အဘက်ဘက်မှတိုက်ခိုက်မှုများ
Vol. 114 Ch. 1600
မှောင်မိုက်သည့် အသူရာချောက်နက်ကြီးထဲမှ အလင်းရောင်ကင်းမဲ့သော ဗလာနယ်ကိုထိုးခွင်းကာ ဖန်းယွင်ရှန်း၏ပုံရိပ် ထွက်ပေါ်လာသည်။
သူမက ဝိညာဉ်ခေါ်ခေါင်းလောင်းကိုအသုံးပြုကာ မည်သူမှ ထင်မှတ်မထားသောအချိန်တွင် နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တစ်ပါးဖြစ်သော အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာကို သုတ်သင်ပစ်လိုက်ပေပြီ။
သမာဓိကောင်းကင်လေပြင်းကို ထုတ်ဖော်နိုင်စွမ်းရှိပြီး အခြားသော မဟာနတ်မိစ္ဆာများကြားမှာပင် သြဇာကြီးမားလှသည့် ထိုမဟာသူတော်စင်မှာ ယခုတော့ ခေါင်းတခြား ကိုယ်တခြား ဖြစ်သွားရပြီ ဖြစ်၏။
သူ၏ဦးခေါင်း ခန္ဓာကိုယ်ထက်မှ ပြုတ်ကျသွားစဉ် ပြူးကျယ်နေသောမျက်ဝန်းများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နက်နေသည်။
အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း အသူရာချောက်နက်၏ တန်ခိုးစွမ်းအားအောက်တွင် ရန်သူ၏ရုပ်ခန္ဓာ ပိုင်းဖြတ်ခံရရုံသာမက ဝိညာဉ်ကိုပင် လွင့်စင်ပျောက်ကွယ်သွားစေသည်။
အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာကို တိုက်ခိုက်ပြီးသည်နှင့် ဖန်းယွင်ရှန်းက အောက်သို့ခုတ်ပိုင်းချလိုက်သည့် သူ၏ဓားကို အထက်သို့ပြန်ပင့်တင်ကာ ထပ်မံခုတ်ပိုင်းလိုက်ပြန်သည်။
“ဝှစ်...”
လေတိုးသံနှင့်အတူ တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က သူမဘေးနားသို့ရောက်ရှိလာသည်ဖြစ်ရာ ဖန်းယွင်ရှန်း၏ ဓားချက်က ရန်သူ၏တိုက်ခိုက်မှုကို အချိန်မီပင် ဟန့်တားလိုက်နိုင်သည်။
မဟာဂဠုန်၏တိုက်ခိုက်မှုကို ခုခံပြီးသည်နှင့် သူမက ကမ္ဘာဦးအက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားရန် ဟန်ပြင်လိုက်သည်။
သူမက တစ်ချက်တည်းဖြင့် ထိချက်ပြင်းပြင်း အပိုင်တိုက်ခိုက်ပြီးနောက် ချက်ချင်းဆိုသလို နောက်ပြန်ဆုတ်သွားတတ်သူ ဖြစ်၏။
သူမ ငြိမ်သက်နေချိန်တွင် အသူရာချောက်နက်ကြီး၏ အောက်ခြေပမာ တိတ်ဆိတ်လွန်းလှသော်လည်း သူမ လှုပ်ရှားလိုက်သည်နှင့် ကမ္ဘာလောကတစ်ခုလုံး စစ်မှန်သည့် အကြောက်တရားဖြင့် ဖုံးလွှမ်းသွားစေသည်။
တကယ်တော့ ဖန်းယွင်ရှန်းက သူမတိုက်ခိုက်ရမည့်ပစ်မှတ်ကို မရွေးချယ်မီကပင် သေချာစဉ်းစားထားပြီးသား ဖြစ်သည်။
မငြိမ်းသောမီးအိမ်တာအိုဆရာနှင့် တာအိုသခင်'လုယာ' တို့က အလွန်တရာ စွမ်းအားကြီးမားသူများဖြစ်ကြပြီး သူတို့တွင် ဝှက်ဖဲများလည်း ရှိနေပေသည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ဆိုလျှင်လည်း အရှိန်အဟုန်က လျှင်မြန်လွန်းသည်။
ထိုသူများကို တိတ်တဆိတ်လုပ်ကြံရန် ကြိုးစားခြင်းက အောင်မြင်နိုင်ခြေရှိသလို ကျရှုံးနိုင်ခြေလည်း မြင့်မားသည်။
အောင်မြင်ခဲ့လျှင်ပင် သူတို့အနေဖြင့် ဒဏ်ရာအပြင်းအထန်သာ ရရှိမည်ဖြစ်ပြီး လွယ်လွယ်နှင့် အသက်ပျောက်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် ဖန်းယွင်ရှန်းက သူမ၏ ပထမဆုံးနှင့် အပြင်းထန်ဆုံးတိုက်ကွက်ဖြင့် အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ဤနတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်က စွမ်းအားကြီးမားရုံသာမက သူ၏ သာမဓိကောင်းကင်မုန်တိုင်းက ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခု ပေါင်းစည်းမရအောင် ဟန့်တားနိုင်စွမ်းရှိသည်။
ရန်ကျောက်ကဲတို့အုပ်စုအတွက် ဤမဟာနတ်မိစ္ဆာ၏ ခြိမ်းခြောက်နိုင်စွမ်းက ခေါင်းကိုးလုံးပိုးကောင်နှင့် ခြင်္သေ့နတ်ဘုရားတို့ထက်ပင် သာလွန်နေသည်။
ထို့ကြောင့် သူ၏အန္တရယ်ရှိမှုမှာ ယွမ်ဟုန်၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် တိုက်တိုင်းအောင်ဗုဒ္ဓတို့ထက်ပင် ဦးစားပေးသုတ်သင်ရမည့် ရန်သူစာရင်းတွင် ပါဝင်နေသည်။
ထိုသို့ သေချာစဉ်းစားပြီးမှ ဖန်းယွင်ရှန်းက အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာကို ပစ်မှတ်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ တကယ်လည်း သူမ မျှော်လင့်ထားသည့်အတိုင်းပင် တစ်ချက်တည်းဖြင့် အောင်မြင်စွာ သုတ်သင်နိုင်ခဲ့ပေသည်။
တိုက်ပွဲစတင်ပြီးနောက် ပထမဆုံးကျဆုံးသွားသည့် ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်မှာ တာအိုဝါဒမှ မဟုတ်သလို ဗုဒ္ဓဘာသာဘက်မှလည်း မဟုတ်ခဲ့ပေ။
ဘေးမှနေပြီး အမြတ်ထုတ်ရန် ကြံစည်သည့် နတ်မိစ္ဆာမျိုးနွယ်တစ်ယောက် ဖြစ်သွားခဲ့သည်။
“ဝူး...”
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
သူ အတောင်တစ်ချက်ခတ်လိုက်သည်နှင့် ဗလာနယ်တစ်ခုလုံး တွန့်လိမ်သွားပြီး ဖန်းယွင်ရှန်းနောက်သို့ အမီလိုက်လာတော့၏။
နတ်မိစ္ဆာမျိုးနွယ်များဘက်မှ ကြီးမားသောဆုံးရှုံးမှုကို ခံစားလိုက်ရပြီဖြစ်ရာ ဖန်းယွင်ရှန်းအား နောက်တစ်ကြိမ် အလစ်ချောင်းတိုက်ခိုက်ရန် အခွင့်အရေးပေးတော့မည် မဟုတ်ပေ။
စောစောကပင် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကိုယ်တိုင် ဖန်းယွင်ရှန်း၏ တိုက်ကွက်ကို အချိန်မီ သတိထားနိုင်ခဲ့ခြင်း မရှိပေ။
ထိုဓားချက်က သူ့ထံသို့ဦးတည်မည်ဆိုလျှင် သူ့အနေဖြင့် သတ်ဖြတ်လိုသောအငွေ့အသ်ကို ကြိုတင်အာရုံခံမိနိုင်သည်။
သို့သော် ဓားချက်က အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာကို သတ်ဖြတ်ပြီးမှ သူ့ထံသို့ ရုတ်တရက်ဝင်ရောက်လာသဖြင့် သူကိုယ်တိုင်က အန္တရယ်ကို သတိမပြုခဲ့မိခြင်း ဖြစ်သည်။
ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူကိုရရှိကာ ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက် ဖန်းယွင်ရှန်းက အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ယောက် ဖြစ်လာခဲ့သည်။
သူမသာ သေချာအကွက်ချ လုပ်ကြံသတ်ဖြတ်မည်ဆိုပါက သူမ၏ တည်ရှိမှုကိုပင် သတိမပြုမိဘဲ တစ်ချက်တည်းဖြင့် အသက်ပျောက်သွားနိုင်သည်။
လက်ရှိတိုက်ပွဲဝင်နေသည့် မတူညီသော အင်အားစု(၃)ခုထဲမှ ကျွမ်းကျင်သူများကြားမှာပင် သူမ၏တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။
ကြာပန်းစိမ်းရတနာအလံကဲ့သို့သော အကာအကွယ်ပစ္စည်းမျိုး မရှိလျှင် နတ်မိစ္ဆာများအနေဖြင့် ဤသို့ လျှင်မြန်သည့် လုပ်ကြံသတ်ဖြတ်မှုမျိုးကို ခုခံရန် မဖြစ်နိုင်ပေ။
ဖန်းယွင်ရှန်းအနေဖြင့် ဤတိုက်ကွက်တစ်ခုတည်းထုတ်ဖော်ပြီးနောက် ထပ်မံမတိုက်ခိုက်တော့လျှင်တောင်မှ သူမ၏ တည်ရှိမှုတစ်ခုတည်းဖြင့်ပင် အခြားသူများ စိတ်ထင်တိုင်း မတိုက်ခိုက်ရဲအောင် တားဆီးထားရန် လုံလောက်နေပေသည်။
မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓသည်ပင် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကို ကူညီရန်အတွက် ဖန်းယွင်ရှန်းထံသို့ ပင်လယ်ငြိမ်သက်ပုလဲ(၆)လုံးကို ပစ်လွှတ်လိုက်သည်။
ထိုအချိန် စောမင်ကျန့်က ကြုံးဝါးသံတစ်ချက်ပြုရင်း လက်ဖဝါးကိုဆန့်ထုတ်ကာ ဗလာနယ်ထဲသို့ ရိုက်ချလိုက်သည်။
လက်ဝါးရိုက်ချက်ထိမှန်သည်နှင့် ကြယ်စင်အလင်းတန်းများ ပျက်ဆီးသွားကာ ဆိတ်သုဉ်းအေးစက်မှုတို့က မှောင်မိုက်ခြင်းအရှင်သခင်အဖြစ် နေရာယူသွားသည်။
ဗလာနယ်တစ်ခုလုံးမှာ သေခြင်းတရားဖြင့်ပြည့်နက်နေသော သင်္ချိုင်းတစ်ခုပမာ ထင်မှတ်ရ၏။
အမှောင်ထုဖုံးလွှမ်းသွားသည်နှင့် ဖန်းယွင်ရှန်းထံ ဦးတည်ဝင်ရောက်လာသော ပင်လယ်ငြိမ်သက်ပုလဲများမှာလည်း အရှိန်တန့်သွားသည်။
လမ်းကြောင်းကိုပိတ်ဆို့ထားသည့် ပုလဲလုံးများ မရှိတော့သည်နှင့် ဖန်းယွင်ရှန်းက တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် တိုက်ကွက်ဖလှယ်ပြီးနောက် သူမ၏ဓားကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမဖန်တီးထားသည့် အသူရာချောက်နက်မှာလည်း အစက်အပျောက်လေးတစ်ခုအဖြစ် ကျုံ့ဝင်သွားသည်။
ထိုခဏတွင် ဗလာနယ်၏ရွေ့လျားမှု ၊ အချိန်နှင့်နေရာ သဘောတရားများ ပျောက်ကွယ်သွားပြီး မည်သူမှ ဖန်းယွင်ရှန်း၏ တည်ရှိမှုကို အာရုံခံ၍ မရနိုင်တော့ပေ။
ထိုအစက်အပျောက်လေးက ဗလာနယ်ထဲ ကွယ်ပျောက်တော့မည့်ဆဲဆဲ ဖြစ်နေပေပြီ။
ထိုအချိန် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်ပြီး သူ၏ စွမ်းအားရောင်ဝါက ရုတ်တရက် တုန်ခါသွားသည်။
ထို့နောက် ဗလာနယ်ထဲတွင် ရွှေအတောင်မဟာဂဠုန်များစွာ ထွက်ပေါ်လာလေသည်။
သူက ဖန်းယွင်ရှန်းကို မဟန့်တားနိုင်သည့်အဆုံး သူမနောက်သို့ ဆက်မလိုက်တော့ဘဲ သူ၏ ထူးခြားသော တန်ခိုးစွမ်းအားကို အသုံးချကာ တာအိုဝါဒမှ အခြားသူများနှင့် နတ်ဘုရားသုတ်သင်အစီအရင်ကိုပါ တိုက်ခိုက်ရန် ကြံစည်လိုက်ခြင်း ဖြစ်၏။
ယန်ကျန်းနှင့် စောမင်ကျန့်မှလွဲပြီး အခြားသော တာအိုဝါဒကျင့်ကြံသူများ၏ရှေ့တွင် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ ကိုယ်ခွဲများ ထွက်ပေါ်လာတော့သည်။
ကိုယ်ခွဲတစ်ခုက ရန်တိကို တိုက်ခိုက်လိုက်ပြီး နောက်တစ်ခုက တောင်ပိုင်းချန်စန်းဧကရာဇ်ကို တိုက်ခိုက်ကာ ကျန်ကိုယ်ပွား(၃)ခုက ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခုကို တိုက်ခိုက်လိုက်သည်။
သူ၏တိုက်ကွက်များက တစ်ခုမှ လွဲချော်ခြင်း မရှိပေ။
ထိုမျှမက နောက်ဆုံးသော ရွှေအတောင်မဟာဂဠုန်တစ်ကောင်က တာအိုဝါဒဘက်မှ ကျွမ်းကျင်သူများကိုကျော်ဖြတ်ကာ နတ်ဘုရားသုတ်သင်အစီအရင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်ထွက်ခွာသွားသည်။
သို့သော် ယန်ကျန်း၏ ပုံရိပ်တစ်ခုက ထိုရွှေအတောင်မဟာဂဠုန်ရှေ့တွင် ပေါ်လာပြီး လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
အခြားနေရာများတွင်လည်း ယန်ကျန်း၏ပုံရိပ်များထွက်ပေါ်လာပြီး တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်၏ တိုက်ခိုက်မှုများကို တားဆီးလိုက်သည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန် ဒေါသချောင်းချောင်းထွက်သွားသည်။
သူက အတောင်တစ်ချက်ခတ်လိုက်ပြီး အရှိန်အဟုန် အမြင့်ဆုံးအထိတင်ကာ ဗလာနယ်ကိုဖြတ်သန်းပြီး ယန်ကျန်းနှင့် ရင်ဆိုင်လိုက်၏။
ရွှေအတောင်မဟာဂဠုန် ကိုယ်ခွဲပုံရိပ်များကြားမှာပင် ယန်ကျန်း၏ အရှိန်အဟုန်သည်လည်း တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်နှင့် ရင်ဘောင်တန်းနိုင်စွမ်း ရှိသည်။
အခြားတစ်ဖက်မှာတော့ တိုက်တိုင်းအောင်ဗုဒ္ဓ ၊ မဟာဉာဏ်အလင်းဗောဓိသတ္တနှင့် အခြားသော ဗုဒ္ဓဘာသာကိုယ်တော်များက ယန်ကျန်းဖန်ဆင်းထားသည့် ဧရာမဗုဒ္ဓပုံရိပ်ကြီး၏ ဗုဒ္ဓနယ်မြေအတွင်းမှ လွတ်မြောက်ရန် ကြာပန်းစိမ်းရတနာအလံကို အသုံးပြုလျှက် ကြိုးပမ်းနေကြသည်။
အတားအဆီးများ လျော့ပါးသွားသည်နှင့် ယွမ်ဟုန် ၊ ခြင်္သေ့နတ်ဘုရားနှင့် အခြားသော မဟာနတ်မိစ္ဆာများက နတ်ဘုရားသုတ်သင်အစီအရင်ဆီသို့ တဟုန်ထိုး ဝင်ရောက်လာကြသည်။
ယန်ကျန်း၏ပုံရိပ်က နောက်တစ်ကြိမ် အသွင်ပြောင်းသွားသော်လည်း အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်နေသည့်တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကြောင့် အတားအဆီး ဖြစ်နေရသည်။
ထိုအချိန် အသူရာချောက်နက်ကြီး ပြန်လည်ထွက်ပေါ်လာပြီး အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း ဓားအလင်းတန်းပါ တစ်ဆက်တည်း ထွက်ပေါ်လာသည်။
ဖန်းယွင်ရှန်း၏ ဒုတိယမြောက်တိုက်ကွက်မှာလည်း မည်သည့်သတိပေးချက်မှမရှိဘဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဝိညာဉ်ခေါ်ခေါင်းလောင်းသံ ထွက်ပေါ်လာချိန်နှင့် သူမ၏ဓားချက် ကျရောက်လာချိန်က အံကိုက်ပင် ဖြစ်သည်။
ခြင်္သေ့နတ်ဘုရားမှာ ဝိညာဉ်တစ်ခုလုံး တုန်ခါသွားသလိုခံစားလိုက်ရပြီး သူ၏ဦးခေါင်းထက်သို့ ဓားအလင်းတန်းတစ်ချက် ကျရောက်လာကြောင်း တွေ့မြင်လိုက်ရ၏။
အဝါရောင်လေမုန်တိုင်းနတ်မိစ္ဆာ၏ ဖြစ်ရပ်ကို သင်ခန်းစာယူထားသဖြင့် ခြင်္သေ့နတ်ဘုရားက သတိရှိနေသဖြင့် အလျှင်အမြန်ပင် ခုခံလိုက်သည်။
သို့သော် သူ၏ခန္ဓာကိုယ် အနည်းငယ်မျှသာ ရွှေ့လိုက်နိုင်သည်။
အလုံးစုံသုတ်သင်ဖျက်ဆီးခြင်း ဓားချက်က ခြင်္သေ့နတ်ဘုရား၏ နတ်မိစ္ဆာချီစွမ်းအားများနှင့် အသားများကို ပဲပြားလှီးသကဲ့သို့ ဖြတ်တောက်သွားလေရာ သူ၏ပခုံးတစ်လျှောက် စူးရှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။
ထိုအချိန် ဗလာနယ်ထဲတွင် အနီရောင်တောက်ပပြီး အေးစက်နေသော မီးလျှံများ ရုတ်တရက်ထွက်ပေါ်လာပြီး လေထုတစ်ခုလုံးကို လောင်ကျွမ်းပစ်တော့မည့်အလား ထင်မှတ်ရသည်။
ထိုအရာက 'ကနဦးကောင်းကင် မီးလျှံအမြုတေ' ပင် ဖြစ်၏။
နောက်ဆုံးတော့ တာအိုသခင်'လုယာ' လှုပ်ရှားလာပေပြီ။
သူက မလှုပ်မယှက် မတ်တတ်ရပ်နေဆဲဖြစ်သော်လည်း မီးလျှံအမြုတေက ခြင်္သေ့နတ်ဘုရား၏ ပတ်ပတ်လည်တွင် ထွက်ပေါ်လာပြီး ဖန်းယွင်ရှန်းအား တိုက်ခိုက်လိုက်သည်။
ဖန်းယွင်ရှန်း၏ ဓားအလင်းတန်းက ဖျတ်ခနဲပင် ကနဦးကောင်းကင် အနီရောင်မီးလျှံများကို ခါထုတ်ပစ်လိုက်စဉ်တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က သူမ ဘေးနားသို့ လျှင်မြန်စွာ ရောက်ရှိလာသည်။
“မင်းကို ဖမ်းမိပြီ...”
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က စူးရှစွာ အော်ဟစ်လိုက်ရင်း ဖန်းယွင်ရှန်းကို ခြေသည်းများဖြင့် ကုတ်ယူလိုက်သည်။
တစ်ချိန်တည်းမှာပင် အတောင်ပံများကိုခတ်လိုက်ပြီး ပြင်းထန်သော လေမုန်တိုင်းတစ်ခုဖန်တီးကာ ယန်ကျန်း ဝင်ရောက်မတိုက်ခိုက်စေရန် ဟန့်တားထားလိုက်၏။
ယခုတစ်ကြိမ်မှာတော့ ဖန်းယွင်ရှန်းက နောက်ဆုတ်မသွားတော့ပေ။
“ကျွန်မကမှ ရှင့်ကိုဖမ်းမိတာပါ...”
သူမက ခဏမျှတုံ့ဆိုင်းသွားပြီးနောက် ဓားအလင်းတန်းများက ပေါက်ကွဲထွက်လာသည့်ပမာ ပိုမိုကျယ်ပြန့်လာသည်။
အလင်းမရှိသလို အမှောင်ကင်းမဲ့နေသည့် အသူရာချောက်နက်ကြီးက တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်ကို ဝါးမြိုပစ်ရန် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
ဓားအလင်းတန်းရိုက်ခတ်မှုကြောင့် နောက်ကျိသောချီစွမ်းအား အခိုးအငွေ့များက မဟာဂဠုန်၏ ခန္ဓာကိုယ်အား စွန်းထွန်းသွားလေရာ ကြယ်စင်မြစ်ထဲရှိ ရွှေအတောင်မဟာဂဠုန် ပုံရိပ်ယောင်ကိုယ်ခွဲများမှာလည်း မှေးမှိန်သွားပြီး ပျောက်ကွယ်လုနီးပါး ဖြစ်သွားရသည်။
တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်က အေးစက်စွာ ရယ်မောလိုက်ပြီး ခြေသည်းများဖြင့် အသူရာချောက်နက်ကြီးကို ဆွဲဖြဲလိုက်ရာ အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။
သို့သော် ဖန်းယွင်ရှန်းက အလျှော့မပေးဘဲ သူမလက်ထဲမှဓားကို တင်းတင်းဆုပ်ကိုင်လျှက် တိမ်မြူမိုင်တစ်သောင်းမဟာဂဠုန်အား အသူရာချောက်နက်ထဲတွင် ချုပ်နှောင်ထားရန် ကြိုးစားလိုက်သည်။
ကြုံးဝါးအော်ဟစ်သံများ ကျယ်လောင်စွာထွက်ပေါ်လာပြီး သူတို့နှစ်ယောက် အပြင်းအထန် တိုက်ခိုက်ကြတော့၏။
ရွှေအတောင်မဟာဂဠုန် ပုံရိပ်ယောင်ကိုယ်ခွဲများ မရှိတော့သဖြင့် ယန်ကျန်း၏ပုံရိပ်များက တစ်ခဏအတွင်း ပြန်လည်ပျံ့နှံ့သွားပြီး အခြားသူအားလုံး၏ လမ်းကြောင်းများကို ချက်ချင်း ပြန်လည်ပိတ်ဆို့လိုက်သည်။
သို့သော် ယန်ကျန်း၏ အာရုံစူးစိုက်မှုက လုံးဝ လျော့ကျသွားခြင်း မရှိပေ။
သူက တာအိုသခင်'လုယာ' ကို အထူးအာရုံစိုက်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤထိပ်တန်းတန်ခိုးစွမ်းအားရှင်ကြီးက ခြင်္သေ့နတ်ဘုရားကို ကယ်တင်ခဲ့သည်မှလွဲ၍ တစ်ချိန်လုံး မလှုပ်မယှက် မတ်တတ်ရပ်နေခဲ့ပြီး သူ၏ပါးစပ်မှ တစ်စုံတစ်ခုကို တီးတိုးရွတ်ဆိုနေသောကြောင့် ဖြစ်သည်။
ထိုအချိန်မှာပင် တာအိုသခင်'လုယာ' က ရုတ်တရက် ပြုံးလိုက်ပြီး ပစ္စည်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ ရန်ကျောက်ကဲ ၊ ယန်ကျန်းနှင့် အခြားသူများ လှမ်းကြည့်လိုက်တော့ ကောက်ရိုးရုပ်တစ်ခုကို တွေ့လိုက်ရ၏။
ယန်ကျန်း ရင်ထိတ်သွားပြီး တာအိုသခင်'လုယာ' ၏ လုပ်ရပ်ကို တားဆီးရန် ရှေ့သို့ အသည်းအသန် ဝင်ရောက်သွားသည်။
သို့သော် တာအိုသခင်'လုယာ' နှင့် ကောက်ရိုးရုပ်၏ ပတ်ပတ်လည်တွင် ကနဦးကောင်းကင်မီးလျှံများထွက်ပေါ်လာပြီး ဗလာနယ်ကိုလောင်ကျွမ်းစေကာ ယန်ကျန်း၏လမ်းကြောင်းကိုတားဆီးလိုက်သည်။
ထို့နောက် တာအိုသခင်'လုယာ' က လေးညှို့ထက်တွင် မြားတစ်စင်းတင်လိုက်ပြီး ကောက်ရိုးရုပ်ဆီသို့ တည့်တည့်မတ်မတ် ပစ်လွှတ်လိုက်လေသည်။