← Chapters

ကောင်းကင်ဖြတ်တောက် ပင်လယ်ငြိမ်သက်

Vol. 114 Ch. 1596

ကောင်းကင်ဖြတ်တောက် ပင်လယ်ငြိမ်သက်

Vol. 114 Ch. 1596

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သူ၏အကြည့်ကို တည်ငြိမ်စွာပင် ရွှမ်တုကိုယ်တော်ဆီမှ ဖယ်ခွာလိုက်ပြီး စောမင်ကျန့်ထံသို့ ပြောင်းလဲကာ စူးစိုက်ကြည့်လိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်"

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ မည်သည့်စကားမှမဆိုခင်မှာပင် စောမင်ကျန့်က ရိုးရှင်းသောစကားတစ်ခွန်းဖြင့် အရင်ဦးအောင် နှုတ်ဆက်လိုက်ခြင်း ဖြစ်၏။

စကားဆုံးသည်နှင့် နှစ်ပေါင်းထောင်ချီသက်တမ်းရှိပြီဖြစ်သော ရှေးဟောင်းဗုဒ္ဓထံသို့ မီးလျှံများတောက်လောင်နေသည့် လက်သီးချက်တစ်ချက်က ချက်ချင်းဆိုသလိုပင် အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက လက်ဖဝါးတစ်ဖက်ကိုဆန့်ထုတ်ပြီး စောမင်ကျန့်၏ လက်သီးချက်ကို တားဆီးလိုက်သည်။

သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ဆုံသည့် တစ်ခဏမှာပင် လေးလံပြီး ထုထည်ကြီးမားသော ခံစားချက်တစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီး ပတ်ပတ်လည်ဗလာနယ်တစ်ခုလုံးအား တွန့်လိမ်ကာ ပုံပျက်သွားစေသည်။

ကြယ်စင်မြစ်မှာ ဖြတ်‌တောက်ခံလိုက်ရသည့်တိုင် အလွန်တရာလေးလံသည့် စွမ်းအားရောင်ဝါကို တောင့်ခံထားဆဲ ဖြစ်သည်။

မရေမတွက်နိုင်သည့် ကြယ်စင်တန်းများစီးဆင်းနေသည့် မြစ်ရေပြင်ထက်တွင် လှိုင်းလုံးများ ပြင်းထန်လာသည်။

မြစ်ရေများက မြစ်ဝါကိုးကွေ့အစီအရင်၏ လွှမ်းမိုးမှုကြောင့် မြေဝါရောင်သမ်းနေသော်လည်း သူတို့နှစ်ယောက်တိုက်ခိုက်နေသည့် နေရာမှာတော့ ခဏအတွင်း မြစ်ရေများ ကြည်လင်သွားခဲ့သည်။

ကြယ်စင်မြစ်အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် အမျက်ထွက်နေသော နဂါးတစ်ကောင်နှင့်ဆင်တူသည့် မြစ်၏ပုံရိပ်က တုန်ယင်နေသည်ကို တွေ့ရမည် ဖြစ်သည်။

အတွင်းပိုင်းမှ တစ်စုံတစ်ခုက ဖြတ်တောက်နေသည့်ပမာ မြစ်၏ကိုယ်ထည်က တဖြည်းဖြည်းကွေးညွှတ်လာသည်ကို တွေ့မြင်ရပေမည်။

မြစ်ဝါကိုးကွေ့အစီအရင်က နတ်ဘုရားသုတ်သင်အစီအရင်၏ နှောင့်ယှက်မှုကိုခံထားရသဖြင့် ပြောင်းလဲမှုစွမ်းအားများ ကန့်သတ်ခံထားရသော်လည်း အတွင်းထဲတွင်ရှိနေသောစွမ်းအားကတော့ အလွန်တရာ ကြောက်စရာကောင်းနေဆဲပင်။

သို့သော် ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်နှစ်ယောက် ထိပ်တိုက်တွေ့ဆုံလိုက်ရာ အစီအရင်တစ်ခုလုံးပျက်စီးလုနီးပါး ဖြစ်သွားရသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...

"နောက်မျိုးဆက် လူငယ်တွေကတော့ တကယ်ကို ကြောက်စရာကောင်းပါလား"

ထို့နောက် သူ၏ဦးခေါင်းအနောက်ဘက်ရှိ ဗုဒ္ဓအလင်းတန်းစက်ဝန်းထဲမှ ထာဝရတောက်ပနေသော မီးအိမ်တစ်လုံး ထွက်ပေါ်လာသည်။

မီးအိမ်ထဲမှမီးလျှံက အနည်းငယ်ယိမ်းထိုးသွားပြီးနောက် ထိုမီးအိမ်ဘေးဘက်တွင် နောက်ထပ်မီးအိမ်နှစ်လုံး ထပ်မံထွက်ပေါ်လာသည်။

ခရမ်းရောင်မီးအိမ် ၊ ရွှေရောင်မီးအိမ် ၊ မီးခိုးရောင်မီးအိမ်...။

မီးအိမ် (၃)လုံးက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဦးခေါင်းအနောက်ဘက်ရှိ ဗုဒ္ဓရောင်ြခည်စက်ဝန်းနှင့်အတူ တန်းစီ၍ တည်ရှိနေကြသည်။

ထိုမီးအိမ်များထဲတွင် ရွှေရောင်မီးအိမ်က အတောက်ပဆုံးဖြစ်ပြီး စကြာဝဠာတစ်ခုလုံးကိုပင် လင်းထိန်သွားစေသည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ တစ်ကိုယ်လုံးအား အလင်းတန်းများ လွှမ်းခြုံသွားပြီး သူ၏ကိုယ်ရောင်ကိုယ်ဝါမှာ မဟာဉာဏ်အလင်းဗောဓိသတ္တထက်ပင် သာလွန်နေတော့သည်။

ဖြာထွက်နေသည့် ဗုဒ္ဓအလင်းတန်းများအောက်တွင် တောက်လောင်နေသော မီးလျှံတစ်ခုရှိနေပြီး ၊ ထိုမီးလျှံ၏ရွှေရောင်မီးပွားများက ကောင်းကင်ယံတစ်ခုလုံးအား ဖုံးလွှမ်းသွားကာ စကြာဝဠာတစ်ခွင်လုံးကို ဝါးမြိုပစ်တော့မည့်အလား ဖြန့်ကြက်သွားသည်။

စောမင်ကျန့်၏ လက်သီးကို ဖမ်းဆုပ်ထားသော မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ လက်ဖဝါးက ပိုမိုခိုင်မာလာပြီး လေးလံသောဖိအားများလည်း မြင့်တက်လာသည်။

လေးဘက်လေးတန်မှ ထွက်ပေါ်လာသည့် မီးလျှံလှိုင်းလုံးကြီးများက စောမင်ကျန့်ထံသို့ တရကြမ်း ဝင်ရောက်လာသည်။

မီးလျှံလှိုင်းလုံးကြီးများ ဝင်ရောက်လာသည်နှင့် ကောင်းကင်ယံသည်လည်း လောင်မြိုက်သွားပြီး မြေပြင်သည်လည်း ပြာကျသွားသည်။

စောမင်ကျန့်၏ ခန္ဓာကိုယ်ပတ်လည်တွင် တောက်လောင်နေသော သွေးနီရောင်မီးလျှံများသည်ပင် ထိုရွှေရောင်မီးပွားများ၏လောင်မြိုက်ခြင်းကို ခံလိုက်ရကာ သူကိုယ်တိုင် မီးလောင်ကျွမ်းနေသည့်ပမာ ထင်မှတ်ရသည်။

သို့သော် စောမင်ကျန့်က တုန်လှုပ်ခြောက်ခြားခြင်းမရှိဘဲ တည်ငြိမ်နေဆဲပင်။

ထိုခဏမှာပင် သူက ကောင်းကင်ဖြတ်တောက်ကျမ်းစာ၏ နက်နဲသည့် လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြသလိုက်သည်။ သူ၏ပတ်ပတ်လည်တွင် မည်သည့်အရာမှ ဖြတ်ကျော်၍မရနိုင်သော မမြင်ရသည့် အရံအတားတစ်ခု ထွက်ပေါ်လာသည်။

စကြာဝဠာတစ်ခုလုံးအား လွှမ်းခြုံထားသော အတိုင်းအဆမရှိသည့် မီးလျှံများက စောမင်ကျန့်နှင့်နီးကပ်လာသည်နှင့်အမျှ သဲလွန်စမကျန် လွင့်ပြယ်ပျောက်ကွယ်သွားကြသည်။

ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုမျိုးလည်း မရှိသလို၊ စွမ်းအားများ လျော့နည်းသွားခြင်းလည်း မဟုတ်ဘဲ အရာအားလုံးက ရုတ်ချည်း ရပ်တန့်သွားကာ မရှိမှုသို့ ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။

ကမ္ဘာမြေကြီးကို အင်အားသုံး၍ နှစ်ပိုင်းခွဲပစ်လိုက်သည့်ပမာ ဖြစ်သည်။

တစ်ဖက်ခြမ်းတွင် မိုးသက်မုန်တိုင်းများပြင်းထန်နေသော်လည်း ကျန်တစ်ဖက်မှာ‌တော့ နွေဦးလေပြေ တိုက်ခတ်နေသည့်အလား ငြိမ်းချမ်းငြိမ်သက်လို့နေသည်။

စောမင်ကျန့်က ဘယ်ဘက်လက်ကိုပင့်မြှောက်ပြီး လက်သီးတစ်ချက်ထိုးစိုက်ချလိုက်သည်။

တစ်ချိန်တည်းမှာပင် ကြယ်စင်မြစ်ထဲတွင် နစ်မြုပ်နေသည့် ကြယ်စင်တန်းများ ရေပြင်ထက်သို့ တဟုန်ထိုး ထွက်ပေါ်လာသည်။

ထို့နောက် စောမင်ကျန့်က သူ၏လက်သီးကို ရှေ့သို့တွန်းထုတ်လိုက်ရာ မရေမတွက်နိုင်သော ကြယ်စင်များမှာ တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပြီး ကြီးမားသည့်အဖျက်စွမ်းအားဖြင့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓထံသို့ ဦးတည်ဝင်ရောက်သွားသည်။

ကြယ်စင်များစွာမှထွက်ပေါ်လာသည့် နေမီးလျှံစွမ်းအားများမှာ အတင်းအကျပ်ဖိသိပ်ခံလိုက်ရပြီးနောက် ပြန်လည်ကျယ်ပြန့်လာကာ ပေါက်ကွဲထွက်သွားသည်။

ထိုပေါက်ကွဲမှုက ရွှေရောင်အလင်းပင်လယ်ပြင်ကြီးကို အတင်းအကျပ်ထိုးခွင်းပြီး လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာကာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။

ရှေးဟောင်းဗုဒ္ဓက လက်တစ်ဖက်ပင့်မြှောက်ပြီး ရှေ့သို့တွန်းထုတ်ကာ တားဆီးလိုက်သည်။

သို့သော် ထိုခဏမှာပင် နေမီးလျှံများ ပေါက်ကွဲထွ်သွားပြီး မရေမတွက်နိုင်သော ကြယ်စင်များက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ပတ်ပတ်လည်ကို ဝိုင်းရံထားလိုက်သည်။

ကြယ်စင်များက မိုးစက်မိုးပေါက်များအလား ရွာကျလာသည်။

စောမင်ကျန့်က ဘယ်ဘက်လက်ကို နောက်ကျောဘက်သို့ပစ်လိုက်သဖြင့် ကြယ်စင်များ၏ဦးတည်ရာအရပ်က ခန့်မှန်းရန် ခက်ခဲသွားသည်။

ထိုအချိန် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဦးခေါင်းအနောက်ဘက်ရှိ ဗုဒ္ဓရောင်ခြည်စက်ဝန်းထဲတွင် ခရမ်းရောင်မီးအိမ်က ပိုမိုတောက်ပလာသည်။

ရှေးဟောင်းဗုဒ္ဓ၏ မျက်ဝန်းများထဲတွင် ခရမ်းရောင်မီးလျှံများ တဟုန်းဟုန်း တောက်လောင်လာသည်။

ထိုမီးလျှံများက လောကတွင်ရှိသမျှသော ကံတရားအားလုံးကို ပုံဖော်နေကြပြီး ရေတွက်မရနိုင်သော မြင်ကွင်းများစွာကို တစ်ခဏအတွင်း ဖော်ထုတ်ပေးနေသည်။

သတ္တဝါအားလုံးက ထိုခရမ်းရောင်မီးလျှံကြိုးမျှင်များဖြင့် ဆက်နွယ်နေသည့်အလား ထင်မှတ်ရသည်။

စိတ်အာရုံစေစားမှုဖြင့် ထိုအရာအားလုံးက မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ရှေ့မှောက်တွင် ပေါ်လွင်ထင်ရှားလာသည်။

သို့သော် ခရမ်းရောင်မီးလျှံကြိုးမျှင်များ အတိုင်းအတာတစ်ခုအထိ ဖြန့်ကျက်သွားချိန် ရုတ်ချည်းဆိုသလို ဖြတ်တောက်ခံလိက်ရသည်။

မမြင်နိုင်သောအရံအတား တဖန်ပြန်လည်ထွက်ပေါ်လာပြီး ခရမ်းရောင် မီးလျှံကြိုးမျှင်များကို ဖြတ်တောက်လိုက်ခြင်းသာပင်။

ကြယ်စင်မိုးများကလည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓထံသို့ တရစပ် ဆက်လက်ကျဆင်းနေဆဲဖြစ်လေရာ ရှေးဟောင်းဗုဒ္ဓက ခေါင်းကိုဖြည်းညင်းစွာခါယမ်းရင်း နောက်သို့ဆုတ်ခွာလိုက်သည်။

သို့သော် စောမင်ကျန့်၏ ညာဘက်လက်ဖဝါးက ပုံစံပြောင်းလဲသွားလေရာ ကြယ်စင်များမှထွက်ပေါ်နေသော စူးရှသည့်နေမီးလျှံများက တစ်ခဏအတွင်းပျောက်ကွယ်သွားပြီး စကြာဝဠာကြီးတစ်ခုလုံး ခြောက်သွေ့အေးစက်သွားစေသည်။

ကြောက်မက်ဖွယ်ရာ စကြာဝဠာအမှောင်ထုထဲတွင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ တစ်ပါးတည်းသာ ကျန်ရှိနေတော့သည့်အလား ဖြစ်သည်။

အေးစက်သော ဗလာနယ်ထဲတွင် အပူစွမ်းအားဟူသမျှ ပျောက်ကွယ်သွားပြီး မည်သည့်သက်ရှိ၊ မည်သည့်အရာဝတ္ထုမှ အသစ်တစ်ဖန် ပြန်လည်မွေးဖွားခွင့် မရှိတော့ပေ။

အရာအားလုံးမြှုပ်နှံထားသည့် ထာဝရသင်္ချိုင်းဂူကြီးပမာ မျှော်လင့်ချက်မှန်သမျှ ဖြတ်တောက်ခံလိုက်ရပြီး မည်သည့်အရာမှ ဆက်လက်တည်ရှိနေခြင်း မရှိတော့ပေ။

ဤသည်က ပြိုကွဲပျက်ဆီးနေသော တွင်းနက်တစ်ခု၏ ဝါးမျိုမှုမျိုး မဟုတ်ပေ။

သို့သော် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓမှာ ထိုအထဲတွင် ပိတ်မိနေသည့်အလား ခံစားနေရပြီး ဆွဲငင်အား၏ဝေးရာဆီသို့ မပြေးနိုင်ဖြစ်နေရသည်။

အဆုံးမဲ့သော ဗလာနယ်အမှောင်ထုက အဆုံးအစမရှိဘဲ နယ်နိမိတ်များက တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာနေသည်။

ရှေးဟောင်းဗုဒ္ဓမှာတော့ ထိုအေးစက်လှသော အနားသတ်များထံမှ ပိုမိုဝေးကွာသွားသကဲ့သို့ ခံစားနေရသည်။ အမှောင်ထု၏ဗဟိုချက်မှ လွတ်မြောက်ရန်ကြိုးစားရင်း ပိုမိုနက်ရှိုင်းရာသို့ ရောက်ရှိသွားသည့်အလား ဖြစ်၏။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ မျက်မှောင်ကြုတ်လိုက်ပြီး နောက်သို့ ဆုတ်ခွာရန် ကြိုးပမ်းမှုကို ရပ်တန့်လိုက်သည်။

သူ၏ဗုဒ္ဓအလင်းတန်းထဲရှိ ရွှေရောင်မီးလျှံက အတောက်ပဆုံးအခြေအနေသို့ ရောက်ရှိသွားပြီး စွမ်းအားအကြီးမားဆုံး ရောင်ဝါကို ထုတ်ဖော်လိုက်သည်။

အဆုံးမရှိသော ဗုဒ္ဓအလင်းတန်းများနှင့် ရွှေရောင်မီးလျှံများက ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

အလင်းတန်းများက ဆက်လက်ဖြန့်ကျက်သွားပြီး မှောင်မိုက်အေးစက်သော စကြာဝဠာဟင်းလင်းပြင်ကို တောက်ပလင်းထိန်သွားစေကာ အေးစက်သော ဗလာနယ်ထဲတွင် အပူရှိန်များ ပြန်လည်ထွက်ပေါ်လာသည်။

သို့သော် အလွန်လျှင်မြန်သည့် အရှိန်အဟုန်ဖြင့်ပင် ထိုရွှေရောင်အလင်းတန်းများသည်လည်း တဖန်ပြန်လည် ဖြတ်တောက်ခံလိုက်ရပြန်သည်။

အဆုံးသတ်မှာတော့ စောမင်ကျန့်၏ ဘယ်ဘက်လက်သီးက ပြန်လည်ထွက်ပေါ်လာပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ အနားသို့ပင် ရောက်ရှိလာသည်။

ကောင်းကင်ဖြတ်တောက်ကျမ်းစာ၏ နက်နဲသောစွမ်းအားများက ခံစစ်စွမ်းအားသက်သက် မဟုတ်ပေ။

စောမင်ကျန့်၏ ဘယ်ဘက်လက်သီးက တိုက်စစ်စွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် မရောက်နိုင်သောနေရာဟူ၍ မရှိတော့ပေ။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓအား ဝန်းရံထားသည့် ခံစစ်အလွှာပေါင်းစုံက တစ်ခုပြီးတစ်ခု ပြိုကွဲပျက်ဆီးသွားရသည်။

စောမင်ကျန့်၏လက်သီးချက် ဝင်ရောက်လာသည်နှင့် ခိုင်မာပါသည်ဆိုသော ရှေးဟောင်းရွှေခန္ဓာသည်ပင် တောက်ပမှုအလင်းရောင်ဆုံးရှုံးသွားပြီး ရွှံ့ရုပ်တစ်ရုပ်ပမာ အားနည်းသွားရသည်။

"ကမ္ဘာဦးတရားကို ပြောင်းပြန်လှန်ပြီး ကျင့်ကြံတာလား... တကယ့်ကို ထူးဆန်းတာပဲ...”

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ စောမင်ကျန့်ကို တိတ်ဆိတ်စွာ စူးစိုက်ကြည့်လိုက်သည်။

ထိုအချိန် သူ၏ဦးခေါင်းထက်တွင် လူတို့၏စိတ်ကို မိန်းမောတွေဝေသွားအောင် ဆွဲဆောင်နိုင်စွမ်းရှိသည့်မျက်စိကျိန်းမတတ် စူးရှတောက်ပသော ငါးရောင်ခြယ် အလင်းတန်းများ ရုတ်ချည်း ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် မယုံကြည်နိုင်စရာကောင်းလောက်အောင် ထုထည်ကြီးမားသည့် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

ထိုစွမ်းအားက လူတစ်ယောက်၏ ရုပ်ခန္ဓာကိုသာမက စိတ်ဝိညာဉ်ကိုပါ ဖိနှိပ်ထားနိုင်ကာ အာရုံခံစားမှုကို ထုံထိုင်းသွားစေသည်။

ကောင်းကင်ဖြတ်တောက်စွမ်းအားကိုထုတ်ဖော်ထားသည့် စောမင်ကျန့်မှာ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏ ဦးခေါင်းထက်တွင် ပျံဝဲနေသည့် ပုလဲလုံးများကိုတွေ့မြင်လိုက်ရသည်။

ထိုပုလဲလုံးများက စောမင်ကျန့်၏ လက်မောင်း ၊ ဘယ်ဘက်လက်သီးများထံသို့ အရှိန်အဟုန်ဖြင့် ကျရောက်လာပြီး သူ့အား ရှေ့ဆက်မတိုက်ခိုက်နိုင်ရန် တားဆီးထားလိုက်သည်။

ပုလဲတစ်လုံးချင်းစီတိုင်းက ကောင်းကင်ဘုံတစ်ထပ် သို့မဟုတ် စကြာဝဠာတစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ ဤပုလဲများသည်ကား အလွန်တရာအဖိုးတန်သော “ပင်လယ်ငြိမ်သက်ပုလဲ” များပင် ဖြစ်တော့၏။

ပုလဲတစ်လုံးတည်းသာဆိုလျှင် စောမင်ကျန့်က အရေးစိုက်မည်မဟုတ်ပေ။

သို့သော် ပင်လယ်ငြိမ်သက်ပုလဲ (၂၄)လုံးစလုံး တပြိုင်တည်းကျရောက်လာခြင်းဖြစ်ပေရာ မဟာစကြာဝဠာတစ်ခုလုံးကိုပင် ဖိနှိပ်နိုင်သည့် အစွမ်းသတ္တိ ရှိပေသည်။

နတ်ဘုရားသုတ်သင်အစီအရင်ဖြင့် ရင်ဆိုင်နေရသဖြင့် မြစ်ဝါကိုးကွေ့အစီအရင်မှာ စွမ်းအားအပြည့်အဝ ထွက်ပေါ်လာခြင်း မရှိပေ။

ယခုတော့ ပင်လယ်ငြိမ်သက်ပုလဲများ၏ ဖိနှိပ်မှုကိုရင်ဆိုင်လိုက်ရသဖြင့် ကြယ်စင်မြစ်သည်ပင် အပိုင်းပိုင်ပြတ်ထွက်လုမတတ် ဖြစ်သွားရသည်။

စောမင်ကျန့်က ခြေထောက်ကိုခိုင်မာစွာရပ်ရင်း လက်သီးချက်များ တစ်ချက်ပြီးတစ်ချက်ထုတ်ဖော်ကာ ပင်လယ်ငြိမ်သက်ပုလဲများကို တစ်လုံးပြီးတစ်လုံး ရိုက်ခွဲပစ်လိုက်သည်။

ထိုအခွင့်အရေးကိုအသုံးချပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက လျှင်မြန်စွာပင် နောက်ပြန်ဆုတ်ခွာသွားလေသည်။

တိုက်ပွဲထဲမှ ကျန်ရှိသူများက သူတို့နှစ်ယောက်၏တိုက်ပွဲကို အာရုံစိုက်ကြည့်ရှုနေခဲ့ကြသည်။

သစ်သားနတ်ဆိုး၊ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် မိုးကြိုးလျှပ်စီးဗုဒ္ဓ တို့ကို ဆက်တိုက်ရင်ဆိုင်ခဲ့ပြီးနောက် စောမင်ကျန့် နှစ်ပေါင်း(၁၀၀)ခန့် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ထိုကာလတစ်လျှောက်လုံး ငြိမ်သက်နေပြီးမှ ယခု ပြန်လည်ထွက်ပေါ်လာချိန်တွင် စောမင်ကျန့်က တစ်လောကလုံးကို လှုပ်ခတ်အောင် ပြုလုပ်လိုက်ပြန်ပေပြီ။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို နောက်ဆုတ်သွားစေခြင်းဖြင့် စောမင်ကျန့်၏ တန်ခိုးစွမ်းအားမှာ လောကတစ်ခွင်ကို အံ့အားသင့်စရာ ဖြစ်စေခဲ့သည် မဟုတ်ပါလား။

All Chapters