← Chapters

ဘယ်သူကအစစ်အမှန် ဘယ်သူက အလိမ်အညာလဲ

Vol. 114 Ch. 1599

ဘယ်သူကအစစ်အမှန် ဘယ်သူက အလိမ်အညာလဲ

Vol. 114 Ch. 1599

ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်းဆိုသည်က အရာခပ်သိမ်း မိမိစိတ်အလိုဆန္ဒအတိုင်း ညွှတ်ပြောင်းစေနိုင်ပြီး မိုးနှင့်မြေတွင် အကွာအဝေးဟူ၍မရှိတော့ဘဲ စိတ်ရှိတိုင်း သွားလာနိုင်ခြင်းကို ဆိုပေသည်။

ကောင်းကင်နတ်ဘုရားအဆင့်အောက်ရှိ ကျင့်ကြံသူများအတွက်မူ ကောင်းကင်နတ်ဘုရားတစ်ပါးသည် နေရာတိုင်းတွင် တပြိုင်တည်းရှိနေနိုင်သော တန်ခိုးရှင်တစ်ပါးကဲ့သို့ ဖြစ်သည်။

သို့သော် ကောင်းကင်နတ်ဘုရားအချင်းချင်း ရင်ဆိုင်ရချိန်မှာတော့ ထိုထူးခြားသော တန်ခိုးစွမ်းအားများက မှေးမှိန်သွားတတ်ပြီး ပြိုင်ဘက်အပေါ် အသာစီးရရန် ခက်ခဲသွားလေ့ရှိသည်။

သို့ပေသိ ဤလောကတွင် ချွင်းချက်ဆိုသည်က ရှိစမြဲပင်။

ဥပမာဆိုရလျှင် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က အခြားသော ကောင်းကင်နတ်ဘုရားများထက် သာလွန်သော အရှိန်အဟုန်ရှိသဖြင့် စစ်မြေပြင်တစ်ခုလုံးကို စိတ်ကြိုက်လွှမ်းမိုးထားနိုင်စွမ်း ရှိသည်။

လက်ရှိတိုက်ပွဲမှာတော့ “စစ်မြေပြင်တစ်ခုလုံးနီးပါး” ဟု သုံးနှုန်းရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ယန့်ကျန်းက သူ၏တန်ခိုးစွမ်းအားကို ပြသနေသောကြောင့်ပင်။

ယန်ကျန်းက ကောင်းကင်နတ်ဘုရားများဖြင့် ရင်ဆိုင်တိုက်ခိုက်နေသော်လည်း ဗလာနယ်နေရာတိုင်းတွင်ရှိနေသည့်ပမာ တန်ခိုးစွမ်းအား ထုတ်ဖော်လျှက် ရှိသည်။

ယန်ကျန်းဖန်ဆင်းထားသော မဟာလေပြင်းဇာမဏီငှက်၏ မိုးသက်မုန်တိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်နေစဉ်မှာပင် တိုက်တိုင်းအောင်ဗုဒ္ဓနှင့် မဟာဉာဏ်အလင်းဗောဓိသတ္တတို့၏ နောက်တွင် ဒုတိယနှင့် တတိယမြောက် “ယန်ကျန်း” တို့ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

သူ့နောက်တွင်လည်း “ယန်ကျန်း” တစ်ယောက် ရှိနေကြောင်း အာရုံခံလိုက်မိ၏။

အန္တရယ်အငွေ့အသက်ကိုခံစားမိသည်နှင့် ခေါင်းကိုးလုံးပိုးကောင်က နောက်သို့ပင် လှည့်မကြည့်တော့ဘဲ သူ၏ကောင်းကင်ကိုးထပ်လေပြင်းကို ရုတ်သိမ်းကာ ဘေးသို့ အမြန်ရှောင်တိမ်းလိုက်သည်။

သူ့အရှေ့မှမုန်တိုင်းထက် သူ့နောက်ကျောမှခြိမ်းခြောက်မှုကို အဓိကထား ရှောင်တိမ်းလိုက်ခြင်းသာပင်။

သို့သော် သူ၏လှုပ်ရှားမှု မည်မျှမြန်ဆန်ပါစေ နောက်ဘက်မှထိုးစိုက်လိုက်သော သုံးဖက်ချွန်နှစ်ဖက်သွားဓားကို ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။

အေးစက်သောဓားသွားက ခေါင်းကိုးလုံးပိုး‌ကောင်၏ ဦးခေါင်းတစ်လုံးကို ပိုင်းဖြတ်ပစ်လိုက်ရာ ဗလာနယ်ထဲတွင် သွေးချင်းချင်းနီရဲပြီး အသားစိုင်များ လွင့်စင်ထွက်သွားရသည်။

ခေါင်းကိုးလုံးပိုးကောင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသလို ဒေါသလည်းထွက်သွားသည်။

သူ့ခန္ဓာကိုယ်က ရှေ့သို့လွင့်စင်သွားချိန် သူ၏ဦးခေါင်းတစ်လုံးဖြင့် နောက်သို့လှည့်ကြည့်လိုက်ရာ သူ့ကိုပြုံးလျှက်ကြည့်နေသည့် စတုတ္ထမြောက် “ယန်ကျန်း” ကို တွေ့လိုက်ရသည်။

အခြားတစ်ဖက်တွင် တိုက်တိုင်းအောင်ဗုဒ္ဓနှင့် မဟာဉာဏ်အလင်းဗောဓိသတ္တတို့မှာလည်း ထိုသို့သောအအခြေအနေမျိုးဖြင့် ရင်ဆိုင်နေရပြီး အသက်ဘေးမှ သီသီလေးလွတ်မြောက်သွားခဲ့ကြသည်။

"သဘောပေါက်ပြီ... အခုမှပဲ သဘောပေါက်တော့တယ်"

စောမင်ကျန့်နှင့်တိုက်ခိုက်နေသည့် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက သက်ပြင်းတစ်ချက်ချရင်း အလံငယ်တစ်ခုကို ပစ်လွှတ်လိုက်သည်။

မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓ ထိုအလံငယ်ကို ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်ယံထက် အဖြူရောင်အခိုးအငွေ့များ ဝဲပျံထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများက ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။

အလံငယ်က အောက်ဘက်သို့ ပျံဝဲဆင်းသက်သွားပြီး တိုက်တိုင်းအောင်ဗုဒ္ဓနှင့် မဟာဉာဏ်အလင်းဗောဓိသတ္တတို့အား ယန်ကျန်း၏တိုက်ခိုက်မှုမှ ကာကွယ်ပေးလိုက်သည်။

ထိုအလံကိုမြင်သည်နှင့် တာအိုဝါဒနှင့် နတ်မိစ္ဆာမျိုးနွယ် ကျွမ်းကျင်သူများအားလုံး အံ့အားသင့်သွားကြသည်။

"ဒါ... ကြာပန်းစိမ်းရတနာအလံပဲ..."

ကြာပန်းစိမ်းရတနာအလံဆိုသည်က အော်မီတော်ဖော်ဗုဒ္ဓ၏ အဖိုးတန်ရတနာတစ်ခု ဖြစ်သည်။

ထိုအလံက ယွမ်စီထျန်းကျွင်း၏ ကျောက်စိမ်းဝိညာဉ်မြေသားအလံရှည် ၊ ခွန်လွန်အနောက်ပိုင်းမှ ကျောက်စိမ်းရေကန်မယ်တော်၏ ဆင်စွယ်ရောင်တိမ်တိုက်အလံ ၊ တောက်တယ်ထျန်းကျွင်း၏ မီးလျှံရောင်ခြည်အလံတို့နှင့် အဆင့်အတန်းခြင်း တူညီပေသည်။

ဤအလံများအားလုံးက သမိုင်းတလျှောက် ခံစစ်စွမ်းအားတွင် အစွမ်းထက်ဆုံးဟုကျော်ကြားသည့် ထိပ်တန်းရတနာပစ္စည်းများ ဖြစ်ကြသည်။

ကြာပန်းစိမ်းရတနာအလံ ထွက်ပေါ်လာသည်နှင့် ယန်ကျန်း၏တိုက်စစ်က ရှေ့ဆက်တိုးနိုင်ခြင်း မရှိတော့ပေ။

သို့သော် အခြားတစ်ဖက်တွင်လည်း တိုက်တိုင်းအောင်ဗုဒ္ဓ ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာကျွမ်းကျင်သူများမှာ အလံ၏အကာအကွယ်ကို ရရှိလိုက်သည့်တိုင် နတ်ဘုရားသုတ်သင်အစီအရင်ဆီသို့ ချဉ်းကပ်နိုင်စွမ်း မရှိကြတော့ပေ။

ယန်ကျန်းက ကြာပန်းစိမ်းရတနာအလံကိုကြည့်ပြီး ခပ်တိုးတိုး ရယ်မောလိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်ထက်မှ မွေးညင်းပေါက်များတုန်ခါသွားပြီး သွေးကြောများထဲမှ တန်ခိုးစွမ်းအားများ ဆူပွက်ထွက်ပေါ်လာသည်။

ယခုတစ်ကြိမ်မှာတော့ သူက ကိုယ်ပွားများ ထုတ်ဖော်ခြင်းမျိုး မပြုလုပ်တော့ဘဲ ကိုယ်တိုင် အသွင်ပြောင်းလိုက်ခြင်း ဖြစ်၏။

သူ၏အရပ်အမောင်းက တဖြည်းဖြည်းမြင့်မားလာပြီး အသားအရေမှာလည်း ရွှေဝါရောင်အဖြစ်သို့ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ထဲမှ ကြည်လင်အေးမြသည့်အလင်းတန်းများ ဖြာလင်းထွက်ပေါ်လာသည်။

သူ၏ရုပ်သွင်ကိုတွေ့မြင်သည်နှင့် လူအများ အံ့အားသင့်သွားကြသလို မျက်နှာလည်းပျက်ကုန်ကြသည်။

အဘယ်ကြောင့်ဆိုသော် ယန်ကျန်းက မိုးကောင်းကင်ထိတိုင်မြင့်မားသည့် ရွှေခန္ဓာပိုင်ရှင် ဗုဒ္ဓတစ်ပါးအဖြစ် အသွင်ပြောင်းသွားသောကြောင့်ပင်။

သူ၏ခန္ဓာကိုယ်ထက်တွင် ဗုဒ္ဓရောင်ခြည်အလင်းတန်းများ လည်ပတ်နေပြီး တည်ငြိမ်အေးချမ်းသည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။

သူ၏ဉာဏ်ပညာက အထွတ်ထိပ်သို့ ရောက်ရှိနေသည့်ပမာဖြစ်ပြီး စကြာဝဠာ၏ အတားအဆီးများအားလုံးကိုလည်း ကျော်လွန်သွားဟန်ရှိသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ နတ်ပန်းများကြွေကျလာပြီး မွှေးရနံ့များ လေထဲတွင် ပျံ့လွင့်နေကာ ဓမ္မကျမ်းစာရွတ်ဖတ်သံများလည်း ထွက်ပေါ်လာသည်။

ထို့နောက် ဤဗုဒ္ဓက လက်ဖဝါးကိုဆန့်ထုတ်လျှက် အောက်သို့မှောက်ချလိုက်သည်။

ကြာပန်းစိမ်းရတနာအလံ၊ တိုက်တိုင်းအောင်ဗုဒ္ဓနှင့် မဟာဉာဏ်အလင်းဗောဓိသတ္တတို့အားလုံးကို သူ၏ လက်ဖဝါးအောက်တွင် ဖိနှိပ်ရန် ရည်ရွယ်လိုက်ခြင်းပင်။

သူ၏လုပ်ရပ်က မည်သူ့ကိုမှ ထိခိုက်နာကျင်စေခြင်းမျိုး မဟုတ်ဘဲ သူ၏လက်ဖဝါးထဲတွင် လုံးဝ မတူကွဲပြားသည့် ကမ္ဘာတစ်ခု ဖန်ဆင်းလိုက်ခြင်းသာ ဖြစ်သည်။

“ဗုဒ္ဓနယ်မြေကို လက်ဖဝါးထဲမှာ ဆုပ်ကိုင်ထားနိုင်ရင်... ပန်းတွေအားလုံး ငါအလိုရှိတိုင်း ပွင့်လန်းကြရလိမ့်မယ်...”

ဓမ္မတေးသံအဆုံးသတ်သွားသည်နှင့် ရွှေရောင်ကြာပန်းများပွင့်လန်းလာပြီး ကြာပန်းစိမ်းရတနာအလံနှင့်အတူ ၎င်း၏အကာအကွယ်အောက်တွင်ရှိသူများအားလုံးကို ရစ်ပတ်သွားသည်။

ထိုသူများအားလုံးကို မည်သည့်နေရာသို့မှသွားခွင့်မပေးသလို နတ်ဘုရားသုတ်သင်အစီအရင်အနားသို့လည်း ကပ်ခွင့်မရတော့ပေ။

တိုက်တိုင်းအောင်ဗုဒ္ဓက တုန်လှုပ်ခြင်းမရှိဘဲ ပြုံးရင်းမေးလိုက်သည်။

"အဖြူရောင်ကြာပန်းသုခဘုံက ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ မင်းနဲ့ဆိုရင် ဘယ်သူကအစစ်အမှန် ဘယ်သူက အလိမ်အညာလဲ”

ယန်ကျန်းက ပြုံးရုံသာပြုံးနေပြီး ထိုမေးခွန်းကို ပြန်မဖြေခဲ့ပေ။

သူက ဗုဒ္ဓဘာသာကျင့်ကြံသူများကို တားဆီးထားရင်းဖြင့်ပင် လက်ဖဝါးကို နောက်သို့လှည့်လိုက်ပြီး နတ်မိစ္ဆာမျိုးနွယ်များကို တိုက်ခိုက်လိုက်သည်။

ထိုအချိန် ယွမ်ဟုန်၏ခန္ဓာကိုယ်က ပေါက်ကွဲထွက်မတတ် ကြီးမားလာပြီး...

“ငါနဲ့ ရင်ဆိုင်ကြည့်လိုက်စမ်း...”

တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်အရွယ်အစားက ယန်ကျန်းနှင့်ရင်ဆိုင်နိုင်သည့်အနေအထားသို့ ရောက်ရှိသွားသည်။

ယန်ကျန်း၏လက်ဖဝါးထက်မှ ဗုဒ္ဓနယ်မြေက ဗုဒ္ဓဘာသာကျင့်ကြံသူများကို ဆက်လက်ပိတ်ဆို့ထားရင်းဖြင့်ပင် သူဖန်ဆင်းထားသည့် ဧရာမဗုဒ္ဓရုပ်သွင်ကြီးက ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ယန်ကျန်း၏ မူလရုပ်သွင် ပြန်လည်ထွက်ပေါ်လာပြီး ယွမ်ဟုန်ကို အနည်းငယ် အံ့အားသင့်သောမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

သူနှင့် ယွမ်ဟုန်က ပြိုင်ဘက်ဟောင်းများဟု ဆိုရပေမည်။

ချီထျန်းမဟာသူတော်စင်နှင့် မတိုက်ခိုက်မီ ၊ ခေါင်းကိုးလုံးပိုးကောင်းကို ဒဏ်ရာရအောင်မပြုလုပ်မီ ၊ ရှေးခေတ် နတ်ဘုရားများအပ်နှင်းခြင်းကာလကတည်းက သူတို့နှစ်ယောက် အပြန်အလှန်တိုက်ခိုက်ဖူးကြသည်။

ယွမ်ဟုန်က ထူးချွန်သောပါရမီရှင်တစ်ယောက်ဖြစ်ပြီး အသွင်ပြောင်းလဲဖန်ဆင်းခြင်းအတတ်ကိုလည်း တတ်မြောက်ထားသူ ဖြစ်၏။

လက်ရှိမှာတော့ သူက မူလရုပ်ခန္ဓာကိုသာအသုံးပြုပြီး ယန်ကျန်းကိုရင်ဆိုင်ရန် ဆုံးဖြတ်ထားသည်။

အဘယ်ကြောင့်ဆိုသော လွန်ခဲ့သော ရာစုနှစ်များစွာအတွင်း ယန်ကျန်း၏တန်ခိုးစွမ်းအား မည်မျှမြင့်တက်လာသည်ကို သိရှိထားသောကြောင့်ပင်။

ယန်ကျန်းကို အသွင်ပြေင်းလဲဖန်ဆင်းခြင်းအတတ်သုံးပြီး တိုက်ခိုက်မည်ဆိုလျှင် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိနိုင်ပေ။

ထို့ကြောင့် ယွမ်ဟုန်က သူ၏မွေးရာပါစွမ်းရည်ကိုအသုံးချကာ သူသေကိုယ်သေတိုက်ခိုက်ရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ယန်ကျန်းက ခဏမျှစဉ်းစားပြီးနောက် ယွမ်ဟုန်၏အတွေးကို ချက်ချင်းသဘောပေါက်သွားသည်။ သူက ရှောင်တိမ်းခြင်းမပြုတော့ဘဲ ယွမ်ဟုန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်၏။

“ဝုန်း... ဝုန်း... ဝုန်း...”

ရက်စက်ကြမ်းတမ်းသည့် မျောက်ဝံကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားပြီဖြစ်သော ယန်ကျန်းနှင့် တကယ့် ဧရာမမျောက်ဝံကြီးတစ်ကောင်ဖြစ်သော ယွမ်ဟုန်တို့ အပြင်းအထန် ထိုးနှက်တိုက်ခိုက်ကြလေသည်။

လက်သီးတိုက်ကွက် ၊ ခြေကန်တိုက်ကွက်များဖြင့် လုံးထွေးသတ်ပုတ်ကြသည်မှာ ကမ္ဘာဦးကာလ တိုက်ပွဲတစ်ခုအလားပင် ထင်မှတ်ရသည်။

ယန်ကျန်းက လက်မောင်းများကိုပင့်မြှောက်ပြီး‌ အဖြူရောင်မျောက်အိုကြီး၏ လက်သည်းကုတ်ချက်များကို ကာကွယ်ကာ ပခုံးကိုအသာနှိမ့်လျှက် မျောက်ဖြူကြီး၏ ဂျိုင်းအောက်နှင့် ရင်ဘတ်နေရာများကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။

ယွမ်ဟုန်၏ပါးစပ်မှ ဒေါသတကြီးအော်ဟစ်သံနှင့်အတူ သူ၏ခန္ဓာကိုယ်ကြီးမှာ တောင်မြင့်ကြီးတစ်လုံး ပြိုလဲသွားသည့်ပမာ အနောက်သို့ လွင့်စင်ထွက်သွားသည်။

သို့သော် ထိုမဟာနတ်မိစ္ဆာကြီးက အလွန်တရာ ရက်စက်ကြမ်းတမ်းသူပင်။

သူက နောက်ထပ်လက်သည်းချက်တစ်ချက်ဖြင့် ယန်ကျန်းကို တန်ပြန်ရိုက်နှက်တိုက်ခိုက်လိုက်၏။

သို့သော် ယန်ကျန်းက သူ၏ “ယင်ယန်နက်ရှိုင်းပညာရပ်” တန်ခိုးစွမ်းအားများကို ခန္ဓာကိုယ်ထဲတွင် စုစည်းလိုက်ပြီး ပခုံးကိုမြှင့်လျှက် ယွမ်ဟုန်၏ထိုးနှက်ချက်ကို ခုခံလိုက်သည်။

ယွမ်ဟုန်၏တိုက်ကွက်ကြောင့် ယန်ကျန်း၏ခန္ဓာကိုယ် အနည်းငယ်မျှ တုန်ခါသွားသော်လည်း နောက်သို့ ခြေတစ်လှမ်းပင် ဆုတ်မသွားခဲ့ပေ။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ယန်ကျန်းက လောကကြီးနှင့်ဝေးရာတွင် တစ်ကိုယ်တည်းနေထိုင်ခဲ့သည်။

ယနေ့မှ သူ ပြန်လည်ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားကို ပြသလိုက်သည်ဖြစ်ရာ နေရာတွင်ရှိနေသူတိုင်း၏စိတ်ထဲတွင် နက်ရှိုင်းစွာ အိပ်မောကျနေပြီဖြစ်သော အတိတ်မှတ်ဉာဏ်ဟောင်းများကို ပြန်လည်နိုးထလာစေသည်။

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ကောင်းကင်ဘုံစစ်နတ်ဘုရားလို့ နာမည်ကျော်ကြားတာ မဆန်းဘူးပဲ ၊ ခင်ဗျားကို ငရဲကိုးထပ်ဆီ ပစ်ချလိုက်ရင်တောင် အဲဒီက နတ်ဆိုးတွေအားလုံးကို ဖိနှိပ်ပစ်နိုင်မှာပဲ မဟုတ်လား”

သူက ဆက်ပြောလိုက်သည်။

“နယ်မြေအားသာချက်ရော ပြိုင်ဘက်ရဲ့ တန်ခိုးစွမ်းအားကိုပါ အရေးမစိုက်ဘဲ တိုက်ခိုက်နိုင်တဲ့စွမ်းအားမျိုးကို ပိုင်ဆိုင်ထားတာပဲ”

လက်ရှိမှာတော့ ဗုဒ္ဓဘာသာကျွမ်းကျင်သူများ ရှေ့ဆက်မတိုးနိုင်ဖြစ်နေသလို နတ်မိစ္ဆာများမှာလည်း အခြေအနေမဟန်ကြပေ။

အကြောင်းမှာ ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခုက သူတို့ရှေ့တွင် ထွက်ပေါ်လာသောကြောင့် ဖြစ်၏။

ခြင်္သေ့နတ်ဘုရားမှာ ရူယိရွှေတုတ်ကိုတွေ့မြင်လိုက်သည်နှင့် တစ်ချိန်က ထိုလက်နက်ဖြင့် ခြေထောက်ကျိုးအောင် အရိုက်ခံခဲ့ရသည်ကို ပြန်လည်သတိရလာပြီး ဒဏ်ရာဟောင်းမှ နာကျင်မှုကိုပင် ခံစားလိုက်ရသည်။

ထို့ပြင် ရွှေခန္ဓာ(၃)ခုပေါင်းစည်းသွားပြီး ချီထျန်းမဟာသူတော်စင် အစစ်အမှန်အဖြစ် ပြောင်းလဲသွားပါက အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းသည် မဟုတ်ပါလား။

နတ်မိစ္ဆာမဟာသူတော်စင်များက စွန်းရှင်ကျေကို အလွန်အမင်း မုန်းတီးကြသော်လည်း မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်ကို တစ်ကိုယ်တော် စိန်ခေါ်ခဲ့သည့် ချီထျန်းမဟာသူတော်စင်ကိုတော့ ရင်ထဲအသည်းထဲမှ ကြောက်ရွံ့ထိတ်လန့်ကြသည်။

ရန်ကျောက်ကဲက သူ၏လက်ညှိုးကိုရှေ့သို့ဆန့်ထုတ်လိုက်ပြီး “စွမ်းအားတစ်ခု ကိုယ်ခွဲသုံးခု” တန်ခိုစွမ်းအားကိုထုတ်ဖော်လိုက်ရာ နက်ရှိုင်းချီစွမ်းအား(၃)ခုက မဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခုထက်သို့ ကျဆင်းသွားသည်။

ထိုအချိန် အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာက ပြန်လည်မတ်တတ်ရပ်လာပြီး သူ၏ပါးစပ်သုံးခုကိုဖွင့်ဟကာ လေပြင်းများ စတင်မှုတ်ထုတ်လိုက်သည်။

သမာဓိကောင်းကင်မုန်တိုင်း ထွက်ပေါ်လာသည်နှင့် ရန်ကျောက်ကဲ၏ နက်ရှိုင်းချီစွမ်းအားအလင်းတန်းများ လွင့်စင်ထွက်သွားပြီး ရွှေခန္ဓာများဆီသို့ ကျရောက်နိုင်စွမ်း မရှိတော့ပေ။

တစ်ချိန်တည်းမှာပင် ဧရာမမျောက်ဝံကြီး(၃)ကောင်မှာလည်း လေထဲသို့မြောက်တက်သွားပြီး မျက်လုံးများပင် ဖွင့်မရနိုင်အောင် ဖြစ်သွားရသည်။

ထိုအခါမှ နတ်မိစ္ဆာအုပ်စုမှာလည်း စိတ်သက်သာရာရတော့၏။

သို့သော် ရုတ်တရက်ဆိုသလို အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ၏ခန္ဓာကိုယ် တန့်ခနဲဖြစ်သွားပြီး ကျောရိုးထဲအထိ အေးစိမ့်မှုကို ခံစားလိုက်ရသည်။

သူ၏ဦးခေါင်းထက်ရှိ ဗလာနယ်က ရုတ်တရက် အက်ကွဲသွားပြီး နက်မှောင်သည့်ဓားအလင်းတန်းတစ်ခုက မည်သည့်သတိပေးချက်မှမရှိဘဲ အရှိန်အဟုန်ဖြင့် ကျဆင်းလာလေသည်။

ပတ်ဝန်းကျင်မှ နတ်မိစ္ဆာ မဟာသူတော်စင်များသည်ပင် ထိုဓားချက်ကျရောက်လာသည်ကို သတိမထားမိခဲ့ကြပေ။

လူတိုင်း သတိပြုမိချိန်တွင် ဖန်ဆင်းခြင်းတရားကိုပင် ဖျက်ဆီးပစ်နိုင်သော ထိုဓားအလင်းတန်းက အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ၏ ဦးခေါင်းထက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဓားအလင်းတန်း၏ ပစ်မှတ်ထားခြင်းခံရသော အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာမှာ ပျက်ဆီးခြင်းနိမိတ်နှင့် သတ်ဖြတ်လိုသည့်အငွေ့အသက်များကို ပထမဆုံး ခံစားလိုက်ရသူ ဖြစ်သည်။

သူက ဤဓားချက်ကို ရှောင်တိမ်းနိုင်မည်လား မသေချာသည့်တိုင် တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစား ရှောင်တိမ်းလိုက်သည်။

သူက ဧရာမမျောက်ဝံကြီး(၃)ကောင်ကို အရေးမစိုက်နိုင်တော့ဘဲ သမာဓိကောင်းကင်မုန်တိုင်းကိုအသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်သာ ပြင်ဆင်ရတော့သည်။

ထိုအချိန် သူ့အနားတွင် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန် ရှိနေလေသည်။

သူက ဝင်ရောက်ကူညီရန်ဟန်ပြင်လိုက်စဉ် လေထုထဲတွင် တိုးလျသည့်ခေါင်းလောင်းသံတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

ထိုခေါင်းလောင်းသံထွက်ပေါ်လာသည်နှင့် အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာမှာ လုံးဝရုန်းကန်လှုပ်ရှားမရတော့ဘဲ တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။

တစ်ချိန်တည်းမှာပင် ဓားအလင်းတန်းက အောက်ဘက်သို့ အရှိန်အဟုန်ဖြင့်ကျရောက်လာပြီး သူ၏ဦးခေါင်းကို ပိုင်းဖြတ်ပစ်လိုက်ရာ အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာမှာ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားလေတော့၏။

All Chapters