စောင်းကြိုးနှစ်ချောင်းပဲကျန်တော့တယ်
Vol. 114 Ch. 1597
ပင်လယ်ငြိမ်သက်ပုလဲများကို အဆက်မပြတ် ရိုက်ခတ်ချေမှုန်းနေသည့် စောမင်ကျန့်ကိုကြည့်ပြီး မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက မှတ်ချက်ပြုလိုက်သည်။
“ကိုယ်ပိုင်လမ်းစဉ်နဲ့ ထိုးဖောက်ထွက်ပြီး တစ်ကိုယ်တော် လျှောက်လှမ်းနိုင်ခဲ့တာပဲ... ကောင်းကင်နတ်ဘုရားအဆင့်ကိုတက်လှမ်းခဲ့တာ ရာစုနှစ်တစ်ခုစာပဲရှိသေးတယ် ၊ ဒီလောက်အစွမ်းထက်နေမယ်လို့ ထင်မထားမိဘူး ၊ မင်း အသက်ဆက်ရှင်ဦးမယ်ဆိုရင် ဘယ်အဆင့်ထိရောက်သွားမလဲဆိုတာ ငါတောင် မတွေးရဲဘူး”
သူက သက်ပြင်းတစ်ချက်ချရင်း...
“မင်းကိုမြင်ရတာ... အရင်တုန်းက စွန်းဝူခုန်းနဲ့ ယန်ကျန်းတို့ကိုတောင် ပြန်သတိရမိစေတယ်”
သူ့စကားဆုံးသွားသည်နှင့် ပင်လယ်ငြိမ်သက်ပုလဲ (၂၄)လုံးက သူ့အနားသို့ပြန်လည်ရောက်ရှိသွားပြီး ဗလာနယ်တစ်ခုလုံးကို ကောင်းကင်ဘုံ (၂၄)ခုအလား ဝန်းရံပိတ်ဆို့လိုက်သည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ သူ၏စွမ်းအားရောင်ဝါကို ခဏမျှ ပြန်လည်ရုတ်သိမ်းလိုက်မှသာ ရပ်တန့်နေသော ကြယ်စင်မြစ်သည်လည်း တဖန်ပြန်လည် စီးဆင်းလာသည်။
စောမင်ကျန့်က ပင်လယ်ငြိမ်သက်ပုလဲများကို ထူးဆန်းသောအကြည့်ဖြင့် စိတ်ဝင်တစား စူးစိုက်ကြည့်နေသည်။
သူ့မျက်ဝန်းများထဲတွင် နောက်ပြန်ဆုတ်လိုသည့် အရိပ်အယောင် လုံးဝမတွေ့ရဘဲ ထိုပုလဲများဖြင့် ယှဉ်ပြိုင်တိုက်ခိုက်လိုစိတ်များသာ ပြည့်လျှံနေသည်။
အခြားတစ်ဖက်မှာတော့ ရှေးဟောင်းဗုဒ္ဓက သူ၏ဦးခေါင်းအနောက်ဘက်မှ ဗုဒ္ဓရောင်ခြည်အလင်းတန်းများကို ပြန်လည်ရုတ်သိမ်းလိုက်ရာ ခရမ်းရောင်နှင့် ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး မီးခိုးရောင်အလင်းတန်းတစ်ခုသာ ကျန်ရစ်ခဲ့သည်။
ထိုမှိန်ပျပျ မီးခိုးရောင်အလင်းတန်းထဲတွင် သက်ရှိများစွာ ခိုဝင်ကိန်းအောင်းနေပုံရသော စေတီတစ်ခု ထွက်ပေါ်လာပြီး သံသရာစက်ဝန်းထဲတွင် ဖြစ်ပျက်ခဲ့သမျှ ထူးခြားဆန်းကြယ်မှုများစွာကို ပုံရိပ်ယောင်များအဖြစ် ထင်ဟပ်ပြသထားသည်။
ထိုစေတီထဲတွင် ပါရှိသော နက်နဲဿည့်တရားဓမ္မများမှာ ဓားဗုဒ္ဓနှင့် တပည့်ဖြစ်သူ’ချွိစု’ တို့ ကျင့်ကြံသည့် သံသရာဓားကျမ်းထက်ပင် အဆပေါင်းများစွာ သာလွန်ထူးကဲပေသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက...
“တာအိုရောင်းရင်းစော... အရင်ဆုံး စိတ်အေးအေးထားလိုက်ပါ...”
သူက ဆက်ပြောလိုက်သည်။
“ငါသိသလောက်... မင်း ကျင့်စဉ်လမ်းကိုလျှောက်ခဲ့တာ သိုင်းပညာလမ်းစဉ်သစ်တစ်ခု ဖော်ဆောင်ဖို့မဟုတ်လား ၊ ဒီတော့... တာအိုဝါဒအတွက် တိုက်ပွဲဝင်ပေးနေတာ မင်းအတွက် ဘာများရေးပါလို့လဲ”
“မင်း အမတခုံရုံးကို ဒီလောက်ထိ မုန်းတီးနေတာကလည်း မင်းကိုယ်တိုင်အတွက်ကြောင့်မဟုတ်ဘူး ၊ မင်းရဲ့ချစ်သူက အမတခုံရုံးက ကျင့်ကြံသူတွေလက်ချက်နဲ့ သေဆုံးသွားခဲ့ရလို့မဟုတ်လား”
စောမင်ကျန့်က မည်သည့်စကားမှမဆိုဘဲ မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကို အေးစက်စွာပင် စူးစိုက်ကြည့်နေသည်။
ရှေးဟောင်းဗုဒ္ဓက စောမင်ကျန့် တိတ်ဆိတ်နေသည်ကို အရေးမစိုက်ဘဲ ပြုံးလိုက်ရင်း...
“တာအိုဝါဒဘက်မှာဆိုရင် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်လည်း ဆုံးပါးသွားပြီ ၊ ယမမင်းလည်း မရှိတော့ဘူး ၊ ဒီတော့ သံသရာကိုကျော်ဖြတ်ပြီး သေဆုံးသွားတဲ့လူတစ်ယောက်ကို ပြန်ခေါ်ပေးနိုင်မယ့်သူ ဘယ်သူမှ မရှိတော့ဘူး ၊ ဒါပေမဲ့... အနောက်ဘက်မှာတော့ ငါနဲ့ တိကျန်ဗောဓိသတ္တ ရှိပါသေးတယ်”
သူက ဆက်ပြောလိုက်သည်။
“မင်းချစ်သူရဲ့ခန္ဓာကိုယ်က ပြာဖြစ်သွားပြီး ဝိညာဉ်ပါပျောက်ဆုံးသွားလို့ သံသရာထဲ ပြန်ဝင်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူးဆိုရင် ငါ ဒီစကားကိုပြောမှာ မဟုတ်ဘူး ၊ ဒါမေပဲ့ မင်းချစ်သူရဲ့ ရုပ်အလောင်း ရှိနေသေးတယ် မဟုတ်လား”
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ၏လေသံက တည်ငြိမ်နေသော်လည်း စကားလုံးများကတော့ အနားတွင်ရှိသောလူတိုင်းကို တုန်လှုပ်သွားစေနိုင်သည်။
“နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီဆိုပေမဲ့... မျှော်လင့်ချက် အလင်းတန်းလေး တစ်ခုတော့ ကျန်ပါသေးတယ်...”
ထိုစကားသံထွက်ပေါ်လာသည်နှင့် ရန်သူရော မိတ်ဆွေများပါ ရင်ထိတ်သွားကြပြီး စောမင်ကျန့်ထံသို့ အကြည့်များ စုပြုံရောက်ရှိလာကြသည်။
သို့သော် စောမင်ကျန့်က ရှေးဟောင်းဗုဒ္ဓ၏စကားကို ဖြတ်ပြောလိုက်သည်။
“ဒါပေမဲ့ ကံဆိုးတာက... မင်း အလဲအလှယ်လုပ်ချင်တဲ့အရာက ကျွင်းဟွမ် လုံးဝအလိုမရှိတဲ့ ကိစ္စတစ်ခု ဖြစ်နေတာပဲ”
သူက ဆက်ပြောလိုက်သည်။
“မင်းနဲ့သာ အပေးအယူလုပ်မယ်ဆိုရင် ကျွင်းဟွမ် အသက်ပြန်ရှင်လာရင်တောင် သူ့ကိုယ်သူအဆုံးစီရင်ပြီး နောက်တစ်ကြိမ် ပြန်သေသွားတာကို ငါထိုင်ကြည့်နေရမှာပဲ”
ထိုစကားကြားတော့ ရှေးဟောင်းဗုဒ္ဓ ခဏမျှတိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် သက်ပြင်းချရင်း ခေါင်းတစ်ချက် ခါယမ်းလိုက်သည်။
“ထားလိုက်ပါတော့... သူက ဒီလောက်ခေါင်းမာပြီး ပြတ်သားတဲ့သူမျိုး မဟုတ်ခဲ့ရင်လည်း အခုလို သေဆုံးသွားရမှာ မဟုတ်ဘူး”
စောမင်ကျန့်က ရှေးဟောင်းဗုဒ္ဓကို စူးစိုက်ကြည့်လိုက်သည်။
ထို့နောက် မီးတောက်မီးလျှံများဖြင့် ဝန်းရံထားသော သူ၏ပုံရိပ်က တဖြည်းဖြည်းကြီးမားလာပြီး ပင်လယ်ငြိမ်သက်ပုလဲများဖြင့် ဖန်ဆင်းထားသော ကောင်းကင်ဘုံ(၂၄)ခုဆီသို့ တစ်လှမ်းချင်း လှမ်းဝင်သွားသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက ပင်လယ်ငြိမ်သက်ပုလဲများကို ထိန်းချုပ်နေစဉ်မှာပင် ရွှမ်တုကိုယ်တော်၏လက်ထဲမှ ဖုရှီဗျပ်စောင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။
“တာအိုသခင်’လုယာ’ ရဲ့ အစီအစဉ်က သိပ်ကိုကောင်းလွန်းပါတယ် ၊ ဒါပေမဲ့ ဖုရှီဗျပ်စောင်းမှာ ကန့်သတ်ချက်ရှိတယ် မဟုတ်လား”
ထိုစကားကြားတော့ ရွှမ်တုကိုယ်တော်၏မျက်ဝန်းများ တောက်ပသွားသည်။
“...ငရဲကိုးထပ်လား”
ရှေးဟောင်းဗုဒ္ဓကတော့ ပြန်မဖြေဘဲ ပြုံး၍သာနေလိုက်သည်။
ဗလာနယ်အာကာသ၏အထက် အလွန်ဝေးကွာသော နေရာဒေသတစ်ခုမှာတော့ ကျောက်စိမ်းတံခါးကြီးတစ်ခုနှင့် အဖြူရောင်ကြာပန်းတစ်ပွင့်တို့ အပြင်းအထန် တိုက်ခိုက်လျှက် ရှိကြသည်။
ဤသည်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့၏တိုက်ပွဲပင် ဖြစ်၏။
ထိုအချိန်...
မည်သည့်နေရာက ရောက်ရှိလာမှန်းမသိသော အစိမ်းရောင်ကြာပန်းတစ်ပွင့် ရုတ်တရက် ထွက်ပေါ်လာလေသည်။
တစ်ချိန်တည်းမှာပင် ရှေးဟောင်းကြေးနီခေါင်းလောင်းကြီးတစ်လုံးလည်း ထွက်ပေါ်လာပြီး အစိမ်းရောင်ကြာပန်းကို တားဆီးလိုက်ကာ နှစ်ဦးနှစ်ဖက် အလျှော့မပေးဘဲ တိုက်ခိုက်ကြတော့၏။
တိုက်ပွဲအရှိန်မြင့်နေစဉ်မှာပင် အနက်ရောင် ရှေးဟောင်းကြေးမုံမှန်တစ်ချပ် ထွက်ပေါ်လာပြန်သည်။ အတိတ်တစ်ချိန်က ဤရှေးဟောင်းကြေးမုံမှန်က ကြေးနီခေါင်းလောင်းကြီးနဲ့ တိုက်ခိုက်ခဲ့ဖူးသည်။
နောက်ပိုင်း အစိမ်းရောင်ကြာပန်း ထွက်ပေါ်လာသည့်အခါ ကြေးနီခေါင်းလောင်းနှင့် အစိမ်းရောင်ကြာပန်းတို့ပူးပေါင်းပြီး ထိုအနက်ရောင်ကြေးမုံမှန်ကို အဝေးသို့ မောင်းထုတ်ခဲ့ကြသည်။
သို့သော် လက်ရှိမှာတော့ သူတို့၏ရပ်တည်ချက်က သိသိသာသာ ပြောင်းလဲသွားခဲ့ပေပြီ။
အနက်ရောင်ကြေးမုံမှန် စတင်လှုပ်ရှားလိုက်သည်နှင့် ကြည်လင်သည့် ကြေးမုံမှန်အလင်းတန်းများ စုစည်းသွားပြီး ရှေးဟောင်းကြေးနီခေါင်းလောင်းကြီးဆီသို့ ဦးတည်ပစ်ခတ်လိုက်သည်။
ရှေးဟောင်းခေါင်းလောင်းကြီးမှ နားကွဲမတတ် မြည်ဟည်းသံကြီးထွက်ပေါ်လာပြီး ပြင်းထန်သော တုန်ခါမှုတစ်ခုဖြစ်ပေါ်လာကာ ကြေးမုံမှန်အလင်းတန်းများကို လွင့်စင်သွားစေသည်။
အနက်ရောင်ကြေးမုံမှန်ကြီးကလည်း အလျှော့မပေးဘဲ ကြေးနီခေါင်းလောင်းကြီးကို ဆက်လက်တိုက်ခိုက်လိုက်ရာ ခေါင်းလောင်းကြီးမှာ အစိမ်းရောင်ကြာပန်းကို ဆက်လက်တားဆီးထားနိုင်ခြင်း မရှိတော့ပေ။
ထိုအခါ အစိမ်းရောင်ကြာပန်းက လေထုထဲလွင့်မျောသွားပြီး အောက်ဘက်သို့ ဖြည်းဖြည်းချင်းဆင်းသက်လာကာ ဗလာနယ်စကြာဝဠာကိုဖောက်ထွက်ပြီး သေမျိုးလူသားများရှိရာ ဟင်းလင်းပြင်ကျယ်ကြီးဆီသို့ ဦးတည်သွားလေသည်။
ကြယ်စင်မြစ်တွင်တော့ တိုက်ပွဲပြင်းထန်နေဆဲပင်။
အနက်ရောင်လေပြင်းများတိုက်ခတ်နေပြီး ဓားချီများမှာလည်း ကောင်းကင်ယံအထိ မြင့်တက်နေသည်။
ကြယ်စင်မြစ်တစ်ခုလုံး မရပ်မနားတွန့်လိပ်ရှုံ့တွလျှက် ပုံပျက်နေပြီး ထိတ်လန့်ဖွယ်ရာ ပုံရိပ်ယောင်နိမိတ်ပုံများက အဆက်မပြတ် ဖြစ်ပေါ်နေသည်။
ထိုခဏတွင်...
နှစ်ဖက်တိုက်ခိုက်နေသူများအားလုံး ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကြပြီး အားလုံး တစ်နေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
ဟုတ်ပေ၏။
ကြယ်စင်မြစ်၏အလယ်ဗဟိုတွင် အစိမ်းရောင်ကြာပန်းတစ်ပွင့် မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသည် မဟုတ်ပါလား။
ကြာပန်းက ပွင့်လန်းခြင်းမရှိသေးဘဲ အဖူးအငုံမျှသာဖြစ်သည့်တိုင် အတွင်းမှထွက်ပေါ်နေသည့် ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများက လူတိုင်းကို တုန်လှုပ်စေလောက်အောင် အရှိန်အဝါ ကြီးမားသည်။
“အော်မီတော်ဖော်ဗုဒ္ဓ...”
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။
ရွှမ်တုကိုယ်တော်က ဖုရှီဗျပ်စောင်းကို အသာပင့်မြှောက်လိုက်ရာ ဗျပ်စောင်းထက်တွင်ကျန်ရှိနေသည့် စောင်းကြိုးသုံးချောင်းက အဆက်မပြတ် တုန်ခါလျှက် ရှိသည်။
သိပ်မကြာခင်မှာပင်...
“ထောက်...”
အသံနှင့်အတူ စောင်းကြိုးတစ်ချောင်း ပြတ်တောက်သွားသည်။
ထို့နောက် အလင်းတန်းများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားကာ ကနဦးကောင်းကင် ‘အဋ္ဌဂံကားချပ်’ ထွက်ပေါ်လာပြီး ကြယ်စင်မြစ်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။
ကနဦးကောင်းကင် အဋ္ဌဂံကားချပ်ဖြင့် လွှမ်းခြုံခံလိုက်ရသည်နှင့် ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများ အနည်းငယ် တိုးလျသွားပြီး အစိမ်းရောင်ကြာပန်းမှာ ကြယ်စင်မြစ်ရေပြင်ထက်တွင် ဟိုဒီလှုပ်ခတ်နေသော်လည်း ရှေ့ဆက်တိုးမရဘဲ ပိတ်မိနေလေသည်။
ရန်ကျောက်ကဲတို့အုပ်စု ခဏမျှ သက်ပြင်းချလိုက်နိုင်သည့်တိုင် သူတို့စိတ်ထဲ ကျောက်တုံးကြီးဆွဲထားသည့်ပမာ လေးလံစွာခံစားလိုက်ကြရသည်။
အော်မီတော်ဖော်ဗုဒ္ဓ...။
ဤလောကတွင် သက်တမ်းအရှည်ဆုံးနှင့် တန်ခိုးစွမ်းအားအကြီးမားဆုံး အဓိပတိပုဂ္ဂိုလ်ကြီးများထဲမှတစ်ယောက် ဖြစ်သည်။
သူက အနောက်ဘက်သူတော်စင်ဘုံ၏ အရှင်သခင်ဖြစ်ပြီး ဗုဒ္ဓဘာသာ ဘိုးဘေးနှစ်ပါးအနက် တစ်ပါးလည်း ဖြစ်သည်။
ဤမျှ အဆင့်အတန်းမြင့်မားသော တာအိုအဓိပတိတစ်ပါး တိုက်ပွဲအတွင်း ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်စွက်ဖက်လာခြင်းမှာ ရင်လေးစရာကိစ္စပင် မဟုတ်ပါလား။
အော်မီတော်ဖော်ဗုဒ္ဓနှင့် နှစ်ရှည်လများရန်ဘက်ဖြစ်ခဲ့သော အရှေ့ဧကရာဇ်’ထိုက်ယိ’ က အော်မီတော်ဖော်ဗုဒ္ဓ တိုက်ပွဲအတွင်းဆင်းသက်လာပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို အရယူသွားမည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။
တစ်ယောက်ယောက်က အရှေ့ဧကရာဇ် 'ထိုက်ယိ' ကို ထိန်းထားနိုင်သောကြောင့်သာ အော်မီတော်ဖော်ဗုဒ္ဓ ဆင်းသက်လာနိုင်ခြင်း ဖြစ်သည်။
အရှေ့ဧကရာဇ်ကို တားဆီးနိုင်စွမ်းရှိသူမှာလည်း ဧကန်မုချ တာအိုအဆင့်ရှိသူတစ်ဦးသာ ဖြစ်ရပေမည်။
အစပိုင်းက ရွှမ်တုကိုယ်တော်မေးခွန်းထုတ်ခဲ့သော ‘ငရဲကိုးထပ်’ အကြောင်း ပြန်ဆက်စပ်ကြည့်မည်ဆိုလျှင် ထိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း အဖြေက ရှင်းနေပေပြီ။
ငရဲကိုးထပ်၏ ဘိုးဘေးမဟာနတ်ဆိုးများထဲမှတစ်ယောက်ဖြစ်သော တာအိုအဆင့်ရှိ 'မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး' ပင် ဖြစ်ပေ၏။
သူက ရုတ်တရက် တိုက်ပွဲထဲဝင်လာပြီး အရှေ့ဧကရာဇ် 'ထိုက်ယိ' ကို တားဆီးကာ အော်မီတော်ဖော်ဗုဒ္ဓကို ကူညီပေးလိုက်ခြင်း ဖြစ်သည်။
အော်မီတော်ဖော်ဗုဒ္ဓက အရှေ့ဧကရာဇ် 'ထိုက်ယိ' နှင့် ရင်ဆိုင်နေရပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ဘုရားလောင်းနှင့် ရင်ဆိုင်နေရသော်လည်း မဟာလွတ်မြောက်ခြင်းနတ်ဆိုးအနေဖြင့် နတ်ဘုရားသုတ်သင်အစီအရင်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လုယူရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။
သူသာ ထိုသို့ပြုလုပ်ခဲ့ပါက ကျန်ရှိသည့် တာအိုအဓိပတိ(၄)ပါးက ချက်ချင်းတိုက်ပွဲကိုရပ်ကာ အချင်းချင်းပူးပေါင်းပြီး မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးကို နှိမ်နင်းကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် တာအိုအဓိပတိတစ်ယောက်မှမရှိသော လမ်းမှန်တာအိုဝါဒနှင့်ယှဉ်လျှင် ငရဲကိုးထပ်က အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ် ကောင်းသောကြောင့် ဖြစ်၏။
ထို့ပြင် ဤကိစ္စတွင် ယွမ်စီကောင်းကင်နတ်ဆိုးနှင့် ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးတို့ပါ ပါဝင်ပတ်သက်လာနိုင်သည်။
ဟုတ်ပေ၏။
ငရဲကိုးထပ်မှ နတ်ဆိုးများအနေဖြင့် နတ်ဘုရားသုတ်သင်အစီအရင်ကို တိုက်ရိုက်မယူလျှင်တောင်မှ ဤသို့သော်အခြေအနေကို အသုံးချပြီး အခြားအရာတစ်ခုနှင့် အလဲအလှယ်လုပ်ကာ ငရဲကိုးထပ်အတွက် အကျိုးအမြတ်ရှာရန် သေချာပေါက် ကြိုးပမ်းကြပေမည်။
ထို့ကြောင့်ပင် ဤတိုက်ပွဲထဲသို့ မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုး ပါဝင်လာခြင်းဖြစ်ပြီး အော်မီတော်ဖော်ဗုဒ္ဓကို ကြယ်စင်မြစ်အတွင်း ဆင်းသက်နိုင်စေရန် ကူညီပေးခဲ့ခြင်း ဖြစ်သည်။
ဖုရှီဗျပ်စောင်းက အော်မီတော်ဖော်ဗုဒ္ဓကို ဟန့်တားနိုင်သည်ဆိုသော်လည်း ခဏမျှသာ ဖြစ်လေသည်။
အချိန်အတန်ကြာပြီးနောက် ကနဦးကောင်းကင် အဋ္ဌဂံကားချပ်မှထွက်ပေါ်နေသော အလင်းတန်းများ ဖြည်းဖြည်းချင်း ပြန်လည်မှေးမှိန်သွားသည်။
“နောက်ထပ် စောင်းကြိုးနှစ်ချောင်းပဲ ကျန်တော့တယ်...”
တာအိုဝါဒဘက်မှ လူများအားလုံး ရင်ထဲလေးလံသွားကြသည်။ ရန်ကျောက်ကဲက ဝူတန့်မယ်တော်ရှိရာသို့ လှမ်းကြည့်လိုက်၏။
ဝူတန့်မယ်တော်က မျက်လုံးများကိုမှေးမှိတ်ထားပြီး မည်သည့်စကားမှမဆိုသလို မည်သည့်လှုပ်ရှားမှုမှလည်း မရှိပေ။ အပြင်လောကတွင် ဖြစ်ပျက်နေသည်များက သူမနှင့် လုံးဝမသက်ဆိုင်သည့်အလားတည်ငြိမ်နေသည်။
သူမ၏ စိတ်အာရုံတစ်ခုလုံးက ရှေ့မှ ဓားတစ်စုံထံတွင်သာ ရှိနေသည်။
ချင်းဖိန်ထားမှ ဓားအလင်းတန်းများက ပိုမိုတောက်ပလာပြီး နတ်ဘုရားအဆုံးသတ်ဓားမှထွက်ပေါ်နေသော ကျောက်စိမ်းရောင်အလင်းတန်းများက တဖြည်းဖြည်းမှေးမှိန်လာသည်။
သူမ အောင်မြင်ရန် အလွန်နီးကပ်နေပေပြီ။
နတ်ဘုရားအဆုံးသတ်ဓားထက်မှ ကျောက်စိမ်းရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် ထိုဓားကို သူတို့ ယူဆောင်သွားနိုင်မည်ဖြစ်သလို နတ်ဘုရားသုတ်သင်အစီအရင်ထဲသို့ထည့်သွင်းပြီး စိတ်ကြိုက်အသုံးချနိုင်မည်လည်း ဖြစ်သည်။
သို့သော် ထိုခဏမှာပင်...
ကြယ်စင်မြစ်ထဲတွင် နတ်မိစ္ဆာလေပြင်းများ ရုတ်တရက် ထကြွလာပြီး အပြစ်နှင့်ပြည့်နက်နေသော မိစ္ဆာချီများမှာလည်း စကြာဝဠာတစ်ခုလုံးသို့ စတင်ပျံ့နှံ့လာလေ၏။