← Chapters

ကိုယ်စီစွမ်းရည်ပြသသည့်တိုက်ပွဲ

Vol. 114 Ch. 1595

ကိုယ်စီစွမ်းရည်ပြသသည့်တိုက်ပွဲ

Vol. 114 Ch. 1595

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှထုတ်ဖော်ထားသည့် နတ်မိစ္ဆာမျောက်ဝံကြီးက ရူယိရွှေတုတ်ကို မိုးပေါ်သို့ မြှောက်ကိုင်လိုက်ပြီး တည်ကြည်သောမျက်နှာထားရှိသည့် ဗုဒ္ဓ၏ဆီသို့ အားမာန်ပါပါဖြင့် ရိုက်ချလိုက်သည်။

“ငါ့တုတ်ကို မြည်းကြည့်စမ်း...”

ရန်ကျောက်ကဲ အမတခုံရုံးတွင် မွှေနှောက်ပြီးသည့်နောက် ယခု နတ်မိစ္ဆာမျောက်မင်းနှင့် တိုက်တိုင်းအောင်ဗုဒ္ဓ တစ်ဖန်ပြန်လည် ရင်ဆိုင်တွေ့ခြင်း ဖြစ်သည်။

တိုက်တိုင်းအောင်ဗုဒ္ဓက သူ့ရှေ့မှ နတ်မိစ္ဆာမျောက်ကို စိုက်ကြည့်နေသော်လည်း မျက်နှာအမူအရာ စိုးစဉ်းမျှ ပျက်ယွင်းခြင်းမရှိပေ။

ထို့နောက် သူ့အကြည့်များက ရူယိရွှေတုတ်ဆီသို့ ရွေ့လျားသွားသည်။

ထိုခဏမှာပင် သူက ရွှေခန္ဓာတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ရာ ပတ်ဝန်းကျင်မှလူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြရသည်။

တိုက်တိုင်းအောင်ဗုဒ္ဓ၏လက် (၁၈)ဖက်တွင် ပုတီး ၊ ထီးဖြူ ၊ သပိတ် ၊ ခရုသင်း ၊ ကျောက်စီရတနာ ၊ ယပ်တောင် ၊ ရွှေခေါင်းလောင်း၊ ရွှေလေးတော်၊ ငွေလှံရှည်နှင့် အလံ အစရှိသော ရတနာပစ္စည်းများစွာကို ဆုပ်ကိုင်ထားသည်။

သို့သော် ယခင်က ဦးခေါင်း (၁၂)လုံးသာ ရှိခဲ့သော တိုက်တိုင်းအောင်ဗုဒ္ဓ၏ရွှေခန္ဓာတွင် ယခု ဦးခေါင်း (၂၂)လုံး ရှိနေပေပြီ။

"သူက ရူယိရွှေတုတ်ကို ဆုံးရှုံးလိုက်ပြီးတဲ့နောက်မှာ အတိတ်ကို အမှန်တကယ် စွန့်လွှတ်နိုင်ခဲ့တာပဲ... သူပိုင်ဆိုင်တဲ့ ရတနာလက်နက်ကိုဆုံးရှုံးသွားတာတောင် သူ့ရဲ့ကျင့်ကြံခြင်းက ပိုပြီးမြင့်တက်လာတယ်”

နေရာတွင်ရောက်ရှိနေသည့် ထိပ်တန်းပုဂ္ဂိုလပ်များအားလုံး တိုက်တိုင်းအောင်ဗုဒ္ဓ၏ ထူးခြားသော ပြောင်းလဲမှုနောက်ကွယ်မှ အကြောင်းရင်းကို ချက်ချင်းပင် ရိပ်မိလိုက်ကြသည်။

တိုက်တိုင်းအောင်ဗုဒ္ဓက ဗောဓိဘိုးဘိုးနှင့် စန္ဒကူးဗုဒ္ဓတို့ထံမှ သွန်သင်ဆုံးမမှုကို ခံယူခဲ့သူ ဖြစ်သည်။

ဗောဓိဘိုးဘိုးဆိုသည်က စကြာမုနိဗုဒ္ဓပင်ဖြစ်သလို အနောက်ဒေသမှ ဒုတိယဘိုးဘိုး တာအိုဆရာ’ကျူးထီ’ လည်း ဖြစ်သည်။

ဤအချက်က နေရာတွင်ရှိနေသူတိုင်းအတွက် လျှို့ဝှက်ချက် မဟုတ်တော့ပေ။

ရှေးယခင်အချိန်က တာအိုဆရာ'ကျူးထီ' ကိုယ်တိုင် တိုက်ပွဲဝင်သည့်အခါ သူ၏ရွှေခန္ဓာက ဦးခေါင်း(၂၄)လုံးနှင့် လက်(၁၈)ဖက် ရှိခဲ့ဖူးသည်။

ယခု တိုက်တိုင်းအောင်ဗုဒ္ဓ၏ရွှေခန္ဓာက တာအိုဆရာ'ကျူးထီ' ၏ ပုံစံတူအဆင့်သို့ တစ်လှမ်းချင်း နီးကပ်လာနေပြီဟု ဆိုနိုင်ပေသည်။

သို့သော် ရန်ကျောက်ကဲ၏မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ ထုတ်ဖော်ထားသော မဟာသူတော်စင်၏ရွှေခန္ဓာကတော့ ထိုအချက်ကို အရေးမစိုက်ပေ။

သူက ရူယိရွှေတုတ်ကိုဝှေ့ယမ်းပြီး တိုက်တိုင်းအောင်ဗုဒ္ဓထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

တိုက်တိုင်းအောင်ဗုဒ္ဓက သူ၏ လက်(၉)ဖက်ဖြင့် ခုခံကာကွယ်ပြီး ကျန်ရှိသည့် လက်(၉)ဖက်ဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။

ရာစုနှစ်တစ်ခုနီးပါး အချိန်ယူကုစားခဲ့ပြီးနောက် သူ၏စွမ်းအားက အကောင်းဆုံးအနေအထားသို့ ပြန်လည်ရောက်ရှိရုံသာမက ယခင်ကထက်ပင် ပိုမိုအစွမ်းထက်လာပုံရသည်။

အရင်အချိန်က ဒဏ်ရာရထားပါလျှက်ဖြင့်ပင် မဟာသူတော်စင်၏ ရွှေခန္ဓာကို ဖိနှိပ်နိုင်ခဲ့လျှင် ယခုကဲ့သို့ အခြေအနေမျိုးတွင် သူ၏စွမ်းဆောင်ရည်မှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းနေမည်ကို ပြောနေစရာပင် မလိုတော့ပေ။

သို့ပေသိ လက်ရှိ နတ်မိစ္ဆာမျောက်မင်းလက်ထဲတွင် ရူယိရွှေတုတ် ရှိနေပြီဖြစ်ရာ အခြေအနေက အရင်ကနှင့် မတူတော့ပေ။

ဤလက်နက်က မည်မျှအထိ ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးနိုင်စွမ်းရှိကြောင်း တိုက်တိုင်းအောင်ဗုဒ္ဓနှင့် အခြားသူများ ကောင်းကောင်းသိကြသည်။

တိုက်တိုင်းအောင်ဗုဒ္ဓအနေဖြင့် ဒဏ်ရာများ ပြန်လည်သက်သာလာပြီး ကျင့်ကြံခြင်းအဆင့်ပင် မြင့်တက်သွားသည့်တိုင် ‘နတ်ဘုရားဖိနှိပ်သံမဏိ’ ဖြင့်ပြုလုပ်ထားသည့် သံတုတ်ကိုကိုင်ထားသော မျောက်မင်းနှင့်ရင်ဆိုင်ရာတွင် အလွန်သတိထားပြီး အချိန်ဆွဲခုခံနေရသည်။

သူက ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာစွမ်းအားနှင့် ခံနိုင်ရည် ကုန်ခမ်းသွားအောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။

သူတို့နှစ်ယောက်ကြားတိုက်ပွဲက အလွန်ပင်ပြင်းထန်လာပြီး စွမ်းအားလှိုင်းလုံးများက စကြာဝဠာတစ်ခုလုံးအား တုန်ခါသွားစေသည်။

တစ်ဖက်တွင်လည်း ရွှီဖေးနှင့် ပန်ပန်တို့၏ ဧရာမမျောက်ဝံကြီးများမှာ ရူယိရွှေတုတ် မရှိသော်လည်း ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားများဖြင့် ကောင်းကင်နတ်ဘုရားအဆင့် ဗုဒ္ဓများ၊ ဗောဓိသတ္တများအပြင် အခြားသော ထိုက်ရွှီးမူလနတ်ဘုရားအဆင့် ဘုန်းတော်ကြီးများကိုပါ အသာစီးဖြင့် တိုက်ခိုက်နေကြသည်။

သို့ဖြစ်ရာ ရန်သူများမှာ ရန်ကျောက်ကဲနှင့် နတ်ဘုရားသုတ်သင်အစီအရင်ရှိရာသို့ မချဉ်းကပ်နိုင်ကြတော့ပေ။

အခြားတစ်ဖကမှာတော့ တောင်ပိုင်းချန်စန်းဧကရာဇ်က စန္ဒကူးဗုဒ္ဓနှင့် ရင်ဆိုင်နေသည်။

စန္ဒကူးဗုဒ္ဓက ပါးစပ်ဟပြီး အစွမ်းထက်သော ဗုဒ္ဓကျမ်းစာများကို ရွတ်ဆိုလိုက်ရာ အဆုံးမရှိသော တန်ခိုးစွမ်းအားများ စီးဆင်းထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် တောင်ပိုင်းချန်စန်းဧကရာဇ်က သူ၏လက်ဖဝါးတစ်ဖက်ကို ပင့်မြှောက်လိုက်ရာ အတိုင်းအဆမဲ့သော လျှပ်စီးစွမ်းအားများ ထွက်ပေါ်လာ၏။

ရွှေရောင်၊ အစိမ်းရောင်၊ အနီရောင်... တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာသော ကြာပန်းများက ပုံရိပ်ယောင်မှသည် အစစ်အမှန်အဖြစ်သို့ ပြောင်းလဲသွားပြီး တောင်ပိုင်းချန်စန်းဧကရာဇ်အား ပန်းပင်လယ်ထဲတွင် နစ်မြုပ်သွားစေသည်။

သို့သော် တစ်ခဏအတွင်းမှာပင် ပြင်းထန်သော မိုးကြိုးပစ်သံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပြီး ကြာပန်းပင်လယ်ကြီး အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားလေသည်။

စန္ဒကူးဗုဒ္ဓက အရာအားလုံးကို ပျက်ပြယ်စေသော ဗုဒ္ဓကျမ်းစာကိုရွတ်ဆိုပြီး အဆုံးမရှိသော လျှပ်စီးတန်းများကို ဖယ်ရှားပစ်လိုက်သည်။

တောင်ပိုင်းချန်စန်းဧကရာဇ်က ပုံရိပ်ယောင်ဗလာနယ်မိုးကြိုးကို အသုံးပြုပြီး ရန်သူ၏ကြာပန်းခြေလှမ်းကို ချိုးဖျက်ပစ်လိုက်သည်။

သူတို့နှစ်ယောက် အပြန်အလှန် တိုက်စစ်ဆင်နေသည်ကိုကြည့်ရသည်မှာ ပျော်စရာပင်ကောင်းတော့၏။

ရန်တိ၏ ဦးခေါင်းထက်တွင် ထိုက်ယိဟွာတိမ်တိုက် လွင့်မျောလျှက် ရှိသည်။

သူ၏လက်ထဲတွင် ဓားတစ်လက်စွဲကိုင်ထားပြီး ဗုဒ္ဓဘာသာ၏ အမြင့်ဆုံးအသိဉာဏ်ကို ရရှိထားသော ကောင်းကင်နတ်ဘုရားအဆင့် ဗုဒ္ဓတစ်ပါးနှင့် ရင်ဆိုင်နေသည်။

ထိုဗုဒ္ဓမှာ အတိတ်ကာလ ၊ အလယ်ပိုင်းသုခဘုံ၏ ဗုဒ္ဓ ၃၅ ပါးထဲမှ တစ်ပါးဖြစ်သည့် “ဂုဏ်ရောင်ထည်ဝါဗုဒ္ဓ” ပင် ဖြစ်သည်။

အလယ်ပိုင်းသုခဘုံပြိုကွဲသွားပြီးနောက် ဗုဒ္ဓများ၊ ဗောဓိသတ္တများ၊ ကိုယ်တော်များ ၊ ကျင့်ကြံသူများစွာမှာ ဘုရားလောင်းကြောင့် ပျက်သုဉ်းခဲ့ကြရသည်။

ကျန်ရှိနေသူများထဲတွင် အများစုက အနောက်ဘက်သူတော်စင်ဘုံသို့ ထွက်ခွာသွားခဲ့ကြပြီး ထိုသူများထဲတွင် ဂုဏ်ရောင်ထည်ဝါဗုဒ္ဓလည်း တစ်ပါးအပါအဝင် ဖြစ်၏။

ထိုဗုဒ္ဓ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ တောက်ပနေသည်။

သူက ညာဘက်လက်မနှင့်လက်ညှိုးကို ထိကပ်ထားပြီး ညာဘက်ဒူးထက်တွင် တင်ထားသည်။ ဘယ်ဘက်ကတော့ ဝိသာခါလက်ဟန်ကိုပြုလုပ်ထားပြီး နှုတ်မှ ဗုဒ္ဓကျမ်းစာကို ရွတ်ဆိုလျှက်ရှိ၏။

ထို့နောက် သူက လက်ချေင်းများကို ပန်းပွင့်ကိုင်ထားသည့်အသွင်ပြုလုပ်ပြီး ရန်တိထံသို့ ညွှန်ပြလိုက်သည်။

သို့သော် သူ၏နက်နဲသောတန်ခိုးစွမ်းအားက ရန်တိ၏ ထိုက်ယိဟွာတိမ်တိုက်ရှေ့တွင် အလွယ်တကူပင် တားဆီးခံလိုက်ရသည်။

ပရမ်းပတာ အခိုးအငွေ့ဟင်းလင်းပြင်ပမာဖြစ်နေသော ထိုက်ယိဟါာတိမ်တိုက်က အနားသတ်များကို မျက်စိဖြင့် မြင်နိုင်ခြင်း မရှိပေ။

တိမ်တိုက်လွင့်မျောလာသည့်အခါ ကြာပန်းပွင့်ချပ်များ ပွင့်လန်းလာသကဲ့သို့ ဖြစ်ပြီး ဂုဏ်ရောင်ထည်ဝါဗုဒ္ဓ၏တိုက်ကွက်ကို ပျက်ပြယ်သွားစေသည်။

ထိုအချိန်မှာပင် ရန်တိ၏ဓားချက်က ရှေ့သို့ ဝှေ့ယမ်းထွက်ပေါ်လာပြီး ဂုဏ်ရောင်ထည်ဝါဗုဒ္ဓ၏ရောင်ခြည်အလင်းတန်းများကိုဖြတ်ကျော်ကာ ရွှေခန္ဓာထက်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။

ပုံမှန်အားဖြင့် ထိုက်ရွှီးမူလနတ်ဘုရားတစ်ပါးက ကောင်းကင်နတ်ဘုရားတစ်ပါးကို ဒဏ်ရာရအောင် မလုပ်ဆောင်နိုင်ပေ။

သို့သော် ရန်တိ၏ လွှမ်းမိုးနိုင်စွမ်းမြင့်မားသော စွမ်းအားရောင်ဝါက ဂုဏ်ရောင်ထည်ဝါဗုဒ္ဓအား ရှေ့ဆက်မတိုးနိုင်အောင် ဟန့်တားထားနိုင်သည်။

ရန်တိ၏မျက်နှာက တည်ငြိမ်အေးစက်နေသည်။

သူက ဂုဏ်ရောင်ထည်ဝါဗုဒ္ဓကို ဆက်လက်ဖိအားပေးရန်မကြိုးစားတော့ဘဲ ချက်ချင်းပင် လှည့်ထွက်လိုက်၏။

တစ်ချိန်တည်းမှာပင် သူက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိသော အခြားဗောဓိသတ္တတစ်ပါးကို ဓားဖြင့်ခုတ်ပိုင်းလိုက်ရာ ထိုဗောဓိသတ္တမှာ လက်မောင်းပြတ်တောက်သွားတော့သည်။

ဂုဏ်ရောင်ထည်ဝါဗုဒ္ဓက ရန်တိကို တန်ပြန်တိုက်ခိုက်ရန် ကြံစည်လိုက်သော်လည်း သူက ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်ပါလျှက် ရန်တိ၏ဦးခေါင်းထက်မှ ထိုက်ယိဟွာတိမ်တိုက်ကို ထိုးဖောက်နိုင်စွမ်းမရှိ‌ကြောင်း သိလိုက်ရသည်။

ထို့ကြောင့် သူက ရန်တိကိုကျော်ဖြတ်ပြီး နတ်ဘုရားသုတ်သင်အစီအရင်ဆီသို့ ဦးတည်လိုက်သည်။

သို့သော် ရန်တိက ရုတ်တရက် ဓားကိုဝှေ့ယမ်းလိုက်ပြီး မည်သူမှ ကျော်ဖြတ်မရနိုင်သော နယ်မြေတစ်ခုဖန်ဆင်းလိုက်သည့်နှယ် ဂုဏ်ရောင်ထည်ဝါဗုဒ္ဓ၏လမ်းကြောင်းကိုပိတ်ဆို့လိုက်သည်။

ထိုမြင်ကွင်းကိုတွေ့သည်နှင့် မဟာဉာဏ်အလင်းဗောဓိသတ္တ မျက်မှောင်ကြုတ်သွားသည်။

သူက လက်ဖဝါးကိုအသာဝှေ့ယမ်းလိုက်ရာ အဖြူရောင်မီးလျှံပင်လယ်ကြီးပမာ အဆုံးမရှိသော ဗုဒ္ဓအလင်းတန်းများ ထွက်ပေါ်လာသည်။

ထိုအလင်းတန်းများက စကြာဝဠာတစ်ခုလုံးအား ဖုံးလွှမ်းသွားပြီး အဆက်မပြတ် လောင်ကျွမ်းလျှက် ရှိသည်။

သို့ပေသိ မဟာဉာဏ်အလင်းဗောဓိသတ္တ၏ ဗုဒ္ဓအလင်းများ ကျဆင်းမလာခင်မှာပင် သူနှင့်ရန်တိကြားတွင် ကျယ်ပြန့်သော မြေပြင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဗုဒ္ဓအလင်းတန်းများက ထိုမြေပြင်တစ်ခုလုံးအား လင်းထိန်သွားစေသော်လည်း ထိုမြေပြင်ကိုထိုးဖောက်ပြီး ရန်တိထံသို့ ကျရောက်ရန် မဖြစ်နိုင်တော့ပေ။

ရှေးဟောင်းဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် မဟာဉာဏ်အလင်းဗောဓိသတ္တ၏ရှေ့တွင် ထွက်ပေါ်လာသည်။

သူမက သိမ်မွေ့သည့်လေသံဖြင့်...

"ဗောဓိသတ္တ... ကျွန်မတို့ ပြန်တွေ့ကြပြန်ပြီနော်"

"မြေကမ္ဘာဘုရင်မ..."

မဟာဉာဏ်အလင်းဗောဓိသတ္တ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။

ဗုဒ္ဓရောင်ခြည်အလင်းတန်းများအောက်တွင် ထိုမြေပြင်မှာ အလွန်တရာ ပူပြင်းလာပြီး မီးလျှံများကလည်း ပိုမိုပြင်းထန်လာသည်။

သို့ရာတွင် မိန်းမပျိုကတော့ တည်ငြိမ်သောမျက်နှာထားဖြင့် မဟာဉာဏ်အလင်းဗောဓိသတ္တ၏တိုက်ကွက်ကို အေးဆေးစွာပင် ပိတ်ဆို့ထား၏။

အောက်ဘက်ရှိ အစီအရင်နှစ်ခုကြားတိုက်ပွဲကတော့ နတ်ဘုရားသုတ်သင်အစီအရင်ဘက်မှ ဖြည်းဖြည်းချင်း အသာစီးရလာခဲ့သည်။

ရန်ကျောက်ကဲက မြစ်ဝါကိုးကွေ့အစီအရင်၏သဘောတရားကို ကောင်းကောင်းကျွမ်းကျင်သည်ဖြစ်ရာ ထိုအကျိုးသက်ရောက်မှုများ စတင်ပြသလာသည်။

ဤနေရာတွင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် မရှိသောကြောင့် ရန်ကျောက်ကဲအနေဖြင့် မြစ်ဝါကိုးကွေ့အစီအရင်ကို ဖြည်းဖြည်းချင်း ချိုးဖျက်နိုင်လာမည် ဖြစ်၏။

ဝူတန့်မယ်တော်က နတ်ဘုရားအဆုံးသတ်ဓားကို ထိန်းချုပ်နိုင်ရင် သန့်စင်ပြုပြင်နေသည်။ ဤဓားကို အောင်မြင်စွာမသန့်စင်နိုင်ပါက သူမနှင့်အတူ ယူဆောင်သွားနိုင်မည် မဟုတ်ပေ။

သို့သော် ဤရှေးဟောင်းဓားကို အပြည့်အဝ သန့်စင်နိုင်ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ချန်ထားခဲ့သော အမှတ်အသားများကို ဖျက်ဆီးပစ်နိုင်မည်ဆိုပါက လမ်းမှန်တာအိုဝါဒအနေဖြင့် ဤဓားကို သိမ်းပိုက်နိုင်ပေမည်။

ထိုအချိန်ရောက်လျှင် သူတို့အနေဖြင့် ဆက်လက်တိုက်ခိုက်ခြင်းမရှိဘဲ အေးဆေးစွာ ဆုတ်ခွာသွားနိုင်ပေမည်။

လက်ရှိတွင် သူတို့အားလုံး အပြင်းအထန် တိုက်ပွဲဝင်နေကြသည်မှာ ထိုသို့သော အဖိုးတန်သည့် အချိန်လေးတစ်ခုအတွက် ဖြစ်သည်။

သို့ဖြစ်ရာ လမ်းမှန်တာအိုဝါဒအနေဖြင့် ရန်သူများ၏တိုက်စစ်ကို အချိန်ဆွဲဟန့်တားထားနိုင်လျှင် လုံလောက်ပေပြီ။

ယခု ဤနေရာတွင် ဗုဒ္ဓဘာသာကျင့်ကြံသူများ ရောက်ရှိနေကြသလို တစ်ဖက်တွင်လည်း နတ်မိစ္ဆာမျိုးနွယ်များ ပုန်းကွယ်နေကြသည်။

သူတို့က အကျိုးအမြတ် အများဆုံးရရှိမည့် အခွင့်အရေးကို စောင့်ဆိုင်းနေကြခြင်းသာပင်။

ထို့ကြောင့် ရန်ကျောက်ကဲတို့အုပ်စုမှာ ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့်တိုက်ခိုက်ရင်းပင် နတ်မိစ္ဆာမျိုးနွယ်များကိုလည်း အထူးသတိထားနေကြရသည်။

ရွှမ်တုကိုယ်တော်က ဖုရှီဗျပ်စောင်းကိုပိုက်လျက် ဘေးတစ်ဖက်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။

သူ့လက်ထဲမှ ဖုရှီဗျပ်စောင်းမှာ တိုက်ခိုက်ရန်အသုံးမပြုနိုင်သော်လည်း တာအိုဝါဒ၏ ကောင်းကင်ဘုံအရှင်တစ်ပါးဖြစ်သော ရွှမ်တုကိုယ်တော်၏ တန်ခိုးစွမ်းအားကို လျှော့တွက်၍မရပေ။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အေးဆေးသောလေသံဖြင့်...

“ရွှမ်တု... မင်းက လောကီရေးရာတွေထဲ ထပ်ပြီး ပါဝင်ပတ်သက်မလို့လား...”

ရွှမ်တုကိုယ်တော်က တည်ငြိမ်စွာဖြင့်...

“ဒီနေ့ဖြစ်ရပ်က ကိစ္စရပ်အတော်များများနဲ့ ပတ်သက်နေတာမို့လို့ ကျုပ်ကိုယ်တိုင် လာခဲ့ရတာပါ”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ဘာမှမပြောနိုင်သေးခင်မှာပင် သူ့မျက်စိရှေ့တွင် မီးတောက်မီးလျှံများ ရုတ်တရက် ပျံဝဲလာသည်။

ယနေ့တိုက်ပွဲက နတ်ဘုရားအဆုံးသတ်ဓားနှင့်ပတ်သက်နေသဖြင့် လမ်းမှန်တာအိုဝါဒက ခံစစ်ဘက်တွင်သာ ရှိခဲ့သော်လည်း အချို့ကတော့ ရန်သူများကိုရှာဖွေပြီး တက်ကြွစွာ ထိုးစစ်ဆင်လျှက် ရှိသည်။

ဥပမာ -‌ စောမင်ကျန့်လိုလူမျိုး ဖြစ်၏။

ယခု စောမင်ကျန့်က မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓရှေ့တွင် ရုတ်တရက်ထွက်ပေါ်လာပြီး ချက်ချင်းပင် စိန်ခေါ်တိုက်ခိုက်လိုက်တော့သည်။

All Chapters