ယန်အော့လန်၏တန်ခိုးစွမ်းအား
Vol. 114 Ch. 1598
တာအိုဝါဒမှ ကျွမ်းကျင်သူများ အနောက်ဘက် သူတော်စင်ဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် တိုက်ပွဲပြင်းထန်နေချိန် ဘေးမှနေပြီး အခြေအနေကိုစောင့်ကြည့်နေသော မဟာနတ်မိစ္ဆာများ ထွက်ပေါ်လာကြသည်။
မိစ္ဆာချီများ ကောင်းကင်ထက်သို့ တဟုန်ထိုးမြင့်တက်လာသည်နှင့် ကြည်လင်သည့် ကြယ်စင်မြစ်ရေမှာ သွေးရောင်လွှမ်းကာ နောက်ကျိသွားပြီး ပိုမိုကြောက်မက်ဖွယ်ရာ ကောင်းလာတော့သည်။
ထိုသူများပေါ်လာသည်နှင့် တာအိုဝါဒမှ ကောင်းကင်ဘုံအရှင်များ၏ အမတပန်းပွင့်သရဖူများနှင့် သုခဘုံမှ ဗုဒ္ဓများ၏ရောင်ခြည်အလင်းတန်းများက ပိုမိုတောက်ပလာကြသည်။
မိစ္ဆာလေပြင်းများတိုက်ခတ်လာပြီးနောက် မဟာနတ်မိစ္ဆာများသည်လည်း ထင်ရှားထွက်ပေါ်လာသည်။
ရန်ကျောက်ကဲလှမ်းကြည့်လိုက်တော့ နတ်မိစ္ဆာများကိုဦးဆောင်လာသူက ထူးခြားသော အသွင်အပြင်ရှိသည့် အနီရောင်ဝတ်စုံဝတ်ထားသော အဘိုးအိုတစ်ယောက် ဖြစ်နေသည်။
ထိုအဘိုးအိုက နတ်မိစ္ဆာတို့၏ ဒုတိယခေါင်းဆောင်ဖြစ်သော တာအိုသခင် 'လုယာ' ပင် ဖြစ်သည်။
တာအိုသခင် 'လုယာ' သည်လည်း မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓကဲ့သို့ပင် ကိုယ်တိုင်ကိုယ်ကျထွက်ပေါ်လာပြီး စစ်မြေပြင်သို့ ရောက်ရှိလာပေပြီ။
သူ့အနားတွင် ရွှေအတောင်မဟာဂဠုန်တစ်ကောင် ရှိနေပြီး ၊ ထိုသူက တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ပင် ဖြစ်သည်။ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ အကြည့်များက ရန်ကျောက်ကဲနှင့် အခြားသူများအပေါ် ကျရောက်လာသည်။
နတ်ဘုရားသုတ်သင်အစီအရင်ကို တွေ့မြင်လိုက်ရချိန် သူ့မျက်ဝန်းများက ပိုမိုအေးစက်သွားသည်။
အတိတ်တစ်ချိန်က သူ၏တစ်ဦးတည်းသောသားဖြစ်သူ ‘ဖုလော်ကျီ’ မှာ ရန်ကျောက်ကဲတို့အုပ်စုနှင့် နတ်ဘုရားသုတ်သင်အစီအရင်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလား။
တာအိုသခင် 'လုယာ' နှင့် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်တို့၏ဘေးတွင် ကြောက်မက်ဖွယ်ကောင်းသည့် အခြားသော နတ်မိစ္ဆာများစွာ ရှိနေသေးသည်။
ယခင်က ရန်ကျောက်ကဲတို့နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသော အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ၊ ခေါင်းကိုးလုံးပိုးကောင်နှင့် ခြင်္သေ့နတ်ဘုရားတို့လည်း အတူပါလာကြသည်။
ထိုသူများထဲတွင် အထူးတလည် ထင်ရှားနေသူတစ်ယောက်မှာ တောင်တစ်လုံးပမာ ကြီးမားသန်မာသည့် ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားသော အမွှေးဖြူမျောက်အိုကြီးတစ်ကောင် ဖြစ်၏။
သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ခမ်းနားထည်ဝါသော မိစ္ဆာချီများက ရစ်ပတ်ထားပြီး သူ၏လျှင်မြန်မှုနှင့် တန်ခိုးစွမ်းအားက မြင်ရသူတိုင်းကို တုန်လှုပ်ချောက်ချားစေသည်။
ထိုဧရာမမျောက်ကြီးက စိတ်ရှုပ်ထွေးသည့်အကြည့်များဖြင့် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာကိုယ် (၃) ခုကို စူးစိုက်ကြည့်နေသည်။
"တာအိုရောင်းရင်း ယွမ်ဟုန်... မင်းလည်း ရောက်လာတာကိုး"
တောင်ပိုင်းချန်စန်းဧကရာဇ်က နှုတ်ဆက်စကား ဆိုလိုက်သည်။
ထိုကြောက်မက်ဖွယ်ရာ မျောက်ဖြူကြီး၏အမည်က ‘ယွမ်ဟုန်’ ဖြစ်သည်။
ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလကတည်းက သူက ဟုန်းဟုန်းတောက် နာမည်ကျော်ကြားသူ ဖြစ်၏။
သူ၏ကြီးမားသောစွမ်းအား ၊ ရုပ်ခန္ဓာ အမျိုးမျိုးပြောင်းလဲနိုင်သည့် အတတ်ပညာတို့ကြောင့် ချီထျန်းမဟာသူတော်စင် ထွက်ပေါ်မလာခင်က အတော်ဆုံး မျောက်နတ်မိစ္ဆာအဖြစ် သတ်မှတ်ခံခဲ့ရသည်။
နောက်ပိုင်း သူက နတ်ဘုရားအဖြစ် အပ်နှင်းခံခဲ့ရပြီး မဟာကပ်ဘေးကြီးအပြီးမှာတော့ ချန်စန်းရှင်းဟိုင်တွင် အခြေချနေထိုင်ခဲ့သည်။
ချန်စန်းရှင်းဟိုင်နှင့် အနောက်ဘက်သူတော်စင်ဘုံတို့ တိုက်ခိုက်ချိန်တွင် ယွမ်ဟုန်၏စွမ်းအားက သုခဘုံမှ ဗုဒ္ဓဘာသာကျင့်ကြံသူများအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ခဲ့သည်။
ယနေ့မှာတော့ ဤမျောက်ဖြူကြီးက တာအိုသခင် 'လုယာ' နှင့်အတူ စစ်မြေပြင်သို့ ရောက်ရှိလာခဲ့ပေပြီ။
“မတွေ့တာကြာပြီပဲ... တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ မြေကမ္ဘာဘုရင်မ...”
ယွမ်ဟုန်၏ အကြည့်များက တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် အခြားသူများအပေါ် ဖြတ်သန်းသွားပြီး နောက်ဆုံး ဝူတန့်မယ်တော်ထံတွင် ရပ်တန့်သွားသည်။
“ပြီးတော့ ဝူတန့်မယ်တော်ရောပဲ...”
တာအိုသခင်’လုယာ’ ၏ အကြည့်များက ကျောက်စိမ်းရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ထွက်ပေါ်နေသည့် နတ်ဘုရားအဆုံးသတ်ဓားပေါ်သို့ ကျရောက်သွားသည်။
အစောပိုင်းတွင် သူတို့က အလောတကြီး မလှုပ်ရှားကြဘဲ နတ်ဘုရားအဆုံးသတ်ဓားထက်မှ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ အမှတ်အသား ဖျက်ဆီးခံရမည့်အချိန်ထိ စောင့်ဆိုင်းနေခဲ့ကြသည်။
ယခုတော့ အချိန်ကျရောက်လာပေပြီ။
မဟာလွတ်မြောက်ခြင်းကောင်းကင်နတ်ဆိုးက အရှေ့ဧကရာဇ် 'ထိုက်ယိ' ကို တားဆီးထားစဉ် အော်မီတော်ဖော်ဗုဒ္ဓက တိုက်ပွဲအတွင်း ဝင်ရောက်လာသည်။
သို့သော် ဖုရှီဗျပ်စောင်းက သူ့ကို အချိန်ဆွဲထားနိုင်ခဲ့၏။
ဤသည်က နတ်မိစ္ဆာမျိုးနွယ်များအတွက် လှုပ်ရှားရန် အခွင့်ကောင်းပင် ဖြစ်သည်။
ဗျပ်စောင်းတွင် စောင်းကြိုးနှစ်ပင်သာ ကျန်ရစ်တော့သည်။
သို့ဖြစ်ရာ တာအိုဝါဒနှင့် နတ်မိစ္ဆာမျိုးနွယ် နှစ်ဖက်လုံးအတွက် အချိန်တစ်စက္ကန့်ပင် အလဟသအဖြစ်မခံနိုင်ပေ။
မဟာနတ်မိစ္ဆာများမှာ နတ်ဘုရားသုတ်သင်အစီအရင်ထဲတွင်ရှိနေသော ရန်ကျောက်ကဲနှင့် ဝူတန့်မယ်တော်ထံသို့ ချက်ချင်းပင် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြသည်။
တစ်ဖက်တွင် ဗုဒ္ဓရောင်ခြည်အလင်းတန်းများ နေရာအနှံ့လွှမ်းခြုံထားပြီး အခြားတစ်ဖက်မှာတော့ မိစ္ဆာလေပြင်းများက မိုင်ပေါင်းထောင်နှင့် သောင်းနှင့်ချီပြီး တိုက်ခတ်နေသည်။
နှစ်ဖက်တိုက်ခိုက်မှုများကြားတွင် နတ်ဘုရားသုတ်သင်အစီအရင်မှာ ကြားညပ်နေပြီး စိုးရိမ်စရာအခြေအနေတွင် ရှိနေသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားမှ အသွင်ပြောင်းဖန်ဆင်းထားသည့် ဧရာမမျောက်ဝံကြီးက တိုက်တိုင်းအောင်ဗုဒ္ဓကို သံတုတ်ဖြင့် ရိုက်ထုတ်ပြီး နောက်သို့ဆုတ်စေလိုက်သည်။
ထို့နောက် သူက စက်ဝန်းထဲမှ ခုန်ထွက်ရန် ကြိုးစားလိုက်သည်။
သူကဲ့သို့ပင် အခြားသော ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ (၂) ခုကလည်း တူညီသောလှုပ်ရှားမှုကို ပြုလိုက်ကြသည်။
ဤသည်ကိုမြင်တော့ တိုက်တိုင်းအောင်ဗုဒ္ဓက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို တားဆီးမနေတော့ဘဲ အောက်ဘက်သို့ဆင်းသက်သွားပြီး နတ်ဘုရားသုတ်သင်အစီအရင်ရှိရာသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။
ထိုအချိန် မဟာဉာဏ်အလင်းဗောဓိသတ္တထံမှ အံ့သြတုန်လှုပ်ဟန်ဖြင့် အသံတစ်သံ ထွက်ပေါ်လာသည်။
“ယန်ကျန်း... မင်းလား...”
မှောင်မိုက်နေသည့် ကြယ်စင်မြစ်အတွင်းရှိ ကောင်းကင်တစ်ခွင်ကိုဖုံးအုပ်ထားသော မြေကမ္ဘာထုက ရုတ်တရက် အက်ကွဲသွားပြီး ထိုအထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာသည်။
သို့သော် ရှေးဟောင်းဝတ်စုံကိုဝတ်ဆင်ထားသည့် မြေကမ္ဘာဘုရင်မ မဟုတ်ဘဲ လူငယ်တာအိုဆရာတစ်ယောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုလူငယ်က ပြုံးလိုက်ပြီး...
“ငါမဟုတ်လို့ ဘယ်သူဖြစ်မှာလဲ...”
သူ့လက်ထဲတွင် အသွားချွန်သုံးခုပါသော ဓားရှည်တစ်လက် ပေါ်လာသည်။
ယန်ကျန်းက ဓားဖြင့် ရှေ့သို့ခုတ်ပိုင်းချလိုက်ရာ မဟာဉာဏ်အလင်းဗောဓိသတ္တ၏ မီးတောက်မီးလျှများပမာ တောက်လောင်နေသည့် ဗုဒ္ဓရောင်ခြည်အလင်းတန်းများ ပြတ်တောက်သွားသည်။
ထို့နောက် သူက မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်တိုင်းအောင်ဗုဒ္ဓရှေ့သို့ ရောက်ရှိသွားသည်။
တိုက်တိုင်းအောင်ဗုဒ္ဓ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်တန့်လိုက်ရသည်။
“အော့လန်ရှန်... မတွေ့တာ ကြာပြီနော်”
ထို့နောက် သူ၏ လက်(၉)ဖက် တုန်ခါသွားပြီး လက်ထဲမှ ရတနာပစ္စည်းများက မိုးစက်မိုးပေါက်များပမာ ယန်ကျန်းထံသို့ ကျဆင်းလာသည်။
ယန်ကျန်းက...
“အမှန်ပဲ... မတွေ့တာကြာပြီ ၊ ဒါပေမဲ့ ငါကတော့ စွန်းရှင်ကျေထက် စွန်းဝူခုန်းကိုပဲ ပိုသတိရတယ်ကွာ”
ပြောပြီးသည်နှင့် သူက အသွားချွန်သုံးခုပါသေသာဓားကို ဝှေ့ယမ်းလိုက်ရာ တိုက်တိုင်းအောင်ဗုဒ္ဓ၏ရတနာပစ္စည်း (၁၈)မျိုးတွင် (၁၂)ခုက လွင့်စင်ထွက်သွားပြီး ကျန်(၆)ခုက အက်ကွဲပျက်ဆီးသွားရသည်။
ထို့နောက် သူ၏လက်ထဲမှဓားရှည်က စက်ဝိုင်းပမာလည်ပတ်သွားပြီး ဦးခေါင်း(၂၂)လုံးရှိသော ဗုဒ္ဓကို ခုတ်ပိုင်းချလိုက်သလို အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များကိုလည်း နတ်ဘုရားသုတ်သင်အစီအရင်အနားသို့ မကပ်နိုင်ရန် တားဆီးလိုက်သည်။
တိုက်တိုင်းအောင်ဗုဒ္ဓမှာ ယန်ကျန်း၏တိုက်ခိုက်မှုကို ရှောင်ရှားရန်အတွက် နောက်သို့ဆုတ်လိုက်ရသည်။ သူ၏ခြေထောက်အောက်တွင် ကြာပန်းများပွင့်လန်းလာပြီး လှစ်ခနဲ နေရာရွှေ့ပြောင်းလိုက်သည်။
သို့သော် ယန်ကျန်း၏ပုံရိပ် တစ်ချက်လှုပ်ရှားသွားပြီး ရွှေအတောင်မဟာဂဠုန်အဖြစ် ပြောင်းလဲသွားသည်။
သူက တိုက်တိုင်းအောင်ဗုဒ္ဓနောက်သို့ အလျှင်အမြန်လိုက်သွားပြီး ဂဠုန်လက်သည်းများဖြင့် ကုတ်ခြစ်လိုက်ရာ စွန်းရှင်ကျေ၏ဦးခေါင်းထက်မှ ရွှေရောင်တိမ်းတိုက်များ ဆုတ်ပြဲသွားတော့၏။
မဟာဉာဏ်အလင်းဗောဓိသတ္တက ချက်ချင်းပ်င အနားသို့ရောက်လာပြီး သစ္စာလေးပါး သိုင်းပညာကို ထုတ်ဖော်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဗောဓိပက္ခိယတရား (၃၇) ပါးအနက် မဂ္ဂင်ရှစ်ပါး ၊ သတိပဋ္ဌာန်လေးပါး ၊ သမ္မပ္ပဓာန်လေးပါး၊ ဣဒ္ဓိပါဒ် လေးပါး၊ ဣန္ဒြေငါးပါး၊ ဗလငါးတန်နှင့် ဗောဇ္ဈင်ခုနစ်ပါးတို့လည်း တပြိုင်တည်း ထွက်ပေါ်လာပြီး မိုးကောင်းကင်ထက် အဆုံးမရှိသော ဗုဒ္ဓရောင်ခြည်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။
သို့သော် ယန်ကျန်းမှ အသွင်ပြောင်းထားသည့် ရွှေအတောင်မဟာဂဠုန်မှာ ရုတ်တရက် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ကိုးထပ်ကို ဖြတ်ကျော်ပျံသန်းရင်း ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်ဟလိုက်ရာ ကြယ်စင်မြစ်နှင့်ပင်နှိုင်းယှဉ်နိုင်သော ရေတံခွန်ကြီးတစ်ခု ပါးစပ်ထဲမှ ပန်းထွက်လာသည်။
ထိုရေစီးကြောင်းက ဖိအားကြီးမားလွန်းသည်ဖြစ်ရော ရှေ့တွင်ရှိသမျှ ဗုဒ္ဓရောင်ခြည်အလင်းတန်းများအားလုံးကို ချေမွဖျက်ဆီးပစ်လိုက်တော့သည်။
စစ်မြေပြင်တွင်ရှိနေသည့်ကျွမ်းကျင်သူများမှာ မည်မျှပင် စွမ်းအားကြီးမားသူများ ဖြစ်စေကာမူ မြင်ကွင်းကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြင့် မှင်တက်သွားကြသည်။
ဤလောကတွင် ဤမျှစွမ်းအားကြီးသော နဂါးတစ်ကောင် ထွက်ပေါ်မလာခဲ့သည်မှာ မည်မျှကြာခဲ့ပြီ ဖြစ်ပါသနည်း။
ကောင်းကင်နတ်ဘုရားအဆင့်ရှိသော ရေနဂါးဘုရင် အသက်ရှင်လျက် ရှိနေဦးမည်ဆိုလျှင်တောင် မဟာဉာဏ်အလင်းဗောဓိသတ္တအနေဖြင့် ဤမျှကြောက်ရွံ့မိမည် မဟုတ်ပေ။
ယန်ကျန်း ဖန်တီးလိုက်သော ဤနဂါးမှာ နဂါးအစစ် ထိပ်တန်းကျွမ်းကျင်သူများထက်ပင် ပိုပြီး တန်ခိုးစွမ်းအား ကြီးမားနေပုံရသည်။
အရှိန်အဟုန်နှင့် စီးဆင်းနေသော ရေလှိုင်းကြီးများကြောင့် မဟာဉာဏ်အလင်းဗောဓိသတ္တ၏ ဗုဒ္ဓရောင်ခြည်များက ယန်ကျန်း၏လှုပ်ရှားမှုကို မတားဆီးနိုင်တော့ပေ။
"ယန်ကျန်း..."
ခေါင်းကိုးလုံးပိုးကောင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ရန်သူဟောင်းကိုတွေ့လိုက်ရသဖြင့် သူ၏ဒေါသစိတ်များ ငယ်ထိပ်တက်သွားတော့သည်။
သူက နတ်ဘုရားသုတ်သင်အစီအရင်ကိုပင် အရေးမစိုက်တော့ဘဲ ယန်ကျန်းရှိရာသို့ တန်းတန်းမတ်မတ်ပင် ဝင်ရောက်လာသည်။
နဂါးကြီးက လှောင်ပြောင်သည့်လေသံဖြင့်...
“ဒီနေ့ရော... မင်းရဲ့ခေါင်းတွေထဲက ဘယ်နှစ်လုံး ငါ့ဆီပေးဦးမလို့လဲ”
ထို့နောက် ဧရာမနဂါးကြီး၏ပုံရိပ်က တဖြည်းဖြည်း ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရေစီးကြောင်းများဆက်လက်ပန်းထုတ်ရင်း မဟာဉာဏ်အလင်းဗောဓိသတ္တ၏ ဗုဒ္ဓရောင်ခြည်အလင်းတန်းများကို ငြိမ်းသတ်ပစ်နေသည်။
နဂါးကြီး၏ပုံရိပ်ယောင်ထဲတွင် ယန်ကျန်း၏ ပုံစံအစစ်အမှန် ပြန်လည်ထွက်ပေါ်လာပြီး သူ၏မွေးညင်းပေါက်များထဲမှ စွမ်းအားရောင်ဝါများ ဆူပွက်ထွက်ပေါ်လာပြီး သွေးနီရောင် မြူခိုးတိမ်တိုက်များက ခန္ဓာကိုယ်တစ်ခုလုံးအား ရစ်ပတ်ထားသည်။
သွေးနီရောင်မြူခိုးတိမ်တိုက်များက ဒုတိယမြောက် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး နဂါးကြီးဘေးတွင် ယှဉ်လျှက်ရပ်တန့်လိုက်သည်။
ထိုပုံရိပ်မှာ ဇာမဏီငှက်တစ်ကောင်၏ပုံရိပ်ဖြစ်ပြီး အတောင်များကို ဖြန့်ကားလိုက်သည့်အခါ ကောင်းကင်တစ်ခုလုံး လွှမ်းခြုံသွားသည်။
ဇာမဏီငှက် အတောင်ပံခတ်လိုက်သည်နှင့် ကြမ်းတမ်းသောလေပြင်းများ တိုက်ခတ်လာပြီး ခေါင်းကိုးလုံးငှက်အသွင် ပြောင်းလဲထားသည့် ခေါင်းကိုးလုံးပိုးကောင်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ထိုဇာမဏီငှက်မှာ “မဟာလေပြင်း” ဟု လူသိများသည့် ထူးခြားပါရမီရှင် ရှေးဟောင်းမျိုးနွယ် ဖြစ်သည်။
သူက အလိုရှိသည့်အတိုင်း လေကိုထိန်းချုပ်စေခိုင်းနိုင်သည်ဖြစ်ရာ ခေါင်းကိုးလုံးပိုးကောင်၏ ‘ကောင်းကင်ကိုးထပ်လေပြင်း’ ကို တန်ပြန်ခုခံနိုင်စွမ်းရှိသည်။
ယန်ကျန်း၏ စွမ်းအားရောင်ဝါများ ပိုမိုမြင့်တက်လာပြီး သွေးနီရောင်မြူခိုးတိမ်တိုက်များမှ တတိယမြောက် ပုံရိပ်ယောင်တစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
ထိုပုံရိပ်က ရွှေအတောင်မဟာဂဠုန်ပုံရိပ် ဖြစ်သည်။
ထိုမဟာဂဠုန်က အတောင်ပံခတ်လိုက်သည်နှင့် ယန်ကျန်း၏အရှိန်အဟုန်က တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် တန်းတူဖြစ်သွားတော့သည်။
သူ့အတွက် ဗလာနယ်အကွာအဝေးဆိုသည်က ပြောပလောက်သည့်အရာ မဟုတ်တော့ပေ။
အခြားသော ကောင်းကင်နတ်ဘုရားအဆင့် ထိပ်တန်းကျွမ်းကျင်သူများနှင့် ရင်ဆိုင်နေရသော်လည်း သူ၏တည်ရှိမှုက နေရာအနှံ့တွင်ရှိနေသလို ထင်မှတ်ရသည်။
ယန်ကျန်း၏ပုံရိပ်က တိုက်တိုင်းအောင်ဗုဒ္ဓ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် ခေါင်းကိုးလုံးပိုးကောင်တို့၏ နောက်ကျောဘက်တွင် တစ်ပြိုင်တည်း ထွက်ပေါ်လာလေသည်။