစားထိုးဝင်ရောက်လာသည်က ခမ်းနားထည်ဝါလွန်းသည့် ကျောက်စိမ်းတံခါးကြီးပင် ဖြစ်သည်။

ထိုတံခါးကြီး၏ ကျယ်ပြန့်သော စွမ်းအားရောင်ဝါက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖိနှိပ်ထားပြီး ရန်ကျောက်ကဲတို့အုပ်စု တစ်ချက်ပင် မလှုပ်ရှားနိုင်အောင် ချုပ်နှောင်ထားသည်။

"အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်..."

လူတိုင်း ချက်ချင်းပင် သိလိုက်ကြသည်။

ထိုကျောက်စိမ်းတံခါးကြီးအပြင်ဘက်ရှိ ဗလာနယ်က ဝေဝါးနေပြီး ရန်ကျောက်ကဲတို့အုပ်စုမှာ သတိမထားလိုက်မိခင်မှာပင် ထိုကျောက်စိမ်းတံခါးကြီးအတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။

ဤသည်က တာအိုအဆင့် တန်ခိုးရှင်တစ်ပါး၏ အတိုင်းအဆမဲ့ စွမ်းအားပင် ဖြစ်သည်။

တကယ်တော့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဤကြယ်စင်မြစ်ဆီသို့ ကိုယ်တိုင်ကိုယ်ကျ ဆင်းသက်လာခြင်း မဟုတ်ပေ။

သို့သော် သူက ကြိုတင်ပြင်ဆင်ထားသည့် အစီအရင်နှင့် သူလျှို့ဝှက်စွာ သန့်စင်ထားသည့် နတ်ဘုရားအဆုံးသတ်ဓားကို အသုံးပြုကာ ယင်နှင့်ယန်ကို ပြောင်းပြန်လှန်ပြီး ရန်ကျောက်ကဲတို့အုပ်စုအား အနားသို့ဆွဲခေါ်ရန် ကြိုးပမ်းလိုက်ခြင်း ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲတို့အုပ်စုကလည်း ဤအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီးသားပင်။

ကြယ်စင်မြစ် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားပြီး ဗလာနယ်တစ်ခုလုံးတုန်ခါသွားကာ စွမ်းအားကြီးမားသည့် တန်ခိုးရှင်များ ထိုနယ်မြေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြသည်။

တချို့က တောက်လောင်နေသည့် မီးလျှံများပမာ ၊ တချို့က ထက်မြက်သောဓားသွားများပမာ ၊ တချို့က လျှပ်စီးကဲ့သို့လျှင်မြန်စွာ ၊ တချို့က ကမ္ဘာမြေကဲ့သို့ ထုထည်ကြီးမားစွာဖြင့် ပေါ်ထွက်လာကြသည်။

ကြယ်စင်မြစ်အတွင်းရှိ ကျောက်စိမ်းရောင်အလင်းတန်းများအောက်သို့ ရောက်ရှိသည်နှင့် ထိုသို့ထူးဆန်းသောဖြစ်စဉ်များ ပျောက်ကွယ်သွားပြီး သူတို့၏ အစစ်အမှန် ပုံသဏ္ဌာန်များ ပေါ်ထွက်လာသည်။

ရှေ့ဆုံးတွင်ရပ်နေသူက အရပ်မြင့်မြင့် ဆံပင်တိုတိုနှင့် ဖြစ်သည်။

သူ၏ဆံပင်များက ကတုံးဆံပင်ပေါက်များပမာ ထောင်မတ်နေပြီး ရုပ်ရည်သွင်ပြင်ကတော့ ယောကျ်ားပီသကာ ထက်မြက်ပြတ်သားဟန်ရှိသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် တောက်လောင်နေသည့် မီးလျှံစွမ်းအားများ စီးဆင်းနေလေသည်။

သူက လူတိုင်းစောင့်မျှော်နေသော မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ ပင် ဖြစ်၏။

"ပြတ်စမ်း..."

အက်ကွဲကွဲ အသံတစ်သံ ဟိန်းထွက်လာသည်။

စောမင်ကျန့်က လက်ဖဝါးကို ဓားသွားပမာအသုံးပြုပြီး လေထုထဲသို့ ခုတ်ပိုင်းချလိုက်သည်။

ကြယ်စင်မြစ်ထဲမှ ကျောက်စိမ်းရောင်အလင်းတန်းများမှာ ၎င်းတို့၏ အလင်းမြစ်ဖျားခံရာမှ ပြတ်တောက်သွားပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်ဆီးသွားသည်။

တစ်ချိန်တည်းပင် ကျောက်စိမ်းတံခါးကြီးမှာလည်း ရန်ကျောက်ကဲတို့အုပ်စုအား ဖမ်းယူနေခြင်း ချက်ချင်းပင် ရပ်တန့်သွားသည်။

ထိုခဏတွင် လူသူကင်းဝေးသည့် ချောက်ကမ်းပါးယံထက်မှ ထက်ရှသောဓားတစ်လက်နှင့်ဆင်တူသည့် အမျိုးသမီးတစ်ယောက် သူတို့ရှိရာသို့ ချဉ်းကပ်လာသည်။

သူမက အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး အဝေးမှကြည့်လျှင်ပင် သူမထံမှထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ ရောင်ဝါတစ်ခုကို ခံစားရသည်။

သူမက ‘ဝူတန့်မယ်တော်’ ပင် ဖြစ်၏။

သူမက ပျောက်ကွယ်လုနီးပါး ပုံရိပ်ယောင်ပမာဖြစ်နေသော နတ်ဘုရားအဆုံးသတ်ဓားကို ဖမ်းယူဆုပ်ကိုင်လိုက်သည်။

ထိုအချိန်မှာပင် သရဖူဆင်မြးန်ထားသည့် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ရှေးဟောင်းဝတ်စုံကိုဝတ်ဆင်ထားသည့် မြေကမ္ဘာဘုရင်မတို့လည်း ထွက်ပေါ်လာကြသည်။

လောကအလယ် လှုပ်ရှားနေကြသည့် လမ်းမှန်တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားအားလုံး တပြိုင်တည်း ရောက်ရှိလာကြခြင်း ဖြစ်၏။

သို့ပေသိ စကြာဝဠာတစ်ခုလုံးကို တုန်ခါစေသည့် ကျောက်စိမ်းတံခါးကြီးမှ ပုံရိပ်ယောင်မှသည် အစစ်အမှန်အဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားသည်။

သူ၏စွမ်းအားက တစ်စတစ်စ ပိုမိုအားကောင်းလာပြီး အရှိန်အဝါမှာလည်း ပိုမိုထင်ရှားလာကာ ဝူတန့်မယ်တော် ဓားကိုရယူနိုင်ခြင်းမရှိအောင် ဟန့်တားထားလိုက်သည်။

ဤနေရာသို့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ကိုယ်တိုင်ကိုယ်ကျ ဆင်းသက်လာရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ထိုခဏတွင် လောကီရေးရာများဖြင့်ကင်းလွတ်သော တာအိုတေးသွားတစ်ခု ထွက်ပေါ်လာသည်။

ကိုးရောင်ခြယ်ကြာပန်းပလ္လင်ထက်တွင် တင်ပျဉ်ခွေထိုင်လျှက် ကြိုးကြာငှက်မွှေးခေါင်းဆောင်းကိုဆင်မြန်းထားသည့် လူရွယ်တစ်ယောက် ကြယ်စင်မြစ်ရှိရာသို့ ဆင်းသက်လာလေသည်။

ထိုသူက ‘ရွှမ်တုကိုယ်တော်’ ပင် ဖြစ်၏။

သူ့လက်ထဲတွင် စောင်းကြိုး(၄)ပင်သာ ကျန်တော့သော ရှေးဟောင်းဗျပ်စောင်းတစ်လက်ကို ကိုင်ဆောင်ထားသည်။

ရွှမ်တုကိုယ်တော်က ဗျပ်စောင်းကိုတီးခတ်ခြင်းမပြုဘဲ ကိုင်ဆောင်လျှက်ပင် ကျောက်စိမ်းတံခါးကြီးအတွင်းသို့ လှမ်းဝင်လိုက်သည်။

"တောက်..."

ထိုခဏတွင် မမြင်ရသောစွမ်းအားတစ်ခုက ဗျပ်စောင်းကြိုးကိုလှမ်းခတ်လိုက်သည့်ပမာ စောင်းကြိုးတစ်ပင် ပြတ်တောက်သွားလေသည်။

ကြိုးပြတ်သွားသည်နှင့် ရှေးဟောင်းဗျပ်စောင်းထံမှ အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး “ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်’ အဖြစ်ပြောင်းလဲဿွားကာ ကျောက်စိမ်းတံခါးကြီး အစစ်အမှန်ဖြစ်ပေါ်လာမည့် ဖြစ်စဉ်ကို ရပ်တန့်ပစ်လိုက်သည်။

ဗလာနယ်ထဲမှ ကျောက်စိမ်းရောင်အလင်းတန်းများသည်လည်း အေးခဲသွားပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေသော နတ်ဘုရားအဆုံးသတ်ဓားက မူလနေရာတွင် ဤအတိုင်းကျန်ရစ်ခဲ့လေသည်။

ဝူတန့်မယ်တော်က ချက်ချင်းပင် ဓားကို ဖမ်းယူလိုက်သည်။

ထိုခဏတွင် နတ်ဘုရားသုတ်သင်ဓား(၄)လက်လုံး စန်းချင်း(၃)ပါးအဆက်အနွယ်များ၏လက်ဝယ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

ဝူတန့်မယ်တော်၏လက်ထဲသို့ ရောက်ရှိသွားသည့်တိုင် နတ်ဘုရားအဆုံးသတ်ဓားက တုန်ခါနေဆဲဖြစ်ပြီး ဓားမျက်နှာပြင်ထက်တွင် ကျောက်စိမ်းရောင်အလင်းများ စီးဆင်းနေသည်။

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဤဓားကိုသန့်စင်ထားသည်ဖြစ်ရာ လက်ရှိတွင် ဤဓားပိုင်ရှင်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ဖြစ်နေသောကြောင့် ထိုသို့ဖြစ်ပေါ်လာခြင်းပင်။

ဝူတန့်မယ်တော်က လုံးဝတုန်လှုပ်ခြင်းမရှိဘဲ နတ်ဘုရားအဆုံးသတ်ဓားကိုဆုပ်ကိုင်ထားပြီး အခြားသော ဓားရှည်တစ်လက်ကိုပါ ထုတ်ယူလိုက်သည်။

စန့်ချင်အဆက်အနွယ်၏အရှင်သခင် “လင်ပေါင်ထျန်းကျွင်း” လောကကိုကျော်လွန်သွားပြီးနောက် ဤဓားက ဝူတန့်မယ်တော်၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

အတိတ်တစ်ချိန်က ကောင်းချင်းရွှမ်နှင့် အပြာရောင်ခရီးရှည်အရှင်သခင် (၇)ပါးတို့က ဤဓား၏စွမ်းအားရောင်ဝါကိုအသုံးပြုပြီး အပြာရောင်ခရီရှည်ကောင်းကင်ဘုံကို တည်ထောင်ခဲ့ခြင်း ဖြစ်၏။

ဤချင်းဖိန်ဓားက နတ်ဘုရားသုတ်သင်ဓား(၄)လက်နှင့် မတူညီစွာ အလွန်ထူးခြားဆန်းပြားသော လက်နက်တစ်ခု ဖြစ်သည်။

ဝူတန့်မယ်တော်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည်ပင် ရန်သူနှင့်တိုက်ခိုက်သည့်အခါ ဤနတ်ဓား၏တန်ခိုးစွမ်းအားကို အပြည့်အဝထုတ်ဖော်ရန် ခဲယဉ်းသည်။

သို့သော် ဤဓားတွင် နက်နဲဆန်းကြယ်သော အစွမ်းသတ္တိများ ရှိနေသည်။

ဝူတန့်မယ်တော်က ချင်းဖိန်ဓားကိုထုတ်ယူလိုက်ပြီး နတ်ဘုရားအဆုံးသတ်ဓား၏ဘေးတွင် ယှဉ်ထားလိုက်သည်။

ချင်းဖိန်ဓား၏အလင်းတန်းများနှင့် ရိုက်ခတ်မိသည်နှင့် နတ်ဘုရားအဆုံးသတ်ဓားထက်တွင် တောက်ပနေသော ကျောက်စိမ်းအလင်းတန်းများ တဖြည်းဖြည်းလွင့်ပြယ်သွားသည်။

ထိုအချိန် စကြာဝဠာထဲတွင် အသံတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

"ဖုရှီရဲ့ ရှေးဟေင်းဗျပ်စောင်းပဲ...”

ထိုအသံက မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားမသိနိုင်လောက်အောင် ဝေဝါးလေးနက်လွန်းသည်။

ကျောက်စိမ်းတံခါးကြီးထက်မှ ထွက်ပေါ်လာသကဲ့သို့ ဖြစ်သော်လည်း လူတိုင်းနားထဲသို့ တိုက်ရိုက်ရောက်ရှိလာသကဲ့သို့လည်း ခံစားရသည်။

အသံက တည်ငြိမ်အေးဆေးပြီး မည်သည့်လှိုင်းဂယက်မှ မရှိပေ။

“ဗျပ်စောင်းမှာ စောင်းကြိုးသုံးပင် ကျန်နေသေးတယ်...”

ထိုအသံ အဆုံးသတ်သွားသည်နှင့် အေးခဲနေသော ကျောက်စိမ်းအလင်းတန်းများ ပြန်လည်အသက်ဝင်လာပြီး ကျောက်စိမ်းတံခါးကြီးထက်မှ “ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်” သည်လည်း မှိန်ဖျော့သွားကာ ပျောက်ကွယ်မည့်လက္ခဏာများ ပြသလာသည်။

ကျောက်စိမ်းတံခါးကြီးက တဖြည်းဖြည်း ပို၍ထင်ရှားပြတ်သားလာပြန်သည်။

တစ်ချိန်တည်းမှာပင် စကြာဝဠာတစ်ခုလုံးအား လွှမ်းခြုံသွားသည့် ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ကြယ်စင်မြစ်က ဘေးဘက်သို့ခွဲထွက်သွားပြီး အက်ကွဲကြောင်းများအတွင်းမှာ ဗုဒ္ဓရောင်ခြည်အလင်းတန်းများ စိမ့်ဝင်လာသည်။

ထိုအလင်းတန်းများက အဆုံးအစမရှိ တောက်ပလင်းလက်နေပြီး ဤနယ်မြေအတွင်းသို့ သက်ဆင်းလာကြလေသည်။

All Chapters