နတ်ဘုရားသုတ်သင်အစီအရင်နှင့် မြစ်ဝါကိုးကွေ့အစီအရင်
Vol. 114 Ch. 1594
ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများ ကျယ်လောင်စွာထွက်ပေါ်လာပြီး ဗုဒ္ဓရောင်ခြည်အလင်းတန်းများက စကြာဝဠာတစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။
အစိမ်းရောင်ကြာပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ကြယ်စင်မြစ်ဆီသို့ ဆင်းသက်လာကြသည်။
အစိမ်းရောင်ကြာပလ္လင်များထက်တွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၊ မဟာဉာဏ်အလင်းဗောဓိသတ္တ၊ စန္ဒကူးဗုဒ္ဓ၊ တိုက်တိုင်းအောင်ဗုဒ္ဓ နှင့် အခြားသော ဗုဒ္ဓဘာသာကျင့်ကြံသူများစွာ တင်ပျဉ်ခွေထိုင်လျှက် ရှိသည်။
ယခင်က ထျန်းစူးစကြာဝဠာကို လိုက်လံနှောက်ယှက်ကြသည့် ဗုဒ္ဓဘာသာကျွမ်းကျင်သူများအပြင် နတ်မိစ္ဆာများနှင့် တိုက်ခိုက်ခဲ့ကြသော ဗုဒ္ဓဘာသာကိုယ်တော် အချို့သည်လည်း ယနေ့တိုက်ပွဲတွင် ပါဝင်လာကြသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ရွှမ်တုကိုယ်တော်လက်ထဲမှ ရှေးဟောင်းဗျပ်စောင်းကိုကြည့်လိုက်ပြီး...
“ဒါက အမှန်တကယ်ပဲ ဖုရှီဗျပ်စောင်း ပဲကိုး... တာအိုသခင် လုယာ က မင်းတို့ကို ဒါနဲ့ လဲလှယ်ပေးလိုက်တာလား...”
“ဒါက တကယ်ပဲ ဖုရှီရဲ့ဗျပ်စောင်းပဲ ၊ တာအိုသခင်’လုယာ’ က မင်းတို့ကို အလဲအထပ်လုပ်ပြီး ပေးလိုက်တာလား ၊ ပြီးတော့ ကြိုးသုံးချောင်းတောင် ကျန်နေသေးတယ်”
ဟုတ်ပေ၏။
ဤဗျပ်စောင်းက ဖုရှီဗျပ်စောင်း ဖြစ်သည်။
ဧကရီနွီဝါး ၊ အရှေ့ဧကရာဇ်တို့နှင့်အတူ ရှေးခေတ်ကာလ ဧကရာဇ်(၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ဖုရှီဧရာဇ်က ရှေးခေတ်ကာလတစ်လျှောက်လံဒး ဤဗျပ်စောင်းကို အမြဲတမ်း ဆောင်ထားလေ့ ရှိသည်။
ကံကောင်းသည်မှာ ထိုစဉ်အချိန်ကပင် ဗျပ်စောင်းက ပျက်ဆီးနေခဲ့ပြီး နောက်ပိုင်း မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း မသိကြတော့ပေ။
ယခု ဤဗျပ်စောင်းက လောကတွင် ပြန်လည်ထွက်ပေါ်လာပေပြီ။
သို့သော် အလွန်အိုမင်းနေပြီဖြစ်ကာ စောင်းကြိုးလေးချောင်းသာ ကျန်ရှိတော့သည်။
တာအိုသခင်’လုယာ’ ဖြစ်စေ ၊ ရွှမ်တုကိုယ်တော်ဖြစ်စေ ၊ သူတို့နှစ်ယောက်လုံးက ဤဖုရှီဗျပ်စောင်းကို အလိုအလျောက် ခုခံကာကွယ်ရန် မထိန်းချုပ်နိုင်ကြပေ။
သို့သော် တာအိုအဆင့် ကျွမ်းကျင်သူ၏ဖိအားကို ရင်ဆိုင်ရချိန်တွင်မူ ၎င်းသည် ချက်ချင်း အာနိသင်ပြကာ တာအိုအဓိပတိတစ်ပါး၏ စွမ်းပကားကို ခဏတာ ဟန့်တားပေးနိုင်မည်ဖြစ်သည်။
သို့ရာတွင် တစ်ကြိမ်အသုံးပြုပြီးတိုင်း ကြိုးတစ်ချောင်း ပြတ်တောက်သွားမည် ဖြစ်၏။ ကြိုးများအားလုံး ကုန်ဆုံးသွားသည့်တိုင် ထိုသို့ဖြစ်သွားပေမည်။
လက်ရှိတွင် ရွှမ်တုကိုယ်တော်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ဆင်းသက်လာမှုကို ယာယီတားဆီးရန်အတွက် ဤဗျပ်စောင်း ကို အသုံးပြုထားသည်။
ဤသည်က ဝူတန့်မယ်တော် နတ်ဘုရားအဆုံးသတ်ဓားကို ရရှိနိုင်ရန်အတွက် ကူညီပေးနေခြင်းလည်း ဖြစ်၏။
သို့ပေသိ ကနဦးကောင်းကင် အဋ္ဌဂံသင်္ကေတကားချပ်က အလွန်လျင်မြန်စွာ ပြိုကွဲပျက်စီးသွားပြီး ခဏသာ ခံနိုင်ရည်ရှိခဲ့သည်။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က သူ့အလုပ်ကို ဆက်လက်လုပ်ဆောင်နေသည်။
ကျောက်စိမ်းတံခါးကြီးမှ ထွက်ပေါ်နေသည့် အလင်းတန်းများက ပိုမိုတောက်ပလာပြီး ဖုရှီဗျပ်စောင်း၏ ဒုတိယမြောက် စောင်းကြိုးမှာလည်း စတင်တုန်ခါလာသည်။
သို့သော် ထိုခဏမှာပင် ကျောက်စိမ်းတံခါးကြီး ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားသည်။
အခြားဘက်ခြမ်းတွင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အား တစုံတရာက နှောက်ယှက်လိုက်ခြင်း ဖြစ်ဟန်တူသည်။
“တော်ပါသေးရဲ့...”
ရန်ကျောက်ကဲ၊ ရွှမ်တုကိုယ်တော်နှင့် အခြားသူများအားလုံး သက်ပြင်းချလိုက်မိကြသည်။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ဝင်ရောက်နှောင့်ယှက်လိုက်သူက ဘုရားလောင်း ဖြစ်ဟန်တူသည်။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဘုရားလောင်းနှင့် ဆက်လက်မတိုက်ခိုက်တော့ဘဲ လူသားအမြုတေကျောက်တုံးကိုစွန့်လွှတ်ကာ ဘုရားလောင်းအား သန့်စင်ခွင့်ပေးရန် ကြံစည်ခြင်း ဖြစ်နိုင်၏။
သူကိုယ်တိုင်က ဤနေရာသို့ ဆင်းသက်လာပြီး ရန်ကျောက်ကဲတို့အုပ်စုအား နတ်ဘုရားသုတ်သင်ဓား(၄)လက် နှင့်အတူ ဖမ်းဆီးရန် ရည်ရွယ်ခဲ့သည်။
သို့သော် သူ၏ရည်ရွယ်ချက်ကို ရိပ်မိသွားပြီးနောက် ဘုရားလောင်းက လူသားအမြုတေကျောက်တုံးအပိုင်းအစကို သန့်စင်ခြင်းအား ရပ်တန့်လိုက်ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို တန်ပြန်တိုက်ခိုက်ကာ ထွက်မသွားစေရန် တားဆီးလိုက်၏။
အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ပေပြီ။
ရန်ကျောက်ကဲနှင့် ယန်ကျန်းက နတ်ဘုရားအဆုံးသတ်ဓား အမတခုံရုံးတွင် ရှိနေနိုင်သည်ဆိုသောသတင်းကို နတ်မိစ္ဆာမျိုးနွယ်နှင့် အဖြူရောင်ကြာပန်းသုခဘုံသို့ ရည်ရွယ်ချက်ရှိရှိ ပေါက်ကြားအောင် လုပ်ခဲ့ခြင်းမှာလည်း ဤရလဒ်အတွက်ပင် ဖြစ်သည်။
နတ်မိစ္ဆာမျိုးနွယ်နှင့် အဖြူရောင်ကြာပန်းသုခဘုံကလည်း နတ်ဘုရားသုတ်သင်အစီအရင်ကို လိုချင်တပ်မက်နေကြသည်ပင်။
နတ်ဘုရားအဆုံးသတ်ဓားကြောင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က အသာစီးရနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားလောင်းက သူ၏ရည်မှန်းချက် အောင်မြင်သွားအောင် လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။
ယခု ပြင်ပကျင့်ကြံသူ တာအိုအဓိပတိနှစ်ပါး နောက်တစ်ကြိမ် တိုက်ပွဲစတင်နေကြပြီ ဖြစ်သည်။
တကယ်တော့ ဘုရားလောင်းနှင့် အရှေ့ဧကရာဇ်'ထိုက်ယိ' တို့က လမ်းမှန်တာအိုဝါဒ ကို ကူညီနေခြင်း မဟုတ်ပေ။
သူတို့က မိမိတို့အင်အားစု၏ အကျိုးစီးပွားကိုသာ ငဲ့ကွက်ကြခြင်း ဖြစ်သည်။
ရန်ကျောက်ကဲ ခန့်မှန်းချက်အရ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် အခြားသော ဗုဒ္ဓဘာသာကျွမ်းကျင်သူများအပြင် တာအိုသခင်'လုယာ' နှင့် နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များလည်း ရောက်ရှိလာကြပြီ ဖြစ်နိုင်သည်။
မည်သို့ပင်ဖြစ်စေ ဤတိုက်ပွဲကို တာအိုအဆင့်အောက်တွင်သာ ထိန်းသိမ်းထားနိုင်ခြင်းက လမ်းမှန်တာအိုဝါဒအတွက် အလွန်ပင် ကံကောင်းလှသည့်ရလဒ် ဖြစ်၏။
ယခုထက် ပိုကောင်းသည့်အခြေအနေကို မျှော်လင့်ရန် မဖြစ်နိုင်ပေ။
သို့သော် သူတို့အနေဖြင့် အခြားအင်အားကြီးအုပ်စုများမှ တန်ခိုးစွမ်းအားရှင်များ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ရင်ဆိုင်ရဦးမည် ဖြစ်၏။
အမှန်တော့ အခြားသော တာအိုအဓိပတိများက စစ်ပြေငြိမ်းကာ သူတို့အား ဝိုင်းဝန်းတိုက်ခိုက်ရန်ပင် ရွေးချယ်သွားနိုင်သေးသည်။
ဤတိုက်ပွဲတွင် အောင်မြင်မှုရရှိပါက အဆင့်အတန်းမြင့်မားလာကာ အခွင့်အလမ်းသစ်များ ပွင့်လာမည် ဖြစ်သော်လည်း ရှုံးနိမ့်ခဲ့ပါက အမြစ်ပြတ် သုတ်သင်ခံရနိုင်ပြီး လမ်းမှန်တာအိုဝါဒလည်း ပျက်သုဉ်းသွားနိုင်သည်။
ရန်ကျောက်ကဲတို့အုပ်စု စိတ်ဓာတ်ချင်း တသားတည်းကျနေပြီး အနာဂတ်အတွက် အသက်စွန့်တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားကြသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ၊ ရွှီဖေးနှင့် ပန်ပန်တို့သည်လည်း သူတို့၏ မဟာသူတော်စင်ရွှေခန္ဓာများကို တပြိုင်တည်းထုတ်ဖော်လိုက်ရာ မိစ္ဆာချီများက ကောင်းကင်ယံထက်သို့ ထိုးဖောက်ထွက်သွားသည်။
စောမင်ကျန့် ၊ ရန်တိနှင့် အခြားသူများကလည်း အနောက်ဘက်မှ ဗုဒ္ဓဘာသာကိုယ်တော်များကို ရင်ဆိုင်ရန် ရှေ့သို့ချီတက်သွားကြသည်။
ထိုအချိန်မှာပင် သူတို့ရှိနေသော ကြယ်စင်မြစ်အတွင်း၌ မရေမတွက်နိုင်သော အစီအရင်အင်းသင်္ကေတများ ထွက်ပေါ်လာပြီး အလင်းရောင်များတောက်ပလာသည်။
မူလက ကြည်လင်နေသော မြစ်ရေက ရုတ်တရက် မြေဝါရောင်အဖြစ်ပြောင်းလဲဿွားကာ အနက်ရောင်လေပြင်းများ စတင်တိုက်ခတ်လာသည်။
ဤသည်က မြစ်ဝါကိုးကွေ့အစီအရင်ပင် ဖြစ်သည်။
အမတခုံရုံးမှ ပုဂ္ဂိုလ်တစ်ယောက်က အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကိုယ်တော်များကဲ့သို့ လူလုံးထွက်မပြဘဲ ခပ်လှမ်းလှမ်းရှိ ကြယ်စင်တစ်ခုထက်မှ မတ်တတ်ရပ် ကြည့်နေသည်။
ထိုသူက ဗုံခရာကောင်းကင်ဘုံအရှင်ပင် ဖြစ်၏။
အနက်ရောင်လေပြင်းများနှင့် အဝါရောင်မြစ်ရေများကြားတွင် သူ၏ပုံရိပ်ကို ခပ်ရေးရေးမျှသာ တွေ့မြင်နိုင်သည်။
ဤမြစ်ဝါကိုးကွေ့အစီအရင်ကို အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သို့သော် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကိုယ်တိုင် ဆင်းသက်မလာနိုင်သည့်အတွက် ဗုံခရာကောင်းကင်ဘုံအရှင်ကသာ အစီအရင်ကို ထိန်းချုပ်နေခြင်း ဖြစ်၏။
သို့သော် ရန်ကျောက်ကဲတို့အတွက် ဖိအားမနည်းပါးလှပေ။
ကောင်းကင်နတ်ဘုရားအဆင့်ရှိသော ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ သူတို့အနေဖြင့် အစွမ်းကုန်သတိထားကြရသည်။
ဗုံခရာကောင်းကင်ဘုံအရှင်တွင် မူလရွှေဖလား မရှိသော်လည်း တာအိုအဓိပတိတစ်ပါး ကိုယ်တိုင်သန့်စင်ထားသည့် နတ်ဘုရားဆိတ်ကွယ်ရာမန္တန်နှင့် နတ်ဘုရားလှည့်စားဆေးလုံးတို့ကြောင့် လူတိုင်းမှာ အနက်ရောင်လေပြင်းများကြားတွင် စိတ်ဝိညာဉ်မိန်းမောတွေဝေလုနီးပါး ဖြစ်ကြရသည်။
“ဝဋ်ဆိုတာ တကယ်လည်တတ်တာပဲ...”
ရန်ကျောက်ကဲက မိမိကိုယ်ကို လှောင်ပြောင်သလို ရယ်မောလိုက်သော်လည်း သူ့မျက်နှာမှာတော့ ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။
ဝူတန့်မယ်တော်၏ မျက်နှာအမူအရာကလည်း တည်ငြိမ်နေဆဲပင်။
သူမက တိုက်ပွဲတွင် ပါဝင်ခြင်းမရှိသေးသည့် တစ်ပါးတည်းသော ကောင်းကင်နတ်ဘုရားဖြစ်သော်လည်း ပိုမိုအရေးကြီးသည့်တာဝန်ကို ထမ်းဆောင်နေရသည်။
သူမသည် ချင်းဖိန်ဓား၏ အကူအညီဖြင့် နတ်ဘုရားအဆုံးသတ်ဓားထက်တွင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ချန်ထားခဲ့သော အမှတ်အသားများကို လျင်မြန်စွာ သန့်စင်ဖယ်ရှားနေသည်။
ထို့နောက် သူမက လက်ကိုဝှေ့ယမ်းလိုက်ပြီး နတ်ဘုရားသတ်ဖြတ်ဓားကို ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်ထံသို့ ကမ်းပေးလိုက်သည်။
ယခုတစ်ခေါက်တွင် ရန်ကျောက်ကဲတို့အုပ်စုက အားလုံးကို ပုံအောကာ ရင်းနှီးထားကြခြင်း ဖြစ်၏။
ဓား(၄)လက်လုံး ရန်သူ့လက်ထဲ ပါသွားနိုင်သည့် အန္တရာယ်ရှိနေသော်လည်း သူတို့က ကျန်ရှိသော ဓားသုံးလက်ကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့ကြသည်။
ကောင်းချင်းရွှမ်နှင့် သူမ၏ကိုယ်ပွားသည်လည်း ဤနေရာတွင် ရှိနေကြသည်ဖြစ်ရာ ရန်ကျောက်ကဲက ချက်ချင်းပင် နတ်ဘုရားသုတ်သင်အစီအရင်ကို စတင်တည်ဆောက်တော့သည်။
ချီစွမ်းအားငါးခုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိထားပြီဖြစ်ရာ ရန်ကျောက်ကဲ၏ အစီအရင်ပညာက အထွတ်ထိပ်သို့ ရောက်ရှိနေပြီး သူက ကောင်းချင်းရွှမ်နှင့် သူမ၏ကိုယ်ပွားတို့နှင့်အတူ အစီအရင်ကို စတင်တည်ဆောက်လိုက်၏။
လက်ရှိတွင် အစီအရင်က ပြီးပြည့်စုံခြင်းမရှိသေးသော်လည်း ၎င်း၏စွမ်းအားကို မည်သူမှ လျှော့တွက်၍ မရနိုင်ပေ။
ဝူတန့်မယ်တော်က နတ်ဘုရားအဆုံးသတ်ဓားကို အောင်မြင်စွာ သန့်စင်ပြီးနောက် ဓား(၄)လက်စုံလင်သွားပါက နတ်ဘုရားသုတ်သင်အစီအရင် အထမြောက်သွားမည်ဖြစ်ကာ အခြေအနေသည်လည်း သူတို့ဘက်သို့ တစ်ဆစ်ချိုး အားသာချက်ရှိလာမည် ဖြစ်သည်။
ရွှေရောင်အလင်းတန်းများ လှိုင်းထလာပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအားက စကြာဝဠာတစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။ ဝေဝါးသော ဓားအလင်းတန်းများသည် လားရာလေးခုတွင် တံခါးလေးချပ်အဖြစ် တည်ရှိနေသည်။
နတ်ဘုရားသုတ်သင်ဓား ၊ နတ်ဘုရားသတ်ဖြတ်ဓားနှင့် နတ်ဘုရားထောင်ချောက်ဓားတို့က သီးခြားစီဖြစ်သော တံခါး(၃)ချပ်ထက်တွင် ပျံဝဲနေကြသည်။
စတုတ္ထမြောက်တံခါးတွင်မူ နတ်ဘုရားအဆုံးသတ်ဓား၏ ပုံရိပ်ယောင်အဖြစ် အဖြူရောင်အလင်းတန်းများ စုစည်းနေသည်။
နတ်ဘုရားသုတ်သင်အစီအရင်ကို စတင်တည်ဆောက်လိုက်သည်နှင့် လောကကြီးကို ဖျက်ဆီးပစ်နိုင်သော ကြောက်မက်ဖွယ် ချီစွမ်းအားများက ကြယ်စင်မြစ်ပတ်ဝန်းကျင်တွင် ထုတ်လွှတ်နေသော မြစ်ဝါကိုးကွေ့အစီအရင်နှင့် အဆက်မပြတ် ရိုက်ခတ်မိတော့သည်။
ခေတ်အဆက်ဆက် သမိုင်းတွင်ခဲ့သော ကြီးကျယ်လှသည့် အစီအရင်ကြီးနှစ်ခုသည် တစ်နေရာတည်းတွင် တပြိုင်နက်တည်း ထွက်ပေါ်လာကာ ရှားရှားပါးပါး ထိပ်တိုက်တွေ့ဆုံနေကြခြင်းပင်။
အစီအရင်တစ်ခုက တာအိုအဓိပတိတစ်ပါးကိုယ်တိုင် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ၊ သူကိုယ်တိုင် ဤနေရာတွင် ရှိမနေပေ။
အခြားတစ်ခုကတော့ သွေးချောင်းစီးစေခဲ့သည့် သမိုင်းကြောင်းရှိသော်လည်း အစိတ်အပိုင်းတစ်ခု လိုအပ်နေသေးသည်။
နတ်ဘုရားသုတ်သင်အစီအရင်က နောက်ဆုံးအခြေအနေတွင် ရှိနေသော်လည်း သတ်ဖြတ်ခြင်း၏အထွတ်အထိပ်ဟု ကျော်ကြားသည့် ဤအစီအရင်က အလွန်ပင် ရက်စက်ကြမ်းတမ်းလှသည်။
ရွှေရောင်အလင်းတန်းများနှင့် မြေဝါရောင်မြူခိုးများက အနက်ရောင်လေပြင်းများနှင့် မြေဝါရောင်မြစ်ရေများအား အဆက်မပြတ် တိုက်ခိုက်နေသည်။
မြစ်ဝါကိုးကွေ့အစီအရင်က နတ်ဘုရားသုတ်သင်အစီအရင်ကို ပိုမိုကျယ်ပြန့်မလာစေရန် ဟန့်တားထားသည်။ ထို့ကြောင့် တံခါး(၄)ချပ်မှာ တုန်ခါနေပြီး မတည်ငြိမ်သော အနေအထားတွင်သာ ရှိနေသေးသည်။
တံခါးများထက်တွင် ပျံဝဲနေသော ရှေးဟောင်းဓားများမှာလည်း တုန်ခါနေကြပြီး သူတို့၏ဓားစွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်သေးပေ။
ထို့အတူပင် မြစ်ဝါကိုးကွေ့အစီအရင်၏ စွမ်းအားများသည်လည်း နတ်ဘုရားသုတ်သင်အစီအရင်၏ ရိုက်ခတ်မှုကြောင့် ပျက်ပြယ်သွားကာ အာနိသင်မပြနိုင်တော့ပေ။
အနက်ရောင်လေပြင်းများ အဆက်မပြတ်တိုက်ခတ်နေပြီး အဝါရောင်မြစ်ရေများက တလိမ့်လိမ့်တက်လာနေသည်။
ထိုခဏတွင် နှစ်ဖက်တိုက်ခိုက်မှုများကြောင့် ကြယ်စင်မြစ်တစ်ခုလုံး ဆူပွက်လာပြီး ဗလာနယ်အစွန်အဖျားတွင် ဒေါသအမျက် ချောင်းချောင်းထွက်နေသည့် နဂါးတစ်ကောင် သောင်းကျန်းနေသည့်အလား ပရမ်းပတာအခြေအနေများ ဖြစ်ပေါ်နေတော့၏။
နတ်ဘုရားသုတ်သင်ဓား(၄)လက်လုံးမှာ လမ်းမှန်တာအိုဝါဒလက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓနှင့် အခြားဗုဒ္ဓဘာသာ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များက စိတ်မကောင်းဖြစ်ခြင်း ၊ ကြောက်ရွံ့သွားခြင်းမျိုး မလျဉ်းမရှိကြပေ။
သူတို့က စွမ်းအားအပြည့် မထုတ်ဖော်နိုင်သေးသော နတ်ဘုရားသုတ်သင်အစီအရင်ထံသို့ အတင်းအကျပ် ထိုးဖောက်ဝင်ရောက်လာကြသည်။
တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးရှင်များကလည်း အခိုင်အမာနေရာယူလိုက်ပြီး ဗုဒ္ဓဘာသာကျင့်ကြံသူများကို ရင်ဆိုင်လိုက်ကြသည်။
ရန်ကျောက်ကဲ၏ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ အသွင်ပြောင်းထားသော မဟာသူတော်စင်ရွှေခန္ဓာက ရှေ့ဆုံးမှဦးဆောင်ကာ ရူယိရွှေတုတ်ကို ကိုင်မြှောက်ပြီး တိုက်တိုင်းအောင်ဗုဒ္ဓထံသို့ အရှိန်အဟုန်ဖြင့် လွှဲရိုက်ချလိုက်သည်။
လက်ရှိတွင် နှစ်ဖက်လုံး အချိန်လုနေကြရသည်။
ထိုသို့ဖြင့် ကြယ်စင်မြစ်ထဲတွင် ကြောက်မက်ဖွယ်ရာ ကမ္ဘာဖျက်တိုက်ပွဲကြီး စတင်ဖြစ်ပွားလေတော့၏။